Part 11 (Unicode+Zawgyi)

91.9K 9.9K 253
                                    

UNICODE

ဆေးရုံမှာ နိုက်ဂျူတီကျပြီး ပြန်လာတော့ လူက မူးနောက်နောက် ဖြစ်နေပြီ။ ဆေးရုံမှာ ခဏတဖြုတ်မှေးလို့ရတယ်ဆိုပေမဲ့ ကိုယ့်အိမ်လို အဆင်မပြေဘူးမဟုတ်လား။

ခြံတံခါးဝရောက်တာနဲ့ ဆိုင်ကယ်ရပ်ပြီးသော့ရှာရင်း တစ်ချက်သန်းမိတယ်။ အိမ်ထဲရောက်ရင် ရေမြန်မြန်ချိုးပြီး အိပ်မှဖြစ်မှာ။ အိပ်ရာထဲကို ခေါင်းထိုးဝင်ချင်တာကလွဲရင် အခုဘာကိုမှ မတွေးနိုင်။

ချလောက်ဆိုပြီး သော့ခလောက်လေး ပွင့်သွားတာနဲ့...

*ဝုန်း...ဒုန်း...ဒုန်း...

နား, နားကို ကပ်ပြီး တစ်ခုခုပစ်ချလိုက်သလိုအသံကြောင့် အိပ်ချင်စိတ်ချက်ချင်းလွင့်သွားပြီး ခေါင်းနပန်းကြီးသွားတယ်။

ဘာတုန်း ဒီအသံက...

*ဒုန်း...

အသံကို နောက်တစ်ကြိမ်ထပ်ကြားမှ တစ်ချက်တွန့်သွားရင်း ပြုံးမိတယ်။ ခေါင်းရင်းအိမ်ဘက်က လာတဲ့အသံ။ ပိုင်ရှင်တွေ ရောက်လာတယ် ထင်ပါရဲ့။

ထူးထူးဆန်းဆန်းပါပဲ ခေါင်းရင်းအိမ်နဲ့ ကျွန်တော်နေတဲ့ အိမ်လေးက တစ်ထပ်တိုက် ပုံစံဆင်တူလေး နှစ်လုံး။ ခြံအကျယ်ကြီးထဲမှာ ဆင်တူအိမ်လေး နှစ်လုံးကို ဆောက်ထားပြီး အလည်ကနေ ခြံစည်းရိုးလို့ မမည်တဲ့ အရံအတားလေး တစ်ခုသာ ရှိတယ်။ ပြောရမယ်ဆို ခေါင်းရင်းအိမ်နဲ့ ကျွန်တော့်အိမ်က လွယ်လွယ်ကူကူ သွားလာလို့ရတဲ့ အခြေအနေမျိုး။ ပိုင်ရှင်ကတစ်ယောက်တည်းဖြစ်ပြီး တစ်အိမ်ကိုပဲ အငှားထားတာ။ ဒါတောင် လူတိုင်းကို ငှားတာမဟုတ်၊ ဆရာဝန်လူပျိုလေးမို့ ကျွန်တော့်ကို သက်သက်ငှားပေးတယ်ပြောတာပဲ။

ပိုင်ရှင်တွေက ရန်ကုန်သားတွေမို့ ကျန်တဲ့တစ်အိမ်ကိုတော့ သူတို့အပန်းဖြေဖို့ လာတဲ့အခါ နေကြသတဲ့။ ပစ္စည်းတွေအများကြီး တဝုန်းဝုန်းချတဲ့အသံ ကြားလိုက်ရတယ်ဆိုတော့ ရက်ကြာကြာ နေဖို့များလား။

အိမ်စငှားကတည်းက အိမ်ရှင်တွေနဲ့ တစ်ခါမှ မဆုံဖူးသေးပါဘူး။ ဒီအတိုင်း ပဲခူးဇာတိဖြစ်တဲ့ အိမ်ရှင်ရဲ့ ညီဖြစ်သူ ဦးလေးနဲ့ပဲ စာချုပ်ချုပ်ပြီး ငှားထားလိုက်တာ။ အိမ်ပိုင်ရှင်တွေ ရောက်လာတယ်ဆိုတော့ ရောက်ခါစမှာ အကူအညီများလိုနေမလား။ သွားနှုတ်ဆက်ဖို့ ခေါင်းရင်းအိမ်ဘက် ခြေလှမ်းပြင်တုန်း...အိမ်တံခါးမကြီးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်သံကြားတာကြောင့် အူကြောင်ကြောင်နဲ့ နေရာမှာတင် ရပ်လိုက်ရတယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now