ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်
အပိုင်း ၇၆၁ ..... ဝမ်မိသားစု
မီးကမ္ဘာဆီမှ ထွက်ခွာပြီး သိပ်မကြာမီတွင် ရှောင်လုံတို့ အုပ်စုသည် ကူးပြောင်းခြင်းအစီအရင် ရှိသော အနီးဆုံးကမ္ဘာသို့ သွားလိုက်ကြပြီး အခြားကမ္ဘာဆီ ကူးပြောင်းလိုက်ကြသည်။
သူတို့က ကူးပြောင်းခြင်းအစီအရင်များကို ဆက်လက်ဖြတ်သန်းနေပြီးနောက် ဝမ်မိသားစုလက်အောက်၌ ရှိသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည်။ တစ်စုံတစ်ခုကို သတိရလိုက်သည်မို့ ရှောင်လုံက ရပ်တန့်လိုက်ပြီး လူတိုင်းအား ပြောလိုက်လေသည်။
"ငါတို့ ဝမ်မိသားစုကမ္ဘာမှာ နှစ်ရက်နားပြီးမှ ခရီးဆက်ထွက်ကြတာပေါ့"
ဟုတ်ပေသည်။ ဇာမဏီကလန်ဘိုးဘေး၊ ဟောင်ဟုန်ထျန်းနှင့် ပန်ညီအစ်ကိုသုံးယောက် သည် ငြင်းဆိုခြင်း မရှိကြပေ။
သူတို့က ဝမ်မိသားစုကမ္ဘာ၌ နေဦးမည်ဖြစ်ကြောင်း ကြားလိုက်ရချိန်၌ နဂါးအင်ပါယာအောင်းတိုင်ရီသည် ရှောင်လုံ၏ အစီအစဥ်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။
ဤကမ္ဘာသည် ဝမ်မိသားစု၏ ဋ္ဌာနချုပ်တည်ရှိရာ ကမ္ဘာဖြစ်ပေသည်။
ထိုနေရာသည် မဟာနတ်ဘုရားအဆင့် တက်ရောက်မှုစာရင်း၏ ပထမချိတ်သူ ဝမ်လုံ၏ မိသားစု ရှိရာ နေရာလည်း ဖြစ်သည်။
ရှောင်လုံနှင့် အခြားသူများသည် ကူးပြောင်းခြင်းအစီအရင် ထဲမှ လှမ်းထွက်လိုက်ကြပြီးနောက် ဝမ်မိသားစု ဋ္ဌာနချုပ်ရှိရာကို စုံစမ်းလိုက်ကာ ဝမ်မိသားစုမြို့တော်သို့ ဦးတည်လိုက်ကြသည်။
ရှောင်လုံနှင့်အခြားသူများ၏ အမြန်နှုန်းဖြင့် ဝမ်မိသားစုကမ္ဘာ၏ အလယ်၌ရှိသော ဝမ်မိသားစုမြို့တော်သို့ နာရီဝက်အတွင်း ရောက်ရှိသွားပေသည်။
ဝမ်မိသားစုမြို့တော်သို့ ဝင်ရောက်လိုက်ပြီးနောက် ရှောင်လုံ၊ နဂါးအင်ပါယာအောင်းတိုင်ရီနှင့် ကျန်သူများသည် ကောင်းကင်ဘုံမြို့တော်ဟု အမည်ရသော စားသောက်ဆိုင်ကြီး တစ်ခုထဲသို့ သွားလိုက်ကြသည်။ ပြတင်းပေါက်နားရှိ စားပွဲ၌ ပတ်ထိုင်လိုက်ကြပြီး ရှောင်လုံက ဝမ်လုံကို ကျောက်စိမ်းပြားတစ်ခုဖြင့် ဆက်သွယ်လိုက်သည်။ ထို့နောက် သူသည် လက်ရှိ၌ ဝမ်မိသားစုမြို့တော်သို့ ရောက်ရှိနေပြီး ဝမ်လုံနှင့် တွေ့ဆုံလိုကြောင်း ပြောလိုက်လေသည်။
ဝမ်လုံက သူ အမြန်လာခဲ့မည်ဆိုသည့်အကြောင်းကို ရိုသေလေးစားစွာဖြင့် ပြောလာလေသည်။
"လူကြီးမင်း ခင်ဗျာ...ဘယ်လို ဟင်းလျာနဲ့ ဘယ်လို ဝိုင်အမျိုးအစားကို မှာယူချင်ပါသလဲ"
စားပွဲထိုးတစ်ယောက်က ရှောင်လုံ၏ စားပွဲ ရှိရာဆီသို့ သုတ်သီးသုတ်ပြာပြေးလာပြီး မေးမြန်းလိုက်သည်။
စားပွဲရှိ လူတိုင်းက ရှောင်လုံကို ကြည့်လိုက်ကြသည်။ သူ့၏ ခွင့်ပြုချက်မရှိဘဲ မည်သူကမှ သူတို့စိတ်ကြိုက် မှာယူရဲခြင်း မရှိပေ။
"အရင်ဆုံး မင်းတို့ဆီက အကောင်းဆုံးဝိုင်ကို ရှစ်အိုးလောက် ယူလာခဲ့...အကောင်းဆုံးဟင်းလျာတွေကိုပါ ယူလာခဲ့ကွာ"
ရှောင်လုံက ရိုးရိုးတန်းတန်းသာ ပြောလိုက်သည်။ စားပွဲထိုးက နောက်ထပ် စကားအပိုများ ဆိုမလာမီ သူက ထိပ်တန်းစကြာဝဠာအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တစ်တုံးကို စားပွဲပေါ် တင်လိုက်လေသည်။
ဤသည်ကို မြင်လိုက်သည်နှင့် စားပွဲထိုးသည် အားပါးတရ ပြုံးကာ ထပ်တလဲလဲ ဦးညွှတ်လိုက်လေပြီး ဝိုင်နှင့် ဟင်းလျာများကို ချက်ချင်း ယူဆောင်ပေးမည်ဖြစ်ကြောင်း ယဥ်ကျေးစွာ ပြောလိုက်သည်။
ရှောင်လုံတို့ အုပ်စုက သူတို့ မှာယူထားသည့် အစားအသောက်များကို စောင့်ဆိုင်းနေချိန်တွင် ဝမ်မိသားစုတပည့် ဝတ်စုံများ ဝတ်ဆင်ထားသော လူငါးယောက်သည် စားသောက်ဆိုင်ထဲသို့ ဝင်လာလေသည်။ သူတို့ ဝတ်စုံ၏ ရင်ဘတ်ပေါ်တွင် နတ်ဘုရားသားရဲ မြေခွေးဖြူ၏ ဦးခေါင်းပုံတံဆိပ်ကို ချုပ်ထားပေသည်။
သူတို့၏ အသွင်အပြင်များအရ အားလုံးသည် ဝမ်မိသားစု၏ ပင်မတပည့်များ ဖြစ်ဟန်ရသည်။
ဝမ်မိသားစု၏ ကာကွယ်သူသည် ရှေးဟောင်းသားရဲဖြစ်သော အမြီးကိုးချောင်း မြေခွေးဖြူ ဖြစ်သည်။ ထို့ကြောင့် ဝမ်မိသားစု ပင်မတပည့်များ၏ ဝတ်စုံပေါ်တွင် မြေခွေးဖြူ ဦးခေါင်းပုံ သင်္ကေတ ရှိနေခြင်း ဖြစ်သည်။
စက်ဆုပ်ဖွယ်အမူအကျင့်များဖြင့် မာနထောင်လွှားနေကြသော ထိုငါးယောက်သည် ပြတင်းပေါက်နားရှိ စားပွဲတစ်ခုနားသို့ သွားလိုက်ကြပြီး အခြားမိသားစုများမှ တပည့်များကို နှင်ထုတ်ကာ ထိုင်လိုက်ကြလေသည်။
ထိုင်စရာရပြီးနောက် ဝမ်မိသားစုပင်မတပည့် ငါးယောက်သည် စားပွဲထိုးကို ကျယ်လောင်စွာ အော်ခေါ်လိုက်ပြီး ဆိုင်ရှိ အကောင်းဆုံးဝိုင်နှင့် အစားအစာများကို ယူလာရန် နှင့် သူတို့အား ဦးဆုံး ချပေးရန် အမိန့်ပေးလိုက်ကြသည်။ အခြားသူများအား အရင်ချပေးသည်ကို မြင်သည်နှင့် သူတို့သည် စားသောက်ဆိုင်ကို ဖျက်ဆီးပစ်မည် ဖြစ်သည်။
စားပွဲထိုးက ဦးညွှတ်၍ ထပ်တလဲလဲခေါင်းညိတ်ပြရန်သာ တတ်နိုင်ပေသည်။
ဤသည်ကို ကြည့်ရင်း ဇာမဏီကလန်၏ဘိုးဘေးနှင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များသည် အနည်းငယ် မျက်ခုံးကျုံ့လိုက်မိကြသည်။
"မင်းအမေပဲကွာ...အဲ့ဒီ ဝမ်လုံဆိုတဲ့ကောင်က ခွေးချီးပုံလို ကံကောင်းမှုကြီးကို ဘယ်လိုများ တွေ့လာတယ် မသိဘူး...ရှေးဟောင်းသားရဲတစ်ကောင်ရဲ့ သွေးမျိုးဆက်ဖြစ်တဲ့ နတ်ဘုရားအဆင့် ၁၀ မီးတောက်ကျားသစ် ကို သိမ်းသွင်းလာနိုင်ခဲ့တယ်လေ...အခုဆိုရင် အကြီးအကဲတွေနဲ့ မဟာအကြီးအကဲအားလုံးက သူ့ကို ဝမ်မိသားစုခေါင်းဆောင်နေရာအတွက် ဆက်ခံသူအဖြစ် ထောက်ပံ့ပေးနေကြပြီ"
သူတို့ထဲမှ တစ်ယောက် က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"အမှန်ပဲ...အစကတော့ အစ်ကိုကြီး ဝမ်တောက်ယန်က ခေါင်းဆောင်နေရာကိုရဖို့ အခွင့်အရေး အရှိဆုံးလေ...ဒါပေမယ့် အခုတော့ အားလုံးက သူ့လက်ချောင်းကြားကနေ ပြုတ်ကျသွားပြီ"
နောက်တစ်ယောက်ကလည်း ဝင်ဖြတ်ပြောလာသည်။
ဝမ်မိသားစုပင်မတပည့်တစ်ယောက်ကလည်း လှောင်ပြောင်ချင်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
"ဝမ်လုံရဲ့ နေ့ရက်ကောင်းတွေက မကြာခင် ကုန်ဆုံးသွားရတော့မှာကွ...ငါ မင်းတို့ကို ပြောပြမယ်...အစ်ကိုကြီး ဝမ်တောက်ယန်က အခုဆိုရင် ဟင်္သာပြဒါးငှက်တက္ကသိုလ်ရဲ့ လက်ထောက်ကျောင်းအုပ် ဟဲ့ဖေးဖန်နဲ့ အဆက်အသွယ်ရှိနေပြီ...သူက အစ်ကိုကြီးဝမ်တောက်ယန်ကို ဝမ်မိသားစုရဲ့ နောက်တက်မယ့်ခေါင်းဆောင် ဖြစ်အောင် ထောက်ပံ့ပေးမယ်တဲ့"
"ဟင်္သာပြဒါးငှက်တက္ကသိုလ်လက်ထောက်ကျောင်းအုပ်ဟဲ့ဖေးဖန် လား"
ကျန်သည့်လေးယောက်က အံ့သြတကြီး ရေရွတ်လိုက်မိကြသည်။
ရှောင်လုံ၏ စိတ်ဝင်စားမှုသည် ကသိကအောက် ဖြစ်သွားရပြီး နဂါးအင်ပါယာအောင်းတိုင်ရီသည်ပင် ခဏမျှ ကြောင်အသွားရသည်။
နောက်တက်မည့် ဝမ်မိသားစုခေါင်းဆောင် နေရာကို ဟဲ့ဖေးဖန် ဝင်ရောက်စွက်ဖက်လာလိမ့်မည်ဟု ရှောင်လုံ နှင့် နဂါးအင်ပါယာအောင်းတိုင်ရီ မမျှော်လင့်ထားမိပေ။
လူလေးယောက်၏ အမူအရာကို ကြည့်ရင်း မျက်နှာချွန်နှင့်တပည့်က ကိုယ့်ကိုယ်ကို ကျေနပ်သွားပြီး ထပ်ပြောလိုက်သည်။
"သေချာပေါက်ကို ဟင်္သာပြဒါးငှက်တက္ကသိုလ် ရဲ့ လက်ထောက်ကျောင်းအုပ်ဟဲ့ဖေးဖန် ပေါ့ကွ...ဘယ်လိုပဲ ဖြစ်ဖြစ် မဟာနတ်ဘုရားသိုင်းပြိုင်ပွဲ ပြီးရင် ငါတို့ ဝမ်မိသားစုက ခေါင်းဆောင်သစ် ရွေးမှာပဲလေ...အဲ့ဒီအခါကျရင် လက်ထောက်ကျောင်းအုပ်ဟဲ့ဖေးဖန် က အစ်ကိုကြီးဝမ်တောက်ယန်ကို ထောက်ပံ့ပေးဖို့ ပွဲတက်လာလိမ့်မယ်...ဒါကြောင့် အခု မင်းတို့ကို ပြောလိုက်လို့လည်း ကိစ္စတော့ မရှိလောက်ဘူး...ဒါပေမယ့် လက်ထောက်ကျောင်းအုပ်ဟဲ့ဖေးဖန် မဟာနတ်ဘုရားသိုင်းပြိုင်ပွဲ မှာ ထိပ်ဆုံးအဆင့်နဲ့ အနိုင်ရသွားမယ်ဆိုရင်... သူက လက်ထောက်ကျောင်းအုပ် အဆင့်တင် မဟုတ်တော့ဘူး...ဟင်္သာပြဒါးငှက်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်လာမှာတဲ့ကွ"
ကျန်လေးယောက်သည် ထိုသတင်းက ဘာအဓိပ္ပါယ် သက်ရောက်သည်ကို နားလည်လိုက်ကြသောကြောင့် ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။
ဟဲ့ဖေးဖန်သာ ကျောင်းအုပ်ကြီး နေရာကို ရရှိသွားခဲ့ပြီး ကျောင်းအုပ်ရာထူးဖြင့် အစ်ကိုကြီးဝမ်တောက်ယန်ကို ထောက်ပံ့ပေးမည်ဆိုလျှင် ဝမ်မိသားစု မဟာအကြီးအကဲများသည်ပင် သူတို့ အစ်ကိုကြီးဝမ်တောက်ယန်အား ထောက်ခံလာမည် ဖြစ်သည်။
"ဒါပေမယ့်... လက်ထောက်ကျောင်းအုပ်ဟဲ့ဖေးဖန် က... မဟာနတ်ဘုရားသိုင်းပြိုင်ပွဲ ရဲ့ ပထမနေရာကို... တကယ်ရောရနိုင်ပါ့မလား"
လေးယောက်ထဲမှ တစ်ယောက်က အနည်းငယ် သံသယ ရှိနေပြီး တီးတိုးမေးလိုက်သည်။
မျက်နှာချွန်ချွန်နှင့် တပည့်က နှာခေါင်းရှုံ့လိုက်လေသည်။
"လက်ထောက်ကျောင်းအုပ် ဟဲ့ဖေးဖန်က မဟာနတ်ဘုရားအဆင့်ကို ဝင်ရောက်သွားပြီလေ...ဘယ်ပြိုင်ပွဲဝင်ကများ သူ့ ပြိုင်ဘက် ဖြစ်လာနိုင်လိမ့်မယ် မင်းထင်လို့လဲ"
"ဒါပေမယ့်... မိုးပြာရောင်နဂါးတက္ကသိုလ် ရဲ့ ရှန်းမင်ကျီက မိုးပြာရောင်နဂါးနတ်မီးတောက် ကို ရထားပြီးတော့ တက္ကသိုလ်ရဲ့ တားမြစ်နယ်မြေထဲမှာ ကျင့်ကြံနေတယ်လို့ ငါကြားထားတယ်...ဒါ့အပြင်... သူက မိုးပြာရောင်နဂါးတက္ကသိုလ် ပထမဆုံး ကျောင်းအုပ်ကြီးရဲ့ အမွေအနှစ်ကို ရဖို့ အခွင့်အရေးအများဆုံး ရှိတယ်လို့လည်း အချို့က ပြောနေကြတယ်"
ထိုတပည့်က အားနည်းစွာ ဆန့်ကျင်ပြောဆိုလိုက်သည်။
"အမှန်ပဲလေ...အာ...ရှန်းမင်ကျီရဲ့ ကျင့်ကြံမှုသက်တမ်းက တိုတောင်းနေသေးတယ်ဆိုပေမယ့်...သူက မဟာနတ်ဘုရားသိုင်းပြိုင်ပွဲ မစခင် အဲ့ဒီအမွေအနှစ်ကို ရခဲ့မယ်ဆိုရင်...သူ့ရဲ့ ကျင့်စဥ်က ဘယ်လောက်တောင် တိုးတက်သွားမယ်ဆိုတာကို ဘယ်သူ သိမှာလဲ...သူ့မှာက ကြယ်စင်စုလေးစုထဲမှာ အားအကောင်းဆုံးမီးတောက်ဖြစ်တဲ့ မိုးပြာရောင်နဂါးနတ်မီးတောက် လည်း ရှိနေသေးတယ်လေ"
ဝမ်မိသားစု ပင်မတပည့်တစ်ယောက်က ဝင်ပြောလိုက်သည်။
"အနက်ရောင်သူရဲကောင်းတက္ကသိုလ်ရဲ့ ဟောင်ရှောင်လုံကိုလည်း မေ့မထားကြနဲ့ဦး...သူ့ရဲ့ ကြောက်ဖို့ကောင်းတဲ့ အရည်အချင်းကို လူတော်တော်များများ သိထားကြတယ်...ပြီးခဲ့တဲ့ မဟာဆေးပညာရှင်ပြိုင်ပွဲ တုန်းက သူ နတ်ဘုရားအဆင့် ၈ အလယ်အလတ် အထွတ်အထိပ် အဆင့် ရောက်နေပြီ လို့ ငါ ကြားခဲ့ရတယ်...ပြိုင်ပွဲစတဲ့အခါကျရင် သူဘယ်လောက်ထိ တိုးတက်လာမယ်ဆိုတာကို ဘယ်သူ သိနိုင်မှာတဲ့လဲ"
နောက်ထပ် ဝမ်မိသားစုတပည့်တစ်ယောက်က ထပ်ပြောလေသည်။
မျက်နှာချွန်ချွန်နှင့်တပည့်က ဤသည်ကို ကြားလိုက်ချိန်၌ ဟာသတစ်ခုကို ကြားလိုက်ရသည့်နှယ် ရယ်မောချလိုက်သည်။
"ဟောင်ရှောင်လုံလား...ဟောင်ရှောင်လုံက လက်ထောက်ကျောင်းအုပ်ဟဲ့ဖေးဖန် ကို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်လို့များ မင်း ထင်နေတာလား...ဒါက ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံး ဟာသပဲကွ...ဟောင်ရှောင်လုံ က နှစ်တစ်ရာဆိုတဲ့အချိန်တိုလေးအတွင်းမှာ မဟာနတ်ဘုရားအဆင့်ကို ဝင်ရောက်သွားနိုင်မှာတဲ့လား...လက်ထောက်ကျောင်းအုပ်ဟဲ့ဖေးဖန် ဂုဏ်ပြုစားသောက်ပွဲ တုန်းက ပြောခဲ့တဲ့စကားကို မင်းတို့အားလုံး မကြားလိုက်ကြဘူးလား...ဟောင်ရှောင်လုံ က သူ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး တဲ့ကွ"
စုတ်ချွန်းချွန်းမျက်နှာနှင့် တပည့်က သူ့ခေါင်းကို မော့လိုက်ပြီး မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာလေသည်။
"လက်ထောက်ကျောင်းအုပ် ဟဲ့ဖေးဖန်က ဒီလိုလည်း ပြောခဲ့သေးတယ်ကွ...ဟောင်ရှောင်လုံက နောက်ထပ် နှစ်တစ်ထောင် ကျင့်ကြံပြီးမှ ဒါမှမဟုတ် မဟာနတ်ဘုရားအဆင့်ကို ရောက်သွားမှသာ...သူ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ အရည်အချင်း ပြည့်ပြီလို့ သူက သတ်မှတ်မှာ တဲ့"
လူငါးယောက်၏ စကားများကို နားထောင်ရင်း ဇာမဏီကလန်၏ဘိုးဘေး၊ ဟောင်ဟုန်ထျန်း နှင့် ပန်ညီအစ်ကိုသုံးယောက် တို့သည် ဒေါသထွက်သွားကြသည်။
ပထမ၌ ရှောင်လုံ၏ နာမည်ပါလာသောကြောင့် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ စိတ်ဝင်စားမှုများ မြင့်တက်လာကာ အာရုံစိုက်နားထောင်ခဲ့ကြသည်။ သူတို့၏ သခင်လေးက ထိုမျှ ကျော်ကြားလိမ့်မည်ဟု သူတို့ တွေးမထားခဲ့မိကြပေ။ ရှောင်လုံက အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ တပည့်တစ်ယောက် ဖြစ်သော်လည်း ဟင်္သာပြဒါးငှက်ကြယ်စင်စု၏ အင်အားကြီးမိသားစုများမှ တပည့်များသည်ပင် သူတို့သခင်၏ နာမည်ကို သိနေကြပေသညိ။
သို့သော် ထို စုတ်ချွန်းချွန်းမျက်နှာနှင့် တပည့်သည် သူတို့သခင်က ဟဲ့ဖေးဖန်၏ ပြိုင်ဘက် ဖြစ်ရန် အရည်အချင်းမရှိသည်မို့ နှစ်တစ်ထောင် ထပ်မံ ကျင့်ကြံသင့်ကြောင်း ဟဲ့ဖေးဖန်ပြောသော စကားကို ထုတ်ပြောလာခဲ့ပေသည်။
သူတို့၏ စိတ်ထဲ၌ လူသတ်လိုစိတ်များ ဆူပွက်လာပေသည်။
ရှောင်လုံက ဟဲ့ဖေးဖန်၏ ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်ဟု ပြောလာမည်ဆိုလျှင် သူတို့က မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်နည်း။
ရှောင်လုံက ဘာတစ်ခုမှ ပြောမလာသော်လည်း ဇာမဏီကလန်ဘိုးဘေးက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အေးစက်စက်နှာခေါင်းရှုံ့လိုက်လေသည်။
ဝမ်မိသားစုတပည့် ငါးယောက်၏ အသိစိတ်သည် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး လျှပ်စီးတန်းများစွာဖြင့် ရိုက်ခတ်ခံရသလို ခံစားလိုက်ကြရသည်။ တပည့်ငါးယောက်လုံးသည် အနောက်ရှိနံရံနှင့် ပစ်တိုက်မိသွားကြပြီး အပေါက်ခုနှစ်ပေါက်မှ သွေးများ ယိုစီးကျလာလေသည်။
......
ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်
အပိုင်း ၇၆၂ ..... ၀မ်မိသားစု၏သိုင်းပညာရှင်များစွာ
၀မ်မိသားစုပင်မတပည့်ငါးယောက်သည် ရုတ်တရက် နံရံဆီသို့ လွင့်စင်သွားပြီး ဒွါရခုနှစ်ပေါက်ဆီမှ သွေးများ ထွက်လာခြင်းကို မြင်လိုက်ရသောကြောင့် စားသောက်ဆိုင်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားလေသည်။အခြားမိသားစုတပည့်များနှင့် စားသုံးသူများသည် ခုန်ထလိုက်ကြပြီး အခင်းဖြစ်ရာနေရာမှ ဝေးရာသို့ အလျင်အမြန်ရှောင်ကြဥ်လိုက်ကြသည်။
အချိန်အတော်ကြာပြီးနောက် စုတ်ချွန်းချွန်းမျက်နှာနှင့် ၀မ်မိသားစု ပင်မတပည့်သည် ဦးစွာထရပ်လာသည် ဖြစ်သည်။သူက တပည့်ငါးယောက်ထဲ၌ အသန်မာဆုံးဖြစ်ပြီး နတ်ဘုရားအဆင့်ငါးနောက်ပိုင်းအဆင့် သိုင်းပညာရှင် ဖြစ်သည်။သူ့၏ မျက်နှာထက်၌ ကြောက်ရွံ့မှုများနှင့် ဒေါသများ ပေါ်ထွက်လာပြီး ဇာမဏီကလန်ဘိုးဘေးနှင့် အခြားသူများကို စိုက်ကြည့်လိုက်လေသည်။
"မင်းတို့က ဘယ်သူတွေလဲ ... ၀မ်မိသားစုမြို့တော်ထဲမှာတောင် မင်းတို့က ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့... ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းသိလား ... ငါတို့က ၀မ်မိသားစုရဲ့ ပင်မတပည့်တွေပဲ... ငါ့အဘိုးက ၀မ်မိသားစုရဲ့ မဟာအကြီးအကဲ ၀မ်ဘိပဲ"
စုတ်ချွန်းချွန်းမျက်နှာနှင့် တပည့်က ရှောင်လုံတို့ အုပ်စုကိုလက်ညိုးထိုးကာ အော်ဟစ်လိုက်လေသည်။
ဤမြို့သည် သူတို့၀မ်မိသားစု၏ ပိုင်နက်ဖြစ်သည်။ထို့ပြင် ၀မ်မိသားစုမြို့တင်သာမက ၀မ်မိသားစုကမ္ဘာတစ်ခုလုံး၌ မည်သူကမှ သူတို့၀မ်မိသားစုတပည့်များကို မဆန့်ကျင်ရဲကြပေ။
သို့သော် ယခုမူ၀မ်မိသားစုမြို့တော်၏ ပင်မတပည့်များဖြစ်သော သူတို့ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခိုင်းသည့်သူ ရှိနေပေသည်။
ဤသည်မှာ မိုးကောင်းကင်ကို ပုန်ကန်ဆန့်ကျင်နေခြင်းပင် ဖြစ်သည်။
တဖက်သူ၏ခွန်အားသည် ကြောက်မက်ဖွယ်ရာဖြစ်နေသော်လည်း သူ၏ဒေါသသည် ကြောက်ရွံ့မှုထက် ပိုမိုများပြားနေပေသည်။
ရှောင်လုံ၏တည်ငြိမ်အေးချမ်းသည့်အသံက ထွက်ပေါ်လာလေသည်။
"ငါတို့ကဘယ်သူတွေလဲတဲ့လား ...ငါက ဟောင်ရှောင်လုံပဲလေ "
ရှောင်လုံ၏ အသံက မကျယ်လောင်လှသော်လည်း လူတိုင်း၏နားထဲ၌ ရှင်းရှင်းလင်းလင်းကြားရန် လုံလောက်ပေသည်။
ပတ်ပတ်လည်ရှိ မိသားစုတပည့်များသည် အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။
"ဟောင်ရှောင်လုံတဲ့ ... အနက်ရောင်သူရဲကောင်း တက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ လမင်းဆင်းသက်ခြင်းအဘိုးအိုတို့ရဲ့ တပည့်အရင်းဟောင်ရှောင်လုံဆိုတာလား "
"သူကဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရှိနေရတာလဲ ... ကောလဟာလတွေအရ မဟာစိတ်ပညာပြိုင်ပွဲမှာ အနိုင်ရသွားပြီးတဲ့နောက်ပိုင်း သူကသိုင်းဝိညာဥ်ကမ္ဘာမှာပဲ တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူးလား"
"ဒါပေမယ့် ဒါကလိပ်နက်ကြယ်စင်စု မဟုတ်သလို အနက်ရောင်သူရဲကောင်းတက္ကသိုလ်လည်း မဟုတ်ဘူးလေ... သူက၀မ်မိသားစုရဲ့ ပင်မတပည့်တွေကို သူတို့ရဲ့မြို့တော်ထဲမှာ ဒဏ်ရာရစေခဲ့တယ် ... ဒီကိစ္စကသေချာပေါက် လွယ်လွယ်ပြီးသွားမဲ့ကိစ္စမဟုတ်ဘူး ... ကြည့်ရတာတော့ ဟောင်ရှောင်လုံက ရှုံးနိမ့်မှုနည်းနည်းလောက်တော့ ခံစားသွားရမယ့်ပုံပဲ"
တီးတိုးစကားပြောသံများက ပတ်ပတ်လည်ရှိမိသားစုတပည့်များဆီမှ ထွက်ပေါ်လာလေသည်။
ယခုမှသာ ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်းနှင့် တခြားသူများက ရှောင်လုံသည် အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် လမင်းဆင်းသက်ခြင်း အဘိုးအိုတို့၏ တပည့်ရင်းဖြစ်ကြောင်းကို သိရှိလိုက်ရပေသည်။
မျက်နှာ စုတ်ချွန်းချွန်းနှင့် ၀မ်မိသားစုတပည့်သည်လည်း ကြောင်အသွားပေသည်။
"မင်းက ဟောင်ရှောင်လုံလား"
သူတို့ပြောနေကြသည့် ဟောင်ရှောင်လုံသည် သူတို့ဘေး၌ထိုင်နေသည့် လူငယ်လေးဖြစ်နေလိမ့်မည်ဟု မည်သူက တွေးထားမိလိမ့်မည်နည်း။
"ဟောင်ရှောင်လုံ ... မင်းက အနက်ရောင်သူရဲကောင်တက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ လမင်းဆင့်သက်ခြင်းအဘိုးအိုတို့ရဲ့ တပည့်ရင်းဖြစ်နေတာနဲ့ပဲ ငါတို့၀မ်မိသားစုကမ္ဘာထဲမှာ မင်းလုပ်ချင်တိုင်း လုပ်လို့ရမယ်ထင်မနေနဲ့ "
မတ်တပ်ရပ်နိုင်သွားသော ၀မ်မိသားစုတစ်ယောက်က ဒေါသဖြင့် အော်ဟစ်လိုက်လေသည်။
"ငါတို့က မင်းကို မရိုက်ရဲဘူးလို့များထင်နေတာလား... ၀မ်မိသားစုကမ္ဘာထဲကိုလာပြီးတော့ မောက်မာ၀င့်ကြွားနေလို့ မရဘူးကွ "
"အမှန်ပဲ ... ဟောင်ရှောင်လုံ ...ဒူးထောက်ဂါရ၀ပြုပြီးတော့ တောင်းပန်စမ်း"
၀မ်မိသားစုတပည့်နောက်တစ်ယောက်က ထအော်လိုက်လေသည်။
"မဟုတ်ရင်တော့ ... တစ်စက္ကန့်အတွင်း ငါတို့က မင်းကို ဒူးထောက်ပြီးတော့ ခွေးချီးစားခိုင်းပစ်မယ် "
၀မ်မိသားစုတပည့်ငါးယောက်က ရှောင်လုံ၏ ငယ်ရွယ်လှသောအသွင်အပြင်ကြောင့် အံ့အားသင့်သွားကြသော်လည်း ဤနေရာက ဟင်္သာပြဒါးငှက် ကြယ်စင်စု၏ ၀မ်မိသားစုမြို့တော် ဖြစ်သည်ကို သတိရသွားကြသည်မို့ သူတို့၏ အသံက မောက်မာ၀င့်ကြွားနေပေသည်။
ဇာမဏီကလန်ဘိုးဘေးနှင့် ကျန်သူများက ၀မ်မိသားစုတပည့်များကို ဒေါသထွက်သွားပြီး သင်ခန်းစာပေးရန် ပြင်လိုက်ချိန်တွင် ရှောင်လုံက ရုတ်တရက် လက်ချောင်းလေးဖြင့် လေထဲသို့ ခပ်ဖွဖွထိလိုက်လေသည်။၀မ်မိသားစုတပည့်ငါးယောက်တို့သည် လေထဲသို့လွင့်စင်သွားပြီးနောက် စားသောက်ဆိုင်တံခါးနှင့် ၀င်တိုက်သွားကြကာ လမ်းပေါ်သို့ လိမ့်ထွက်သွားကြသည်။
ထိုလူငါးယောက်တို့မြေပေါ်လိမ့်သွားခြင်း ရပ်တန့်သွားချိန်တွင် သူတို့၏ ရင်ဘက်ပေါ်ရှိ ချီပင်လယ်ရှိသည့်နေရာတွင် သွေးယိုပေါက်တစ်ခုဖြစ်ပေါ်နေကြောင်း လမ်းသွားလမ်းလာတိုင်း တွေ့မြင်လိုက်ကြရသည်။ရှောင်လုံ့လက်ချောင်း၌ ထွက်ပေါ်လာသောအင်အားသည် သူတို့၏ ရင်ဘက်များကို ထိုးဖောက်လိုက်ရုံသာမက တပည့်ငါးယောက်လုံး၏ ချီပင်လယ်ကိုလည် ပျက်ဆီးသွားလေသည်။သို့သော် သူက သူတို့ကိုအသက်ရှင်လျှက် ချန်ထားခဲ့ပေသည်။
"မင်း ... မင်းက ငါတို့ရဲ့ ချီပင်လယ်ကို ဖျတ်ဆီးပစ်လိုက်တယ်ပေါ့ "
မျက်နှာစုတ်ချွန်းချွန်းနှင့်တပည့်က အော်ဟစ်လိုက်လေပြီး ရှောင်လုံ့ကို မုန်းတီးစွာ စိုက်ကြည့်လိုက်လေကာ သူ့၏ မျက်နှာက သေလုမတတ်ဖြူဖျော့နေလေသည်။
ကျန်သည့် ၀မ်မိသားစုတပည့်လေးယောက်၏ မျက်နှာသည်လည်း သေလုမတတ် ဖြူးဖျော့နေလေသည်။ချီပင်လယ် ဖျတ်ဆီးခံရခြင်း၏ အဓိပ္ပယ်ကို မသိရှိသူဟူ၍မရှိပေ။မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ယောက်က သူတို့အား မကူညီခဲ့လျှင် အသုံမ၀င်သည့် သူတို့သည် အမှိုက်များအဖြစ်သာ အဆုံးသတ်သွားရပေသည်။
"ထွက်သွားမလား... ဒါမှမဟုတ် အသေခံမလား "
ရှောင်လုံ၏ အကြည့်က အေးစက်နေပေသည်။
စိတ်ပျက်အားငယ်စွာဖြင့် တပည့်ငါးယောက်ဘုံးသည် ၀မ်းနည်းဖွယ်ကောင်းစွာထွက်ပြေးသွားကြလေသည်။
"သခင်လေး အဲဒီခွေးကောင်တွေကို သခင်လေးကိုယ်တိုင် သင်ခန်းစာပေးစရာမလိုပါဘူး ... ကျုပ်တို့ကို ခိုင်းလို့ရပါတယ် "
ဇာမဏီကလနါဘိုးဘေးက ရှောင်လုံ့ကို ရိုသေလေးစားစွာပြေညလိုက်လေသည်။
"သူတို့ရဲ့ ချီပင်လယ်လောက်ပဲ ဖျတ်ဆီးခံလိုက်ရတဲ့အတွက်သူတို့ကိုယ်သူတို့ကံကောင်းသွားတယ်လို့ပဲ မှတ်ယူသင့်တယ်"
ရှောင်လုံက သူ့ခေါင်းကို ခပ်ဖြေးဖြေး ခါယမ်းပြလိုက်လေသည်။
"အလျင်မလိုနဲ့ ငါတို့မှာ အချိန်ရှိသေးတယ် ... သူတို့ပြန်လာလိမ့်မယ် "
ထို၀မ်မိသားစုတပည့်များသည် လက်တုန့်ပြန်ရန် သေချာပေါက် ပြန်လာလိမ့်မည်ဖြစ်ပြီး ရှောင်လုံက သူတို့စစ်ကူခေါ်ကာ ပြန်လာမည်ကို လိုချင်သောကြောင့် သူတို့အား မသတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
"စားပွဲထိုး ငါတို့မှာထားတာတွေရပြီလား "
ထိုအချိန်၌ရှောင်လုံက စားပွဲထိုးဘက်သို့ အနည်းငယ်လှည့်ကြည့်လိုက်ရင်း မေးလိုက်လေသည်။
စားပွဲထိုးကတုန်ယင်သွားလေပြီး အလျင်အမြန်ပြန်ဖြေလိုက်လေသည်။
"အဆင်သင့်ဖြစ်ပြီ... အဆင့်သင့်ဖြစ်ပါပြီ ခင်ဗျ...ကျွန်တော်တို့ အခုပဲ ယူလာခဲ့ပါမယ် "
ထို့နောက်သူက ပြေးသွားလိုက်လေပြီး ရှောင်လုံတို့အတွက် အစားအစာနှင့်ဝိုင်များကို သယ်ဆောင်ကာ ချက်ချင်းဆိုသလို ပြန်ရောက်လာလေသည်။
ပတ်ပတ်လည်၌ မတ်တပ်ရပ်နေကြသော စားသုံးသူအများစုသည် ထွက်ခွာရန် အစီအစဥ်မရှိကြပေ။
သူတို့သည်လည်း ၀မ်မိသားစုတပည့်က ဤကိစ္စကို ဤသို့ ပြီးဆုံးသွားခွင့်ပြလိုက်မည်မဟုတ်ကြောင်း နားလည်ထားကြပေသည်။ထို့ကြောင့် သူတို့က ပွဲကြီးပွဲကောင်းကြည့်ရန် စောင့်ဆိုင်းနေကြသည်။
ရှောင်လုံက ပတ်ပတ်လည်ရှိ မိသားစုတပည့်နျားကို လျစ်လျူရှုလိုက်သည်။သူက ဝိုင်ခွက်ကိုမြှောက်ကာ ခွက်ချင်းတိုက်လိုက်ပြီး ပြောလိုက်လေသည်။
"ဖိုးဖိုးနဂါး ကျွန်တော်တို့ အရက်သောက်ကြတာပေါ့ "
နဂါးအင်ပါယာအောင်းတိုင်ရီက စပ်ဖြဲဖြဲပြုံးလိုက်ကာ ရှောက်လုံနှင့် ခွက်ခြင်းတိုက်ပြီး သူ့၏ဝိုင်ခွက်ကို မော့သောက်လိုက်လေသည်။
ဇာမဏီကလန်ဘိုးဘေးနှင့် အခြားသူများက မလှုပ်ရှားကြသည်ကို သတိထားမိလိုက်သည်မို့ ရှောင်လုံက သူတို့အား စားလို့ရပြီဖြစ်ကြောင်း ပြောလိုက်လေသည်။ထိုအခါမှသာ သူတို့က ထမင်းစားတူများနှင့် ဝိုင်ခွက်များကို ကောက်ကိုင်ရဲသွားကြသည်။
သိပ်မကြာမီ ၀မ်မိသားစုတစ်စုရောက်ရှိလာသည်။ထိုသူမှာ စစ်ကူမဟုတ်ဘဲ ဝမ်လုံဖြစ်နေလေသည်။
ရှောင်လုံ၏ ဆင့်ခေါ်မှုကြောင့် ဝမ်လုံသည် သူ့၏ ကိုယ်ပိုင်ခြံဝန်းဆီမှ အလျှင်အမြန် ထွက်လာခဲ့ပေသည်။ သို့သော် သူ စားသောက်ဆိုင်သို့ ရောက်ရှိသွားချိန်၌ ပျက်စီိးယိုယွင်းနေသော စားသောက်ဆိုင်ကြောင့် အံ့အားသင့်သွားလေသည်။
"ဝမ်လုံပဲ...ဝမ်မိသားစုက ဟောင်ရှောင်လုံနဲ့ ရင်ဆိုင်ဖို့ ဝမ်လုံ့ကို လွှတ်လိုက်လိမ့်မယ်ဘို့ ငါမထင်ထားမိဘူး"
"ဝမ်လုံက မဟာနတ်ဘုရားအဆင့် တက်ရောက်မှုစာရင်းမှာ နံပါတ်တစ်ဖြစ်ပြီးတော့...ကြယ်စင်စုလေးစုထဲက မဟာနတ်ဘုရားအဆင့်အောက် နယ်ပယ်မှာ အသန်မာဆုံးပဲလေ...ဝမ်လုံ ဒီမှာ ရှိနေရုံနဲ့တင် ဟောင်ရှောင်လုံ့ကို ကိုင်တွယ်ဖို့ လုံလောက်နေပြီ"
"မင်းတို့ကောင်တွေ ခန့်မှန်းကြည့်ကြစမ်း...ဟောင်ရှောင်လုံက ထွက်ပြေးမှာလား...ဒါမှမဟုတ် ဝမ်လုံဆီမှာ ခွင့်လွှတ်ပေးဖို့ တောင်းပန်လောက်လား"
မဟာနတ်ဘုရားအဆင့် တက်ရောက်မှုစာရင်းတွင် ထိပ်ဆုံးနေရာချိတ်သူအနေဖြင့် ဝမ်လုံသည် ကြယ်စင်စုလေးစု၌ ဒဏ္ဍာရီလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ထို့ပြင် ဝမ်မိသားစုကမ္ဘာရှိ လူများစွာ၏ နှလုံးသားထဲရှိ မြင့်မြတ်တော်ဝင်သော လူပုဂ္ဂိုလ်လည်း ဖြစ်သည်။
ဝမ်လုံ၏ ရောက်ရှိလာမှုကြောင့် လူအများကြား တီးတိုးဆိုသံများ ချက်ချင်း ပျံ့နှံ့သွားသည်။
ဝမ်လုံ အမြန်ရောက်ရှိလာခြင်းကြောင့် ပတ်ပတ်လည်ရှ်လူများသည် အံသြသွားကြသော်လည်း ဝမ်မိသားစုအကြီးအကဲများက ရှောင်လုံအား ရင်ဆိုင်ရန် စေလွှတ်လိုက်ခြင်းဟု လူအများက ယူဆထားကြသည်။ ထို့ကြောင့် လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။
ပတ်ပတ်လည်ရှိ တပည့်များက တီးတိုးပြောဆိုနေကြချိန်၌ ဝမ်လုံက ရှောင်လုံရှိရာ စားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူက ဒူးထောက်ချကာ ဂါရဝပြုလိုက်လေသည်။
"ဝမ်လုံက သခင်လေးကို ဂါရဝပြုပါတယ်"
ပတ်ပတ်လည်ရှိ ဆူညံသံများက ရုတ်ချည်း ငြိမ်ကျသွားလေသည်။
စိတ်လှုပ်ရှားစွာ တီးတိုးပြောဆိုနေကြသော တပည့်များသည် ဝမ်လုံက ရှောင်လုံရှေ့၌ ဒူးထောက်လိုက်သော မြင်ကွင်းကို အံ့သြမှင်သက်နေသည့်အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။
သခင်လေးတဲ့လား...။
သူတို့ နားကြားများလွဲနေသည်လား။
"မတ်တပ်ရပ်လိုက်ပါ"
ရှောင်လုံက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်...သခင်လေး"
ဝမ်လုံ၏ ဒုတိယအကြိမ်မြောက် 'သခင်လေး'ဟု ခေါ်သံကြောင့် ထိုတပည့်များ၏ နောက်ဆုံးမျှော်လင့်ချက်လေးသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားရလေသည်။
သူတို့က ရှောင်လုံကို တစ်လှည့် ဝမ်လုံကို တစ်လှည့် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
"ထိုင်လိုက်"
သူ့ဆီသို့ ရောက်ရှိနေသောအကြည့်များကို သတိမထားမိသည့်နှယ် ရှောင်လုံသည် ခုံအလွတ်တစ်ခုကို ညွှန်ပြလိုက်ကာ ဝမ်လုံအား ထိုင်ခိုင်းလိုက်သည်။
ဝမ်လုံက ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်ပြီး ထိုင်လိုက်လေသည်။
ဝမ်လုံ ထိုင်လိုက်ပြီးနောက်မှသာ ရှောင်လုံက မေးလိုက်သည်။
"အဲ့ဒီ ဝမ်တောက်ယန် ဆိုတဲ့ တစ်ယောက်က ဘယ်လိုမျိုးလဲ"
ဝမ်လုံက ရှောင်လုံ၏ မေးခွန်းကြောင့် ကြောင်အသွားသော်ငြား အလျှင်အမြန် ပြန်ဖြေလိုက်လေသည်။
"ဝမ်တောင်းယန်က ကျွန်တော်တို့ လက်ရှိ ဝမ်မိသားစုခေါင်းဆောင် ဝမ်ယန်ရှန်းရဲ့သားပါ...အစကတော့ မိသားစုခေါင်းဆောင်က သူ့သားကို နောက်တက်မယ့် မိသားစုခေါင်းဆောင်နေရာ ပေးဖို့ စီစဥ်ထားခဲ့တယ်...ဒါပေမယ့် အခုတော့ ကျွန်တော်တို့ မိသားစုရဲ့ မဟာအကြီးအကဲနဲ့ အကြီးအကဲအများစုက ကျွန်တော့်ကို နောက်တက်မယ့်ခေါင်းဆောင်အဖြစ် ထောက်ခံနေကြပြီ"
ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဆိုပါက ဝမ်တောက်ယန်သည် လက်ရှိဝမ်မိသားစု ခေါင်းဆောင်၏ သား ဖြစ်နေပေသည်။ သူက ဝမ်လုံနှင့်အတူ မိသားစုခေါင်းဆောင်နေရာကို ယှဥ်ပြိုင်ရန် အရည်အချင်း ပြည့်မီသည်မှာ အံ့အားသင့်စရာမရှိပေ။
ရုတ်တရက် အပြင်ဘက်ဆီမှ ကျယ်လောင်လှသော ဆူညံသံများ ထွက်ပေါ်လာသည်။
အချို့မိသားစုတပည့်များက အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
"ဝမ်မိသားစုရဲ့ သိုင်းပညာရှင်တွေ အများကြီးပဲ...ဝမ်မိသားစုသိုင်းပညာရှင်တွေ ရောက်လာကြပြီ"
......
ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်
အပိုင်း ၇၆၃ .....ဘာမဟုတ်သည့် အရူးတစ်ယောက်
အပြင်ဘက်ရှိ ဆူညံသံများကြောင့် ရှောင်လုံတို့စားပွဲရှိ လူများအားလုံးက ၀င်ပေါက်ရှိရာဆီသို့ လှည့်ကြည့်လိုက်ရာတွင် အယောာက်သုံးဆယ်ကျော်ရှိသော လူအုပ်စုတစ်စုကို မြင်လိုက်ရလေသည်။
ထိုအုပ်စုထဲတွင် မျက်နှာစုတ်ချွန်းချွန်းနှင့် တပည့်၊ကျန်သည့်လေးယောက်သည်လည်း အဖွဲ့ထဲ၌ပါ၀င်ပေသည်။
လူအယောက်သုံးဆယ် အုပ်စုကြားတွင် လေးယောက်သည် မဟာအကြီးအကဲ၀တ်စုံ ၀တ်ထားကြပြီး တစ်ဒါဇင်ကျော်သောလူများသည် အကြီးအကဲ၀တ်စုံ၀တ်ထားကြသည်။ဤသည်မှာ ၀မ်ယွဲ့နှင့်ကျန်လေးယောက်တို့ ထွက်ပြေးသွားပြီး အချိန်တိုအတွင်း စုစည်းလာနိုင်သော စစ်ကူများဖြစ်သည်။
၀မ်မိသားစုစစ်ကူများ အထဲသို့လျှောက်၀င်လာပြီးနောက် ၀မ်လုံသည် ရှောင်လုံနှင့် စားပွဲတစ်ခု ထဲ၌ထိုင်နေသည်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး ကြောင်အသွားလေသည်။
၀မ်လုံကလည်း ၀င်ရောက်လာသော ၀မ်မိသားစု၀င် အုပ်စုကို မြင်လိုက်ချိန်၌သန်မာလာသော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လိုက်လေသည်။
"ဟီး ဟီး ... ငါတကယ်ကို သိချင်နေခဲ့တာ ... ဟောင်ရှောင်လုံက ငါတို့၀မ်မိသားစုမြို့တော်ထဲမှာ အရမ်းမောက်မာပြနေပြီး... ငါတို့ကို အနိုင်ကျင့်၊ချီပင်လယ်ကို ဖျတ်ဆီးပစ်ရဲလောက်တဲ့ ခွေးသတ္တိမျိုးကို ဘယ်သူကများ သူ့ဆီပေးထားတာလဲလို့ ... ဒီတော့ တစ်ယောက်ယောက်က သူ့နောက်မှာ တစ်ယောက်ယောက်ရှိနေတာကို "
စုတ်ချွန်းချွန်းမျက်နှာနှင့် ၀မ်ယွဲ့က ထေ့ငေါ့ပြောလိုက်သည်။
ဝမ်လုံက မျက်မှောင်ကြုတ်လိုက်မိသည်။
"၀မ်လုံ ... ဟီးဟီး ... မင်းက အနက်ရောင်သူရဲကောင်း တက္ကသိုလ်ရဲ့ လူတွေနဲ့ လျို့ဝှက်ပူးပေါင်းရဲလိမ့်မယ်လို့ ငါမထင်ထားဘူး "
ခန္ဓာကိုယ်ကြံ့ခိုင်သည့် ၀မ်မိသားစုအကြီးအကဲတစ်ယောက်က အခွင့်အရေးကို အမိအရအသုံးချကာ အေးစက်စက်ပြောလိုက်လေသည်။
"ငါတို့ ဒီဟောင်ရှောင်လုံဆိုတဲ့ကောင်ကို ဖမ်းမိသွားတာနဲ့ ...ဒီကိစ္စကို မိသားစုခေါင်းဆောင်ဆီတင်ပြပြီးတော့... မင်းရဲ့ မဟာအကြီးအကဲရာထူးကို ရုတ်သိမ်းခိုင်းပစ်မယ်"
ဟင်္သာပြဒါးငှက်ကြယ်စင်စုနှင့် အနက်ရောင်လိပ်ကြယ်စင်စုတို့သည် အမြဲလိိလို ဆန့်ကျင်ဘက်ဖြစ်ကြသည်။ထို့ပြင် ရှောင်လုံကလည်း အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏တပည့်အရင်း ဖြစ်နေပေသေးသည်။
ထိုကြံ့ခိုင်သန်မာသည့် မဟာအကြီးအကဲသည် တခြားသူမဟုတ်ဘဲ ၀မ်ယွဲ့၏အဘိုး ၀မ်ဘိဖြစ်နေပေသည်။
၀မ်လုံက ရှောင်လုံ့ကို ကြည့်လိုက်လေသည်။
ရှောင်လုံက အေးဆေးတည်ငြိမ်စွာပြောလိုက်လေသည်။
"ငါဒီကိစ္စကို ကိုင်တွယ်လိုက်မယ်"
ဟုတ်ကဲ့ပါ ...သခင်လေး"
၀မ်လုံကပြန်ဖြေလိုက်လေသည်။
အစောပိုင်းက အခြားမိသားစုတပည့်များ တုံ့ပြန်မှုအတိုင်းပင် ၀မ်ဘိ၊၀မ်ယွဲ့နှင့် ကျန်၀မ်မိသားစု၀င်များသည် ၀မ်လုံက ရှောင်လုံ့အား 'သခင်းလေး'ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် သူတို့၏ မျက်နှာများသည် တုန်လှုပ်အံ့သြမှင်သက်သွားကြပေသည်။
တုန်လှုပ်မှုကို ထိန်းချုပ်ပြီးသွားပြီးနောက် ၀မ်ဘိက အားပါးတရရယ်မောချလိုက်လေသည်။
"၀မ်လုံ ...မင်းက အဲဒီခွေးကောင်လေးဟောင်ရှောင်လုံကို အခုဘယ်လိုခေါ်လိုက်တာလဲ... မင်းက ဟောင်ရှောင်လုံရဲ့ ကျွန်အဆင့်ထိကိုတောင် ကျဆင်းသွားရပြီပေါ့ ... စောက်သုံးမကျတဲ့ ချီးထုတ်ပဲ"
ရှောင်လုံက ခွန်အားအနိမ့်ဆုံးဖြစ်သော ဟောင်ဟုန်ထျန်းဆီသို့ လှည့်ကြည့်လိုက်လေသည်။
"သူ့ကို သတ်လိုက်"
အားပါးတရရယ်မောနေသော ၀မ်ဘိက ရှောင်လုံ၏စကားကို ကြားလိုက်ရချိန်တွင် ပိုမိုကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဟောင်ရှောင်လုံ ... မင်းက ငါ့ကိုသတ်ဖို့အတွက် ဘာမဟုတ်တဲ့ ကျွန်တစ်ယောက်ကို အမိန့်ပေးနေတာလား.. ငါက၀မ်မိသားစုရဲ့ မဟာအကြီးအကဲ ၀မ်ဘိပဲ ... မင်းသိအောင်ပြောပြလိုက်ဦးမယ် ... ငါကနတ်ဘုရားအဆင့်၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့်သိုင်းပညာရှင်ပဲ"
၀မ်ယွဲ့နှင့် အခြားသော၀မ်မိသားစု၀င်များသည် လှောင်ပြောင်ရယ်မောလိုက်ကြပြီး အရယ်လွန်ကာ နောက်သို့လန်ကျမတတ်ဖြစ်သွားကြလေသည်။
၀မ်လုံသည်လည်း ဟောင်ဟုန်ထျန်းကို သံသယအပြည့်ဖြင့် ကြည့်လိုက်လေသည်။
ရှောင်လုံ၌ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်နှင် နှိုင်းယှဥ်နိုင်သောစွမ်းအင်ကိုပိုင်ဆိုင်ထားပြီး ၀မ်ဘိကိုသတ်ရန်မှာ မခက်ခဲလှကြောင်း သူသိထားသော်လည်း ဤသို့သော သာမန်ရုပ်ရည်နှင့် သက်လတ်ပိုင်းလူကြီးသည် ၀မ်ဘိကိုသတ်ဖြတ်နိုင်စွမ်းရှိနိုင်ပါမည်လော။
၀မ်လုံ သုံးသပ်မပြီးသေးမီ ဟောင်ဟုန်ထျန်းက မတ်တပ်ထရပ်လိုက်လေသည်။ နောက်တစ်ခဏ၌ သူ့၏ မဟာနတ်ဘုရားအဆင့် ဖိအားသည် ပတ်ပတ်လည်သို့ ပြန့်နှံ့သွားလေပြီး အဆုံးအစမဲ့သော နတ်ဘုရားအင်အားက စားသောက်ဆိုင်ကို လှိုင်းလုံးကြီးတစ်လုံးနှယ် ဖုံးလွှမ်းသွားပေသည်။
ထို့နောက် ဟောင်ဟုန်ထျန်းက သူ့လက်ကို မြှောက်လိုက်ကာ လေထဲသို့ ဖိချလိုက်လေသည်။
၀မ်ဘိက ကြောက်လန့်တကြားကြည့်လိုက်လေပြီး ...
"မဟာ ... နတ် "
၀မ်ဘိက 'မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်'ဟု အော်ဟစ်လိုက်လိုခြင်းဖြစ်သော်လည်း ဟောင်ဟုန်ထျန်း၏ လက်ဝါးရာက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီဖြစ်သည်။၀မ်ဘိ၏ ခန္ဓာကိုယ်သည် သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားလေသည်။
သေပြီ ....။
၀မ်ယွဲ့နှင့် အခြားသော၀မ်မိသားစုမဟာအကြီးအကဲများနှင့် တပည့်များသည် ဟောင်ဟုန်ထျန်းကိုကြည့်ရင်း ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားလေသည်။
"မ ... မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် "
မဟာအကြီးအကဲတစ်ယောက်က ချက်ချင်းရေရွတ်လိုက်လေသည်။တခဏအတွင်းသူက ကြောက်လန့်တကြား ဒူးထောက်ချလိုက်သည်။
ကျန်ရှိနေသော ၀မ်မိသားစု၀င်များသည်လည်း အလျင်အမြန် ဒူးထောက်လိုက်ကြသည်။
၀မ်ယွဲ့၏ ခွကြားထဲ၌ စိုစွတ်နေသော အနက်ရောင်အကွက်ကြီးတစ်ခု ပြန့်နှံ့လာပေသည်။သူကအလွန်တရာကြောက်ရွံ့သွားသောကြောင့် ဘောင်းဘီထဲ သေးပေါက်ချလိုက်ခြင်းဖြစ်သည်။
ပွဲကြီးပွဲကောင်းကြည့်ရန် စောင့်ဆိုင်းနေကြသော မိသားစုတပည့်များသည်လည်း ဒူးထောက်လိုက်ကြရသည်။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်၏ နတ်ဘုရားအင်အားသည် အလွယ်တကူ တောင့်ခံ၍မရဘဲ လူတိုင်းသည် ရှောင်လုံကဲ့သို့မဟုတ်ပေ။
လမ်းပေါ်၌ ဒူးထောက်နေကြသော ၀မ်ယွဲ့နှင့် တခြား၀မ်မိသားစု၀င်များနှင့် မတူစွာ ၀မ်လုံသည် ဆက်လက် ထိုင်နေနိုင်စွမ်းရှိသော်လည်း သူကအလွန်တရာထိတ်လန့်နေကြောင်း သိသာထင်ရှားပေသည်။
သူနှင့် စားပွဲတစ်ခုထဲ၌ အတူထိုင်ပြီး သူ့ကဲ့သို့ပင် သခင်လေးဟု ဂါရ၀ပြုနေခဲ့သော သားမန်ရုပ်ရည်နှင့် သက်လက်ပိုင်းလူကြီးသည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်နေပေသည်။အမှန်စင်စစ် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။
နတ်ဘုရားအဆင့်၁၀ကျင့်ကြံသူတစ်ယောက် ဖြစ်စေကာမူ မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တစ်ယောက်နှင့် ယှဥ်ပြိုင်နိုင်သည့် ရှောင်လုံနှင့်တော့ ကွဲပြားရှားနားပေသည်။
ရှောင်လုံက မတ်တပ်ထရပ်လိုက်သည်။
နဂါးအင်ပါယာအောင်းတိုင်ရီ၊ဇာမဏီကလန်ဘိုးဘေးနှင့် ပန်ညီအကိုသုံးယောက်သည်လည်း ထိုင်ခုံများမှထကာ ရှောင်လုံ့နောက်သို့ လိုက်ပါသွားကြသည်။
ရှောင်လုံက ၀မ်မိသားစု၏ မဟာအကြီးအကဲများ၊အကြီးအကဲများနှင့် တပည့်များဆီသို့ ဖြေးဖြေးချင်းလျှောက်သွားလေသည်။
"ဟောင် ...ဟောင်ရှောင်လုံ ... မဟုတ်ဘူး ... ငါမလုပ်..."
၀မ်ယွဲ့၏မျက်နှာက အရောင်ကင်းမဲ့သွားပြီး ဖြူဖျော့သွားလေသည်။
ရှောင်လုံ၏ ညာဘက်လက်က မြောက်တက်သွားသည်။
ရှောင်လုံက သူ့အားအမှန်တကယ်သတ်ဖြတ်တော့မည်ကို မြင်လိုက်ရသည်မို့ ၀မ်ယွဲ့သည် မျက်ဖြူဆိုက်သွားလေပြီး နေရာမှာပင် သတိလစ်သွားလေသည်။
ဤသည်ကို ကြည့်ရင်း ရှောင်လုံက ခေါင်းယမ်းလိုက်လေကာ စိတ်၀င်စားမှုကုန်ဆုံးသွားလေသည်။သူက၀မ်လုံ့ကို လှည့်ကြည့်လိုက်လေသည်။
"ငါတို့ အခု မင်းရဲ့၀မ်မိသားစု အဓိကအိမ်တော်ကို သွားကြမယ်"
၀မ်လုံက အခက်တွေ့သွားသော်လည်း ရှောင်လုံ၏ အမိန့်ကို အလျင်အမြန် နာခံလိုက်လေသည်။
တစ်ချိန်ထဲမှာပင် ၀မ်မိသားစု၏ လျို့ဝှက်ခန်းထဲ၌ ၀မ်မိသားစု၏ လက်ရှိခေါင်းဆောင် ၀မ်ယန်ရှန်းနှင့် ၀မ်မိသားစုဘိုးဘေး ၀မ်လီရှောင်းတို့သည် နောက်တက်မည့် မိသားစုခေါင်းဆောင်အသစ်နှင့် ပတ်သက်သော ကိစ္စများကို ဆေးနွေးနေကြလေသည်။ထိုအချိန်၌ ၀မ်လီရှောင်းက ဟောင်ဟုန်ထျန်း၏ နတ်ဘုရားအင်အားကို အာရုံခံမိသွားပြီး ထိတ်လန့်သွားလေသည်။
"ငါတို့ ၀မ်မိသားစုမြို့တော်ထဲမှာ မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်တစ်ယောက် ရှိနေတာလား ... ဇာမဏီတစ်ကောင်ရဲ့အော်ရာ ... ဇာမဏီကလန်ရဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ "
၀မ်လီရှောင်းက ဤသည်ကို မမျှော်လင့်ထားပေ။
"ဘိုးဘေး ... ကျွန်တော်အပြင်ထွက်ပြီးတော့ သွားကြည့်လိုက်ပါမယ် "
၀မ်ယန်ရှန်းက သုန်မှုန်နေသော မျက်နှာဖြင့် ပြောလေသည်။မည်သည့်ထိပ်တန်းအင်အားစုတွင်မဆို မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင်များ နှင့် ပတ်သတ်သောကိစ္စများကို သတိထားပြီး ကိုင်တွယ်ရပေသည်။
၀မ်မိသားစု၏ ဘိုးဘေး ၀မ်လီရှောင်းက ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပြီ ... တစ်ဖက်လူက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာဆိုရင် ယဥ်ကျေးပြနေစရာမလိုဘူး ... အဲလူက မဟာနတ်ဘုရားအဆင့်၁ ခွန်အားပဲရှိတာ "
၀မ်ယန်ရှန်းက နားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်လေသည်။
"မလိုတော့ဘူး ... ကျုပ်တို့ ဒီကိုရောက်လာပြီ "
၀မ်ယန်ရှန်းက လျို့ဝှက်ခန်းထဲမှာ ထွက်ခွာရန်ပြင်လိုက်ချိန်တွင် အသံတစ်ချက်ထွက်ပေါ်လာလေသည်။အလင်းတစ်ချက်လက်သွားပြီး များစွာသော ပုံရိပ်များက လျို့ဝှက်ခန်းထဲတွင် ပေါ်ထွက်လာလေသည်။
၀မ်မိသားစုဘိုးဘေး ၀မ်လီရှောင်းနှင့် မိသားစုခေါင်းဆောင် ၀မ်ယန်ရှန်းတို့သည် ကြောင်အသွားလေသည်။
"၀မ်လုံ "
၀မ်ယန်ရှန်းက ရှောင်လုံ့ဘေး၌ရပ်နေသော ၀မ်လုံကို မြင်တွေ့သွားပြီး ဒေါသဖြင့် အော်ငေါက်လိုက်လေသည်။
"မင်းက ၀မ်မိသားစုရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီးတော့... လျို့ဝှက်ခန်းထဲ အပြက်လူတွေကို ဘယ်လိုလုပ်ပြီး ခေါ်လာရဲရတာလဲ "
၀မ်မိသားစုဘိုးဘေး ၀မ်လီရှောင်းကဘသူ့ရဲ့လက်ကိုမြှောက်လိုက်ကာ ၀မ်ယန်ရှန်းကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။သူ့၏ အကြည့်က ကျူးကျော်သူများအပေါ်ရောက်ရှ်သွားပြီး နဂါးအင်ပါယာအောင်တိုင်ရီနှင့် ဇာမဏီကလန်ဘိုးဘေး ဟောင်ရီရှောင်းတို့ အပေါ်၌ရပ်တန့်သွားသည်။
"မင်းတို့က ... ငါ့၀မ်မိသားစုရဲ့ အဓိကအိမ်တော်ကို ဘာလာလုပ်ကြတာလဲ "
သူ့၏ထက်ရှလှသော အမြင်အာရုံဖြင့် ကျူးကျော်သူများကြားမှ အသန်မာဆုံးသည် နဂါးအင်ပါယာအောင်းတိုင်ရီနှင့် ဇာမဏီကလန်ဘိုးဘေးတို့ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
သို့သော် နဂါးအင်ပါယာအောင်းတိုင်ရီနှင့် ဇာမဏီကလန်ဘိုးဘေးတို့က သူ့ကို စကားပြန်မဖြေကြပေ။
ရှောက်လုံကပြောလိုက်သည်။
"ကျုပ်က ဟောင်ရှောင်လုံပဲ"
၀မ်မိသားစုဘိုးဘေးက ကြောင်အသွားလေပြီး သူနှင့် ၀မ်ယန်ရှန်းတို့သည် ရှောင်လုံကို သံသယအပြည့်ဖြင့် ကြည့်လိုက်ကြလေသည်။
"မင်းက ဟောင်ရှောင်လုံလား ... အနက်ရောင်သူရဲကောင်းတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ လမင်းဆင်းသက်ခြင်း အဘိုးအိုတို့ရဲ့ တပည့်ရင်းလား "
၀မ်လီရှောင်းနှင့် ၀မ်ယမ်ရှန်းတို့သည် ရှောင်လုံကို ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
"ဟုတ်တယ် "
ရှောင်လုံက အမူအရာမဲ့စွာ ဆက်ပြောလိုက်လေသည်။
"ကျုပ်ဒီနေ့ ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်ကတော့ ၀မ်မိသားစုကို သိမ်းသွင်းဖို့ပဲ"
၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့သည် အံ့အားသင်သြွားကြပြီးနောက် ရယ်မောချလိုက်လေသည်။
ဝမ်လီရှောင်းက မျက်ရည်ထွက်မတက်ရယ်မောနေပေသည်။
"ဟောင်ရှောင်လုံ ... မင်းရဲ့ဆရာ အနက်ရောင်သူရဲကောင်းကျောင်းအုပ်ကြီး ကိုယ်တိုက်ဒီနေရာကို ရောက်လာခဲ့မယ်ဆိုရင်တောင် ဒီလိုအလိမ်အညာစကားမျိုးကို ပြောထွက်ရဲမှာမဟုတ်ဘူး ...မင်းက ကြယ်စင်စုလေးလုံးမှာ အလားအလာအကောင်းဆုံးနဲ့ ပါရမီအရှိဆုံးသူလို့ ငါကြားဖူးခဲ့တာ ... ဒါပေမယ့် ဘယ်သူသိမှာလဲ ... ဒီနေ့မင်းကို တွေ့လိုက်ရတော့ မင်းက ဘာမဟုတ်တဲ့ အရူးတစ်ယောက် ဖြစ်နေတာပဲ "
ရှောင်လုံက စကား အပြန်အလှန် ပြောရန် အလွန်တရာပျင်းရိနေသည်မို့ နဂါးအင်ပါယာအောင်းတိုင်ရီ၊ဇာမဏီဘိုးဘေးနှင့် ပန်ညီအကိုများကို မျက်လုံးဖြင့် အချက်ပြလိုက်လေသည်။
ထို့ကြောင့် နဂါးအင်ပါယာအောင်တိုင်ရီနှင့် ကျန်သူများသည် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်မထားတော့ဘဲ အပြည့်အ၀ထုတ်လွှတ်လိုက်လေသည်။သန်မာအားကောင်းလှသော နတ်ဘုရားအင်အားက ခိုင်ခံ့လှသော လျို့ဝှက်အခန်းကို တုန်လှုပ်သွားစေသည်။
၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့က ထိုလူလေးယောက်ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။
"ခြောက် ... မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက်"
.....
ပြိုင်ဘက်ကင်း သိုင်းဝိညာဥ်
အပိုင်း ၇၆၄ ..... အပြန်ခရီး
၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့သည် မဟာနတ်ဘုရားအဆင့် သိုင်ပညာရှင် ခြောက်ယောက်က နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်နှင့်အတူ လိုက်ပါလာမည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။
မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ခြောက်ယောက် ...။
ထို့ပြင် သူတို့ထဲမှ တစ်ယောက်သည် အတိုင်းအဆမဲ့သော နဂါးအင်အားများကို ထုတ်လွှတ်နေပေသည်။
ဤသည်မှာ ရှေးဟောင်နဂါးကလန်၏ သိုင်းပညာရှင်ဖြစ်သည်။သံသယရှိစရာမလိုလောက်အောင်ပင် ထိုသူသည် မဟာနတ်ဘုရားအဆင့်၂နှင့်အထက်ဖြစ်သည့် နဂါးကလန်သိုင်းပညာရှင် ဖြစ်သည်။
ထို့ပြင် သူနှင့် ခွန်အားတူသောလူနှစ်ယောက်လည်း ထိုအုပ်စုထဲ၌ ရှိနေပေသည်။
ကြီးမားလှသောတုန်လှုပ်မှုလှိုင်းကြီးက ၀မ်မိသားစုဘိုးဘေး ၀မ်လီရှောင်း၏ အသိစိတ်ကို ရိုက်ခတ်သွားလေသည်။သူက မဟာနတ်ဘုရားအဆင့်၁နောက်ပိုင်းအဆင့်ဖြစ်ပြီး မဟာနတ်ဘုရားအဆင့် ၂သို့ ရောက်ရှိရန်နီးကပ်နေပြီဖြစ်သည်။
"မင်း ..."
၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့၏ အာရုံများသည် ရှောင်လုံ့ပေါ်သို့ရောက်ရှိသွားပြီး သူတို့၏ အမူအရာများသည် ၁၈၀ဒီဂရီပြောင်းလဲသွားပေသည်။ရှောင်လုံနှင့် အားကောင်းလှသောမဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက်တို့ အကြားရှိ ဆက်ဆံရေးကို သူတို့ မသိရှိထားသော်လည်း ထိုသူတို့၏သဘောထားအရ ရှောင်လုံကသာ ဆုံးဖြတ်ချက်ချသူဖြစ်နေပေသည်။
နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်က အင်းအားကြီးလှသော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် ခြောက်ယောက်ကို သူ့၏အမိန့်များအား နားထောင်စေရန် တကယ်လုပ်ဆောင်နိုင်ခဲ့သည်လား ။
"တိုက်ခိုက်ကြ... သူတို့မသေရင်ပြီးရော"
၀မ်လီရှောင်းနှင့်၀မ်ယန်ရှန်းတို့က ဦးနှောက် အခြောက်ခံကာ ရှောင်လုံနှင့် မဟာသိုင်းပညာရှင် ခြောက်ယောက်ကြားရှိ ဆက်ဆံရေးကို ပုံဖော်ကြည့်ရန် ကြိုးပမ်းနေကြချိန်တွင် ရှောင်လုံ၏ မောက်မာလှသော လေသံက သူတို့နားထဲသို့ တိုး၀င်လာလေသည်။
နဂါးအင်ပါယာအောင်းတိုင်ရီမှလွဲ၍ ကျန်သူများဖြစ်သော ဇာမဏီကလန်ဘိုးဘေး ၊ဟောင်ဟုန်ထျန်းနှင့် ပန်ညီအကိုသုံးယောက်တို့သည် ကျယ်လောင်စွာ ပြန်ဖြေလိုက်ကြသည်။
"ဟုတ်ကဲ့... သခင်လေး"
သခင်လေး ...။
၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့သည် မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ခံစားလိုက်ကြရပြီး သူတို့ကြားလိုက်ရသည့်အရာကို မယုံကြည်နိုင်ဖြစ်သွားကြသည်။
သို့သော်လည်း သူတို့နှစ်ယောက်သည် ဤကိစ္စကို စဥ်းစားနေရန် အချိန်မရှိတော့ပေ။အကြောင်းမှာ ထိုသူများက သူတို့ကို စတင်တိုက်ခိုက်လိုက်ကြသောကြောင့် ဖြစ်သည်။
နဂါးအင်ပါယာအောင်းတိုင်ရီက ၀မ်မိသားစုဘိုးဘေး ၀မ်လီရှောင်းကို တာ၀န်ယူလိုက်ပြီး ကျန်ငါးယောက်မှာမူ ၀မ်ယန်ရှန်းကို အတူတကွ ၀န်းရံလိုက်ကြသည်။
၀မ်မိသားစုဘိုးဘေး၏ ခွန်အားသည် ဇာမဏီကလန်ဘိုးဘေး ဟောင်ရီရှောင်းနှင့် ညီမျှပေသည်။အရင်က ဇာမဏီကလန်ဘိုးဘေးအား နဂါးအင်ပါယာအောင်းတိုင်ရီက အနိုင့်ကျင့်တိုက်ခိုက်ခဲ့သောကြောင့် ၀မ်မိသားစုဘိုးဘေး၏ အဆုံးသတ်ကို မြင်ယောင်ကြည့်နိုင်ပေသည်။
၀မ်ယန်ရှန်းကမူ သူ၏ဘိုးဘေးထက်ပင် ပိုမိုဆိုးရွားသော ကံတရားနှင့် တွေ့ကြုံလိုက်ရပြီး မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်ငါးယောက်က သူ့ကို ထပ်တလဲလဲ ထိုးနှက်တိုက်ခိုက်နေကြသည်။
ခွန်အားအရပြောရမည်ဆိုလျှင် ဟောင်ဟုန်ထျန်းသည်ပင် ၀မ်ယန်ရှန်းထက် အနည်းငယ်ပိုမိုသန်မာပေသည်။
ထို့ကြောင့်လည်း ဇာမဏီကလန်ဘိုးဘေးနှင့် ပန်ညီအကိုသုံးယောက်၏ ရှေ့မှောက်တွင် ၀မ်ရန်ရှန်းသည် သွေးသံတရဲရဲနှင့် မမှတ်မိသွားလောက် သည်အထိ ထိုးနှက်ခံလိုက်ရလေသည်။အကြောင်းမှာ ရှောင်လုံက ထိုနှစ်ယောက်မသေသေးရုံအထိ စိတ်ကြိုက်တိုက်ခိုက်၍ရသည်ဟု ပြောထားခဲ့သောကြောင့် ဖြစ်ပေသည်။
ရှောင်လုံ့နောက်မှရပ်ကာ ဤသည်များအားလုံးကိုကြည့်ရင်း ဝမ်လုံသည် သူမျက်လုံးရှေ့၌ ဖြစ်ပျက်နေသမျှကို မယုံကြည်နိုင်ဖြစ်နေပြန်သည်။တဖက်တွင်တော့ သူ့၏ ရှောင်လုံ့အပေါ် လေးစားကြောက်ရွံ့မှုသည် ပင်လယ် သမုဒ္ဒရာထက်ပင် နက်ရှိုင်းလာပေသည်။
အစောပိုင်းက သူတို့စားသောက်ဆိုင်၌ ရှိနေခဲ့စဥ် ဟောင်ဟုန်ထျန်းထုတ်ပြခဲ့သော မဟာနတ်ဘုရားအဆင့်သည်ပင် ၀မ်လုံ့ကို အံ့သြမှင်သက်သွားစေသည်။သို့သော် ယခုအခါ၌ ရှောင်လုံနှင့်ရှိနေသော လူခြောက်ယောက်သည် မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များဖြစ်နေကြောင်း သူသိလိုက်ရပေသည်။
ထို့ပြင် ဟောင်ဟုန်ထျန်းသည်ပင် ထိုခြောက်ယောက်ထဲတွင် အားအနည်းဆုံးသူ ဖြစ်နေပေသည်။
သူ့လည်ချောင်းထဲ၌ မျိုချရန်ခက်ခဲနေသော အလုံးကြီးတစ်ခု တစ်ဆို့နေသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်တွင် ၀မ်မိသားစုဘိုးဘေး၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့သည် လွတ်မြောက်ရာလမ်းသို့ ရှာဖွေနေကြသည်။သို့သော် ကံမကောင်းစွာပင် ရှောင်လုံက နတ်ဘုရားချုပ်နှောင်ခြင်း ရွှေပိုးကြိုးဖြင့် လျို့ဝှက်ခန်း၏ ပတ်ပတ်လည်ကို ပြင်ပကမ္ဘာဆီမှ ပိတ်ဆို့ထားလိုက်လေသည်။အကြိမ်တိုင်းလိုလို ၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့သည် နတ်ဘုရားချုပ်နှောင်ခြင်း ရွှေပိုးကြိုး၏တွန်းကန်မှုကြောင့် အလယ်ဗဟိုသို့သာ ပြန်လည်ရောက်ရှိသွားကြသည်။
ထိုသို့သော အနိုင်ကျင့်မှုက အလွန်တရာနာကျင်ဖွယ်ကောင်းလှသောကြောင့် သူတို့သည် သေချင်စိတ်ပင်ပေါက်လာကြသည်။လွတ်မြောက်ရန်မျှော်လင့်ချက်မရှိတော့သည်မို့ နောက်ဆုံးတွင် ရှောင်လုံ့ထံ၌ အညံ့ခံရန်ရွေးချယ်လိုက်ကြသည်။
ရှောင်လုံက သူတို့၏ စိတိဝိညာဥ်တွင် သူ့၏စိတ်ဝိညာဥ်အမှတ်အသားကို တံဆိပ်ခတ်နှိပ်လိုက်လေသည်။ထို့နောက်မှသာ ရှောင်လုံက ၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့ကို သူတို့၏ ဒဏ်ရာများကို ကုသရန် နွေးဦးဆောင်းဦးအသက်ရာချီ ဆေးလုံးတစ်လုံးစီ ပေးလိုက်လေသည်။
တစ်နာရီမျှကြာပြီးနောက် ၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့သည် အပြည့်အ၀ကုသပြီးသွားပြီး အလျင်အမြန် မတ်တပ်ထရပ်လိုက်လေသည်။
ဇာမဏီကလန်ဘိုးဘေးက ၀မ်မိသားစုခေါင်းဆောင်၀မ်ယန်ရှန်းကို အားပါးတရပြုံးပြလိုက်လေသည်။
"မိသားစုခေါင်းဆောင်၀မ် ... အခုနက ... ငါတို့နည်းနည်း လက်လွန်သွားတယ် ... ကျေးဇူးပြုပြီးတော့ စိတ်ထဲမထားပါနဲ့"
၀မ်မိသားစုခေါင်းဆောင်၀မ်ယန်ရှန်းကလည်း သူ့၏မူပိုင် တောက်ပနေသော အပြုံးများဖြင့် ပြုံးပြလိုက်လေသည်။
"အဆင်ပြေပါတယ်... သာမန်ဒဏ်ရာလေးတွေပါပဲ"
သာမန်ဒဏ်ရာလေးတွေ ...။သို့သော်လည်း သူ့၏အပြုံးက ငိုနေသည်ထက်ပင် ရုပ်ဆိုးနေလေသည်။
"ဟုတ်သားပဲ ... မင်းတို့နှစ်ယောက် ငါ့ကို အမြီးကိုးချောင်းမြေခွေးဖြူရဲ့ ကျင့်ကြံခြင်းဂူဆီကို ခေါ်သွားပေးကြဦး"
ရှောင်လုံက ၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့ကို ပြောလိုက်လေသည်။
ရှောင်လုံက ၀မ်မိသားစု၏ အစောင့်အရှောက်ရှေးဟောင်း နတ်ဘုရားသားရဲ အမြီးကိုးကောင်မြေခွေးဖြူအကြောင်းကို မေ့ထားစရာအကြောင်းမရှိပေ။သို့သော် အမြီးကိုးချောင်းမြေခွေးဖြူသည် ၀မ်မိသားစုဘိုးဘေးထက် အနည်းငယ်သန်မာပြီး မဟာနတ်ဘုရားအဆင့်၂သို့ ချိုးဖြတ်၀င်ရောက်ရန် နီးကပ်နေပြီဖြစ်သည်။
"ဟုတ်ကဲ့ ... သခင်လေး"
၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းတို့သည် တုန့်ဆိုင်းမနေရဲဘဲ ရှောင်လုံ့ကို အလျင်အမြန်အဖြေပေးလိုက်သည်။
သို့သော်လည်း အမြီးကိုးချောင်း မြေခွေးဖြူ၏ကျင့်ကြံဂူသည် ၀မ်မိသားစုမြို့တော်ထဲတွင်မရှိပေ။ထိုနေရာသည် ၀မ်မိသားစုကမ္ဘာ၏ မြောက်ဘက်အကျဆုံးအပိုင်းဖြစ်သော နှင်းလွင်ပြင်တွင် ရှိပေသည်။
မကြာမီ သူတို့ကိုးယောက်သည် အမြီးကိုးချောင်းမြေခွေးဖြူရှိရာနေရာသို့ ရောက်ရှိလာပေသည်။
သူတို့ရောက်ရှိသွားချိန်၌ အမြီးကိုးချောင်းမြေခွေးဖြူသည် သူမ၏ သားရဲအမြုတေကို ခန္ဓာကိုယ်အပြင်သို့ ထုတ်ကာ ကျင့်ကြံနေလေသည်။နဂါးအင်ပါယာအောင်းတိုင်ရီ၏ အလင်းကဲ့သို့သော အမြန်နှုန်းဖြင့် အမြီးကိုးချောင်း မြေခွေးဖြူကိုဖမ်းရန် အင်အားများစွာ ထုတ်မသုံးလိုက်ရပေ။
အဆုံး၌ အမြီးကိုးချောင်းမြေခွေးဖြူသည်လည်း ရှောင်လုံ့ထံ၌ အညံ့ခံလိုက်လေသည်။
မြေခွေးအစောင့်အရှောက်သည်လည်း အညံ့ခံလိုက်ပြီးနောက် ရှောင်လုံသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။သူသည်ပင်လျှင် အရာအားလုံက ထိုမျှလွယ်ကူချောမွေ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။၀မ်မိသားစုကို သိမ်းသွင်းရာ၌ အတော်လေးခက်ခဲကာ ဒုက္ခများလိမ့်မည်ဟု သူက ယူဆထားခဲ့ပေသည်။
ယခုမူ အမြီးကိုးချောင်းမြေခွေးဖြူ ၊၀မ်မိသားစုဘိုးဘေးနှင့် ၀မ်မိသားစုခေါင်းဆောင်တို့ သူ့အား အညံ့ခံလိုက်ကြသည်မို့ ၀မ်မိသားစုတစ်စုလုံးသူ့ဆီအညံ့ခံလိုက်သည်နှင့် တူညီပေသည်။
အမြီးကိုးချောင်းမြေခွေးဖြူက ရှောင်လုံထံ၌ အညံ့ခံလိုက်သည်နှင့် လူသားအသွင်ပြောင်းလဲလိုက်သည်။မြေခွေးအစောင့်အရှောက်၏ လူသားအသွင်သည် ဆွဲဆောင်မှုရှိလှသော အလှလေးဖြစ်ပြီး ညို့ငင်ဆွဲဆောင်ခြင်း အော်ရာတို့သည် သူမ၏ အရိုးထဲရှိ စိမ့်၀င်ပြန့်နှံ့နေကာ ဟူရှောင်ရှန်းဟူသည့် ကောင်းမွန်လှသော နာမည်လေးရှိပေသည်။
အမြီးကိုးချောင်းမြေခွေးဖြူ၏ လူသားအသွင်ကို မြင်လိုက်ရချိန်၌ နဂါးအင်ပါယာအောင်းတိုင်ရီ၏ မျက်လုံးများသည် တောက်ပသွားလေသည်။ထိုအချိန်မှစကာ သူ့မျက်လုံးများသည် ဟူရှောင်ရှန်း၏ခန္ဓာကိုယ်ပေါ်မှ ဖယ်ခွာမသွားပေ။သူ့၏အကြည့်အများစုသည် သူမ၏ ရွှေရင်အစုံပေါ်၌သာ ကျရောက်နေပေသည်။
အကြောင်းမှာ ဟူရှောင်ရှန်း၏ ရွှေရင်အစုံသည် ညို့ငင်ဆွဲဆောင်မှုအား ကောင်းလှသောကြောင့်ဖြစ်သည်။
ရှောင်လုံက နဂါးအင်ပါယာအောင်းတိုင်ရီကို အကြိမ်ပေါင်းများစွာ ခေါ်လိုက်သော်ငြား မည်သည့်တုန့်ပြန်မှုမှ ပြန်ရောက်မလာပေ။စိတ်ဝိညာဥ်ပျောက်ဆုံးနေဟန်ရသော နဂါးအိုကြီးကို ကြည့်ရင်း ရှောင်လုံသည် သူ့အားတစ်ချက်လှမ်းကန်လိုက်လေသည်။
"ဘယ်သူလဲ ... ငါ့ကိုဘယ်သူကန်တာလဲ "
သူ့၏ နဂါးအင်ပါယာအောင်းတိုင်ရီက အသိစိတ်ပြန်လည်၀င်ရောက်လာပြီး အော်ဟစ်လိုပ်လေသည်။
ဤသည်ကိုကြည့်ရင်း အမြီးကိုးချောင်းမြေခွေးဖြူ ဟူရှောင်ရှန်းက နူးညံ့ညင်သာစွာ တစ်ခစ်ခစ်ရယ်လိုက်သည်မို့ အခြားသူများသည် သူတို့၏ နှလုံးသားအား လာရောက်ကုတ်ခြစ်နေသကဲ့သို့ပင် ခံစားလိုက်ရလေသည်။
ဇာမဏီကလန်ဘိုးဘေး ဟောင်ဟုန်ထျန်းနှင့် ကျန်သူများသည် ဟူရှောင်ရှန်း၏ ညို့အားပြင်းသော အမူရာကိုကြည့်ရင်း တံထွေးမျိုချလိုက်မိကြသည်။
ရှောင်လုံက အတော်လေးဆွံ့အနေပေသည်။
အမြီးကိုးချောင်းမြေခွေးဖြူကို အညံ့ခံစေပြီးနောက် သူတို့သည် ၀မ်မိသားစုမြို့တော်ထဲသို့ ပြန်ရောက်လာကြသည်။
၀မ်မိသားစုမြို့တော်ထဲသို့ ပြန်ရောက်ပြီးနောက် ရှောင်လုံသည် ၀မ်လီရှောင်းအား ၀မ်မိသားစု၏ မဟာအကြီးအကဲများကို စုစည်းစေလိုက်ကာ သူတို့၏စိတ်ဝိညာဥ်ပင်လယ်များကို တံဆိပ်ခတ်နှိပ်လိုက်လေသည်။
အမြီးကိုးချောင်း မြေခွေးဖြူ ၊၀မ်မိသားစုဘိုးဘေးနှင့်မိသားစုခေါင်းဆောင်တို့ ရှိနေကြသည်မို့ အရာအားလုံးသည် လွယ်ကူချောမွေ့စွာ ပြီးဆုံးသွားလေသည်။
နောက်ဆုံး၌ရှောင်လုံက ၀မ်မိသားစုကို လူတိုင်း၏ရှေ့မှောက်တွင် အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်သောင်းပေးလိုက်လေသည်။
အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးပုံကြီးကိုစိုက်ကြည့်နေကြသည့် ၀မ်မိသားစု၏တုန့်ပြန်ပုံသည် ပန်ညီအကိုများ၊ဇာမဏီကလန်ဘိုးဘေးနှင့် ခေါင်းဆောင်တို့ကဲ့သို့ပင် အလွန်မတန် တုန်လှုပ်နေကြသည်။
ရှောင်လုံတို့အုပ်စုသည် နောက်တစ်ရက်တွင် ၀မ်မိသားစုကမ္ဘာမှ ထွက်ခွာသွားကြပြီး အမြီးကိုးချောင်းမြေခွေးဖြူ ဟူရှောင်ရှန်းကို သူနှင့်အတူခေါ်လာခဲ့လေသည်။၀မ်လီရှောင်းနှင့် ၀မ်ယန်ရှန်းအပါအ၀င် ၀မ်မိသားစုသိုင်းပညာရှင်များအားလုံးသည် ၀မ်မိသားစုကမ္ဘာ၌သာ ကျန်နေခဲ့ကြသည်။
ရှောင်လုံသည် ၀မ်မိသားသုကသူ့ထံ အညံ့ခံထားသည့်ကိစ္စကို အချိန်တစ်ခုအထိ လျို့ဝှက်ချက်အနေဖြင့် ထိန်းသိမ်းထားချင်နေပေသည်။
ထိုအုပ်စုသည် ကူးပြောင်းခြင်း အစီအရင်များကို ဖြတ်သန်းခြင်း နှင့် ပျံသန်းခြင်းများ ပြုလုပ်ပြီး လ၀က်အကြာတွင် ရှောင်လုံတို့ အုပ်စုသည် သိုင်းဝိညာဥ်ကမ္ဘာ၏ ဖရိုဖရဲအလွှာသို့ ရောက်ရှိသွားပေသည်။
သူ့ရှေ့ရှိ ဟင်းလင်းပြင်ထဲ၌ လည်ပတ်နေသော သိုင်းဝိညာဥ်ကမ္ဘာကိုကြည့်ရင်း ရှောင်လုံသည် စိတ်လှုပ်ရှားသွားပေသည်။
နောက်ဆုံး၌သူသည် ပြန်လည်ရောက်ရှိခဲ့ပေပြီ။
နဂါးအင်ပါယာအောင်းတိုင်ရီသည်လည်း သိုင်းဝိညာဥ်ကမ္ဘာကိုကြည့်ရင်း ထိုသို့ခံစားနေရပေသည်။ရှောင်လုံကဲ့သို့ပင် သိုင်းဝိညာဥ်ကမ္ဘာသည် သူတို့၏ မွေးရပ်မြေဖြစ်သည်။
သို့သော်လည်း သူ့၏ကလန်အကြောင်းကို တွေးတောမိလိုက်ချိန်၌ နဂါးအင်ပါယာအောင်းတိုင်ရီ၏ စိတ်လှုပ်ရှားတတ်ကြွနေမှုများသည် လျော့ပါးသွားပေသည်။
ခဏမျှရပ်တန့်ပြီးနောက် ရှောင်လုံသည် သိုင်းဝိညာဥ်ကမ္ဘာ၏ အကာအကွယ်ကိုထိုးဖောက်ကာ ၀င်ရောက်သွားလေသည်။
သိုင်းဝိညာဥ်ကမ္ဘာသို့၀င်ရောက်လိုက်သည်နှင့် ပေါများကြွယ်၀လှသော စိတ်ဝိညာဥ်စွမ်းအင်က သူတို့ကို လာရောက်ရိုက်ခတ်သွားလေသည်။
.....
အပိုင်း ၇၆၅ ..... လမင်းဆင်းသက်ခြင်းအဘိုးအို အံ့သြမှင်သက်သွားခြင်း
"အံ့သြစရာပဲ...ဒီလောက်များတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေ..."
ဇာမဏီကလန်ဘိုးဘေး က အံ့သြတကြီး ရေရွတ်လိုက်လေသည်။
ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်း၊ ပန်ညီအစ်ကိုသုံးယောက်နှင့် အမြီးကိုးချောင်းမြေခွေးတို့သည်လည်း ပတ်ပတ်လည်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။
ထိုသူများ၏ အမူအရာကို ကြည့်ရင်း ရှောင်လုံသည် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
ထိုနှစ်က သူသည် ကောင်းကင်ဘုံတောင်တန်းမှ ရရှိခဲ့သော မိစ္ဆာသားရဲအရိုးအားလုံးကို သွေးယဇ်ပူဇော်ခြင်းနည်းစနစ်ဖြင့် အသုံးပြုခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက်၌ သိုင်းဝိညာဥ်ကမ္ဘာ၏ စိတ်ဝိညာဥ်စွမ်းအင်များနှင့် ပတ်ဝန်းကျင်သည် ပြန်လည်ကောင်းမွန်လာပြီး ပိုမို သာယာဝပြောလာပေသည်။
သိုင်းဝိညာဥ်ကမ္ဘာ၏ လက်ရှိ စိတ်ဝိညာဥ်စွမ်းအင်အဆင့်သည် ဝမ်မိသားစုကမ္ဘာနှင့် ယှဥ်လျှင်ပင် ပိုမို ကောင်းမွန်နေသေးသည်။ လိပ်နက်ကြယ်စင်စု၏ တိမ်ပင််လယ်ကုန်းမြေကြီးနှင့် မယှဥ်နိုင်သေးသော်လည်း ထိုအဆင့်ထိ ရောက်ရှိသွားပေလိမ့်မည်။
ဤတစ်ခေါက်၌ ရှောင်လုံက နိုင်ငံတိုင်း၏ တော်ဝင်မြို့တော်တိုင်းတွင် စိတ်ဝိညာဥ်စွမ်းအင်စုစည်းခြင်းအစီအရင် အသေးတစ်ခုစီ ခင်းကျင်းပေးရန် စီစဥ်ထားပြီး အင်ပါယာမြို့တော်များကိုမူ ပိုကြီးသည့် အစီအရင် ခင်းကျင်းပေးမည် ဖြစ်သည်။
ထိုသို့ လုပ်ပြီးသွားသည်နှင့် သိုင်းဝိညာဥ်ကမ္ဘာ၏ စိတ်ဝိညာဥ်စွမ်းအင်များသည် တိမ်ပင်လယ်ကုန်းမြေကြီးကို ဆယ်စုနှစ်ကာလအတွင်း လိုက်မီသွားပေလိမ့်မည်။
စိတ်ဝိညာဥ်စွမ်းအင်စုစည်းခြင်းအစီအရင် ခင်းကျင်းရာတွင် အဆင့်နိမ့်နှင့် အထက် စိတ်ဝိညာဥ်ကျောက်တုံးများ လိုအပ်ပြီး ရှောင်လုံ့၌ အပေါများဆုံးအရာမှာ နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးများ ဖြစ်သည်။
ဦးတည်ရာတစ်ခုအတိုင်း ရှောင်လုံက အားလုံးကို ဦးဆောင်လာကာ နှင်းလေတိုက်ကြီးဆီသို့ ပျံသန်းလိုက်လေသည်။ သူတို့ နှင်းလေတိုက်ကြီးနှင့် နီးလာလေလေ စိတ်ဝိညာဥ်စွမ်းအင်များ ပိုမိုပေါများလာလေလေ ဖြစ်သည်။
သူတို့ ပျံသန်းလာရင်း တောင်တန်းများ၊ ကြည်လင်နေသော မြစ်ရေများ၊ မြက်ခင်းပြင်ပေါ် ပြေးလွှားနေသော သားရဲများ နှင့် စည်ပင်ထွန်းကားသော ပြန်လည်တည်ဆောက်ပြီးသည့်မြို့တော်များကို ကြည့်ကာ ရှောင်လုံ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
ကြည့်ရသည်မှာ သူ အကောင်အထည်ဖော်ခဲ့သည့် ဆုချီးမြှင့်ခြင်းစနစ်သည် နိုင်ငံများ၊ အင်ပါယာများနှင့် အရေးပါသောမိသားစုများကို သိုင်းဝိညာဥ်ကမ္ဘာအား ကြိုးကြိုးစားစား ပြန်လည်တည်ဆောက်စေရာတွင် အကြီးအကျယ် တွန်းအားပေးနိုင်သွားဟန်ရသည်။
သိုင်းဝိညာဥ်ကမ္ဘာသည် ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်နေပေသည်။
ရှောင်လုံက ဤသည်များကို တွေ့လိုက်ရ၍ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ မဟာနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်စေ သို့မဟုတ် နောက်ပိုင်း နတ်ဘုံကမ္ဘာသို့ တက်ရောက်သွားသည်ဖြစ်စေ သိုင်းဝိညာဥ်ကမ္ဘာသည် သူ့၏ မွေးရပ်မြေ 'အိမ်'သာ ဖြစ်ပေသည်။ ထို့ကြောင့် သူက ပျော်ရွှင်နေလေသည်။
သူတို့ ဟောင်မိသားစုအိမ်တော်နှင့် နီးကပ်လာလေလေ၊ ရှောင်လုံက အလွန်အမင်း စိတ်လှုပ်ရှားလာမိလေလေ ဖြစ်သည်။ မကြာမီတွင် သူတို့သည် လော်တုံတော်ဝင်မြို့တော် ကို လှမ်းမြင်လိုက်ရသည်။
သူတို့အုပ်စု၏ အမြန်နှုန်းဖြင့် ဆိုပါက လော်တုံတော်ဝင်မြို့တော် မှ ဟောင်မိသားစုအိမ်တော်ဆီသို့ ရောက်ရန် ဆယ်မိနစ်ပင် မကြာပေ။ ထို့ကြောင့် သိပ်မကြာမီ၌ ဟောင်မိသားစုအိမ်တော်ကို လှမ်းမြင်လိုက်ရသည်။
ရှောင်လုံ ထွက်ခွာလာခဲ့သော လွန်ခဲ့သည့် ဆယ်စုနှစ်အကြာကနှင့် နှိုင်းယှဥ်ပါက ဟောင်မိသားစုအိမ်တော်၏ နယ်မြေသည် နှစ်ဆ ပိုမို ကျယ်ပြန့်လာပြီး ကြီးမားသည့် အဆောက်အဦများဖြင့် လှပနေပေသည်။ စိတ်ဝိညာဥ်ရေပူစမ်း၊ ရေတံခွန်များ၊ သစ်ပင်ကြီးများ နှင့် စိတ်ဝိညာဥ်ပန်းပင်များလည်း ရှိလေသည်။ အဝေးမှကြည့်လျှင် ဟောင်မိသားစုအိမ်တော်သည် မသေမျိုးတို့ ပျော်စံရာ နတ်ဘုံနတ်နန်းနှယ် အရှိန်အဝါများ ထွက်ပေါ်နေပေသည်။
ဇာမဏီကလန်ဘိုးဘေး၊ ဟောင်ဟုန်ထျန်းနှင့်ကျန်သူများသည် ဤသည်ကိုကြည့်ရင်း အံ့အားသင့်သွားကြပြန်သည်။
ရှောင်လုံ မရှိသော်လည်း ဟောင်မိသားစုအိမ်တော်သည် သူ့၏ ညွှန်ကြားချက်များနှင့် သတ်မှတ်ထားသည့်အတိုင်း အတိအကျ လုပ်ဆောင်ထားလေသည်။
ရှောင်လုံ ချန်ထားခဲ့သော အဆောက်အဦပုံစံများသည် ကမ္ဘာမြေ၏ ခေတ်သစ်ဗိသုကာနည်းအတိုင်း ဖန်တီးထားခြင်း ဖြစ်သည်။ ချီးကျူးသံများနှင့် အံသြတကြီးဖြစ်သွားသံများက ပေါ်ထွက်လာတော့သည်။
ထောင့်ဖြတ်အတိုင်း သွားမည်ဆိုလျှင် ဟောင်မိသားစုအိမ်တော်၏ အနောက်ဘက်တောင်တန်းရှိပြီး မြေကွက်လပ်နေရာသည် ကမ်းခြေအသွင် ပြောင်းလဲသွားကာ ကြည်လင်လှသော ပင်လယ်ပြာပြာတစ်ခု ရှိနေပေသည်။
ဤသည်မှာကား ရှောင်လုံ မသွားခင် ညွှန်ကြားခဲ့သော ကိစ္စပင် ဖြစ်သည်။
ကမ်းခြေကို သတိထားမိသွားချိန်တွင် ရှောင်လုံ၏ မျက်လုံးများသည် တောက်ပသွားလေသည်။ အနောက်ဘက်တောင်တန်းကို ဖောက်ကာ ကမ်းခြေ ဖန်တီးထားခြင်း ဖြစ်ပြီး ပင်လယ်ထဲမှ ရေကို စီးဆင်းစေကာ ကျယ်ပြန့်လှသော ပင်လယ်ကွေ့အသွင် ပြောင်းလဲပစ်လိုက်သည်။
ရေမျက်နှာပြင်သည် နေရောင်အောက်၌ တောက်ပနေလေပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေသည်။
ထိုအချိန်၌ ထိုင်ခုံရှည်ပေါ်တွင် ပျင်းရိရိဖြင့် လှဲလျောင်းနေပြီး နေပူဆာလှုံနေသော လူတစ်ယောက် ရှိပေသည်။ ထိုသူက ခပ်တိုတိုဖြစ်သော ဝတ်စုံ၊ ပိန်ခြောက်အားနည်းသည့်ပုံစံနှင့် အကြမ်းထည်မျှသာရှိသော ကောက်ရိုးဦးထုပ်ကို ဆောင်းထားသည့် အဘိုးအို ဖြစ်သည်။
ရှောင်လုံက အဘိုးအို၏ မျက်နှာကို မြင်လိုက်ချိန်တွင် အပြုံးကြီးကြီးတစ်ခု ပြုံးလိုက်ကာ အသံတိတ် ရယ်မောလိုက်လေသည်။
နေပူဆာလှုံနေသည့် အဘိုးအိုသည် အခြားသူ မဟုတ်ဘဲ လမင်းဆင်းသက်ခြင်းအဘိုးအို ဖြစ်သည်။
ထိုအဘိုးကြီးက သူ့၏ မူပိုင်အမှတ်အသားဖြစ်သော စုတ်ပြဲနေသည့်ဝတ်ရုံကို တကယ်ကြီး အသစ်ပြောင်းလဲလိုက်သည်လား။ ရှောင်လုံ ခါးသက်သက် ပြုံးလိုက်မိသည်။ အဘယ်ကြောင့် သူ နဂါးဘောလုံးထဲရှိ လိပ်ဖိုးဖိုးကို သွားသတိရမိသည်နည်း။ လိုနေသည့်တစ်ခုတည်းသောအရာမှာကား လမင်းဆင်းသက်ခြင်းအဘိုးအို၏ ကျောပေါ်သို့ လိပ်ခွံတစ်ခု တင်ပေးလိုက်ရန်သာ ဖြစ်သည်။
လမင်းဆင်းသက်ခြင်းအဘိုးအို သာ လိပ်ခွံတစ်ခုအား ကျော၌ လွယ်ထားမည်ဆိုလျှင် လိပ်ဖိုးဖိုးအတု ဖြစ်သွားပေလိမ့်မည်။
ထို့နောက် ရှောင်လုံက လူတိုင်းကို ကမ်းခြေဆီသို့ ခေါ်ဆောင်သွားလေသည်။
သူတို့၏ တည်ရှိမှုကို အာရုံခံမိပြီး ဖြစ်သည်မို့ လမင်းဆင်းသက်ခြင်းအဘိုးအို သည် ဘေးစားပွဲပေါ်ရှိ သောက်စရာကို ပျင်းရိစွာ ယူလိုက်ရင်း တစ်ငုံမျှမြည်းစမ်းကြည့်ပြီးနောက်မှသာ ပျံသန်းလာသူများကို လှည့်ကြည့်လိုက်လေသည်။
သူက ရှောင်လုံကို မြင်လိုက်ရချိန်၌ ခဏမျှကြောင်အသွားပြီးနောက် ထိုင်ခုံရှည်ပေါ်မှ မျောက်တစ်ကောင်နှယ် ထခုန်လိုက်ကာ ပျော်ရွှင်မြူးတူးစွာ ရယ်မောလိုက်လေသည်။
"ကောင်စုတ်လေး...မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ...နောက်တစ်လနေလို့မှ မင်းမျက်နှာကို မမြင်ရသေးဘူးဆိုရင်...ငါက ဟင်္သာပြဒါးငှက်တက္ကသိုလ် ကို သွားပြီး ငါ့တပည့်ကို ပြန်တောင်းမလို့ စဥ်းစားနေတာကွ"
ရှောင်လုံ၏ နှလုံးသားထဲ၌ နွေးထွေးသည့် ခံစားချက် ဖြင့် ပြည့်နှက်သွားသော်လည်း 'ကောင်စုတ်လေး'ဆိုသော အသံကြောင့် ခါးသက်သက်ပြုံးလိုက်ရလေသည်။
ရှောင်လုံက အဘိုးအို၏ သေးငယ်ပိန်ပါးသော ခန္ဓာကိုယ် ကို ကြည့်လိုက်မိသည်။ သူက အဘိုးအိုထက် မည်သည့်နေရာ၌မဆို ကြီးမားပေသည်။
ရှောင်လုံက ကမ်းခြေပေါ်တွင် ဆင်းသက်လိုက်ပြီး နောက်မှ အခြားသူများနှင့်အတူ လမင်းဆင်းသက်ခြင်းအဘိုးအို ဆီသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်၌ လမင်းဆင်းသက်ခြင်းအဘိုးအို၏ ပျော်ရွှင်နေသောမျက်နှာက တုန်လှုပ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။ သူက ကြောက်မက်ဖွယ် မကောင်းဆိုးဝါးကို မြင်လိုက်ရသည့်နှယ် ရှောင်လုံကို ကြည့်နေပေသည်။
"မင်းရဲ့ကျင့်စဥ်က နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ကိုတောင် ရောက်သွားပြီလား"
ရှောင်လုံက လမင်းဆင်းသက်ခြင်းအဘိုးအို၏ ရုတ်တရက် ပြောင်းလဲသွားပုံကြောင့် စိတ်ရှုပ်ထွေးသွားချိန်တွင် လမင်းဆင်းသက်ခြင်းအဘိုးအို က သူ့ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိလာသည်။ သူ ပြန်မတုန့်ပြန်လိုက်နိုင်မီ အရိုးမျှသာရှိသော လက်တစ်စုံက သူ့တစ်ကိုယ်လုံးကို အထက်အောက် စမ်းသပ်နေပြီး တစ်လက်မမျှ မကျန်စေသည်ထိ ရှာဖွေလိုဟန်ရသည်။ လမင်းဆင်းသက်ခြင်းအဘိုးအို က သူ့ကို ရှောင်လုံ မဟုတ်ဟု သံသယရှိနေသည်နှင့် တူနေပေသည်။
ရှောင်လုံ ဟင်္သာပြဒါးငှက်တက္ကသိုလ်သို့ ထွက်ခွာသွားသော လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်က သူသည် နတ်ဘုရားအဆင့် ၉ နောက်ပိုင်း အထွတ်အထိပ်အဆင့်သာ ရှိသေးသည်။ ယခု ပြန်ရောက်လာချိန်၌ ထိုကောင်လေးသည် နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် ဖြစ်နေလေပြီ။
မည်သူမဆို သံသယဝင်မိမည်သာ ဖြစ်သည်။
လမင်းဆင်းသက်ခြင်းအဘိုးအို၏ အပြုအမူက ရှောင်လုံကို အတော်လေး ဆွံ့အသွားစေသည်။ ဒီတော့ ဒါက အကြောင်းရင်းတဲ့လား။
ရှောင်လုံက အနည်းငယ် ဆူပူလိုက်လေသည်။
"ကျွန်တော် ပြောမယ်... အဘိုး...ဒါက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့်လေးပဲ မဟုတ်ဘူးလား...ဒီလောက်ကြီး အဖြစ်သည်းပြစရာ လိုလို့လားဗျာ...အဘိုးက ကိုယ့်တပည့်ကိုယ်တောင် မမှတ်မိတော့ဘူးလား"
ထိုအခါမှသာ ရှောင်လုံအစစ်ဟု ယုံကြည်သွားသည်မို့ လမင်းဆင်းသက်ခြင်းအဘိုးအို က ရှောင်လုံ့ ခန္ဓာကိုယ်ကို စစ်ဆေးခြင်းအား ရပ်တန့်လိုက်လေသည်။ သို့သော်လည်း လမင်းဆင်းသက်ခြင်းအဘိုးအို ၏ မျက်နှာထက်၌ မယုံကြည်နိုင်ဟန်အမူအရာက အထင်းသား ပေါ်လွင်နေသည်။
"ငါပြောမယ်...ကောင်စုတ်လေးဟောင်...မင်း အဆင့်တက်တာ ဘာလို့ ဒီလောက်ထိ မြန်နေရတာလဲ...ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာတဲ့လဲ...မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...လုံးဝကို မဖြစ်နိုင်ဘူး"
လမင်းဆင်းသက်ခြင်းအဘိုးအို က သူ့၏ မယုံကြည်နိုင်မှုကို ဖော်ပြရန် 'မဖြစ်နိုင်ဘူး'ဟူသော စကားကို ထပ်တလဲလဲ သုံးလိုက်လေသည်။
ခဏမျှစဥ်းစားလိုက်ပြီးနောက် ရှောင်လုံက အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။
"အမှန်တကယ်က...ကျွန်တော် ဟင်္သာပြဒါးငှက်တက္ကသိုလ် ကို... ဟင်္သာပြဒါးငှက်နတ်မီးတောက် နဲ့ ပတ်သတ်တဲ့ သဲလွန်စတွေ ရှာဖို့ သွားခဲ့တာ"
"ဟင်္သာပြဒါးငှက်နတ်မီးတောက်လား..."
လမင်းဆင်းသက်ခြင်းအဘိုးအို၏ နောက်ကျောတစ်လျှောက် အေးစိမ့်သွားပြီး ရှောင်လုံကို ပြူးကျယ်သည့်မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
"မင်းပြောချင်တာက...."
ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်း၊ပန်ညီအစ်ကို သုံးယောက် နှင့် အမြီးကိုးချောင်း မြေခွေးဖြူ တို့သည် ရှောင်လုံ ကို စိုက်ကြည့်လိုက်ကြသည်။
ရှောင်လုံက ခေါင်းညိတ်ပြလိုက်ပေသည်။
"အမှန်ပဲ...ကျွန်တော် ဟင်္သာပြဒါးငှက်နတ်မီးတောက်နဲ့ ပေါင်းစပ်ပြီးသွားပြီ"
လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်လုံးများက လမင်းထက်ပင် ဝိုင်းစက်သွားပေသည်။ ခဏကြာပြီးနောက် သူက ပျော်ရွှင်စွာ ရယ်မောချလိုက်ပြီး ကျန်သူများမှာမူ ဆွံ့အသွားကြလေသည်။
ယခုမှသာ ဇာမဏီကလန်ဘိုးဘေးနှင့် ကျန်သူများသည် ရှောင်လုံ ဟင်္သာပြဒါးငှက်နတ်မီးတောက်ကို ရရှိထားကြောင်း သိလိုက်ကြရလေသည်။
လမင်းဆင်းသက်ခြင်းအဘိုးအို အလွန်တရာ ပျော်ရွှင်နေသည်ကို ကြည့်ရင်း ရှောင်လုံသည် နောက်ထပ် သတင်းကောင်းများကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်ပါစေ လမင်းဆင်းသက်ခြင်းအဘိုးအို က အနှေးနှင့်အမြန် သိသွားရမည်သာ ဖြစ်သည်။
"တကယ်တော့...ဟင်္သာပြဒါးငှက်နတ်မီးတောက်တင် မကဘူး...ကျွန်တော် လိပ်နက်နတ်မီးတောက်နဲ့လည်း ပေါင်းစပ်ထားတယ်"
ပျော်ရွှင်စွာ ရယ်မောနေသည့် လမင်းဆင်းသက်ခြင်းအဘိုးအိုသည် ရုတ်တရက်သီးသွားရလေကာ အဆက်မပြတ် ချောင်းဆိုးလေတော့သည်။ ရှောင်လုံ့နောက်ရှိ ဇာမဏီကလန်ဘိုးဘေး၊ဟောင်ဟုန်ထျန်း၊ ပန်ညီအစ်ကို သုံးယောက်နှင့် အမြီးကိုးချောင်းမြေခွေးဖြူတို့သည်လည်း လဲကျလုနီးပါး ဖြစ်သွားကြသည်။ သူတို့မှက်နှယထက်ရှိ အမူအရာများသည် နတ်လျှပ်စီးနှင့် အပစ်ခံလိုက်သည့်နှယ် ဖြစ်နေလေသည်။
နဂါးအင်ပါယာအောင်းတိုင်ရီသည်သာ တည်တည်ငြိမ်ငြိမ် မပြောင်းမလဲဖြင့် ရှိနေပေသည်။