❄️❄️❄️
ဒီရက်တွေအတွင်း အာကာဝေယံအကြောင်းကိုတော့ အစ်ကို့ဆီကနေပဲ တစ်စွန်းတစ်စကြားနေရပါတယ်။ ကိုကိုနဲ့စကားပြောခွင့်ရပြီးတဲ့နောက် ခဏချင်းပဲ ဆေးရုံကဆင်းသွားတဲ့အကြောင်း၊ ဆေးရုံကိစ္စတွေကို သူ့ PA ကပဲလုပ်ပေးသွားပုံရပြီး သူ့အိမ်နဲ့ကုမ္ပဏီကိုလည်းပြန်မလာဘဲ ပျောက်နေပြန်တဲ့အကြောင်း စသဖြင့်။
"အလို... စာအုပ်တွေဘာတွေကိုင်လို့..."
"စာအုပ်ကိုင်မှကြိုက်တဲ့တစ်ယောက်ယောက်ရဲ့
နှလုံးသားထဲဝင်ခွင့်စာမေးပွဲဖြေနေရတာ မကိုင်လို့ဘယ်ရမလဲဗျ၊ college ရောက်လာလို့လည်း သက်သာတယ်မရှိပါဘူး"
"ငါမင်းဆီတင်နေတဲ့ ခေါက်ဆွဲဘူးဖိုးနဲ့ဟိုဟိုဒီဒီအကြွေးတွေကို လျော်ပေးလိုက်ရင် ကုသိုလ်အထောက်အပံ့ရပြီး ချက်ချင်းအောင်ချင်အောင်သွားမှာ"
"အဲလိုကုသိုလ်လည်း မလိုချင်ဘူး
အတိုးမတောင်းတာ ကျေးဇူးတင် "
အမေ့ဆီကဟင်းအချောင်လာယူဖို့ အိမ်ကိုလာလည်တုန်း ကျွန်တော့်အခန်းထဲလာထိုင်ရင်း အစ်ကိုက ကျွန်တော့်ကိုပြောပြတယ်။ ကျွန်တော်စာလုပ်နေတာမို့ ဘေးနားကထိုင်ရင်း အောက်ထပ်ကယူလာတဲ့ လိမ္မော်သီးကိုခွာရင်းပေါ့။
စာလုံးတစ်ခုရိုက်ရှာရင် ဆောင်းပါးတစ်ရာလောက်ထွက်လာတဲ့ google စာမျက်နှာလိုမျိုး သူ့သဘောနဲ့သူ ချပြမျှဝေနေလိုက်တာ အာကာဝေယံ့ PA အကြောင်းကစပြီး သူတို့အိမ်တွင်းရေးသပွတ်အူတွေထိ သူကြားဖူးနားဝရှိထားသမျှပဲ ဆိုပါတော့။
"သူ့ PA ဆိုတဲ့တစ်ယောက်က ငါ့ကိုလာစကားပြောသေးတယ်... အလုပ်ဝင်တာတစ်နှစ်မပြည့်သေးတဲ့ လူသစ်ဖြစ်ပုံရပေမယ့် သူ့အလုပ်ရှင်နဲ့တခြားစီ ရည်ရည်မွန်မွန်ပဲ၊ ဒယ်နီရယ်လ် (Daniel) တဲ့ အိုင်းရစ်-မြန်မာကပြားကောင်လေး... ငါ့ထက် တစ်နှစ်သာသာလောက်ငယ်တယ်၊ အရပ်သိပ်မရှည်ပေမယ့် ချောချောလေးပဲ၊ စကားပြောလည်း ကောင်းတယ်"
"အမှတ်တွေပေးနေပုံထောက်ရင် အစ်ကို သူ့ကို စိတ်ဝင်စားနေတာလား..."
"ဘယ်လိုပြောရမလဲကွာ... သူ့ဆံပင်ကောက်လေးတွေက စိတ်ဝင်စားစရာတော့ကောင်းပါတယ်... အသစ်ထွက်တဲ့ ခေါက်ဆွဲဘူးလောက်တော့မဟုတ်ဘူး"
ပြန်ဖြေပုံက သိပ်ကိုယုတ္တိရှိပြီး သူ့မူဝါဒကိုမသွေဖည်တာမို့ လက်ခံပြီးဆက်နားထောင်လိုက်တယ်။
"သူပြောတာတွေကလည်း သူ့အလုပ်ရှင်ကိုကာကွယ်ပြီး ပြောသွားတာကများပါတယ်၊ အာကာဝေယံ့အချစ်ရေးကိုလည်း တီးမိခေါက်မိရှိပုံရတယ်၊ သူ့သူဌေးက ရည်းစားဟောင်းကို တကယ်ချစ်တဲ့ပုံပါပဲပေါ့... သူသောက်ထားတဲ့အချိန်ဆို ပြန်အဆင်ပြေချင်လို့ ဘာလုပ်ရင်မလဲ၊ သူ့လူနားက ချာတိတ်ကိုခွာချချင်လို့ ဘယ်လိုလုပ်ရမလဲဆိုပြီး သူ့ကိုပါ အကြံဉာဏ်တောင်းတတ်တာမို့ ပြောပြပေးရလေ့ရှိပြီး သူပြောသလိုလည်း တကယ်လုပ်တတ်လို့ တစ်ခါကဆို တကယ်အံ့ဩသွားရတယ်ဆိုပဲ..."
"TMI တွေလာပေးပြီး အစ်ကိုသူ့ကိုယုံအောင် စကားနဲ့သွင်းနေတာပဲ... ကျွန်တော့်ကိုခွာချဖို့ ဘာအကြံဉာဏ်တွေပေးလိုက်လဲဆိုတာပါ ပြောပြသေးလား..."
"ဥပမာလေးအဖြစ်တော့ ပါတာပေါ့ကွာ...
သူတို့ချစ်ခဲ့တုန်းကအမှတ်တရတွေကို တတိယလူဆီပြပြီး mind game play ကြည့်ရင်ရောလို့ ပြောဖူးတာပါတဲ့..."
သိပြီ။ အဲ့တုန်းက ကျွန်တော့် emotional damage တွေ ရလိုက်တာ သူ့လက်ချက်ပဲကိုး...။ မျက်နှာမမြင်ရသေးပေမယ့် F you ပါ အစ်ကိုဒယ်နီရယ်လ်...။ နောက်ဆို အဲ့ဒီဦးနှောက်ကို အာကာဝေယံသွားနေကျ ဘားတွေကိုမှတ်တဲ့နေရာမှာ ပိုအသုံးချစေချင်တယ်။
"ကောင်းပါတယ်... အာကာဝေယံက သိပ်ပြီး mind game မ play တတ်တော့ သင်ပေးရမှာပေါ့... ခြင်္သေ့ကိုတောင်ပံတပ်ပေးတဲ့လူနဲ့ လာတွေ့နေတယ်"
ကြုံလို့ဆိုပြီး ဆားဝင်ခပ်သွားတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကို စိတ်ထဲပုံဖော်ပြီး ကျိန်ဆဲရင်း ရွဲ့ပြောလိုက်မိတော့ အစ်ကိုက အဲ့ PA အစ်ကိုပြောပြတဲ့ ကိစ္စတစ်ချို့အကြောင်း ဆက်ပြောလာသေးတယ်။ ကျွန်တော်စိတ်ဝင်စားမယ်ထင်ရင် ရှိသမျှအချက်အလက်ကို feed ပေါ်တင်ပေးတတ်တဲ့ အကျင့်အရ။
"အာကာဝေယံ့အက်စီးဒင့်ကိစ္စကတော့ အဲဒီညကသူရိပ်မိသားနဲ့ မတားလိုက်မိလို့ ဖြစ်ရတာတဲ့... ညဦီးပိုင်းက အာကာဝေယံနဲ့ သူ့ဝမ်းကွဲအစ်ကို ရန်ဖြစ်ကြပြီး သူကုမ္ပဏီကနေ ကားနဲ့မောင်းထွက်သွားကတည်းက အဆက်အသွယ်ပြတ်သွားတာ နောက်နေ့မနက်မှာ မန္တလေး-ပြင်ဦးလွင်လမ်းကဆေးရုံကနေ ဖုန်းဆက်လာတာပဲလို့ ပြောတယ်၊ အာကာဝေယံ့မိသားစုက တကယ်ကို တစ်ယောက်မှလာမတွေ့ကြဘူးတဲ့... လူနာစောင့်က သူ့အပြင် ဘယ်သူမှမရှိတုန်း ငါရောက်လာတော့ လမ်းပျောက်နေတဲ့ကြက်ပေါက်ကလေး ကြက်မကြီးကိုတွေ့သလိုပဲ၊ ကျောင်းတုန်းကသူငယ်ချင်းလို့ပြောပြီး အရင်ကဓာတ်ပုံ ထုတ်ပြလိုက်တော့ ပိုစိတ်ချယုံကြည်သွားရော..."
မကြားရတာကြာပြီလို့တွေးနေတာ သူ့ဥပမာပေးနည်းတွေက မသေဆုံးသေးဘူးပဲ။ ဟိုမယ် ကြက်ပေါက်ကလေး ဖြစ်သွားရရှာတယ်။
"အာကာဝေယံသတိမရသေးတာနဲ့ ဒယ်နီရယ်လ်ငါ့ကိုကြည်နေတာကို အခွင့်ကောင်းယူပြီး ငါလည်း video clip ကိစ္စ ဝင်လက်ရှုပ်သွားတယ်ဆိုတဲ့ အာကာဝေယံ့ဝမ်းကွဲအစ်ကိုအကြောင်း နည်းနည်းအစ်မေးကြည့်လိုက်သေးတယ်၊ အဲတစ်ယောက်က အမွေပြတ်စွန့်လွှတ်ခံထားရတာမို့ ခဏတဖြုတ် မြန်မာပြည်ပြန်ရောက်လာပေမယ့်လည်း အာကာဝေယံကလွဲရင် ဘယ်သူမှသူ့ကို လက်ခံမတွေ့ခဲ့ကြဘူးတဲ့... သူပေါ်လာတဲ့ရက်က အာကာဝေယံ့ရုံးခန်းထဲမှာ 'မင်းချစ်သူမင်းဆီပြန်လာအောင် ငါလုပ်ပြပေးမယ်ဆိုရင် LA က ကုန်တိုက်တစ်ခုကို ငါ့နာမည်နဲ့လွှဲပေးမလား' ဆိုပြီး ကမ်းလှမ်းနေတဲ့အသံတော့ ကြားလိုက်တယ်ဆိုပဲ..."
ကျွန်တော် ဝင်သက်တစ်ခုကို အားပါပါရှိုက်ယူရင်း မှတ်ချက်ချလိုက်တယ်။
"ညီအစ်ကိုအချင်းချင်း နားလှည့်ပါးရိုက်နေကြတာပဲ..."
"အင်း... ရိုက်မလား အရိုက်ခံမလား၊ သတိလွတ်တဲ့သူ အသားနာစတမ်းပေါ့ကွာ... သူ့တို့မျိုးရိုးက အကုန်လုံး တကယ့်စီးပွားရေးသမားတွေ... သူ့အဖေဆိုလည်း ညီအရင်းဆီက ချောက်အချခံရပြီး စိတ်ရူးဖောက်သွားတာပဲလေ..."
သူပြောမှ သတိရမိပြီ။ ပြင်ဦးလွင်က စိတ်ကျန်းမာရေးဆေးရုံမှာရှိနေတဲ့ အာကာဝေယံ့အဖေအကြောင်း။ အဲ့ဒီကိစ္စကို စကားဆက်စပ်ပြီးကြားလိုက်ရတော့ တစ်စွန်းတစ်စပဲ မြင်ထားဖူးတဲ့ပန်းချီကားကို ပိုမြင်ကွင်းကျယ်ကျယ် ကြည့်ချင်လာမိပြန်ရော။
"ကျွန်တော် အဲကိစ္စကို မေးချင်နေတာ...
ကိုကို့ဒိုင်ယာရီစာအုပ်ထဲမှာ တွေ့လိုက်တာ အာကာဝေယံ့အဖေက သူ့ဇနီးဥရောပကိုထွက်သွားပြီးနောက်ပိုင်း အဲလိုဖြစ်သွားတာဆို..."
"အင်း... Soar Sky ရဲ့ဆက်ခံသူအဖြစ် လျာထားခံရတုန်းမှာပဲ သူ့အိမ်ထောင်ရေးက ကတောက်ကဆဖြစ်လာပြီး အာကာဝေယံ့အမေနဲ့ ကွဲသွားတဲ့နောက်တော့ စိတ်ဖောက်သွားတယ်လို့ ပြောကြတယ်၊ သူ့နေရာကိုတော့ သူ့ညီက ရသွားတာပေါ့... ဦးဒီပါမိုးယံက စီးပွားရေးလောကမှာ တော်တယ်ထက်တယ်ဆိုပြီး နာမည်ကြီးသလောက် သူ့မိန်းမကိုလည်း ငုံထားမတတ်ချစ်တာဆိုပဲ... အာကာဝေယံ့ကိုမွေးပြီးနောက် နယ်သာလန်မှာ အာကာဝေယံ့အမေနာမည်နဲ့ ကျူးလစ်စိုက်ခင်းကြီးတစ်ခုရယ် အနားကပ်လျက် သဘာဝအပန်းဖြေစခန်းတစ်ခုရယ်တောင် ဝယ်ထားသေးတယ်တဲ့..."
"ဆိုကာမှ အာကာဝေယံနဲ့ကိုကိုတွဲကြတုန်းက သူတို့သွားနေကျ ပြင်ဦးလွင်ကအပန်းဖြေအိမ်ကလည်း ကျူးလစ်ခင်းကြီးနဲ့ပဲ... အာကာဝေယံပြလို့ကြည့်ခဲ့ရတဲ့ video files နဲ့ ဓာတ်ပုံတွေထဲမှာပါတာ..."
"အင်း... အဲဒါက အရင်ကအာကာဝေယံ့မိဘတွေ အပန်းဖြေနေကျနေရာလေ... သူ့မိဘတွေကွာရှင်းလိုက်တော့ သူ့အဘိုးကသူ့ကို လွှဲပေးလိုက်တာထင်ပါတယ်"
"ဒါနဲ့အဲဒီဦးဒီပါမိုးယံက ဒီလောက်မိန်းမချစ်တဲ့သူဆို
အာကာဝေယံ့အမေကဘာလို့ ဥရောပကို ထွက်သွားတာတဲ့လဲ..."
"ညှိမရကြလို့လေ... ယောက်ျားဘက်ကအသိုင်းအဝိုင်းနဲ့ အမြင်ချင်းမတူကြတာရယ်၊ သူ့ယောက်ျားကိုယ်တိုင်က သူအတွေးတွေကိုလက်မခံတဲ့သူ ဖြစ်နေတာရယ်..."
ပြောရင်းနဲ့ပဲ လိမ္မော်သီးတစ်စိတ်ကို ပါးစပ်ထဲထည့်လိုက်ရင်း...။
"အာကာဝေယံ့အမေက သူတို့အိမ်ကလိုချင်တဲ့ typical housewife ပုံစံမျိုးမဟုတ်ဘူး၊ လွတ်လွတ်လပ်လပ်နေချင်ပြီး သိပ်ရည်မှန်းချက်ကြီးတဲ့သူ... အရာရာအုပ်မိုးပြီး သူတို့အလိုကျထိန်းချုပ်ချင်တဲ့ ယောက်ျားဘက်ကအသိုင်းအဝိုင်းနဲ့
ထက်ထက်မြက်မြက်မိန်းမသွားတွေ့တော့ အိမ်တွင်းထဲမှာ စစ်အေးတိုက်ပွဲတွေဖြစ်ကြတာပေါ့..."
"အစ်ကိုပြောတော့ သိပ်မသိဘူးဆိုပြီး အတော်လေ့လာထားတာပဲ"
အဲ့လိုပြောမိတော့ ကျွန်တော်သုံးနေကျ လူသားရှာဖွေရေးအင်ဂျင်ကြီးက ခေါင်းတွင်တွင်ယမ်းတယ်။
"လေ့လာစရာကိုမလိုဘူး၊ ဒါတွေက သူ့ခေတ်သူ့အခါမှာ ကလေးအစခွေးအဆုံး ကြားဖူးထားတဲ့သတင်းတွေဟ...
မင်းအမေကို မေးကြည့်ရင်တောင် အနည်းအကျဉ်းသိမှာပဲ"
"ကျွန်တော် ဗဟုသုတနည်းလို့ပဲထားပါတော့... ဆက်ပြော..."
အဲ့ဒီနောက်ပိုင်း သိပ်စကားဝင်မပြောတော့ဘဲ ထုံးစံအတိုင်း သူချပြလာသမျှ info တွေကိုပဲ တစ်ချက်ပြီးတစ်ချက် နားစွင့်နေခဲ့တယ်။
"ဒေါ်မှုန်ပြာခြယ်တဲ့... ရုပ်ရည်ကလည်း မင်းသမီးရှုံးအောင်လှသလောက် ပညာကလည်းတော် စိတ်ဓာတ်ကလည်းထက်လို့ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုစာလုံး လုပ်ငန်းရှင်အသိုင်းအဝိုင်းထဲတင်မက လူတိုင်းပါးစပ်ဖျားမှာ နာမည်ကြီးခဲ့တာ... မိန်းမတိုင်းအားကျရတဲ့ ကံကောင်းတဲ့အမျိုးသမီးလို့ အရင်က မဂ္ဂဇင်းဟောင်းတွေထဲမှာတောင် ပါသေးတယ်၊ သူ့အိပ်မက်က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ professional artist တစ်ယောက်အဖြစ် အောင်မြင်ချင်တာတဲ့... အဲ့ဒီပန်းချီဆရာမလေးက ဥစ္စပေါရုပ်ချောအာကာဝေယံ့အဖေနဲ့ ဘယ်ကဘယ်လို ဇာတ်လမ်းဖြစ်သွားကြတာလဲဆိုတာ မီဒီယာတွေက မျိုးစုံရေးခဲ့ကြပေမယ့် အတိအကျကိုတော့ ကာယကံရှင်တွေပဲသိမှာပေါ့...
အစတုန်းကတော့ ချစ်လို့ယူခဲ့ကြတာပါပဲ၊
တဖြည်းဖြည်းနဲ့ မတူညီချက်တွေကညှိယူလို့မရတာနဲ့ အသိုင်းအဝိုင်းကအရိပ်မိုးပြီး စွက်ဖက်ကြတာနဲ့ သူတို့အိမ်ထောင်ရေးက တဖြည်းဖြည်းအရာထင်လာတာ... လိုချင်သလိုပုံသွင်းလို့မရတဲ့ ထက်တဲ့မိန်းမဖြစ်နေတာက အဓိကပြဿနာပေါ့..."
အစ်ကိုက လိမ္မော်သီးတစ်စိတ်ကို ပါးစပ်ထဲထည့်လိုက်ရင်း ဆက်ပြောတယ်။
"သိတယ်မလား... ဒေါ်မှုန်ပြာခြယ်က သူဌေးချွေးမအဖြစ် ကြော့ကြော့လေးနေဖို့ထက် သူ့အိပ်မက်နောက်သူလိုက်ချင်တာ၊ ပထမတန်းအိမ်ထောင်ရှင်မအရည်အချင်းဆိုတာတွေအပေါ်မှာ သူမယုံကြည်ဘူး... လူကုံထံအသိုင်းအဝိုင်းကလုပ်တဲ့ ပွဲတွေတက်၊ အကျိုးအမြတ်သက်သက်ဆန်တဲ့လူမှုရေးတွေကို ထိန်းသိမ်းဖို့ရာ လုပ်ငန်းပါတနာတွေရဲ့မိန်းမတွေနဲ့ တည့်အောင်ပေါင်း၊ မီဒီယာတွေရှေ့မှာ အပြုံးမျက်နှာနဲ့ ပရဟိတလေးတွေ တစ်လတစ်ခါလုပ်ပြ၊ ခင်ပွန်းနဲ့ခင်ပွန်းမိသားစုကိုမဆန့်ကျင်ဘဲ တစ်သက်လုံး သစ္စာရှိရှိပြုစုမယ့်သူမျိုးကိုမှ ပါရမီဖြည့်ဖက်စံနှုန်းပြည့်မီတယ်လို့ သတ်မှတ်ကြတာတွေကိုလေ... ဒါ့အပြင် စိတ်ထဲရှိတဲ့အတိုင်း ပြောရဲဆိုရဲတဲ့သူဆိုတော့ အဲ့ဒါတွေကိုလုပ်မှ သူ့အိမ်ထောင်ရေးက ခိုင်မြဲမှာဆို အစကတည်းက လက်မထပ်ခဲ့ဘူးဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေလိုက်ကတည်းက မီးစကထတောက်လာတာပဲ"
"အင်း... တွေးကြည့်လို့ရတယ်..."
"လူထုကတော့ သူအဲ့လိုပြောရဲတာတွေကို သဘောကျကြတာပေါ့... သဘောမကျနိုင်တာက သူ့ခင်ပွန်းနဲ့ ဟိုဘက်အသိုင်းအဝိုင်းလေ... သူတို့ကိုဆန့်ကျင်လေလေ ပိုပြီးထိန်းချုပ်ချင်လေလေနဲ့ နောက်ဆုံးမခံနိုင်တော့ ဒေါ်မှုန်ပြာခြယ်က အာကာဝေယံအသက်ဆယ်နှစ်လောက်မှာ ကွာရှင်းခွင့်တောင်းပြီး ဥရောပမှာ ပန်းချီပညာဆက်လေ့လာတော့မယ်ဆိုပြီး ထွက်သွားတာ၊
အခုထိ သူ့သတင်းအစအနဘာတစ်ခုမှ ပြန်ထွက်မလာတော့ဘူး... အာကာဝေယံ့အဖေလည်း လုပ်လက်စ project က မအောင်မြင်၊ အိမ်ထောင်ကကွဲနဲ့ အဲ့ဒီနောက်ပိုင်း စိတ်ပုံမှန်မဟုတ်တော့တာမို့ Soar Sky ဆက်ခံသူအဖြစ်ကနေ ဆင်းပေးလိုက်ရပြီး စိတ်ကျန်းမာရေးကုသမှုခံယူနေခဲ့တာ... အခုထိပဲထင်ပါရဲ့..."
"အင်း..."
ကျွန်တော့်တုံ့ပြန်စကားတစ်လုံးက သံရှည်ဆွဲလို့။
"လူတွေကတော့ သူတို့အိမ်တွင်းရေးတွေ တအားပေါက်ကြားလာတာ တစ်ယောက်ယောက်က မီဒီယာတွေကို တမင်သတင်းပေးနေခဲ့လို့ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းကြတာပဲ၊ ဦးနေထွဋ်ဝဠာဆိုတာရှိတယ်... အာကာဝေယံ့အရင် CEO နေရာကိုတာဝန်ယူခဲ့တဲ့သူ၊ အာကာဝေယံ့အဖေရဲ့ညီဖြစ်သူပေါ့... သူ့အစ်ကိုအိမ်ထောင်ရေးပြိုလဲပြီး အလုပ်ကိစ္စအကျအရှုံးတွေ ရှိလာတာအပေါ်မှာ အကျိုးအမြတ်ရသွားတာက သူပဲ... ဒီဇာတ်လမ်းအဆုံးသတ်မလှရတာမှာ သူပယောဂမကင်းဘူးလို့ website တစ်ချို့ကတင်ထားတဲ့ ဆောင်းပါးမျိုးလည်း ရှိဖူးတယ်၊ အခုတော့ ပျက်သွားလောက်ပြီ"
စားနေတဲ့လိမ္မော်သီးလည်း တစ်စိတ်မကျန်ကုန်သွားလို့ အစ်ကိုက အနံ့စွဲနေတဲ့လက်နှစ်ဖက်ကို ပုတ်ခါလိုက်တယ်။ သူပြောမှ အကြမ်းဖျင်းကိုပုံဖော်နိုင်သွားတာမို့ ကျွန်တော်တော့ ကိုယ်ဟာကိုယ်တွေးရင်း သက်ပြင်းချမိရဲ့။ ကိုင်ထားရုံသက်သက် မလှုပ်ရှားတဲ့ဘောပင်ကို စားပွဲပေါ်ပြန်ချထားလိုက်ပြီး...။
"စိတ်ဝင်စားစရာပဲလို့ အောက်မေ့မိပေမယ့်
သူတို့ဇာတ်လမ်းက အဲ့လောက်ထိလူသိများမှန်း မသိခဲ့ဘူး..."
"လူသိများလို့ပဲ အာကာဝေယံ့အဘိုးတို့က အဲ့သတင်းတွေအကုန် အွန်လိုင်းမီဒီယာတွေပေါ်ကနေ ဖျက်ချခဲ့ကြတာလေ... ငါတောင် YouTuber လုပ်တုန်းက spilling tea section မှာ လူမေးများလို့ ရှာရသမျှ နည်းနည်းလေ့လာထားတာနဲ့ ဒီလောက်သိတာ..."
"အစ်ကို့ကို gaming stream တွေပဲ လုပ်ဖူးတယ်ထင်နေတာ..."
"ဒီလိုပါပဲ... ငါ့ channel ကနည်းနည်းတော့ ကဏ္ဏစုံတယ်ကွ၊ အရင်ကလောက် active မဖြစ်တော့ပေမယ့် subscribe လုပ်ချင်ရင် channel name ပြောပြမယ်"
"Skip ads ပါ... စိတ်တော့မရှိနဲ့၊
influencer ဖြစ်နေတဲ့ အစ်ကို့ပုံစံကို ဘယ်လိုမှ စိတ်ကူးယဉ်ကြည့်လို့မရဘူး"
"ဟဟ... ငါလည်းမင်းကို ငါဘယ်လောက်အောင်မြင်ထားဖူးလဲ မပြချင်ပါဘူးနော်၊ အကောင့်တုနဲ့ လာ foul ထုရင် မင်းပဲလို့ အောက်မေ့မိမှာမို့..."
"အင်း... သိထားတာကောင်းတယ်"
သူ့မိဘတွေရဲ့အိမ်ထောင်ရေးအကြောင်း သိလိုက်ရတဲ့နောက် အာကာဝေယံရဲ့ စိတ်နေစိတ်ထားက ဘာလို့ဒီလိုဖြစ်နေလဲဆိုတာကို နားလည်သယောင်ရှိလာသလိုပဲ။
'သူဘာလို့ငါ့ကို သူ့ဇနီးဟောင်း အာကာဝေယံ့အမေနဲ့ မှားမှားမြင်ယောင်တတ်လဲဆိုတာ ငါသေချာမပြောတတ်ဘူး။ တကယ်တော့ စိတ်ဝေဒနာသည်အန်ကယ်မိုးယံတင်မကဘူး။ အာကာဝေယံကလွဲရင် လူကောင်းတွေဖြစ်တဲ့ သူတို့တစ်အိမ်သားလုံး ငါ့ကိုအဲ့အတိုင်းမြင်နေကြသလိုမျိုး ခံစားရတာ အရင်ကတည်းကပဲ။'
ကိုကို့ဒိုင်ယာရီထဲမှာ အဲ့လိုရေးထားခဲ့တယ်။ ဒီနေ့တော့ ကျွန်တော် ဘာရယ်မဟုတ်ဘဲ ဇာတ်လမ်းတစ်ပုဒ်နားထောင်လိုက်ရပြီး ကိုကိုခံစားရတဲ့ မတင်မကျခံစားချက်အတွက် အဖြေကိုပါ ဒီဇာတ်လမ်းထဲက အဓိကလူတစ်ယောက်ဆီမှာ တွေ့လိုက်မိသလိုပါပဲ။
* * *
အစ်ကိုအိမ်တိုင်ရာရောက်လာပြောပြတဲ့ တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်ကို ကြားပြီးကတည်းက အဲဒီဇာတ်လမ်းကို ကျွန်တော့်ခေါင်းထဲကထုတ်မရဘူး ဖြစ်နေခဲ့တယ်။
အာကာဝေယံ့မိဘတွေက ဒီလောက်ရုပ်ရှင်ဆန်ဆန်ချစ်ခဲ့ကြပြီး ကွဲခဲ့ကြတာဆိုရင် အဲ့ဒီအကျိုးဆက်တွေက ကိုကိုနဲ့သူ့ကြားဖြစ်ခဲ့တဲ့ ပြဿနာတွေမှာရော သက်ရောက်မှုရှိမနေနိုင်ဘူးလား။ broken family က ကလေးတစ်ယောက်က အတ္တပေမသမားတွေများတဲ့ အသိုင်းအဝိုင်းကြားထဲ အကြောက်တရားတွေကိုရွှေကွပ်ထားတဲ့ ပျိုးထောင်နည်းမျိုးအောက် ကြီးပြင်းခဲ့ရရင် ဒီလိုလူပဲဖြစ်လာမှာပဲ။ သူကိုယ်တိုင်သေချာမစဉ်းစားမိသရွေ့ သူ့နည်းလမ်းတွေ မှားယွင်းနေခဲ့မှန်း သတိထားမိမှာမဟုတ်ဘူး။ အာကာဝေယံ ကိုကို့ကိုတလွဲဆက်ဆံခဲ့သမျှအပေါ် လျှော့ပေါ့စဉ်းစားဖို့ လုံးဝစိတ်ကူးမရှိဘူးဆိုပေမယ့် ဒီကိစ္စတွေထဲ သူလည်းသူ့အကြောင်းအရင်းနဲ့သူတော့ နစ်နာသူပါလို့ ပြောလို့ရနိုင်တာပဲ။
"ဘာတွေဒီလောက်တွေးနေတာလဲ... ရေတွေလျှံနေပြီ"
နားထဲစီးဝင်လာတဲ့ မဝဲတဝဲလေသံကြောင့် သတိဝင်သွားတော့ လက်ထဲကိုင်ထားတဲ့ ရေသန့်ပုလင်းရဲ့ဒီဂရီတွေက ကိုကို့လက်နဲ့ ထိန်းသိမ်းတည့်မတ်ခံရလျက် ရှိနေခဲ့တယ်။ စားပွဲပေါ်မှာက ရေစီးလျှံကျနေတဲ့ ဖန်ခွက်။ သူဆေးသောက်ဖို့ ရေထည့်ပေးနေတုန်း ကျွန်တော်ရဲ့ကြိုးလွတ်သွားတဲ့ ဆိတ်(စိတ်)က အတွေးကမ္ဘာထဲ လှစ်ခနဲခုန်ဝင်သွားခဲ့တာ။ ကိုကို့ဆီရောက်နေတဲ့အချိန်တွေမှာတောင် ဒီအကြောင်းတွေးတွေးနေမိတာတော့ မဖြစ်သေးပါဘူး။
"ဆောရီး..."
သူကမ်းပေးတဲ့တစ်ရှူးကို လှမ်းယူရင်း စားပွဲပေါ်ကိုသုတ်နေတုန်း နဖူးစပ်ကိုလာကပ်တဲ့ လက်ချောင်းသွယ်တွေ။
"အဖျားတော့မရှိပါဘူး၊ မင်း နေကောင်းရဲ့လား...
ဟိုအရင်ရက်ကတည်းက အိပ်ရေးမဝတဲ့ပုံစံဖြစ်နေတာ"
မဖြစ်သေးပါဘူး။
ကိုကိုက ကျွန်တော့်ကိုပြန်စိတ်ပူရအောင် လုပ်နေမိပြီ။
"ကျွန်တော် နေကောင်းပါတယ် ကိုကို..."
"တကယ်လား..."
"ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်ပါတယ်
ကိုကိုသာ ထပ်ပြီးနေမကောင်းမဖြစ်နဲ့၊ ဒဏ်ရာလည်းမရနဲ့... ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်အောင်မလုပ်နဲ့... နော်..."
"အင်း..."
ကျွန်တော်သူ့လက်ထဲ ရေဖန်ခွက်ထည့်ပေးလိုက်တယ်။ ရေသုတ်ထားတဲ့တစ်ရှူးအစိုကို ပစ်ဖို့ထလိုက်တော့...။
"မင်းကို အရွယ်နဲ့မလိုက်တဲ့ stress တွေ အများဆုံးပေးမိတာက ငါပဲနေမယ်... တောင်းပန်ပါတယ် ခန့်ငယ်...၊ ငါတစ်ခုခုဖြစ်တိုင်း မင်းပင်ပန်းနေရတာ"
အဲ့ဒီခပ်တိုးတိုးရေရွတ်သံကြောင့် သူထိုင်နေတဲ့ကော်ဇောနီညိုပေါ် ငုပ်တုပ်ပြန်ထိုင်လိုက်ရပြီ။ ဒူးနှစ်လုံးပေါ်လက်ပိုက်တင်လို့ သူ့မျက်နှာကိုကြည့်လိုက်တော့ တုံ့ပြန်အကြည့်တစ်ချက်ပြန်ရတယ်။
"ကိုကိုထပ်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်နေဦးမယ်ဆို ကိုကိုတစ်ခါတောင်းပန်စကားပြောလာတိုင်း ကျွန်တော်ကိုကို့ကိုနမ်းတော့မယ်"
"ထောက်..."
"အ..."
"ငါ့ကိုလာခြိမ်းခြောက်မနေနဲ့"
"ကောင်းဖို့ရာ ခြိမ်းခြောက်မိတာကို..."
"ခြိမ်းခြောက်တယ်ဆိုတာကိုက ကောင်းတာမဟုတ်တော့ဘူး"
"ဟုတ်ကဲ့ပါခင်ဗျာ... ကျွန်တော့်ကို သတိရတိုင်းထဟောင်နေတဲ့ ခွေးပေါက်စလို့ပဲ အောက်မေ့ထားလိုက်ပါ"
လိမ္မာချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ပါးစပ်တစ်ပေါက်ကြောင့် နဖူးတောက်ခံရတာတွေ များနေပြီလေ။
"ကိုကို..."
"အင်း..."
ကိုင်ထားတဲ့တစ်ရှူးကို အမှိုက်ပုံးဆီသယ်လာခဲ့တုန်း ခေါင်းထဲပြေးသွားတဲ့ အတွေးတစ်ခုကြောင့် စကားစမိပြန်တယ်။
"ဟိုနေ့က အာကာဝေယံနဲ့ကိုကို စကားပြောတာလေ..."
"..."
"အဆင်ပြေခဲ့ပုံပဲဆိုပေမယ့် တစ်ခုခုပြဿနာရှိခဲ့ရင် ကျွန်တော့်ကို ပြောလို့ရတယ်နော်"
ကိုကိုက ချက်ချင်းမဖြေဘူး။
ခဏအကြာမှ စကားပြန်ရပေမယ့် အဖြေက ခပ်တိုတိုပါပဲ။
"မရှိပါဘူး၊ စိတ်မပူနဲ့..."
ကျွန်တော်ပစ်ချလိုက်တဲ့ တစ်ရှူးစဟာ အမှိုက်ပုံးထဲမယ်။
* * *
အဲ့ဒီညနေ ကျွန်တော်အိမ်ပြန်လာတော့ စာကြည့်စားပွဲပေါ်က စာအုပ်ထပ်ကလေးကိုမွှေဖြစ်တယ်။ မသုံးရသေးတဲ့ စာအုပ်အသစ်တစ်အုပ်ကို ဆွဲထုတ်ပြီးလှန်လိုက်တော့ ဗလာမျက်နှာပြင်တွေကြားမှာပေါ်လာတာက တိပ်နဲ့ကပ်ထားတဲ့ ကဗျာစာရွက်အပြဲလေး။
"My heart was a crowded box.
There dwell letters I doubted to spell.
Well attached articulations
And solemn promises.
Flourished once and vanished forever_
As the snow fell.
My heart was an empty box.
In one glacial winter, I threw it out."
စာကြောင်းအလိုက်အသံထွက်ပြီးဖတ်နေမိရာက
ကျွန်တော့်လက်က ဖုန်ုးကိုဆွဲယူပြီး နံပါတ်တစ်ခုဆီ မက်ဆေ့ခ်ျပို့လိုက်မိတယ်။
'အချိန်ရရင် ကျွန်တော်ခင်ဗျားနဲ့ခဏတွေ့ချင်တယ် အာကာဝေယံ'
အဲဒီနောက် ရေသွားချိုးနေလိုက်တယ်။
ပြီးမှ ဖုန်းကိုစစ်လိုက်တော့ ဝင်နေခဲ့တဲ့ပြန်စာအသစ်က...။
'မင်းအဆင်ပြေတဲ့နေရာပြော'
အဲလိုနဲ့ ကျွန်တော်နဲ့အဲဒီလူ မြို့ထဲကကော်ဖီဆိုင်တစ်ဆိုင်မှာ မျက်နှာချင်းဆိုင်ဖြစ်ခဲ့ကြပြန်တယ်။ ဒီတစ်ခါတော့ တွေ့ဖို့ခေါ်တဲ့လူကလည်း ကျွန်တော်ဖြစ်ပြီး စကားစပြောသူကလည်း ကျွန်တော်ပဲ။
"တကယ်တော့ ခင်ဗျားနဲ့သီးသန့်တွေ့ရရင် ပြောချင်တာတွေ အများကြီးရှိတယ်... ဒါပေမယ့် ကျွန်တော်ကခင်ဗျားထက် စဉ်းစားတတ်တော့ ကိုယ့်ဆန္ဒသက်သက်အတွက်နဲ့ သူများအချိန်ကို သိပ်မယူချင်ဘူး၊ အဲတော့ အဓိကအကြောင်းအရင်းကိုပဲ တန်းသွားတော့မယ်"
အာကာဝေယံကတော့ ကျွန်တော့်လည်ပင်းက မာဖလာအနီနဲ့ L.K ဆိုတဲ့စာလုံးဖြူကို စိုက်ကြည့်နေခဲ့တယ်။ ကျွန်တော်အိတ်ကပ်ထဲက နှိုက်ယူလိုက်တဲ့နောက် စားပွဲပေါ်ရောက်လာတာက ထက်ခြမ်းနေရာကအပြဲကို တိပ်သေချာကပ်ထားတဲ့ စာရွက်ခေါက်လေး။
"ဒါကဘာလဲ..."
"ကိုကိုရေးထားတဲ့ကဗျာ... ခင်ဗျားနဲ့သက်ဆိုင်နေလိမ့်မယ်ထင်လို့ သူဆုတ်ဖြဲပြီးလွှင့်ပစ်ထားတာကို အမှိုက်ပုံးထဲကပြန်ကောက်ပြီး တိပ်ကပ်သိမ်းထားခဲ့တာ"
အာကာဝေယံ့မျက်လုံးအိမ်က လှုပ်ရှားသွားတယ်။ စာရွက်ခေါက်ကလေးကိုကောက်ယူပြီး ဖွင့်ဖတ်ဖို့ပြင်လိုက်ရာက ကျွန်တော့်ဘက်ကို လှစ်ခနဲကြည့်ရင်း သူ့မျက်နှာအနေအထားကို မမြင်စေချင်တဲ့ပုံစံနဲ့ တန့်သွားလေရဲ့။ စာရွက်လေးကိုတော့ သူ့ပိုက်ဆံအိတ်အကန့်တစ်ခုထဲ သေချာထည့်လိုက်တယ်။ ပြီးမှ ယူသောက်ခံရမယ့်ပုံမပေါ်တဲ့ သူ့ရှေ့ကကော်ဖီခွက်ရဲ့ အညိုရောင်ရင့်ရင့်မျက်နှာပြင်ကို ခပ်တွေတွေကြည့်ရင်း...။
"ဘာလို့ ငါ့ကိုပေးတာလဲ "
"သိချင်မလားလို့လေ... ခင်ဗျားတို့လမ်းခွဲပြီးတဲ့နောက်
ကိုကို့ဘက်ကအတွေးနဲ့ သူ့ခံစားချက်ကို..."
"လင်းခန့်... မင်းက သူတော်ကောင်းယောင်ဆောင်တာလား၊
တကယ်ပဲ သူတော်ကောင်းလား"
"နှစ်ခုလုံးမဟုတ်ဘူး၊ ကျွန်တော်က မယုတ်မာချင်တဲ့သာမန်လူ..."
"..."
"ဝန်ခံစရာတစ်ခုရှိတယ်..."
"ဘာလဲ..."
စကားပလ္လင်ခံပြီးမှ နည်းနည်းအာခြောက်နေတာကြောင့် မှာထားတဲ့ latte ကို အရသာမခံဘဲ ရေလိုမော့သောက်လိုက်ရင်း ကျွန်တော်လည်ချောင်းရှင်းလိုက်တယ်။
"ကျွန်တော်က ကိုကို့ရဲ့လက်ရှိချစ်သူဆိုတာ... အဲဒါက အမှန်တော့ တကယ်မဟုတ်ဘူး... ကျွန်တော်က ဒီအတိုင်း မနှစ်ဒီဇင်ဘာကတည်းက အခုထက်ထိ ကိုကို့ကိုအကြိမ်ကြိမ်ဖွင့်ပြောခဲ့ပြီး အကြိမ်တိုင်းအငြင်းခံနေရတဲ့ သူဂိုက်ပြပေးဖူးတဲ့ ချာတိတ်တစ်ယောက်ပဲ၊ မနှစ်က new year ညတုန်းကကိစ္စအပေါ် အရင်းပြုပြီး ခင်ဗျားနဲ့တွေ့ချိန်တိုင်းမှာ လက်ရှိချစ်သူနေရာက ဟန်ဆောင်ပေးခဲ့ရုံသက်သက်..."
အာကာဝေယံက ကျွန်တော့်ကိုစိုက်ကြည့်နေတယ်။
"အရင်တစ်ခါက ခင်ဗျားပြောဖူးသလိုပဲ ကိုကိုကကျွန်တော့်ကို အသုံးချနေတာ၊ ဒါပေမယ့် ဒီကိစ္စကို ကိုကိုကတောင်းဆိုခဲ့တာတော့ လုံးဝမဟုတ်ဘူး၊ ကျွန်တော်ကိုယ်တိုင်က အသုံးချပေးပါလို့ သူ့ဆီခွင့်တောင်းခဲ့တာ... ခင်ဗျားရှေ့မှာပြောတဲ့ အလိမ်စကားဆိုရင်တောင်မှ လက်ရှိချစ်သူလို့ ကိုယ့်ကိုယ်ကိုယ်သုံးနှုန်းရတာ သဘောကျခဲ့လို့..."
တစ်နှစ်လုံးစာကလာတဲ့ပြဇာတ်ရဲ့စင်နောက်ကပုံစံကိုတော့ပြလိုက်ပြီ။ ဒါကြီးကိုထုတ်ပြောလိုက်တာရဲ့ သက်ရောက်မှုကဘယ်လိုရှိလာမလဲ ကျွန်တော်မသိဘူး။ ဒီကိစ္စကိုအစပြုခဲ့တဲ့ ကိုကိုကတော့ မုသားဆိုဖက်အဖြစ်ကထွက်လိုက်ဖို့ရာ အမြဲတမ်းကျွန်တော့်ကို အခွင့်ပေးနေခဲ့ပါတယ်။ ဒီ role မှာ play ရတာကို သဘောကျနေတဲ့ကျွန်တော်က ငြင်းဆန်ခဲ့တာ။ အာကာဝေယံ့ကို အမှန်အတိုင်းပြောလိုက်လို့လည်း ကျွန်တော်နဲ့ကိုကို့အတွက် ကောင်းလာနိုင်တာမရှိဘူးလို့ တွေးခဲ့မိတာမို့။
အခုဘာလို့ ထုတ်ပြောလဲဆိုတာကတော့ ဟိုဝမ်းကွဲအစ်ကိုရဲ့
"အခုမသိလည်း တစ်ချိန်ချိန်သိသွားမှာပဲ" ဆိုတဲ့စကားကြောင့်။ အဲ့ဒီတစ်ချိန်ချိန်ကအခုပဲလို့ ဆုံးဖြတ်လိုက်တဲ့အခါ ဘယ်လိုရလဒ်တွေဖြစ်လာမလဲ မသေချာဘူး။ ဒါပေမယ့် အဲ့ဒီဘာကြိုးညာကြိုးတွေကို သေချာဖြတ်တောက်သင့်တယ်တဲ့ဆိုတဲ့ အစ်ကိုပြောတဲ့အကြံကို ကျွန်တော်လက်ခံတယ်။ ကာယကံရှင်နှစ်ယောက်က သူတို့ကြားကကြိုးတွေကို တကယ်ပဲဖြတ်တောက်နိုင်ကြမလား မသိပေမယ့် အဲ့ကြိုးဖြတ်တဲ့ကိစ္စထဲ ကျွန်တော်လည်းဝင်ပါချင်တယ်။ ကျွန်တော်ကတော့ ကျွန်တော်ဇွတ်ကိုက်ဆွဲထားတဲ့ ဟန်ပြချည်တိုင်ကကြိုးကို ဖြတ်မယ်။ ချည်သယောင်ပြထားတဲ့ကြိုးနဲ့ ကျေနပ်မနေဘဲ မချည်ရသေးတဲ့ကြိုးရဲ့ အလားအလာတွေအပေါ် ယုံကြည်ချက်ရှိတဲ့အကြောင်းပြမယ်။
"တစ်နှစ်လုံး ခင်ဗျားကိုလိမ်ပြီးကြွားလုံးထုတ်ခဲ့တဲ့အတွက် တောင်းပန်စရာတော့ မလိုဘူးထင်တယ်... ဒီကြားထဲက ခင်ဗျားလုပ်ရပ်တွေကို ပြန်တွေးလိုက်ရင်
ကျွန်တော်လက်ရှိချစ်သူယောင်ဆောင်တာက ဘာမှဟုတ်မနေတော့ဘူး၊ အဓိကသတိပေးချင်တာက အခုခင်ဗျားသိလိုက်ရတဲ့ကိစ္စအတွက်နဲ့ ကိုကို့ကိုဘာပြဿနာမှ သွားရှာဖို့မကြံပါနဲ့"
ဒီအတိုင်းနားထောင်နေတဲ့ အာကာဝေယံက မသောက်ဘူးထင်နေတဲ့ ကော်ဖီခွက်ကို ကောက်ယူလိုက်တယ်။ လေထုက မှုန်မှိုင်းမှိုင်းအေးစိမ့်စိမ့်ပဲ။
"ငါသိတယ်၊ မင်းက ခွန်းရဲ့လက်ရှိချစ်သူမဟုတ်ဘူးဆိုတာကို..."
အရသာခံရုံလောက် ကော်ဖီကိုသောက်ရင်း ပြန်ချလိုက်တဲ့ ရှေ့ကလူရဲ့အကြည့်တွေက ကျွန်တော့်ဆီမယ်။ ဒီလူ... သိနေခဲ့တာပဲ။ အန်ကယ်ခေါန်မြတ်ပြောတာတော့ သူ့ဆီလာတဲ့အထိ ဒီကိစ္စကို အာကာဝေယံသိထားပုံမရပါဘူးတဲ့။ အဲဒီနောက်မှ သိခဲ့တာဆိုရင်တော့ မပြောတတ်ပေမယ့်...။
"ခင်ဗျားသိနေတာ၊ ဘယ်တုန်းကတည်းကလဲ"
"ခွန်းဆေးရုံတက်နေတုန်းက..."
သတိရပြီ။ ဒါဆို သိပ်မကြာသေးဘူး။
နိုဝင်ဘာတုန်းကပဲ။ ကားအက်စီးဒင့်ကြောင့် ကိုကိုဆေးရုံတက်နေတဲ့အချိန်က ကျွန်တော်ပန်းပင်ကြည့်ဖို့ ကိုကို့အိမ်ကို ခဏသွားခဲ့သေးတယ်လေ။ အဲတုန်းက အာကာဝေယံ့ကား ကျွန်တော့်ဘေးကဖြတ်လို့ လမ်းထဲကထွက်သွားတာကိုမြင်ပြီး စိတ်ထင့်နေခဲ့သေးတယ်။ ဘာမှအခြေအနေပျက်မနေတာကြောင့်သာ ရှိလက်စသံသယတွေကို ခေါက်သိမ်းထားခဲ့တာ။ ကျွန်တော့်အထင်က မှန်နေခဲ့တာပဲ။
"ခင်ဗျား ကိုကို့အခန်းထဲကို ရောက်ခဲ့တာလား"
"အင်း..."
"မဟုတ်မှလွဲ ခင်ဗျားလည်း အဲတုန်းက ကိုကို့ဒိုင်ယာရီကိုဖတ်ပြီး..."
အာကာဝေယံက ဘာမှမပြောဘဲ ကော်ဖီခွက်ကိုပဲ ဆက်ကြည့်နေတယ်။ အဲ့ဒီအဓိပ္ပာယ်ကို ကျွန်တော်ဖမ်းမိလိုက်သလိုပဲ။
"အဲ့တော့ မင်းက ငါ့ထက်အရင် ခွန်းရဲ့ဒိုင်ယာရီကိုခိုးဖတ်နိုင်ခဲ့တာပဲ..."
ကျွန်တော်လည်း ဆိတ်ဆိတ်ပဲနေလိုက်မိတယ်။ သူခိုးချင်းလမ်းဆုံမှာတွေ့တဲ့ ခံစားချက်က ဒီလိုမျိုးလား။
"ငါတို့တွဲနေကတည်းက ငါသူ့ဒိုင်ယာရီစာအုပ်ကိုရှာဖို့ ကြိုးစားကြည့်ခဲ့ဖူးတယ်၊ ဒါပေမယ့် ခွန်းက သူ့ပစ္စည်းတွေကို နေရာအမျိုးမျိုးပြောင်းပြီး သိမ်းတယ်ထင်တယ်... ဘယ်လိုမှ ရှာမရခဲ့ဘူး၊ ရှာဖို့ကြံတိုင်းလည်း သူရှိနေတာနဲ့ အခွင့်မရခဲ့ဘူး... ခွန်းက ဒိုင်ယာရီကို ဝါသနာတစ်ခုလို စိတ်ပါလက်ပါရေးတတ်မှန်း ငါသိတယ်၊ တစ်အုပ်ကုန်သွားတိုင်း မီးရှို့ပစ်တတ်တာရောပဲ... အဲဒါကြောင့် တစ်ခါလောက် ဖတ်ကြည့်ချင်ခဲ့တာ၊ နောက်ပိုင်းကျ ဘာကြောင့်မှန်းမသိ သူဖွက်ဖွက်ထားတာတွေကိုလိုက်ရှာဖို့ ငါမေ့သွားတယ်..."
သူနဲ့သွားတူနေသမျှထဲ ဒီကိစ္စမှာတော့ ကျွန်တော်အရင်ဖြစ်သွားတာ ဝမ်းသာရမလား။ တကယ်လို့ အာကာဝေယံသာ ဒီ့အရင်ကတည်းက ကိုကိုဖွက်ထားတဲ့ ဒိုင်ယာရီစာအုပ်တွေကိုရှာတွေ့ခဲ့ရင် စကားအဖြစ်ပြောမထွက်တဲ့ ကိုကို့အရေးအသားတွေမှာ စိတ်ပျော့ပျောင်းပြီး လမ်းခွဲဖို့အကြောင်းထိ ဖြစ်မလာကြတာမျိုးလည်း ရှိနိုင်တယ်။ ဒါပေမယ့် ကောက်ကိုင်မိခဲ့တဲ့ နောက်ဆုံးထွက်စာအုပ်ထဲမှာတော့ ကွဲပြီးသားအပိုင်းအစတွေကိုပဲ မြင်လိုက်ရမယ်ထင်ရဲ့။
အာကာဝေယံက ကော်ဖီခွက်မျက်နှာပြင်ကို ငုံ့ကြည့်ရင်းပြောတယ်။
"ခွန်းက မင်းအကြောင်းကို အများကြီးရေးထားတာပဲ..."
အဲ့တော့သူက သူ့နာမည်တင်ဝင်ရှာတာမဟုတ်ဘဲ နောက်အပိုင်းတွေထိ လှန်ဖတ်ခဲ့တယ်ပေါ့။
"ခင်ဗျားက အငြင်းခံထားရတဲ့လူကို မနာလိုနေပြန်တာလား"
"ငါက အဖြတ်ခံထားရတဲ့သူ"
"အဲ့ဒါတော့ ဟုတ်ပါတယ်...
ဒါပေမယ့် ကိုကို့ဆီက ချစ်တယ်ဆိုတာကိုတော့ ကြားပြီးပြီလေ"
"မုန်းတယ်လို့ပါ အပြောခံလိုက်ရပြီးပြီ"
"..."
နေပါဦး...။ အခုက ဘယ်သူကပိုသနားဖို့ကောင်းလဲ ပြိုင်နေတာလား။
"ပထမဆုံးပဲ...
ခွန်းဆီက မုန်းတယ်ဆိုတဲ့စကားကို ပထမဆုံးကြားဖူးတာ၊ ပြီးတော့ အဲဒီခါးခါးသီးသီးအကြည့်တွေ...
ငါ့ဘဝမှာ အကြောက်ဆုံးအခိုက်အတန့်လို့တောင် ပြောလို့ရတယ်"
ကုတ်အင်္ကျီအရောင်က မီးခိုးငွေ့လိုမှိုင်းနေလို့ပဲလား... အာကာဝေယံ့မျက်နှာက သိပ်ရာသီဥတုမကောင်း။
"ခွန်းကတကယ် ငါ့ကိုအရွဲ့တိုက်တာမဟုတ်ဘဲ တကယ်ပဲ ငါရဲ့ပေါ့ပေါ့တန်တန်လုပ်ရပ်တွေကို အလေးအနက်ကြီး တုံ့ပြန်ပြနေခဲ့တာပဲ... ငါကသူ့စိတ်ကိုစမ်းချင်လို့ သူငယ်ချင်းတစ်ယောက်နဲ့ ဟန်ဆောင်တွဲပြတာ သူကတကယ်ပဲ မင်းကိုလက်ရှိချစ်သူခန့်ပစ်လိုက်တယ်"
"အဲ့ဒါက ဟန်ဆောင်တာလို့ အခုပြောနေ..."
"ငါက သူ့ကိုခြောက်ရုံသက်သက် လည်ပင်းကိုဓားနဲ့ချိန်ပြခဲ့ဖူးတယ်၊ အခုသူက တကယ်ပဲ သူ့လည်ပင်းသူလှီးလိုက်တယ်..."
"အဲဒါကတော့..."
ကျွန်တော်ပြောစရာစကားရှာမတွေ့လို့ ကော်ဖီပဲယူသောက်လိုက်တယ်။
ကိုကိုက တကယ်ဟန်မပြတတ်တဲ့သူပဲဆိုတာ ကျွန်တော်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် အတည်ပြုခဲ့ရတယ်။ ကျွန်တော်မနှစ်ကမေးတုန်းက သူဖြေခဲ့ဖူးတဲ့ "ဆက်ချစ်ဖို့ဆုံးဖြတ်ရင် ငါ့ကိုယ်ငါသတ်လိုက်မယ်" ဆိုတဲ့စကား။ အဲဒါကို ဝင်္ကဝုတ္တိတစ်ခုလို့ပဲထင်ခဲ့မိတာ။ စကားသက်သက်မဟုတ်မှန်း သူသက်သေပြတာက ပြင်းထန်လွန်းခဲ့တယ်။
"ခင်ဗျား နောင်တရနေတာလား..."
"မင်းဘယ်လိုထင်လဲ"
"တကယ်စိတ်ထဲရှိတာပြောရမှာလား..."
"ပြောကြည့်လေ..."
ကျွန်တော် ကော်ဖီခွက်ပြန်ချရင်း ရှေ့ကမဟော်ဂနီရောင်ဆံပင်နဲ့လူရဲ့မျက်နှာကို စေ့စေ့ကြည့်လိုက်တယ်။
"ကျွန်တော်ခင်ဗျားကို တအားမုန်းတယ် အာကာဝေယံ..."
"မင်းဆီကကြားရတာတော့ ဘာမှမခံစားရဘူး"
ဟုတ်ပြီ။ ဘယ်သူမှလည်း မမေးပါဘူး။
'ဒီလူက ဒီလူပါပဲ' ဆိုတဲ့ အတွေးဝင်လာပေမယ့်
မျက်စောင်းထိုးမနေတော့ဘဲ ပြောရမယ့်စကားကိုပဲ ပါးစပ်ဝကနေ ထုတ်လိုက်တော့တယ်။
"ကြုံဖူးလား... အပြစ်တင်ချင်ပေမယ့် အပြစ်တင်ခွင့်မရှိသလို အပြစ်လည်းမတင်ရက်တဲ့ အခြေအနေမျိုး... သူ့အနားမှာရှိနေတာ ကျွန်တော်ဖြစ်လျက်နဲ့ ကျွန်တော့်မျက်နှာကိုကြည့်ပြီး ခေါ်လိုက်တဲ့နာမည်က ခင်ဗျားနာမည်ဖြစ်နေတဲ့အခါ... မတိုက်ဆိုင်သင့်တဲ့တိုက်ဆိုင်မှုတွေ၊ ခင်ဗျားနှစ်သက်တဲ့အရာတွေနဲ့ ခင်ဗျားနဲ့စပ်ဆိုင်တဲ့အရာတစ်ချို့ကို ကျွန်တော့်ဆီမှာတွေ့ရတိုင်း တွေဝေသွားတတ်တဲ့ သူ့မျက်နှာကိုမြင်ရတဲ့အခါ... ခင်ဗျားကိုရင်ထဲက မရရအောင်ဆွဲထုတ်ရင်း နာကျင်ခံစားနေရတဲ့ သူ့ပုံစံတွေနဲ့ သုတ်ပေးခွင့်မရလိုက်တဲ့ မျက်ရည်တွေရော... အဲ့လိုအချိန်တွေတိုင်းမှာ ဒီအတိုင်းအနားရှိနေတာကလွဲ ဘာမှမတတ်နိုင်ဘဲ ဘာလုပ်ပိုင်ခွင့်မှမရှိတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခဲ့ရတာ... အစကတည်းက သူ့နှလုံးသားထဲဝင်ခွင့်တန်းရခဲ့တဲ့ ခင်ဗျားကတော့ တန်ဖိုးထားရကောင်းမှန်း သိမှာမဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ အဲ့ဒီလူရဲ့နှလုံးသားက တအားတန်ဖိုးကြီးတယ်၊ ငွေဘယ်လောက်နဲ့ပေါက်ပေါက် ဝယ်မရနိုင်အောင်... တံခါးဘယ်လောက်ဖောက်ဖောက် မပေါက်နိုင်အောင်ပဲ၊ အဲ့လိုမို့လို့ဆိုပြီးလည်း လက်မလျှော့လိုက်နိုင်ဘူး၊ ဒီထက်လှပနူးညံ့တဲ့အရာမျိုး ထပ်တွေ့ဖို့က မဖြစ်နိုင်မှန်းသိတာမို့..."
"..."
"ဘယ်လိုထင်လဲဆိုတော့ ခင်ဗျား ကျွန်တော့်ရှေ့မှာ လညည်းညူမနေသင့်ဘူးလို့ထင်တယ်၊
အာကာဝေယံ... ခင်ဗျားက ကံကောင်းတဲ့သူလေ... ကိုကို့အချစ်ကို ဘယ်သူနဲ့မှမတူတဲ့ပုံစံမျိုးနဲ့ရခဲ့တာ ခင်ဗျားအတွက် ကံကောင်းမှုကြီးပဲ၊ အဲဒီကံကောင်းမှုတွေ ကိုကိုမျက်ရည်တွေနဲ့ပါသွားတာ ခင်ဗျားညံ့လို့... ခင်ဗျားက ကိုယ့်ကံကောင်းမှုကိုယ်အလေးမထားဘဲ သွားကစားနေခဲ့လို့..."
"မင်ဆိုလိုချင်တာ ငါက ကံကောင်းခဲ့တဲ့သူပေါ့"
"မဟုတ်လို့လား..."
အာကာဝေယံက မျက်လွှာတစ်ဝက်ချပြီး ရယ်ချင်သလိုမရယ်ချင်သလိုပြုံးရင်း ဖြေတယ်။ ဝန်ခံတာလိုလို အပြစ်တင်တာလိုလိုမျိုး သက်ရောက်တဲ့စကားနဲ့။
"ဟုတ်ပါတယ်၊ ကိုယ်ကံကောင်းမှန်းနားမလည်ခဲ့တာက ငါ့ပြဿနာပေါ့... စိတ်ပျက်စရာကောင်းတဲ့ ငါ့အဖေလိုပဲ"
"..."
ရုတ်တရက်ကြီး သူ့အဖေကိုစကားထဲဆွဲသွင်းလာတော့ ကျွန်တော်ဆက်ပြောစရာ စကားပျောက်သွားတယ်။ တစ်ချိန်လုံးအတွေးထဲအဝင်အထွက်လုပ်နေတဲ့ အဲ့ဒီဇာတ်လမ်းက တစ်ကြော့ပြန်နေရာယူလာတာကြောင့်။
ကြားခံနယ်လေထုထဲမှာ စကားအသွားအလာမရှိတာ အတန်ကြာသွားတဲ့နောက် ရှေ့ကလူက ထသွားဖို့လုပ်လိုက်တယ်။
"ပြောစရာက ဒါပဲဆိုရင် ငါသွားတော့မယ်၊
ခွန်းကို... ဂရုစိုက်ပေးပါ"
အမှန်အတိုင်းပြောရရင် 'မုန့်ဖိုးပေးမယ်ဂျောင်း' ဆိုပြီး သုံးလေးခါမက လူကိုမထီမဲ့မြင်လုပ်ထားတဲ့တစ်ယောက်ဆီက ဒီလိုစကားမျိုး ထပ်ကြားရမယ်လို့ တွေးတော့မထားမိဘူး။
အာကာဝေယံထွက်သွားတဲ့နောက်မကြာမီ ကျွန်တော်လည်း ပြန်ဖို့လုပ်ခဲ့တယ်။ ကော်ဖီဖိုးက သူရှင်းပေးသွားပုံပဲ။ ဒါ့အပြင်...။
"အမ... ကျွန်တော် ဒါမမှာထားဘူးလေ"
ဘာကြောင့်ရယ်မသိ ကောင်တာကဝန်ထမ်းအမ ကျွန်တော့်လက်ထဲထည့်ပေးလာတဲ့ ချိုချဉ်ဘူးကို စားပွဲပေါ်ပြန်တင်ပေးလိုက်တော့...။
"ချိုချဉ်ဘူးက ငွေချေပြီးသားပါ...
ခုဏကထွက်သွားတဲ့ဧည့်သည်က မောင်လေးကို ပေးလိုက်ပါဆိုလို့..."
"..."
ကျွန်တော်... ဒီလူကို တစ်ချက်လောက်ထိုးဖို့ကိစ္စ မေ့သွားတာပဲ။ အခုတော့ နည်းလမ်းအသစ်နဲ့ သောက်ကလေးလို့ပြောပြီး စော်ကားသွားတာ ခံလိုက်ရပြန်ပြီ။ သနားခံချင်သလိုလိုနဲ့ သနားအောင်နေနည်းမသိတဲ့လူပါလား။
အာကာဝေယံ့ကို အစဉ်အလာမပျက် စိတ်ထဲကမေတ္တာပို့သလိုက်ရင်း ချိုချဉ်ဘူးကိုတော့ ဆိုင်ကိုပြန်လှူလိုက်ပါတယ်။
ဆိုင်အပြင်ထွက်လာတော့ တန်းခံစားရတာက လမ်းတွေထဲကြီးစိုးလာပြီဖြစ်တဲ့ ညဦးပိုင်းအအေးဓာတ်။
ကျွန်တော် ပြေကျနေတဲ့မာဖလာကို သေချာပြင်ပတ်လိုက်ရင်း ပြိုင်ဘီးနီလေးကို နင်းထွက်ခဲ့တယ်။
အစ်ကို့ဆီကကြားခဲ့ရတဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်က ဇာတ်လမ်းကတော့ ကန့်လန့်ကာအချမကောင်းခဲ့ဘူး။
ကျွန်တော်ကိုယ်တိုင် တြိဂံရဲ့တစ်ထောင့်မှာ ပါဝင်ရပ်နေရတဲ့ အခုလက်ရှိဇာတ်လမ်းကရော...။
အပြန်အလှန်ချစ်ပြီး လမ်းခွဲခဲ့ကြတဲ့သူနှစ်ယောက်နဲ့ ပြန်အချစ်ခံရဖို့ စောင့်နေတဲ့သူတစ်ယောက်။ ကမ္ဘာပေါ်မှာ ဒီလိုဇာတ်လမ်းတွေ မကုန်နိုင်အောင်ပဲ။ ဇာတ်သိမ်းတွေကတော့ အမျိုးမျိုးပေါ့။ ဇာတ်ကောင်သုံးယောက်လုံးအတွက်ကောင်းတဲ့
ဇာတ်သိမ်းဆိုတာမျိုးဆိုတာတော့ မရှိဘူး။ ဘယ်သူသိမလဲ။ တကယ်တမ်း ကံအဆိုးဆုံးလူက ဘယ်သူဖြစ်မလဲဆိုတာ...။
အသိဆုံးဖြစ်လောက်မယ့်ပုံပေါ်တဲ့ ကျွန်တော့်လည်ပင်းပေါ်ကမာဖလာနီလေးကတော့ ဘယ်တော့မဆို နှုတ်ဆိတ်လျက်ပဲ။
_____________________________________
To be continued...
💖💖💖
You can help me by showering some energizing words! won't be mad w
အဆက်ပြတ်သွားလို့ ဖတ်ရအဆင်မပြေတာရှိရင်ဖြစ်ဖြစ် moti ရအောင် တစ်ခုခုပြောချင်တာရှိရင်ဖြစ်ဖြစ် cmt မှာ ချရေးခဲ့ပါ 💛
အိပ်ရေးမဝတဝနဲ့ ကိုယ်ထင်ပြလာတဲ့
Novella✒️