Part 23 (Unicode+Zawgyi)

99.1K 8.5K 2.7K
                                    

UNICODE

အိမ်ပြန်ရောက်ကတည်းက ရေအရင်ချိုးဆိုပြီး ကျွန်တော့်ကို တုံကင်ဆီ တွန်းပို့တယ်။ တစ်လမ်းလုံး ပူလောင်ပြင်းပြလာတဲ့ နှလုံးသားက ရေအေးအေးနဲ့ထိတွေ့လဲ မငြိမ်းအေးသွားပါဘူး။ ဇကော ဘယ်လိုနေမလဲ လှမ်းကြည့်တော့ ရေချိုးပြီးရင် ကျွန်‌တော် ဝတ်ဖို့ သူ့အဝတ်အစားတွေ ထုတ်ပေးနေတယ်။ အရာအားလုံးဟာ သပ်သပ်ရပ်ရပ် ငြိမ်ငြိမ်သက်သက်ပါပဲ။ သူ ခိုင်းထားတဲ့အတိုင်း အားလုံးပြီးသွားတော့ ကျွန်တော့်ကို တစ်ချက်ငဲ့ကြည့်ပြီး သူက ရေချိုးဖို့ပြင်တယ်။

"မြန်မြန်ချိုး"

ပြောလိုက်တော့ ခေါင်းတစ်ချက်ညိတ်ပြတယ်။ ကျွန်တော့်ဆံပင်တွေကို ဝေ့ဝဲကြည့်ပြီးမှ...

"ခေါင်းကို ရေပြောင်အောင်သုတ်"

"အင်း"

သူ့ကို ခေါင်းညိတ်ပြပြီး အိမ်ရှေ့ခန်းက ကုလားထိုင်ပေါ် ဝင်ထိုင်မိတယ်။ ဒီတစ်လော သူ ထပ်ဆွဲထားတဲ့ ပန်းချီအပိုင်းအစတွေမှာလဲ ကျွန်တော့်ရုပ်သွင်တွေပါပဲ။ ဂစ်တာတီးတိုင်း ကျွန်တော့်ကို ငေးတတ်ပေမဲ့ ပန်းချီဆွဲတဲ့အခါ ခြံထဲ ထွက်ဆွဲပါတယ်။ ဟင်းချက်တာကို တစ်လှည့်စီ အဆင်ပြေသလို လုပ်ကြတာမို့ တစ်ခါတလေ ကျွန်တော် ဟင်းချက်နေတဲ့အခါတွေဆို ဇက ခြံထဲမှာ တကုတ်ကုတ်နဲ့ ပန်းချီဆွဲနေတတ်တယ်။ သူ့ပုံစံက အေးရာအေးကြောင်းနဲ့ ပန်းချီထဲပဲ နစ်နေတဲ့ပုံစံမို့ ကျွန်တော့်ကို ပစ်ထားသလို ဖြစ်နေရင်တောင် စိတ်ဆိုးရကောင်းမှန်း မသိသလို၊ သူ့ကို နှောင့်ယှက်ဖို့လဲ မတွေးမိပါဘူး။ အကြမ်းခြစ်လက်စ သူ့ပန်းချီတွေထဲက ကျွန်တော့်ပုံရိပ်တွေက ကျွန်တော့်အနား သူမကပ်တဲ့ အချိန်တွေတိုင်းမှာ စုတ်ချက်တင်ထားတဲ့ လက်ရာတွေချည်း။ အမျိုးမျိုးသော ပုံရိပ်တွေမှာ ဟင်းချက်နေတဲ့ ကျွန်တော့်နောက်ကျော၊ ရယ်နေတဲ့ မျက်နှာ၊ အိပ်မောကျနေတဲ့ မျက်နှာတွေနဲ့ ပြည့်လို့နေတယ်။ ဒီလိုဆိုတော့လဲ ဇက ကျွန်တော့်ကို အမြဲကြည့်နေခဲ့တာပဲ။ ဟုတ်တယ်မလား သူ ကျွန်တော့်အပြုအမူတွေကို အမြဲတမ်း အကဲခတ် မှတ်သားနေခဲ့တာ။ မျက်ဝန်းတွေက ကျွန်တော့်ဆီမှာ ကပ်ငြိမနေတဲ့အခါမှာတောင် ဇက ကျွန်တော့်ကို ကြည့်နေခဲ့တာ။ နှုတ်ခမ်းထက်မှာ အပြုံးရိပ်ထင်ပြီးနောက် အိမ်ထဲကို ဇ ဝင်လာတယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now