ထိုနေရာမှာတင် မှော်အစွမ်းနဲ့ ထိန်းချုပ်ခံထားရသလို ‌နင်မုန့် အေးခဲသွားလေသည်။

ကြီးမားပြီး နွေးထွေးတဲ့လက်က သူမရဲ့ နှုတ်ခမ်းထောင့်တွေဆီကို ကူးဖြတ်သွားတာကို နင်မုန့် ခံစားလိုက်ရသည်။ သူ့လက်ချောင်းတွေက လျှပ်စစ် စွမ်းအင် သယ်ဆောင်လာသည့်အလား သူမရဲ့ အရေပြားအောက်မှ အာရုံကြောတစ်ခုချင်းစီကို လှုံ့ဆော်‌သွားသလို ဖြစ်နေ၏။

ချက်ချင်းဆိုသလိုပဲ ဗလာဖြစ်လို့နေတဲ့ ထမင်းစားခန်းက အချစ်တွေနဲ့ တောက်ပတဲ့နေရာ ဖြစ်လို့သွား၏။

စိတ်လှုပ်ရှားမှုကြောင့် နင်မုန့် ငြိမ်သက်နေမိတဲ့အချိန်မှာပဲ ထိုလူက ခပ်ဖျော့ဖျော့ ဆိုလာ၏။ "မင်းပါးစပ်နားမှာ ထမင်းစေ့ ပေနေလို့"

ဟော်ပေ့ချန်က သူ့လက်ကို ပြန်ရုတ်လိုက်ချိန်မှာ သူမရဲ့ ထူးဆန်းနေတဲ့ အပြုအမူကြောင့် ပဟေဠိဖြစ်သွားကာ "ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေရတာလဲ"

နင်မုန့်က အံ့ဩနေဆဲ ဖြစ်တာမို့ သူ့ကို အဖြေမပေးနိုင်သေးပေ။

ဟော်ပေ့ချန်ကတော့ ပြောပြီးတာနဲ့ သဘာဝဆန်စွာပဲ ပြန်ထိုင်လိုက်သည်။ စက္ကူတစ်သျှူး ယူကာ သူ့လက်ချောင်းတွေကို သုတ်လိုက်ပြီးနောက် သေသပ်စွာပဲ သူ့အစားအသောက်တွေကို ပြန်စားလိုက်၏။

နင်မုန့် မျက်နှာက ရုတ်တရက်ဆိုသလို နီရဲတက်လာတော့သည်။ အလျင်အမြန်ပဲ သူမ မျက်နှာကို ဖုံးထားလိုက်ပြီး ခံစားချက်တွေကို ဖုံးကွယ်ထားရင်းပဲ အစားသာ ဆက်စားနေလိုက်သည်။

သူမ မျက်လုံးထောင့်ကနေ သူ့ကို ခိုးကြည့်လိုက်သည်။ ထိုလူက ဆန်ပြုတ်ကို သောက်နေတာ ဖြစ်ပြီး ထိုပုံစံက သေသပ်ကျနလှ၏။

ကိုယ်ပိုင်ပုံရိပ်ကို ဘယ်တုန်းကမှ ဂရုမစိုက်တတ်တဲ့ နင်မုန့်က ရုတ်တရက်ဆိုသလိုပဲ သူမရဲ့ အစားစားနေစဉ် အလောတကြီး စားတတ်တဲ့ပုံစံက မယဉ်ကျေးဘူးဆိုတာ သဘောပေါက်သွားသည်။

သူတို့နှစ်ယောက်လုံးက တိတ်ဆိတ်စွာ အစား‌စားနေရင်း ကိုယ်ပိုင် အတွေးတွေထဲ နစ်မျောနေကြလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now