မိုးရာသီရဲ့ နေရောင် ဖျော့ဖျော့က တိမ်အုပ်တွေကြားကနေ Motegi twin ring ပြိုင်ပွဲကွင်းအတွင်းသို့ ထိုးစိုက်နေသည်။ တိုကျိုမှ ကီလို၁၀၀ ကျော်ဝေးသည့် Motegi ကွင်းအတွင်းတွင် လူထောင်ပေါင်းများစွာ ပျားပန်းခတ်အောင်လှုပ်ရှားနေကြသည်။ ပြိုင်ပွဲလာသည့် ပရိသတ်တွေကလည်း ပျော်ရွှင်မြူးတူးနေသလို ပြိုင်ပွဲဝင် Team တွေကလဲ ပြင်ဆင်နေရင်း စိတ်အားတက်ကြွနေကြသည်။
ရှောင်းကျန့်ကတော့ အလုပ်ရှုပ်နေတဲ့ လူတွေကြားထဲ အူကြောင်ကြောင်နဲ့ ဘာလုပ်ရမယ်မှန်းမသိ။ ပထမဆုံးအကြိမ်ပြိုင်ပွဲကိုလိုက်လာဖူးတာဆိုတော့ အရာရာက ထူးဆန်းနေသလို ပြေးလွှားနေတဲ့လူတွေကြားထဲ သူ့ကိုတိုက်မသွားအောင် ရှောင်ပေးနေရတာမို့ လူရှင်းတဲ့ထောင့်တစ်ထောင့်မှာနေရင်း ရိပေါ် အဝတ်လဲ ပြင်ဆင်ပြီးမယ့်အချိန်ကိုပဲ စောင့်နေလိုက်သည်။
ပြိုင်ပွဲဝတ်စုံဝတ်ထားသည့် ရိပေါ်ပုံစံက အရင်သူမြင်ဖူးနေကျတွေနှင့်ကွာခြားကာ အရောင်အဝါတမျိုးနဲ့ ကြည့်ကောင်းနေသည်။
"ရိပေါ် စိတ်လှုပ်ရှားနေလား။ ဘာမှစိတ်ထဲမထားနဲ့ အန္တရာယ်ကင်းအောင်တော့မောင်းနော်"
လက်ထဲက ရေဘူးနဲ့ ရေခဲအိတ်ကို ကမ်းပေးတော့ရိပေါ်က လှမ်းယူပြီး ခေါင်းငြိမ့်ပြသည်။ မျက်ခုံးလေးတွေ တွန့်ချိုးပြီး မျက်မှောင်ကျုတ်ထားပုံက တကယ်ကို စိတ်ပူနေတာ သိသာသည်။
"ကော. . တကယ်လို့ ကျွန်တော်က Rossi ကို လတ်မှတ်ထိုးပေးဖို့ပြောရင် သူက ထိုးပေးမယ်ထင်လား"
ပြိုင်ပွဲဝင်ဖို့ စိတ်လှုပ်ရှားနေတာမဟုတ်ပဲ သူ့အကြိုက်ဆုံး ကစားသမားဆီက လတ်မှတ်ရနိုင်မရနိုင်ကို စိတ်ပူနေမှန်းသိရတော့ ဒီကလေးကို ရိုက်ပစ်ချင်စိတ်တွေတောင်ပေါက်လာသည်။
ရိပေါ်က ဒီနှစ် Moto GP japan မှာ ပွဲဦးထွက်ဆိုတော့ Moto GP level မှာမပြိုင်ရသေးပဲ သူ့လို လူငယ် လက်သစ်တွေပြိုင်ကြရတဲ့ Moto 3 level ကို YAMAHA Team အနေနဲ့ ပြိုင်ရသည်။ ကစားသမားလေးတွေအားလုံးက ရိပေါ်နဲ့ ရွယ်တူ ၁၆နှစ် နဲ့ ၁၈နှစ်ကြားပတ်ချာလည်လေးတွေ။
"သတိထားစီးနော် ရိပေါ်"
"စိတ်ချ။ ကံကောင်းစေမယ့်အဆောင်လေးလုပ်ပါဦး"
ဘေးနားက ဖြတ်သွားတဲ့ တချို့က သူတို့ကိုမကြည့်ပဲ သာမာန်ကာလျှံကာ ပဲ ဖြတ်သွားကြတာမို့ ရှောင်းကျန့်က ရိပေါ်ပါးတဖက်ကို ဖတ်ကနဲ နမ်းလိုက်သည်။
ရိပေါ်က နှုတ်ခမ်းကိုထော်ပြီး "ပါးဆိုရင်မစွမ်းဘူး. .ဒီကိုနမ်းမှ စွမ်းမှာ" ဆိုတော့ ရှောင်းကျန့်က ရှက်ရှက်နဲ့ နှုတ်ခမ်းကို တချက်နမ်းလိုက်ရသေးသည်။ ရိပေါ်က နမ်းတယ်ဆိုရုံဖွဖွလေးကိုမကျေနပ်ပဲ ရှောင်းကျန့်ခါးကနေဖက်ပြီး သိမ်းကြုံးနမ်းလိုက်သည်။
"ကဲ. . နင်တို့ Team leader ကခေါ်နေတယ်"
ယန်လီကျဲ ဝင်လာမှ ရိပေါ်က စပ်ဖြဲဖြဲနဲ့ ထွက်သွားသည်။ ရှောင်းကျန့်က ယန်လီကျဲတို့နဲ့ အနောက်ဘက်မှာ ကျန်ရစ်ခဲ့သည်။ ကွင်းထဲမှာက စက်အဖွဲ့ နည်းပြ ရိုက်ကူးရေးတွေနှင့်ရှုပ်ယှက်ခတ်နေတော့ သူတို့က အထဲက မော်နီတာ တီဗီတွေကနေစောင့်ကြည့်ရမှာဖြစ်သည်။
"ရှောင်းကျန့်စိတ်ပူနေတာလား"
"ဟုတ်"
အခု ရိပေါ်တို့ အရင် Qualification round တွေ ပြိုက်တာကို ရိုက်ပြနေတာမို့ အဲ့ဒါတွေကိုကြည့်ရင်း ရှောင်းကျန့် စိတ်လှုပ်ရှားနေမိသည်။ တီဗီထဲမှာကျ အရှိန်က မသိသာပေမယ့် အပြင်မှာ သူတို့ပြိုင်မယ့် Moto3 အတန်းက အရှိန် တစ်နာရီ 240 ကီလိုမီတာအထိ သွားတယ်လို့ရိပေါ်က ပြောထားတော့ ရှောင်းကျန့်က စိတ်ပူနေမိသည်။
"ကျဲရော အရင် ဇီရွှမ်းကော ပြိုင်တုန်းက စိတ်မပူဘူးလားဟင်"
မေးပြီးမှ မှားမှန်းသိလိုက်သည်။ ကျဲကိုယ်တိုင်ကလဲ ကစားသမားဆိုတာ သူမေ့သွားသည်။ ယန်လီကျဲက ရယ်ရင်း
"အရင်ကတော့ စိတ်ပူတာထက် နိုင်ဖို့ပဲ စိတ်လှုပ်ရှားတာများတယ်။ အခုဘေဘီဇီလေး ရှိလာတော့ သူမပြိုင်နိုင်တော့တာတောင် တနည်းစိတ်ချမ်းသာတယ်. ."
ကျဲက မသိသာသေးတဲ့ သူ့ရဲ့ လေးလဗိုက်ကလေးကို အသာလေးပုတ်ပြသည်။
"ကျဲက ဘေဘီဇီလေးမွေးပြီးရင် နောက်ဆက်ပြိုင်ဦးမှာလား"
ကျဲက ခေါင်းရမ်းပြလိုက်ရင်း
"ပြိုင်ဖြစ်မယ်မထင်ဘူး။ ဆိုင်ကယ်ကတော့ စီးဖြစ်နေဦးမှာပါ။"
ရှောင်းကျန့်ဘက်က ခဏငြိမ်သက်သွားသည်။
"ကျဲ. . . ကလေးယူဖို့အတွက် အဲ့လို ကိုယ့်ဘဝကို ပြောင်းလဲလိုက်ရတာမနှမြောဘူးလား"
ကျဲက ရယ်လိုက်ရင်း
"ဒါက စွန့်လွှတ်တယ်တို့ အနစ်နာခံတယ်တို့ မကျေမနပ်တွေးနေလို့ပါ။ ကျဲဘက်က ပြန်ကြည့်ရင်ကျ ရှေ့ဆက်ပြီး ဘယ်လောက်ကြာကြာပြိုင်နိုင်မှာလဲ။ ကျဲက မပြိုင်တော့လဲ ဆိုင်ကယ်စီးတာကတော့ ရပ်သွားမှာမှမဟုတ်တာ။ ပြီးတော့ ကိုယ်လုံးဝမနှစ်ခြိာက်တဲ့ အလုပ်ကိုလုပ်မှာလဲမဟုတ်ဘူး။ ကျဲရော ဇီရွှမ်းရော ဒါနဲ့ပတ်သတ်တာ တခုခုကိုပဲ လုပ်နေကြဦးမှာပဲ။ ဘဝဆိုတာက တိုတိုလေးရယ်။ ကိုယ့်တစ်ယောက်ထဲအတွက်ပဲ စဉ်းစားစဉ်းစား ဘေးကလူတွေအတွက်ပဲ စဉ်းစားစဉ်းစား အဓိက က ကိုယ်ကျေနပ်ပြီးပျော်ရွှင်ဖို့နဲ့ ကိုယ်ချစ်တဲ့သူကျေနပ်ပြီးပျော်ရွှင်ဖို့ နှစ်ခုညီမျှနေရင်ရပြီ။ အဲ့လိုမညီမျှနေရင် သာတယ်နာတယ်ဆိုတာတွေတွေးပြီး အဆင်ပြေမှာမဟုတ်ဘူး"
ကျဲက အရှည်ကြီးပြောပြီးမှ ဟယ် ငါလဲ ဘာတွေပြောနေမိမှန်းမသိဘူး ဆိုပြီး စကားရပ်သွားသည်။ ရှောင်းကျန့်ကတော့ ဒီနေရာမှာပဲ ရိပေါ်ပြိုင်ပွဲဝင်တာ ကြည့်ရမလား။ ရိပေါ်ပါပါးတို့ ပေါ်လင်းတို့နဲ့အတူပဲ ပွဲကြည့်စင်မှာ သွားကြည့်ရမလား စဉ်းစားမရသေး။
---------------------------------------------
"ရိပေါ် တာယာကိုသတိထားနော် ဒီနေ့ ကွင်းမြေပြင်က အပူကြောင့် ကုပ်အားများတယ်"
ရိပေါ်က အင်ဂျင်အစ စက်သံကိုနားထောင်နေရင်းက သူ့ စက်အဖွဲ့က အမှာတွေကို နားထောင်ရသေးသည်။
"ရိပေါ် မင်းအကွေ့မှာ လောဘကြီးပြီး အရမကပ်မယူနဲ့။ ပြီးတော့ Honda team က 49 ကို သတိထား။ အဲ့ကောင်လေးက အကွေ့တွေမှာ မနိုင်ဘူး"
ဇီရွှမ်းကော မှာတာကိုလဲ နားထောင်ရသည်။
"တာယာကရော. "
"မိုးကျမယ်ကြားနေတယ်။ အဲ့ဒါ Red flag ထောင်ရင် pit မှာလာလဲနော် ငိုးမသားလေး။ ပေကပ်မမောင်းနဲ့"
သူတို့ Moto3 က MotoGP တန်းသုံးခုမှာ အနိမ့်ဆုံးဆိုပေမယ့် စိတ်ဝင်စားသူများသည်။ Moto3 မှာပြိုင်သူတွေက တကယ့်မျက်နှာသစ် လူသစ်တန်းတွေမို့ ဘယ်သူက ဘာလဲဆိုတာ မှန်းရခက်သည်။ ပြီးတော့ ဆိုင်ကယ်တွေကလဲ ကိုယ့် Team နဲ့ကိုယ်စိတ်ကြိုက်ဆင်ခွင့်ရှိတာမို့ Mechanic အဖွဲ့ရဲ့လက်စွမ်းပြချက်တွေကလဲအရေးပါသည်။ ဒီတော့ နိုင်ငံတကာက လူငယ်တက်သစ်စတွေနဲ့ Mechanic အဖွဲ့တွေရဲ့ လက်စွမ်းပြစရာ မြေပြင်က Moto3 ဖြစ်နေသည်။
ရိပေါ်တို့ စီးရမှာ Motegi twin ring ကို ၁၇ ပတ်ဖြစ်ပြီး ၄၅ မိနစ် က ပျမ်းမျှအချိန်ဖြစ်သည်။
"ဇီရွှမ်းကော Ramirez ရဲ့ အကောင်းဆုံးစံချိန်က ဘယ်လောက်လဲ"
ရိပေါ်က ဦးထုပ်မဆောင်းခင်လှမ်းမေးတော့ ဇီးရွှမ်းကောက ပုခုံးတွန့်ရင်း
"1:26.044"
"အိုခေ"
နှုတ်ခမ်းတစ်ဖက်တွန့်အောင်ပြုံးရင်း တာထွက်ကိုမောင်းသွားတဲ့ ရိပေါ်ကို ကြည့်ပြီး ဇီရွှမ်းက ရယ်နေလိုက်သည်။
တာထွက်မှာ ရိပေါ်တို့ qualified time အကောင်းဆုံးတွေက ရှေ့ဆုံးက Pole မှာ နေရာရသည်။
တာထွက်တာနဲ့ ပထမအကွေ့အတွက် ကြိုပြီးယူထားလိုက်သည်။ အကွေ့မှာ ဆိုင်ကယ်ဘော်ဒီကိုအရမ်းစောင်းယူရင် flip ဖြစ်တာမို့ အဲ့ဒီအစား လူကိုပိုစောင်းလိုက်သည်။ ကွေ့အပြီးမှာ တကိုယ်လုံးဆိုင်ကယ်ပေါ်ပြန်မတက်ပဲ ဟန်ချက်ကိုထိန်းထားပြီး ဒါတိယအကွေ့အတွက် အတွင်းဆုံး လမ်းကြောကိုရအောင် တခါတည်းစောင်းယူသွားလိုက်သည်။
ငါးပတ်မြောက်အပြီးမှာ ရိပေါ်ရဲ့ 85 က Rank 3 နေရာနဲ့ အခြေအနေကောင်းနေဆဲ။ ခြောက်ပတ်မြောက်အစ နှစ်ဆင့်ကွေ့မှာ 49 က သူ့ကိုကျော်ပြီးအေရှ့ရောက်သွားတော့ ဇီရွှမ်းကောရဲ့ အဲ့ကောင်က slip ဖြစ်တတ်တယ် ဆိုတဲ့အမှာကို သတိရပြီး သတိထားနေဆဲ 49 က အကွေ့ကနေ အတည့်ပြန်အယူမှာ ချော်သွားပြီး သူ့ရှေ့က တစီးကိုပါ ဆွဲချသွားသည်။ ရိပေါ် ဆိုင်ကယ်လဲ ခါသွားပေမယ့် ကံကောင်းထောက်မစွာLane ထဲကနေတော့ မထွက်သွား။ သူအချိန်မှီထိန်းနိုင်လို့ slip ဖြစ်မသွားပေမယ့် သူ့ rank က ၈ အထိကျသွားသည်။
၁၄ ပတ်မြောက်မှာ ရိပေါ်က rank ၃ ကိုပြန်တက်လာနိုင်ပေမယ့် သူ့ရှေ့က နှစ်စီးနဲ့က တော်တော်ကွာနေသည်။ ဒါနဲ့ 15 ပတ်မြောက်မှာ ရိပေါ်အရှိန် တင်လိုက်သည်။ လမ်းအဖြောင့်ကနေ နှစ်ဆင့်ကွေ့မှာ သူ့ရှေ့က ဆိုင်ကယ်တွေ အကွေ့မှာ အရှိန်သတ်ဖို့ ခြေထောက်တစ်ဖက်ထုတ်ပြီး လေထီးလို အရှိန်သတ်ပေမယ့် ရိပေါ်မလုပ်သေး။ အကွေ့နားရောက်မှာ ဆိုင်ကယ်အရှိန်ကိုမလျှော့ပဲ ခြေထောက်တဖက်ထုတ်နည်းနည်းလျှော့ပြီးတာနဲ့ အတွင်းကိုကပ်ယူပြီးကွေ့ချလိုက်သည်။ အကွေ့ဆုံးခါနီးတာနဲ့ နောက်တကွေ့အတွက် ချက်ချင်းပြန်မတ်ပြီး ကွေ့လိုက်တဲ့အခါ သူ့ရှေ့က Rank 2 နှင့် ဦးချင်းယှဉ်လာသည်။ တတိယကွေ့ရှိသေးမှန်းသိပေမယ့် ရိပေါ်အရှိန်မလျှော့ပဲ လူကိုပဲ ပိုကွေးလိုက်သည်။ ပြီးတော့ အဖြောင့်မှာ အရှိန်ကိုတင်လိုက်ပြီး Rank 1 ရနေသည့် Ducati Team ကကောင်အမြီးကို မှီအောင်လိုက်ကာ နောက်နှစ်ကွေ့မှာ အတွင်းလိုင်းရအောင်လုပြီး ကျော်တက်လိုက်သည်။
16 ပတ်မြောက်. . ရိပေါ် လမ်းကအဖြောင့်မို့ ရိပေါ်အရှိန်တင်လိုက်တဲ့အချိန် တုံ့ကနဲဆွဲလိုက်တဲ့ ခံစားချက်နဲ့အတူ high side crush ဖြစ်ပြီလို့သူသိလိုက်သည်။ ဒါက ပြိုင်ပွဲအတွင်းမှာ အန္တရာယ်အများဆုံး ဆိုင်ကယ်မှောက်ပုံ။ အရှိန်နဲ့ပြေးနေတဲ့ ဆိုင်ကယ်ဘီးကို ပြေးလမ်းပွတ်အားက ဆွဲထိန်းလိုက်တဲ့အခါ ဆိုင်ကယ် အရှေ့ဘီးကို ဆွဲဖမ်းပြီး အရှိန်ရုတ်တရက် ရပ်ချလိုက်သလိုဖြစ်သွားကာ မောင်းနေတဲ့ ရိပေါ်က ကိုင်ပေါက်ခံလိုက်ရသလို အရှိန်နဲ့ လွင့်စင်ထွက်သွားသည်။
"ကော"
ပြေးလမ်းပေါ်မှာ မထနိုင်ပဲ ပက်လက်လဲနေတဲ့အချိန် သူပထမဆုံး သတိရမိတာ ရှောင်းကျန့်။ အခုသူဖြစ်သွားတာကို ရှောင်းကျန့်မြင်ရင် ဘယ်လိုနေမလဲ အရမ်းထိတ်လန့်ပြီးငိုမလား။ သူ့ဘေးက ဆိုင်ကယ်တွေဖြတ်သွားတဲ့အရှိန်နဲ့ မြေပြင်က သိမ့်သိမ့်တုန်နေသည်။ သတိမလွတ်သွားပေမယ့် ပက်လက်လန်နေရာကနေ မထနိုင်သေး။
လူနာတင်ကားနဲ့ခေါ်သွားပြီး ဆေးရုံရောက်တာနဲ့ ဓာတ်မှန်ရိုက်တာတွေ CT scan ရိုက်တာတွေ တန်းလုပ်ရသည်။ သူက ဘာမှမဖြစ်ဘူး အဆင်ပြေနေတယ်ဆိုလဲ လက်မခံ။ ဝတ်စုံရဲ့ ကျောက အခုံးကြောင့် သူထိခိုက်ဒဏ်ရာကြီးကြီးမားမားမရနိုင်တာ သိပေမယ့် ဆရာဝန်တွေက သေချာအောင် စစ်ဆေးပေးနေတာကို တားလို့လဲမရ။ သူကောကိုတွေ့ပြီး သူဘာမှမဖြစ်ဘူးအဆင်ပြေတယ်ဆိုတာ ပြောပြချင်လှပြီ။ ကောက သူ့ကိုစိတ်ပူပြီး ငိုနေမှာ စိုးရိမ်သည်။
အားလုံးပြီးလို့ ၂၄နာရီ စောင့်ကြည့်ဖို့ လူနာခန်းထဲရောက်မှ ရှောင်းကျန့်နဲ့ တွေ့ရတော့သည်။
"ကျန့်ကော. . .ငိုထားတာလား။ မငိုနဲ့လေ. . "
လူနာခန်းထဲပြေးဝင်လာတဲ့ ရှောင်းကျန့်ကို သူက အရင်ဦးအောင်ပြောတော့ ရှောင်းကျန့်က သူ့အနားတိုးလာပြီး လက်မောင်းကို ခပ်ပြင်းပြင်းထိုးသည်။
"မင်း ဘာလို့ အဲ့လောက်အမြန်ကြီးမောင်းရတာလဲ"
"အဲ့အချိန်ကျ ကိုယ်အရှိန်ဘယ်လောက်လဲ ကြည့်မနေနိုင်ဘူး ကောရဲ့"
"အဲ့ဒီမှောက်သွားတာကြီးက ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ထင်လဲ"
ဆိုင်ကယ်ပေါ်ကနေ တစ်ကျွမ်းပြန်ပစ်ကျပြီး လိမ့်သွားပုံက တော်တော်ကြောက်ဖို့ကောင်းမယ်ဆိုတာ သိနေပါသည်။
"ဒါပေမယ့် ကောကငိုလဲ မငိုဘူး"
ရှောင်းကျန့်မျက်ဝန်းထဲမှာ မျက်ရည်မရှိပေမယ့် မျက်သားတွေကနီရဲနေပြီး မျက်ခွံလေးက မို့နေဆဲ။
"မငိုပါဘူး ကျဲတို့က ဝိုင်းပြောပြကြတယ်။ မင်းအခြေအနေကိုလဲ ဆေးအဖွဲ့က တောက်လျှောက်ပြောပြနေတာကို"
ရိပေါ်နှုတ်ခမ်းတတောင်လောက်စူထွက်သွားသည်။ သူက ကျန့်ကော စိတ်တွေပူပြီး ငို။ သူကချော့မယ်လို့ စိတ်ကူးထားတာကို။
"မင်းက ဘာမှမဖြစ်ပေမယ့် မင်းပါပါးကတော့ လန့်သွားလို့ ဆရာဝန်ပင့်ထားရတယ်"
"အာ. . . "
ဒီတော့မှ သူ့ပွဲကို ပါပါးနဲ့ပေါ်လင်းပါ လာအားပေးတာကိုသတိရလိုက်သည်။ သူ့ညီ အက်စီးဒန့်အပြီး အခု ရိပေါ်ပွဲကို ပထမဆုံးလာကြည့်မှ high side crush နဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံလိုက်ရတာ ပါပါးကံဆိုးတယ်ပြောရမှာပင်။
"အခုတော့ အခြေအနေတည်ငြိမ်သွားပြီတဲ့ ပေါ်လင်းလှမ်းပြောတယ်။ ဒါပေမယ့် မင်းနောက်ပွဲတွေပြိုင်ဖို့ကတော့ ပါပါးက သဘောတူဖို့မလွယ်တော့ဘူး"
ရိပေါ် သူ့ခေါင်းသူထုမိသည်။
"အဲ့ဒါပဲ..အဲ့တုန်းက လက်ကိုင်ကို ဖိလိုက်တဲ့ အားများသွားတာ။ ဖြစ်တော့မယ်လို့ ထင်လိုက်တယ်။ နောက်ပွဲတွေအတွက်က ဘိုးတော်ကို ရွှီရှောင်ပြောရမှာပဲ။ အခုက အကာအကွယ်တွေများလာတော့ အန္တရာယ် သိပ်မများတော့ပါဘူးဆိုပြီး ပြောရမှာပဲ"
"ရိပေါ်. . "
ရှောင်းကျန့်ရဲ့ သူ့ကို ခေါ်သံက ခပ်ဆတ်ဆတ်။ သူမော့ကြည့်လိုက်တော့ ရှောင်းကျန့်မျက်နှာလေးက တင်းမာလို့ ဒေါသထွက်နေတာကျိန်းသေသည်။
"မင်းတကယ်ပဲ ဒီလောက် အန္တရာယ်များတဲ့ ကိစ္စကို ပေါ့သေးသေးထင်နေတာလား။ မင်းမကြောက်တတ်တောင် မင်းဘေးက လူတွေအတွက် မတွေးပေးဘူးလား။ မင်းသာ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးနဲ့ ငါတို့ ဘယ်လောက်တောင် ပူလောင်လိုက်ရလဲ ဆိုတာ မစဉ်းစားမိဘူးလား"
ရှောင်းကျန့် ဒီလောက်စိတ်တိုတာ မမြင်ဘူးတော့ ရိပေါ်တောင် လန့်သွားသည်။ ပြီးတော့မှ ဒါက ရှောင်းကျန့်ရဲ့ ပထမဆုံးပွဲအတွေ့အကြုံဆိုတာ သဘောပေါက်လိုက်သည်၊ မဟုတ်ရင်တော့ ပြိုင်ပွဲတောက်လျှောက် တဘိုင်းဘိုင်းမှောက်ကြတာတွေကိုကြည့်ပြီး ဒီလောက်လန့်သွားမှာမဟုတ်။
ဒါပေမယ့် သူကလဲ လွန်ထားတဲ့သူမို့ စိတ်တိုနေတာ သေချာတဲ့ ရှောင်းကျန့်လက်ကို လှမ်းဆွဲထားပြီး အခန်းထဲက ထွက်မသွားအောင် တားထားလိုက်သည်။
"ကော. .ခဏနေပါဦး။ ကျွနတော်ဆိုင်ကယ်မှောက်သွားတဲ့အချိန် ဘာတွေးမိလဲ သိလားကော။"
ရှောင်းကျန့်က ဒေါသမပြေသေးတဲ့ မျက်နှာလေးနဲ့ သူ့ကိုကြည့်နေသည်။ ရှောင်းကျန့်ဒေါသထွက်ရင် မျက်ခုံးလေးတွေန့်ချိုးပြီး ပါးစပ်ကိုတင်းတင်းစေ့ထားလို့ ပါးလေးမသိမသာဖောင်းနေတာက အစ ရိပေါ်အတွက် အသည်းယားစရာကောင်းလှတာမို့ ဖက်နမ်းချင်ပေမယ့် အခုနေထနမ်းရင် ရှောင်းကျန့်က ပိုစိတ်တိုမည်ထင်သည်။ ဒီတော့ အနားကိုဆွဲပြီး ခါးကိုပဲ ဖက်ထားရင်း
"ကျွန်တော့်အတွေးထဲ ကောပဲဝင်လာတာ။ ကျွန်တေယ်သာ တခုခုဖြစ်ရင် ကောအရမ်းခံစားရမှာဆိုပြီး စိတ်ပူသွားတာ။ ဇီရွှမ်းကော အက်စီးဒန့်ဖြစ်တုန်းက ယန်လီကျဲက အရှေ့မှာ ဘာမှမဖြစ်သလိုနေပေမယ့် ဇီရွှမ်းကော မမြင်ရတဲ့အချိန်တွေဆို မျက်ရည်ကျရတယ်။ ယန်လီကျဲလို ကျွန်တော်တို့နဲ့အတူတူ စီးနေတဲ့သူတောင် တကယ်ဖြစ်လာတော့ စိတ်ထိခိုက်ရတာ။ ကောသာဆိုရင် ဆိုတာ တွေးမိတော့ ကျွန်တော် အရမ်းနာကြင်ရတယ်။"
သူရှောင်းကျန့်ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်တော့ ရှောင်းကျန့်က သူ့ကိုပြန်ဖက်ပြီး ဆံပင်တွေကို ဖွဖွလေးပွတ်ပေးသည်။
"အရင်ကတော့ ကျွန်တော့်မှာ ဘာမှပူစရာမရှိဘူး။ ဆိုင်ကယ်မောင်းတဲ့အချိန် သေသေရှင်ရှင် နိုင်ဖို့ပဲ။ အခုတော့ ကျွန်တော့်မှာ ကောရှိလာပြီ။ ကျွန်တော် ဘာမှမဖြစ်ချင်ဘူး။ ကောနဲ့ အစောကြီး ခွဲမသွားချင်ဘူး။ ဒါကြောင့်နောက်ဆို သတိထားမောင်းမှာပါ။ ကော စိတ်မပူရအောင် ဂရုစိုက်မယ်နော်. . "
သူ့ဆံပင်တွေကိုပွတ်ပေးနေတဲ့ ရှောင်းကျန့်လက်ချောင်းတွေရပ်သွားသည်။
"အဲ့ဒီတော့ မင်းက နောက်ထပ် ပြိုင်တော့ပြိုင်ဦးမှာပေါ့"
ဆူပုတ်ပုတ်နဲ့မေးလာပေမယ့် သိပ်စိတ်မတိုတော့ဘူးဆိုတာ သိနေတော့ ရှောင်းကျန့်မေးဖျားလေးကို လှန်းနမ်းလိုက်သည်။
"ဟဲ.ဟဲ.. ကောကလဲ။ ဒါကတော့. . "
ရယ်ဖြဲဖြဲနဲ့ပြောနေတဲ့ ရိပေါ်ကို ရှောင်းကျန့် ကိုင်ဆောင့်ချင်လာတာနဲ့ဆံပင်တွေကိုပဲ ဆွဲဆုပ်ပစ်လိုက်သည်။
ရိပေါ်ဆိုင်ကယ်မောင်းရတာအရမ်းကြိုက်ပြီး သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတယ်ဆိုတာကို သိနေရတော့ ဒီ့ထက်လဲ ပိုမတားနိုင်။ တားလို့လဲရမှာမဟုတ်။ ဒါတောင် အခုပြိုင်ပွဲမှာ 16 ကျော့နဲ့ ထွက်လိုက်ရပေမယ့် သူ့ရဲ့ 15 lap စံချိန်က 1:26.03 နဲ့ မနှစ်က စံချိန်ကို ချိုးသွားတာကိုတောင် ရိပေါ်ကို သူမပြောပြရသေး။ ဒီကောင်လေးဘာပြောနေနေ ဘယ်လိုပဲကတိပေးပေး နောင်လာမယ့် ပြိုင်ပွဲတွေမှာ ရှောင်းကျန့် အခုထက်ပိုပြီး စိတ်ပူရဖို့ပဲရှိတယ်ဆိုတာ သိနေသည်။
---------------------------------------------
ရှောင်းကျန့် သူ့စတူဒီယိုအခန်းအသစ်လေးကို လှည့်ပတ်ကြည့်လိုက်သည်။ အိမ်ပြင်အပြီးမှာ သူ့တို့အိပ်ခန်းနဲ့ဘေးကပ်ရပ်ခပ်ကျယ်ကျယ်ကို စတူဒီယိုလေးအဖြစ် ရိပေါ်ပါပါးက ပြောင်းပေးခဲ့သည်။
အထက်တန်းနောက်ဆုံးနှစ်ကို တစ်နှစ်နားလိုက်တာကြောင့် အနုပညာကျောင်းဝင်ခွင့်အတွက် ပြင်ဆင်ဖို့အချိန်ပိုရလာသည်။ ရှောင်းကျန့်က ပန်းချီကားတွေနဲ့ အလုပ်ရှုပ်နေသလို ရိပေါ်ကလည်း သူ့ပါပါး ဘဏ်အလုပ်မှာ အလုပ်သင် တစ်ဖက်နဲ့ ဆိုင်ကယ်စီးတာတစ်ဖက်ကြားဗျာများနေဆဲ။ ရှောင်းကျန့်ကတော့ သူ့ကိုမတားပါ ယန်လီကျဲပြောခဲ့သလိုပေါ့ သူကိုယ်တိုင် တော်သင့်ပြီလို့သတ်မှတ်ပြီး ကျေကျေနပ်နပ်နဲ့ ရပ်တန့်လိုက်မယ့်နေ့ကိုပဲ စောင့်မျှော်နေရသည်။ ဒီကြားထဲမှာတော့ ထိခိုက်ဒဏ်ရာမရစေဖို့ပဲ ရှောင်းကျန့်က ဆုတောင်းပေးနေရသည်။
"ကော. . . ကောက အိပ်ယာထဲမှာလဲ မနေဘူးကွာ"
အခုမှ နိုးလာဟန်တူတဲ့ ရိပေါ်က အိပ်မှုန်စုံမွှားနဲ့ထလာပြီး ရှောင်းကျန့်စတူဒီယိုထဲဝင်လာသည်။ ကော်ဖီတစ်ခွက်နဲ့ မနက်စောစောကို စတူဒီယိုထဲ ရောက်နေတဲ့ ရှောင်းကျန့်ကို အနောက်က သိမ်းဖက်ပြီး ပုခုံေးပ်ါမေးတင်လို့ လာငိုက်နေတဲ့ ရိပေါ် ဆံပင်တွေကို ဖွပေးလိုက်သည်။ အခုထိ အပေါ်ပိုင်းဗလာနဲ့ ရိပေါ် ကိုယ်လုံးက မနက်ခင်းလေအေးအေးမှာတောင် နွေးနေသည်။
"အင်္ကျီကျွတ်ကြီးနဲ့ ဖျားဦးမယ်"
"အဲ့လိုမဖျားစေချင်ရင် ကျွန်တော်နိုးတဲ့အထိ ကောက ဘေးမှာဖက်အိပ်ပေါ့"
"ဒီနေ့ကတော့ မရဘူး"
"ဘာလို့လဲ"
ရိပေါ်က ရှောင်းကျန့်ကိုဖက်ထားတာကနေမလွှတ်ပဲ ဆွဲလှုပ်ရင်း အိပ်ယာပေါ်ပြန်တက်ဖို့ပဲတာဆူနေသည်။
"ဒီနေ့ကပေးစရာရှိလို့"
ရှောင်းကျန့်က ပြောရင်း အခန်းထောင့်က ပန်းချီကားပေါ်အုပ်ထားတဲ့ အဝတ်ဖြူကို ဖယ်လိုက်သည်။ ဆေးရောင်စုံတွေကျဲပက်ထားတဲ့ ပန်းချီတချပ်ပေါ်လာသည်။
"ဒါက ဘာလဲ"
ရှောင်းကျန့်က ရိပေါ်လက်ကိုဆွဲပြီး ခပ်လှမ်းလှမ်းကိုခေါ်သွားသည်။ ပန်းချီကားနဲ့ သုံးလေးပေ အကွာအဝေးကကြည့်မှ ပုံပေါ်လာသည်။ အစိမ်းရောင်ဆိုင်ကယ်တစီးအရှိန်နဲ့ပြေးနေပုံကို ဆေးစက်တွေ ပက်ပြီး ပုံဖော်ထားတာ။ ရိပေါ်က ဒါရော ကျွန်တော်ပဲလား ဆိုပြီး အံ့သြဝမ်းသာနေသည်။
"Happy Birthday ရိပေါ်"
အံ့သြနေတဲ့ ရိပေါ်ပါးကို ရှောင်းကျန့်ကနမ်းလိုက်တော့ ရိပေါ်က ပိုအံ့သြသွားသည်။
"ဒီနေ့ ကျွန်တော့်မွေးနေ့လား"
သူ့ဘာသာအလုပ်တွေများပြီးမွေးနေ့ဆိုတာကိုမေ့နေသည်။ အရင်နှစ်တွေကလဲ ဘယ်သူမှထူးထွေသတိရမနေသလို သူကိုယ်တိုင်ကလဲ မှတ်မှတ်ရရမရှိတာကြောင့် မွေးနေ့ဆိုတာ ဘာအဓိပ္ပါယ်မှမရှိတာ သုံးလေးနှစ်ရှိနေခဲ့ပြီ။
"မေ့နေတာလား"
ရှောင်းကျန့်က ပြောတော့ ရိပေါ်က ရှောင်းကျန့်ပါးကို နှာခေါင်းနစ်သွားအောင်နမ်းရင်း. .
"အာ. . မွေးနေ့ဆိုရင် လက်ဆောင်က ဒီတစ်ခုထဲနဲ့တော့မရဘူးလေ"
ပြောရင်း အဆင့်တက်ဖို့ ကြိုးစားတဲ့ ရိပေါ်လက်တွေကို ပုတ်ထုတ်ရင်း
"မင်းဒီနေ့အလုပ်ရှိတယ်မလား။ နောက်ကျရင် ပါပါးနဲ့ရန်ဖြစ်နေရမယ်။ ညနေကျရင်သာ စောစောပြန်လာခဲ့။ ဝမ်းချင်တို့ကိုပါခေါ်ထားတယ် မွေးနေ့ကို အကုန်စုပြီး ညစာတူတူစားရအောင်"
ရိပေါ်က အခုထိမကျေမနပ်နဲ့ ဟုတ်ပြီ ဟုတ်ပြီကို ဆူပူဆောင့်အောင့်ပြောနေရာကနေ ရုတ်တရက်ငြိမ်သွားပြန်သည်။
"ကော. .ကျွန်တော် ဒီနေ့ အလုပ်ပြီးရင် ရှန့်ခုံးကို ခဏသွားတွေ့ချင်တယ်"
သူမထင်မှတ်ထားတဲ့တောင်းဆိုမှုမို့ ရှောင်းကျန့် ဘယ်လိုတုံ့ပြန်ရမယ်မှန်းမသိ။
"ဒီနေ့က ရှန့်ခုံးလဲမွေးနေ့။ သူ့ကိုဘယ်သူမှ သွားတွေ့မှာမဟုတ်ဘူး။ ကျွန်တော် ခဏပဲ. . "
သူ့ဆီက ခွင့်ပြုချက်မရမှာကို စိုးရိမ်နေသလို မျက်နှာပေးနဲ့ ကြည့်နေတော့ ရှောင်းကျန့် သက်ပြင်းမောတွေရှိုက်မိပြန်သည်။
သူတို့နှစ်ယောက် ကြားက သူငယ်ချင်း သံယောဇဉ်ဆိုတာက ရှောင်းကျန့် တခါမှမပိုင်ဆိုင်ခဲ့ဖူးတဲ့အရာမို့ သူ့အတွက်နားလည်ရခက်ပါသည်။ ရိပေါ်နဲ့ ရှန့်ခုံးမွေးနေ့တစ်ရက်ထဲဆိုတာ အခုမှသိရတော့ အံ့အားသင့်တာလဲပါသည်။ ဒါပေမယ့် မွေေးန့မှာတောင် အမှတ်ရပေးမယ့် လူတစ်ယောက်မှမရှိတဲ့ ရှန့်ခုံးကို ရိပေါ်က သွားတွေ့မယ့် ကိစ္စကို ကန့်ကွက်လိုက်ရင် သူက သေးသိမ်လွန်းရာကျမည်။ ရိပေါ်က သူ့စကားနားထောင်ပြီး မသွားခဲ့ရင်တောင် သူ့စိတ်ထဲ ဒါက အစိုင်အခဲတစ်ခု ဖြစ်လာမလား။
ရှောင်းကျန့် ခေါင်း မငြိတ်ချင် ငြိတ်ချင်နဲ့ပဲ သဘေယတူလိုက်ရသည်။
"အရမ်းတော့ နောက်မကျနဲ့နော်။ သူများတွေလဲ စောင့်နေမှာ"
ရိပေါ် ပါးလေးနှစ်ဖက် မို့တက်လာအောင် ပြုံးရင်း ရှောင်းကျန့်ပါးကို တရွှတ်ရွှတ်နဲ့ နမ်းနေသည်။
"ကျွန်တော့်ကောက အကောင်းဆုံး အတော်ဆုံး ချစ်ဖို့အကောင်းဆုံး" ဆိုတာကို ဆက်တိုက်ရေရွတ်လို့ပေါ့။
ရိပေါ် အလုပ်သွားကတည်းက ရှောင်းကျန့်က မအားတော့။ သူက ဟင်းကောင်းကောင်းချက်တတ်တဲ့သူမဟုတ်။ ရိပေါ်တို့အိမ်က ထမင်းချက်နဲ့ အကူတွေရှိပေမယ့် သူတို့ရော အားလုံးပါဝင်လို့ရအောင် ခြံထဲမှာ အကင်နဲ့ဟော့ပေါ့ လုပ်စားကြမယ်လို့ သဘောတူလိုက်သည်။
ဝမ်းနင်၊ ဝမ်းချင်နဲ့ ဟွိုင်စန်းတို့အပြင် ကျန်းချန်ပါ ရောက်လာသည်။ ရန်လီကျဲကတော့ နောက်ကျမယ်လို့ဖုန်းကြိုဆက်ထားသည်။ ရိပေါ် အိမ်ကို ကြည့်ပြီး သူတို့သူငယ်ချင်းတွေကတော့ အံ့အားသင့်နေသည်။ ရွှေဇွန်းကိုက်မွေးလာတဲ့ အခြားသူဌေးသားတွေလိုမဟုတ်ပဲ ပေပေတေတေနေတဲ့ ရိပေါ်အကြောင်းကို အံ့သြလို့မဆုံးကြ။
"ဟေ့ ကလေးတွေ စုံနေပြီလား"
ပေါ်လင်းက မြေအောက်ခန်းထဲက ဝိုင်ပုလင်းတွေ ရှန်ပိန်ပုလင်းတွေ ယူပြီးမှ ရောက်လာသည်။ ကလေးတစ်သိုက်ထဲ ပေါ်လင်းပါနေလို့လဲ အနေရခက်မသွား။ သူက အားလုံးနဲ့ လိုက်လျောညီထွေ ပျော်တတ်တဲ့သူပဲ။
"ရိပေါ်နဲ့ သူ့ပါပါးမလာခင် စထားရအောင်"
ရှန်ပိန်ပုလင်းကို ကိုင်လိုက်တဲ့ ပေါ်လင်း ဘယ်ဘက်လက်သန်းကြွယ်က စိန်လက်စွပ်က အလင်းရောင်မှာ ဖြတ်ကနဲ. .
ရှောင်းကျန့်က တစ်ခုခုထူးဆန်းနေတယ် ထင်လို့ကြောင်ကြည့်နေတုန်း ပေါ်လင်းက သူ့မျက်နှာရှေ့မှာ ဘယ်ဘက်လက်ကိုလာဝှေ့ပြသည်။
"ဒီလက်စွပ်က ဘာလဲလို့မေးစမ်းပါ"
ပေါ်လင်းအပြောကြောင့် ဝမ်းချင်တို့ပါပြုံတိုးလာပြီး လက်သည်းခွံတစ်ဝက်လောက်ရှိမယ့် အပြာရောင်လဲ့လဲ့သန်းနေတဲ့ စိန်လက်စွပ်ကို ဝိုင်းကြည့်ကြသည်။
"ရိဝေက ငါ့ကို လက်ထပ်ခွင့်တောင်းလိုက်ပြီ"
"ဝိုး. . . "
"တကယ်ကြီး"
ရှောင်းကျန့် အံ့သြလွန်းလို့ပေါ်လင်းလက်ကိုကိုင်ပြီးအော်မိသည်။ ဘယ်ကတည်းက ကြွားချင်နေမှန်းမသိတဲ့ ပေါ်လင်းကတော့ လက်ချောင်းလေးတွေခါပြရင်း ပြုံးနေတာ နှုတ်ခမ်းနှစ်ဖက် နားရွက်တက်ချိတ်တော့မတတ်။
"ဒီည ရိပေါ်ကိုပြောပြမလို့"
"ရိပေါ်ဝမ်းသာမှာ. . "
ပေါ်လင်းက အမေတစ်ယောက်ရဲ့ အငွေ့အသက်မျိုးမပေးနိုင်ပေမယ့် ခပ်မိုက်မိုက် အဒေါ်တစ်ယောက်လို အမတစ်ယောက်လို နားလည်မှုအပြည့်ရှိတဲ့သူလေ။
"ဘာတွေ ပျော်စရာတွေ့နေကြတာလဲ"
ရိပေါ်ပါပါးအသံကြောင့် အကုန်သွားဖြဲလေးတွေနဲ့ ငြိမ်သွားသည်။ အခုမှ အိမ်ပြန်ရောက်လာဟန်ရှိတဲ့ ရိပေါ်ပါပါးက ကုတ်တောင်မလဲရသေး။
"ကလေးတွေပျော်နေတာကို လူကြီးတွေမသိချင်ပါနဲ့။ ဒါနဲ့ ရိပေါ်ရော"
"သူ သွားစရာတစ်ခုရှိလို့တဲ့ စောပြန်သွားတာ ပြန်မရောက်လာသေးဘူးလား"
ပေါ်လင်းနဲ့ ရိပေါ်ပါပါး စကားပြောနေကြတုန်း ဝမ်းချင်က ရှောင်းကျန့်နားကပ်ပြီး
"ကျန့်ကော နင်နဲ့ ရိပေါ်ကော ဘယ်တော့လဲ"
ရှောင်းကျန့်မျက်နှာက ရုတ်တရက် ထူပူလာသလိုခံစားရသည်။ ဝမ်းချင်က တစ်ခါတစ်လေကျ BL ဝတ္ထုတွေဖတ်တာ များသည်ထင်သည် ပေါက်ကရတွေမေးတတ်သည်။
"ငါတို့က ဘာရမှာလဲ ဒီနိုင်ငံက ယောကျာ်းလေးချင်းလက်ထပ်တာလဲ ခွင့်မပြုဘူး"
"တခြားခွင့်ပြုတဲ့နိုင်ငံတစ်ခုခုသွာေးပါ့။ ငါလေ့လာထားတယ် နင်တို့ကိုအကြံပေးလို့ရတယ်"
"အာ. . . ငါတို့ ဒီတိုင်းလဲ အဆင်ပြေပါတယ်"
"အဲ့ဒါ မင်းအပြစ်တွေပဲ ကျန့်ကော။ မင်းနဲ့ ရိပေါ် ဖြစ်ပြီးကတည်းက ငါ့အမက ယောကျာ်းလေးမြင်တိုင်း ပေးစားချင်နေပြီ။ အခုငါ့ကိုပါ လင်ပေးစားနေတယ်။ ကယ်ကြဦး"
ဝင်ပြီး ရန်ထောင်တဲ့ ဝမ်းနင်ကို ဝမ်းချင်က လျှာထုတ်ပြလိုက်ပြီး
"ဟိုမယ် ကျန်းချန်လေး စိတ်မဝင်စားဘူးလား။ အေးအေးဆေးဆေးပုံစံလေး"
"ဟိုက နင့်ကို လိုက်ကြည့်နေတာ။ ငါနဲ့လိုက်ပေးစားမနေနဲ့"
ရန်ဖြစ်နေတဲ့မောင်နှမနှစ်ယောက်ကို ကြည့်ပြီးရယ်နေတုန်း ရှောင်းကျန့်ဖုန်းက မြည်လာသည်။ ခေါ်တဲ့သူကို ကြည့်လိုက်တော့ ရိပေါ်.. . . .
--------------------------------------------
"လူနာ ကျိရှန့်ခုံးနဲ့ တွေ့ချင်လို့ပါ"
ဆေးရုံရဲ့ စုံစမ်းရန်ကောင်တာမှာ ရှန့်ခုံးနာမည်ပြောတော့ စာရေးမလေးက နာမည်တွေတိုက်စစ်သည်။ ရှန့်ခုံးနဲ့ တွေ့ဆုံခွင့်က ကန့်သတ်ထားတာမို့ သူ့နာမည်သာ မပါရင် ရိပေါ်က ယူလာတဲ့ မွေးနေ့ကိတ်ကို ထားခဲ့ရုံကလွဲလို့မတတ်နိုင်။
"နာမည်က ဝမ်ရိပေါ်နော်။ ID ကဒ်လေးတစ်ချက်ပြပါရှင်"
ရိပေါ်ရဲ့ ID ကဒ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ဝင်ခွင့်ရသည်။ ရှန့်ခုံးအခန်းကိုမသွားခင် ဆရာဝန်အငယ်တစ်ယောက်နဲ့ အရင်တွေ့ပြီး လူနာနဲ့ပတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်ကို အရင်နားထောင်ရသေးသည်။
"လူနာက ပြင်ပဒဏ်ရာတွေက သက်သာပျောက်ကင်းသွားပါပြီ။ အခုက ပြန်ပြီး ကြံ့ခိုင်အောင် လေ့ကျင့်ခန်းလုပ်နေရတဲ့အချိန်ပေါ့။ ဒါပေမယ့် လူနာက စိတ်ပိုင်းဆိုင်ရာလဲ ထိခိုက်ထားတာမို့ သူလုံးဝစကားမပြောတဲ့ အချိန်တွေရှိတယ်။ အဲ့လိုအခြေအနေနဲ့ကြုံခဲ့ရင် သူ့ကိုစကားပြောဖို့ အတင်းဖိအားမပေးပါနဲ့"
ဆရာဝန်လေး ဦးဆောင်ခေါ်သွားတဲ့နောက်ကို ရိပေါ်လိုက်လာခဲ့သည်။ အချိန်ကာလတစ်ခုလဲ ကြာသွားပြီမို့ သူ့ဘက်က ရှန့်ခုံးလုပ်ရပ်တချို့ကိုမေ့ပစ်နိုင်ခဲ့ပြီဆိုရင် ရှန့်ခုံးကရော သူ့ကို ခွငွ့်လွှတ်နိုင်ပြီလား။
လူနာခန်း တံခါးကို ဖွငွ့်ခါနီး အသက်ဝဝရှူလိုက်သည်။ ရှန့်ခုံးက သူ့ကို ရန်စကားပြောလာခဲ့ရင် အရင်ကထက်တော့ စိတ်ထိန်းနိုင်မည်ထင်သည်။
တံခါးဖွင့်လိုက်တော့ ဖြူဖွေးသပ်ရပ်နေသည့် လူနာခန်းက တိတ်ဆိတ်နေသည်။ ကုတင်ပေါ်မှာသူမျှော်လင့်ထားသလို ရှန့်ခုံးက ရှိမနေ။
"ဆရာ လူနာအပြင်ထွက်သွားတာလား"
သူ့ကိုအခန်းဝပို့ပြီး လှည့်ထွက်တော့မယ့် ဆရာဝန်လေး ခြေလှမ်းတွေ တုံ့သွားသည်။ အခန်းထဲ လှည့်ပတ်ကြည့်တော့လဲ ရှန့်ခုံး အရိပ်အယောင်တောင်မရှိ။
"သူ ပန်းခြံတွေဘာတွေထဲများဆင်းသွားလား"
ဆရာဝန်လေးက အင်တာကွန်းကနေ တခြားဝန်ထမ်းတွေကို ဆက်သွယ်ပြီး ရှာဖို့ပြောနေချိန် ရိပေါ်က ရှန့်ခုံးကုတင်ဘေးက စားပွဲပေါ်တင်ထားသည့် ပုံဆွဲစာရွက်တွေပေါ် တင်ထားသည့် လက်ပတ်အမဲလေးကို မြင်လိုက်မိသည်။ သူနဲ့ ရှန့်ခုံး ရန်ဖြစ်ခဲ့တုန်းက သူ့ကို ရှန့်ခုံးပြန်ပေးခဲ့တာ ဘယ်လိုလုပ် ရှန့်ခုံးလက်ထဲရောက်နေတာလဲ။
လက်ပတ်လေးကို ကောက်ယူလိုက်ရင်းက အဲ့ဒီအောက်က ပန်းချီကားတွေဆီသူ့မျက်စိရောက်သွားသည်။ ရောင်စုံတွေနဲ့ ကလေးပန်းချီလို ခပ်ကြမ်းကြမ်းခြစ်ထားသည့် ပန်းချီကားအထပ်လိုက်မှာနောက်ဆုံးမှ ဆွဲထားခဲ့သည်ထင်ရသည့် အပေါ်ဆုံးပုံက မွေးနေ့ကိတ်ဖယောင်းတိုင်ကို အတူတူမှုတ်နေသည့် လူလေးနှစ်ယောက်ပုံ၊ နောက်ပုံတွေက ကာရာအိုကေတူတူဆိုနေကြပုံ၊ စကိတ်စီးနေပုံ၊ ရေကန်ဘေးမှာ ရေခဲမုန့်စားနေပုံ၊ ပဲနို့သောက်နေပုံ၊ အစရှိသဖြင့် ကောင်လးနှစ်ယောက် လျှောက်လည်နေကြဆော့နေကြတဲ့ ပုံတွေချည်း။ နောက်ဆုံးမှာတော့ ပြတင်းပေါက်ကိုကျော်တက်နေသည့် ကောင်လေးတစ်ယောက်ပုံ။
"လူနာ ဆေးရုံထဲမှာရှာမတွေ့ဘူး။ CCTV မှတ်တမ်းအရဆို နေ့လယ်ကနောက်ဆုံးမြင်လိုက်ရတာ"
ဆရာဝန်လေးက ပြောရင်း ရှန့်ခုံးအုပ်ထိန်းသူတွေကိုဖုန်းဆက်ဖို့ ပြင်သည်။ ဆွနိးယွန်းတကယ်ပဲ ဆေးရုံက ထွက်ပြေးသွားတာလား။
"သူ့အိမ်လဲ ပြန်ရောက်မလာဘူးပြောတယ်။ ဒီက ဝမ်လူကြီးမင်းအနေနဲ့ လူနာဂျိုရှန့်ခုံးကို အဆက်အသွယ်ရရင် အကြောင်းကြားပေးပါ။ ကျွန်တော်တို့ ဆေးရုံကလဲ အခုပဲလိုက်ရှာပါ့မယ်"
ရိပေါ် ဖုန်းနံပါတ်ပေးခဲ့ပြီး သူတို့ဖုန်းနံပါတ်လဲ ယူလိုက်သည်။ ရှန့်ခုံးဘာစိတ်ကူးပေါက်လို့ ဆေးရုံကနေ ခိုးထွက်သွားရတာလဲ။
သူ စိတ်ရှုပ်ရှုပ်နဲ့ ဆေးရုံကနေပြန်ထွက်လာခဲ့သည်။ သူ့ဆီချက်ချင်းဖုန်းဝင်လာတာ ရှန့်ခုံးအဖေရဲ့ ကိုယ်ရေးအရာရှိဆီက. .
"ဝမ်သခင်လေး မေးရတာအားနာပါတယ်။ ရှန့်ခုံးပျောက်သွားတာ သခင်လေးလည်း သိမယ်ထင်တယ်။ သူဘယ်တွေသွားတတ်လဲ"
ရှန့်ခုံးတို့အိမ်ကို ရိပေါ် ချဉ်လှသည်။ သားတစ်ယောက်လုံးဆေးရုံကပျောက်သွားတာကို သူတို့ကဘယ်ရောက်နေမှန်းမသိပဲ ရိပေါ်ကိုပဲလာမေးနေပုံက နည်းနည်းမှပုံမကျ။ တကယ် ထိထိရောက်ရောက်လည်း လိုက်ရှာမယ့်ပုံမပေါ်။ ဝတ်ကြေတန်းကြေသာ လိုက်မေးနေတဲ့ ဒီလူတွေကို ရှန့်ခုံး ဘယ်နားရှိတယ်ဆိုတာ ရိပေါ်သိရင်တောင် သူတို့ကိုပြောချင်စိတ်မရှိ။
ရှန့်ခုံးအသွားနိုင်ဆုံးနေရာတွေကို သူစိတ်ထဲတွေးပြီးလိုက်ရှာလိုက်သည်။ သုံးနေရာလောက်အပြီးမှာ ရှန့်ခုံးကို သတိထားမိလိုက်တဲ့ လူတချို့ရှိသည်။ ကောင်လေးချောချောလေးတစ်ယောက်ထဲ လျှောက်သွားနေတာမို့ သတိပြုမိသူတွေရှိတာ ကျေးဇူးတင်ရမလို။ အဲ့ဒီမှာ ရိပေါ်သိလိုက်တာ ရှန့်ခုံးက သူဆွဲထားခဲ့တဲ့ နေရာတွေကို သွားခဲ့တယ်ဆိုတာပဲ။
သူပုံထဲကအတိုင်းဆို နှစ်နေရာပဲ ကျန်တော့သည်။ နေဝင်သွားပြီးမှောင်စပြုလာလို့ နာရီကိုကြည့်လိုက်တော့ ၆နာရီထိုးနေပြီ။
သူထင်ထားတဲ့အတိုင်း သူ့အိမ်နဲ့ မလှမ်းမကမ်း စကိတ်ကွင်းဘေးက ခုံတန်းရှည်မှာ ရှန့်ခုံးကထိုင်နေသည်။
သူ ဘာမှမတတ်နိုင်တော့ ရှာတွေ့ပြီဆိုတော့ ချော့မော့ပြောပြီး ဆေးရုံပြန်ပို့ဖို့သာရှိတော့သည်။ သူ့ကိုစိတ်မပူရအောင် အိမ်မှာစောင့်နေမယ့် ရှောင်းကျန့်ဆီဖုန်းခေါ်လိုက်သည်. . .
"ကော.. ရှန့်ခုံးဆေးရုံက ထွက်ပြေးလာလို့ ကျွန်တော်လိုက်ရှာပေးနေတာ။ အခုပြန်တွေ့ပြီ။ သူ့ကိုပြန်ပို့ပြီး အိမ်ပြန်လာခဲ့မယ်။ ခဏလေးစောင့်နေနော်။ "
သူအမြန်ရှင်းပြတာကိုနားထောင်ပြီး ရှောင်းကျန့်က စိတ်ပူမှာကိုလဲ စိုးရိမ်ရသည်။
"ဆက်ဆက်ပြန်လာခဲ့မယ်"
သူဖုန်းကိုချလိုက်ပြီး ကားထဲကနေဆင်းလို့လမ်းတစ်ဖက်က ရှန့်ခုံးရှိရာလျှောက်သွားလိုက်သည်။ ခုံတန်းရှည်မှာထိုင်ရင်း ပဲနို့တစ်ဗူးသောက်ရင်း တစ်ယောက်ထဲ စကားတွေပြောနေသည့် ရှန့်ခုံးက သူလျှောက်လာတာကို ငေးကြည့်နေသည်။
"ဟေး. . ကျိရှန့်ခုံး"
သူခေါ်လိုက်တော့ ရှန့်ခုံးက ထလာသည်။ ပြီးတော့ သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း လက်ထဲက ပဲနို့ဗူးက ရိပေါ်ဆီပျံဝဲလာသည်။
"ဝမ်ရိပေါ်. . မင်း. . . .လူလိမ်ကောင်"