Part 30 (Unicode+Zawgyi)

87.1K 7.1K 2.3K
                                    

UNICODE

"အဲ့ဒီတော့ အားလုံးအဆင်ပြေကြတယ်နော်...ဒီအပတ် သောကြာညနေလောက် ထွက်ကြမယ်"

"ပြေပါတယ်"

တစ်ယောက်တစ်ပေါက် အသံထွက်လာပြီးနောက်...

"ကျွန်မကတော့ ထုံးစံအတိုင်း ညအိပ်ညနေခရီးဆိုတော့ သမီးကို ခေါ်လာမှ ရမယ်နော်"

"ဪ မကေသီရယ် ခေါ်လာနေကျပဲကို ဘာမပြေစရာရှိလဲ"

တာဝန်ခံဆီက ခွင့်ပြုသံ ထွက်လာတော့ အားလုံးက ထောက်ခံကြတယ်။ ဒါကတော့ ပဲခူးကနေဆို သိပ်မဝေးပေမဲ့ ကုန်းတစ်တန် ရေတစ်တန်နဲ့သွားမှရောက်မဲ့ ကိုးအိမ်တန်းရွာလေးဆီ ပညာပေးဟောပြောပွဲ သွားကြဖို့ ထုံးစံအတိုင်း တာဝန် ခွဲဝေယူနေကြတာ။ ဒီလိုသွားကြတိုင်း ထိပ်ဆုံးက တက်တက်ကြွကြွ လိုက်တတ်တဲ့ ကျွန်တော့်ကိုတော့ တာဝန်ခံက ဘယ်တုန်းကမှ လိုက်ဖို့အဆင်ပြေရဲ့လား မမေးပါဘူး။ ဘယ်လိုဖြစ်ဖြစ် မညည်းညူတတ်တာနဲ့၊ တစ်ကိုယ်ရေတစ်ကာယသမားမို့ အားကိုးတာလဲ ပါပါလိမ့်မယ်။

ဒီကာလတွေမှာ အဖြစ်များလာတဲ့ ဝမ်းရောဂါနဲ့ပတ်သက်တာကို ဘယ်လိုကြိုတင်ကာကွယ်ရမယ်၊ ဖြစ်လာရင် ဘယ်လိုကုသရမယ်ဆိုတာမျိုး ခေါင်တဲ့ကျေးရွာလေးတွေဆီ ကျွန်တော်တို့ ဆရာဝန်များအဖွဲ့က အလှည့်ကျသွားရပါတယ်။ ပဲခူးနဲ့သိပ်မဝေးဘူးဆိုပေမဲ့ တချို့ရွာလေးတွေက ခေါင်လဲခေါင်သလို ကျန်းမာရေး ဗဟုသုတလဲ အလွန်နည်းလှတယ်။ ကိုးအိမ်တန်းရွာကိုရောက်ဖို့ လမ်းရှိသလောက်အထိ ကား သို့မဟုတ် ဆိုင်ကယ်နဲ့ သွားနိုင်ပြီး အဲ့ကနေ တစ်ဆင့် စက်လှေစီးမှ ရောက်ပါမယ်တဲ့။ ချောင်းကျယ်ကြီးတစ်လျှောက် ဆန်တက်သွားပြီးမှ ရွာကို ရောက်နိုင်တာမျိုးပေါ့။

တစ်ညအိပ် နှစ်ရက်ခရီးဆိုပေမဲ့ ဟောပြောပွဲပြီးသွားရင် တချို့ရွာလေးတွေက ချက်ချင်းပြန်ဖို့ကို တားဆီးတတ်ကြတယ်။ ဟိုအိမ်က ထမင်းဖိတ်ကျွေး၊ ဒီအိမ်က ထမင်းဖိတ်ကျွေးနဲ့ တစ်ညအိပ်ဆိုပေမဲ့ အနည်းဆုံး နှစ်ညလောက် တွက်ထားမှ တော်ကာကျလိမ့်မယ်။ အခုတွေးနေမိတာ တစ်ခုတည်း။ ဇကို ဒီအတိုင်း ထားခဲ့လို့ရပါ့မလား။ ဘယ်လိုမှ ရမှာမဟုတ်တာ ကျိန်းသေတာပေါ့။ နိုက်ဂျူတီကျတာတောင် မျက်စိမျက်နှာပျက်ပြီး တားမရလို့သာ လွှတ်ပေးထားတာ။ ဒါတောင် ပြောသေးတယ်။ မောင်တို့ဆေးရုံမှာ မောင်ပဲ အလုပ်အများဆုံးတဲ့။ အရင်က ဘာတာဝန်ဖြစ်ဖြစ် သိမ်းကြုံးလုပ်ပေးနေကျ ကျွန်တော်က အခုမှ ထူးထူးဆန်းဆန်း ထငြင်းလို့မကောင်းတာတွေ ဇကတော့ ဘယ်သိပါ့မလဲ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now