Part 39(Unicode+Zawgyi)

58.5K 6.2K 1.3K
                                    

UNICODE

"မာန် က မဟုတ်သေးပါဘူး၊ မာန် လုပ်ပုံက မဟုတ်သေးပါဘူးကွာ"

ဒီစကားလုံးတွေက မာန် ကျွန်မဆီ ရောက်လာပြီး နောက်ပိုင်း လက်ယာဆီက မကြာခဏ ကြားရလေ့ရှိတဲ့ ဝေါဟာရတွေပါပဲ။ ကြားရတယ်ဆိုပေမဲ့ ကလေးတစ်ယောက်လို မကျေမနပ်နဲ့ ကျွန်မကို တိုင်တဲ့အခါ တိုင်၊ မဟုတ်ရင်လဲ သူ တစ်ယောက်တည်း နိုးတစ်ဝက်နဲ့ ညတွေမှာ အိပ်မက်ယောင်ပြီး ငိုတတ်တာမျိုးပေါ့။ တစ်ရေးနိုးတိုင်း သားသမီးတွေအခန်းထဲ ဝင်ကြည့်လေ့ရှိတဲ့ ကျွန်မအတွက်တော့ ငရဲတစ်မျှလို ညတွေပါပဲ။ နှစ်ကာလတွေ တရွေ့ရွေ့ ပြောင်းလာပေမဲ့ ကျွန်မ သားလေး လက်ယာအတွက် မာန်က အချစ်ဦး၊ အချစ်ဆုံး အဖြစ်ကနေ ဘယ်တုန်းကမှ ပြောင်းလဲ မသွားခဲ့ပါဘူး။

မှတ်မှတ်ရရ အထက်တန်း အောင်မြင်ပြီးကြတည်းက မာန်နဲ့ လက်ယာ နှစ်ယောက်လုံး သိသိသာသာ စကားနည်းသွားကြတယ်။ နွယ်နီနဲ့ ကြည်ပြာကတော့...

"လူပျိုတွေ ဖြစ်ကုန်လို့ နေမှာပါ ခံ့ရယ်၊ ဘယ်လူပျိုလေးနှစ်ယောက်က အမြဲတတွဲတွဲ ဖြစ်နေမှာလဲ၊ ကောင်မလေးတွေအကြောင်း တွေးနေရတာနဲ့ ညီအစ်ကိုနှစ်ယောက် အရင်လို ဖက်လဲတကင်း မလုပ်ကြတော့တာနေမှာ၊ စိတ်ပူစရာ မရှိဘူး ဒါသဘာဝပဲ" တဲ့။

ဖြစ်ကြောင်းကုန်စင် သိထားတဲ့ ကျွန်မအတွက်ကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့ စကားကြားတိုင်း မချိပြုံး ပြုံးရုံအပြင် မတတ်နိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ ဆယ်ကျော်သက်ဘဝတွေကို လွန်မြောက်လို့ အသီးသီး အရွယ်ရောက်လာကြတယ်။ ကလေး သုံးယောက်လုံးက ကိုယ် ယူခဲ့ကြတဲ့ အထူးပြုမေဂျာတွေမှာ ထူးချွန်ထက်မြက်ကြပြီး သိပ်ကို ထွန်းလင်းတောက်ပတဲ့ ကြယ်ပွင့်လေးတွေ ဖြစ်ခဲ့တာပေါ့။ အနေအေးပြီး သိမ်မွေ့နူးညံ့တဲ့ သမီးလေး ကြွေကို လိုချင်သူတွေ ပေါများပေမဲ့ သမီးလေးကတော့ အစ်ကိုနှစ်ယောက်ကြားမှာပဲ သက်သောင့်သက်သာနဲ့ ပျော်နေခဲ့တဲ့ ပန်းလေးတစ်ပွင့် ဖြစ်ခဲ့တယ်။

ကြွေက မာန်နဲ့ လက်ယာ နှစ်ယောက်လုံးကို အစ်ကိုလို သူငယ်ချင်းလို တန်းတူချစ်ခဲ့တယ်ဆိုပေမဲ့ ရင်ခုန်တတ်ကာစ အရွယ်ကစလို့ ဘာသိဘာသာ နေတတ်တဲ့ လက်ယာထက် အမြဲတမ်း အကြင်နာတရားတွေ၊ ငဲ့ညှာ စာနာမှုတွေနဲ့ ပြည့်နေတဲ့ မာန့်အပေါ်မှာ အစ်ကိုတစ်ယောက်ထက် ပိုခဲ့တယ်ဆိုတာ ကျွန်မတို့ သူငယ်ချင်း သုံးယောက်လုံး စတင် ရိပ်စားမိခဲ့ပါတယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now