ပေါ်လင်းနဲ့ ရိပေါ် ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ခပ်လှမ်းလှမ်းက အုတ်ခုံမှာထိုင်ရင်း ဆေးလိပ်ဖွာနေကြသည်။ ပေါ်လင်းဆီက ဈေးကြီးကြီးဆေးလိပ် အရသာက ရိပေါ် ကုန်စုံဆိုင်တွေမှာဝယ်နေကျ အပေါစားဆေးလိပ်တွေထက် သောက်ကောင်းတာတော့အမှန်ပဲ။
"ပြောပါဦး ဘာလို့လိုက်ရှာနေတယ်ဆိုတာ"
ရိပေါ်က စကားစေတာ့မှ ပေါ်လင်းက သူ့ဆံပင်တိုတိုတွေကို တချက်သပ်ပြီး နှုတ်ခမ်းနီရဲရဲဆိုးထားတဲ့ နှုတ်ခမ်းနှစ်လွှာကြားက ဆေးလိပ်တိုကိုအဆုံးထိရှိုက်ပြီး လွှင့်ပစ်လိုက်သည်။
"အလကားနေရင်းတော့ လာရှာမလားကောင်လေးရဲ့။ အရေးကြီးတာရှိလို့ပေါ့"
"ကျွန်တော်ဘယ်မှာရှိတယ်ဆိုတာ ဘိုးတော်သိတာပဲ"
ပေါ်လင်းက ပုခုံးတွန့်ရင်းနောက်ထပ် ဆေးလိပ်တလိပ်ကိုထပ်မီးညှိသည်။ သူမီးညှိတဲ့ပုံစံက အတော်ကြည့်လို့ကောင်းသည်။ ရိပေါ် ငယ်ငယ်ကတည်းက ပေါ်လင်းပုံစံက သည်လိုပဲ သိပ်မပြောင်းလဲလို့ထင်ရသည်။
"ရိဝေကို မေးမယ့်အစား ငါ့ဘာသာလိုက်ရှာလိုက်တာက ပိုမြန်ပါတယ်။ တိုတိုပဲပြောမယ် ကျိရှန့်ခုံးပေကျင်းကိုရောက်နေတယ်။ မင်းနဲ့တွေ့ပြီးပြီလား"
"ဘယ်ခေတ်က သတင်းတွေသယ်လာတာလဲ။ သူက အခု ကျွန်တော်တက်နေတဲ့ကျောင်းမှာတောင် လာတက်နေပြီ"
ပေါ်လင်းပုံစံက ချက်ချင်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အမြဲတမ်း မော်ချီပြီးချေနေတဲ့မျက်နှာပေးက အခုလို ထိတ်လန့်တဲ့အမူအယာနဲ့သိပ်တော့မလိုက်ဖက်။
"မင်းသိပြီးပြီလားရိပေါ်။ ရှန့်ခုံး ဒီကိုမလာခင် အေမရိကားမှာ လူသတ်မှုဖြစ်ခဲ့တာ"
ပေါ်လင်းက သူ့ထုံးစံအတိုင်း စကားကိုကွေ့ဝိုက်မနေပဲ လိုရင်းကိုဒဲ့ဒိုးပြောချလိုက်သည်။ ဆွံ့အသွားရသူမှာ ဝမ်ရိပေါ်သာ။
သူနားကြားများမှားတာလား။ ဒါမှမဟုတ် ပေါ်လင်းပြောတာကို အဓိပ္ပါယ်ကောက်လွဲတာလားရယ်လို့ မသေချာမရေရာတဲ့ အကြည့်နဲ့ ပြန်ကြည့်တော့ ပေါ်လင်းက လက်ထဲက တစ်ဝက်မကျိုးသေးတဲ့ စီးကရက်ကို တောက်ထုတ်ပစ်လိုက်ပြီး ရိပေါ် လက်ဖဝါးတွေကိုတင်းတင်းဆုပ်ကိုင်လာသည်။
"မင်းနားကြားမှားတာမဟုတ်ဘူး ရှန့်ခုံးက အေမရိကားမှာ လူတစ်ယောက်ကိုသတ်ခဲ့တယ်။ မသေမချင်း ဒါးနဲ့ထိုးသတ်တာ။ ဒါပေမယ့် အဲ့ဒါက လူသေမှုဖြစ်သွားတယ်"
ရှန့်ခုံးကို သူဘယ်လိုပဲ မယုံကြည်နိုင်ဘူးပြောပြော ရှန့်ခုံးဟာ လူတစ်ယောက်ကို သူ့လက်နဲ့သတ်ပစ်လောက်တဲ့အထိ လုပ်လိမ့်မယ်ဆိုတာမျိုးသူ တခါမှ မတွေးခဲ့မိ။
"အသတ်ခံရတဲ့လူက ရှန့်ခုံးသူငယ်ချင်းပဲ။ အင်း. . မင်း တရုတ်ကိုပြန်သွားပြီးမှ သူနဲ့ခင်တာ။"
သူနဲ့ရှန့်ခုံးတူတူရှိတုန်းက ရှန့်ခုံးမှာ သူကလွဲလို့ အခြားသူငယ်ချင်းရယ်လို့မရှိခဲ့တာကို အခုမှသတိထားမိတော့သည်။ ရိပေါ်မှာသာ ဆိုင်ကယ်မောင်းရင်းရတဲ့သူငယ်ချင်းတွေ စကိတ်ကွင်းကသူတွေရှိပေမယ့် ရှန့်ခုံးကတော့ ဘယ်သူနဲ့မှပေါင်းတယ်မရှိ။ ရိပေါ်သွားရာနောက်လိုက်ပြီး စာအုပ်တစ်အုပ်နဲ့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေတာဖြစ်ဖြစ် ပန်းချီဆွဲနေတာဖြစ်ဖြစ်သာလုပ်နေခဲ့တာ။
အခုကျောင်းမှာလဲ ရိပေါ်နဲ့အတန်းချင်းမတူတာကြောင့် သူ့အတန်းထဲမှာ ဘယ်လိုတွေနေတယ် မသိရပေမယ့် ကျောင်းဆင်းချိန် နားနေချိန်တိုင်း ရိပေါ်ကလွဲလို့ အခြားသူရယ်မရှိ။
ပေါ်လင်းက သူ့ဖုန်းထဲက ပုံတစ်ပုံထုတ်ပြသည်။ ပုံထဲက လူပုံက ကြည့်လိုက်တာနဲ့ ကောင်းသည့်လက္ခဏာ တစ်စက်မှမရှိ။ ဘယ်လိုလူမျိုးကို ရှန့်ခုံးက သူငယ်ချင်းအဖြစ်ရွေးခဲ့တာလဲ။
"သူ့နာမည်က အဲရစ်ကင်မ် တဲ့။ ကိုရီးယား အမေရိကန် ကပြား။ ကောင်လေးက ခိုးမှု၊ အကြမ်းဖက်မှု ရာဇဝင်တွေရှိတယ်။"
ပေါ်လင်းရှင်းပြစရာမလိုအောင် ဓာတ်ပုံက ရဲစခန်းတစ်ခုခုမှာ ပြစ်မှုမှတ်တမ်းအတွက် ရိုက်ထားသလို ပုံမျိုး။
"သူနဲ့ ရှန့်ခုံး ဘယ်လိုတွဲမိသွားလဲမသိဘူး။ ဒါပေမယ့် သူတို့ ပေါင်းနေတဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက် ကာလအတွင်းမှာ ရှန့်ခုံးကို သုံး လေးခါထက်မနည်း ဆေးရုံတင်ရတယ်။ အားလုံးက အကြမ်းဖက်ခံရတဲ့ မှတ်တမ်းတွေချည်းပဲ"
"ရှန့်ခုံးအဖေက ဘာမှမလုပ်ဘူးလား"
ပေါ်လင်းက ပုခုံးတွန့်ပြသည်။ ရှန့်ခုံးဆေးရုံတက်ရတာ သူ့အဖေသိရောသိရဲ့လား။ ဒါမှမဟုတ် ရှန့်ခုံးကပဲ အဲရစ်ကင်မ် ကိစ္စကို ဖုံးကွယ်ထားလား။
"ငါမသိဘူး။ ထူးဆန်းတာက အဲ့လိုတွေဖြစ်တာတောင် အဲရစ်ကင်မ်နဲ့ ရှန့်ခုံးက အတွဲမပျက်တာပဲ။ အဲရစ်ကင်မ် ဘယ်လောက်ဆိုးဆိုး ရှန့်ခုံးက ဘေးမှာရှိနေတယ်။ အဆုံးသတ်ကလဲ မလှဘူး။ နောက်ဆုံးတစ်ခေါက် အဲရစ်ကင်မ်နဲ့ သူ့အပေါင်းအသင်းတွေက အုပ်စုလိုက် ရှန့်ခုံးကိုဝိုင်းရိုက်ကြတယ်ပြောတယ်။ ဒါကေတာ့ ရဲစခန်းထွက်ချက်ပေါ့။ အဲ့ဒီမွာ ရှန့်ခုံးက အဲရစ်ကိုဓားနဲ့ထိုးတယ်။ တစ်ချက်တည်းတောင်မဟုတ်ဘူး အချက်ပေါင်းများစွာပဲ"
ရိပေါ်စိတ်အာရုံတစ်ခုလုံး လေးလံပြီးအမှောင်ကျလာသလိုခံစားရသည်။ ဒီကိစ္စတွေ သူမသိရရင်ကောင်းမှာလို့ လဲ အကြိမ်ကြိမ်ငြင်းချက်ထုတ်နေမိသည်။
"ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုမြောက်တာကော။ ရှန့်ခုံးကအသက်မပြည့်သေးတာကော။ သူ့အဖေ ဝိတ်ကောပါမှာပေါ့လေ။ အမှုကလွတ်သွားတယ်။"
"အခု ကျွန်တော်က ဘာလုပ်ရမှာလဲ"
ရိပေါ် လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်။ သူလဲ ရန်ရှာပြီးပေါက်ကွဲလိုက်ချင်သည်။ ရှန့်ခုံးအကြောင်းကို စောစောကသိလျှင် အဲရစ်ကင်မ်ကို ဓားနဲ့ထိုးတဲ့လက်ဟာ ရိပေါ်လက်လဲ ဖြစ်သွားနိုင်သည်။
"မင်းသတိထားရအောင်လို့။ အခု မင်းနဲ့တကျောင်းထဲဆိုတော့ ပိုသတိမထားသင့်ဘူးလား"
ရိပေါ် နံရံကိုကျောမှီချလိုက်သည်။ သူ့ရင်ထဲခံစားချက်တွေက မရှင်းလင်းတော့။ ပေါ်လင်းရဲ့ သူ့ကိုအကြည့်နဲ့ ပြောချင်နေတဲ့ စကားအဓိပ္ပါယ်ကို သိနေတော့ ပိုခံရခက်သည်။
"ရှန့်ခုံးက ကျွန်တော့်ကိုလဲ အဲ့လိုဓားနဲ့ထိုးသတ်လိမ့်မယ်ထင်လို့လား။ သူက ကျွန်တော့်ကို အဲ့လိုလုပ်မယ့်သူလား"
"ငါက အဲ့လိုပြောတာမဟုတ်ဘူး။ ငါ့ကို သူ့အဖေကိုယ်တိုင်က ဆက်သွယ်လာတာ။ သူ့စိတ်ရောဂါကုဆရာဝန်အလိုအရဆိုရင် သူက မင်းကိုအရမ်းလိုက်ရှာနေတယ်။ မင်းနဲ့ပတ်သတ်ရင် ပြင်းပြင်းထန်ထန် စွဲလမ်းမှုဖြစ်နေတယ်ဆိုတာပဲ။ မင်းတစ်ခုခုဖြစ်မှာတော့ ငါရော မင်းအဖေကရော စိတ်ပူတယ်လေ"
"ခင်ဗျားနဲ့ ဘိုးတော်က မယူကြသေးဘူးလား"
ရိပေါ်ရဲ့ဒဲ့တိုးအမေးကြောင့် ပေါ်လင်းမျက်နှာက ပန်းရောင်သန်းသွားသည်။ ရိပေါ်နားမလည်နိုင်တဲ့အထဲ ပေါ်လင်းရဲ့ သူ့အဖေအပေါ်ထားတဲ့ သဘောထားလဲပါသည်။ ပေါ်လင်းလို ချောမောလှပပြီး ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ကြိုက်တဲ့ယောကျာ်းတစ်ယောက်ခေါင်းခေါက်ယူလို့ရနိုင်ပေမယ့် ဘာကြောင့်ရယ်မသိ အေးတိအေးစက်နဲ့ ခံစားချက်ကင်းမဲ့လွန်းပြီး အလုပ်တွေပဲဖိလုပ်နေလို့ အသက်နဲ့မလိုက်အောင် အိုစာနေတဲ့ ရိပေါ်အဖေကိုမှ မေတ္တာရှိနေရတာလဲ။ ပေါ်လင်းကိုရိပေါ်သိခဲ့တာ ကြာပြီ အခုအထိ သူ့အဖေရဲ့ ရည်းစားဆိုလဲမဟုတ် အလုပ်အတူတူတွဲလုပ်နေကြသည့် ပါတနာသဘောသာရှိသည်။
"မင်းအဖေက ငါ့ကိုမချစ်ပါဘူး"
ပေါ်လင်းက ခပ်လေးလေး လေသံနဲ့ညည်းသည်။
"အဲ့ဒါဆိုလဲ တခြားယောကျာ်းယူတော့လေဗျာ။ ခင်ဗျားလဲ အချိန်ဖြုန်းမနေနဲ့"
ရိပေါ် ပြောနေကျစကားကို ထပ်ပြောတော့လဲ ပေါ်လင်းက ခပ်ယဲ့ယဲ့ပဲ ပြုံးသည်။
"ငါထွက်သွားရင် သူ့ဘေးမှာ ဘယ်သူရှိတော့မှာလဲ။ သူတစ်ယောက်ထဲ အထီးကျန်ပြီး ခံစားနေရမှာ"
"ဒါပေမယ့် ဘိုးတော်က ချစ်တတ်လို့လား။ ခင်ဗျားပဲ နာကျင်နေရမှာ"
ပေါ်လင်းက ရိပေါ် ပုခုံးကိုဖက်လိုက်ပြီး ခပ်ဖြည်းဖြည်းချင်းပုတ်နေပုံက ကလေးငယ်ငယ်လေးတွေကို ချော့နေသလိုမျိုး
"သူက ချစ်တတ်ပါတယ်ကွာ။ သူချစ်တာကိုမပြတတ်တာနေမှာပါ။ မင်းကိုဆိုလဲ သူအမြဲတမ်းစိတ်ပူနေတာပါ"
"ထားလိုက်ပါတော့"
ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အဖေနဲ့ သူ့ကြားက သဘောထားကွဲလွဲမှုတွေဆိုတာ နားလည်အောင်အဖြေရှာဖို့ ခက်ခဲနေဆဲ။
---------------------------------------------
"မင်းတစ်ယောက်ထဲလား ရှောင်းကျန့်"
"မင်းကရော ငါ့အိမ်နားဘာလာလုပ်နေတာလဲ"
ရှောင်းကျန့်တစ်ယောက်ထဲ ဖြစ်နေတာ မြင်ရက်နဲ့ ဘေးကနေလိုက်လျှောက်လိုက်လာတဲ့ ရှန့်ခုံးလိုက်မမှီအောင် ခြေလှမ်းကိုချဲလိုက်ပေမယ့် ရှန့်ခုံးက လက်မလျော့ပဲ သူ့နောက်ကနေ အပြေးတပိုင်းလိုက်လာသည်။
"မင်းကိုလိုက်စောင့်ရှောက်ပေးတယ်လို့ သဘောထားလိုက်စမ်းပါ။ မင်းဦးလေးဆိုတဲ့လူ ရောက်လာရင် ဘယ်လိုလုပ်မလဲ"
ရှောင်းကျန့်ခြေလှမ်းတွေရပ်သွားသည်။ သူ့ကို ပြုံးပြီးကြည့်နေတဲ့ ကျိရှန့်ခုံးရဲ့ ခပ်ချောချောမျက်နှာဟာ ဒီလောက်ကြောက်စရာကောင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိ။
"မင်းဘာတွေပြောနေတာလဲ"
ရှောင်းကျန့်ရဲ့ အံကြိတ်သံနဲ့ အမေးကို ရှန့်ခုံးက ခပ်လွယ်လွယ်ပဲ ခါချလိုက်သည်။
"မင်းရဲ့ အဲ့ဒီဦးလေးကြောင့် မနေ့က ဆေးရုံမှာ ရန်ဖြစ်တာမလား။ ဒါကြောင့်ငါကမင်းကိုအဖော်လာလုပ်ပေးတာ။ မင်းက ဘာတွေတွေးပြီး စိတ်တိုနေတာလဲ"
ကျိရှန့်ခုံးက သူ့ကို ကြွက်ကလေးငှက်ကလေးကို ဖမ်းမိပြီး မစားခင်ဆော့နေတဲ့ ကြောင်တစ်ကောင်လို ပြုမူနေတယ်ဆိုတဲ့ ခံစားချက်မျိုးက ကျောရိုးတလျှောက်စိမ့်တက်လာသည်။
"ရိပေါ်လဲမလာဘူးဆိုတော့ ငါမင်းကို လိုက်စောင့်ပေးတာ ရိပေါ်က သဘောကျမှာပါ"
ရှန့်ခုံးကို ဆန့်ကျင်နေပြီး သူဘာတွေတွေးနေလဲဆိုတာ လိုက်တွေးရင် ရှောင်းကျန့်လဲ ရူးသွားမည်ထင်သည်။ ရှန့်ခုံးဘာသာ လုပ်ချင်တာလုပ်ပါစေ ရှောင်းကျန့်ကလဲ သူ့ဖလိုးနဲ့သူ သွားနေပြီး ရှန့်ခုံးလက်က လွတ်မြောက်မယ့် ထွက်ပေါက်ကို ရှာဖွေရမည်။
ကျောင်းအသွားလမ်းတလျှောက် ရှောင်းကျန့်က ရှန့်ခုံးနဲ့ တတ်နိုင်သမျှ ခပ်ခွာခွာနေသလို ရှန့်ခုံးကလဲ သူနဲ့ ခပ်လှမ်းလှမ်းမှာပဲနေတာမို့ တချက်တော့လုံခြုံစိတ်ချရသည်။
ကျောင်းရှေ့ရောက်တော့ ရိပေါ်က အသင့်စောင့်နေတာမို့ ရှောင်းကျန့် ရိပေါ်နားကို အပြေးတပိုင်းနဲ့သွားမိသည်။ ရှန့်ခုံးကတော့ သူဘာမှမမြင်မသိတဲ့သူလို သူနဲ့ ရိပေါ်ဘေးကနေ ခပ်တည်တည်ပဲ ဖြတ်လျှောက်သွားသည်။
ရှန့်ခုံးရဲ့ ပစ်မှတ်က ရိပေါ်ကနေ ရှောင်းကျန့်အနားကိုပြောင်းလာသလားထင်ရအောင် ကျောင်းဆင်းချိန်ဆိုလဲ ရှောင်းကျန့်ကို သိသိသာသာစောင့်ကြည့်နေသည်။ ပြီးတော့ ရိပေါ်နဲ့အတူတူ တွေ့ရရင်ကျ ရှောင်ထွက်သွားပြန်သည်။
"ရှန့်ခုံးက ဘာဖြစ်နေတာလဲ" လို့ရိပေါ်က ထုတ်ပြောလာရတဲ့အထိ အခြေအနေက မတင်မကျနဲ့ ထူးဆန်းလို့နေသည်။
နောက်တစ်နေ့တော့ ရှောင်းကျန့်လဲ မနေသာပဲ ဆေးရုံပြန်သွားရသည်။ အာရီးကို သူဘယ်လောက်ပဲ စိတ်ဆိုးတယ်ဆိုဆို ဘယ်လိုလုပ်ပစ်ထားနိုင်မလဲ။
ဒါပေမယ့် အာရီးရဲ့အခန်းအဝင်ဝတင် အထဲကိုဝင်မယ့် ခြေလှမ်းတွေရပ်သွားသည်။ ကုတင်ပေါကိုယ်တပိုင်းလှဲနေတဲ့ အာရီးကို ချိန်မင်ကွမ်းက မုန့်ခွံ့ကျွေးလို့။ ရှောင်းကျန့် အထဲမဝင်တော့ပဲ ပြန်လှည့်ထွက်ရမလား စဉ်းစားနေစဉ် အာရီးကမြင်သွားပြီး လှမ်းခေါ်လိုက်သည်။ အာရီးခေါ်သံနဲ့အတူ ချိန်မင်ကွမ်းကလဲ ချက်ချင်းနေရာက ထလာသည်။
"ရှောင်းကျန့် ခဏလေးနေပါဦး ဦးလေးစကားပြောချင်လို့ပါ"
ချိန်မင်ကွမ်းလက်နဲ့ သူ့အသား ထိမှာစိုးပြီး ရှောင်းကျန့်ကရှောင်ဖယ်လိုက်သည်။ အတတ်နိုင်ဆုံး သူနဲ့ဝေးဝေးကနေ ရှောင်းကွင်းလို့ လူနာခန်းထဲဝင်လာခဲ့သည်။
"အာရီး သက်သာလား"
အာရီးက ခေါင်းငြိတ်ပြပြီး ရှောင်းကျန့်လက်တဖက်ကို ဆုပ်ကိုင်လာသည်။ အာရီးက သူ့ကို ဘာမှမပြောပေမယ့် မျက်ဝန်းထဲမှာ တောင်းပန်နေတဲ့ အရိပ်ယောင်တွေ ပြည့်နှက်နေသည်။ တကယ်တမ်းကျ သူက တောင်းပန်ရမှာမလား။ အာရီးကို တသက်လုံးပဲ ဒုက္ခပေးခဲ့တဲ့တူ။ စိတ်ထိခိုက်စရာ ပင်ပန်းစရာတွေချည်းပေးခဲ့တာ။ သူ့ကိုသာ မျက်ကွယ်ပြုနိုင်ခဲ့ရင် အာရီးဟာ သူ့လက်တွဲဖော်နဲ့ မိသားစုဘဝ တစ်ခုကို ပျော်ပျော်ရွှင်ရွှင်ထူထောင်နိုင်မှာပဲ။
ရှောင်းကျန့် သက်ပြင်းချပြီး အာရီးလက်ကို ပြန်ဆုပ်ကိုင်လိုက်သည်"
"အာရီးသဘောပါ။ အဲ့ဒီလူကို အာရီးယုံတယ်ဆိုရင် သားက ဘာတတ်နိုင်မှာလဲ"
သူ့ရင်ထဲက နာကြင်မှုတွေကိုတော့ အာရီးနားလည်ပေးနိုင်ဦးမည်ထင်ပါသည်။
ချိန်မင်ကွမ်း က ပြာပြာသလဲရှေ့တိုးလာပြီး
"ဦးလေးကတိပေးပါတယ်ရှောင်းကျန့်။ နောက်ထပ် ဘယ်လိုအမှားမျိုးမှ ထပ်မဖြစ်စေရပါဘူး။ ရှောင်းယွီကိုရော မင်းကိုရော မိုးနတ်မင်းရှေ့မှာ သစ္စာဆိုပြီး အာမခံပါတယ်"
့အာရီးရဲ့လက်တွေက သူထွက်ပြေးချင်ရင်တောင် ပြေးမရအောင် တင်းတင်းဆွဲထားသလိုခံစားရသည်။ အခုဖြစ်လာတဲ့အခြေအနေတွေမှာ ရှောင်းကျန့်ဘာတတ်နိုင်မှာလဲ။
"အာရီး ဆေးရုံက ဆင်းပြီးရင် ကော အိမ်ပြောင်းရမယ် ရိပေါ်"
ရိပေါ်က မေးခွန်းထုတ်တဲ့မျက်နှာနဲ့ကြည့်ပေမယ့် ဘာမှမမေး။ သူ့ကြည့်ရတာ ဒါက ဖြစ်ရိုးဖြစ်စဉ်လို့ပဲသိထားသလို။
"ကျောင်းနဲ့ ဝေးလား"
သူသိချင်တာက ဒီလောက်ပါပဲ။ ဒီ့ထက်ပိုပြီးလဲ ရှောင်းကျန့်ကမပြောချင်ပါ။ သူပြောလိုက်တော့ကော ရိပေါ်ကို ဒေါသထွက်အောင် ပူပန်အောင်လုပ်မိမှာကလွဲလို့ ဘာများပိုထူးခြားမှာလဲ။ ရှောင်းကျန့် တိတ်ဆိတ်နေလိုက်သည်။
အာရီးဆေးရုံတက်နေတဲ့အတောအတွင်း နေ့လည်စာထမင်းဗူးပါမလာတဲ့ ရှောင်းကျန့်အတွက် ရိပေါ်က နေ့လည်စာဝယ်ကျွေးတတ်သည်။ လူရှုပ်တဲ့ ကန်တင်းကိုရှောင်တဲ့အနေနဲ့ ဘတ်စ်ကတ်ဘောကွင်း အစွန်း ခုံတန်းတွေမှာ သူတို့နှစ်ယောက်ထဲ အတူတူ ထမင်းစားကြသည်။ အရင်က သူရိပေါ်ကို မသိခင်တုန်းကလိုသာဆို ဒီလို ကျောင်းရဲ့ ဒိတ်ဒိတ်ကြဲ လူဆိုး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးက သူ့ကို ကြက်သားနွှာပေးနေမယ့် အခြေအနေမျိုးဟာ ရှောင်းကျန့် စဉ်းစားလို့တောင်မရခဲ့။ တစ်ယောက်ယောက်က ဝမ်ရိပေါ်က သူ့ကိုဒီလိုဂရုစိုက်မှာပါလို့ပြောလာရင် ရှောင်းကျန့် ခေါင်းကိုသာ တွင်တွင်ခါ မိမည်ထင်သည်။ အခုက် ရိပေါ်နဲ့သူ့ကြားက ဆက်ဆံရေးလေးက ရှောင်းကျန့်အတွက် အဖိုးအတန်ဆုံး ဖြစ်နေပြီ။
"ကျန့်ကော အိမ်ပြောင်းတာ လိုက်ကူပေးရမလား"
ရိပေါ်ရဲ့ ကမ်းလှမ်းချက်ကို သူ ကမန်းကတန်းပဲ ငြင်းဆိုလိုက်ရသည်။ ရိပေါ်နဲ့ ချိန်မင်ကွမ်းတို့ ထိပ်တိုက်တွေ့ကြရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သူကြိုသိနေသည်။ ပြီးတော့ အာရီးက ရိပေါ်ဘက်ကလိုက်မှာမဟုတ်။
"ကောအဆင်ပြေပါတယ်။ ပြောင်းရွှေ့ဖို့ ကုမ္ပဏီတစ်ခုငှါးထားတယ်"
ရိပေါ်နှုတ်ခမ်းက ဆူထွက်လာပြီး သူ့လက်ကိုလှမ်းကိုင်လိုက်တာမို့ ရှောင်းကျန့်တွန့်သွားသည်။ ရိပေါ်ရဲ့ အထိအတွေ့တွေကို သူအသားကျနေပြီဆိုပေမယ့် ဒီရက်ပိုင်း သူ့စိတ်က မူမမှန်ချင်
"ကောကိုကျွန်တော်လုပ်ပေးနိုင်တာ ဘာမှမရှိဘူးလား"
ရိပေါ်လက်ကို သူတင်းတင်းပြန်ဆုပ်ကိုင်ထားမိသည်။ အခုအချိန်မှာ သူ့အတွက် အင်အားဆိုတာ ရိပေါ်တစ်ယောက်ထဲသာလျှင်ရှိတော့တာပဲ။ ရှောင်းကျန့်ဖြေးဖြေးချင်း ခေါင်းခါပြလိုက်သည်။
"ကောဘေးမှာ မင်းရှိနေပေးတာ လုံလောက်ပြီ"
ရိပေါ်ရဲ့ ပြုံးဖြဲဖြဲမျက်နှာကိုကြည့်ပြီးမှ သူလဲ ရှက်ရကောင်းမှန်းသိတော့သည်။ ရိပေါ်က အရမ်းတွေ တက်ကြွသွားသလိုပဲ။
"ကျန့်ကောရာ ကောနဲ့အတူတူ ဒီ့ထက်ပိုပြီးအချိန်ဖြုန်းချင်တာ။ စနေတနင်္ဂနွေ အလုပ်က ရှိနေတာခက်တယ်"
ရှောင်းကျန့်စကားကိုနာေးထာင်ပြီး ကလပ်မှာ လက်ဝှေ့ထိုးတဲ့အလုပ်ကိုစွန့်လွှတ်လိုက်တော့ သူ့ဝင်ငွေရလမ်းက ကြပ်သွားသည်။ Grand prix ကလဲ ဝင်ချင်သေးတာမို့ သူတို့အဖွဲ့ စပွန်ဆာတွေ ကြော်ငြာတွေမရမချင်း ရိပေါ်က သူ့ဝမ်းသူကျောင်းရဦးမည်။
သူ့ဟာနဲ့သူတောင် ရွာလည်နေတဲ့ကောင်လေးကို ရှောင်းကျန့်က ဝန်ပိုတွေထပ်မပေးရက်ပါ။
ဒါပေမယ့် စနေနေ့အိမ်ပြောင်းတော့ ရှောင်းကျန့်မတွေ့ချင်တဲ့သူက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ အိမ်အပြောင်းအရွှေ့ ကုမ္ပဏီ ဝတ်စုံဝတ်ထားတဲ့ ကျိရှန့်ခုံးက သူ့မူပိုင် မျက်လုံးတွေမှိတ်သွားအောင်ပြုံးရင်း ရှောင်းကျန့်အိမ်ထဲကို ဝင်လာခဲ့သည်။
"မင်း ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတယ်လို့မပြောနဲ့"
ရိပေါ်ပြောထားလို့ ရှန့်ခုံးရဲ့ နောက်ခံမိသားစုအင်အားကိုသိနေတဲ့ ရှောင်းကျန့်က သူ့ပုံစံကို မယုံရေးချမယုံနိုင်ပါ။ ရှန့်ခုံးကတော့ ရှောင်းကျန့် ယုံတာမယုံတာတွေကို ဂရုလဲမစိုက် အလေးလဲမထား။
"ငါ့အဖေက ငါ့ကိုမထောက်ပံ့လို့ အလုပ်ကြမ်းလုပ်နေရတယ်လို့ပဲ မှတ်ထားလိုက်ပေါ့"
တကယ်တမ်းကျ ရှန့်ခုံးက ဘာမှမလုပ်ပါ။ သူ့အိမ်ထဲက ပစ္စည်းတွေ ရွှေ့ပြောင်းနေကြတဲ့အလုပ်သမားတွေနဲ့ အာရီးရှေ့မှာ ဟိုဒီသွားရင်း ရှောင်းကျန့်ပစ္စည်းတစ်ချို့ကို လှန်လှောကြည့်ကာ စပ်စုနေသည်။
"ကျန့်ကျန့်သူငယ်ချင်းလား"
အာရီးတောင်မနေနိုင်ပဲစိတ်ဝင်တစားမေးရတဲ့အထိ ရှန့်ခုံးက ရဲတင်းလွန်းလှသည်။ ရှောင်းကျန့်ကသူ့ကို ဥပေက္ခာပြုဖို့ကြိုးစားလဲ မရ။ ရှန့်ခုံးရဲ့ရည်ရွယ်ချက်ရှိရှိနှောင့်ယှက်မှုက သူသည်းမခံနိုင်လောက်စရာ။
အာရီးကို ချိန်မင်ကွမ်းလာကြိုတဲ့ကားနဲ့ ထည့်ပေးလိုက်ပြီး သူက ပစ္စည်းတွေတင်တဲ့ ထရပ်ကားနဲ့လိုက်မယ်လို့ အကြောင်းပြချက်ပေးပြီး နောက်ချန်နေရစ်ခဲ့လိုက်သည်။ ပစ္စည်းတင်တဲ့ ထရပ်ကားထွက်သွားတော့ သူနဲ့ ရှန့်ခုံးနှစ်ယောက်ထဲ တိုက်ခန်းအလွတ်ထဲ ကျန်နေရစ်ခဲ့သည်။ သူက တမင်ချန်နေရစ်တာဖြစ်ပြီး ရှန့်ခုံးကလဲ သူနဲ့အတူ ကျန်ရစ်ခဲ့တာဖြစ်သည်။
"မင်းဘာလုပ်ချင်လို့. . . "
သူ့စကားမဆုံးခင်မှာတင် သူ့နှာခေါင်းနဲ့ပါးစပ်ပေါ်ပုဝါတထည် အုပ်လိုက်တာခံရပြီး စိမ်းရွှင်ရွှင်အနံ့ဆိုးက နှာခေါင်းထဲ ထောင်းကနဲဝင်လာသည်။ ရှောင်းကျန့် ချက်ချင်းအသက်အောင့်ပြီး ရုန်းထွက်လိုက်ပေမယ့် ဒီမေ့ဆေးက ပြင်းထန်လွန်းလှတော့ သူ မူးဝေပြီးပျို့အန်ချင်သလိုဖြစ်လာသည်။
ရှန့်ခုံးက သူ့ဆံပင်တွေကို လက်တစ်ဖက်နဲ့ ဆုပ်ဆွဲပြီး အိပ်ခန်းဘက်တရွတ်တိုက်ဆွဲသွားတာမို့ ရှောင်ကျန့် ခြစ်ကုတ်ပြီး ရုန်းထွက်ပေမယ့် ခေါင်းထဲမှာချာချာလည်နေတဲ့ ခံစားချက်ကြောင့် လူက ထင်သလိုမရုန်းနိုင်။
ကြမ်းပြင်ပေါ်တွန်းလှဲပြီး သူ့ကိုယ်ပေါ်အုပ်မိုးလာတဲ့ ရှန့်ခုံးလက်ထဲက ကြောက်လန့်တကြားရုန်းပေမယ့် ရှောင်းကျန့် လက်တွေ ခြေတွေက အကြောကပ်နေသလို သူလိုရာဆီကိုမရောက်။
သူ့ကိုယ်ပေါ် ထိတွေ့လာတဲ့ ခပ်ကြမ်းကြမ်းလက်တွေ။ အင်္ကျီနဲ့ ဘောင်းဘီကို ဆွဲချွတ်ဖို့ ကြိုးစားနေတယ် ဆိုတဲ့အသိ။
ရှောင်းကျန့် တကိုယ်လုံးကို ကြောက်ရွံ့စိတ်က ဖုံးလွှမ်းလာသည်။ ဒီလိုအခြေအနေကို သူကြုံဖူးသည်။ ရုန်းကန်နေတာ အားလုံးရပ်သွားပြီး သူ့တကိုယ်လုံးအေးစက်တောင့်တင်းလို့။ အသံကုန်ခြစ်အော်လိုက်ချင်ပေမယ့် ဘာသံမှထွက်မလာတော့။ အသက်ရှူနှုန်းနဲ့ နှလုံးခုန်သံတွေမြန်လိုက်တာမှ သူ့ရင်ဘတ်တစ်ခုလုံးပေါက်ထွက်တော့မလို။ ဒါပေမယ့် လည်ပင်းမှာ ခံစားနေရတဲ့ တစ်ဆို့မှုကြောင့် ဦးဏှောက်က လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကို လုံလုံလောက်လောက်မရပဲ တချက်တချက် အမှောင်ထုက သူ့အာရုံတွေကိုလွှမ်းခြုံသွားသည်။
သူသေပါရစေ။
သူသေလိုက်ပါရစေ။
အခုလိုငရဲမျိုးထက် ငြိမ်းငြိမ်းချမ်းချမ်းပဲ ဘဝကိုအဆုံးသတ်ပါရစေ။