Part 45(Unicode+Zawgyi)

76K 7.8K 3.1K
                                    

UNICODE

ကိုယ့်စိတ်နဲ့ကိုယ် ဖြန့်ခင်းလိုက်တဲ့ ခြေလှမ်းတွေထဲ ညမွှေးပန်းတွေ ဝဲကုန်တယ်။ ညမှာ ရနံ့ရှိသလား။ ပန်းသတင်းကို လေညှင်းဆောင်ရင် ကျွန်တော့် ကောင်းကင်လေး သတင်းကို ဘယ်သူက ဆောင်မှာလဲ။ ကြယ်မစုံတဲ့ ညဉ့်ယံဟာ ဒီလို လှတတ်သလား။ ကွက်ကြား လင်းနေတဲ့ လမ်းမီးတိုင်တွေကပဲ ကဗျာဆန်နေသလား။ ဘယ်ကမှန်းမသိ တိုးတိုးပျံ့လွင့်နေတဲ့ ထိမ်းမြားမင်္ဂလာ သီချင်းကပဲ ဘဝင်ကို အေးလာစေတာလား။ အသက်ဝဝရှိုက်ခြင်းမျိုးနဲ့ ကောင်းကင်ကို မော့ကြည့်တော့ တစ်ခြမ်းပဲ့လက လှလှလေး ငုံ့မိုးကြည့်လာတယ်။

ကြည့်ပါအုံး၊ ညခင်းရဲ့ ဝေ့တိုက်လာတဲ့ လေညှင်းအောက်မှာ ထုံကြိုင်သင်းလာတဲ့ ယောက်ျားဆန်တဲ့ ရှတတရနံ့။ ဇ မူပိုင် ကိုယ်သင်းရနံ့က နှာဖျားဝမှာ လာပြီး ကလူကျီစယ်နေသလို။ လူတစ်ယောက်ဟာ စိတ်ဝိဉာဉ်တစ်ခုလုံးကို တစ်စုံတစ်ယောက်ဆီ အဆက်မပြတ် ပို့လွှတ်တဲ့အခါ အနားကို ရောက်မသွားနိုင်ရင်တောင် သူ့ရနံ့တွေနဲ့ လွှမ်းခြုံ အဲ့သည့်လူကို လုံစေသတဲ့။ အချစ်ရဲ့ အားအင်ကြောင့် ထင်ရဲ့ လမ်းတစ်လျှောက်လုံး ပြိုင်ဘက်ကင်းကင်း တစ်ယောက်တည်း ပြေးလွှားနေပေမဲ့ မောရမှန်းမသိ၊ ပန်းရမှန်းမသိ၊ ကြောက်ရမှန်းမသိ။

တိတ်ဆိတ်ခြင်းရဲ့ အဲ့လမ်းကလေးအပေါ်မှာ ကျွန်တော်တစ်ယောက်တည်း။ အဖေ့ရဲ့ လမ်းပြ ဓာတ်မီးလေးရယ်၊ မှိတ်တုတ်မှိတ်တုတ် ကြယ်အလင်းရယ်၊ ပြီးတော့ သူ့ဆီ ဆိုက်ရောက်ချင်တဲ့ စိတ်ဇောအဟုန်ရယ်။

ပြေးတယ်၊ ပြေးတယ်၊ ဒီတစ်နေ့လုံး ပြေးလွှားနေခဲ့ရတာ။ အဲ့လို ပြေးရင်းကပဲ ဇဆီ ဆိုက်ရောက်ခဲ့ရတာ။ ဒီတစ်ခါ ဆုံမှတ်ဟာ တစ်ဘဝစာပါ အချစ်ရယ်။ ဘယ်အိမ်ကမှန်းမသိ လွင့်လာတဲ့ နာရီသံ ဒေါင်ခနဲကြောင့် လက်က နာရီငုံ့ကြည့်တော့ ၁၂ နာရီအတိ။ အခု သူ့စိတ်တစ်ခုတည်းနဲ့ ပြေးလာလိုက်တာ၊ ပန်းတိုင်က ဘယ်အရပ်မှန်းမသိ။ ဖရိုဖရဲ ပြန့်ကျဲနေတဲ့ မြတ်နိုးခြင်းတွေကို သပ်သပ်ရပ်ရပ် ခေါက်ထည့်ပြီး ပြုံးမိတယ်။ ဟုတ်တာပဲ။ ဖုန်းဆက်လို့ ရပါရဲ့နဲ့။ အချစ်ကလေး ဘယ်မှာလဲလို့ မေးလို့ရပါရဲ့နဲ့။ ငါ လာနေပြီ ဆက်ဆက် စောင့်နေနော်လို့ ပြောလို့ရပါရဲ့နဲ့။ ဘယ်လိုတောင် သုံးနှစ်သားလို ပြုမူနေခဲ့မိတာလဲ။ တစ်ပြိုက် ဖြတ်တိုက်သွားတဲ့ လေညှင်းနဲ့အပြိုင် နှစ်နှစ်လိုလို ရယ်ချမိတော့တာပဲ။ ဇတွေ့ရင် ပြောတော့မှာပဲ "မောင်က အရူးလေး" လို့။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now