{ Unicode Version }
'' မောင်လေးတို့ မမျိုးတက်လာခဲ့မယ်နော် ''
အိမ်လှေကားထစ်ဆီမှ အသံပြုသံနှင့်အတူ အိမ်ပေါ်တက်လာခဲ့သည့် အမျိုးသမီးအား ဝေး ထိုင်နေရာမှ အားရဝမ်းသာထကြိုလိုက်၏။
'' အမ လာ လာ ''
ဝေး ပြောနေရင်းနှင့်ပင် ထိုအမျိုးသမီးအား စားလက်စ မနက်စာစားပွဲလေးတွင် ဝင်ထိုင်စေလိုက်သည်။
'' အော် အမ လာ ''
ပိုင်စေကပါ လောကွတ်ပြုလိုက်တော့ မမျိုးဆိုသည့် ထိုအမျိုးသမီးသည် စားပွဲတွင်ဝင်ထိုင်လာလေသည်။
'' မနက်စာရော စားခဲ့ပြီလား အမ၊ တစ်ခါတည်းပြင်လိုက်ရမလား ''
'' ရတယ် မောင်လေးတို့သာစားပါ၊ အမက စားလာခဲ့ပြီးပြီ ''
မမျိုး ဝေးတို့ရဲ့ မနက်ခင်းစာဝိုင်းလေးကို ကြည့်ကာစိတ်ထဲအားမလိုအားမရဖြစ်မိ၏။
ရယ်ဒီမိတ်ထုတ်ကို ရေနွေးနှင့်စပ်ကာ ဖျော်ထားသည့် ကော်ဖီကျဲကျဲ၊ Stawberry jan ပုလင်းနဲ့ ပေါင်မုန်အဖြူပါးပါး ၇ချပ်ခန့်ထည့်ထားသည့်ပန်းကန်ပြားတစ်ချပ်တို့သာရှိလေသည်။
ထိုသုံးမျိုးကို မနက်စာအဖြစ်စားနေသည့် ရိုးရာဝေး။
ပိုင်စေကတော့ လမ်းထိပ်ကဆိုင်မှ ဝယ်လာပုံရသည့် ဆီမပါသော ထမင်းကြော်ကို အကြော်စုံပူပူလေးနှင့်စားနေလေရဲ့။
မိမိမှာ အခြေခံလူတန်းစားဖြစ်သည့်အလျောက် အဆင်ပြေသလိုစားနိုင်ပေမယ့် မြတ်နိုးယုယစွာနှင့် ပိုင်ဆိုင်ခဲ့ရသည့် ချစ်ရသူကိုတော့ ပြည့်ပြည့်စုံစုံထားချင်ခဲ့သည့် ပိုင်စေ့ရဲ့စေတနာမေတ္တာအပြည့်အဝကိုတော့ မမျိုးကိုယ်တိုင် အိမ်ထောင်သည်ပီပီ ခံစားရမိသည်။
" ဒီနေ့ စောသားပဲ အမ ''
" ဟုတ်တယ်...စကားလာပြောတာဆိုတာထက် ဝေးလေး လည်းပျင်းနေမှာပဲဆိုပြီး အမနဲ့စျေးထဲလိုက်မလားလို့ လာခေါ်တာ ''
ပိုင်စေ ဝေးရဲ့မျက်နှာလေးကို စောင်းငဲ့ကြည့်လိုက်တော့ တစ်ပတ်အတွင်းချောင်ကျသွားသည့် မျက်နှာလေး။
YOU ARE READING
လက်တွဲဖော် ( My Dear )
General Fictionအချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော...........