" မင်းအရမ်းခံစားနေရလား အိုင်ဗန်"
အခန်းထောင့်ကပ်ကာငူငိုင်နေသည့်အိုင်ဗန်ဘေးသို့ လင်းရောင်၀င်ထိုင်ကာသက်ပြင်းချလိုက်သည်။သူ့အနေနှင့် အိုင်ဗန်ဤကဲ့သို့စိတ်ဓာတ်ကျနေသည့်ပုံစံမျိုးကို အရင်ကမမြင်ခဲ့ဖူးတာကြောင့် ယခုအခြေအနေကလင်းရောင်အတွက်အနည်းငယ်ထူးဆန်းစေ၏။
" စတီဗန်က တမင်သပ်သပ်ရည်ရွယ်ပြီးမင်းအဖေကိုသတ်ခဲ့တာမဟုတ်ပါဘူး "
" သိတယ်...သိတာမို့လို့ ပါးစပ်ပိတ်ပြီးအနားမှာနေ "
အရင်စိတ်နဲ့သာဆို ထိုးပစ်လိုက်ချင်ပေမဲ့ အိုင်ဗန်စိတ်အဆင်မပြေမှန်းသိတာကြောင့် လင်းရောင်ကအံကြိတ်ကာသည်းခံနေလိုက်သည်။
" မင်းအရမ်း၀မ်းနည်းနေလား "
" ၀မ်းနည်းနေတာလည်းမဟုတ်သလို ၀မ်းသာနေတာလည်းမဟုတ်ဘူး ဒီအတိုင်း စိတ်ထဲဟာသွားရုံပဲ "
" အင်း.... "
" အဲ့တာတွေအကုန်လုံး မင်းကြောင့်ဆိုတာသိလား "
သူ့မျက်နှာကိုစိုက်ကြည့်ကာပြောလာသူကြောင့် လင်းရောင်နေရခက်လာသည်။အိုင်ဗန်အပေါ်ဘာခံစားချက်မှမရှိပေမဲ့ အနားကပ်လာတိုင်း ရင်တွေခုန်လာရသည်။
" ဘာကြောင့်လဲ "
" မင်းသာငါ့စကားနားထောင်ခဲ့ရင် အဖမ်းခံရမှာမဟုတ်ဘူး အခုတော့မင်းကြောင့် ငါကိုယ်တိုင်၀င်ပါခဲ့ရတာလေ "
" အဲ့တာဆိုလည်း ကိုယ့်ဘာသာအေးဆေးနေပါလား ဘယ်သူကမင်းကို၀င်ပါခိုင်းနေလို့လဲ "
" မင်းကြောင့်ငါပေးဆပ်ခဲ့ရတာတွေ အများကြီးရှိတယ်ဆိုတာမမေ့နဲ့ "
" မင်းငါ့ကိုကြိိုက်နေတာလား အိုင်ဗန် "
" ကြိုက်နေတာမဟုတ်ဘူး!! "
" ...... "
" ချစ်နေတာ "
သူ့မျက်လုံးတွေအားသေချာစိုက်ကြည့်ကာ ဖွင့်ဟလာသည့်အိုင်ဗန်ကြောင့်လင်းရောင်ကအံ့သြသွားသည့်ပုံစံဖြင့် မျက်လုံးပြူးပြလိုက်သည်။ကျောင်းအတူတက်တည်းက သူ့ကိုစကားတစ်ခွန်းတောင်အကောင်းမပြောခဲ့တဲ့ကောင်က ယခုကဲ့သို့ဖွင့်ပြောလာလိမ့်မည်ဟု လင်းရောင်မတွေးခဲ့ဖူးပေ။