MARS

Por Candycho4

408K 41.1K 2.2K

တချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ... Mais

Intro
MARS 1 (Zawgyi)
MARS 1 (Unicode)
MARS 2 (Unicode)
MARS 3 (Zawgyi)
MARS 3 (Unicode)
MARS 4 (Zawgyi)
MARS 4 (Unicode)
MARS 5 (Zawgyi)
MARS 5 (Unicode)
MARS 6 (Zawgyi)
MARS 6 (Unicode)
MARS 7 (Zawgyi)
MARS 7 (Unicode)
MARS 8 (Zawgyi)
MARS 8 (Unicode)
MARS 9 (Zawgyi)
MARS 9 (Unicode)
MARS 10 (Zawgyi)
MARS 10 (Unicode)
MARS 11 (Zawgyi)
MARS 11 (Unicode)
MARS 12 (Zawgyi)
MARS 12 (Unicode)
MARS 13 (Zawgyi)
MARS 13 (Unicode)
MARS 14 (Zawgyi)
MARS 14 (Unicode)
MARS 15 (Zawgyi)
MARS 15 (Unicode)
MARS 16 (Zawgyi)
MARS 16 (Unicode)
MARS 17 (Zawgyi)
MARS 17 (Unicode)
MARS 18 (Zawgyi)
MARS 18 (Unicode)
MARS 19 (Zawgyi)
MARS 19 (Unicode)
MARS 20 (Zawgyi)
MARS 20 (Unicode)
MARS 21 (Zawgyi)
MARS 21 (Unicode)
MARS Finale (Zawgyi)
MARS Finale (Unicode)
MARS Extra (Zawgyi)
MARS Extra (Unicode)

MARS 2 (Zawgyi)

10.6K 959 35
Por Candycho4

"ရိပေါ်ကို ဘတ်စကတ်ဘောအသင်းထဲပါဖို့ခေါ်တာ ငြင်းလွှတ်လိုက်တယ်"

"အဲ့ကောင်နဲ့ သွားမရှုပ်စမ်းပါနဲ့ကွာ"

"သူက တကယ်ဆော့တတ်တာဟေ့ကောင် မြင်တယ်မလား"

"ဒါပေမယ့် သူက ဆိုင်ကယ်ပြိုင်ပွဲဝင်ဖို့ ​လေ့ကျင့်နေတာနဲ့မအားဘူးဆို"

"ဟင်. . သူက ပြိုင်ပွဲပါဝင်သေးတာလား"

"16 နှစ်ကတည်းက Suzuki 4 hour long track ချန်ပီယံဆို"

"ဝိုး. .တကယ်ကြီးလား မိုက်လိုက်တာ"

"သူကျလည်း တကယ်မိုက်နေတာပဲ။ ဆိုင်ကယ်လဲမောင်း ဘတ်စကတ်ဘောဆော့တာလဲကောင်း စော်ကလဲကြည်"

"သူတွဲနေတဲ့စော်က တက္ကသိုလ်ကဆို။ ဝမ်းချင်တော့ ဆွေ့ဆွေ့ခုန်နေမှာပဲ"

"အဲ့ကောင်က စားဘဲ"

မနက်စောစော ကျောင်းရောက်နေရခြင်းက အဲ့လို တောင်ရောက်မြောက်ရောက် အတင်းတုပ်တာတွေကို စိတ်မဝင်စားလဲ နားထောင်ရတဲ့ဘဝပင်။ သူ့ဘေးက ကျောင်းသားတသိုက်ကတော့ ရှောင်းကျန့်ကို ဂရုပြုမိပုံလဲမပေါ်။ ဂရုပြုမိလဲ ဂရုစိုက်မှာမဟုတ်ပါ။ ရှောင်းကျန့်လဲ နဂိုကတော့ သူတို့ဘာပြောနေနေ စိတ်မဝင်စားပေမယ့် ရိပေါ်အကြောင်းဆိုတော့ အလိုလို နားစွင့်မိသည်။

သူတို့ပြောနေတဲ့ရိပေါ်က ရှောင်းကျန့်သိတဲ့ရိပေါ်နဲ့တော့ ကွာခြားနေသည်။

"ကျန့်ကော ဒါပြန်လိုချင်လား"

ရှောင်းကျန့်ရဲ့ ပန်းချီအခန်းထဲကို ရိပေါ်ထပ်ရောက်လာသည်။ သူ့လက်ထဲမှာ ရှောင်းကျန့်ရဲ့ အမေနဲ့ကလေးပုံ ခဲခြစ်ပန်းချီထည့်ထားတဲ့ ပလက်စတစ်ဖိုင် အကြည်လေးနဲ့။ သူက ရိပေါ်ထက် တစ်နှစ်ကြီးတယ်ဆိုတာ သိပြီးနောက်မှာ ရိပေါ်က ဘာကြောင့်မှန်းမသိ သူ့ကို မင်းနဲ့ငါ မပြောတော့ပဲ ကျန့်ကော လို့ ပြောင်းခေါ်သည်။

"ဟင့်အင်း မယူတော့ပါဘူး။ ငါက အာ့ကို ဆီ​ဆေးဆွဲဖို့အတွက်ပုံကြမ်းဆွဲထားတာ။ ကင်းဗတ်မှာ ပုံကြမ်းဆွဲပြီးရင် မလိုတော့ဘူး"

"ဒါဆို ငါသိမ်းထားမယ်နော်"

ဒီပန်းချီကားကို အရမ်းသဘောကျနေမှန်း သူ့မျက်ဝန်းတွေက ဖော်ပြနေသည်။

"အင်း. .မင်းလိုချင်တယ်ဆိုရင် ဆီဆေးပန်းချီပြီးရင်လဲ ငါလက်ဆောင်ပေးပါ့မယ်"

ရိပေါ်ပြုံးလိုက်ပုံက ပါးမို့မို့လေးတွေပါ မို့တက်လာသည်။ ဒီလိုကျလဲ ဝမ်ရိပေါ်က ကလေးနဲ့တူတာပဲ။

"အား. .ဒီလောက်တန်ဖိုးကြီးတာကြီးကျ ငါအလကားမယူချင်ပါဘူး။ ဒါပေမယ့် ပိုက်ဆံပေးရအောင်ကျလဲ ငါကမွဲနေတာ"

ရိပေါ်ငွေသိပ်မရှိတာတော့ ရှောင်းကျန့်ရိပ်မိပါသည်။ ရှောင်းကျန့်က သူ့ကိုအလကားပေးဖို့ စဉ်းစားထားပေမယ့် သူက အပြောမခံ။

"ဒီလိုလုပ် အပြန်အလှန်အနေနဲ့ ကျန့်ကောကို ကာကွယ်ပေးမယ်။"

ကာကွယ်ပေးမယ်။ ရှောင်းကျန့် ဝမ်ရိပေါ်ကို အထူးအဆန်းလို ကြည့်နေမိတော့ သူက သဘောကျသလိုရီလိုက်ပြီး

"ကောကို ဘယ်သူမှ အနိုင်မကျင့်နိုင်အောင် ​ဘေးမှာ မားမားမတ်မတ်ရပ်ပေးမယ်"

ရိပေါ်က မျက်စိတဖက် မှိတ်ပြပြီး ပန်းချီထည့်ထားသည့် ပလတ်စတစ်ဖိုင်ကို သူ့ကျောမှာထိုးထည့်ကာ ထွက်သွားဖို့ပြင်သည်။

"အလိုရှိရင် ဟော့ဒီခန္ဓာကိုယ်ကြီးကိုလဲ  ကျန့်ကောကို ငှါးပေးလို့ရတယ်။ သွန်လိုသွန် မှောက်လိုမှောက်"

သူ့ကိုတမင် ရွှတ်နောက်နောက်နဲ့စရင်း လှေကားထစ်တွေကိုပြေးဆင်းသွားတဲ့ရိပေါ်နောက်ကိုပြေးလိုက်သွားမိသည်။ သူတကယ်ပဲ ရိပေါ် ခန္ဓာကိုယ်ကို ငှါးလို့ရမှာလား။ နိမ့်ချီမြင့်ချီနဲ့ ကျောပြင်မြင်ကွင်းက ရှောင်းကျန့်ကို ဘယ်ကမှန်းမသိတဲ့ သတ္တိခွန်အားတွေပေးလာသည်။

"ရိပေါ် မင်း ခန္ဓာကိုယ်ကို ငါတကယ်ငှါးချင်တယ်"

"ဝုန်း"

လက်ရန်းကနေ ကုန်းအော်လိုက်တဲ့ သူ့အသံနဲ့ သူ့အပြောကြောင့် ရိပေါ် အံ့သြသွားပုံရသည်။ လှေကားထစ်ကနေ ခြေချော်ပြီး ဖင်ထိုင်ရက်ကျသွားသည်။

"ရိပေါ်"

သူစိတ်ပူတာနဲ့အမြန်ပြေးဆင်းလာတာကို ရိပေါ်က မထပဲကြည့်နေသည်။

"ကျန့်ကော ဘာပြောလိုက်တာ"

"ငါ မင်းကိုငှါးချင်တယ်လို့။"

ဒီစကားပြောရင်းကို သူ့ပါးပြင်တွေ နားရွက်တွေက ပူနွေးနီရဲလာသည်။ ဒါသူ့အသက် ၁၉ နှစ်မှာ ပထမဆုံးအနေနဲ့ သူစိမ်းတစ်ယောက်ကို ရဲရဲ ပြောထွက်လာတဲ့ စကားလိုပဲ။

"မင်းငါ့ကို မော်ဒယ်ထိုင်ပေးမလား"


"အကုန်ချွတ်ရမှာလား"

ရိပေါ်က ပန်းချီခန်းထဲလှည့်ပတ်လျှောက်​နေရင်း သူအပေါ်ကဝတ်ထားတဲ့ရှပ်ကို ချွတ်ပြီး ခုံပေါ်ဖြစ်သလိုပစ်တင်လိုက်သည်။ ပြီးတော့ ကျောင်းဝတ်စုံအောက်မှာ ခံဝတ်ထားသည့် တီရှပ်ကိုပါဆက်ချွတ်ဖို့ပြင်တော့ ရှောင်းကျန့်ကပဲ အမြန်တားလိုက်ရသည်၊

"ဟင့်အင်း ချွတ်ဖို့မလိုဘူး ဒီတိုင်းပဲထိုင်ပေး"

"မချွတ်ရဘူးလား။ မသိပါဘူး ဖင်တုံးလုံးများ မော်ဒယ်ထိုင်ပေးရမှာလားလို့ ရင်တွေဘာတွေခုန်သွားတယ်"

ရိပေါ်က ခပ်ရွှတ်ရွှတ်ပြောရင်း သူ့ရှေ့က ခုံမှာ ထိုင်လိုက်သည်။ ပြီးတော့ ကိုယ်နေဟန်ထားကိုဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပုံရသည်။

"ရတယ် သက်သောင့်သက်သာရှိသလိုထိုင်"

ဒီလိုဆိုတော့ သူက ခုံကိုလှည့်လိုက်ပြီး နောက်ပြန်ထိုင်ရင်း ခုံနောက်မှီမှာမေးတင်လို့ ရှောင်းကျန့် ကိုမျက်နှာမူထိုင်နေသည်။

"ရှောင်းကျန့် မင်းက လူတွေကိုမကြိုက်ဘူးဆို"

"ငြိမ်ငြိမ်တော့ထိုင်ပေး မဟုတ်ရင် ငါပုံကြမ်းဆွဲရခက်တယ်"

အဲ့လိုကျ ခုံကိုနှဲ့နေရာကနေငြိမ်သွားပြီး ခုံနောက်ကျောပေါ်တင်ထားတဲ့ လက်ဖျံမှာ မေးတင်ရင်း ရှောင်းကျန့် sketch ခြစ်တာကို စိတ်ဝင်တစားနဲ့ ကြည့်နေသည်။

"ငါက ဟိုအရုပ်မှမဟုတ်တာ။ ကျောက်ရုပ်ကြီးလိုတော့ မထိုင်နိုင်ဘူး"

ရှောင်းကျန့်သူ့ကိုပြောချင်ရာ ပြောပစေတော့ရယ်လို့ လွှတ်ထားလိုက်သည်။ ပန်းချီဆွဲတဲ့အချိန်က ကြာမည်ဆိုတော့ သူလဲပျင်းပျင်းရှိဟန်တူသည်။ နဂိုကမှစကားနည်းတဲ့ရှောင်းကျန့်ဆီက စကားပြန်လာတာမစောင့်ပဲ သူတစ်ယောက်ထဲ တောင်စဉ်ရေမရ ပြောနေသည်။

"ငါ အဲ့ဒီ Mars အကြောင်း ရှာဖတ်ကြည့်သေးတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်မလား။"

ရိပေါ်က အပေါ်ကိုမော့ပြီးနည်းနည်းတွေးနေသေးသည်။

"သူက နတ်ထဲမှာ ဒုတိယအင်အားအကြီးဆုံး။ နတ်ဘုရင် ဂျုပီတာကိုသာ သူဖြုတ်ချပြီး နတ်ဘုရင်ရာထူးကိုယူခဲ့ရင် လူတွေဘယ်လိုနေမလဲ။ စစ်နတ်ဘုရားအုပ်စိုးတဲ့ကမ္ဘာမှာ လူတွေတချိန်လုံးစစ်တိုက်နေကြမလားပဲ။ ဒါဆို ကမ္ဘာလဲ စောစောပျက်မယ်ထင်တယ်"

"မင်းက ကမ္ဘာပျက်မယ်ဆိုတာ တကယ်ယုံလို့လား"

ရိပေါ်က ရှောင်းကျန့်အမေးကို ပုခုံးတွန့်လိုက်ရင်း

"ယုံတယ်လည်းမဟုတ်ဘူး မယုံဘူးလဲမဟုတ်ဘူး။ အနာဂတ်ဆိုတာက ဘာမှကြိုတွေးထားလို့ရတဲ့အရာမှမဟုတ်ပဲ။ ဘာမှန်းမသိတာကြီးကို မျှော်နေမယ့်အစား ဝုန်းဒိုင်း ဖုံးခွမ်းဆိုပြီး ပြီးသွားစေချင်တယ်။ တစ်ခုခုဖြစ်လာမှာကိုမျှော်လင့်ရတာက ပိုကြောက်ဖို့ကောင်းတယ်"

ရိပေါ်က သူ့လက်ဖျံထဲကို မျက်နှာတိုးအပ်လိုက်ရင်း

"ဥပမာဆို အိပ်ယာပေါ်မှာ လဲနေပြီး သေခြင်းတရားကို စောင့်နေရတာထက်စာရင် ဗိုင်းယက်စ်တစ်ခုကိုက်ပြီးချက်ချင်းသေသွားတာမျိုး။ အဲ့လိုမသေရင်တောင် မင်းကိုယ်မင်း အစွမ်းကုန်ကာကွယ်နေရတာမျိုးပေါ့။ စိတ်လှုပ်ရှားစရာတစ်ခုခုနဲ့ပဲ အဆုံးသတ်ချင်တယ်"

ပြောနေရင်း သန်းလာပြီး အိပ်ပျော်သွားတဲ့ ရိပေါ်ရဲ့မျက်နှာကို အနီးကပ်ကြည့်ချင်တာနဲ့ ရှောင်းကျန့်သူ့ခုံရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။

အိပ်မောကျနေသည့် ဝမ်ရိပေါ်ရဲ့ မျက်ခွံလေးတွေက ဖောင်းဖောင်းလေးတွေ မျက်တောင်နက်နက်ရှည်ရှည်လေးတွေက သူ့ပါးပေါ်ကိုအရိပ်ထိုးကျနေအောင်ရှည်လျားသည်။

နှာတံလုံးလုံးနဲ့ အောက်နှုတ်ခမ်းတွဲတွဲဖူးဖူးက အခုလိုအိပ်ပျော်နေတဲ့အချိန်ဆို ဆိုင်ကယ်ကိုအကြမ်းပတမ်းမောင်းတတ်တဲ့ ဝမ်ရိပေါ်၊ မိန်းကလေးတွေထည်လဲတွဲတဲ့ ပလေးဘွိုင်းလေး၊ ထစ်ခနဲရှိ လက်ပါ ရန်ဖြစ်တတ်တဲ့ လူမိုက်ကလေးဆိုတာ ယုံချင်စရာတောင်မရှိပဲ ကလေးပေါက်လေးနဲ့တူသည်။ ရိပေါ်ပြောသလိုပဲ ဒီလိုကြမ်းကြမ်းတမ်းတမ်းနေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာဟာ ဘာလို့ ဒီလောက်နူးညံ့နေရတာလဲ။

---------------------------------------------------

"ငါတို့လမ်းခွဲကြစို့ ရိပေါ်"

ရိပေါ်က သူ့ရှေ့က မိတ်ကပ်အဖွေးသားနဲ့ တစ်ယောက်ကို အိုခေဆိုပြီးခေါင်းငြိမ့်ပြလိုက်သည်။ သူလှည့်ထွက်သွားဖို့ပြင်တော့ အဲ့ဒီတစ်ယောက်က သူ့လက်မောင်းကိုလိုက်ဆွဲသည်။

"ခဏနေဦးလေ။နင်က အထက်တန်းကျောင်းသား ငါက တက္ကသိုလ်တက်နေတာ နင့်ကိုငါ အချိန်မပေးနိုင်ဘူး"

"အင်းလေ အဲ့ဒီတော့"

သူ့လက်မောင်းကို ခပ်တင်းတင်းဆုပ်ထားတဲ့လက်ကိုကြည့်လိုက်မိသည်။ ဆေးရောင်စုံခြယ်ထားတဲ့လက်သည်းတုတွေက လက်ချောင်းပုတိုတိုမှာမလိုက်မဖက်။ ရှောင်းကျန့်လက်ကျ ယောကျာ်းလေးတန်မဲ့ သွယ်လျရှည်လျားလိုက်တာ။ ဖြူနုနေတော့ တခါတလေ ပန်းချီဆေးတွေပေနေရင်တောင် ကြည့်ကောင်းနေတာပဲ။

"နင်တကယ်ကိုမခံစားရဘူးလား"

"ဘာကိုလဲ"

လက်ချောင်းတွေက အကြည့်ကို မနည်းဖယ်ပြီး မျက်နှာကိုကြည့်လိုက်သည်။ မိတ်ကပ်တွေက ဘယ်လောက်တောင်လိမ်းထားတာလဲ။ သူနမ်းရင်တောင် နှာခေါင်းက ပါးပေါ်ကမိတ်ကပ်အလွှာကြီးထဲ နစ်သွားမည်ထင်သည်။

"လမ်းခွဲမှာကိုလေ"

"မ ပဲ လမ်းခွဲချင်တာမလား ခွဲတာပေါ့"

"ငါနင့်ကိုတမင်ပြောနေတာ။ နင်က ငါ့ကိုဆို နည်းနည်းလေးတောင်ဂရုမစိုက်ဘူး။ ဘယ်မှာလဲ နင့်ကိုငါဝယ်ပေးတဲ့နာရီ"

"မရှိတော့ဘူး ဆိုင်ကယ်ပြင်ဖို့ပိုက်ဆံလိုလို့ ရောင်းစားလိုက်ပြီ"

ဂျပုမ ဆွေ့ဆွေ့ခုန်သွားတာကို ရိပေါ်အရသာခံကြည့်နေလိုက်သည်။ အသက်ကြီးပြီး အချိန်မစီးဘူးဆိုတာတကယ်ပဲ။ လူကပိန်သေးပုညှက်နေလို့ အလေးချိန်နည်းရတဲ့အထဲ ဦးဏှောက်ကလဲ ကြပ်မပြည့်ဘူး။ နဂိုတည်းက သူ့ထက်လဲငယ် တေလေဆိုး ဝမ်ရိပေါ်ကို လာကြိုက်ပြီး ဘာတွေမျှော်လင့်နေပါလိမ့်။

"နင့်အတွက် ငါနဲ့ နင့်ဆိုင်ကယ်နဲ့ ဘာကပိုအရေးကြီးလဲ"

"ဆိုင်ကယ်"

မေးနေစရာမလိုတဲ့မေးခွန်းကို မေးတာကအဲ့ဘွားတော်အမှား ပါးရိုက်ခံရမယ်မထင်လို့မရှောင်လိုက်နိုင်တာက ရိပေါ်အမှား။

နောက်နေ့ကျောင်းလာတော့ ဝမ်ရိပေါ်ပါးပေါ်မယ် ပလာစတာကန့်လန့်ကြီးနဲ့မို့ ရှောင်းကျန့်ပါလန့်သွားသည်။

"ဒီပုံနဲ့ မော်ဒယ်ထိုင်ပေးလို့တော့မရလောက်ဘူးထင်တယ်"

"ဘာဖြစ်တာလဲ"

"ကြောင်ကုတ်တာပါ"

"လက်သည်းရှည်နဲ့ဒေါက်ဖိနပ်စီးတဲ့ကြောင် ကုတ်သွားတာ"

ဝမ်းနင်က ဝင်ပြောတော့ ရိပေါ်က သူ့ခြေထောက်ကို ခုံအောက်ကနေလှမ်းကန်လိုက်သည်။ ရှောင်းကျန့် ရီချင်တာနဲ့ပဲ ရန်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကိုထားလိုက်ပြီး ကိုယ့်ဘာသာ ပုံဆွဲ ခဲတံတွေကို ခဲချွန်ဓားနဲ့ဆက်ချွန်နေလိုက်သည်။

"ရိပေါ် နင့်စော်အဘွားကြီးနဲ့ပြတ်သွားပြီဆို"

ဝမ်းချင်က ရိပေါ်ခုံဘေးကိုရောက်လာပြီး ခုံပေါ် လက်ထောက်လို့ ကိုယ်တပိုင်းကိုကုန်းပြီးမေးသည်။ ဝမ်းနင်ကတော့ သူ့အမွှာရဲ့ မထော်မနန်း ဈေးဗန်းခင်းမှုတွေကို မမြင်ချင်ယောင်ဆောင်ပြီးတောင်ကြည့်မြောက်ကြည့်လုပ်နေ၏။

"နင့်ထက် တစ်နှစ် နှစ်နှစ်ပဲကြီးတာ အဘွားကြီးမဟုတ်ပါဘူးဟ"

"ဘာဖြစ်ဖြစ်လေ နင်သူနဲ့ပြတ်သွားတာပဲကောင်းတယ်။ အဲ့ဘွားတော်က အရမ်းပွားတာမလား"

ရိပေါ်က ပုခုံးတွန့်ပြီး ဝမ်းနင်ကိုလှည့်ကြည့်၏။ ငါ့ကိုကယ်ဦးဆိုတဲ့သဘော။ ဝမ်းနင်ကလဲ သူ့ကိုမမြင်ချင်ယောင်ဆောင်နေသည်။
"ရိပေါ် ညနေကျရင်လေ ကျောင်းဆင်းရင် နင့်ဆိုင်ကယ်နောက်ကလိုက်ခဲ့မယ်နော်။ ငါစီးကြည့်ချင်လို့"

ရိပေါ်ကချက်ချင်းပဲ လက်ခါပြလိုက်ပြီး

"မရဘူး။ ငါ့ဆိုင်ကယ်ကနတ်ကြီးတယ် ​တွေ့ကရာလူတင်လို့မရဘူး"

"တော်ပြီ" ဝမ်းချင်က ဒေါသထွက်ထွက်နဲ့လှည့်ထွက်ရင်း

"အ. . "

ရှောင်းကျန့်တံတောင်ကို ဘေးကဖြတ်သွားရင်း ဝင်တိုက်လိုက်တာကြောင့် ဓားက ချော်ပြီး လက်ညှိုးကိုထိသွားသည်။ အရမ်းကြီးတဲ့ဒဏ်ရာမဟုတ်ပေမယ့် သူဘာလုပ်ရမှန်းမသိခင်မှာပဲ ဓားရှရာကနေ သွေးတွေက တတောက်တောက်နဲ့ စီးကျလာသည်။

"ရိပေါ်"

ရှောင်းကျန့်လန့်ပြီးအော်မိတာက ရိပေါ်က သူ့လက်ကို ဆွဲယူပြီး သွေးထွက်နေတဲ့ လက်ညှိုးကို ပါးစပ်ထဲထည့်ငုံလိုက်တာ။ ရှောင်းကျန့် ရုန်းရမလား။ ငြိမ်နေရမလားမသိတော့။ ရိပေါ်က သူ့ကိုမော့မကြည့်။ အံ့သြပြီးဝိုင်းကြည့်လာတဲ့ တတန်းလုံးကိုလဲ ဂရုမစိုက်။ ဒေါသနဲ့ ကြည့်နေတဲ့ ဝမ်းချင်ကိုလဲ အရေးမထား။

ပြီးတော့မှ ရိပေါ်က သူ့လက်ကို လွှတ်ပေးလိုက်ပြီး

"သွေးတိတ်သွားပြီ"

သူ့ဘောင်းဘီအိတ်ထဲက ပလာစတာလေးထုပ်ပြီး ရှောင်းကျန့်လက်ညှိုးမှာ ​သေချာကပ်ပေးနေသည်။

"သတိထား တချို့တွေက နမော်နမဲ့နဲ့"

ဝမ်းချင်ရဲ့ တောက်ခေါက်သံက ရှောင်းကျန့်ကို အနေရကျဉ်းကြပ်စေသည်။

တခါတလေကျ ရှောင်းကျန့်တွေးမိသည်။ လူတွေကို အမြင်နဲ့ ဆုံးဖြတ်လို့မရဆိုတာ။

ရိပေါ်ကိုဆို အရင်က သူမနှစ်ခြိုက်ခဲ့။ ဆံပင်ရှည်ရှည် နားပေါက်တွေနဲ့ ကျောင်းအင်္ကျီဖရိုဖရဲဝတ်ပြီး ဆိုင်ကယ်စီးနေတဲ့ရိပေါ်ပုံစံက ဘယ်လိုမှ လူကောင်းတစ်ယောက်နဲ့မတူတာ။ ဒါပေမယ့် တကယ်တမ်းကျ ရိပေါ်က ရိုးရှင်းသည်။ သူသိသည့် တွေ့ကြုံနေရသည့် ပတ်ဝန်းကျင်က လူတွေထက် ရိုးသားသည်။ လူတစ်ယောက်ကို သူသဘောကျရင် ကျသလို သဘောမကျရင် မကျသလို တုန့်ပြန်ဖို့ဝန်လေးမနေ။

တချို့လူတွေကျ အပြင်ပန်းသာ လူကြီးလူကောင်း လူယဉ်ကျေးပုံစံနှင့် အထဲမှာ ညစ်နွမ်းပုတ်ပွနေကော။ ဥပမာဆို - သူ့ဦးလေးလို၊ အရှေ့မှာ စာသင်နေတဲ့ ဆရာချင်းလို...

ဒီလိုလူတွေက လူဆိုးတွေထက်ပိုကြောက်ဖို့ကောင်းသည်။ သူတို့ရဲ့ မကောင်းမှုကို အပေါ်ယံအရေခွံလှလှလေးနဲ့ ထုတ်ပိုးထားတာမို့ သူတို့ရဲ့ ယုတ်မာမှုကို လည်စဉ်းခံရသူတွေရဲ့ စကားကိုတောင် ဘေးလူတွေက ယုံကြည်လိမ့်မယ်မထင်။

ရှောင်းကျန့် ကျောက်သင်ပုန်းကိုသာ မျက်နှာမူနေရသည် ခေါင်းထဲကိုစာတစ်လုံးမှမဝင်။

ဆရာချင်းက သူရေးထားတာတွေကို ဖျက်လိုက်ရင်း

"ကဲ. . ဒီလိုလုပ်ရအောင် အတန်းထဲက ကျောင်းသားတွေကိုရွေးပြီး အရှေ့မှာ sentence ရေးခိုင်းမယ်ဆိုရင်ကော"

ကျောင်းသူတွေနဲ့ ကျောင်းသားတွေဆီက ငြီးငြူသံထွက်လာသည်။ အင်္ဂလိပ်စာပေ ဘာသာရပ်က သူတို့အတွက်ခက်ခဲလွန်းလှသည်။

"လုပ်ပါကွ. . အရင်ဆုံး ဝမ်ရိပေါ်နဲ့ စလိုက်ရအောင်။ ဝမ်ရိပေါ်"

ဒါက ဆရာချင်းရဲ့ အနုနည်းနဲ့ ကလဲ့စားချေမှု ရိပေါ်ကို အရှက်ခွဲလိုမှုဖြစ်လိမ့်မည်။ ရိပေါ်က သူ့စာရေးစားပွဲပေါ် ဝမ်းလျားထိုးအိပ်နေလို့ ဘေးက ဝမ်းနင်က လှုပ်နှိုးပေးရသည်။

"ဘာလဲ"

ရိပေါ်က လက်ဆန့်ပြီး သမ်းရင်း အရှေ့ထွက်လာသည်။ ဆရာချင်းက ရိပေါ်ကို မြေဖြူကမ်းပေးရင်းဘမျက်နှာပေါ်က အပြုံးက ပညာတတ် လူကောက်ကျစ်တစ်ယောက်ရဲ့အပြုံး။

"ဘာရေးရမှာလဲ"

ဆရာချင်းက မပြောပဲ ကျောက်သင်ပုန်းပေါ်က ဥပမာစာကြောင်းကို မေးဆတ်ပြသည်။ တတန်းလုံးဆီက ရီသံသဲ့သဲ့ထွက်လာသည်။ အားလုံးက ဝမ်ရိပေါ်တို့တိုင်ပတ်ပြီဆိုပြီး ရီချင်နေကြပြီ။

"ငါ့အိပ်နေတာကိုလာနှိုးတာ ခင်ဗျားအမှားပဲ"

This teacher, who appears to be good, is actually a terrible person who sexually harasses his students.

ရိပေါ်ချရေးလိုက်တဲ့ စာကြောင်းအဆုံးမှာ တတန်းလုံး အုံးအုံးကြွတ်ကြွတ်ဖြစ်သွားသည်။ ဆရာချင်းက ချက်ချင်းလိုက်ဖျက်ပေမယ့် မြင်တဲ့သူတွေက မြင်သွားပြီလေ။ တချို့က ဖုန်းထုတ်ပြီးတောင် ဓာတ်ပုံရိုက်လိုက်ကြသည်။

ရိပေါ်က လက်ထဲက မြေဖြူတောင့်ကို တောက်ထုတ်လိုက်ရင်း "အား. . .အင်္ဂလိပ်စာကိုမေ့ပြီထင်နေတာ အမေရိကားမှာ ဆယ်နှစ်တိတိ အင်္ဂလိပ်လိုပဲပြောလာရတာဆိုတော့ မမေ့သေးဘူးပဲ"

ခုံကိုပြန်လျှောက်လာတဲ့ ရိပေါ်က ရှောင်းကျန့်နားအရောက်မှာ မသိမသာ လက်ဖြန့်ပေးတော့ ရှောင်းကျန့်လဲ Hi five ရိုက်လိုက်သည်။

အဲ့ဒီနေ့က ဆရာချင်းလဲ အချိန်မကုန်သေးခင် အတန်းထဲက ထွက်သွားသလို ကျောင်းသူကျောင်းသားတွေရဲ့ စကားဝိုင်းနဲ့ chart room မှာ ဆွေးနွေးစရာ ခေါင်းစဉ်က ဆရာချင်း တကယ်ပဲ ကျောင်းသူတစ်ယောက်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့လား ဆိုတာနဲ့ ဝမ်ရိပေါ်ရဲ့ အင်္ဂလိပ်စာအကြောင်းပင်။

ရိပေါ်ကတော့ ခေါင်းထဲသိပ်မရှိလှ။ ဆရာချင်းဆိုတဲ့ ငတိဟာ သရဲဘောကြောင်တဲ့ အီးဘောလောမို့ သူဂရုစိုက်စရာမလိုလို့ပဲ မှတ်လိုက်သည်။

ဒါပေမယ့် အဲ့အတွေးကမှားတယ်ဆိုတာ အိမ်အပြန်လမ်းမှာ သိလိုက်ရသည်။ ကီလို ၁၀၀ နဲ့မောင်းလာတဲ့ သူ့ဆိုင်ကယ်ကို အကွေ့မှာ ဘရိတ်မှေးလို့မရတော့ဆိုတာ စသတိထားမိသည်။ အကွေ့မှာ သူ့လိုပဲ ကုန်ကားကြီး။ ရိပေါ် လီဗာကိုချက်ချင်းလျော့ချလိုက်ပြီး ကလပ်နဲ့ထိန်းကာ အနောက်ဘရိတ်ကိုသုံးပြီး ဘေးကို ပြန်ဆွဲချလိုက်ရသည်။ ကုန်ကားကြီးနဲ့သူ လွဲချက်က သီသီလေးပင်။

စစ်ကြည့်လိုက်တော့ သူ့ဆိုင်ကယ် ဘရိတ်တုံးတွေကိုဖြုတ်ထားသည်။

"စတာနောက်တာဆိုရင်တော့ သေအောင်စတာပဲ ဖြစ်ရမယ်"

ရှီးချန်ကောက သူ့ဆိုင်ကယ်ကိုဒိုင်ခံကြည့်ပေးသည့် စက်ပြင်ဆရာ။ သူ့ဆိုင်ကယ်ဘရိတ်ကိုစစ်ရင်း ရှီးချန်ကောဆီက သြဝါဒကိုခံယူရမည့်အခါပင်။

"မင်းကိုကြည့်မရတဲ့သူရှိလား"

"ကြည့်မရတဲ့သူက အရမ်းများနေတယ်။ ကြည့်ရတဲ့သူရှိလားဆိုရင်တောင် ရေတွက်လို့ရဦးမယ်"

ရှီးချန်ကောက ဆီချေးတွေပေနေတဲ့ သူ့စွပ်ကျယ်အဖြူမှာပဲ လက်သုတ်လိုက်ရင်း

"ကျန်တာတော့ ဆိုင်ကယ်မှာထိခိုက်တာမရှိဘူး။ ပွန်းရာပဲ့ရာလေးတောင်မထင်အောင် မင်းဘယ်လိုများလုပ်လိုက်လဲကောင်စုတ်လေး"

"ကျွန်တော့်ထက်ဆိုင်ကယ်က ပိုအရေးကြီးတယ်လေ။"

ရှီးချန်ကောက သူ့ဘာသာလဲ ဆေးလိပ်မီးငြှိရင်း ရိပေါ်ကိုလဲကမ်းပေးလိုက်သည်။

"ဘယ်လိုလဲ ဒီတခါပြိုင်ပွဲမင်းဝင်မှာလား။ ကျင်းဇီရွှမ်းပေးထားတဲ့ဆိုင်ကယ်လဲရှိနေတာပဲ"

"ကျွန်တော်မသေချာသေးဘူး။ အခုက ဆိုင်ကယ်ကို ပြန်ကိုင်ဖို့ကို ပိုက်ဆံမရှိသေးဘူး။ အဘိုးကြီးက ငွေမပို့တော့ပဲ ဖြတ်ထားတယ်။"

"ဘာလဲ ရန်ဖြစ်ပြန်ပြီလား"

"စကားကိုမပြောဖြစ်တာပါ။ သူက ကျွန်တော်ဆိုင်ကယ်မစီးရင်ပြီးရောပဲ"

"မင်းကို အိမ်ပြန်လာစေချင်တယ်နေမှာပေါ့"

ရိပေါ်အာရုံထဲ တိတ်ဆိတ်အေးစက်မှောင်မဲနေတဲ့ အိမ်အရိပ်က ချည်းနင်းဝင်ရောက်လာသည်။

"ဟင့်အင်း အိမ်တော့ပြန်နေလို့မဖြစ်ဘူး။ အဲ့မှာနေရင် ရူးချင်တယ်"

"မင်းက အခုတော့ မရူးဘူးဆိုတော့ပြောပေါ့"

ရှီးချန်ကော စကားကို သူရီပဲ ရီနေလိုက်တော့သည်။

ဒီနေ့တော့ ကျောင်းနောက်ကျနေကျ ရိပေါ် ကျောင်းကိုအစောဆုံးရောက်နေသည်။ ဆရာနားနေခန်းတဝိုက်ရောက်တော့ သူရှာနေသည့်သူက ဆိုက်ဆိုက်မြိုက်မြိုက်ပင်။

"ဆရာချင်း မင်္ဂလာပါ"

ရိပေါ်ကိုမြင်လိုက်တာနဲ့ ဖြူလျော်သွေးစုတ်သွားတဲ့ မျက်နှာပေါ်မှာ အကြောက်တရားကဖုံးဖိမနိုင်အောင် အထင်းသား။

"ကျွန်တော် ဒီနေ့ဆေးရုံရောက်တော့မလို့ သိလား"

"ဟုတ်လား"

ချက်ချင်းမျက်နှာကိုပြင်ပြီးထိန်းလိုက်တဲ့ ဆရာချင်းကို ရိပေါ်က ခပ်တည်တည်နဲ့ ပုခုံးပေါ်လက်တင်ပြီး ဆရာနားနေခန်းနဲ့ဝေးရာကို ဆွဲခေါ်လာခဲ့သည်။

"ဆရာ့ကို လူတိုင်းက လူရိုးလူအေး ထင်နေကြတာ။ ကျွန်တော်ကတော့ ဆရာ့သရုပ်အမှန်ကို သိနေတာပဲ။"

"မင်းဘာတွေပြောနေတာလဲရိပေါ်"

ဆရာချင်းက သူ့လက်ကနေရုန်းထွက်ဖို့ ကြိုးစားပေမယ့် ရိပေါ်က လွှတ်မပေးပဲ ချုပ်ထားလိုက်သည်။

"ဆရာက ကျွန်တော်နဲ့ကစားချင်တယ်ဆိုရင် ကျွန်တော်က မီးကုန်ယမ်းကုန်လစ်မစ်ကုန်အောင် ဆော့ရမှကြိုက်တာ"

ဆရာချင်းကိုယ်လုံးက ဆတ်ခနဲဖြစ်သွားသည်။ ရိပေါ်က ရီလိုက်ရင်း

"ငယ်တုန်းရွယ်တုန်းရူးမိုက်ရတယ်လို့အဆိုရှိတယ်မလား။ ဒါနဲ့ ဆရာ့ကားက တိုယိုတာ အဖြူရောင် ဟုတ်တယ်နော်"

အရုပ်ကြိုးပြတ်ကျသလို ငုတ်တုတ်မေ့နေသည့် ဆရာချင်းကိုထားခဲ့ပြီး ရိပေါ်ထွက်လာခဲ့သည်။ အဲ့ဒီနေ့အတွက် သက်ရောက်မှုက သူတို့ အင်္ဂလိပ်စာပေ အချိန် အားလပ်သွားတာပင်။ ရုတ်တရက်ခွင့်ယူသွားသည့် ဒီဆရာ နောက်နေ့လဲ ထပ်ပေါ်မလာနိုင်တော့။

အားလပ်ချိန်ဖြစ်နေတဲ့အတူတူ ရှောင်းကျန့် ပန်းချီခန်းဆီထွက်လာခဲ့သည်။ အတန်းထံမှာက အားလုံးဆူညံ ပွက်လောရိုက်နေတော့ သူခေါင်းတွေတောင်ကိုက်လာသည်။

ပန်းချီခန်းသွားပြီး သူဆွဲလက်စ ပန်းချီကားကို ဆက်ဆွဲဖို့ ကာလာအရောင်စပ်ကို စိတ်ကူးထဲတွေးနေတော့ ​လှေကားအဆင်းမှာ သူ့နောက်က ခြေသံတွေကိုသတိမထားမိ။

အရှိန်နဲ့ ပစ်တိုက်လိုက်တာကြောင့် လှေကားထစ်​တွေအတိုင်း ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားသည်။ သူ့အိတ်ထဲက စာအုပ်တွေပစ္စည်းတွေအားလုံးလဲပြန့်ကျဲလို့။

သူ့ကိုဝင်တိုက်လိုက်တဲ့ ဝမ်းချင်နဲ့ သူငယ်ချင်းကောင်မလေးတသိုက်က ရှောင်းကျန့်ကိုထူဖို့ ပစ္စည်းကောက်ပေးဖို့ အစီအစဉ်ရှိပုံမပေါ်။ ခြေထောက်နာသွားပြီး မထနိုင်တဲ့ ရှောင်းကျန့်ကို အပေါ်စီးကနေဝိုင်းကြည့်ရင်း

"ဒီအခြောက်ကတော့ ကန့်လန့်ကန့်လန့်နဲ့"

"ကြည့်လိုက်ရင် မလှုပ်တလှုပ်နဲ့ ရိ​ပေါ်ဘေးနားမှာ မျက်စိနောက်လိုက်တာ"

"မဆီမဆိုင်ရိပေါ်နားနေချင်နေတယ်။ လုပ်ခံရတာနည်းတောင်နည်းသေးတယ်"

ရှောင်းကျန့်ကိုကျော်ပြီး အောက်ဆင်းသွားချိန်မှာ တမင်သက်သက်ပဲ သူ့စာအုပ်တွေကိုပါ တက်နင်း သွားခဲ့သည်။ နောက်ဆုံးတစ်ယောက်လက်ထဲက အအေးခွက်ကတော့ တမင်သက်သက်ပဲ ရှောင်းကျန့်ကိုယ်ပေါ် မှောက်ချသွားခဲ့သည်။

သူတို့ထွက်သွားမှပဲ ရှောင်းကျန့်လဲ စာအုပ်တွေကောက်ပြီး ကျောင်းဆေးခန်းကို အားတင်းလျှောက်လာခဲ့သည်။ ခြေကျင်းဝတ်က အဆစ်လည်သွားသည်ထင်သည်။ ဆေးခန်းက သူနာပြုက ပတ်တီးနဲ့သိုင်းပေး ​ရေခဲအုံပေးထားလို့ သက်သာပေမယ့် သူညနေကို ဘယ်လိုလမ်းလျှောက်ပြန်ရမလဲ။

ဝမ်းချင်က သူ့ကို ပစ်မှတ်ထားလိမ့်မယ်လို့ သူမထင်ခဲ့မိ။ ဝမ်ရိပေါ်နဲ့ ပတ်သတ်ခြင်းက သူ့အတွက် အဆိုးတွေသယ်လာမယ်ဆိုတာ ရိပ်မိရက်နဲ့ သူငယ်ချင်းဖွဲ့လို့ရနိုင်ကောင်းရဲ့လို့ တွေးမိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပဲ။ အတန်းထဲကို ဒီခြေထောက်ပတ်တီးရယ် အအေးတွေစွန်းနေတဲ့ အင်္ကျီရယ်နဲ့ ပြန်မသွားချင်တာကြောင့် ကျောင်းဆေးခန်းထဲမှာပဲ ပုန်းနေလိုက်သည်။

"ကျန့်ကော မင်းဘယ်တွေရောက်နေတာလဲ"

ကျောင်းဆင်းချိန်မှ ဆေးခန်းကထွက်လာတဲ့ ရှောင်းကျန့် ကို ရိပေါ်က ကျောင်းဆောင်အပေါက်ဝမှာစောင့်နေသည်။

"ကျန့်ကော မင်းခြေထောက်က ဘာဖြစ်တာလဲ"

ပတ်တီးကြောင့် ဖိနပ်တစ်ဖက်ကို ချွတ်ပြီး အိတ်ထဲထည့်ထားရသောကြောင့် သူ့ဒဏ်ရာကို ရိပေါ်က ချက်ချင်းတန်းသတိထားမိသွားသည်။
"ဘာမှမဖြစ်ဘူး ငါ့ဘာသာ ခြေချော်ကျတာ"

ရှောင်းကျန့်က လိမ်ဖို့ သရုပ်ဆောင်ဖို့ ကျွမ်းကျင်တဲ့သူမဟုတ်။ ရိပေါ်က ပေရေနေတဲ့ သူ့ဝတ်စုံနဲ့ သူ့မျက်နှာထားကိုကြည့်ရုံနဲ့ ​ရှောင်းကျန့်တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ တန်းရိပ်မိသည်။

"ဟုတ်လို့လား ကျန့်ကော။ မင်းကိုဘယ်သူလုပ်တာလဲ"

ရှောင်းကျန့်သူ့ကိုရှောင်ထွက်လိုက်ရင်း

"မင်းနဲ့မဆိုင်ဘူးရိပေါ်"

ရိပေါ်က သူ့ကိုပေးမသွားပဲ လက်မောင်းကိုဆွဲထားသည်။

"ကျန့်ကော တကယ် ကျွန်တော်နဲ့မဆိုင်ဘူးလား"

သူ ရိပေါ် မျက်နှာကို ကြည့်မိသည်။ ရိပေါ်က တကယ့်ကို သူ့အတွက်စိတ်ပူပေးနေတာလား။ ဒါပေမယ့် ဒါက ဘာအကျိုးရှိမှာလဲ။ အမြဲတမ်း ပြဿ     နာတစ်ခုမဟုတ်တစ်ခု ဖြစ်နေတဲ့ သူလိုလူကို စိတ်ပူပေးနေလို့ ဘာထူးမှာလဲ။

"ရိပေါ် အရင်က မင်းသူငယ်ချင်းတွေထဲကော ဒီလိုလုပ်ခံရတဲ့သူရှိလား"

"ဟင့်အင်း"

"တွေ့လား ငါပြောပါတယ်။ မင်းနဲ့မဆိုင်ဘူး ဒီကိစ္စက။ ငါကိုက နဂိုတည်းက လူတိုင်း အမြင်ကပ်စရာ အနိုင်ကျင့်ချင်စရာဖြစ်နေတာ။ မင်းကြောင့်မဟုတ်ဘူး"

ရှောင်းကျန့် အအေးတွေစွန်းထင်းနေတဲ့ သူ့အင်္ကျီကို ငုံ့ကြည့်မိသည်။ အနိုင်မကျင့်ခံရအောင် သူဒီ့ထက်ပိုပြီး ဘယ်လိုနေရမလဲ။

"မင်းက စိတ်မတိုဘူးလား"

"ငါစိတ်တိုတော့ကော ဘာထူးမှာလဲ။ သူတို့က ငါ့ကိုထပ်လုပ်တာပဲရှိမယ်"

"ပြန်လုပ်ပေါ့"

ရိပေါ်လေသံက ဖြစ်ရိုးဖြစ်စဉ်တခုကိုပြောနေသလို

"ငါတို့အပြန်အလှန် သူသေကိုယ်သေ သတ်နေရမှာ​ပေါ့"

"အဲ့တော့ ဘာဖြစ်လဲ"

သူသက်ပြင်းချမိသည်။ ရိပေါ်က သူ့ကိုနားလည်နိုင်မှာမဟုတ်ဘူး။ သူနဲ့ ရိပေါ်က မတူ။ သူတို့နှစ်ယောက်ရဲ့ ရှင်သန်ပုံခြင်းက တောနက်ထဲသာဆို ရိပေါ်တို့က ခွန်အားကြီးတဲ့ ခြင်္သေ့လို သတ္တဝါတွေထဲပါပေမယ့် သူတို့က အသက်ဘေးကြောင့် အမြဲပြေးလွှားနေရတဲ့ ယုန်ငယ်လေးတွေဖြစ်လိမ့်မည်။ ဒီတော့ သူတို့ရဲ့ ရှင်သန်ရပုံကို ရိပေါ်နားမလည်နိုင်တာ အဆန်းမဟုတ်ပါ။

"ရိပေါ် မင်းဘာကိုမှမကြောက်ဘူးမလား။ ဒါပေမယ့် ငါကတော့ ကြောက်တတ်တယ်။ ငါကြောက်တဲ့အရာတွေလည်း အများကြီးပဲ။ ငါနဲ့မင်းအခြေနေချင်းမတူတော့ မင်းနားလည်မှာမဟုတ်ဘူး"

သူပြောပြီး ထွက်လာခဲ့တော့ ရိပေါ်က အနောက်ကနေ ကပ်လိုက်လာသည်။

"ကျန့်ကောက ဒီတိုင်းအိမ်ပြန်မလို့လား"

"ငါလမ်းလျှောက်နိုင်ပါသေးတယ်"

ပြောရင်း လှုပ်တုတ် လှုပ်တုတ်နဲ့ဖြေးဖြေးချင်းလျှောက်သွားတဲ့ ရှောင်းကျန့်ရဲ့ ကျောပြင်ကိုကြည့်ရင်း ရိပေါ် နှုတ်ခမ်းက အလိုလိုပြုံးမိသွားသည်။

"ခေါင်းမာလိုက်တဲ့ အဘိုးကြီး"

ကျောင်းပေါက်ဝ ရောက်လုရောက်ခင် ရှောင်းကျန့် ​နောက် ပြေးလိုက်သွားပြီး လက်မောင်းကနေဆွဲခေါ်လိုက်သည်။

"ကျန့်ကော. . ငါမင်းကို အိမ်လိုက်ပို့ပေးမယ်"

ရှောင်းကျန့် မျက်လုံးပြူးသွားပုံလေးက ချစ်စရာ။ သူအံ့သြလို့ပါးစပ်ဟ သွားတော့ ယုန်သွားပြူးပြူးလေးကပါထွက်လာသည်။ တကယ် အနိုင်ကျင့်ခံရတဲ့ ယုန်ပေါက်လေးပဲ။

"ဒါပေမယ့် မင်းက မင်းဆိုင်ကယ်ပေါ် သူများမတင်ဘူးဆို"

"ကျန့်ကောက ခြွင်းချက်"

"ငါ တခါမှ ဆိုင်ကယ်မစီးဖူးဘူး"

"ကိစ္စမရှိဘူး ငါ့ခါးကိုဖက်လိုက်ရင်ရပြီ"

သူ့ကိုဆိုင်ကယ်ဦးထုပ်ကမ်းပေးနေတဲ့ ရိပေါ်က စိတ်အားထက်သန်စွာနဲ့ပြောနေသည်။ သူအခု ဒီဦးထုပ်ကို ယူပြီး ရိပေါ်ဆိုင်ကယ်နဲ့လိုက်ရင် ဝမ်းချင်တို့ကို ပိုစိတ်ဆိုးအောင် လုပ်မိသလိုဖြစ်မလား။

ဒါပေမယ့် သူက ဘာကို ဂရုစိုက်ရမှာလဲ။

"ရိပေါ် မင်းငါ့ကို ကာကွယ်ပေးမယ်မလား"

"အင်း"

ရိပေါ်က ချက်ချင်း ခေါင်းငြိမ့်ပြသည်။ ယုန်သူငယ်လေးက သူငယ်ချင်း ခြင်္သေ့လေးဆီက အကာအကွယ်ထက် သူငယ်ချင်းဆိုတဲ့ နွေးထွေးမှုကို ပိုလိုအပ်နေမိတာမို့. . .

သူ့အတွက် ဒီလို ရိုးသားစွာနွေးထွေးသူတစ်ယောက် နောက်တစ်ခါတွေ့ဖို့ခက်ခဲတယ်လေ။

ရှောင်းကျန့် ဆိုင်ကယ်ဦးထုပ်ကို လှမ်းယူပေမယ့် ရိပေါ်က မပေးပဲ သူကိုယ်တိုင်ခေါင်းမှာစွပ်ပြီးမေးသိုင်းကြိုးတပ်ပေးသည်။

"ရဲတွေမရှိတဲ့လမ်းက ရှောင်မောင်းရမှာမို့ နည်းနည်းတော့ဝေးမယ်နော်"

သူသဘောတူကြောင်းခေါင်းငြိမ့်ပြပြီးတော့ ရိပေါ်ရဲ့ဆိုင်ကယ်အကြီးကြီးပေါ် တက်လိုက်သည်။

"ဒါက ငါပထမဆုံး ဆိုင်ကယ်နောက် လူတင်စီးဖူးတာမို့ တစ်ခုခုဖြစ်ပြီး နှစ်ယောက်လုံးဂန့်သွားရင် ဆောရီးနော်"

ရိပေါ်က သူ့ကိုတမင်နောက်တာပေမယ့်အခုချိန် တကယ်တူတူသေရလည်း ရှောင်းကျန့်က မမှုပါဘူး။ သူ့အတွက် ရိပေါ်ရှိနေတယ်လို့ ခံစားရတာနဲ့တင် ပြည့်စုံနေတာပဲ။

ရိပေါ်က ဘယ်နားထားရမှန်းမသိဖြစ်နေတဲ့ ရှောင်းကျန့်လက်ကို ဆွဲပြီး သူ့ခါးပေါ်တင်လိုက်သည်။

"သေချာဖက်ထား ပြုတ်ကျမယ်"

ရိပေါ်ဆိုင်ကယ်က အနောက်ခုံကပိုမြင့်တာမို့ ခါးကိုလှမ်းဖက်လိုက်တဲ့အခါ ရှောင်းကျန့်ကိုယ်က အရှေ့ကိုကုန်းပြီး ရိပေါ်ကျောမှာ မျက်နှာအပ်လျက်သား။

ရိပေါ်က စထွက်မှာ ဆိုင်ကယ်ကို ဖြေးဖြေးချင်း အရှိန်တင်လိုက်ပြီး ကျောင်းပေါက်ဝမှာ လမ်းလျှောက်သွားနေတဲ့ ဝမ်းနင် ခေါင်းကို ဆိုင်ကယ်ပေါ်ကနေ လှမ်းရိုက်လိုက်သေးတယ်။

"ငိုးမသားရေ သွားပြီဟေ့"

အခုအချိန်မှာ ရှေ့လျှောက်ဘာဖြစ်မယ်။ ဘယ်လိုကြုံတွေ့ရမယ်ဆိုတာမျိုးတွေ ရှောင်းကျန့်တွေးမပူတော့။ ရိပေါ်ရဲ့အရှိန်ပြင်းပြင်းနဲ့မောင်းနှင်နေသည့် ဆိုင်ကယ်နောက်မှာ သူလုံခြုံနေသည်။

ရှောင်းကျန့်နေတဲ့တိုက်တန်းရှေ့မှာ ဆိုင်ကယ်ရပ်ပြီး ရိပေါ်က ထွက်မသွားသေးပဲ ရပ်နေတာမို့ တစ်ခုခုများပြောစရာရှိလို့လားလို့ ရှောင်းကျန့်လဲ ရပ်နေလိုက်သည်။

"ဟိုပန်းခြံက ငါတို့ ပထမဆုံးတွေ့တဲ့နေရာမလား"

ရိပေါ်ညွှန်ပြတဲ့ ခုံတန်းကိုကြည့်ပြီး ရှောင်းကျန့် အားနာသွားသည်။ တကယ်တမ်းအဲ့နေ့က သူထင်မှတ်မထားတဲ့နေရာမှာ မထင်မှတ်ထားတဲ့လူကိုတွေ့လိုက်ရလို့ အရမ်းလန့်သွားတာကြောင့် ရိပေါ်ကို ရှောင်ထွက်ခဲ့တာ။

"အဲ့နေ့ ငါရိုင်းသလိုဖြစ်သွားတယ်"

"မဖြစ်ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော် ကျန့်ကောဆီက ပန်းချီကားကိုရလိုက်တာပဲ"

ရိပေါ်ရဲ့ အဲ့ဒီပန်းချီကားအပေါ် ငြိတွယ်တန်ဖိုးထားမှုက ရှောင်းကျန့်နားလည်ထားတာထက်ပိုဟန်တူသည်။

"အဲ့နေ့က ဆေးရုံလာပြတာလား"

"အသိအကိုတစ်ယောက် ဆိုင်ကယ်မှောက်လို့လာကြည့်တာ"

ရိပေါ်က ခပ်ဖြေးဖြေးခေါင်းယမ်းရင်း ဖြေသည်။ ဇီရွှမ်းကောက ဆေးရုံက အခုထိမဆင်းရသေး။ ခြေတုတစ်ဖက်နဲ့ သွားလာလှုပ်ရှားဖို့ လေ့ကျင့်နေရတုန်း။

"သူကောင်းသွားပြီလား"

"ဟင့်အင်း ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်"

ရှောင်းကျန့်မျက်နှာက ထိတ်လန့်သွားပြီး ညှိုးလျော်သွားသည်။

"ဆိုင်ကယ်မောင်းတာ အဲ့လောက်အန္တရာယ်များလား"

ရှောင်းကျန့်က သူ့ဘာသာ တီးတိုးရေရွတ်တာဆိုပေမယ့် ဘာကြောင့်ရယ်မသိ ရိပေါ်ရင်ထဲမှာ ရှောင်းကျန့်က သူ့ကိုစိတ်ပူတယ်လို့ ခံစားလိုက်ရသည်။

"ဘီးလေးလုံးပါတဲ့ ကားထက်တော့ ဘီးနှစ်လုံးထဲနဲ့ အမြန်မောင်းရတာ နည်းနည်းပိုအန္တရာယ်များတာပေါ့။ ဖြည်းဖြည်းချင်းမောင်းရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ငါကတော့ မထိန်းနိုင်ဘူး။ သိတဲ့အတိုင်း အရှိန်ကတင်မိတာပဲ။ အမြန်မောင်းရတာ ပျော်ဖို့ကောင်းတယ်။ အဲ့စိတ်လှုပ်ရှားမှုနဲ့ သေခြင်းတရား အလဲအထပ်လုပ်ရမယ်ဆိုလဲ ပြဿ     နာသိပ်မရှိပါဘူး။"

"မင်းပြောတာကို နည်းနည်းတော့ သဘောပေါက်သလိုပဲ။ ငါသာဆိုလဲ လုပ်မိမှာ. . . "

"ကျန့်ကော"

သူ့ကို ဆိုင်ကယ်ဦးထုပ်လှမ်းပေးတဲ့ ကျန့်ကော မျက်ဝန်းက ငိုတော့မလို မျက်သားတွေရဲတက်လာသည်။ ဒါဒုတိယအကြိမ်သူမြင်မိတာဆိုပေမယ့် အကြည့်မလွှဲချင်အောင် ဒီမျက်ဝန်းတွေက ဆွဲဆောင်လွန်းလှသည်။

"မင်းကို ကျေးဇူးတင်ပါတယ်။ မင်းရဲ့ ငါ့ကိုကာကွယ်ပေးမယ်ဆိုတဲ့ စကားက ငါ့အတွက် ဘယ်လိုပြောရမှန်းမသိဘူး။ ငါ့အတွက် အခိုက်တန့်လေးတစ်ခု ဖြစ်သွားတယ်။ ဘာမဆို စမ်းကြည့်လိုက်ချင် လုပ်ကြည့်လိုက်ချင်တဲ့ ခဏလေး"

"ကျန့်ကော"

"မင်းကို တကယ်ကျေးဇူးတင်တာပါ"

"အဲ့ဒါဆို ငါ့ကိုနမ်းမလား"

"ဟင်"

ရှောင်းကျန့် ငိုတော့မလို ရင်ထဲဆို့လာတာက ရပ်သွားသည်။ ရိပေါ်က သူ့ကို သွားဖြဲပြီးရီကြည့်နေရင်း

"ငါ့ကို ကျေးဇူးတင်ရင် နမ်းရတယ် ရှောင်းရှောင်ကျန့်ရဲ့"

"အာ. . ."

ပြောင်စပ်စပ်နဲ့ ရှေ့တိုးလာတဲ့ ရိပေါ်ကို သူက တွန်းထားပြီး ရှောင်လိုက်သည်။ ရိပေါ်က မရပ်ပဲ ရီပြီး ထပ်တိုးလာသည်။ သူ့ကို မငိုအောင်တမင်စနေမှန်းသိပေမယ့် ရှောင်းကျန့် ရင်ဘတ်ထဲက နှလုံးခုန်သံတွေက အဆမတန်မြန်လို့လာသည်။

"ကျန့်ကျန့်"

သူ့ကိုခေါ်သံကြောင့် လှည့်ကြည့်တော့ အလုပ်သွားမလို့ ဆင်းလာဟန်ရှိတဲ့ အာရီး.. .

အာရီးနဲ့ ရိပေါ်ကိုမိတ်ဆက်ပေးတော့ အာရီးက သိပ်သဘောကျပုံမရ။ ရိပေါ်ကတော့ အံ့သြစရာကောင်းလောက်အောင် လူမှုရေးကောင်းကောင်းနဲ့ ရွှန်းရွှန်းဝေတွေ နှုတ်ဆက်သွားသည်။ ထွက်သွားတဲ့ ရိပေါ်ဆိုင်ကယ်နောက်မီးကို ကြည့်ရင်း

"ကျန့်ကျန့်ရယ် ဘယ်က လမ်းသရဲနဲ့ သူငယ်ချင်လုပ်နေတာလဲ"

"သူက လမ်းသရဲမဟုတ်ပါဘူး။ ဆိုင်ကယ်ပြိုင်တဲ့ racer"

အာရီးက သဘောမကျသလို မျက်မှောင်ကျုတ်ရင်း

"အာ့ပိုဆိုးတာပေါ့။ အဲ့လိုလူတွေနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့လား။ ကောင်လေးကြည့်ရတာ ဆိုးဆိုးတေတေလေး။"

"ရိပေါ်က လူဆိုးမဟုတ်ဘူးအာရီး။ သူ့ကိုအမြင်နဲ့ မဆုံးဖြတ်ပါနဲ့။ ဒီလောကမှာ သူတော်ကောင်းယောင်ဆောင်ထားတဲ့ လူယုတ်မာတွေအများကြီးရှိတယ်။
အာရီးလဲ သိပါတယ်။"

သူ အာရီးကို ထားခဲ့ပြီး ပြေးထွက်လာခဲ့မိသည်။အာရီးကို သူစိတ်ပင်ပန်းအောင်လုပ်ခဲ့မိပေမယ့် ရိပေါ်က လူဆိုးမဟုတ်ဘူးဆိုတဲ့ အမှန်တရားကိုတော့သူကာကွယ်ရမှာပဲ။

Continuar a ler

Também vai Gostar

81.6K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
48.3K 4K 10
♥ငယ်ငယ်ထဲက ဝိညာဉ်တေကို မြင်နေလို့ စိတ်ညစ်နေတဲ့ ကောင်ငယ်လေး ကို အကူအညီပေးမဲ့ တစ်စုံတစ်ယောက်......သူက.....Psychopomp♥
570K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
68.7K 3.8K 58
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။