ပူလောင်နေသည့် စွပ်ပြုတ်ကို သူမအစား ဝင်ခံပေးခဲ့သည့် ဟော်ပေ့ချန်ရဲ့ ပုံစံကို ပြန်တွေးမိတဲ့အခါ နင်မုန့် မကူမကယ်နိုင်စွာပဲ ရှက်သွားဖြာနေသည့် ပါးတို့ကို ပွတ်လိုက်မိ၏။ ဘဝအမှန်ဆီမှာတော့ သူမက မွေးစားသမီးဖြစ်လေတာမို့ အားကိုးလို့ရမည့် လူလည်း တစ်ယောက်မှရှိမနေပေ။ တစ်စုံတယောက်က ကာကွယ်ပေးသည်ဆိုသော ခံစားချက်က သူမအတွက် ပထမဆုံး အကြိမ်ဖြစ်လေ၏။ ထိုအချိန်တွင်းမှာပဲ ဟော်ပေ့ချန်က သူမ ထင်ထားလောက်တဲ့ထိ ကြောက်ဖို့မကောင်းဘူးဆိုတာ နင်မုန့် သဘောပေါက်လိုက်သည်။

ဟော်ပေ့ချန် အနေနဲ့ ဘာလို့များ သစ္စာမရှိတဲ့ အရင်နင်မုန့်ကို လက်ထပ်ဖို့ ရွေးချယ်ခဲ့လဲဆိုတာ သူမ နားမလည်ပေ။ မဖော်ထုတ်နိုင်တဲ့အရာကို ဆက်မတွေးတော့တာ အကောင်းဆုံးဖြစ်တာမို့ ဟော်ပေ့ချန်ကို သူမရဲ့ ကျေးဇူးတင်ကြောင်းပြရန် နင်မုန့် အိပ်ယာပေါ်မှ ထကာ သူ့အတွက် ခရမ်းချဉ်သီး ကြက်ဥ ခေါက်ဆွဲတစ်ပွဲ ချက်ပေးရန် ပြင်လိုက်သည်။

ဟော်ပေ့ချန်ရဲ့ အကြိုက်ဆုံး ဟင်းပွဲဖြစ်တဲ့ ယနေ့ဟင်းလျာကို သူမ အနေနဲ့ အရင်တုန်းကထက် ပိုပြီး ကြိုးစားလုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်၏။ ပထမဆုံးအနေနဲ့ ကြက်ဥကို သူမ ကြော်လိုက်ပြီးနောက် ပန်းကန်ပြားပေါ် တင်လိုက်သည်။

လက်ဆတ်လှသည့် ခရမ်းချဉ်သီးတို့ကို ဒယ်အိုးထဲသို့ ညှပ်ထည့်လိုက်ပြီးသည့် နောက်မှာတော့ ကြော်ပြီးသားကြက်ဥကို လောင်းထည့်လိုက်သည်။ မိနစ်အနည်းငယ် ကြာသွားပြီးသည့်နောက် ပြီးပြည့်စုံစွာ ချက်ထားတဲ့ ခရမ်းချဉ်သီးကြက်ဥမွှေကြော်က စားပွဲပေါ်တွင် နေရာယူလို့ နေလေပြီ။ ခေါက်ဆွဲ တစ်ပွဲနဲ့ ထိုအရာကို တွဲစားလိုက်ပါက ကောင်းကင်သို့ ရောက်သွားသလို ခံစားရမည်မှာ ဧကန်ပင်။

ခေါက်ဆွဲ ပန်းကန်လုံးကို စားပွဲပေါ်သို့ နင်မုန့် တင်လိုက်ပြီးသည့်နောက်  လှည့်လိုက်တဲ့အခါ လှေကားနားတွင် ရပ်ကာ သူမကို ကြည့်နေသည့် ဟော်ပေ့ချန်ကို ‌မြင်လိုက်ရသည်။ သူက ထသွားထလာ အနက်ရောင် ဝမ်းဆက်ကို ဝတ်ထားလို့နေပြီး ဘေးပတ်ပတ်လည်တွင် အမှောင်ထု ဖုံးကွယ်ထားသည့် အရှိန်အဝါတို့ ရှိနေလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now