Part 1 (Unicode+Zawgyi)

430K 16.6K 3.1K
                                    

UNICODE

အပိုင်း ၁

ဒီဇာတ်လမ်းလေးကတော့ ဘေးအိမ်ကို လူသစ်တွေ ပြောင်းလာခြင်းကနေ စပါတယ်။

ကျွန်တော်ကတော့ ဘေးအိမ်ကကောင်လေးလို့ပဲ တီးတိုးအမည်ပေးခဲ့တာပေါ့။

တစ်ခုသော..နွေဦးရဲ့ ကလူကျီစယ်တဲ့ လေရိုင်းနဲ့အတူ သံသေတ္တာတွေ ကားပေါ်က တဝုန်းဝုန်းဆွဲချသံကြားတော့ အလယ်တန်းကျောင်းသားလေး ကျွန်တော်က အမေ့ကို ငရုပ်သီးထောင်းပေးနေရင်း အိမ်ရှေ့ကို ခုန်ပေါက်ပြီးပြေးတယ်။

"ဟဲ့ မောင်ရယ်..ချော်လဲအုံးမယ်..ဒီကလေး.."

အမေ့ လှမ်းအော်သံတိုးတိုးက ကျောနောက်မှာကပ်ပါလာတာ သိပေမဲ့ ကျွန်တော်က တစ်ရှိန်ထိုးပါပဲ။ ဘေးအိမ်ကို လူသစ်တွေရောက်လာတယ်ဆိုတဲ့ကိစ္စက အထူးအဆန်းကြီးဖြစ်နေတာ မဟုတ်လား။

ပြီးတော့ ကံကောင်းရင် ကျွန်တော်သူငယ်ချင်းရနိုင်တဲ့ အခွင့်အရေးလေ။

မှတ်မှတ်ရရဆို ဘေးအိမ်မှာ လူမနေတာ ကျွန်တော်မူလတန်းပြီးကတည်းက..ဆုံးသွားတဲ့ အိမ်ပိုင်ရှင် အဘိုးနဲ့အဘွား ဇနီးမောင်‌နှံမရှိတော့တည်းက ခြောက်ကပ်တိတ်ဆိတ်သွားတဲ့ အိမ်ကလေး။

ရုတ်တရက် လူတွေ မရှိတော့တဲ့အခါ အိမ်အိုကြီးလိုဖြစ်သွားတဲ့ ဘေးအိမ်ကို ‌ကျွန်တော့်သူငယ်ချင်းတွေက သရဲခြောက်‌တဲ့အိမ်ကြီးလို့ သမုတ်ကြတယ်။ ဒီလိုအခြေအမြစ်မရှိတဲ့ စကားမျိုးကို ကျွန်တော်က မကြိုက်။ အခုတော့ လူတွေရောက်လာခဲ့ပြီ။

လှစ်ခနဲမြင်လိုက်ရတာက ကိုယ်လုံးကိုယ်ထည် ခပ်ပါးပါးနဲ့ အရွယ်မရောက်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ နောက်ကျော။

ရပ်ကွက်အစွန်ရဲ့ ထောင့်ဆုံးမှာရှိတဲ့ နှစ်လုံးတည်းသောအိမ်မှာ တစ်အိမ်က ကျွန်တော်တို့အိမ်ဖြစ်ပြီး နောက်တစ်အိမ်က ဘေးအိမ်က ကောင်လေးတို့အိမ်။

"ဟိတ် ရွှတ်..ရွှတ်.."

ခြံစည်းရိုးလေးကို ကိုင်ပြီး အရဲစွန့်လှမ်းခေါ်လိုက်တဲ့ ကျွန်တော့်အသံကြားတော့ မောနေတဲ့ပုံစံလေးနဲ့ ပေစောင်းစောင်းလှည့်ကြည့်လာတဲ့ မျက်နှာပေး။ လေးထောင့်ကျကျမျက်နှာလေးနဲ့ မျက်ဝန်းတွေက ခပ်မှိုင်းမှိုင်း၊ မျက်ခုံးတွေ သိပ်ထူနေတာ လှမ်းမြင်ရပေမဲ့ ဘာကြောင့် မျက်မှောင်ကုတ်ထားမှန်းတော့ မသိ။ အတော်ငယ်သေးတဲ့ပုံလေးနဲ့ မဖွံ့ဖြိုးသေးတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ကျွန်တော့်ထက် ငယ်မယ်လို့ တွေးမိတယ်။ ပြီးတော့ နဖူးပေါ် ဝေ့ဝဲကျနေတဲ့ နီကျင်ကျင် ဆံပင်ဝဲဝဲလေး။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now