Chapter 9- ပွဲသိမ်း

1.1K 266 24
                                    

Unicode

သူတို့နှစ်ယောက်ကြားထဲမှ အကွာအဝေးမှာ ခြေလေးငါးလှမ်းစာပင် မရှိ။ ဘယ်လောက်ပဲမှောင်နေသည်ပြောပြော တဖက်လူကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။

ဆောင့်ကြောင့်ထိုင်နေသော ရှဲ့လင်မှာ သူ့ကိုငုံ့ကြည့်နေသည့် ချီချင်းမျက်နှာကို သေချာမမြင်ရ။ သူ့နေရာမှဆို ဆွယ်တာလက်နှင့် ရင်းနှီးနေသော လက်အိတ်အမည်းကြားမှ ထင်းနေသော ပျော့ပျောင်းသေးသွယ်သည့် လက်ကောက်ဝတ်လေးများကိုသာ ကောင်းကောင်းမြင်ရသည်။ ထီးက ချီချင်းမျက်နှာတစ်ဝက်ကို ကွယ်ထားသောကြောင့် မေးစေ့နှင့် နီရဲရဲ နှုတ်ခမ်းသားအချို့ကို မြင်နိုင်သည်။

ဓားဝယ်ထားတယ်.. ကြောင်တွေကို မုန်းတယ် ... လက်ချောင်းထိပ်မှာ ဓားရှရာ ရှိနေတယ်...

အဆိုပါ အချက်တို့မှာ ဖြစ်နိုင်ချေရှိရုံသာ ဖြစ်သော်လဲ ဒီလို မိုးသည်ထန်စွာ ရွာနေသည့်အချိန် ပြစ်မှုကျူးလွန်ထားသည့်နေရာကို ထီးတစ်ချောင်းနှင့်‌ရောက်နေသော ချီမျိုးရိုးမှာ သံသယဝင်စရာကောင်းသည်ထက် ပိုနေသည်။

ထိုအချိန် တံစက်မြိတ်ပေါ် စုနေသော မိုးရေများ ထီးပေါ် တဝုန်းဝုန်းနှင့် ကျလာ၏။

မိုးသည်းထန်စွာရွာသောနေ့တွင် တရားခံ ပြစ်မှုကျူးလွန်နိုင်သည်ဟု ထင်ခဲ့သော်လဲ ဒီလို အချိန်ကိုက် လာတွေ့မည်ဟု ရှဲ့လင် မထင်ခဲ့မိ။ တရားခံ ချန်ထားခဲ့သော လွှသွားပုံစံဓားကို ဖြည်းဖြည်းချင်း လွှတ်ချကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
" ကိုယ်တို့ ထပ်တွေ့ပြန်ပြီနော်"

ကြောက်စိတ်ဝင်စရာကောင်းလွန်းသည့် ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ့ပုံစံက နည်းနည်းလေးမှ ကြောက်နေပုံမရ။ စကားပြောရင်း ပြုံးနေလိုက်သေးသည်။ ပြောင်းလဲသွားသည့် တစ်ခု‌တည်းသောအရာမှာ အမြဲလိုလို ပြုံးယောင်သန်းနေတတ်သည့် မျက်ဝန်းအကြည့်တို့ အေးစက်သွားခြင်းဖြစ်၏။
" ဒီနေ့တစ်နေ့ထဲတောင် မင်းနဲ့ အကြိမ်ပေါင်းများစွာဆုံနေတာကို မင်းက ရေစက်မဟုတ်ဘူး ပြောနိုင်သေးတယ်နော်"

ချီချင်းက သူ လွှတ်ချလိုက်သော ဓားကို လိုက်ကြည့်နေသည်။

ဓားပေါ်တွင် သွေးစက်များ ရှိနေ၏။ အသားလှီးထားသော ဓားမှာ အရိုးကိုပါ လှီးနိုင်ချေရှိသဖြင့် ဓားသွားတွင် ပွန်းပဲ့ရာများ ရှိသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now