Part 49(Unicode+Zawgyi)

78.3K 6.8K 2.9K
                                    

UNICODE

အတန်းချိန်ပြီးတော့ အပြင်ဘက်မှာ ရွက်ကြွေတွေတောင် ဝဲနေပြီ။ ဆောင်းလေကြောင့်ထင်ရဲ့ အမ်စတာဒမ် ပျိုဖြူလေးတွေက သိပ်မထူတဲ့ အနွေးထည်လှလှလေးတွေနဲ့ ကျောင်းဝန်းထဲမှာ လှပကြွရွနေကြတယ်။ သံသာချိုမြစွာ ရယ်ကြတဲ့ အသံလွင်လွင်တွေက ကျောင်းပရဝုဏ်ထဲ လွင့်ပျံလာတယ်။

ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြုံးမိတယ်။ ဒီနိုင်ငံမှာ နှင်းကျရင် သိပ်လှတာ။ နေလို့မရအောင် အေးခဲနေတဲ့ ရာသီဥတု မဟုတ်တာကြောင့် ပြောရမယ်ဆို အလှမပျက်ရုံ အေးခဲမှုလေး။ နှင်းမှုန်တွေ ကျနေတာ မြင်ရင် ခရီးသွားတွေက သိပ်သဘောကျပါတယ်။ ရောင်စုံသစ်ရွက်တွေနဲ့ နှင်းမှုန်တွေကြား ဓာတ်ပုံရိုက်တဲ့အခါ သိပ်လှပါသတဲ့။

ဝတ်ထားတဲ့ အနွေးထည် ခပ်ပါးပါးကို အတန်းထဲက မထွက်ခင် လည်ပင်းအထိ ရောက်အောင် ဇစ်ဆွဲလိုက်မိတယ်။ အတန်းချိန်အတွင်း တံတောင်ဆစ် ရောက်အောင် ပင့်တင်ထားတဲ့ အင်္ကျီလက်အနားကို ပြန်ဖြည်ချနေတုန်း နာရီမှာ ပေါ်နေတဲ့ နေ့စွဲလေးကို ကြည့်ပြီး အပြုံးတို့မစဲ။ ဒီနေ့ဆို အချစ်ကလေး ပြန်ရောက်ဖို့ ၃ ရက်အလို။ ၃ လဆိုတဲ့ စောင့်ဆိုင်းမှုလေးဟာ ၃ ရက်ကြာတဲ့အခါ သက်ဝင်တောက်ပလာတော့မှာ။

စာအုပ် တပွေ့တပိုက်ကို လက်ကကိုင်၊ ကျောပိုးအိတ်လေး ကောက်လွယ်ပြီး အခန်းအပြင် ထွက်လိုက်တယ်။ စက်ဘီး ရပ်နားထားရာ နေရာကို အေးအေးလူလူ လမ်းလျှောက်နေတုန်း ပခုံးကို လာထိတဲ့ အထိအတွေ့။ လှည့်ကြည့်လိုက်တော့ အတန်းဖော် Alix. အသိမှတ်ပြု ခေါင်းညိတ်ပြလိုက်တာနဲ့ မမောနိုင်တဲ့ စကားကို ဆိုလာတယ်။

"ကော်ဖီဆိုင် လစ်ရအောင် ဘရို"

ဂျာမန် လေယူလေသိမ်းနဲ့ ကြားလိုက်ရတာက ဘိလပ်စကား။ Alix ဆိုတာ အတန်းဖော် ဖြစ်ရုံမက ညနေခင်းတက်တဲ့ ဒတ်ချ်ဘာသာစကား သင်တန်းမှာပါ အတူမို့ တခြားအတန်းဖော်တွေထက် အနည်းငယ် မျက်မှန်း ပိုတန်းမိနေတာ။ အခြားလူတွေနဲ့ဆို နှစ်ယောက်လုံး ဒတ်ချ်လို ကြိုးစားပြောကြပေမဲ့ နှစ်ယောက်ဆုံတိုင်း ဘာဓာတ်မှန်းမသိ အင်္ဂလိပ်လိုပဲ ပြောဖြစ်နေကြတာ။ ပြောရမယ်ဆို သူ့ မျက်လုံးတွေက ရိုးသားမှုကြောင့် ထင်ပါရဲ့ သူငယ်ချင်းလို့ မခေါ်ထိုက်သေးတောင် ကျွန်တော့်ကို ပေါ့ပေါ့ပါးပါး စကားပြောထွက်စေတဲ့ လူမျိုး။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now