{ Zawgyi Version }
မူဆယ်ကနေ မန္တလေးဆီအပြန်လမ်းမှာ မမျိုးတို့စီးလာတဲ့ အဝေးပြေးကားချောက်ထဲကျပြီး ခရီးသည်အားလုံးရော၊ ကားဆရာပါ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ယူဆရကာ ကားပင်ပြန်မသယ်နိုင်ကြတော့သည့် သတင်းကြောင့် ဝေးတို့မိသားစုတတွေ ခေါင်းချင်းဆိုင်နေကြ၏။
ဧည့်ခန်းထဲရှိလူတိုင်းမျက်နှာမကောင်းဖြစ်နေကြပြီး ဝေးကတော့ ပိုပြီးစိတ်မကောင်းဖြစ်နေမိမှာဧကန်။
'' ဒီလိုသာဖြစ်မယ်မှန်းကြိုသိခဲ့ရင် မမျိုးကို မူဆယ်ကိုသွားဖို့ ခွင့်ပြုခဲ့မှာမဟုတ်ဘူး ''
ဝေးက ဝမ်းနည်းစွာပြောလာလေတော့ ပိုင်စေက ဝေးရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလေသည်။
'' ဝေးတွေ့ဖူးတဲ့ သူစိမ်းတွေထဲမှာ မမျိုးက သဘောအကောင်းဆုံးနဲ့ စိတ်ထားကောင်းတဲ့သူပဲ...၊ သေမင်းကလည်း ကောင်းတဲ့သူတွေကိုပဲရွေးခေါ်တယ်ထင်တယ် ''
ဝေးက ပြောပြထား၍ မေမေရော၊ မမပိုးကပါ မမျိုးအကြောင်းအားလုံးကိုသိထားကြပြီး မမျိုးအတွက်လည်း စိတ်မကောင်းဖြစ်နေကြသည်မှာ အမှန်ပင်ဖြစ်သည်။
စကားတပြောပြောနှင့် ပန်းစည်း,စည်းနေသည့်ပုံရိပ်၊ အသံတစာစာနှင့် ပန်းရောင်းနေသည့်ပုံရိပ်နှင့် သူ့ကို ဟင်းချက်နည်းများ သင်ပေးခဲ့စဉ်က မမျိုးရဲ့ ပုံရိပ်တွေကို ဝေးရဲ့မျက်ဝန်းထဲပြန်လည်မြင်ယောင်လာ၏။
ဧည့်ခန်းကြမ်းပြင်အလယ်တွင် ထိုင်နေသည့် မိအေးရဲ့ပေါင်ပေါ်မှ သဲသဲလေးသည် ဝေး ဝယ်ပေးထားသည့်ပလုတ်တုတ်လေးကိုသာ သဲကြီးမဲကြီးဆော့ကစားနေသည်။
'' ဒါဆို မနက်ဖြန်ကျရင် အဲ့ကောင်မလေးအတွက်ရည်စူးပြီး သက်ပျောက်ဆွမ်းကပ်ပေးရမှာပေါ့ကွယ် ''
'' ဟုတ်တယ် မေမေ၊ ပိုပြီးအရေးကြီးတာက သဲသဲလေးရဲ့ရှေ့ရေးပဲ ''
သဲသဲလေးဆီမှ အကြည့်မခွာဘဲ ဝေးက မေမေ့ကိုစကားပြန်လိုက်သည်။
မမပိုးကပါ ထောက်ခံသလိုခေါင်းညိတ်နေပြီး ပိုင်စေကလည်း ဝေးကိုသာငေးကြည့်နေ၏။
YOU ARE READING
လက်တွဲဖော် ( My Dear )
General Fictionအချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော...........