Chapter 34- လက်စွပ်

1K 245 21
                                    

Unicode

အိမ်ငှားအသစ်မှာ တကယ်ပင် မိန်းကလေးတစ်ယောက်ဖြစ်၏။ အသွင်အပြင်က တော်တော်ကြည့်ကောင်းကာ ဆံပင်ကလဲ ဖြောင့်စင်းနေသည်။ အလုပ်သမားများအပေါ်တွင်လဲ စာနာတတ်ပုံရသည်။
" ဒီဟာတွေက နည်းနည်းတော့လေးတယ်.. ကူညီပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်"

ဝင်ပေါက်တံခါးကို ဖွင့်ထားသည့်အတွက် ရိုးရှင်းသော အတွင်းပိုင်းပြင်ဆင်မှုကို မြင်နိုင်သည်။ ‌အခြေခံပစ္စည်းလောက်ကိုသာ ဝယ်ထားပုံရပြီး ပရိဘောဂခပ်များများ မရှိသေး။ ထို့ကြောင့် အလုပ်သမားများ အတင်အချလုပ်နေသော သေတ္တာများမှလွဲ၍ အိမ်က ပြောင်ရှင်းနေသည်။

မိန်းကလေးက ပိန်ပိန်လေးဖြစ်သော်လဲ ပစ္စည်းများကိုပါ ကူရွှေ့ပေးနေသည်။ ပစ္စည်းရွှေ့ပြီးနောက် နဖူးမှ ချွေးများကို အင်္ကျီလက်နှင့် သုတ်သည်။ လက်ပြန်ချလိုက်သော သူစိမ်းနှစ်ယောက် သူမအိမ်ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
" ဟဲလို..  ဒီကိုပြောင်းလာတဲ့ အိမ်ငှားအသစ်လား"

ထိုလူနှစ်ယောက်ကို သူမ တစ်ခါမှ မတွေ့ဖူး။ သူတို့နှစ်ယောက်လုံးက မင်းသားများလို ချောသည့်အတွက် ‌တစ်ခါတွေ့ဖူးပါက မေ့နိုင်စရာအကြောင်းမရှိ။

" ကျွန်တော်တို့က အပေါ်ထပ်မှာနေတာပါ"
ပြုံးယောင်သန်းနေသော မျက်ဝန်းနှင့်လူက စကားစသည်။
" အိမ်ငှားအသစ်ရောက်လာတယ်ကြားလို့ လာကြည့်တာပါ"

ရှဲ့လင်က တစ်ဖက်လူကို စိုက်ကြည့်သည့်အခါတွင် အမှတ်မထင်ပဲ ညှို့ဓာတ်တစ်မျိုးပါနေတတ်သည့်အတွက် သူများကို ဂရုမစိုက်တတ်သော ချီချင်းမှလွဲလျှင် ဘယ်သူမှ သူ ကြာကြာစိုက်ကြည့်သည်ကို မခံနိုင်။ သုံးစက္ကန့်ကျော်လျှင် အရှုံးပေးသွားရသည်ချည်းသာဖြစ်၏။

" ကျွန်တော့် မျိုးရိုးက ရှဲ့ ပါ နာမည်က လင်"
ရှဲ့လင်က ထိုသို့ပြောပြီးနောက် သူ့နောက်တွင် ရပ်နေသော မျက်နှာတည်တည်နှင့်လူကို ဆွဲထုတ်လာ၍ မိတ်ဆက်ပေးနေသည်။
" ကျွန်တော်က ခင်ဗျားနဲ့ မျက်နှာချင်းဆိုင်အခန်းရဲ့ အပေါ်ထပ်မှာ နေတာပါ.. သူကတော့ ခင်ဗျားအခန်းရဲ့ အပေါ်ထပ်မှာနေတာ.. တစ်ခုခု အကူအညီလိုရင် ကျွန်တော်တို့ကို လာပြောနိုင်ပါတယ်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now