Chapter 14- ငိုသံ

1.2K 291 24
                                    

Unicode

လီကွမ်းဖူမှာ သူ ဘယ်သူ့ကို ရိုက်မိလိုက်လဲ မသိ။ ထိုသူကို ရှဲ့လင် လာကာပေးသည်ကိုသာ သိလိုက်ရသည်။ အပြေးရောက်လာသော ကျိမင်ရွေ့က သူ့ကိုတွနိးလိုက်မှသာ သူ ရိုက်မိလိုက်သော လူငယ်၏ နဖူးပေါ်မှ ဆံပင်ရှည်တို့ကိုကြည့်၍ သူ သတိရသွားသည်။

ထိုသူကို အရင်တစ်ခါက ရဲစခန်းမှာပဲ တွေ့ဖူးခဲ့သည်။

သူ့ဖုန်းအဟောင်းကို ရှောင်ခန်းဆက်သုံးနေသည့်အကြောင်း ချက်ချင်းသိသွားသည့် လူငယ်ပင် ဖြစ်၏။

တကယ်တော့ ထိုလူငယ်၏ မျက်ဝန်းကို သူ သေချာမကြည့်နိုင်။ အဆုံးမဲ့သော မျက်ဝန်းနက်များထဲတွင် ဘယ်လိုအတွေးမျိုး တွေးနေမည်ကို သူ စဉ်းစားလို့မရ။ ရဲရဲနီနေသော နှုတ်ခမ်းတို့ကိုတော့ သူ အမှတ်ရနေ၏။

ကျိမင်ရွေ့က လီကွမ်းဖူကို စားပွဲပေါ်တင်၍ အပေါ်မှ တက်ဖိထားသည်။ စားပွဲပေါ်မှ စာရွက်များကတော့ မြေပြင်ပေါ် ပြန့်ကျဲကုန်ပြီ။ ကျိမင်ရွေ့ကဦးနှောက် ခပ်မြန်မြန်တွေးနိုင်သည့်အထဲတွင် မပါသော်လဲ  သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကြောင့် သူ့လက်မှ လွတ်နိုင်သူ ရှား၏။
" အရင်တစ်ခေါက်က ခင်ဗျားရဲ့သားကို မရှာခဲ့ဘူး.. ဒီ‌တစ်ခေါက်တော့ သူ့ကို တွေ့ရမှကို ဖြစ်မယ်"

ထို့နောက် ကျိမင်ရွေ့က တစ်ဖက်လှည့်၍ အော်လိုက်သည်။
" ကျန်းယွီ.. မင်း သူ့အိမ်ကို အရင်ဖုန်းဆက်ပြီး မေးကြည့်ထားလိုက်"

တရားခံဟု ယူဆရသူမှာ ကလေးတစ်ယောက်သာ ဖြစ်သေးသည်။ တိကျသော သက်သေမရှိပဲနှင့်တော့ ဝမ်အဖွားအိမ်မှ သစ်သားပန်းပုကို ခိုးခြင်း ကြောင်များကို ရက်စက်စွာသတ်ခြင်းတို့နှင့် စစ်မေးပါက ကလေးတစ်ယောက်၏ စိတ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။

ထို့ကြောင့် သူတို့ သတိထား၍ လှုပ်ရှားမှ ဖြစ်မည်။

ကျန်းယွီလဲ သဘောပေါက်သည်။
" အခုပဲ ဖုန်းခေါ်လိုက်မယ်"

သူ့လက်ကို ချီချင်းစိုက်ကြည့်နေဆဲဖြစ်ကြောင်း သတိထားမိသွားသော ရှဲ့လင်က လက်လွှတ်ပေးလိုက်သည်။
" တောင်းပန်ပါတယ်.. ကိုယ် ခုနက ဘာမှမတွေးမိလိုက်ဘူး... မင်း အဆင်ပြေရဲ့လား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now