လူတိုင်းကတော့ ပြောစရာ ပျောက်ရှသွားကုန်ကြသည်။

နင်မုန့်တစ်ယောက် ဟော်ပေ့ချန်ကို ပြောချင်တာပြောပြီးနောက် ဒီအခြေအနေကြီးက လွတ်မြောက်ဖို့အတွက် သူ့ပါးစပ်မှ မဟုတ်တာ တစ်ခုခု မပြောလာစေချင်‌သော စိတ်ဖြင့် မချင့်မရဲကြည့်လိုက်သည်။ အချိန်ပိုကုန်‌သွားလေ နင်မုန့် နှလုံးသားတို့ ပိုတုန်လာလေဖြစ်၏။

အဆုံးမှာတော့ ဟော်ပေ့ချန်က သူတို့အနားမှ ထွက်သွားတာမို့ နင်မုန့် သက်ပြင်းချလိုက်လေတော့၏။ ထိုတချိန်လုံးကို စုထျန်းထျန်းက ဘေးမှ အကဲခတ်ကြည့်နေလေသည်။ ဟော်ပေ့ချန်က ‌နင်‌မုန့်အပေါ် အေးစက်စက် ဆက်ဆံနေတယ်ဆိုတာ သူမ အထင်အရှားမြင်နေရ၏။ ဒါဆို ဟော်ပေ့ချန်က နင်မုန့်ကို မချစ်ဘူးဆိုတာ ရှင်းနေတာပဲ!

အစကနေ အဆုံးထိ စကားပြောနေခဲ့သူက နင်မုန့် တစ်ယောက်တည်းသာ။ နင်မုန့်နှင့် ဟော်ပေ့ချန်ရဲ့ ဆက်ဆံရေးကို သက်သေယူရန် စုထျန်းထျန်းခေါင်းထဲသို့ မကောင်းသည့် အကြံတစ်ခုဝင်လာလေသည်။ အခုတော့ သူမက နင်မုန့်လက်ထဲတွင် ကိုင်ထားသော အစားအစာကို ကြည့်လိုက်လေ၏။

ဟော်ပေ့ချန် ထွက်သွားသည်ကို ကြည့်နေရင်း နင်မုန့်သည် အစားအသောက်ကိုင်ထားသော လက်ကိုမရင်း နှုတ်ဆက်လိုက်သည် "တာ့တာနော်"

ရုတ်တရက် လူတစ်ယောက်က အစားအသောက်ထုပ်ကို ပင့်တင်လိုက်လေတာမို့ နင်မုန့် မျက်နှာပေါ် ဖိတ်လုနီး ဖြစ်သွားလေတော့၏။ နင်မုန့် မျက်လုံးတွေသည်လည်း အံ့ဩမှုကြောင့် ပြူးကျယ်သွားရ၏။ အိတ်ထဲမှာ ခေါက်ဆွဲနှစ်ပွဲပါဝင်တာဖြစ်ပြီး တစ်ပွဲက ခရမ်းချဉ်သီးကြက်ဥ ခေါက်ဆွဲမွှေကြော် ဖြစ်ပြီး နောက်တစ်ပွဲက စွပ်ပြုပ်ပူပူနှင့် ခေါက်ဆွဲဖြစ်လေ၏။ ‌စွပ်ပြုပ်ရေတွေသာ သူမ မျက်နှာပေါ်ကျလို့ကတော့ သေချာပေါက် မချိမဆန့်တဲ့ ဝေဒနာကို ခံစားရမည် ဖြစ်မှာပင်!

နင်မုန့် ရှောင်ရန်လုပ်စဉ်မှာပဲ လူတစ်ယောက်က သူမ လက်မောင်းကို ဆွဲလိုက်လေသည်။ ကြွက်သားတွေနှင့် အရပ်ရှည်သော ခန္ဓာကိုယ်တစ်ခုက သူမရှေ့တွင် ခိုင်မာစွာ ရပ်နေလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now