"ကျန့်ကော"
သူကျောင်းဝင်းထဲဝင်ခါနီး အနောက်မှာ ဆိုင်ကယ်ထိုးရပ်သံနဲ့ ရိပေါ်ရောက်လာသည်။ ရှောင်းကျန့်က လှည့်ကြည့်တော့ သူ့မျက်နှာက ခပ်အမ်းအမ်းနဲ့ တခုခုကိုစကားစဖို့ ခက်နေသလို
"ကျန့်ကော မနေ့ညကလေ"
"လက်ပတ်ပြန်ယူချင်လို့လား"
သူလက်ထောင်ပြပြီးမေးတော့ ရိပေါ်က ခေါင်းခါပြီး
"မယူပါဘူး။ နမ်းတဲ့ကိစ္စပြောမလို့။ ကျန့်ကော တမျိုးမထင်နဲ့လို့။ ကျွန်တော် အမေရိကားမှာနေတုန်းက အဲ့လိုပဲ။ ဘာရယ်မဟုတ်ဘူး သူငယ်ချင်းအချင်းချင်း ခင်တယ်ဆိုလဲ နမ်းတာပဲ။ အဲ့ဒါ. . ."
"အင်း ဘာမှစိတ်မပူနဲ့ ငါနားလည်တယ်"
"ကျန့်ကော စိတ်မဆိုးဘူးမလား"
သူပြုံးပြီးခေါင်းခါပြတော့ ဆိုင်ကယ်ကိုတရကြမ်းမောင်းထွက်သွားတဲ့ ရိပေါ်ကိုကြည့်ပြီးသက်ပြင်းချလိုက်သည်။ သူပြုံးနေရပေမယ့် အနည်းငယ်တော့ နာကျင်ရပါသည်။ ဒါပေမယ့် သူလက်ခံရမယ်မလား။ ရိပေါ်ကယောကျာ်းလေးလေ။ အခိုက်တန့်လေး ခံစားချက်ကြောင့် နမ်းမိတာ နဲ့ သူက ရှောင်းကျန့်ကို ရည်းစားလိုသဘောထားမယ် မတွေးသင့်ဘူးမလား။
ရိပေါ်က သူတို့ကျောင်းပြောင်းလာကတည်းက နာမည်ကြီးတဲ့သူ။ သူ့ရဲ့ ခပ်ဆိုးဆိုးဂျစ်တစ်တစ်ပုံစံလေးကိုက မိန်းကလေးတွေကို ပိုဆွဲဆောင်နိုင်တာဖြစ်မည်။ ဒါပေမယ့် ရှောင်းကျန့်သိတဲ့ ရိပေါ်ကတော့ ဂရုစိုက်တတ်သည်။ သူ့အပေါ်ကာကွယ်မေးချင်သည်။ ပြီးတော့ နူးညံ့သည်။
ဒါကြောင့်ရှောင်းကျန့်ကရော ရိပေါ်ကို သဘောကျလားလို့မေးရင် သူလဲသဘောကျတယ်လို့ဖြေရမှာပဲ။ ဒါပေမယ့် နှစ်ယောက်လုံးက ယောကျာ်းလေးတွေမို့ သဘောကျတာထက်ဘာပိုနိုင်မှာလဲ။ ရှောင်းကျန့်အတွက်ကတော့ ရိပေါ်အနားမှာ နေလို့ရသမျှနေချင်သည်။ တချိန်ချိန်မှာ ရိပေါ်က အနှောင့်အယှက်ဖြစ်တယ် ထွက်သွားပါတော့လို့တောင်းဆိုလျှင် ထွက်သွားမည်။ အခုတော့ ရိပေါ်ရဲ့ အညိုဖျော့ဖျော့မျက်ဝန်းတွေကိုသူမြင်ချင်လှသည်။
"ရိပေါ် နည်းနည်းခေါင်းမော့ပါလား"
ရှောင်းကျန့်ကပြောလဲ ရိပေါ်က ဖုန်းကနေမျက်လုံးမခွာ။ သူအိပ်မပျော်အောင် ဂိမ်းပေးဆော့ထားတာ အခုတော့ ဘယ်လိုမှကို ခေါင်းမော့ခိုင်းလို့မရတော့။ သူ့ hero သေသွားမှ ဆူပုတ်ပုတ်နဲ့ ခေါင်းမော့တော့သည်။
"ကျန့်ကော..ဒီကနေကြည့်ရင် ဘတ်စကတ်ဘောကွင်းကိုမြင်ရတယ်"
ရိပေါ်က ပြတင်းပေါက်က မြင်ကွင်းကိုသတိထားမိပြီး သူ့အာရုံက အဲ့ဒီကိုရောက်သွားပြန်သည်။
"ငါ ဘတ်စကတ်ဘောဆော့နေရင် ကျန့်ကောဒီပေါ်ကနေကြည့်နေတယ်မလား"
ရှောင်းကျန့် ရေငုံနှုတ်ပိတ်နေပေမယ့် နားရွက်တွေကတော့ ရဲတက်လာမှာအသေချာ။ ရိပေါ်က ခုံပေါ်မှာ အကြောဆန့်လိုက်ရင်း
"အား.. ပျင်းလိုက်တာ ငါလဲ ဘတ်စကတ်ဘောလေးဘာလေးဆော့ချင်လိုက်တာ"
ခဲခြစ်နေတဲ့ ရှောင်းကျန့်လက်ချောင်းတွေ ရပ်တန့်သွားသည်။ ခုံပေါ်မှာ ပျင်းပျင်းရိရိနဲ့ထိုင်နေတဲ့ ရိပေါ်ကိုကြည့်ပြီး စိတ်မကောင်းသလိုလို ဖြစ်လာသည်။ သူက ရိပေါ်ကို ဆွဲထားသလိုဖြစ်နေခဲ့တာ။ ပန်းချီကားတစ်ချပ်နဲ့ ချည်နှောင်ထားပြီး သူ့အနားကိုခေါ်ထားခဲ့မိတာ။
"ရိပေါ်. . ဟို sketch လေးပြန်ပေးလို့ရမလား။ ငါ ဆီဆေးဆွဲမှာ အခုမှ စဆွဲရမှာမို့"
"ဟင်. . ကျန့်ကောက မဆွဲရသေးဘူးလား။ အင့်. .ယူ။ ဒါပေမယ့် ပြီးရင်တော့ သေချာပြန်ပေးနော်"
ရိပေါ်က ချက်ချင်း သူ့ကျောပိုးအိတ်ထဲက ထုတ်ပေးသည်။ သွားလေရာ ဒီပန်းချီကားကိုယူသွားတာတဲ့လား။
"ရိပေါ် နည်းနည်းငြိမ်ပေးပါလား"
အခန်းထောင့်က အသံကြောင့်လှည့်ကြည့်မိတော့ ရှောင်းကျန့်တို့ ပန်းချီသင်တန်းက နောက်ထပ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ မင်းယွီ။ ရိပေါ်က ရုတ်တရက်ထသွားတာမို့ ရှောင်းကျန့်တားဖို့်အချိန်မရလိုက်။
"မင်းကို ငါ့ပုံတူဆွဲဖို့ ဘယ်သူက ခွင့်ပြုလို့လဲ"
ရိပေါ်က ပြောရင်းဆိုရင်း မင်းယွီ ပုံကြမ်းဆွဲထားတဲ့ စာရွက်တွေကို ယူပြီး ဖြဲလိုက်သည်။ ရှောင်းကျန့်အားနာပေမယ့် ဒါကရိပေါ်ရဲ့ ပုံစံမို့ သူတားလဲအလကားပဲဆိုတာ သိနေသည်။
မင်းယွီကလည်း နည်းနည်းမှ အံ့သြပုံမပေါ် "ဒါဆို မင်း ငါ့ကိုဘာလို့ မော်ဒယ်မထိုင်ပေးလဲ။ တစ်နာရီ ဘယ်လောက်လိုချင်လဲ"
ရိပေါ်က သူ့နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ကိုခါရင်း ခနဲ့တဲ့တဲ့ရီပြီး ရှောင်းကျန့်ဆီပြန်လျှောက်လာသည်။ မင်းယွီပြောတဲ့ စကားကို အဖက်လုပ်ဖြေစရာမလိုလို့ ထင်ပုံရသည်။
"ဝမ်ရိပေါ် ငါတကယ်ပြောတာ။ မင်းပုံကို ဆွဲပြီး အခုလာမယ့် လူငယ် ပန်းချီပြပွဲမှာ ပြိုင်ပွဲဝင်ချင်တယ်"
လူငယ်ပန်းချီပြိုင်ပွဲမှာ မင်းယွီဝင်ပြိုင်တာနဲ့ အနိုင်ရနိုင်တယ်ဆိုတာ ရှောင်းကျန့်လဲသိနေသည်။ မင်းယွီက သူတို့ပန်းချီအတန်းမှာ အတော်ဆုံးကျောင်းသား။ ဒါပေမယ့် ရိပေါ်ကတော့ အာရုံနောက်တယ်ဆိုတဲ့ ပုံစံနဲ့ ရှောင်းကျန့်ကိုပဲမျက်နှာမူနေသည်။ မင်းယွီကလဲ လက်လျှော့မယ့်ပုံမပေါ် "မင်းက subject တစ်ခုအနေနဲ့ အရမ်းပြည့်စုံတယ်။ အချိုးအစား ကိုယ်နေဟန်ထားက ငါဆွဲချင်တဲ့ ပုံအတွက် ကွက်တိပဲ"
ရိပေါ်က မင်းယွီကို ဘာမှမပြောပဲ လေလေးတချွန်ချွန်နဲ့ အခန်းထဲကို ဝေ့ဝဲကြည့်နေ၏။ ရိပေါ်မျက်လုံးက တနေရာမှာရပ်သွားပြီး
"ဒါမင်းဆွဲတာလား"
"ဟုတ်တယ်"
မင်းယွီက ဂုဏ်ယူစွာနဲ့ခေါင်းမော့ရင်ကော့ဖြေသည်။ သူ့ပန်းချီကားက တခြားပန်းချီကားတွေနဲ့ယှဉ်ရင် သိသိသာသာကို ကွဲပြားနေ၏။
"ထင်ပါတယ်"
ဒါပေမယ့် ရိပေါ်ပြောတဲ့ပုံစံက ခပ်မဲ့မဲ့။ ပြီးတော့ စိတ်မဝင်စားတော့သလို ရှောင်းကျန့်ဘက်ပြန်လှည့်လာသည်။
"မင်းအမူအယာက ဘာသဘောလဲ ဝမ်ရိပေါ်"
"ဘာကိုလဲ"
"ငါ့ပန်းချီကားကို လုပ်ပြတဲ့ မင်းအမူအယာ"
"မင်းပန်းချီကားက မင်းလိုပဲ ကြည့်ရတာသိပ်လှတယ်။ ဒါပဲ"
"ဘာကိုဒါပဲလဲ။ ပြောကြည့်ပါဦး"
"ဒါပဲဆိုတာ ဒါပဲပေါ့။ မင်းပန်းချီကို ဘယ်လောက်ကောင်းအောင်ဆွဲနိုင်နိုင် လှအောင်ဆွဲနိုင်နိုင် ကြည့်ရတာ ဘာခံစားချက်မှမရှိဘူး။ လှတယ်. . ဒါပဲ။ ရှောင်းကျန့်ပန်းချီကားဆို ငါအမြဲခံစားချက် တခုခုရတယ်။"
မင်းယွီကထိုင်နေရာက ဝုန်းကနဲထရပ်လိုက်သည်။ မျက်နှာတစ်ခုလုံးနီရဲလို့ သူ့သက်တမ်းတလျှောက်မှာ သူ့လက်ရာကို ဒီလိုစော်ကားတာ တခါမှမကြုံဖူးခဲ့။
"မင်းလို ပညာမတတ် အောက်တန်းစား ငတုံးကို အဖက်လုပ်မိတာ ငါမှားတာ"
"မင်းယွီ.. မင်း ရိပေါ်ကို အဲ့လိုပြောစရာမလိုဘူး"
"စောက်ခြောက်နဲ့ စောက်ရူး"
ကြားကဝင်တားတဲ့ ရှောင်းကျန့် ကိုပါ ဆဲဆိုပြီး အခန်းထဲက ခြေဆောင့်ထွက်သွားကာ တံခါးကိုပါဝုန်းဒိုင်းကြဲ ပိတ်သွား၏။
ရှောင်းကျန့်က ရိပေါ်ကို စိတ်ပူပြီးလှည့်ကြည့်တော့ရိပေါ်မျက်နှာက ဘာမှမဖြစ်ခဲ့သလိုပင်။ ရှောင်းကျန့်ကို ပုခုံးတွန့်ပြီးတောင် ရီပြနေနိင်သေးသည်။
ရှောင်းကျန့်ကျောပိုးအိတ်ကသေးနေတာမို့ အထဲထည့်ရင် ကြေမှာစိုးတာနဲ့ အိမ်အပြန်မှာ ရိပေါ်ရဲ့ အမေနဲ့ကလေးပုံ sketchကိုလက်ကပဲကိုင်လာခဲ့သည်။
ဘတ်စ်ဂိတ်ကို အသွား လမ်းကြားမှာ ကျောင်းသားတစ်စု ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ရှောင်းကျန့်မျက်လုံးထောင့်က မြင်ဖြစ်အောင် မြင်လိုက်မိသည်။ ဝမ်းချင်နဲ့ တနေ့က သူ့ကိုဝိုင်းချုပ်ကြတဲ့အထဲမှာပါတဲ့ ကျောင်းသားတွေ။ ခြေလှမ်းကို တတ်နိုင်သမျှ မြန်သထက်မြန်အောင် လျှောက်လိုက်ပေမယ့် လက်ပြန်ရိုက်ခံရပြီး ပုံလဲသွားတဲ့ ဝမ်းချင်ကြောင့် ရှောင်းကျန့်ခြေလှမ်းက တုံ့သွားသည်။
သူ ဝင်ကူရမလား။ ဟင့်အင်း. . အဲ့ဒီလူတွေကို မနိုင်နိုင်တာ သေချာနေတာပဲ။ ရှောင်းကျန့်ရပ်ပြီးတွေဝေနေသည်။ သူဆက်လျှောက်သွားသင့်တာ သိပေမယ့် ဟိုကျောင်းသားက ဝမ်းချင် ဆံပင်ကဆွဲပြီး တရွတ်တိုက်ဆွဲချိန်မှာ ရှောင်းကျန့်မနေနိုင်ပဲ ပြေးသွားမိသည်။ လက်လွတ်တော့မဟုတ် အနီးမှာတွေ့တဲ့ ဒုတ်တချောင်းကို ကိုင်ပြီး အဲ့ဒီကျောင်းသားကျောကို ရိုက်လိုက်၏။ ဒုတ်က ခပ်ပွပွအသားမို့ထင်သည် အရိုက်ခံရတဲ့သူက ရှေ့ကို နှစ်လှမ်းလောက်သာ ကျွံသွားပေမယ့် ဒုတ်က ထက်ပိုင်းကျိုးသွားသည်။
ရှောင်းကျန့်ကြံရာမရနဲ့ ဝမ်းချင်လက်ကိုဆွဲပြီး ပြေးဖို့လုပ်ပေမယ့် ကျောင်းသားနှစ်ယောက်ထဲက တ
စ်ယောက်က ရှောင်းကျန့်ကို လှမ်းဆွဲထားသည်။ ရှောင်းကျန့် လွတ်အောင်ရုန်းပြီး ဝမ်းချင်ကိုလဲ လက်တဖက်ကဆွဲလို့ ဝရုန်းသုန်းကားပြေးထွက်လာခဲ့သည်။
ကွက်တိပင် ထွက်တော့မယ့်ဘတ်စ်ကားပေါ် သူတို့နှစ်ယောက်ပြေးတက်လိုက်နိုင်ခဲ့သည်။ ဘတ်စ်ကားနောက်က မမှီမကမ်းပြေးလိုက်လာတဲ့ ငတိနှစ်ကောင် ပြတ်ကျန်ရစ်ခဲ့တော့မှ ရှောင်းကျန့် သက်ပြင်းချနိုင်တော့သည်။
"နင်.. "
"ကိုယ်နဲ့မဆိုင်ပဲလဲ ဝင်ပါတာပဲလား"
ဝမ်းချင်က အခုထိ ရှောင်းကျန့်ဆွဲထားသေးသည့် လက်ကနေရုန်းပြီး ဘတ်စ်နောက်ဆုံးခုံတန်းမှာသွားထိုင်၏။ ရှောင်းကျန့်မှာ လိုက်ပဲထိုင်ရမလိုလို တခြားခုံမှာပဲထိုင်ရမလိုနဲ့။ နောက်ဆုံးတော့ ဝမ်းချင်ဘေးမှာပဲ ဝင်ထိုင်ပြီး သူ့လက်ကိုင်ပုဝါကို ကမ်းပေးလိုက်သည်။
"မင်းမျက်နှာသုတ်လိုက်ဦး"
ဝမ်းချင်က နှုတ်ခမ်းထောင့်စွန်းက သွေးစတွေကို ရှေူင်းကျန့်လက်ကိုင်ပုဝါနဲ့သုတ်ပြီး ပြန်ပစ်ပေးလိုက်သည်။
"နင့်လို နေရာတကာ စိတ်ကောင်းလိုက်ရှိပြနေတဲ့ လူတွေ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်"
ဝမ်းချင်ကို ရှောင်းကျန့်နားလည်သလိုလိုရှိလာသည်ထင်သည်။ ဝမ်းချင်က သူ့စိတ်ထဲက တမျိုးပါးစပ်ကတမျိုးပြောရင်း သူ့ကိုယ်သူအားတင်းတတ်တဲ့ မိန်းကလေးမျိုးထင်ပါရဲ့။
လက်ကိုင်ပုဝါကို ကျောပိုးအိတ်ထဲ ပြန်ထည့်ရင်းနဲ့မှ တခုခုလစ်ဟာနေမှန်း ရှောင်းကျန့်သတိထားမိသည်။ သွားပြီ ။ ရိပေါ်ရဲ့ ပန်းချီကား။
အူယားဖားယားနဲ့ ကားရပ်ပေးဖို့တောင်းဆိုတော့လည်း မှတ်တိုင်မဟုတ်လို့ရပ်မရတဲ့။
"နင် နမော်နမဲ့နဲ့"
ဝမ်းချင်က သူ့ကိုဆူပေမယ့်နောက်မှတ်တိုင်မှာ သူနဲ့အတူလိုက်ဆင်းပြီး အရင်နေရာကို ပြန်လိုက်လာသည်။ ဟိုကျောင်းသားနှစ်ယောက်ရှိနေမှာကြောက်တဲ့ကြားက ရိပေါ်ရဲ့ ပန်းချီကားကိုလမ်းကြားမှာ ပိုက်စိပ်တိုက်ရှာကြပေမယ့် အစအနတောင်မတွေ့ရ။
နောက်ဆုံးတော့ ရှောင်းကျန့်လဲ ကြံရာမရ လက်မှိုင်ချလိုက်ရည်။
"ရိပေါ် စိတ်ဆိုးနိုင်လား"
အဲ့ဒီမေးခွန်းရဲ့အဖြေကို ရှောင်းကျန့်လဲ မသိရဲ။ သူဆီဆေးဆွဲပြီးမှ ရိပေါ်ကို ပြောလိုက်မယ်ဆို ပိုသက်သာမလား။
အဲ့ဒီနေ့ကစပြီး ကျောင်းချိန်ပြီးတာနဲ့ ရိပေါ်အတွက်ပန်းချီကားကို ကြိုးစားဆွဲပေမယ့်ရှောင်းကျန့်အတွက် တစ်ခုခုလိုအပ်နေသလိုလို။ သူဖြစ်ချင်သလို လိုချင်သလိုပုံကထွက်မလာခဲ့။
နေ့လယ်စာစားချိန်မှာ ဘတ်စကတ်ဘောကွင်းအစွန်က သစ်ပင်အောက်မှာ သူ့ထမင်းဘူးကို မျှစားရင်း ရိပေါ်က မေးလာသည်။
"ကျန့်ကော ဘာလို့ ဒီရက်ပိုင်း ငါ့ကိုမခေါ်တာလဲ"
ညနေကျောင်းဆင်းရင် ရှောင်းကျန့်ကစောစောပဲအိမ်ပြန်ပြီး အိမ်မှာပဲ ပန်းချီဆွဲနေလိုက်တော့သည်။ ရိပေါ်ကို ပန်းချီခန်းကိုမလာစေချင်တာလဲပါသည်။ မင်းယွီနဲ့ ရိပေါ်ကို ထပ်မတွေ့စေချင်။ မင်းယွီက ဒီကျောင်းကိုရောက်လာကတည်းက ပန်းချီမှာပြိုင်ဘက်မရှိလို့ချီးကျူးခံရသူဆိုတော့ ရိပေါ်ရဲ့ ဝေဖန်ချက်ကို ဆတ်ဆတ်ခါနာသွားတာ ရှောင်းကျန့်သဘောပေါက်ပါသည်။ ဒါပေမယ့် ဒီအတွက်နဲ့ သူ့မှာ ရိပေါ်ကို ပြောချင်သလို ပြောခွင့်ရှိတယ်ဆိုတာတော့မဟုတ်။ သူစိတ်ထင်သလို ရိပေါ်ကို စော်ကားမော်ကားပြောတာ ရှောင်းကျန့်က မခံစားနိုင်ပါ။ ဒါကြောင့်လဲ တတ်နိုင်သမျှ ရန်ရှောင်တဲ့အနေနဲ့ ရိပေါ်ကို သူ့ပန်းချီခန်းကိုမလာစေချင်တော့။
သူဘာမှမပြောပဲ လက်ကျန် ကြက်သားလုံးကြော်တွေ ရိပေါ်ပါးစပ်ထဲ ထိုးထည့်ပြီး ထမင်းဘူးပိတ်လိုက်သည်။
"သွားစို့ အတန်းတက်ချိန်နီးနေပြီ"
ရိပေါ်က မကျေမချမ်းဝူးဝူးဝါးဝါးပြောနေပေမယ့် သူကမကြားချင်ယောင်ဆောင်ပြီးပဲရီနေလိုက်တော့သည်။
ကျောင်းဆောင်အထဲကိုရောက်တော့ နို့တစ်ဘုတ်မှာ ကျောင်းသားတွေ အုံလို့။ ကျောင်းတွင်းစာစောင် အသစ်ကပ်ထားပုံရသည်။
လူအုပ်နောက်ဘက်အစွန်မှာရပ်နေသည့် ဝမ်းနင်က သူတို့ဝင်လာတာမြင်တော့ လှမ်းမေးသည်။
"ကျန့်ကော. .လူငယ် ပန်းချီပြိုင်ပွဲအတွက် ကျန့်ကောရော မဝင်ပြိုင်ဘူးလား"
သူဝင်ပြိုင်လဲ ကျောင်းတွင်းအဆင့်မှာ မင်ယွီကို ကျော်ပြီး သူ့ကိုမရွေးဘူးဆိုတာ သိနေလို့ ရှောင်းကျန့်က မဝင်တော့တာ။ ပြီးတော့ ရိပေါ်အတွက် ပန်းချီကားကိုပဲ ဦးစားပေးဆွဲချင်လို့။
"ဟင့်အင်း တခြားဆွဲစရာရှိနေလို့"
အရှေ့မှာ ရပ်ပြီး သတင်းဖတ်နေကြတဲ့ ကောင်မလေးတွေထက် ခေါင်းတလုံးကျော်မြင့်နေတဲ့ သူတို့အရပ်ကြောင့် နို့တစ်ဘုတ်ပေါ်က သတင်းကိုအရှေ့တိုးစရာမလိုပဲ မြင်နေရသည်။ ချင်းနန် အထက်တန်းကျောင်း ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ပန်းချီကား ဆိုတဲ့ခေါင်းစဉ်အောက်က ပုံကြောင့် ရှောင်းကျန့်မျက်နှာပေါ်က အပြုံးတွေပျောက်သွားသည်။
သတင်းလွှာထဲက ဓာတ်ပုံမှာ ဖော်ပြထားတဲ့ ပန်းချီကားက အမေတစ်ယောက်ရဲ့ သူ့ရင်သွေးကို ထွေးပိုက်ထားတဲ့ပုံ။
ရှောင်းကျန့် ကျောင်းသူတွေကို တွန်းဖယ်ပြီး နို့တစ်ဘုတ်က သတင်းလွှာကို လက်တုန်တုန်နဲ့ပဲ ခွာယူလိုက်သည်။ ရေးဆွဲသူက မင်ယွီတဲ့လား။
ပန်းချီကားရဲ့ပုံက ရှောင်းကျန့် ဆွဲထားတာမှဆွဲထားတာ စစ်စစ်။
"ကျန့်ကော ဘာကြည့်နေတာ. . "
သူ့နောက်မှာလာရပ်ပြီးမေးတဲ့ ရိပေါ်အမေးက တပိုင်းတစမှာ ရပ်သွားသည်။ ရှောင်းကျန့်မော့ကြည့်တော့ သူ့ပုခုံးကိုကျော်ကြည့်နေတဲ့ ရိပေါ်အကြည့်တွေက အေးစက်လွန်းလှသည်။
"မင်းယွီ တန်းခွဲ 2-E"
နှုတ်ဖျားကနေ လေသံနဲ့ပဲ ဖတ်လိုက်တာပေမယ့် ဒီအသံရဲ့ အေးစက်မှုက ရှောင်းကျန့်နှလုံးခုန်ချက်ကိုတောင် ရပ်တန့်သွားစေသည်။
ချက်ချင်းပြန်လှည့်ထွက်သွားသည့် ရိပေါ် ကျောပြင်ကိုကြည့်ရင်း ရှောင်းကျန့်ဘာလုပ်ရမလဲမသိတော့။ သူ့လက်ထဲက သတင်းလွှာနဲ့ ရိပေါ်ထွက်သွားတဲ့ဘက်ကို အပြန်အလှန်ကြည့်ရင်း ဝေခွဲရခက်နေသည်။ ရိပေါ်ဘာလုပ်မယ်ဆိုတာ သူမသိတော့။
"ဘာဖြစ်တာလဲ"
ဝမ်းချင်က အနားရောက်လာပြီး ရှောင်းကျန့်လက်ထဲက သတင်းလွှာကို ဆွဲယူကြည့်သည်။ "ဒါ ဟိုနေ့က နင်ပျောက်သွားတယ်ဆိုတဲ့ ပုံလား"
သူနဲ့အတူတူ ပန်းချီကားကိုလိုက်ရှာဖူးတဲ့ ဝမ်းချင်ကရှောင်းကျန့်ပြောပြထားလို့ ပုံကိုမှန်းမိနေသည်။
"ဒီဟာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီဟာအတွက် ပုံကြမ်း"
"ချီးပဲ. . အတန်း 2-E ကဆို ဟိုကောင်တွေရှိတယ်။ သေကုန်တော့မှာပဲ"
ဝမ်းချင်က ပြောရင်း ရိပေါ်သွားတဲ့ဘက်ပြေးလိုက်သွားမှ ရှောင်းကျန့်လဲ လိုက်ဖို့ သတိရသည်။
အတန်း 2-E က ထမင်းစားပြန်မတက်သေးခင် စာသင်ခန်းတွေထုံးစံအတိုင်း ဆူညံနေ၏။ အခန်းတံခါးကို ဖွင့်ဝင်လာတဲ့ ဝမ်ရိပေါ်ကြောင့် အခန်းထဲက မိန်းကလေးတွေ နည်းနည်းရုတ်ရုတ်သဲသဲဖြစ်သွားသည်။ 2-E အတန်းထဲက ခပ်ဆိုးဆိုး ကျောင်းသားတွေကတော့ ရိပေါ်ဝင်လာတဲ့ပုံစံမမှန်မှန်း သတိပြုလိုက်ပြီး ထိုင်နေရာက ထလာကြသည်။
ရိပေါ်က အတန်းတတိယခုံတန်းမှာထိုင်နေသည့် မင်းယွီရှေ့မှာရပ်လိုက်သည်။
"ဟေ့ကောင် ဝမ်ရိပေါ် မင်းငါတို့အတန်းထဲဘာလာရှုပ်တာလဲ"
ရိပေါ်ကို ပုခုံးကို လာတွန်းတဲ့ကျောင်းသားကို ပြန်တွန်းထုတ်လိုက်သည်။ သူ့ကိုကြောက်လန့်တကြားနဲ့ ကြည့်နေတဲ့ မင်းယွီကို ကော်လံစကနေ ဆွဲထူလိုက်ပြီး မျက်နှာကို လက်ပြန်ရိုက်ချလိုက်၏။ ပြင်းထန်လှတဲ့ ရိုက်ချက်နှင့် ကြမ်းပေါ်ပုံလဲသွားတဲ့ မင်းယွီကြောင့် 2-E တခန်းလုံး အာမေဋိတ်သံများနှင့် ဆူညံသွား၏။
"သူများအတန်းထဲလာပြီးလုပ်ချင်တိုင်းလုပ်ရအောင် မင်းက ဘာကောင်လဲ"
သူ့ကို ကြိမ်းရင်း ထိုးဖို့ ပြေးဝင်လာတဲ့ ကျောင်းသားကို ရိပေါ်က ဦးအောင် ဆောင့်ကန်လိုက်သည်။
"မင်းတို့တွေ ငါ့ကိစ္စမှာ ဝင်မရှုပ်နဲ့"
ပြောနေတဲ့ကြားက ထပ်ဝင်ထိုးတဲ့တစ်ကောင်ကို တံတောင်နဲ့ တွတ်ချလိုက်သည်။ အနောက်ကနေ ခုံနဲ့ပြေးလာရိုက်ချက်ကြောင့် သူ့ကျောတခုလုံးထူပူသွားပေမယ့် ရိပေါ်လဲကျမသွား။ သူ့ကျောကို ခုံနဲ့အလစ်ဝင်ရိုက်တဲ့ကောင်ကို ဆွဲထိုးချက်က လူမဆန်တော့။
ရိပေါ်လက်တွေကို တယောက်က ဝင်ချုပ်တော့ အရှေ့ကဝင်လာတဲ့တယောက်လက်ကိုဆွဲကိုက်ပစ်သည်။ ရိပေါ်က သူပိုင်ဆိုင်တာ ပျောက်ဆုံးသွားတဲ့ ကျားနာတစ်ကောင်လို မြင်မြင်ရာကိုက်ခဲချင်နေသည်။ အတန်းထဲက မိုက်လှပါချည်ရဲ့ဆိုတဲ့ကောင်တွေမှောက်ကုန်တော့ ကျန်တဲ့ ဘယ်သူမှလဲ မကပ်ရဲ။
"ဝမ်ရိပေါ် မင်းမှားနေပြီ ရှောင်းကျန့်ပန်းချီကားကို ငါမခိုးဘူး။ ရှောင်းကျန့်က လျှောက်စွပ်စွဲနေတာ"
မင်းယွီက ကြောက်လန့်တကြားနဲ့ငြင်းတော့ ရိပေါ်နှုတ်ခမ်းတွေက ရက်စက်တဲ့အပြုံးတစ်ုခအနေနဲ့တွန့်ကွေးသွားသည်။
"မင်းကို ငါမေးမိသေးလို့လား မင်းယွီ"
မင်းယွီရဲ့ ညာဘက်လက်ကို ဆွဲယူပြီး လက်သုံးချောင်းကို ချုပ်ပြီးကိုင်ထားလိုက်သည်။
"မင်းက ညာသန်မလား။ မင်းလိုခံစားချက်မရှိတဲ့ကောင်က နောက်ထပ် ပန်းချီဆွဲလဲ အလကားပဲ။ သူများပန်းချီကားကို ခိုးပြီး ဆွဲရင်တောင် အလကားပဲ"
မင်းယွီက ကြောက်ပြီးအသံတောင်မထွက်နိုင်တော့။ ရိပေါ်က မင်းယွီလက်ကို လက်ချည်းသက်သက်နဲ့ ချိုးပစ်နိုင်သည်။
"ရိပေါ် တော်ပါတော့။ရိပေါ်"
သူ့အနောက်ကနေ လက်ကို ချုပ်ပြီး ဝင်ဆွဲတဲ့လူကို ခပ်ကြမ်းကြမ်းတွန်းပစ်လိုက်သည်။
"ရိပေါ် ကောတောင်းပန်ပါတယ်။ စိတ်ထိန်းပါ။ ရိပေါ်"
ဒါပေမယ့်အဲ့ဒီလူက လက်မလျှော့ပဲ ထပ်ဝင်လုံး၏။ မဲမဲမြင်ရာ ရန်လိုနေတဲ့ ရိပေါ်က အနောက်ကိုလှည့်ပြီး အဲ့လူရဲ့ အင်္ကျီစကိုဆောင့်ဆွဲလိုက်သည်။
"ကျန့်ကော"
ရှောင်းကျန့်ရဲ့ စိတ်ပူနေတဲ့ မျက်နှာက မှောင်မည်းနေတဲ့ သူ့စိတ်ထဲကို အလင်းတစ်စလိုဝင်လာ၏။ "ရိပေါ် ထားခဲ့လိုက်ပါ သူ့ကို။ ငါတို့ သွားရအောင်ပါ"
ရှောင်းကျန့်အင်္ကျီစကို ဆွဲထားတဲ့ ရိပေါ်လက်တွေ တုန်ယင်လာပြီး လွှတ်ပေးလိုက်သည်။ သူဝေ့ဝဲကြည့်လိုက်တော့ ကြမ်းပြင်မှာမှောက်တဲ့ကောင်က မှောက်နေသည်။ မင်းယွီက သူ့ညာဘက်လက်သူအုပ်ကိုင်ပြီး အသံတိတ်ငိုနေ၏။
အတန်းထဲက ကျောင်းသူတွေပြေးခေါ်လို့ ဆရာတွေလဲရောက်လာပြီ။ နောက်ဆုံးအနေနဲ့မင်းယွီကို ဂုတ်ကဆွဲပြီး နှာရိုးတည့်တည့်ကို လက်သီးနဲ့နောက်တစ်ချက် ထပ်ထိုးချလိုက်သည်။
ရိပေါ်ရဲ့ ဒေါသအတွက် ရလာဒ်က တစ်ပတ်ကျောင်းနားခံရတာပင်။ ရိပေါ်မိဘဆီဆက်သွယ်ပြီး လာတောင်းပန်သွားလို့ အဲ့လောက်နဲ့ ပြေငြိမ်းသွားတယ်လို့ဆိုကြသည်။
ရှောင်းကျန့်ကတော့ တပတ်ပြည့်ရင် ရိပေါ်ကျောင်းပြန်တက်လေမလား မျှော်ပေမယ့် ရိပေါ်က ပေါ်မလာ။ ရန်ဖြစ်တဲ့နေ့ကတည်းက ရိပေါ်က ရှောင်းကျန့်ကို မတွေ့ပဲရှောင်သွားသည်။
ပြန်တွေးလိုက်တိုင်း သူ့ကိုယ်သူပဲ အပြစ်တင်မိသည်။ သူသာ နမော်နမဲ့နဲ့ ဒီပန်းချီကားကိုမပျောက်ခဲ့ရင် ဒါမျိုးကိစ္စဖြစ်လာရမှာမဟုတ်။ နောက်ဆုံးတော့ သူအားတင်းပြီး အတန်း 2-E ဘက်ခြေဦးလှည့်ခဲ့သည်။ ရိပေါ်အတွက် လုပ်ပေးနိုင်တာ ဒါပဲရှိတာပဲ။
"မင်းယွီ. . . "
2-Eထဲက လူတွေအကုန်လုံးအကြည့်ကို ကြံ့ကြံ့ခံပြီးအခန်းပေါက်ဝမှာ အကြာကြီးစောင့်နေရပြီးမှ မင်းယွီက အပြင်ထွက်လာခဲ့သည်။
"ခဏလေး မင်းယွီ။ မင်း ပန်းချီကားနဲ့ပတ်သတ်ပြီး ငါဘာမှမပြောပါဘူး"
သူ့ကိုမမြင်ချင်ယောင်ဆောင်ပြီးကျော်သွားတဲ့ မင်းယွီနောက်အမှီပြေးလိုက်ပြီး အရှေ့က ပိတ်ရပ်လိုက်သည်။
"ငါ တခုလေးပဲ တောင်းဆိုချင်လို့ပါ။ ငါ့ရဲ့ sketch လေးပဲ ပြန်ပေးပါ။ အဲ့ဒါလေးပါပဲ။ ငါ ရိပေါ်ကို အဲ့ဒီပုံလေးပေးမယ်လို့ ကတိပေးထားလို့ပါ"
"မင်းပြောတာ ငါနားမလည်ဘူးရှောင်းကျန့်"
သူ့ပုခုံးကိုတိုက်ပြီး မင်းယွီက ဆက်လျှောက်သွားသည်။ ရှောင်းကျန့်ဘာများတတ်နိုင်မှာလဲ။
"ဟေ့ နင်တို့အတန်းကဟာတွေမပြီးသေးဘူးလား"
2-Eက ကျောင်းသူ သုံးလေးယောက်က ရှောင်းကျန့်ကို ရပ်ကြည့်နေကြပြီး တစ်ယောက်က တံတွေးထွေးလိုက်သည်။
"အစက ဝမ်ရိပေါ်ကို အဖြောင့်ထင်တာ အခုကျဂေးသွားကောလား။"
"မဂေးပဲ ဒီလိုကောင်မျိုးကို ဘယ်သူက ကာကွယ်ပေးနေမျာလဲ"
"ရုပ်ကြည့်တော့ ပျော့စိစိနဲ့ မိန်းမတွေထက်တောင်စွမ်းသေး။"
"ခံနေလို့ နေမှာပေါ့"
ရှောင်းကျန့်ရှေ့မှာ ရပ်ပြီး တစ်ယောက်တစ်ခွန်းပြောနေကြတဲ့ သူတို့ဆီက ဘယ်လိုရှောင်ထွက်ရမလဲ။ မိန်းကလေးတွေမို့ ရှောင်းကျန့်ဖက်ပြိုင်ရန်ဖြစ်လို့လဲမရ။ သူ ငြိမ်နေတော့လဲ ပြောတာတွေက ပိုဆိုးလာသည်။
"ဘာလဲ ရိပေါ်ဆီ နင်တို့ ခံချင်တာ မခံရလို့လား"
ရှောင်းကျန့်လှည့်ကြည့်လိုက်တော့ ဝမ်းချင်က အဲ့ဒီကောင်မလေးတွေအနောက်မှာလက်ပိုက်လို့။ ဝမ်းချင်ရဲ့ မူပိုင် ဘယ်သူ့မှလူမထင် မော်ချီနေတဲ့ မျက်နှာနဲ့ ရှောင်းကျန့်ရှေ့ကိုရောက်လာသည်။
"နင်. . နင်လဲ ဝမ်ရိပေါ်နားကပ်နေပြီး အပိုမပြောနဲ့"
"အဲ့ဒီတော့ ဘာဖြစ်လဲ နင်တို့လို စောက်စကားလိုက်များမနေဘူး။ သတ္တိရှိရင် ပါးပြိုင်ရိုက်ရအောင်လေ"
ဝမ်းချင်က ပြောရင်းဆိုရင်း ဆံပင်တွေကို ခေါင်းစည်းကြိုးနဲ့စည်းပြီး သူ့နားက လက်ကောက်လောက်ရှိတဲ့ နားကွင်းတွေကိုဆွဲဖြုတ်လိုက်တယ်။ သူ့ပုံစံက တိုက်ဖို့ခိုက်ဖို့အသင့်ပဲ။
2-E ကကောင်မလေးတွေက တကယ်တမ်းကျ ဝမ်းချင်နဲ့ ပြိုင်မဖြစ်ရဲပါဘူး။ ဝမ်းချင်နဲ့ သူ့သူငယ်ချင်းတသိုက်က သူတို့ကျောင်းမှာ လက်ရဲဇက်ရဲ နာမည်ကြီးကိုး။
"အား. . ရှောင်းကျန့် နင်လည်းပါးစပ်ပိတ်နေမနေနဲ့။ ငါတကယ်အဲ့ကောင်မတွေကိုသည်းမခံဘူး။ နင်ဆိုသည်မှာလေ နင့်အပေါ်သူတို့တက်နင်းသွားတောင် အသံထွက်ပါ့မလား။ စိတ်ညစ်လိုက်တာ"
ဝမ်းချင်က 2-E ကနေ ပန်းချီခန်းကိုပြန်တဲ့ လမ်းတလျှောက်မှာ ရှောင်းကျန့်ကို ဗျစ်တောက် ဗျစ်တောက်နဲ့ဆူတယ်။
ဟိုနေ့ကထိ သူ့ကို သတ်မလို ဖြတ်မလိုတွေ လုပ်နေတဲ့ ၀မ်းချင်က နေ့ချင်းညချင်း အဲလိုကြီးပြောင်းလဲသွားတော့လည်း ၀မ်းချင်မဟုတ်တော့သလိုလို ။ ပြောရရင် အဒေါ်ကြီးတွေနဲ့တောင် တူသလိုပဲ။ ဝမ်းချင်ကို အမြဲတမ်း cool girl type ကြီးနဲ့ပဲ မြင်ဖူးတဲ့ ရှောင်းကျန့် မရီမိအောင် ထိန်းမရဘူး။
" နင် ရီနိုင်သေးတယ်ဟုတ်လား"
"ဝမ်းချင် မင်းကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဟိုနေ့ညနေကလည်း ငါသူရဲကောင်းလုပ်ပြီးဝင်ကယ်တာမျိုး မဟုတ်ပါဘူး။ အတန်းသားအချင်းချင်း ငါဘယ်လိုမှ ရှောင်သွားဖို့စိတ်မဖြောင့်လို့ပါ။ အဲ့ဒါကြောင့် မင်းစိတ်ထဲ ဒါကြီးကို အကြွေးလိုမှတ်ထားပြီး ငါ့ကိုပြန်လိုက်မကူပါနဲ့"
သူ့ကို ထပ်အနှောင့်ယှက်ခံရမှာစိုးလို့ ဝမ်းချင်က ပန်းချီခန်းထိလိုက်လာတယ်ဆိုတာ ရှောင်းကျန့်ရိပ်မိနေတယ်။ ရိပေါ်ရန်ဖြစ်တဲ့နေ့ကစပြီး ကျောင်းထဲမှာ ကောလဟာလလိုလိုနဲ့ လူတိုင်း မြိန်ရေယှက်ရေပြောနေကြတာက ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က ယောကျာ်းလေးချင်း ကြိုက်နေတယ်ဆိုပြီးပဲ။
ရိပေါ်ကတော့ ဒါမျိုးကို လုံးလုံးဂရုစိုက်မယ့်လူစားမဟုတ်။ သူ့ရှေ့မှာလဲ ဘယ်သူမှမပြောရဲတာပါမှာပေါ့။ ရှောင်းကျန့်ကတော့ သူ့ရဲ့ ကျန်တဲ့ စာသင်နှစ်ဟာ သူမျှော်လင့်ထားသလို တိတ်တိတ်ဆတိဆိတ်မဟုတ်နိုင်တော့ဘူးလို့သိလိုက်ရတော့ လာမယ့်ဘေး ပြေးတွေ့ဖို့ပဲ ပြင်ထားလိုက်တော့တယ်။
ဝမ်းချင်က တချက်မဲ့ပြီး
"ဘာမှအပြန်အလှန်ကူမနေဘူး။ နင်နဲ့ငါ သူငယ်ချင်းလို့လဲ သဘောထားမနေဘူး။ ရိပေါ်နဲ့ နင်သာ တကယ်ကြိုက်နေတာဆိုလည်း ကောင်းတာပဲ ။ ငါမရမယ့်တူတူတော့ တခြားဘယ်ကောင်မမှလည်း မရတော့ အေးတာပဲ "
ဘယ်လိုအတွေးအခေါ်တွေနဲ့ ဘယ်လို ဥာဏ်ကောင်းသွားမှန်းမသိတဲ့ ၀မ်းချင်ကို ရှောင်းကျန့် မျက်လုံးပြူးပြီးသာ ကြည့်နေနိုင်တော့သည်။
" ဘယ်လိုပဲ ဆိုဆို .. ကိုယ့်မှာ မရှိတာ နင့်မှာရှိလို့ ပါသွားတယ်ဆိုတော့လည်း နည်းနည်းခံသာတာပေါ့ ။ အဲတော့ နင်နဲ့ ရိပေါ်ကို Ship ဖို့ ဆုံးဖြတ်လိုက်ပြီ ။ နင်တို့ မညားလည်း ငါက ပေးစားရမှာပဲ "
ရှောင်းကျန့် သူပြောတဲ့ ဘာသာစကားကိုနားမလည်။ အူလည်လည်ဖြစ်နေမှန်းသိတော့ ဝမ်းချင်က သက်ပြင်းချသည်။
"နင့်လို ငတုံးကို ဒါတွေရှင်းပြလို့လဲနားလည်မယ်မထင်ဘူး။ နေပစေတော့။ ပြောရရင် အစစ်မဘဝနဲ့ ပူလောင်နေမယ့်အစား ဝမ်ရိပေါ်ကို လင်ပေးစားမယ်။ အပေါ်ထပ်တက်ပြီး မိန်းကလေးတွေအတွက် လက်စားချေနိုင်အောင်ကြိုးစားပါရှောင်းကျန့်။ ဖိုက်တင်း"
ကျောကိုသပ်ခါ သပ်ခါနဲ့ပြောပြီးလှည့်ထွက်သွားတဲ့ ဝမ်းချင်ရဲ့ ဘာသာစကားတွေကို ရှောင်းကျန့်နားမလည်ပေမယ့် သူတို့နှစ်ယောက်ကြား ထပ်ပြီး ပြဿ နာဖြစ်စရာမရှိတော့ဘူးလို့တော့ နားလည်လိုက်သည်။
ပန်းချီခန်းတံခါးကိုဖွင့်လိုက်တာနဲ့ ရှောင်းကျန့်နေရာ ပုံဆွဲစင်ပေါ်က အရာကြောင့် သူချက်ချင်းပြန်ပြေးထွက်လာခဲ့ပြီး ဝမ်းချင်နောက်အမှီပြေးလိုက်ခဲ့သည်။
"ဝမ်းချင်. . ငါ့ကို. .. ရိပေါ်. .အိမ်. .လိပ်စာပေးပါလား. ."
ဝမ်းချင်ကိုမှီအောင် လှေကားက ပြေးဆင်းတာ ရင်ဘတ်တွေတောင် အောင့်ပြီးဟောဟဲတွေလိုက်လို့။
ဝမ်းချင်ပြောတဲ့ ရိပေါ်နေတဲ့ရပ်ကွက်က သိပ်မသန့်ဘူး သတိထားသွားဆိုတဲ့စကားဟာ အလကားမဟုတ်ဘူးဆိုတာ ရှောင်းကျန့်သဘောပေါက်လိုက်သည်။ ပေကျင်းမှာ ဒီလိုရပ်ကွက်မျိုး ရှိသေးတာလားလို့ ရှောင်းကျန့်အံ့အားသင့်ယူရအောင်ကို လမ်းကြိုလမ်းကြား ကျဉ်းကျဉ်းလေးတွေနဲ့ အိမ်ပေါက်စိတွေက ပြွတ်သိပ်နေ၏။ အိမ်အများစုရဲ့ ကျောချင်းပေါက်အနောက်ထဲမှာမို့ လမ်းကြားထဲမှာ ရေအိုင်ဗွက်တွေအိုင်ထွန်းနေသည့်အပြင် တချို့ရေတွေက သံသယဖြစ်စရာ ပေါက်ပြဲနေသည့် သံပိုက်အမဲတွေက ယိုစီးကျလာသည့် ရေဆိုးညစ်တွေ ဖြစ်နေသည်။
မနက်ဆိုပေမယ့်လည်း သူလာတာ မှန်လားမှားလားကိုမေးစရာလူမတွေ့။ ဒါပေမယ့် ဝမ်းချင်သေချာပေါက်ညွှန်းလိုက်တဲ့ မီးခြစ်ဆံပုံးထောင်ထားသလို တိုက်အဝါညစ်ညစ်၊ နံရံမှာ money laundry ဆိုပြီး တရုတ်နိုင်ငံအလံ ဂရပ်ဖတီ၊ အောက်ကဖြတ်သွားတဲ့လူတွေအပေါ် ပြုတ်ကျတော့မလို မီးသတ်လှေကားဆိုတာကို မြင်လိုက်ရတော့ သူလာတာ နေရာမှန်သွားပြီလို့တွေးလိုက်သည်။
ပိုပြီးသေချာတာက တိုက်အောက်က လှေကားခြေရင်းမှာ ဂိုထောင်လို သစ်သားပုံးရိုက်ထားတဲ့အထဲ သံကြိုးခတ်သိမ်းထားသည့် ရိပေါ်ဆိုင်ကယ်ရှိနေတော့ ရိပေါ်လဲ ရှိနေတာ ကျိန်းသေသည်။
ရှောင်းကျန့် ကျောမလုံ ဘာမလုံနဲ့ပဲ တိုက်ရဲ့ လေးထပ်အထိရောက်အောင် ဒူးတုန်တုန်နဲ့တက်လာခဲ့ရသည်။
ဝမ်းချင်ပြောတဲ့ ညာဘက်အခြမ်းဒုတိယမြောက် သံချေးတက်နေတဲ့တံခါးနဲ့အခန်း ဆိုတာကိုရှာတွေ့ချိန် ရှောင်းကျန့်ရင်ထဲထိတ်သွားသည်။
စေ့ရုံစေ့ထားတဲ့ တံခါးကနေ ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်လဲနေတဲ့ လူတစ်ယောက်။ ရှောင်းကျန့် ဘာမှမတွေးနိုင်တော့ပဲ အလျင်အမြန်ပြေးဝင်ပြီး ဆွဲထူလိုက်တော့ ရိပေါ်။ တကိုယ်လုံးဖုံတွေသဲတွေပေကျံစုတ်ပြတ်လို့. .
"ရိပေါ်. . ရိပေါ်. . "
ဘယ်လိုလှုပ်နှိုးနှိုးထုရိုက်လဲ နည်းနည်းလေးတောင် တုံ့ပြန်မလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ပူလောင်လာသည်။
"လာကြပါဦး. . ကယ်ကြပါဦး. . ဒီမှာ နှိုးလို့မရတော့ဘူး"
သူ ရိပေါ်ကို ကယ်တင်ဖို့ မှီပါ့မလား. .