"ရိပေါ်"
သူမျှော်လင့်ထားသလိုပါပဲ သူ့အိမ်အောက်မှာ ဝမ်းချင်ကစောင့်နေသည်။ မိန်းကလေးတွေရဲ့ နိုင်ငံရေးတွေကို သူနားမလည်။ ဒီမိန်းကလေးတွေဟာ မဟုတ်တာလေးတစ်ခုအတွက် ပွေလီကြသည်။ တည့်တည့်တွေးရင် ရှင်းနေမယ့်အရာကို အမျိုးစုံလှည့်ပတ်တွေးပြီး ပြဿ နာတွေဖန်တီးကြသည်။ ရိပေါ်အနေနဲ့က ဝမ်းချင်နဲ့ စကားမပြောချင်လောက်အောင်ကို ပင်ပန်းနေပြီ။
"နင်နဲ့ စကားပြောစရာရှိတယ်"
သူ့ရှေ့က ပိတ်ရပ်လိုက်တဲ့ ဝမ်းချင်ပုံစံက ဒီည ရိပေါ်ကိုအလွတ်ပေးမယ့်ပုံမဟုတ်။ သူက ပြောစရာရှိတာပြောဆိုတဲ့ အထာနဲ့ မေးဆတ်ပြတော့
"နင်ဘာလို့ ရှောင်းကျန့်ကို ဆိုင်ကယ်ပေါ်တင်သွားတာလဲ"
"သူ့ကို သူများလုပ်လို့ ခြေထောက်နာသွားတယ်။ အဲ့ဒီတော့ ငါသူ့ကိုပြန်ပို့တယ်။ ရပြီလား"
"နင် ဘယ်တုန်းက အဲ့လောက် ကူညီတတ်သွားတာလဲ။ နင်ပြောတော့ နင့်ဆိုင်ကယ်ပေါ် လူမတင်ဘူးဆို"
"သူက ငါ့သူငယ်ချင်းလေ"
"ရိပေါ် နင်မရှက်ဘူးလား"
ရိပေါ်ရဲ့ အေးတိအေးစက်အမူအယာနဲ့ ဆန်ကျင်စွာပဲ ဝမ်းချင်က ဒေါသထွက်နေခဲ့သည်။ လက်သီးတယမ်းယမ်းနဲ့ပြောနေတဲ့ ဝမ်းချင်ရဲ့စကားနဲ့ အတွေးအခေါ်ကို ရိပေါ် နားမလည်နိုင်တော့။ သူက ဘာကိုရှက်ရမှာလဲ။
"ရှောင်းကျန့်လို တစ်ကျောင်းလုံးက မပတ်သတ်ချင်တဲ့လူကို နင်က ဘာလို့အဖက်လုပ်နေတာလဲ။ ပြီးတော့ သူငယ်ချင်းဟုတ်လား။ နင်သူ့ကို ဆက်ဆံတဲ့ပုံစံက ဝမ်းနင်တို့လို နင့်သူငယ်ချင်းတွေကို ဆက်ဆံတာနဲ့ တခြားစီပဲ။ နင် ယောကျာ်းချင်းကြိုက်နေတာလား"
ရိပေါ်နှုတ်ခမ်းထောင့်ချိုးလေးတွေ ကွေးသွားအောင် ခပ်မဲ့မဲ့အပြုံးတစ်ခုပြုံးလိုက်မိသည်။ နောက်ဆုံးတော့ ဒါပဲလား။ မိန်းကလေးတွေဟာ အူတိုစရာမရှိ မနာလိုစရာမရှိ ယောကျာ်းလေးတွေနဲ့တောင် ဆွဲစိပြီးမနာလိုဖြစ်နေတာလား။
"ကြိုက်တော့ကော ဘာဖြစ်လဲ။ ငါက မိန်းကလေးဖြစ်မှ ကြိုက်ရမှာလား။ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ငါဖီးလ်လာရင် ကြိုက်မှာပဲ"
"ဝမ်ရိပေါ်"
သု့အင်္ကျီရင်ဘတ်ကို ဝမ်းချင်က ဆောင့်ဆွဲလာသည်။ ဒုက္ခက ဝမ်းချင်ကို ကိုယ်ထိလက်ရောက် ဘာမှမလုပ်ချင်။ ဝမ်းနင်မျက်နှာက ရှိသေးတယ်မလား။
"အော်မနေနဲ့။ အခုလိုဖြစ်တာ မင်းကြောင့်လဲပါတယ်။ ရှောင်းကျန့်ကိုလုပ်တာ မင်းတို့မလား။ ဘာကိစ္စလုပ်ရတာလဲ"
သူ့အင်္ကျီကို ဆုပ်ဆွဲထားတဲ့ ဝမ်းချင်လက်တွေ ပြေလျော့သွားသည်။ ဝမ်းချင်ကြည့်ရတာ လမ်းပျောက်နေသလိုလို၊ ပြောဖို့စကားမရှိတော့ရင် ရိပေါ်က အိမ်ထဲဝင်တော့မည်။
"ငါမနာလိုလို့ လုပ်မိတာ ဟုတ်တယ်။ ဘာလို့နင်က အဲ့ဒီရှောင်းကျန့်ကိုပဲ ဂရုတွေစိုက်နေရတာလဲ။ ရိပေါ် နင့်စော်နဲ့ ကွဲတော့ ငါအများကြီးမျှော်လင့်မိတယ်။ နင်နဲ့အနီးစပ်ဆုံးက ငါပဲလေ။ နင်ငါ့ကို နည်းနည်းလေးမှ ခံစားချက်မရှိဘူးလား။"
"မရှိဘူး"
ရိပေါ်လေသံက ခပ်ပြတ်ပြတ်။ ဝမ်းချင်မျက်နှာက ပြိုတော့မယ့် တိမ်တွေလို
"ဒါဆို နင်ငါ့ကိုဘာလို့နမ်းခဲ့လဲ"
ရိပေါ် ခဏရပ်ပြီး တွေးနေမိသည်။ သူပြောတဲ့ စကားက ဝမ်းချင်ရဲ့ခံစားချက်ကို ထိခိုက်စေမှာ ကျိန်းသေပေမယ့် မပြောရင်လည်း ဒီဇာတ်လမ်းက ပြီးမှာမဟုတ်။
"အဲ့ဒီတုန်းက မင်းပဲ စနမ်းတာမလား။ ငါလည်း အဲ့အချိန် အခိုက်တန့်လေးမှာ နမ်းချင်စိတ်ပေါ်သွားလို့။ ဒါပဲ ဒီ့ထက်မပိုတော့ဘူး"
အခိုက်တန့်လေးတဲ့။ အဲ့ဒီအခိုက်တန့်လေးဆိုတာက လူတွေကို သိပ်ဒုက္ခပေးနိုင်တာပါလား။မပြတ်မသား ဝေဝါးတဲ့ခံစားချက်တွေနဲ့ မျှော်လင့်ချက်အမှားတွေ။
"ဒါပေမယ့် ငါ့အတွက်ကတော့ ဒါက တကယ့်ခံစားချက်အစစ်အမှန်ပဲ။ နင့်ကို ဘယ်သူ့လက်ထဲမှထည့်မပေးနိုင်ဘူး။ ငါရအောင်ယူမှာ"
ထည့်ပေးတယ် ယူတယ်ပြောရအောင် ဝမ်ရိပေါ်က အရုပ်ကလေးလား။ လူတွေဟာ စကားကို အဓိပ္ပါယ်မရှိပြောချင်ရာတွေပြောနေကြတာပဲ။
ရိပေါ် စိတ်ပျက်လက်ပျက်နဲ့ ဝမ်းချင်ကို လျစ်လျူရှုလိုက်ပြီး သူ့ရဲ့ တစ်ကိုယ်စာအခန်းကျဉ်းလေးထဲဝင်လာခဲ့သည်။ အခန်းထဲဝင်လိုက်တာနဲ့ မီးဖိုအသေး၊ ဘီရိုတလုံး၊ စားပွဲထိုင်ခုံနဲ့ အိပ်ယာကလွဲလို့ ဘာပရိဘောဂရယ်မှာမရှိတဲ့ တစ်ကိုယ်စာအခန်းငယ်လေးက အနည်းဆုံးတော့ သူ့အတွက် ဂယက်ကင်းစင်နယ်မြေဖြစ်သည်။
အင်္ကျီမလဲသေးပဲ အိပ်ယာပေါ် မောမောနဲ့လှဲချလိုက်ပြီးမှ ဝမ်းချင်ပြောတဲ့ စကားကို တွေးမိသည်။ ရှောင်းကျန့်က တကယ်ကို သူငယ်ချင်းမရှိတာပဲ။ ဝမ်းနင်နဲ့ မိတ်ဆက်ပေးရင် ဘယ်လိုနေမလဲ။ ဝမ်းနင်က သူနဲ့ပေါင်းပေမယ့် သူ့ထက်တော့ စိတ်ဓာတ်ကောင်းသေးသည်ထင်သည်။ ပြီးတော့လည်း ရိပေါ် အိပ်ယာော်ပ ကန့်လန့်ဖြတ်လှဲနေရင်း ဒီအတိုင်းပဲ အိပ်ပျော်သွားတော့သည်။
တကယ်တမ်း သူတို့နှစ်ယောက်ကို သူငယ်ချင်းဖွဲ့ပေးဖို့ဆိုတာ ရိပေါ်ထင်သလောက်မလွယ်။ ရှောင်းကျန့်က နဂိုတည်းက စကားနည်းတဲ့သူ။ ဝမ်းနင်က ပုံမှန်ဆို စကားများသလောက် အခုကျ ခွေးအကြီးလှည်းနင်းသလို။ အင်းတလုံး အဲတလုံးနဲ့။
"ငါက မင်းတို့ နှစ်ယောက်ကို မိတ်ဖွဲ့ပေးတာလေ။ စကားလေးဘာလေးပြောမှပေါ့"
ကျောင်းကန်တင်းက လူရှုပ်ရတဲ့အထဲ သူတို့က စားပွဲတခုံကိုအပိုင်စီးပြီး အူလည်လည်လုပ်နေကြတော့ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့။
"ကျန့်ကော ဒီကောင် ဘာလုပ်တာလဲ"
ဝမ်းနင်က မယုံသကာၤနဲ့ ရှောင်းကျန့်ကိုမေးတော့ ရှောင်းကျန့်ကလဲ အူကြောင်ကြောင်နဲ့ခေါင်းခါပြသည်။ သူ့ကိုလဲ ရိပေါ်က ကန်တင်းမှာ ထမင်းစားမယ်ဆိုပြီး ဇွတ်အတင်းခေါ်လာတာ။ အခုတော့ သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ထိုင်နေရပြီး ရိပေါ်က ရှောင်းကျန့်ထမင်းဘူးကို ပလုတ်ပလောင်းစားလို့။
"မင်း ရည်းစားတွေမရှိတော့ အလုပ်မရှိပဲပျင်းနေတာလား"
ဝမ်းနင်က ရိပေါ်အတတ်ဆန်းပြန်တာကို မယုံသကာၤစွပ်စွဲတော့ ရိပေါ်က သူ့ကိုယ်သူ ကာကွယ်သည်။
"ငါက စော်မထားတော့ဘူးဟျောင့်။ မိန်းမတွေရဲ့ ပစိပစပ်များမှုကို စိတ်ကုန်သွားပြီ"
"တကယ်စော်မထားတော့ဘူးပေါ့။ မင်းလိုနှာဘူးကောင်ကလေ"
"အခု အာသဝေါကုန်ခမ်းသွားပြီ"
"ဟိုမယ် စော်အကိတ်ကြီး"
ရိပေါ်ခေါင်းက အော်တိုလည်ထွက်သွားသည်။ ရှောင်းကျန့်မနေနိုင်ပဲရီမိသည်။ ရိပေါ်နဲ့ သူ့သူငယ်ချင်းကလိုက်လဲလိုက်သည်။ သူတို့နှစ်ယောက်ကိုကြည့်ရင်း ရှောင်းကျန့်ပါ ပေါ့ပေါ့ပါးပါးပျော်လာသည်။
"ဝမ်းနင်က စကိတ်စီးတာ အရမ်းမိုက်တယ်"
"အဲ့လောက်လဲမဟုတ်ပါဘူး။"
ဝမ်းနင်က ရှက်ရှက်နဲ့ ဂုတ်ကိုပွတ်နေသည်။
"ပန်းချီဆွဲရတာလဲ ဝါသနာပါတယ်တဲ့။ ကျန့်ကောနဲ့တောင် ပန်းချီသင်တန်းအတူတူတက်ဖူးသေးတယ်။ အဲ့ဒါ စကားပြောနှင့်ကြဦး"
"ဟင် မင်းက ဘယ်သွားမှာလဲ"
သူတို့နှစ်ယောက်ကို ပြောချင်ရာပြောပြီး ထားခဲ့ဖို့ပြင်တဲ့ ရိပေါ် အင်္ကျီစကို ဝမ်းနင်က ဇွတ်လိုက်ဆွဲလဲ ရိပေါ်က ရအောင်ရုန်းပြီးထွက်သွားသည်။ သူအဲ့လိုမှ မရှောင်ရင် ဝမ်းနင်နဲ့ ရှောင်းကျန့်က စကားပြောမှာမဟုတ်။ သူက အဲ့နှစ်ယောက်ကို ရင်းနှီးစေချင်တာ။
"ဆောရီး ဝမ်းနင်"
လုပ်ချင်ရာလုပ်ပြီး နှစ်ယောက်ထဲထားခဲ့တဲ့ ရိပေါ်ကြောင့် သူတို့မှာ နေရခက်ပြီးကျန်ရစ်ခဲ့သည်။
"ရိပေါ်က အဲ့လိုပါပဲ။ သူထင်ရာလုပ်တဲ့ကောင်"
"သူက ငါ့ကို သူငယ်ချင်းမရှိဘူးဆိုပြီး သူငယ်ချင်းရှာပေးချင်တယ်ထင်တယ်။"
"ကျန့်ကောက သူငယ်ချင်းမရှိဘူးဆိုတာ အရမ်းအနေအေးလွန်းလို့ပါ။ အမှန်က ကျန့်ကောကိုခင်ချင်တဲ့လူတွေအများကြီးရှိပါတယ်။ ဘယ်လိုခင်အောင်စပြောရမလဲ မသိလို့သာ"
"ဟုတ်လား"
သူ့ကို နေရမခက်အောင်ပြောတာပဲဖြစ်ဖြစ် ဒီစကားက ရှောင်းကျန့်ကိုနည်းနည်းတော့ စိတ်သက်သာရာရစေပါသည်။ အနည်းဆုံးတော့ ဝမ်းနင်လဲ သူ့ကို အထူးအဆနိးသတ္တဝါလိုမတွေးဘူးမလား။
"ဒါပေမယ့် ရိပေါ်နဲ့ သူငယ်ချင်းဖြစ်သွားတာကိုတော့ တကယ်ထူးဆန်းနေတာ။ ရိပေါ်က ပြောရရင် ကျန့်ကောနဲ့ ပုံစံချင်း တခြားစီလေ"
ရှောင်းကျန့်ပြုံးလိုက်မိသည်။ တကယ်လဲ ရိပေါ်နဲ့သူဆိုတာ ဆက်စပ်ကြည့်လို့ရလောက်တဲ့ ပုံမှမဟုတ်ပဲ။
"ရိပေါ်က ငါဆွဲတဲ့ ပန်းချီတစ်ပုံကိုကြိုက်ရာကနေ သူငယ်ချင်းဖြစ်သွားတာ"
"တုံးလုံးပုံလား"
ဝမ်းနင်က သူ့ကောင်အကြောင်းသူသိစွာနဲ့ တွေးလိုက်တာဒဲ့ပဲ။ ရှောင်းကျန့်ထပ်ရီလိုက်မိသည်။
"မဟုတ်ပါဘူး အမေက ကလေးကိုပွေ့ဖက်ထားတဲ့ပုံပါ"
"သြော်.. . အင်းလေ သူကြိုက်တာ သိပ်တော့မထူးဆန်းပါဘူး။ ရိပေါ်က ငယ်ငယ်ကတည်းက အမေမရှိဘူး။ ဆုံးသွားတယ်ပြောတယ်"
ရှောင်းကျန့်နှုတ်ဆိတ်သွားသည်။ ဒါကြောင့်ပဲ ရိပေါ်က သူ့ထမင်းချိုင့်ကို နေ့တိုင်းတရှိုက်မက်မက်စားလေတာလား။ အိမ်ထမင်းအိမ်ဟင်း၊ မိခင်တစ်ယောက်က ချက်ပေးတဲ့ ဟင်းလျာလိုမျိုးလေ
"အဲ့ဒါကြောင့်လဲ သူရည်းစားတွေအများကြီးထားတာနေမယ်။ ငယ်ငယ်က ကလေးမလုပ်ရတော့ သူ့ထက်ကြီးတာတွေပဲ ရည်းစားတော်ပြီး ချွဲနေတာ"
"အင်း. . ဟုတ်တယ်။ ရိပေါ်က လူကောင်ကြီးပေမယ့် ကလေးလိုပဲ"
ရိပေါ်က သူတို့နှစ်ယောက်ကို သူငယ်ချင်းဖြစ်စေချင်လို့မှ ထားသွားပါတယ် သူတို့နှစ်ယောက်ပြောနေတဲ့အကြောင်းက ရိပေါ်အကြောင်းချည်းပဲ။
"ဒါနဲ့ ကျန့်ကောက ရိပေါ်ကိုအတော်ခင်တယ်နော်"
ဝမ်းနင်ပြောစကားက ရှောင်းကျန့်ကိုလှုပ်နှိုးလိုက်သလို။ သူ့မျက်နှာပေါ်က အပြုံးတွေပျောက်ကွယ်သွားရသည်။
"ရိပေါ်အကြောင်းပြောတဲ့အခါ ကျန့်ကောပြုံးနေတာ အရမ်းလှတယ်"
တကယ်တော့ ဝမ်းနင်က ရှောင်းကျန့်အပြုံးကိုချီးကျူးချင်တာပါ။ အရယ်အပြုံးတွေ့ရခဲတဲ့ ရှောင်းကျန့်ပြုံးလိုက်တဲ့အခါ မျက်ဝန်းလေးတွေမှေးသွားတာကနေ နှုတ်ခမ်းပါးလေးအောက်က ယုန်သွားလေးနဲ့ နှုတ်ခမ်းအောက်ထောင့်နားက မှဲ့လေးအထိ ကြည့်လို့ကောင်းနေသည်လေ။
"ငါ့မှာ သူတစ်ယောက်ပဲရှိလို့ပါ"
ရှောင်းကျန့် တစ်ကိုယ်ထဲကြားလောက်တဲ့ လေသံလေးနဲ့တိုးတိုးလေးရေရွတ်မိသည်။
"ရှောင်းကျန့် ငါတို့နဲ့ခဏလေးလိုက်ခဲ့ပါလား။ ပြောစရာလေးတစ်ခုရှိလို့"
သူတို့စကားကောင်းနေတော့ အနားရောက်လာတဲ့ ကောင်မလေးတွေကိုသတိမထားမိ။ သူတို့နဲ့တတန်းထဲဆိုပေမယ့် ရှောင်းကျန့်က ဘယ်သူနဲ့မှမရင်းနှီးတာ။ ဝမ်းနင်က ဒါ ဝမ်းချင်သူငယ်ချင်းကောင်မလေးတွေဆိုတာ သိပေမယ့် ရှောင်းကျန့်ကို ဘာလို့လာခေါ်လဲ သူမတွေးတတ်။
ရှောင်းကျန့်ကလဲ ဘာမှမပြောပဲလိုက်သွားတာမို့ အကြောင်းတစ်ခုခုရှိမယ်ထင်လို့ သူမတားလိုက်ခဲ့မိ။
ရှောင်းကျန့်က ကျောင်းထဲမှာရုတ်ရုတ်သဲသဲဖြစ်မှာစိုးရိမ်စိတ်နဲ့ တိတ်တဆိတ်ပဲ လိုက်ခဲ့သည်။ သူ့အနေနဲ့ဝမ်းချင်ဘက်က လုပ်လာနိုင်တာတွေကိုကြိုတွေးပြီးသားပဲ။ ရှောင်နေလို့ကော သူဘယ်လောက်ကြာကြာရှောင်နိုင်မှာလဲ။ တလျှောက်လုံးအကြောက်တရားနဲ့ပဲနေသွားမလား။ ရိပေါ်ပြောသလို ဖြစ်လာသမျှကို ပြေးရင်ဆိုင်လိုက်မလား။
ကျောင်း အားကစားရုံထဲမှာ စောင့်နေကြတာက သူတွေးထားသလို ဝမ်းချင်အပြင် တခြား ကျောင်းသား သုံးလေးယောက်လဲရှိသေးသည်။ မိန်းကလေးတွေချည်းဆိုတောင် လေးငါးယောက်ဆို ရှောင်းကျန့်အတွက်က ရင်ဆိုင်ဖို့ခက်သည်။
"ပြောပါဦး ဒီအခြောက်လေးက ဘာတွေသိပ်သတ္တိကောင်းနေလဲဆိုတာ"
အနောက်က ကျောင်းသားနှစ်ယောက်ထဲက တယောက်က ရှောင်းကျန့် ဒဂေါက်ကွေးကိုဆောင့်ကန်လိုက်တော့ သူပုံခနဲလဲကျသွားသည်။ ရှောင်းကျန့်ပြန်ထဖို့ကြိုးစားပေမယ့် သူ့ပုခုံးပေါ်ကလက်တွေက မထနိုင်အောင်ဖိထား၏။
"နင့်ကို ရိပေါ်နဲ့ဝေးဝေးနေပါလို့ပြောခဲ့တာ မေ့သွားတာလား"
ဝမ်းချင်က ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ ကျောင်းသားတစ်ယောက်က အရူးလိုရီရင်း ရှောင်းကျန့်အင်္ကျီလက်ကို ဆွဲတင်ပြီး လက်ဖျံကို ဝမ်းချင်ရှေ့မြှောက်ပေး၏။
"အသားထဲမှာ တက်တူးထိုးသလို ဆွဲနေအောင် ထိုးပေးမှ မှတ်မိမယ်ထင်တယ်။ မှင်မရှိတော့လည်း မီးနဲ့ပဲ"
ဆေးလိပ်အပူက ရှောင်းကျန့် လက်မောင်းထဲနစ်ဝင်သွားသည်။ ဖြူဝင်းနေတဲ့အသားအရည်ပေါ် မီးလောင်ရာက ချက်ချင်းနီရဲရာကနေ ခရမ်းပုတ်ရောင် အဲ့ကနေ မည်းညစ်သွားသည်။ ပူလောင်စွာနာကျင်မှုကြောင့် ရှောင်းကျန့်မအော်မိအောင် နှုတ်ခမ်းကိုတင်းတင်းကိုက်ထားရသည်။ သူ့မျက်ဝန်းထောင့်က စို့လာတဲ့ မျက်ရည်စက်ကို ဝမ်းချင်တို့ရှေ့မှာ မကျစေရ။ သူအားနည်းတယ်ဆိုတာမျိုး မပြချင်တော့။
"ဘာလို့လဲ။ ဘာလို့ မင်းက ငါ့ကို အငြိုးကြီးနေရတာလဲ။ ငါနဲ့ရိပေါ် သူငယ်ချင်းဖြစ်တာ မင်းနဲ့ရိပေါ်ကြား ဘာများအနှောင့်အယှက် ဖြစ်နေလို့လဲ"
"နင်ရှိနေတာကိုက ငါ့အတွက် စိတ်အနှောင့်အယှက်ဖြစ်တာ။ နင် သူ့ကို ကြည့်နေပုံကအစ ငါမကြိုက်ဘူး။ နောက်တခါ နင်သူ့နားကပ်ရင် ဆေးလိပ်မီးနဲ့ ထပ်ထိုးခံရမယ်မှတ်"
ရှောင်းကျန့် လက်ကိုချုပ်ထားတဲ့ကျောင်းသားက လွှတ်ပေးလိုက်ပေမယ့် ရှောင်းကျန့်သူ့လက်ကို ဝမ်းချင်ရှေ့ မြှောက်ပေးလိုက်သည်။
"နောက်တစ်ချက် ထပ်ထိုးမယ်ဆိုရင် ငါရိပေါ်နားမှာနေလို့ရလား"
"စောက်ရူးက"
ဝမ်းချင်က ရှောင်းကျန့်ညာဘက်လက်ကို ဖမ်းဆွဲလိုက်သည်။
"ငါ့ကို အလေးတုံးပေးစမ်း"
အားကစားရုံထောင့်မှာ စုပုံထားတဲ့ အလေးတုံးတွေထဲက ခပ်လတ်လတ်တတုံးက ဝမ်းချင်လက်ထဲရောက်လာသည်။
"ရိပေါ်နားနေချင်တယ်ဟုတ်လား။ အဲ့ဒါဆို ဆေးလိပ်မီးလောက်နဲ့တော့မရဘူး။ နင့်လက်ချောင်းတွေကို ချိုးရမှ ငါကျေနပ်မယ်။"
ရှောင်းကျန့်တွန့်သွားပေမယ့် ဝမ်းချင်ရဲ့လူတွေက သူ့လက်ကို ဝိုင်းချုပ်ထားကြသည်။ ဝမ်းချင်ရဲ့ မျက်လုံးတွေက ဒေါသစိတ်တစ်ခုနဲ့အမှောင်ဖုံးနေပြီလေ။ ဝမ်းချင်က ရှောင်းကျန့်လက်ကို အလေးတုံးနဲ့ ချိန်ထားရင်း. .
"ငါသာ နင့်လက်ချောင်းတွေကို ချိုးလိုက်ရင် နင်ဒီတစ်သက် ပန်းချီထပ်ဆွဲလို့မရတော့ဘူး။ ဘယ်လိုလဲ အဆင်ပြေလား"
"မလုပ်ပါနဲ့"
ရှောင်းကျန့်ဘဝမှာ ထွက်ပေါက်ဆိုတာ ပန်းချီဆွဲတာပဲရှိခဲ့တာ။ ဘာလို့ ရက်စက်ချင်ကြတာလဲ။
"အဲ့ဒါဆို ငါ့ကိုလာပြီးအကြောတင်းမနေနဲ့။ နင်ဝမ်ရိပေါ်နား ထပ်မကပ်တော့ဘူးလို့ကတိပေးစမ်း"
"ဟင့်အင်း ငါ ညာဘက်လက်နဲ့ ဆွဲမရရင် ဘယ်ဘက်လက်နဲ့ဆွဲမယ်။ ဘယ်ဘက်နဲ့မရရင် ခြေထောက်နဲ့ဆွဲမယ်။ မင်းငါ့ခြေထောက်ကိုရိုက်ချိုးရင်တောင် ငါစုတ်တံကိုပါးစပ်နဲ့ ကိုက်ပြီးဆွဲလို့ရတယ်။ မင်းဘယ်လိုလုပ်မလဲ ငါ့သွားတွေပါရိုက်ချိုးမလား။ ဒါမှမဟုတ် ငါ့ကိုအသေသတ်မလား။"
ရှောင်းကျန့်ပြောနေပေမယ့် သူ့တကိုယ်လုံးတုန်ယင်နေသည်။ ဒါပေမယ့် သူတို့ရှေ့မှာ ကြောက်တဲ့ပုံမပြချင် သူကြံ့ခိုင်ရမယ်။
"နင်သိပ်ခေါင်းမာပြနေတယ်ပေါ့။"
ရှောင်းကျန့်က ထင်သလို မကြောက်ပါပဲ ပြန်ပြောနေပုံက ဝမ်းချင်ဒေါသကို ပိုဆွပေးနေသလို။ ဝမ်းချင်က လက်ကိုလေထဲမြှောက်ပြီး အရှိန်ယူလိုက်သည်။ ရှောင်းကျန့်လက်ချောင်းရှည်ရှည်တွေဆီသူ့လက်ထဲက အလေးတုံးက ဦးတည်လာခဲ့သည်။
"တောင်းပန်ပါတယ် ရိပေါ်။ မင်းလိုချင်တဲ့ပန်းချီကားကိုဆွဲမပေးနိုင်တော့ဘူး"
-----------------------------------------------
ရိပေါ် အတန်းထဲ တစ်ယောက်ထဲပြန်ဝင်လာတဲ့ ဝမ်းနင်ကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သူက ရှောင်းကျန့်နဲ့ ဝမ်းနင် လွတ်လွတ်လပ်လပ်စကားပြောပြီး ခင်သွားစေချင်တာ။ အဆင်မပြေကြဘူးလား။
"ဘာလဲ"
ဝမ်းနင်က သူ့ကို တွန့်လိမ်ရှုံ့ပြီးကြည့်နေတဲ့ ရိပေါ် ဘေးကို ခြေထောက်နဲ့လှမ်းကန်တော့ ရိပေါ်က ပြန်တွန်းထုတ်ရင်း
"မင်းကလဲ ကျန့်ကောက ခင်ဖို့ကောင်းပါတယ်ဟ"
"အေးလေ ခင်ဖို့ကောင်းပါတယ်"
"အာ့ဆို ဘာလို့တစ်ယောက်ထဲ ပြန်လာတာလဲ"
"သူ့ကို အတန်းထဲက ကောင်မလေးတစ်ယောက်ခဏဆိုလာခေါ်သွားလို့"
ရိပေါ် ခေါင်းထဲ အချက်ပေးသံတွေမြည်လာသည်။
"ဝမ်းချင်သူငယ်ချင်းလား"
"အေး"
ရိပေါ်ထိုင်နေရာက ဝုန်းကနဲ ထရပ်မိသည်။
"သူတို့ဘယ်ထွက်သွားတာလဲ"
"အားကစားရုံရှိတဲ့အဆောင်. . . ရိပေါ် ဘယ်လဲ။ ဘာဖြစ်တာလဲ"
စကားတောင်မဆုံးခင် စာသင်ခန်းထဲက ပြေးထွက်သွားတဲ့ ရိပေါ်နောက်ကနေ ဝမ်းနင်လဲ ပြေးလိုက်သွားသည်။ ဒါပေမယ့် ရိပေါ်က အရမ်းအလျင်လိုနေပြီ။ ဝမ်းချင်သူငယ်ချင်းက ရှောင်းကျန့်ကိုလာခေါ်သွားတယ်ဆိုကတည်းက ကောင်းတာဘယ်လိုမှမဖြစ်နိုင်။ လှေကားထစ်တွေဆင်းရတာ သူ့အတွက်အချိန်ကြာလွန်းတာကြောင့် အကွေ့ကနေတစ်ဆစ်ကျော် ခုန်ချပစ်လိုက်သည်။ အားကစားရုံနဲ့ သူတို့ကျောင်းဆောင်ကြားက ကွင်းပြင်ကို ဘယ်လိုဖြတ်ပြေးပြီး ဘယ်သူတွေကို ဝင်တိုက်ပစ်ခဲ့တယ်ဆိုတာ ရိပေါ်မသိတော့။
အားကစားရုံ တံခါးကို ဆွဲ ဖွင့်ချိန်မှာ သူ့ရင်ဘတ်တစ်ခုလုံးပေါက်ထွက်တော့မည်။
အားကစားရုံထောင့်ကြမ်းပြင်မှာ ခေါင်းငိုက်စိုက်နဲ့ ခွေခွေလေးထိုင်နေတဲ့ ရှောင်းကျန့်တစ်ယောက်ထဲ။ သူ့နံဘေးမှာတော့ အလေးတုံးတွေနဲ့ ခုံတစ်ချို့ ပြန့်ကျဲလို့။ ရိပေါ် ရှောင်းကျန့်ဆီပြေးသွားပြီး ဘာဖြစ်သွားသေးလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေရှာဖွေနေမိသည်။ ဝမ်းချင်လက်စလက်နကို သူအသိဆုံး။ မိန်ကလေးပေမယ့် လက်ရဲဇက်ရဲရှိသည်။
"ရိပေါ်. . .ရိပေါ် ငါဘာမှမဖြစ်ဘူး"
မျက်နှာနဲ့ လက်မှာ ပွန်းရာပဲ့ရာအနည်းငယ်နဲ့ ဆေးလိပ်မီးလောင်တဲ့ဒဏ်ရာအပြင် နောက်ထပ်ကြီးကြီးမားမားဒဏ်ရာတော့မတွေ့ရ။
ရိပေါ် ရှောင်းကျန့်ကို ရင်ခွင်ထဲဆွဲသွင်းပြီး တင်းနေအောင် ဖက်ထားမိသည်။ သူဘယ်လောက်တောင် စိတ်ပူသွားရလဲ။ သူကာကွယ်ပေးပါမယ်ဆိုတဲ့ ရှောင်းကျန့်က သူနဲ့ပတ်သတ်လို့ အခုလိုဖြစ်ရတာ ဆိုတဲ့အတွေးနဲ့ ရှောင်းကျန့်နာကျင်မှာကို စိုးရိမ်စိတ်တွေက သူ့ရင်ထဲမှာ မုန်တိုင်းတစ်ခုလို။
"ရိပေါ်"
သူ့နောက်က ပြေးလိုက်လာတဲ့ ဝမ်းနင်ရောက်လာမှ ရှောင်းကျန့်ကို ဖက်ထားတာကနေ လွှတ်ပေးဖို့ သတိဝင်သည်။
ရိပေါ်က စိတ်မချပေမယ့်ရှောင်းကျန့်က ကျောင်းဆေးခန်းကို သူ့ဘာသာ သွားမည် ရိပေါ်တို့လိုက်လာရင် ဆေးခန်းက သကာၤမကင်းဖြစ်မည်ဆိုလို့ သူနဲ့ဝမ်းနင် ခပ်လှမ်းလှမ်းကပဲစောင့်နေလိုက်ကြသည်။
"ဝမ်းချင် အဲ့လောက်ဆိုးမယ်လို့ ငါမထင်မိဘူး။ ငါသူ့ကိုပြောမှဖြစ်မယ်။"
ဝမ်းနင် သူ့အမကို ပထမဆုံး စိတ်ပျက်မိတာတော့မဟုတ်။ ဝမ်းချင်က ငယ်ကတည်းက တဇွတ်ထိုး တဇောက်ကန်း တယူသန်။ ဒါမျိုးပြဿ နာ ဖန်တီးတာလဲ ခဏခဏ။ ဒါပေမယ့် ရှောင်းကျန့်ကိစ္စတော့ ဝမ်းချင်လွန်သွားပြီလို့ သူထင်သည်။
"သူဒီလိုလုပ်မယ်ဆိုတာသာ သိရင် ရှောင်းကျန့်ကို ထည့်မပေးလိုက်ပါဘူး"
"မင်းမှမသိတာ မင်းအမှားမဟုတ်ပါဘူး"
"ဒါပေမယ့် ရှောင်းကျန့်ကရော ဘာလို့မပြောတာလဲ။ သူငါ့ကိုပြောရင် ငါ ဝမ်းချင်ကို တားမှာပေါ့"
ရိပေါ်သက်ပြင်းချမိသည်။ ရှောင်းကျန့်က ဘယ်လိုပဲ အားနည်းတယ် ကြောက်တတ်တယ်ဆိုပေမယ့် သူမသိတဲ့သူတစ်ယောက်ကို အကူအညီတောင်းမှာမဟုတ်။ ရှောင်းကျန့်ရဲ့ အပေါ်ယံကိုကြည့်ရင် နူးညံ့တယ်ထင်ရပေမယ့် တကယ်တမ်းက ခေါင်းမာလွန်း ကြံ့ခိုင်လွန်းသည်။
"သူက အဲ့လိုသူများကိုပြောမယ့် လူမျိုးမဟုတ်ဘူး"
"အဲ့ဒါမင်းအမှားပဲ ရိပေါ်။ ရှောင်းကျန့်က သူ့ဘာသာနေရင် ဘာမှမဖြစ်ဘူး။ မင်းနဲ့ပတ်သတ်မှဒီလိုဖြစ်ရတာ သိရက်နဲ့ ကြည့်နေနိုင်သေးလား"
စာသင်ခန်းဘက်ကို ရိပေါ် ခြေဦးလှည့်လိုက်သည်။ သူရှင်းစရာတွေရှိနေသည်။
"ဟုတ်တယ်။ အဲ့ဒါကြောင့် ရှောင်းကျန့်ကို ဒါမျိုးနောက်ထပ်မကြုံစေရဘူး။ သူ့ကို ဘယ်သူမှမထိခိုက်အောင် ငါက ကာကွယ်မှာ"
အတန်းထဲကိုသွားပြီး ဝမ်းချင်ကိုခေါ်ထုတ်လာခဲ့သည်။ ကျန်တဲ့ကျောင်းသားတွေအတန်းတက်နေကြပြီဆိုတော့ ကျောင်းအနောက်ဘက်ခြံဝင်းမှာလူရှင်းပြီး တိတ်ဆိတ်နေ၏။
"ငါ့ကိုတောင်းပန်ခိုင်းဖို့ခေါ်လာတာဆိုရင်တော့လုံးဝပဲ"
ဝမ်းချင်က စပြောသည်။ သူ့ဒေါသက အခုထိအနည်မထိုင်သေး။
"မင်းကိုလဲတောင်းပန်ဖို့ငါမပြောပါဘူး။ မင်းကိုရှင်းရှင်းလင်းလင်းပြောမလို့။ ရှောင်းကျန့်ကမင်းကိုဘာလုပ်လို့ လိုက်ငြိုးနေတာလဲ"
"ဘာမှမလုပ်ဘူး။ သူ့ကိုမြင်ရင်ကို အလိုလိုနေရင်းဒေါသထွက်တာ။ နင်လဲ အဲ့လိုအလကားနေရင်း စောက်မြင်ကပ်နေတဲ့လူတွေရှိတာပဲ ဘာထူးဆန်းလို့လဲ။ ပြီးတော့ အဲ့ဒီ ရှောင်းကျန့်က နင်ထင်သလို မဟုတ်ဘူး။ ပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီး"
ရိပေါ်ပြုံးမိသွားသည်။ ဝမ်းချင်က ဒေါသတကြီးနဲ့ နင်ကဘာရီတာလဲဆိုတဲ့စကားကို လျစ်လျူရှုရင်း
"အင်းပေါ့။ မင်းလိုကောင်မတောင် သူ့ကိုဘာမှမလုပ်လိုက်နိုင်ဘူးဆိုတော့ တကယ်အထင်ကြီးစရာပဲ"
ဝမ်းချင်က ရှူးရှူးရှဲရှဲဖြစ်သွားသည်။ ရိပေါ်က သူ့ကိုလာလှောင်နေတာလား။
"ငါဒီတခါက ခြိမ်းခြောက်ရုံခြိမ်းခြောက်လိုက်ပေမယ့် နောက်တခါဆို အသေလုပ်မှာရိပေါ်"
"လုပ်လေ"
ရိပေါ်အသံက အေးတိအေးစက်
"မင်းသူ့ကိုဘာလုပ်မလဲ မင်းသူ့အပေါ်ကျူးလွန်တာရဲ့ နှစ်ဆ ငါမင်းကိုပြန်လုပ်မယ်။ နောက်ဆုံး မင်းကိုသတ်ပြီး သူ့အတွက် လက်စားချေရင်ချေပေးရမှာပဲ"
"နောက်နေတာလားရိပေါ်"
ရိပေါ်ရဲ့ သန်မာတဲ့ လက်တွေက ဝမ်းချင် လည်မြိုပေါ်ရောက်လာသည်။ သူ့လေပြွန်တဝိုက်မှာ တင်းကြပ်စွာညှစ်ထားတဲ့ လက်ချောင်းတွေနဲ့ ရိပေါ်ရဲ့ အေးစက်စက်မျက်လုံးတွေက နောက်နေတာမဟုတ်ဘူးဆိုတာ ဝမ်းချင်သိနေသည်။
"ငါတခါမှတော့ လူမသတ်ဘူးသေးတော့ စမ်းကြည့်တာပေါ့"
" ရှောင်းကျန့်အတွက်နဲ့လေ. . ."
အသက်ရှုရ ခက်လာပြီး တချက်တချက်မှာ အသိလွတ်သလိုဖြစ်နေတဲ့ကြားရ ရုန်းကန်ရင်း ဝမ်းချင်မေးမိသည်။
"အင်း. . . ရှောင်းကျန့်ကို ငါက ကာကွယ်မှာမို့ သူ့ကိုထိတာ ငါ့ကိုစိန်ခေါ်တာပဲ။ အခုတခါနင့်ကို အလွတ်ပေးလိုက်ပေမယ့် နောက်တခါဆိုတာမရှိတော့ဘူး"
သူ့ကိုလွှတ်ပေးလိုက်ပြီး တွန်းထုတ်လိုက်တဲ့
ရိပေါ်ကိုကြည့်ပြီး ဝမ်းချင် ခြေထောက်တွေမခိုင်တော့ပဲ ပြိုလဲကျသွားသည်။ ကျောခိုင်းသွားတဲ့ရိပေါ်က ဝမ်းချင်ရဲ့ မျက်ရည်တွေကို လှည့်မကြည့်ခဲ့။ ရိပေါ်က တကယ်ကို ရှောင်းကျန့်အတွက်တဲ့လား။
"ဝမ်းချင်"
သူ့ဘေးနားလာရပ်တဲ့ ဝမ်းနင်ရဲ့ ခြေအစုံကိုကျောခိုင်းလိုက်သည်။ သူ့မျက်ရည်တွေကို သုတ်ပြီး ဝမ်းနင်ဆီက အပြစ်တင်စကားကို စောင့်နေပေမယ့် ဝမ်းနင်က ဘာမှမပြောပဲ တစ်ရှူးတစ်ရွက်သာကမ်းပေးပြီး သူငိုလို့ ပြီးတဲ့အထိစောင့်နေခဲ့သည်။
"ငါ ရိပေါ်ကို စတွေ့ကတည်းက သဘောကျခဲ့တာ နင်သိတယ်မလား။ အဲ့ကတည်းက ရိပေါ်က သူ့ထက်ကြီးတဲ့ မိန်းကလေးတွေနဲ့ချည်းရည်းစားထားတာ။ ငါ့အလှည့်လဲ တနေ့ရောက်လာလိမ့်မယ်လို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့တာ"
ဝမ်းနင်က အတူတူကြီးလာတဲ့ အမွှာပီပီ သူ့အမပြောနေတာကို တခွန်းမှ ဝင်မစွက်ပဲ ရပ်နားထောင်ပေးနေသည်။ ဝမ်းချင်က သွေးပူလွယ် သွေးဆူလွယ်ပေမယ့် သူ့အမက အဆိုးကြီးမဟုတ်လို့ သူယုံသည်။
"အခု သူ့စော်နဲ့ကွဲပြီဆိုတော့ ငါ့အတွက် အခွင့်အရေးရှိမယ်လို့ထင်ခဲ့တာ။ ရှောင်းကျန့်က ဘယ်လိုရောက်လာရတာလဲ"
"ဝမ်းချင် ရှောင်းကျန့်က ယောကျာ်းလေးလေ"
"ဒါပေမယ့် နင် ရိပေါ်က ရှောင်းကျန့်ကို ကြည့်သလို တခြားလူကိုကြည့်တာ မြင်ဖူးလား။"
သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်ရင်း မေးလာတဲ့ ဝမ်းချင် ဆီက အကြည့်လွှဲပြီး ခေါင်းခါပြလိုက်သည်။
"ဒါပေမယ့် အဲ့ဒါအတွက်နဲ့ ရှောင်းကျန့်ကို နင်ရန်မရှာသင့်ဘူး"
ဝမ်းချင်ဆီက အက်ကွဲကွဲရီသံထွက်လာသည်။
"နင်သိလား။ ငါရှောင်းကျန့်လက်ကို ချိုးပစ်မယ် လုပ်တော့လေ သူက သူ့လက်ထက် ရိပေါ်ကိုသူပုံမဆွဲပေးနိုင်မှာ ပူတာတဲ့။ ရီရတယ်နော်။"
ဝမ်းနင်ကမ်းပေးတဲ့လက်ကို ရိုက်ထုတ်ပြီး သူ့ဘာသာပဲထလိုက်သည်။ ကျောင်းဝတ်စုံ စကတ်မှာ ပေနေတဲ့ ဖုံတွေကို ခါချလိုက်ရင်း ရိပေါ်အပေါ်ထားမိတဲ့ သူ့ခံစားချက်တွေကိုလဲ ဒီလိုပဲ လွယ်လွယ်နဲ့ခါချနိုင်မလားလို့ မျှော်လင့်မိသည်။
ရှောင်းကျန့်နေ့လယ်အတန်းချိန်တုန်းက လွတ်သွားတဲ့ သင်ခန်းစာတွေဖတ်နေရင်း သူ့အကြည့်က လက်ဖျံပေါ်က စီးကရက်မီးဒဏ်ရာကို ရောက်သွားသည်။ ပတ်တီးဖွဖွစီးထားတဲ့ဒဏ်ရာကို လက်ညှိုးထိပ်နဲ့ တို့ထိမိတော့ စပ်ဖျင်းဖျင်းအရသာက ရှိနေသေးသည်။
"ရိပေါ်အနားမှာ ဘာလို့နေချင်ရတာလဲ"
သူ့မေးခွန်းအတွက် သူကိုယ်တိုင်လဲအဖြေမရှိပါ။ ဘာလို့များ သူခေါင်းမာမာနဲ့လျှောက်ပြောခဲ့လဲ။ ဒီလက်ချောင်းတွေမရှိတော့ရင် သူဘယ်လိုပန်းချီဆွဲမလဲ။ တွေးတောင်မတွေးဝံ့ခဲ့တဲ့ အရာကို သူက ခေါင်းမာမာနဲ့ စိန်ခေါ်ခဲ့တယ်တဲ့လား။
ဒါပေမယ့် သူ့ကိုမြင်တဲ့အချိန် ပြေးလာပြီးပွေ့ဖက်လိုက်တဲ့ ရိပေါ် ရဲ့ စိုးရိမ်နေတဲ့မျက်နှာနဲ့ တဒိုင်းဒိုင်းခုန်နေတဲ့ရင်ခုန်သံတွေက။ ရှောင်းကျန့် သူ့ရင်ဘတ်သူ ပြန်ဖိမိသည်။ သူကရော ဘာလို့ ရင်ခုန်လာရတာလဲ။
သက်ပြင်းအရှည်ကြီးတချက်နဲ့ ဘာရယ်မဟုတ်ငေးလိုက်မိခြင်းက သူ့အိမ်ရှေ့လမ်းပေါ်က မော်တော်ဆိုင်ကယ်ကို သတိပြုမိသွားသည်။ ရိပေါ်ရဲ့ဆိုင်ကယ်. .
သူများအမြင်မှားတာလား။
ချက်ချင်းထပြီး ပြတင်းပေါက်နားကပ် ငုံ့ကြည့်တော့ ရိပေါ်ကလဲ သူ့အခန်းပြတင်းကိုမော့ကြည့်နေသည်။
အာရီးရဲ့ ဘယ်သွားမလို့လဲဆိုတဲ့အမေးကို လမ်းထိပ်လို့ ပြီးစလွယ်ဖြေပြီးပြေးဆင်းလာခဲ့တာ လှေကားတွေလည်းဘယ်နှထစ်ကျော်လို့ကျော်ခဲ့မှန်းမသိ။
"ဒဏ်ရာဘယ်လိုနေလဲ ညနေက မမေးလိုက်ရလို့"
အာရီးမြင်မှာစိုးလို့ ဝတ်ထားတဲ့ အင်္ကျီလက်ရှည်ကိုလှန်ပြီး သူ့ဒဏ်ရာကိုပြရသေးသည်။
"ဝမ်းချင်ကို သတိပေးထားတယ်။ ကျန့်ကောကို နောက်ထပ်မနှောင့်ယှက်ဖို့"
"သူ့ကိုလဲ အရမ်းမပြောပါနဲ့။ သူက မိန်းကလေးမို့ အူတိုတာ နေမှာပါ"
ရှောင်းကျန့်အင်္ကျီလက်ခေါက်ကိုပြန်ဖြည်ချတဲ့အထိ ရိပေါ်က သူ့လက်ချောင်းတွေကိုလိုက်ငေးနေသည်။
"ကျန့်ကော. . အခုလိုတွေ ဖြစ်တာတောင် ဘာလို့ ငါနဲ့ဆက်ခင်နေသေးတာလဲ။ မင်း မကြောက်ဘူးလား"
လမ်းမီးရောင်ဝါကျင့်ကျင့်အောက်မှာ ရိပေါ်မျက်နှာကိုရှောင်းကျန့်ငေးမိသည်။ ခုနက သူမေးတဲ့မေးခွန်းရဲ့အဖြေကို ရှာဖွေတွေ့လိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းမှာ အရောင်တွေရှိလို့"
"အရောင်"
ရိပေါ်က သူပြောတာကိုတိုးတိုးလေးလိုက်ပြောသည်။
"အင်း အရမ်းထူးခြားတဲ့အရောင်။ သန်မာတယ် လှပတယ် ဒါပေမယ့် နည်းနည်းလည်း ကြေကွဲစရာကောင်းတယ်။ ခံစားလို့ရပေမယ့် လက်တွေ့စပ်ပြဖို့ကျ ခဲယဉ်းတယ်လေ"
ရိပေါ်က ရှောင်းကျန့်စကားမှာမျောသလိုငေးကြည့်နေသည်။ ပြောချင်ရာပြောပြီးမှ ရှောင်းကျန့်နည်းနည်းမျက်နှာပူသွားတာကြောင့် ထလိုက်သည်။
"အိမ်ပေါ်တက်တော့မယ်"
"ခဏလေး"
ရုတ်တရက် ရိပေါ်က လက်ကိုလှမ်းဆွဲတော့ ရှောင်းကျန့်နည်းနည်းယိုင်သွားတာကိုလှမ်းထိန်းပေးလိုက်သည်။ ရှောင်းကျန့်လက်က ပတ်တီးစက ရိပေါ်လက်ကောက်ဝတ်က လက်ပတ်ကြိုးအမဲလေးမှာငြိနေလို့ မနည်းဖြည်ယူရသည်။
"ကြည့်ရတာ ဒီလက်ပတ်က ကျန့်ကောကို ပေးသွားစေချင်ပုံမရဘူး"
ဒီလတ်ပတ်ကို ရိပေါ်ပတ်ထားတာ ပန်းချီဆွဲတဲ့နေ့ကတည်းက ရှောင်းကျန့်သတိထားမိတာပဲ။
ရိပေါ်က လတ်ပတ်ကြိုးကို လက်ညှိုးနဲ့ပွတ်နေရင်း
"ဒီဟာက ငါ့သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးတာ။ သူနဲ့ မခေါ်တော့ပေမယ့် ဒါက ဘာလို့လဲမသိဘူး ကံကောင်းစေတဲ့အဆောင်လိုပဲ။ ဒီဟာဝတ်ပြီး ပထမဆုံးပြိုင်တဲ့ Suzuki ပွဲတုန်းက ရှေ့ဆုံးက ပန်းဝင်ခဲ့တာ"
ရိပေါ်က သူ့လတ်ပတ်အကြောင်းကို စိတ်လိုလက်ရပြောနေတော့ ရှောင်းကျန့်လဲ ငြိမ်ပြီးနားထောင်နေလိုက်သည်။
"ကျန့်ကော လက်ပေး"
ရှောင်းကျန့် ယောင်နနနဲ့လက်ထုတ်ပေးတော့ ရိပေါ်က သူ့လက်ပတ်ကို ချွတ်ပြီး ရှောင်းကျန့်လက်ကောက်ဝတ်မှာစွပ်ပေးသည်။
"ရိပေါ် ဒါက မင်းအတွင် ကံကောင်းတဲ့အဆောင်ဆို"
ရိပေါ်က ဘာမှမပြောနဲ့ဆိုတဲ့ မျက်နှာပေးနဲ့ ရှောင်းကျန့်လက်ကို မီးရောင်မှာထောင်ကြည့်သည်။
"ကျန့်ကော လက်ကောက်ဝတ်ကလဲ သေးသေးလေး"
ရှောင်းကျန့်ရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားရင်း လက်မနဲ့ ဖြည်းဖြည်းချင်းပွတ်ရင်းမေးမိသည်။ ရှောင်းကျန့် လက်ကောက်ဝတ်လေးအပြင် လက်ဖဝါးနဲ့ လက်ချောင်းလေးတွေကလဲ ရိပေါ်နဲ့ယှဉ်ရင် သေးသွယ်လှသည်။
အဲ့ဒီခဏတာအချိန်လေးက သူတို့နှစ်ယောက်လုံးကိုပြုစားသွားသည်ထင်သည်။ ရှောင်းကျန့်လက်ကောက်ဝတ်ကို ရိပေါ်ရဲ့ နှုတ်ခမ်းတွေက ထိကပ်သွားသည်။ ရိပေါ်အနမ်းက ဘာအဓိပ္ပါယ်မှမပါပဲ သေဘာကျတဲ့အရာဝတ္ထုတစ်ခုကိုတွေ့လို့ နမ်းရှိုက်လိုက်သလို အရောင်မဲ့သည်။
ရှောင်းကျန့် လက်ကောက်ဝတ်ကို နှုတ်ခမ်းတွေ ထိကပ်ထားရင်းက ရိပေါ်က မျက်လုံးလှန်ကြည့်တော့ သူ့ကို ကြောင်ငေးကြည့်နေတဲ့ ရှောင်းကျန့်။ ခပ်ဟဟပွင့်နေတဲ့ နှုတ်ခမ်းလေးနဲ့ နှုတ်ခမ်းထာငေ့်က မှဲ့လေးက ရိပေါ်ကို ညှို့ငင်နေသည်။
ယောကျာ်းလေးတစ်ယောက်က ဘာလို့ ဒီလောက်ချစ်ဖို့ကောင်းရတာလဲ။ ညှို့ချက်မှာ မိနေသူတစ်ယောက်လို သူ့အကြည့်ကို ဒီနှုတ်ခမ်းပါးလေးကနေ မခွာနိုင်တော့။
ရှောင်းကျန့်ရဲ့ မျက်နှာနဲ့ သူ့မျက်နှာ တဖြည်းဖြည်းနီးလာပြီး သူတို့ နှုတ်ခမ်းနှစ်စုံက တစ်ထပ်ထဲ ကျရောက်သွားသည်။ ရှောင်းကျန့်လဲ သူ့လိုပဲ ညှို့ငင်မှုတစ်စုံတစ်ရာအောက်မှာ ငြိမ်သက်စွာနဲ့ ရိပေါ်ရဲ့ ဦးဆောင်မှုနောက် လိုက်ပါသွားသည်။
ကြမ်းတမ်းပါတယ်ဆိုရဲ့ ရိပေါ်ရဲ့ နှုတ်ခမ်းတွေက ရှောင်းကျန့်အတွက်တော့ နူးညံ့နွေးထွေးလှသည်။
နွေနှောင်းညရဲ့ လမ်းမီးရောင်က သူတို့နှစ်ယောက်အတွက် ပန်းချီကားတစ်ချပ်လိုကို လွမ်းမောစရာကောင်းနေသည်။