Part 47(Unicode+Zawgyi)

67.8K 6.2K 480
                                    

UNICODE

*မင်း ခရီးထွက်သွားတဲ့အခါ သမုဒ္ဒရာကိုလဲ မေတ္တာပို့ရ၊ ရာသီဉတုကိုလဲ မေတ္တာပို့ရ၊ တစ်လှေတည်းစီး မင်းနဲ့ တစ်ခရီးတည်းသွားသူတွေကိုလဲ မေတ္တာပို့ရပါပဲ အချစ်ရယ်။ ပင်လယ်ပျော် စင်ရော်လေးရေ၊ ရေပြင်လွှာမှာ မနာမဖျားဘဲ ပျံဝဲနိုင်ဖို့ ငါ့နေ့ရက်တွေကို သစ္စာဆိုပါတယ်။ အိမ်တံခါးလေးကို မင်း လာခေါက်မဲ့ရက်မှာ အထိခိုက်ရှနာ ကင်းစေဖို့ မျှော်လင့်ခြင်းလမ်းမှာ ပန်းတွေ ဖြန့်ခင်းထားတယ်။ ကျန်းမာအောင် နေပါ။ အစားပုံမှန်စားပါ။ လွမ်းလို့ဆိုပြီး စကားပြောရင်း အသံတိမ်သွားတဲ့အခါ ဒီမောင့်ရင်မှာ လှိုင်းထန်တတ်တာ ပြန်ဆုံတဲ့အခါ ပြောပြချင်သေးတာ။

မနက်ခင်း နှိုးစက်သံလေး ထွက်လာတာနဲ့ အိပ်ရာက ကျုံးထရတယ်။ အိမ်ရှင်းရမယ်။ အိမ်ထောင်သည် ဖြစ်လာပြီမို့ နိစ္စဓူဝ ကိစ္စတွေ ဆောင်ရွက်ဖို့ အရင်လို အအိပ် မကြီးနိုင်တာ ကြာပြီ။ ဆောင်းရာသီ၊ နွေဦး၊ နွေရာသီနဲ့ ဆောင်းဦးဆိုပြီး ချစ်စရာကောင်းတဲ့ ဒီနိုင်ငံလေးမှာ ရာသီစက်ဝန်းဟာ လေးမျိုးရှိသတဲ့။ မနှစ်က နွေရာသီလေးကစလို့ ဒီနေရာလေးမှာ မောင့်ဗီဇနဲ့ စတင် အခြေချခဲ့ကြတာ။ အခုဆို ဆောင်းရာသီတောင် ရောက်ခဲ့ပြန်ပြီပေါ့။ ရာသီစက်ဝန်းဟာ ဒီလို လည်ပတ်နေပြန်ပေါ့။

ဉရောပ အနောက်ပိုင်းမှာ တည်ရှိပြီး ကျွန်တော့်အိမ်ဦးနတ်လေး ချစ်တဲ့ ဒီနိုင်ငံလေးကို နယ်သာလန်လို့ ခေါ်တွင်သတဲ့။ ဒတ်ချ်လူမျိုးတွေကတော့ သူတို့နိုင်ငံကို နယ်သာလန် အပြင် ဟော်လန်လို့လဲ ခေါ်ကြသေးတာ။ ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလိုက်သလဲ။ ဒီနိုင်ငံလေးဟာ မြောက်ပင်လယ် (North Sea) အောက်ကို ပေ ၂၀ လောက် နိမ့်ကျနေသတဲ့။ ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ ရော်တာဒမ် (Rotterdam) ဆိပ်ကမ်းက ဒီနိုင်ငံလေးမှာ ရှိသလို ရေလုပ်ငန်းနဲ့ ကြီးပွားတဲ့ နိုင်ငံလေးပါ။ ကျွန်တော့် ပင်လယ်ပျော်စင်ရော်လေးဟာ ဒီနေရာနဲ့ ဘယ်လောက်များ အံဝင်ပြီး ကိုက်ညီနေလိုက်ပါသလဲ။

ဘာသာမဲ့တွေ များသလို လှိုက်လှဲဖော်ရွေသူတွေ များတဲ့ နိုင်ငံလေး။ မြို့နေလူဦးရေထက် စက်ဘီးအရေအတွက် ပိုများပြီး နိုင်ငံသားတိုင်း စက်ဘီးစီးကြတဲ့ နိုင်ငံလေး။ နိုင်ငံသားထက် နိုင်ငံခြားသား ခရီးသွားဦးရေ ပိုများတဲ့ နိုင်ငံလေး။ ဗင်းဆင့်ဗန်ဂိုးရဲ့ ကမ္ဘာကျော် အနုပညာ လက်ရာတွေ ဖိတ်စင်ကျနေတဲ့ ချစ်စရာမြို့ကလေး။ တူးမြောင်းမြို့တော်လို့ ခေါ်ဆိုနိုင်သေးတဲ့ ဒီအမ်စတာဒမ်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ အိမ်ကလေးက တည်ရှိနေတာ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now