Seventeenth🍂🌻

1.7K 193 68
                                    

Unicode

"တကယ်ထွက်သွားတော့မှာလား ဆောနူရယ်"

ကြင်ယာတော်လို့တောင်မခေါ်ပဲ သူ့နာမည်အရင်းကိုတပ်ပြီး ဆိုလာတဲ့ အထိန်းတော်ကြီးဟာ ဆောနူတစ်ယောက် နန်းတော်ထဲစရောက်လာတဲ့နေ့ကစပြီး နေလာခဲ့တဲ့တစ်လျှောက် အဓိက အနီးကပ်စောင့်ရှောက်ပေးခဲ့တဲ့သူ ။

ဟိုဟိုဒီဒီသိမ်းဆဲနေတဲ့ ဆောနူကိုကူညီပေးဖို့ ရောက်နေတယ်လို့ဆိုပေမဲ့ နောက်ကနေတစ်ကောက်ကောက်လျှောက်လိုက်ကာ ပွစိပွစိပြောနေတာကလွဲပြီး သိမ်းတာဆည်းတာကိုဘာမှလည်းကူညီပေးမနေ ။

"အိမ်ရှေ့စံက သူ့ကြင်ယာတော်ကိုဘယ်လောက်တောင်ချစ်လိုက်သလဲ တကယ်ပဲဒီလိုလုပ်မှဖြစ်မှာလားကွယ်"

နောက်ကနေ မနားတည်း ပွစိပွစိလုပ်နေတဲ့ အထိန်းတော်ကြီးစကားကို သူမကြားယောင်သာဆောင်လိုက်ရင်း ကိုယ်လုပ်လက်စသိမ်းဆည်းတာကိုသာ ဆက်လုပ်ရသည် ။

ထွက်သွားဖို့ပြင်ဆင်နေခဲ့တဲ့ ဒီကြားထဲကာလတစ်လျှောက်လုံးလည်း အမြဲတမ်းနောက်ကနေလိုက်ပြီး ပြန်စဉ်းစားဖို့ချည်းပဲ ဆော်ဩနေရတာ အထိန်းတော်ကြီးမှာနည်းနည်းလေးမှ မပင်ပန်းနိုင်သေးဘူးလားမသိ ။

"ဆောနူလေးလည်းမချစ်တာမဟုတ်ပဲနဲ့"

ရုတ်တရက်ဆိုလိုက်တဲ့ အထိန်းတော်ကြီးစကားမှာ ရေခဲနဲ့ထိတွေ့သလိုမျိုး အေးစက်တောင့်တင်းသွားရတာ အမှန် ။

ဒါပေမဲ့ အချစ်ဆိုတဲ့အရာက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဘယ်လောက်များ အသုံးဝင်တာမို့လဲ ။

ဟိုးအစတည်းက နိုင်ငံရေးကစားကွက်တစ်ခုအနေနဲ့ စတင်ခဲ့ရတဲ့ သူနဲ့အိမ်ရှေ့စံရဲ့ကြားကတွေ့ဆုံမှုဟာ ခံစားချက်တွေပါဝင်ဖို့အတွက် နေရာလပ်မှမရှိခဲ့တာ ။

အခုလည်း နှစ်ယောက်သားကြားမှာ ဘယ်လိုပဲ ခံစားချက်တွေ၊ အနှောင်အဖွဲ့တွေ ရှိလာသလားပဲဆိုဆို ဒါတွေက အရေးပါတဲ့အရာတွေမှမဟုတ်ပဲ ။

အချစ်ဆိုတဲ့အရာဟာ သူတို့နှစ်ယောက်သားကြားမှာ မလိုအပ်ခဲ့ဆုံးအရာဖြစ်ခဲ့သည်ပဲလေ ။


His Majesty's Blond|SUNKIDove le storie prendono vita. Scoprilo ora