လူသားသစ္စာ စာစဉ် (၃၁)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)
အခန်း (၄၂၄) : အင်မော်တယ်တပိုင်းနယ်ပယ်သို့ ပြန်သွားခြင်း
မိုဝူကျီက ပြုံးကာ “ ဒီတာအိုရောင်းရင်းနှစ်ယောက်က ကျုပ်နဲ့ တူတာပဲ။ ကျုပ်လည်း ဟုန်ဖူကျီကို ရန်စမိခဲ့လို့ ဒီနေရာ ရောက်နေတာ ”
“ အဲဆို တစ်ယောက်နဲ့ တစ်ယောက် အဖွဲ့ဖွဲ့ကြတာပေါ့။ ဒီနေရာမှာ လူခြောက်ယောက်တောင် ရှိတာဆိုတော့ သေမင်းမိုင်းတွင်းကနေ ထွက်သွားရင်တောင် အသက်ရှင်ဖို့ အခွင့်အရေးတော့ ရှိမှာပါ ... ” မိုဝူကျီ စကားများကို ကြားပြီး ထုံယဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သို့သော်လည်း သူ မပြောလိုက်သည့် စကားတစ်ခွန်းတော့ ကျန်ရှိလေ၏။ သူတို့ သေမင်းမိုင်းတွင်းက ထွက်မသွားလျှင်ပင် မိုဝူကျီ၏ ဧရာမ အစီအရင်အတွင်း သူတို့ အသက်ဆက်ရှင်နိုင်လိမ့်မည်။
ကျာချီက ထုံယဲ့ကို ကြည့်ကာ တွေးမိသွားသည်။
ဒီလူက တည့်တိုးပါ့လား ....
မိုဝူကျီကလည်း သဘောတူလေ၏
“ ကျုပ်လည်း အတူတူ တွေးနေတာ။ အင်အားက အရေအတွက်ကနေ ဖြစ်လာတာပဲလေ။ ကျုပ်က သေမင်းမိုင်းတွင်းမှာ ဆက်နေဖို့ အစီအစဉ် မရှိဘူး .... ဒီကျောက်တုံးနက်တွေကို တူးပြီးတာနဲ့ အင်မော်တယ်တပိုင်းနယ်ပယ်ကို ပြန်ဖို့ တွေးထားတယ်။ ခင်ဗျားတို့ နှစ်ယောက်ရော ပြန်လိုက်ရဲရဲ့လား ”
ထုံချိန်နှင့် ထုံယဲ့က အချင်းချင်း ပြန်ကြည့်လိုက်ကာ ထုံချိန်က အနည်းငယ် တွေဝေနေမိသည်။ သူက ဟုန်ဖူကျီ၏ စွမ်းအားကို ကောင်းကောင်းသိရုံသာမက ဟုန်ဖူကျီက ကွမ်းချွမ်နှင့် အဆက်အသွယ်လည်း ရှိနေပေသည်။ သူတို့ အင်မော်တယ်တပိုင်းနယ်ပယ်ထဲ ဝင်သွားသည်နှင့် သူတို့တွေ အဖမ်းခံရပြီး နောက်တစ်ကြိမ် ထွက်ပြေးဖို့ ခက်ခဲသွားပေလိမ့်မည်။
“ အစ်ကိုကြီး ... ကျတော်တို့ သေရင်တောင် ဂုဏ်ယူဝံ့ကြွားစွာနဲ့ သေရအောင်ပါ။ သေမင်းမိုင်းတွင်းထဲ ရောက်နေတာလည်း တော်တော်ကြာပြီ။ ကျတော်တို့တွေ သစ်သားဓာတ်ပျော်ဝင်ဆေးလုံးကို လဲဖို့ လူတွေကို အမြဲတမ်း ခိုးကြောင်ခိုးဝှက် လိုက်ရှာနေရတယ်။ ဒီလိုဆက်နေနေရင် ဒီအတိုင်း အပိုတည်ရှိမှု ပြယုတ်တစ်ခု ဖြစ်နေမှာပေါ့။
ကျတော်တော့ တာအိုရောင်းရင်းမိုနဲ့ အင်မော်တယ်တပိုင်းနယ်ပယ်ကို ပြန်သွားဖို့ သဘောတူတယ်။ ဟုန်ဖူကျီက ကျတော်တို့ကို ဘာများ လုပ်နိုင်မှာလဲ။ ကျုပ်တို့တွေလဲ ဒီမှာ ဘာမှ မဟုတ်ဘဲ အချိန်ဖြုန်းနေခဲ့တာ မဟုတ်ပါဘူးဗျာ .... ” ထုံယဲ့က သူ့အစ်ကိုကြီး တွေဝေနေသောကြောင့် ချက်ချင်း ထပြောလိုက်သည်။
ထုံချိန်က ထုံယဲ့ စကားနောက်မှ အဓိပ္ပါယ်ကို နားလည်သွားပြီး ဤနှစ်များအတွင်း သူတို့ ညီအစ်ကိုနှစ်ယောက် သေမင်းမိုင်းတွင်းထဲ ရှိနေစဉ် မီးအမျိုးအစား တိုက်ကွက်မျိုးစုံကို သင်ယူခဲ့ကြသည်။ ထိုအရာများမှာ သူတို့ လျို့ဝှက်ကတ် ဖြစ်သည်။ ထုံယဲ့ ပြောသည်က မှန်ကန်ပေသည်။ သေမင်းမိုင်းတွင်းတွင် ရှိနေသော အရောင်မဲ့မျှော့များက သူတို့ကို ဘာမျှ မလုပ်နိုင်သော်လည်း အထူးသစ်သားစွမ်းအားမှာ ရင်မဆိုင်နိုင်ဖွယ် ဖြစ်သည်။ သူတို့ မကျင့်ကြံလျှင်ပင် အထူးသစ်သားစွမ်းအားများက သူတို့ဝိညာဉ်လမ်းကြောင်း အနက်ပိုင်းထဲ ဝင်နေဆဲ ဖြစ်သည်။
“ ဟုတ်ပြီ ကျုပ်တို့ ညီအစ်ကိုလဲ ညီလေးမိုနဲ့အတူ အင်မော်တယ်တပိုင်းနယ်ပယ်ကို ပြန်လိုက်မယ်။ ကျုပ်တို့က ဒီလမ်းကို ရွေးပြီးမှတော့ ဘာလို့ တွန့်ဆုတ်နေရဦးမှာလဲ။ လွန်ခဲ့တဲ့ နှစ်တုန်းက တာအိုသခင်ဝူက ကောင်းကင်အင်မော်တယ် ဖုန်းချိုက်ကို သတ်ခဲ့ပေမဲ့ သူက အခုထိ အသက်ရှင်နေတုန်းပဲ .... ကျုပ်တို့က တာအိုသခင်ဝူနဲ့ ယှဉ်လို့တော့ မရပေမဲ့လည်း ကျုပ်တို့က အင်မော်တယ်တပိုင်းနယ်ပယ်ကို မပြန်ရဲဘူးလို့ ပြောတာမှ မဟုတ်တာ ...” ထုံချွဲက သူ့ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ ဟုတ်ပြီ ... ခင်ဗျားတို့ စိတ်မပျက်စေရပါဘူး ” မိုဝူကျီက သူ့တွင် အားကောင်းသည့် တွဲဖက်များ ရလိုက်သည့်အတွက် အလွန်တရာ ပျော်ရွင်နေမိသည်။
မိုဝူကျီ၏ ‘တွဲဖက်များ’ ဟု ဆိုလိုခြင်းမှာ အင်မော်တယ်တပိုင်းနယ်ပယ် တိုက်ပွဲအတွက် ရဲဘော်ရဲဖက် မဟုတ်ပေ။ အရှင်းဆုံးပြောရလျှင် သူက ဟုန်ဖူကျီကို မျက်လုံးထဲပင် မထည့်ပေ။ ယခု သူက မြေကမ္ဘာအင်မော်တယ်အဆင့် ၁ ဖြစ်နေသည့်အတွက် ဟုန်ဖူကျီကို သတ်ဖို့ရာ သိပ်ခက်ခဲမည် မဟုတ်ပေ။ သူ့တိုက်ကွက်များနှင့် ပညာရပ်များမှာ အလွန်ကွာခြားလှသောကြောင့် သူသာ အဆင့်တစ်ခု ရောက်ရှိနေသရွေ့ သူ့ကို ဝိုင်းထားလျှင်ပင် လွယ်လွယ်ကူကူ သတ်နိုင်မည် မဟုတ်ပေ။ ယခင်တစ်ခါ သူ့ကို သားရဲများ သန်းချီကာ ဝိုင်းရံထားစဉ်က အဆင်ပြေခဲ့သေးသည် မဟုတ်ပါလော။
အချိန်တစ်ခု ရောက်လာသည့်အခါ ဟုန်ဖူကျီက မြေကမ္ဘာအင်မော်တယ်အဆင့် ကျင့်ကြံသူများစွာကို စုစည်းထားနိုင်လျှင်ပင် သူ့အနေနှင့် ညှာတာခြင်းမရှိ သတ်ပစ်မည် ဖြစ်သည်။ အင်မော်တယ်တပိုင်းနယ်ပယ်တွင် ရှင်သန်ဖို့ရာ စွမ်းအားက အဓိက မဟုတ်ပေဘူးလား။ အကယ်၍ ဟုန်ဖူကျီက မိုဝူကျီနှင့် ရင်ဆိုင်လိုလျှင် သူ့အင်အားစုကို ပို့လွှတ်လိုက်ရုံ ဖြစ်သည်။ မိုဝူကျီအနေနှင့် လုံးဝ နောက်ဆုတ်မည် မဟုတ်ပေ။
တကယ်တော့ မိုဝူကျီ စဉ်းစားနေသည့် ရဲဘော်ရဲဖက်မှာ အင်မော်တယ် ကူးသန်းရေး သင်္ဘောအတွက် တွဲဖက်များဟု ဆိုလိုခြင်း ဖြစ်သည်။ အင်မော်တယ် ကူးသန်းရေး သင်္ဘာကို ထိန်းချုပ်နိုင်သော်လည်း သူ့ကို ကူညီပေးမည့် လူအချို့တော့ လိုအပ်သေး၏။ ထုံညီအစ်ကိုနှင့်ဆိုလျှင် သူ့အတွက် အပိုအကာအရံ အင်အားစု တစ်ခု ရရှိလိုက်သလို ဖြစ်သည်။ အကယ်၍ ထုံညီအစ်ကိုသာ အင်မော်တယ်တိပိုင်းနယ်ပယ်သို့ ပြန်မလိုက်ရဲပါက မိုဝူကျီကို သူတို့ကို စဉ်းစားနေမည် မဟုတ်ပေ။ သူတို့ အတူတူ တွဲလုပ်လျှင်ပင် မိုဝူကျီက သူတို့ကို အင်မော်တယ် ကူးသန်းရေး သင်္ဘောဆီ ခေါ်လာမည် မဟုတ်ပေ။
“ဒီနေရာမှာ ကျောက်တုံးနက်တွေ ရှိနေတာလဲ ကံမကောင်းရှာဘူး။ တာအိုသခင်ဝူသာ ရှိနေသေးရင် သူတော့ သေချာပေါက် အားလုံးကို တူးယူနိုင်မှာ ” ထုံယဲ့က မိုဝူကျီ ချက်ချင်း ထွက်သွားတော့မည်ဟု တွေးမိလိုက်သောကြောင့် ကျောက်တုံးနက်တွင်းကို ကြည့်ကာ နှမြောတသ ရေရွတ်လိုက်သည်။
ဆရာကြီးဖူကျိက ဘေးမှ ရှင်းပြလေ၏
“ ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက တာအိုသခင်ဝူက ကောင်းကင်အင်မော်တယ် တစ်ယောက်ကို သတ်ခဲ့တယ်။ အဲဒီ ကျင့်ကြံသူဆီကနေ ကျောက်တုံးနက် သိုလှောင်ထားနိုင်တဲ့ လက်စွပ်ကို ရရှိခဲ့တာ ”
လော့ချွမ်းဟယ်က ရယ်မောရင်း
“ ခင်ဗျားတို့ နှစ်ယောက် စိုးရိမ်ဖို့ မလိုပါဘူး။ ကျုပ်တို့မှာ ကျောက်တုံးနက် သိုလှောင်နိုင်တဲ့ လက်စွပ် ရှိပါတယ်။ အဲဒီလက်စွပ် နှစ်ကွင်းက ဆရာကြီးဖူကျိက လုပ်ပေးထားတာ ”
ထုံချိန်က ထိုစကားများကြားသောအခါ စိတ်အေးသွားပြီး
“ ဆရာကြီးပိုချင် ပြောတာ အမှန်ပဲ။ ဆရာကြီးဖူကျိက ကျောက်တုံးနက် သိုလှောင်နိုင်တဲ့ လက်စွပ်ကို တကယ်ကြီး ပြုလုပ်နိုင်တာပဲ။ အဲလို ပန်းပဲစွမ်းရည်က အင်မော်တယ်ပန်းပဲ ပညာရှင်ထက်တောင် နိမ့်မှာ မဟုတ်ဘူး။ ကျုပ်တို့ ညီအစ်ကိုလဲ ဒီနှစ်တွေအတွင်း ကျောက်တုံးနက်တွေ စုမိဆောင်းမိခဲ့တယ်။ အဲဒါကြောင့် ဒီကျောက်တုံးနက်တွေကို သိမ်းဖို့ ဆရာကြီးရဲ့ လက်စွပ်ကို ဌားလို့များ ရမလား ”
သေမင်းမိုင်းတွင်းတွင် နှစ်များစွာ ကုန်ဆုံးပြီးနောက် သူတို့၏ မြေအောက် ကိုးမီတာအထိ အာရုံခံနိုင်စွမ်းဖြင့် ထုံညီအစ်ကို တူးထားသည့် ကျောက်တုံးနက်များမှာ တစ်သောင်း ကျော်နေလေပြီ။
ထိုကျောက်တုံးနက်များမှာ မြေနက်ထဲ ကောင်းကောင်း ပုန်းကွယ်ကာ ရှိနေခြင်း ဖြစ်သည်။ ထုံညီအစ်ကိုက အစီအရင် တပ်ဆင်ထားသော်လည်း အချိန်တချိုအကြာတွင် လွတ်မြောက်သွားသည့် ကျောက်တုံးနက်တချို့တော့ ရှိသေးပေသည်။
ဆရာကြီးဖူကျိက မဖြေသေးဘဲ မိုဝူကျီဘက် လှည့်ကြည့်လိုက်သည်။
မိုဝူကျီက စဉ်းစားချိန်ပင် မယူဘဲ
“ တာအိုရောင်းရင်းကျာ ... တာအိုရောင်းရင်း ထုံချိန်အတွက် လက်စွပ်တစ်ကွင်း ပေးလိုက်ပါ။ သူတို့ ကျောက်တုံးနက်တွေ သိမ်းလို့ ရသွားတာပေါ့။ ကျုပ်တို့လည်း အင်မော်တယ်တပိုင်းနယ်ပယ် မပြန်ခင် ဒီနေရာက ကျောက်တုံးနက် အားလုံးကို တူးကြမယ် ”
သူတို့က မိုဝူကျီ စကားကို ကြားသောအခါ ညီအစ်ကိုနှစ်ယောက်၏ စိတ်ထဲ၌ လေးစားမှုများ ဖြစ်ပေါ်လာမိသည်။ ထိုသူမှာ ဖြောင့်မတ်သည့် အမျိုးသား တစ်ယောက် အမှန်ပင် ဖြစ်၏။ ကျောက်တုံးနက် သိမ်းဆည်းထားနိုင်သည့် လက်စွပ်ကို သူတို့ဆီ ပုံမှန်အတိုင်း ဌားလိုက်လေသည်။ သူက ဘယ်အချိန် ပြန်ပေးမှာလဲ ဟု မမေးမြန်းသလို သူတို့နောက် လိုက်ရန် လူလည်း မလွတ်ခဲ့ပေ။
မိုဝူကျီက သဘောထားပြီးသည့်အတွက် ထုံချိန်လည်း အားနာမနေတော့ပေ။ သူက ထုံယဲ့ကို မလိုက်ခိုင်းဘဲ ထုံယဲ့အား သူတို့ကို ကူညီ၍ ကျောက်တုံးနက် တူးပေးရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူက သူကျောက်တုံးနက်များ သွားယူရန် အစီအရင်မှ တစ်ယောက်တည်း ထွက်သွားလေ၏။
နှစ်ရက်အကြာတွင် ထုံချိန်က အစီအရင်ထဲ ပြန်ရောက်လာသည်။ သူက မိုဝူကျီဆီ လက်စွပ်ကို အရင်ဦးစွာ အပ်လိုက်သည်။ မိုဝူကျီက စိတ်စွမ်းအားဖြင့် အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်သည့်အခါ ထုံချိန်မှာ ကျောက်တုံးနက် တစ်သောင်းကျော် ယူလာကြောင်း တွေ့လိုက်ရသည်။ အင်မော်တယ်တပိုင်းနယ်ပယ်တွင် ထိုအရာမှာ အံ့မခန်း ပမာဏ ဖြစ်ပေသည်။
ခြောက်ယောက်သား အားစိုက်ထုတ်၍ ဆက်လက် တူးကြသည်။ အကျိုးသက်ရောက်မှုမှာ အရေအတွက် တိုးလာခြင်း သပ်သပ်တော့ မဟုတ်ပေ။ ကျောက်တုံးနက် တူးယူရသည့် အခက်အခဲဆုံး အပိုင်းမှာ မြေကြီး၏ ပြန်လည် ဖြစ်တည်စွမ်းကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့က ၃၀ စင်တီမီတာလောက် တူးနိုင်သော်လည်း ဒုတိယတစ်ကြိမ် မတူးခင် မြေကြီး၏ နှစ်လက်မလောက်မှာ အသစ်ပြန်ဖြစ်တည်လာပြီ ဖြစ်ပေသည်။
ယခု လူခြောက်ယောက် တူးနေသောကြောင့် ကျောက်တုံးနက်တွင်းမှာ မကြာခင် ပြိုကျလာတော့မည် ဖြစ်၏။ လဝက်အတွင်း ကျောက်တုံးနက်တွင်း တစ်ခုလုံးမှာ ပျောက်ကွယ်သွားလေသည်။
လော့ချွမ်းဟယ်နှင့် ကျာချီ တူးယူနေသော ကျောက်တုံးနက်များ အပါအဝင် သူတို့က ကျောက်တုံးနက် တစ်သန်း သုံးသိန်း နီးပါး ရရှိခဲ့သည်။ ထုံညီအစ်ကို သူတို့ စိတ်မဝင်စားကြောင်း သိသာပေသည်။ သူတို့ မလာခင်ကတည်းမှ ကျောက်တုံးနက် တစ်သန်းကျော်မှာ တူးယူထားပြီးသား ဖြစ်၍ သူတို့အတွက် မိုဝူကျီက သူတို့ကိုယ်ပိုင် ကျောက်တုံးနက်များကို ယူဆောင်ခွင့် ပေးသည်နှင့်ပင် ကျေနပ်နေပြီ ဖြစ်၏။
“ အခု ကျုပ်တို့တွေ အင်မော်တယ်တပိုင်းနယ်ပယ်ကို ပြန်ကြမယ် ” မိုဝူကျီက လက်ကာပြကာ ကျောက်တုံးနက်များ တူးယူထားသည့် မြေတွင်းကို ပြန်ဖို့လိုက်သည်။
ဤလဝက်တာအတွင်း သူ့မြေကမ္ဘာအင်မော်တယ်အဆင့် ၁ မှာ အတော်လေး အခြေခိုင်နေလေပြီ။
ရက်များစွာ အကြာတွင် ...
သာမာန် သင်္ဘောပျံတစ်စင်းက အင်မော်တယ်တပိုင်းနယ်ပယ် အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။ ထိုသို့မျိုး သင်္ဘောပျံ များစွာ ရှိနေသောကြောင့် မည်သူမျှ ထိုသင်္ဘောပျံကို ဂရုမစိုက်ကြပေ။
နေရာခွဲဝေပေးသည့် မိုင်းတွင်းများဆီ သွားလာကြသော ကျင့်ကြံသူ အများစုမှာ အင်မော်တယ်တပိုင်း နယ်ပယ်၏ သင်္ဘောပျံကို မစီးနင်းကြဘဲ ကိုယ်ပိုင် ပျံသန်းရေး ရတနာများ စီးနင်းကြလေ့ ရှိကြသည်။
သို့သော်လည်း ဆင်းလာသည့် လူကိုတော့ အလျှင်အမြန် မှတ်မိသွားကြသည်။
“ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လူသစ်လေး မိုဝူကျီ မဟုတ်ဘူးလား ” အင်မော်တယ်တပိုင်းနယ်ပယ်မှ ထွက်လာသည့် ကျင့်ကြံသူ တစ်ယောက်က တအံ့တဩ ရေရွတ်လိုက်သည်။
မိုဝူကျီက မကျော်ကြားသော်လည်း သူလုပ်ခဲ့သည့်အရာများမှာ နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ ပြောရမည်ဆိုလျှင် သူက အစီအရင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အတွက် အင်မော်တယ်တပိုင်းနယ်ပယ်အတွင်း ကျင့်ကြံသူ တစ်ယောက်၏ နေရာကို ဖျက်စီးသွာကာ ထိုသူ့ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ပြီး ပစ္စည်းများ ခိုးယူသွားခြင်း ဖြစ်သည်။
ထိုကိစ္စက အင်မော်တယ်တပိုင်းနယ်ပယ်၏ သခင်ပုဆိန်ကို ဒေါသထွက်စေသည်။ ရလဒ်အနေနှင့် သခင်ပုဆိန်က မိုဝူကျီ နာမည်ဖြင့် အင်မော်တယ်တပိုင်းနယ်ပယ်တစ်ခုလုံး အနှံ့ ဖမ်းဝရမ်း ထုတ်ခဲ့လေသည်။
မည်သူပင် ဖြစ်စေကာမူ မိုဝူကျီ၏ အစအန ရှာတွေ့သည်နှင့် စိတ်စွမ်းအင် ကျောက်ချော သုံးရာ ချီးမြင့်မည် ဖြစ်သည်။
စိတ်စွမ်းအင် ကျောက်ချော သုံးရာ ....
ကျောက်တုံးနက် ဘယ်နှတုံးနဲ့ လဲရမှာပါ့လိမ့် .... မှောင်ခိုလဲလှယ်ရေး၌ ကျောက်တုံးနက် အနည်းဆုံး နှစ်ဆယ်စာ ရရှိနိုင်လေသည်။
ထိုကျင့်ကြံသူ တစ်ယောက်တည်းက မှတ်မိနေခြင်း မဟုတ်သည်မှာ သိသာလှသည်။ အချိန်တိုအတွင်း မိုဝူကျီနှင့် အပေါင်းအပါများကို ကျင့်ကြံသူများစွာက ဝိုင်းကြည့်နေကြတော့သည်။ သို့သော်လည်း ဘာမှတော့ မလှုပ်ရှားကြပေ။ စိတ်စွမ်းအင် ကျောက်ချော သုံးရာမှာ များပြားသော်လည်း သူတို့အသက်ကို သခင်ပုဆိန်ဆီ ရောင်းချဖို့ရာ မလုံလောက်ပေ။
အကယ်၍ သူတို့ အင်မော်တယ်တပိုင်းနယ်ပယ်ထဲ ဝင်လာလျှင် ဤကျင့်ကြံသူများ၌ မည်သူ အရူးပါမည်နည်း။ အင်မော်တယ် နေရာကို ဖျက်စီးနိုင်စွမ်း ရှိသည်က မည်သို့ အစွမ်းမျိုးလဲ။ ကျင့်ကြံသူတစ်ယောက်ဆီက လုယက်သွားတာကရော ဘာဖြစ်မည်နည်း။ အားလုံးမှာ သခင်ပုဆိန်၏ အကြောင်းပြချက်များသာ ဖြစ်ပေသည်။ ထိုအရာအားလုံးမှာ မိုဝူကျီက သခင်ပုဆိန်ကို ရန်စမိခဲ့၍ ဖြစ်သည်။
သခင်ပုဆိန်ကို ရန်စနိုင်သည့် ကျင့်ကြံသူက မည်သို့များ အားနည်းမည်နည်း။ ထိုသို့ စိတ်စွမ်းအင် ကျောက်ချောလေးအတွက် မည်သူက သူနှင့် တိုက်ချင်မည်နည်း။ ထို့အပြင် ထိုလူတွင် အကူငါးယောက် ရှိနေသေးသည်။ သူ ပြန်လာရဲသည့်အတွက် သူက သခင်ပုဆိန်ကို ကြောက်ရွံ့နေခြင်း မရှိသည်မှာ ထင်ရှားပေ၏။
“တာအိုရောင်းရင်း လန်ဟောင် ဂိုဏ်းချုပ်ဖုန်းကို ကျုပ် သူ့အကူအညီလိုနေတယ်လို့ သွားပြောပေးပါ့လား။ ကျုပ်လည်း အချိန်ရအောင် လုပ်ပြီး ဂိုဏ်းချုပ်ဖုန်းဆီ လာလည်ပါဦးမယ် ” မိုဝူကျီက ကျင့်ကြံသူအများအပြား ဝိုင်းကြည့်နေသည်ကို စိတ်ထဲ မထားပေ။ လူအုပ်ထဲတွင် ရှိနေသည့် လန်ဟောင်ကို လက်သီးဆုပ်လျက် နှုတ်ဆက်ကာ ပြောလိုက်သည်။
သူက စိတ်စွမ်းအင် ကျောက်ချောများစွာ လိုအပ်နေသည်။ သူက ဂိုဏ်းချုပ်ဖုန်းဆီ သွားရောက်တွေ့ဆုံရုံသာမက အခြားသော အဖွဲ့များ၏ ခေါင်းဆောင်များဆီလည်း သွားရောက်ရမည်။
လန်ဟောင်က ခေါင်းခါလိုက်ရင်း မိုဝူကျီကို ဘာမျှ ပြန်မပြောပေ။ မိုဝူကျီကဲ့သို့ လောကအင်မော်တယ်အဆင့်တစ်ယောက်ကို ပြန်ပြောနေဖို့ရာ မလိုအပ်ပေ။ ကျာချီကိုပင် ဟုန်ဖူကျီကြောင့် အသက်ရှည်ဂိုဏ်းမှ ထုတ်ပယ်ထားပြီးပြီ ဖြစ်သည်။
“မင်းမှာ အခွင့်အရေးမရှိတော့မှာ စိုးရိမ်မိသား ... ကျုပ် ဟုန်ဖူကျီက မင်းကို ဒီနေ လွတ်ပေးလိုက်ရင် ကျုပ် ဒီအင်မော်တယ်တပိုင်းနယ်ပယ်ထဲ နေဖို့ မထိုက်တန်တော့ဘူး ” အေးစက်စက် အသံတစ်သံကို ကြားလိုက်ရသည်။ သခင်ပုဆိန်မှာ အင်မော်တယ်တပိုင်းနယ်ပယ်မှ ထွက်လာနေပြီ ဖြစ်သည်။ ယခင်က မိုဝူကျီကို ဖမ်းမိခြင်းအတွက် ဘာဆုလာဘ်မှ မပေးခဲ့သည်မှာ ထိုကျင့်ကြံသူများအတွက် မိုဝူကျီကို ဖမ်းဆီးဖို့ရာ ခက်ခဲ၍ ဖြစ်သည်။ သူက အလောတကြီး ပြုမူပြီး အင်အား သပ်သပ် ဖြုန်းတီးသလို ဖြစ်နေမည်ကို စိုးရိမ်မိ၍ ဖြစ်သည်။
သူ့နောက်တွင် လူဆယ်ယောက်လောက် ပါရှိသည်။ မိုဝူကျီ၏ တျန်းဂျီတုတ်စာ မြည်းစမ်းဖူးသော ရှီရှားအပြင် ပေသီးတွက်ခုံ ကိုင်ဆောင်ထားသော လူလတ်အမျိုးသားနှင့်အတူ လှပကြော့ရှင်းသည့် အမျိုးသမီးတစ်ယောက်ကို မှတ်မိပေသည်။ အခြားလူများကိုတော့ မိုဝူကျီက တစ်ယောက်တစ်လေမျှ မမှတ်မိပေ။
ဟုန်ဖူကျီက လူချောဟု ယူဆ၍ ရပေသည်။ ကံဆိုးလှစွာ သူ့မျက်လုံးကျဉ်းရှည်ရှည်က ပုံဖျက်နေခြင်း ဖြစ်သည်။
“ဟုန်ဖူကျီ ... စကားလုံးနင်ပြီး သေနေဦးမယ်။ ဒီနေ့တော့ ကျုပ်တို့ တာအိုရောင်းရင်းမိုက ခင်ဗျားကို သင်ခန်းစာ ပေးရုံ မကဘူး။ ကျုပ်တို့ ထုံညီအစ်ကိုကလည်း ခင်ဗျားနဲ့ အကြွေးရှင်းဖို့ စောင့်နေတာ ....” ထုံယဲ့က ရှေ့တက်လာကာ မထီမဲ့မြင် ပြောလိုက်သည်။
“ အာ ..” ဟုန်ဖူကျီက မိုဝူကျီအပေါ် အပြည့်အဝ အာရုံစိုက်ထားမိသည်။ မိုဝူကျီ သူ့အပေါ် လုပ်ခဲ့သည့် အရှက်ကွဲခြင်းမှာ မေ့လို့ ရမည် မဟုတ်ပေ။ ထို့ကြောင့် သူက မိုဝူကျီဘေးနားမှ လူအများကို ဂရုမစိုက်မိခြင်း ဖြစ်သည်။ ယခု ထုံယဲ့ စကားပြောလိုက်သည့်အခါ သူက ဟုန်ဖူကျီ၏ အာရုံကို ရသွားလေ၏။
ခဏအကြာတွင် သူက ထုံယဲ့ကို မှတ်မိသွားကာ အေးစက်စက် ရယ်မောရင်း “ ဒီနေ့တော့ ကျုပ်ရဲ့ ကံကောင်းတဲ့နေ့လေးပဲ။ မဟာမိတ်ခေါင်းဆောင်မုန့်ကို ပြောလိုက် .... သူ့လက်ကနေ ပိုချင်ကို ကယ်သွားတဲ့ နှစ်ယောက် သေမင်းမိုင်းတွင်းမှာ မသေသေးဘဲ ပြန်ရောက်လာတယ်လို့ ..... ”
“ ဟုတ်ကဲ့ ” ဟုန်ဖူကျီဘေးမှ လှပသည့် မိန်းကလေးက တုံ့ပြန်ကာ အမြန်အဆန် ထွက်သွားလေ၏။
“ မိတ်ဆွေတို့ လမ်းဖယ်နေပါ။ ဒီနေ့တော့ ကျုပ် ဟုန်ဖူကျီက သွေးကြွေးရအောင် ဆပ်ရမယ် ” သခင်ပုဆိန်က ပြောလိုက်ရင်း ရှေ့တက်လာကာ မိုဝူကျီရှေ့ ရောက်လာသည်။ တစ်ချိန်တည်းတွင် သူ့နောက်မှ မြေကမ္ဘာအင်မော်တယ် ဆယ်ယောက်ကျော်မှာလည်း မိုဝူကျီတို့အဖွဲ့ကို ဝိုင်းထားလိုက်ကြသည်။