Chapter 26- အကြံပြုချက်

1K 244 21
                                    

Unicode

ကိုယ်ပူချိန်တိုင်းပြီးနောက် ချီချင်းတွင် အဖျားသွေးနည်းနည်းကျန်သေးသည်ကို သိလိုက်ရသည်။ ဖျားသည့် လက္ခဏာနည်းနည်းရှိသော်လဲ သိသိသာသာတော့ မဟုတ်။ ရက်နည်းနည်းလောက်တော့ စောင့်ကြည့်နိုင်သေးသည်။ ထို့ကြောင့် ရှဲ့လင်လဲ အတင်းအကြပ် ဆေးရုံမသွားခိုင်း။
" ဆေးအရင်သောက်ထားလိုက်ဦး.. တစ်ရက်နှစ်ရက်နေလို့မှ မသက်သာရင်တော့ ဆေးရုံမသွားချင်လဲ သွားရမယ်"

ချီချင်းဘဝတွင် သူ့ကို ဒီလိုခြယ်လှယ်စိုးမိုးမည့်သူ မရှိ။ အကယ်၍ သူသာ အခုလို ထိန်းချုပ်မရနိုင်သော အခြေအနေမဟုတ်ပါက ရှဲ့လင်ကို စကားဆုံးအောင်ပင် ပြောခွင့်မပေးပဲ ထွက်သွားခိုင်းမည်ဖြစ်သည်။

သို့သော် အခုတော့ သူ့ဘက်တွင် ရည်ရွယ်ချက်တစ်ခုက ရှိနေသည်။

ထို့ကြောင့် ရှဲ့လင်ကို စကားဆုံးအောင် ပြောခွင့်ပေးလိုက်ပြီး ဣနြေရှိစွာနှင့် ဘာမှပြန်မပြော။
" အင်း"

ရှဲ့လင် : " မင်းရဲ့ 'အင်း' ကလဲ အသက်မပါလိုက်တာ"

ချီချင်းကလဲ ဝန်ခံသည်။
" စိတ်မပါ လက်မပါ ဖြေလို့လေ"

ရှဲ့လင်က ရေခွက်အလွတ်ထဲသို့ ကျိုထားသော ရေကျက်အေး ငှဲ့နေသည်။

ရေခွက်လှမ်းပေးသည့်အချိန်တွင်လဲ ချီချင်းက ဂနာမငြိမ်သေး။

ချီချင်း သူ့လက်ကို ပွတ်တိုက်လိုက်ပြန်သည်ကို ရှဲ့လင်သတိထားမိသည်။ ပါးလွှာသည့်အပြင် ဖြူဆွတ်နေသည့် လက်ချောင်းသွယ်လေးများက အဖျားကြောင့် ရဲကာ နွေးနွေးလေးဖြစ်နေသည်။ မတော်တဆဆိုသော်လဲ သူ့လက်ဆစ်ကို တိတိကျကျကြီး ပွတ်သပ်လိုက်၏။

ထို့အပြင် မတော်တဆဟု ပြောရအောင်လဲ များနေသည်။

သာမိုမီတာလှမ်းယူတုန်းက မတော်တဆ ထိတာ ထားလိုက်တော့ အခု ရေယူတော့လဲ မတော်တဆဆိုတော့...

ပထမအဖြစ်အပျက်နှစ်ခုကို မတော်တဆဟုပြောလျှင် သူ လက်ခံနိုင်သေးသည်။ သို့သော် အဖျားပျောက်ဆေးကို လက်ထဲ ထည့်ပေးသည့်အခါတွင်လဲ ချီချင်းက ဆေးယူရင်း လက်ဖဝါးကို မထိတထိ ထိလိုက်သည့်အခါတွင်တော့ မတော်တဆ မဟုတ်တော့မှန်း ရှဲ့လင် အတည်ပြုလိုက်နိုင်သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now