❄️❄️❄️
ကြောင်တွေနဲ့ထိတွေ့တဲ့အခါ လူ့ခန္ဓာကိုယ်ထဲမှာ oxytocin ဟော်မုန်းထုတ်လုပ်မှု တက်လာတယ်။ အဲ့ဒီအမွှေးတွေရဲ့နူးညံ့မှုနဲ့ ကိုယ်အပူချိန်ရဲ့သက်ရောက်မှုက လက်ထိပ်ဖျားကနေဦးနှောက်ထိ စီးဆင်းသွားတဲ့အခါ ခံစားချက်တွေ ပေါ့ပါးလာလိမ့်မယ်။ စိတ်တင်းအားတွေ လျော့သွားမယ်။ စိတ်ထဲ ကြည်နူးလာမယ်။ လမ်းသွားရင်း တွေ့ကရာကြောင်တစ်ကောင်ကို ခေါင်းလေးမေးလေး ပွတ်သပ်ပေးလိုက်ရုံနဲ့ လူတစ်ယောက်ဆီက ပွေ့ဖက်ခံရတာနဲ့တူတဲ့ စိတ်ကျေနပ်ပျော်ရွှင်မှုမျိုး ရနိုင်တယ်။
ဒီလောက်ဆို ကြောင်တွေဟာ တုနှိုင်းမဲ့တန်ခိုးရှင်တွေ၊ ဘုရားကပေးတဲ့ ချစ်မွှေးကြီးတွေပါလားလို့ ခင်ဗျားတို့က စတွေးကောင်းတွေးနေနိုင်ပြီ။ အဲ့မှာ ပြောစရာစရှိတာပဲ။
အထက်ပါ oxytocin ရဲ့အကျိုးကျေးဇူးများဆိုတာက ခွေးတွေနဲ့ဆိုလည်း ဒီအတိုင်းအတူတူ ရနိုင်တာချည်း။ oxytocin ဆိုတာက ခဏတာသက်ရောက်မှုပဲ ရှိသေးတာ။ ပြောရမယ်ဆို ခင်ဗျားတို့သာ ခွေးတစ်ကောင်ကို အဲ့သလို နေ့တိုင်းဂရုတစိုက် ခေါင်းကလေးပုတ်ပေးရင် တစ်ပတ်ကြာတဲ့အခါ လစာမဲ့ body guard ရပြီသာမှတ်။ လက်ထပ်စာချုပ်ထက်မြဲတဲ့ ခေါင်းပုတ်စာချုပ်လို့ ခေါ်တယ်။ "ကျွန်တော်သည် ဒီလူသားကို အရိုးကြေအရေခမ်းသည့်တိုင် သစ္စာရှိပါမည်" လို့ သုံးခါလှည့်ပတ်ပြီးပြုတဲ့ ကတိက၀တ်မျိုးလေ။
ငါးကြော်သူခိုးတွေက ဒါမျိုးလုပ်ရကောင်းမှန်း ဘယ်သိမလဲ။ သူတို့သိတာဆိုလို့ အစာတောင်းပြီးကြိတ်မယ် ပြီးရင် နေရာပြောင်းပြီးအိပ်မယ်ပဲ ရှိတာမဟုတ်လား။ ကြားရတဲ့အတိုင်း ဒီခေတ်ကြီးမှာက ကြွက်ခုတ်တဲ့ကြောင်ထက် သခင်ငါးကြော်တာစောင့်ရင်း Tom and Jerry ထိုင်ကြည့်မယ့် ကြောင်တွေပဲ ပိုများလာတယ်ဆိုတာ။ ဘာပဲပြောပြော ကျွန်တော့်အမြင်မှာ ကြောင်တွေက overrated ဖြစ်လွန်းနေတယ်။ လူတွေဟာ ခွေးတစ်ကောင်ရထားခြင်းရဲ့ ကံကောင်းမှုကိုတော့ အလေးမထားကြဘူးပဲ။ တကယ့် စိတ်မကောင်းစရာ။
"မထွက်ဘူးလား... "
"ဗျာ..."
"ငါထွက်ပြီးတာ ကြာနေပြီ၊ မင်းကြည့်ရတာ ဓာတ်လှေကားထဲ တစ်ရေးအိပ်ချင်သေးတယ် အောက်မေ့တယ်..."
"အာ... မအိပ်ပါဘူး၊ ကိုကိုကလည်း..."
အဲ့ဒါပဲ။ ကမ္ဘာကြီးကို ကြောင်တွေ လက်ဝါးကြီးအုပ်လာတဲ့ အကြောင်းတွေးရင်း ဓာတ်လှေကားထဲ တစ်ရေးအိပ်ရတော့မလို့။
ဓာတ်လှေကားအပြင်ထွက်လာပြီးတဲ့နောက် ကိုကို့ဘေးနားရပ်ရင်း တွေးတွေးဆဆ တစ်ခုပြောမိတယ်။
"ကိုကို... တကယ်လို့ ကြောင်တွေက ဂြိုဟ်သားတွေကမ္ဘာကို ကျူးကျော်ဖို့ရာအတွက် ရှေ့ပြေးလွှတ်ထားတဲ့ စပိုင်တွေဖြစ်နေခဲ့ရင် ဒီနေ့ကမ္ဘာကြီး ဘယ်လိုများဆက်ဖြစ်မလဲ..."
"..."
"ကျွန်တော်ပြောချင်တာက ကျွန်တော့်သူငယ်ချင်းရဲ့ ရည်းစားအိမ်ကိုတောင် ကြောင်တွေသိမ်းပိုက်ထားကြပြီလေ... တွေးကြည့်ရင် ဒါကြီးက ကြောက်စရာကောင်းသလို ဖြစ်မလာဘူးလား..."
"မင်းက ၁၀ နှစ်ကလေးလား..."
"ဟင့်အင်း၊ မကြာခင် ၁၇ နှစ်ပြည့်မှာ...
ဒီလက ကျွန်တော့်မွေးလလေ... ကိုကိုမေ့နေတာလား"
"အရူးလေး..."
"ခုဏက ကျွန်တော်ပြောတဲ့ကိစ္စကို ကိုကိုဘယ်လိုထင်လဲ...
ဒါက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကြီး ဖြစ်မလာနိုင်ဘူးလား... စပိုင်ကြောင်တွေနဲ့ ဂြိုဟ်သားတွေလေ..."
"မင်း sci-fi တွေ ကြည့်တာများနေပြီ"
"ကိုကို ကျွန်တော့်လက်ညိုးကို ထိပေးပါလား..."
"ငါ အီးတီမဟုတ်ဘူး"
ရေရွတ်ပြီးတဲ့နောက် အရင်လှည့်ထွက်သွားတာမို့ လေထဲက လက်ညိုးလေးကိုပြန်ရုတ်ရင်း သူ့ရှေ့ရောက်အောင် ပြေးလိုက်ရသေးရဲ့။
"ကိုကို... ကျွန်တော် ရှေ့ကသွားမယ်လေ..."
* * *
"ကိုကို... ဘာလို့ ရှေ့တိုးပြီးမထိုင်တာလဲ..."
ဆိုင်ကယ်ဦးထုတ်ဆောင်းရင်း နောက်ကလူကိုလှမ်းမေးမိတဲ့ အဲ့ဒီကိစ္စက ဂြိုဟ်သားတွေလွှတ်ထားတဲ့ စပိုင်ကြောင်အုပ်ထက်တော့ ပိုအရေးကြီးတာသေချာတယ်။
"ငါရှေ့တိုးထိုင်စရာမလိုအောင် မင်းထိုင်ခုံကရှည်တယ်၊ ကိစ္စမရှိဘူး"
"အခု ထိုင်ခုံအကြောင်းပြောနေတာ မဟုတ်ဘူးလေ...
အရင်ကတည်းက ပြောမလို့ ပြောမလို့နဲ့လုပ်နေတာ၊ ကိုကိုနဲ့ ကျွန်တော်က ဆိုင်ကယ်တူတူစီးတဲ့အခါ ကြားနေရာလပ်ကြီး ထားစီးရမယ့် ဆက်ဆံရေးမျိုးမို့လို့လား..."
"ငါမင်းလို တောက်တဲ့ကပ်မကပ်တတ်ဘူး"
"အဲ့လောက် မဟုတ်လည်းရပါတယ်၊ ကျွန်တော်ဆိုလိုချင်တာက ကိုကိုက အက်စီးဒန့်ဖြစ်လို့ ခွဲစိတ်ထားရတဲ့သူမလား... ခေါင်းတွေဘာတွေ မူးလာရင် ကျွန်တော့်ကိုကိုင်ထားတော့ ပို safe ဖြစ်တာပေါ့"
"ဒီအတိုင်း အဆင်ပြေတယ်၊ မလိုဘူး..."
ဘူးနွယ်ပင်နတ်သားလေးရဲ့ တန်ခိုးပြန်ရခန်းလား။ တကယ်ပဲ။
"မင်း အိပ်ပျော်နေပြန်တာလား
မထွက်သေးဘူးလား..."
"မအိပ်ပါဘူး၊ ထွက်ပြီ..."
ကျွန်တော့်နားပိုတိုးကပ်လာစေချင်လို့ ပြောလိုက်တာပေမယ့်
အမှန်တော့ မေးရတာ အကြောင်းအရင်းရှိတယ်။ သူ့သူငယ်ချင်း ကျွန်တော့်အစ်ကိုပါးစပ်က ထွက်တဲ့အတိုင်းဆို ကိုကိုက တော်ရုံ သူ့ဆိုင်ကယ်နဲ့သူ တစ်ယောက်တည်းသွားလေ့ရှိပြီး မဖြစ်လို့ တစ်ယောက်ယောက်ဆိုင်ကယ်နောက်က လိုက်စီးရမယ်ဆိုရင် ဘယ်သူပဲဖြစ်ပါစေ သိသိသာသာ နေရာလပ်ခွာပြီး အစွန်အဖျားက ထိုင်လိုက်လေ့ရှိလို့ သူပြုတ်ကျမှာကို အမြဲစိတ်ပူရသတဲ့။ အမြစ်တွယ်နေတဲ့ သူ့ရဲ့အသန့်ကြိုက်ရောဂါကြောင့်လားတော့ မသိပေမယ့် ဒီအပြုအမူက စိတ်မလုံခြုံမှုတစ်ခုနဲ့ ပိုတူနေတယ်။
ဘာကြောင့် နီးကပ်လို့ မဖြစ်တာလဲ။ ဒီလောက်နီးကပ်တာက ဘယ်သူ့အတွက်မှ ပြဿနာမရှိဘူးလေ။ ဒါမှမဟုတ် ပြဿနာရှိတဲ့သူက သက်သက်ရှိခဲ့တာကြောင့်လား။
"ကိုကို... ကျွန်တော့်မာဖလာက လည်ပင်းအစ်နေလို့ နည်းနည်းဖြည်ပေးပါလား..."
ဆိုင်ကယ်စီးနေရင်း နောက်လှည့်မကြည့်ဘဲ ပြောလိုက်တဲ့စကားကြောင့် သုံးလေးစက္ကန့်အကြာမှာ ကိုကို့လက်ချောင်းတွေ ကျွန်တော်လည်ပင်းတစ်ဝိုက်ကို တိုးဝင်လာတယ်။
"ရပြီလား..."
"ကျွန်တော့်ဖုန်းလာနေတယ်ထင်တယ်၊ ဂျက်ကတ်အိတ်ထောင်ထဲက နှိုက်ယူပေးပါလား..."
"ဖုန်းက အိတ်ထောင်ထဲမှာ ရှိတာသေချာလား...
ငါစမ်းလို့မရဘူး"
ခုဏကထက် ပိုတိုးကပ်လာတဲ့ ခန္ဓာကိုယ်အနွေးဓာတ်နဲ့ ကျွန်တော့်ဂျက်ကတ်အိပ်ထောင်ထဲ စမ်းသပ်နေတဲ့ ကိုကို့လက်။ ကျွန်တော်ဘယ်လက်လွှတ်ပြီး သူ့လက်ကောက်ဝတ်ကို ဖမ်းထားလိုက်တယ်။
"ရပြီ... ဒီအတိုင်းဆက်နေတော့..."
"လက်တစ်ဖက်တည်းနဲ့ ဆိုင်ကယ်စီးတာ အန္တရာယ်များတယ်၊ ငါ့လက်ကို လွှတ်လိုက်..."
"ကိုကိုနောက်ပြန်မဆုတ်ဘူးဆိုရင် ကျွန်တော်လက်ဖယ်ပေးလို့ ရတယ်လေ... နောက်နား အရမ်းတိုးထိုင်တာကလည်း အန္တရာယ်များတယ်"
"..."
အတော်ကြာစဉ်းစားလိုက်ပြီးတဲ့နောက် လေတိုးသံကြားက ထွက်လာတဲ့ သက်ပြင်းချသံသဲ့သဲ့။
"ငါဒီအတိုင်းဆက်ထိုင်မှာမို့ ဆိုင်ကယ်သေချာစီး...""
"အဟွန်း... ဒီလိုမှပေါ့... ဆောင်းတွင်းမှာ ဆိုင်ကယ်အတူစီးတဲ့အခါ အန္တရာယ်ကင်းကင်း၊ နွေးနွေးထွေးထွေးလေးဖြစ်ရမယ်..."
အခုလောက်ဆို အဲ့ဒီတစ်ယောက်ယောက်လည်း သဘောပေါက်လောက်ပြီမို့ ကိုကို့ကို ယုံကြည်စေချင်တယ်။ ကိုကိုပြုသမျှအရာတိုင်းက ပြဿနာရဲ့အစဖြစ်လာမလား ဘာလားညာလားတွေကို စိုးရိမ်ပူပန်နေစရာ ဘာမှမရှိဘူး။
ကိုကိုရော ကျွန်တော်ပါ အန္တရာယ်ကင်းတယ်ဆိုတာကို။
* * *
တစ်လခွဲနှစ်လနီးပါးကြာသွားမှ ရောင်စုံခြုံလွှာလွှမ်းထားတဲ့ ဗာဒံပင်ကြီးရှိရာ တိုက်ခန်းတွဲရှေ့ကို ပြန်ခြေချဖြစ်တာ ကိုကို့အတွက်တော့ ဘာမှထူးဆန်းပုံမရပါဘူး။ အင်းပေါ့... ဇာတ်ကားရိုက်နေတာမှ မဟုတ်ဘဲ။ သူ့စိတ်ထဲ အခန်းဘယ်လို ရှင်းရမလဲက ပိုနေရာယူနေလောက်မှာ။
ရည်းစားဟောင်းကလှမ်းခေါ်လို့သွားရင်း လက်ရှိရည်းစား ဟန်ဆောင်နေတဲ့တပည့်ဟောင်းလေးကို ရှင်းပြဖို့လိုက်ရင်း
တစ်ညတည်းနဲ့ ကိစ္စမျိုးစုံဖြစ်သွားခဲ့တဲ့နောက် ကိုကို အိမ်ပြန်မရောက်တာ ဘယ်လောက်ကြာသွားပြီလဲ။ ကျွန်တော်တော့ မှတ်မိတယ်။ အားလုံးပေါင်း ၄၉ ရက်။
ခပ်သွက်သွက်လေး သူ့ရှေ့ကနေသွားလို့ တံခါးကိုဖွင့်ပေးရင်း...။
"တစ်လခွဲနှစ်လနီးပါး ခွဲခွာနေခဲ့ရတဲ့
အိမ်ကနေ ပြန်လည်ကြိုဆိုပါတယ် ကိုကို..."
"မင်းက အိမ်ရှင်လား..."
ဟုတ်ပါပြီ။ ခင်ဗျားဆန်လိုက်တာ။
"ကျွန်တော်က အိမ်ရှင်ရဲ့အချစ်တော်ခွေးကလေးဖြစ်လာဖို့ အခွင့်အလမ်းအများကြီးရှိတဲ့သူ... အခုတောင်ဖြစ်နေပြီလား ပြောမရဘူး..."
"ရှေ့ကပိတ်မနေဘဲ ဖယ်စမ်း..."
"ဟွန့်..."
ကိုယ်ကိုယိမ်းဖယ်ပေးလိုက်တော့ ခပ်မြန်မြန်ပဲ ဖိနပ်ချွတ်ပြီး ၀င်သွားတာမို့ ကျွန်တော်လည်း နောက်ကလိုက်ဝင်လာခဲ့တယ်။ ပြတင်းပေါက်တွေ လိုက်ဖွင့်လိုက်တော့ ဆောင်းမနက် ၁၀ နာရီ နေရောင်က ခပ်ပြေပြေတိုးဝင်လာလို့ အခန်းထဲ နွေးထွေးသွားသလိုပဲ။
ကျွန်တော်နောက်ကလိုက်ဝင်လာရင် စူပုတ်ပုတ်မျက်နှာကို ၁၀ ရာခိုင်နှုန်းလောက်လုပ်ရင်း ရွတ်လိုက်တယ်။
"ကိုကိုသိလား... ကိုကိုသတိရလာကာစကဆို ကျွန်တော့်အပေါ် အရမ်းညင်သာတာပဲ... ခန့်ငယ်လို့လည်း ခေါ်တယ်၊ ကျွန်တော်ပြောသမျှ အသာတကြည်လက်ခံတယ်၊ ပြုံးပြပြီး ခေါင်းလည်း ခဏခဏပုတ်ပေးတယ်... ကိုကိုမဆန်ဘူး အောက်မေ့ပေမယ့် အဲ့တုန်းကဆို ကျွန်တော့်မှာ နေ့တိုင်း ထညက်ခဲရနေသလိုပဲရယ်... ကိုကို character ပြန်ရသွားတာက မြန်လွန်းနေတယ်"
"မင်းအခန်းရှင်းပေးထားတာလား..."
ဟိုဟိုဒီဒီအကဲခတ်ရင်း ပြောလိုက်တာက စကားလွှဲတာမှန်း သိသာပေမယ့် ၀င်နှာခေါင်းချွန်လို့တော့ ရပါသေးရဲ့။
"အင်း... ကိုကို coma ၀င်နေတုန်းက ကျွန်တော် နေ့တိုင်းနီးပါးလာပြီး သန့်ရှင်းရေးလုပ်ပေးထားတာ၊ ဒါမှ ကိုကိုနေကောင်းလာရင် အချိန်မရွေး ပြန်လာနေလို့ရမှာလေ..."
တစ်ခါတလေ ကျွန်တော်မအားတဲ့အခါ ကြက်သိုက်အစ်ကိုကို တာဝန်လွှဲလိုက်တာကိုတော့ ထည့်မပြောတော့ပါဘူး။
သန့်သန့်ရှင်းရှင်းနဲ့ သူ့နေရာမှာသူ သေသေသပ်သပ်ရှိနေတဲ့ ပစ္စည်းတွေကိုကြည့်ပြီးတဲ့နောက် ကိုကိုက စိတ်ရှင်းလင်းသွားပုံနဲ့ အသက်ကောင်းကောင်းရှူရင်း သူ့အခန်းဆီ လျှောက်သွားတယ်။
နောက်ကပါလာရင်းနဲ့ ဟထားလျက်ကျန်နေတဲ့ သူ့အခန်းတံခါးက တိုးဝင်လာခဲ့တော့ စာကြည့်စားပွဲရှေ့မှာ ရပ်လျက်နဲ့ တစ်ခုခုကိုငေးကြည့်နေတဲ့ ကိုကို။
"သေမသွားဘူးပဲ..."
ကျွန်တော်အသာပြုံးရင်းနဲ့ သူ့ဘေးနားကလျှောက်သွားရင်း ပြတင်းတံခါးကို ဖွင့်ဖို့လုပ်လိုက်တယ်။ နေရောင်ခြည်တန်း ဖျော့ဖျော့တွေကို ခေါင်းမော့နေတဲ့ စိမ်းစိုစိုအပင်ငယ်လေးပေါ် ကျစေလိုက်ရင်း...။
"သေမသွားပါဘူး... snow drop တွေသာ လူသားဖြစ်မယ်ဆို ရှင်သန်လိုစိတ်အပြင်းပြဆုံးသူတွေ ဖြစ်ကြမှာ... ပင်ကြီးရိပ်အောက်မှာဖြစ်ဖြစ်၊ ရေခဲပြင်ထဲမှာဖြစ်ဖြစ်၊ ပန်းအိုးထဲမှာဖြစ်ဖြစ်၊ အစုလိုက်ဖြစ်ဖြစ်၊ တစ်ပင်တည်းဖြစ်ဖြစ် ဆောင်းတွင်းက ဘယ်လောက်အေးအေး မရမက ရှင်သန်ဖို့ကြိုးစားတဲ့ပုံစံက သိပ်လှတာပဲ..."
"..."
"ပြီးတော့ အဲ့ဒါက ကိုကို့အတိုင်းပဲ..."
ပြတင်းပေါက်ကနေရောင်ကို ကျွန်တော့်ကိုယ်က ကွယ်နေတဲ့အတွက် ကိုကို့မျက်နှာတစ်ခြမ်းက အရိပ်ကျနေတယ်။ နေကောင်းကာစမို့ အရင်လို အသွေးအသားရောင်ရဲမနေတဲ့ နှုတ်ခမ်းလွှာတွေက ပုံမှန်အတိုင်း တင်းတင်းစေ့ထားဆဲပဲ။ အမြဲလိုလိုနက်စိုနေတဲ့ မျက်ဝန်းတွေကတော့ ပန်းပင်ငယ်လေးဆီ အကြည့်စူးစိုက်လျက်။ ကျွန်တော် အဲ့အကြည့်တွေကို ဓားပြတိုက်လိုက်တယ်။ ဖြေးဖြေးအနားကပ်လာပြီး ခါတိုင်းလို သူ့ခါးကို အသာတိုးဝှေ့ဖက်လိုက်ရင်းနဲ့။
"ရှင်သန်ဖို့ ကြိုးစားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်... ကိုကိုပင်ပန်းသွားခဲ့ပြီ"
"မင်းလည်း... ပင်ပန်းသွားပြီ"
"အင်း... အဲ့ဒါကြောင့် ကျွန်တော့်ကို ခေါင်းပုတ်ပေး..."
ခြေထောက်တွေအားရှိသွားပြီဆိုတော့ ကန်ထုတ်ခံရဖို့ ဖြစ်နိုင်ခြေလေး ပြန်ရှိလာပြီဆိုပေမယ့် နှာသီးဖျားကလေသံထွက်ရုံ ရယ်လိုက်သံနဲ့အတူ ကိုကို့လက်ဖဝါးတစ်ဖက် ကျွန်တော့်ခေါင်းပေါ် ရောက်လာတယ်။ ကျွန်တော် မျက်လုံးတွေ မှိတ်ထားလိုက်တယ်။
"ခေါင်းအပုတ်ခံရတာကို အဲ့လောက်ကြိုက်လား..."
"အင်း... အိမ်ကလူတွေက ကျွန်တော့်ခေါင်းကို ထုပဲထုကြတယ်၊ ကိုကိုကသာ ဘယ်လိုခေါင်းပုတ်ပေးရမလဲသိတာ... ကျွန်တော် တခြားဘယ်သူ့ဆီ သွားမေးလို့ရမှာလဲ..."
"မင်းအိမ်ကလူတွေက မင်းကို ဂရုစိုက်ကြပါတယ်"
"အနိုင်ကျင့်တာပါ... ကိုကိုလည်းမနက်က မြင်သားနဲ့... ဒါနဲ့..."
မေးစရာတစ်ခု သတိရလာလို့ ကျွန်တော်ခေါင်းထောင်လိုက်တော့ ကိုကိုက သူ့လက်ကိုပြန်သိမ်းယူသွားတယ်။
"မနက်က အမေကိုကို့လက်ထဲ တစ်ခုခုထည့်ပေးနေတာ တွေ့လိုက်တယ်၊ အဲ့ဒါ ဘာလဲ... ကျွန်တော့်ကို ပြလို့ရလား"
အမေးစကားကိုနားထောင်ပြီးတဲ့နောက် ကိုကို သူ့ဆွယ်တာအင်္ကျီအိပ်ထောင်ထဲ လက်နှိုက်လိုက်တာ ပုတီးစေ့ဖြူဖြူတစ်လုံးပါတဲ့ အနီရောင်လက်ပတ်လေးတစ်ခု ပါလာတယ်။
"မင်းပြောတာ ဒီဟာလား..."
"အဲ့ဒါက ဘာတဲ့လဲ..."
"အဆောင်လို့ ပြောတယ်၊ အန္တရာယ်ကင်းဖို့အတွက် ဒီနှစ်ကုန်တဲ့ထိတော့ ၀တ်ထားပေးပါတဲ့..."
"ဗေဒင်ဆရာဆီ ထပ်သွားခဲ့ပြန်ပြီထင်တယ်... ကျွန်တော် ကိုကို့ကိုမာဖလာလက်ဆောင်ပေးဖို့ သူ့ဆီက ချည်ထိုးသင်နေတုန်းကလည်း ကိုကို့အတွက်ဆိုပြီး ဘယ်ဆရာဘယ်ဆရာတွေဆီမှာ ဘယ်နှစ်ခါသွားသွားမေးလာတဲ့ အကြောင်းတွေ နေ့တိုင်းနားထောင်နေရတာ... မဟာဘုတ်ရော တားရော့ရော အကြားအမြင်ရော စုံနေတာပဲရယ်... ဘာနက္ခတ်ပိုင်ရှင်မို့ ဘယ်လိုဇာတာဖြစ်ရတယ်၊ ဘယ်ကဒ်ကျလို့ ဘာအခြေအနေတွေ စောင့်ကြိုနေတယ်၊ အာရုံထဲမြင်ရသလောက် လမ်းကြောင်းအသစ် လျှောက်ရနိုင်တယ်၊ ဘာက အသစ်ပြန်ဖြစ်လိမ့်မယ်ဆိုလား အကုန်တောင် မမှတ်မိတော့ပါဘူးဗျာ... တက်တက်ကြွကြွနဲ့ ဟောကိန်းတွေကို တစ်ဆင့်ပြန်ရွတ်ပြနေတာ၊ ကိုကိုရော အဲ့ဒါတွေ အယုံအကြည်ရှိလား..."
သူ့ခါးကိုတွယ်ဖက်ထားတဲ့ ကျွန်တော့်လက်တွေကိုဖယ်ရင်းပဲ ကိုကိုက နောက်ကို တစ်လှမ်းနှစ်လှမ်းဆုတ်ပြီး ကုတင်ပေါ်မှာ ထိုင်လိုက်တယ်။
"အယုံအကြည်ရှိတာ မရှိတာထက် တစ်ယောက်ယောက်က ငါ့အတွက် ရည်ရွယ်ပြီးပေးလာတဲ့ မေတ္တာကိုတော့ ဘယ်တုန်းကမှ ပယ်မချဖြစ်ဘူး၊ အနူးပြောဖူးတာတော့ ချစ်ခြင်းကိုလက်ခံတဲ့ကိစ္စအပေါ် အရှင်ယေရှူက တာဆီးပိတ်ပင်မှာမဟုတ်ဘူးတဲ့..."
"ဒါဆို ကျွန်တော့်ချစ်ခြင်းကိုရော ဘယ်တော့လက်ခံမှာလဲ..."
အဲ့ဒါကိုရေရွတ်ရင်း ကိုကို့လက်ထဲက လက်ပတ်နီလေးကိုတစ်ခါ ကိုကို့ကိုတစ်ခါ ကြည့်လိုက်မိတယ်။ ကိုကို့ကိုကြည့်တဲ့တစ်ခေါက်မှာ ကိုကိုကလည်း ကျွန်တော့်ကိုကြည့်နေခဲ့တယ်။ နောက် သူ့နှုတ်ခမ်းတွေကို ဟလိုက်ပြီး...။
"မင်းရော ရှေ့ဖြစ်ဟောတွေကို အယုံအကြည်ရှိလား..."
ဒီလူ အက်စီးဒန့်ဖြစ်ပြီး ခေါင်းထိထားလို့ သူ့ရဲ့ ပြိုင်ဘက်ကင်း techniques တွေကို မေ့သွားလောက်ပြီလို့ မထင်လိုက်နဲ့။
ဆရာသမားက အချိန်နဲ့အမျှ ပိုပြီး ကျွမ်းကျင်လာတာ။ အဲ့သမှာ လှလှပပရှောင်ထွက်နည်း အမှတ်စဉ် ၁၂ - ပြောလက်စစကားကို ပြန်ကောက်၍ ရှောင်ထွက်ခြင်း။
"ခင်ဗျားကတော့ တကယ်ကြီးလားဗျာ..." လို့ မေးလိုက်ချင်စိတ်တွေ လှိုက်တက်လာပေမယ့် ဆေးရုံဆင်းခါစလူကို သိပ်ပြီးလည်း အပူမကပ်ချင်ပြန်ဘူး။
"ယုံတယ်မယုံဘူးဆိုတာက ၅၀/၅၀ ပါပဲ... ဒါပေမယ့် ကိုကိုက ကျွန်တော့်ကိုလက်ခံမယ်လို့ ဟောကိန်းထုတ်ပေးတဲ့ ရှေ့ဖြစ်ဟောဆရာတိုင်းကိုတော့ ၁၀၀ ရာခိုင်နှုန်း ယုံနိုင်တယ်"
"အဲ့ဒါက မင်းရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပေါ် ယုံနေတာမဟုတ်ဘူးလား..."
"အယုံလွယ်တာကလွဲရင် ယုံတာကကောင်းတဲ့အရာပါ ကိုကို... အဲ့ဒါကို ကိုကိုယုံအောင် ကျွန်တော်သက်သေပြနိုင်တယ်"
ယုံကြည်ခြင်းတွေက လူတစ်ယောက်ရဲ့စိတ်နှလုံးသားအပေါ် ဘယ်လိုသက်ရောက်လဲ။ ယုံကြည်တဲ့အရာက ဘုရားသခင်ဖြစ်နိုင်တယ်၊ ကိုယ့်ကိုကိုယ်ဖြစ်နိုင်တယ်၊ တခြားသော ပုဂ္ဂိုလ်ဖြစ်နိုင်တယ်၊ ဒြပ်ရှိတဲ့ ဒြပ်မဲ့တဲ့ တခြားအရာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တော့ ယုံကြည်လိုက်တဲ့အခါ စိတ်နှလုံးထဲမှာ အင်အားတစ်ခုခု သက်ရောက်သွားတယ်လို့ အောက်မေ့တယ်။ အဲ့ဒီအင်အားက ကျွန်တော်တို့ကို တစ်ခုခုလုပ်ဖြစ်အောင် တွန်းပို့တယ်။ ကိုကိုမသေနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော် ICU ထဲ ဇွတ်ဝင်ပြီး ကိုကို့ကို CPR လုပ်ခဲ့သလိုမျိုး။ အရင်လို ပြန်ကောင်းရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုကို rehabilitation အဆင့်တွေကို ကျော်ဖြတ်နိုင်ခဲ့သလိုမျိုး။
ယုံကြည်တဲ့အရာတွေ ကွဲပြားတဲ့အခါရော မတူညီတဲ့ နှလုံးသားတွေအပေါ် ဘယ်လိုသက်ရောက်လဲ။ ကျွန်တော်တော့ ကွဲပြားမှုကို ဘယ်သူမှစပြီး အဆန်းတကြယ်မလုပ်သရွေ့ ဘာမှမသက်ရောက်နိုင်ဘူးလို့ အောက်မေ့တယ်။ ကိုကိုနဲ့ ကျွန်တော်က အရာရာကွဲပြားတယ်။ လူမျိုးစုချင်း၊ ကိုးကွယ်တဲ့ဘာသာချင်း၊ နေထိုင်ပုံချင်း၊ အကျင့်ချင်း၊ အကြိုက်ခြင်း၊ စိတ်ထားချင်း တစ်ခြားသော ခင်ဗျားတို့ မြင်ခဲ့သမျှ တလွဲနဲ့ ဇောက်ထိုးတွေချင်း။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ အတူရပ်နေကြတယ်။ အချင်းချင်းကြည့်နေကြတယ်။ အဲ့လို ကြည်ကြည်လင်လင် ကြည့်နေနိုင်တာ များလာတဲ့အခါ နှလုံးသားတွေ ထပ်တူကျမလာနိုင်ဘူးလို့ ဘယ်သူကပြောနိုင်မလဲ။
ဆိုလိုချင်တာက... ဟမ်... ဆက်ရှင်းပြဖို့ မလိုတော့ဘူးလား။ ဘာလို့လဲ။ အပိုင်းမဆံ့တော့မှာမို့လား။ စာရေးသူကို အပိုင်းပိုထုတ်လိုက်လို့ မရဘူးလားလို့ မေးပေးလေ။ ကျွန်တော်ဒီမှာ စကားကောင်းပြောနေတာကို...။
ဟော... ပြောနေရင်းမှာပဲ ကိုကိုက သူ့အကြည့်တွေကို ကျွန်တော့်ဆီဆက်မထားတော့ဘဲ အဆောင်လက်ပတ်လေးကို ဘယ်လက်မှာဝတ်ရင်း အခန်းထဲဝေ့ကြည့်လိုက်တယ်။
"အက်စီးဒန့်ဖြစ်တဲ့ည ငါအပြင်ထွက်မလာခင်တုန်းက စာအုပ်စင်ကိုရှင်းနေတာ... တစ်ဆင့်ပဲ ပြီးလိုက်တယ်၊ မင်းဆက်ရှင်းပေးထားတာလား..."
ဒါပေါ့... ကျွန်တော်မဟုတ်လို့ ဘယ်သူဖြစ်မလဲ။ ကျောင်းအတွက် စာတမ်းကိစ္စတွေပြီးသွားပြီမို့ ကိုကိုစာအုပ်စင်ရှင်းနေလောက်မှာကို အဲ့အချိန်ကတည်းက အောက်မေ့မိပြီးသား။ မထင်ထားတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်သွားပြီးတဲ့နောက် ကိုကို့အိမ်ကို လာသန့်ရှင်းရေးလုပ်ပေးဖြစ်တဲ့နေ့တိုင်း ဖြည်းဖြည်းချင်း ကိုကိုထားလောက်မယ့် ပုံစံအတိုင်း စီကြည့်ပေးထားတာ။
"ဘယ်လိုလဲ ကိုကို... သန့်ရှင်းရေးလုပ်ပေးတယ်၊ ပန်းပင်ကို ဂရုစိုက်ပေးတယ်၊ စာအုပ်တွေလည်း ကျကျနန စီပေးထားတယ်၊ ဒီလောက်ဆို ကျွန်တော့်ကို ချီးကျူးသင့်တယ်မလားဟင်..."
ပြောရင်းဆိုရင်း ကုတင်ဘေးမှာ ငုပ်တုပ်လေးထိုင်၊ သူ့ကို မော့ကြည့်ရင်း ခေါင်းပုတ်ခံခွင့် တောင်းလိုက်တယ်။
"သန့်ရှင်းရေးလုပ်တာက ပြောစရာမရှိပေမယ့် ဒီ့အပြင်
မင်းက ငါမရှိတုန်း သော့အတုနဲ့ ငါ့အိမ်ထဲကိုဝင်တယ်၊ ငါ့အခန်းကို မွှေတယ်၊ ဒိုင်ယာရီ ခိုးဖတ်တယ်၊ ကွတ်ကီးခိုးစားတယ်"
ချစ်စရာကောင်းဖို့ကြိုးစားမလို့ပါဆို အမှုတွဲဟောင်းတွေ ခေါင်းပေါ်ပစ်ချနေပြန်ပါပြီ။
"အဲ့ဒါက... တော့ အဲ့ဒါပေါ့... ကိုကိုကလည်း ကျွန်တော်ဝန်ခံပြီး နဖူးတောက်တာလည်း ခံပြီးပြီလေ... ဒီလောက်ဆို ရိုးသားတာပဲ မဟုတ်လား... ကျွန်တော်က ဖြူစင်တဲ့လူငယ်လေးပါ"
"..."
နေဦး...။ အဲ့လို "ဪ... မင်းကလား" ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ခိုင်းတဲ့အကြည့်နဲ့ မကြည့်နဲ့လေ။ ခင်ဗျားပဲ ဒိုင်ယာရီထဲမှာ အဲ့လို ရေးထားတာ မဟုတ်ဘူးလား။ "ခန့်ငယ်က ဖြူစင်တဲ့ကလေး" ဆိုပြီး။ အဲ့လိုကြီးကြည့်နေတာက ကျွန်တော်တို့ကြားကယုံကြည်မှုကို ကူညီရာမရောက်ဘူးနော်။
"မင်းလုပ်ခဲ့တာတွေက ကောင်းတဲ့အကျင့်မဟုတ်မှန်း သေချာမှတ်ထား... နောက်အဲ့လိုမလုပ်နဲ့၊ နားလည်လား..."
"ဒါပေမယ့် ကိုကိုကလည်း... ကျွန်တော်က ကိုကို့ကိုချစ်လို့ ကိုကို့အကြောင်းပိုနားလည်ချင်လို့ မနေနိုင်ဘဲ..."
"အဲ့ကိစ္စနဲ့မဆိုင်ဘူး အခုက အမူအကျင့်တွေအကြောင်းကို ပြောနေတာ"
အမူအကျင့်တွေတဲ့...။ တယ်စည်းစနစ်ကျတဲ့ ကျွန်တော့်ဆရာ။ အပျံစားသန့်ရှင်းရေး service နဲ့တောင်မှ ယိမ်းယိုင်မသွားဘူး။
"ကိုကို အမူအကျင့်တွေအကြောင်းမပြောတဲ့နေ့က ကျွန်တော် သောတာပန်တည်သွားတဲ့နေ့ပဲနေမှာ... သူတော်စင်လုံးလုံးဖြစ်သွားမှ တော်ကာကျလိမ့်မယ်"
မျက်နှာလုပ်ဖို့ကြိုးစားတာ မျက်နှာမရဘဲ အဆုံးမခံလိုက်ရတဲ့အတွက် ကြမ်းပြင်မှာ မှုန်ကုတ်ကုတ်နဲ့ ထိုင်ချရင်း အထက်ပါအတိုင်း ရေရွတ်လိုက်တယ်။ ဒါပေမယ့် စက္ကန့်ပိုင်းအတွင်း ပုံမှန်လေသံနဲ့ ပြန်စကားစလာတာက ကိုကို...။
"ဒါနဲ့ ငါတို့ဝင်လာတုန်းက မင်းထုတ်ဖွင့်လိုက်တဲ့ တိုက်ခန်းသော့လေး ငါ့ကိုပြပါလား..."
"ကိုကိုပြောတာ ဒီဟာလား..."
ဆရာသမားဟာ သူ့မျက်မှန်ကိုင်းလေးအသာပင့်ပြီး ကျွန်တော့်လက်ထဲက သော့ကိုကြည့်ရင်း ကောက်ချက်ချတယ်။
"မီးကျွမ်းမနေဘူးပဲ"
အား...။ မဟုတ်ဘူးလေ။ မေးတဲ့သူရဲ့ မျက်နှာနဲ့လေသံက အေးအေးဆေးဆေးဖြစ်လွန်းအားကြီးနေလို့ ခဏတာ သတိလွတ်သွားတာ။ အခုတော့ ကိုယ့်လက်ထိတ်ကိုယ်ခတ်ဖြစ်ပြီ။ တကယ်ပဲ ဘယ်လိုယုံကြည်ချက်နဲ့များ ဒီသော့ကို သုံးလိုက်မိတာလဲ။ ခိုးလုပ်ထားတဲ့သော့အတုကိစ္စ မိသွားတဲ့နေ့က ကိုကိုက ဘယ်မှာလဲမေးပြီး ထုတ်ပေးခိုင်းတော့ ကျွန်တော်ဒီလိုပြောခဲ့တာ။
"မီးရှို့ပစ်လိုက်ပါပြီကိုကို... နောက်တစ်ခါထပ်ပြီး သော့အတုဆိုတဲ့အရာမျိုး ပြုလုပ်ခြင်း၊ ကိုင်ဆောင်ခြင်း၊ ကိုယ်ကျိုးအတွက်အသုံးချခြင်း ထပ်မလုပ်ဖြစ်အောင်လို့ပါ... ကျွန်တော့်အခုပြောတဲ့စကားကို ၉၉.၉၉ ရာခိုင်နှုန်း ယုံကြည့်လို့ရပါတယ်"
အဲ့လိုတွေ အတည်ကြီး အာမခံထားခဲ့တဲ့ဟာကို...။ တကယ်တရားဝင်တဲ့ သော့အပိုဆိုတာက သူယူခိုင်းတာလေးတွေ သွားယူပေးပြီးတာနဲ့ ပြန်အပ်ရတာဆိုတော့ ဒါလေးကို မစွန့်ပစ်ရက်တာနဲ့ အိတ်ကပ်ထဲ သူခိုးဝှက်ဝှက်ထားမိတဲ့ဟာကို...။ အခုမှ ကျောနောက်ဖွက်လို့ရော ဖင်ခုထိုင်လို့ရော ဘာထူးမှာလဲ။
"သူတော်စင်ဖြစ်ဦးမယ့် လူငယ်လေး...
မင်းငါ့ကို ညာတယ်"
တိုးပြန်ပါပြီ တစ်မှု။
"ကိုကို... အဲ့... အဲ့ဒါကလေ..."
"အင်း၊ ပြောပါဦး..."
"အဲ့ဒီနေ့က နှင်းကျတာများလို့ မီးငြိမ်းသွားပြီး အကောင်းအတိုင်းကျန်နေတဲ့ ဒီသော့ကို တွေ့ရာကကိုက်ချီလာတဲ့ ကြွက်တစ်ကောင်ကောင်က တိုက်တိုက်ဆိုင်ဆိုင် ဗီရိုထဲဝင်ပြီး ကျွန်တော့်ဘောင်းဘီအိတ်ထဲ ပြန်ထည့်ပေးသွားတာ ဖြစ်နိုင်တယ်လို့ပြောရင် ယုံမှာလား"
"အဲ့ဒီကြွက်က မင်းတီထွင်ထားတဲ့ AI ကြွက်လို့ပြောရင် ပိုယုတ္တိရှိလောက်မယ်"
"ထင်တဲ့အတိုင်း မယုံဘူးပဲ..."
"မင်းရဲ့ကြွက်ပုံပြင်ကို ယုံကြည်မှုရှိတယ်လို့တော့ ငါ့ကိုမပြောနဲ့"
"ယုံကြည်မှုရှိနေတာကို..."
"တော်စမ်း၊ ကိုယ်လုပ်ထားတဲ့ကိစ္စကို မေ့ချင်ယောင်ဆောင်ပြီး ကြုံရာမှတ်ဉာဏ်တုနဲ့အစားထိုးတာ ကောင်းတဲ့အကျင့်မဟုတ်ဘူး"
"ကိုကို... ခွေးကလေးတွေက မှတ်ဉာဏ်သိပ်မကောင်းကြဘူး ဆိုတာ ကြားဖူးလား..."
"မင်းက ခွေးလား..."
"အင်း၊ Shiba Inu... "
"..."
ခဏတော့ စစ်ကြောရေးရပ်သွားတယ်။
"ဪ... bonk meme တွေထဲက တင်းနစ်တုတ်နဲ့ခွေးလေးလား..."
"အင်း... တင်းနစ်တုတ်နဲ့ bonk တဲ့ ခွေးလေး..."
"မင်းကို bonk ဖို့ တင်းနစ်တုတ် ငါသွားယူသင့်လား..."
"အယ် ရှိတယ်လား... အာ မဟုတ်ဘူး
အဲ့လောက်ထိ မလိုဘူးလေ... နဖူးတောက်ရုံနဲ့တင် နာနေပြီဟာ..."
"အဲ့ဒါကြောင့်..."
"ထောက်"
"အ..."
"ငါမင်းကို လိမ္မာဖို့ ပြောနေတာပေါ့..."
နဖူးပွတ်ရာက မော့ကြည့်လိုက်တော့ လက်တစ်လှမ်းအကွာက ကိုကိုက သက်ပြင်းချနေတယ်။
"အခန်းသော့ကို အဲ့လောက်ထိသိမ်းထားချင်ရင် ဘာလို့ငါ့ဆီက တိုက်ရိုက်မတောင်းတာလဲ..."
"ကျွန်တော်တောင်းရင် ကိုကိုကကျွန်တော့်ကို သော့အပိုပေးမှာမို့ ပြောနေတာလား..."
"တကယ်လို့ မင်းလိမ္မာရင်ပေါ့"
"..."
စက္ကန့်မခြားခင် ကျွန်တော် သူ့ခြေထောက်နားမှာ ဒူးလေးတုပ်ထိုင်လိုက်တယ်။ လက်ဖြန့်ခံရင်းနဲ့။
"လိမ္မာပါတော့မယ်"
"အဲ့လို လုပ်စရာမလိုဘူး"
"ကိုကို့ရဲ့အမူအကျင့်များကျမ်းကို အခုကစပြီး အလွတ်ကျက်မှာမို့ သော့အပိုလေး..."
"ပေးသနားတော်မူပါ" လို့ ဆက်မရွတ်မိရုံလေးပဲ။
ကိုကိုက ကျွန်တော့်မျက်လုံးကို သုံးစက္ကန့်လောက် စိုက်ကြည့်ပြီးမှ သူ့အိတ်ထောင်ထဲက သော့အပိုကို ထုတ်လိုက်တယ်။
"ငါမသိဘဲ မသုံးရဘူး"
"ဟုတ်"
"ငါမရှိတဲ့အချိန် ငါ့ခွင့်ပြုချက်မရဘဲ မ၀င်ရဘူး"
"ဟုတ်"
"စကားနားမထောင်ရင် ပြန်သိမ်းမယ်"
"ဟုတ်၊ ပေးပါတော့..."
မရှိတဲ့ အမြီးနဲ့နားရွက်တွေ တလှုပ်လှုပ်ဖြစ်နေတာကို ခံစားရတယ်။ Shiba Inu တွေက ဘောလုံးပစ်ကစားနည်းကစားဖို့ ဉာဏ်ကောင်းလွန်းနေတယ်ဆိုပေမယ့် ဒီအချိန်မှာ ကိုကို အဲ့ဒီသော့ကို ဘောလုံးလိုလှမ်းပစ်ပြီး ဖမ်းခိုင်းရင်တောင် ဖမ်းဖြစ်အောင်ဖမ်းဖို့ ဆုံးဖြတ်ထားပြီးပြီ။
နောက်ဆုံးမှာ အဲ့ဒီရတနာလေး ကျွန်တော့်လက်ထဲ ကျလာပါရဲ့။ ရရပြီးချင်း ထိုင်ရာကထပြီး အပြေးအလွှား အခန်းထဲက ထွက်သွားလိုက်လို့ ကိုကိုက သူ့မဝဲတဝဲလေသံနဲ့ လှမ်းအော်မေးလာတယ်။
"အဲ့ဒါက ဘယ်သွားတာလဲ..."
"စိတ်မပူနဲ့ ကိုကို... ကိုကိုပေးတဲ့ official spare key ရပြီမို့ ဒီကြွက်ချီလာတဲ့သော့အတုကို ကျွန်တော်မီးသွားရှို့မလို့..."
_____________________________________
To be continued...
💖💖💖
အယ်လ်ခွန်း၏ လှလှပပရှောင်ထွက်နည်းများထဲမှ အမှတ်စဉ် ၁၂ အကြောင်းကို ရှီဘာခန့်မှထည့်ပြောသွားပြီးဖြစ်၍ ၎င်း၏စီနီယာနံပါတ်များကို အစဉ်လိုက်တင်ပြအံ့။
အမှတ်စဉ် ၆ သည်ကား အပိုင်း ၅၄ တွင် ဖော်ပြခဲ့သည့်အတိုင်း တိုက်ရိုက်ထည့်စုစည်းထားခြင်းဖြစ်ပြီး ကျန်အမှတ်စဉ်များကား တစ်ဦးတစ်ယောက်၏ လေ့လာမှတ်တမ်းတင်ထားမှုဖြစ်၏။ ကဲ... ရှုကြပါစို့။
ရှောင်ထွက်နည်း အမှတ်စဉ် ၁ - စာအကြောင်းပြ ၊ စာမေးပွဲအကြောင်းပြ၍ ရှောင်ထွက်ခြင်း
အမှတ်စဉ် ၂ - ကိုယ့်အားကိုယ်ကိုးနိုင်ကြောင်း အကူအညီမလိုကြောင်း သက်သေပြ၍ရှောင်ထွက်ခြင်း
အမှတ်စဉ် ၃ - မချစ်ဘူးဟု တစ်လုံးတည်းတည့်ငြင်းဆန်၍ ရှောင်ထွက်ခြင်း
အမှတ်စဉ် ၄ - အရူးလေးဟုပြောရင်း သက်ပြင်းချကာ ရှောင်ထွက်ခြင်း
အမှတ်စဉ် ၅ - နဖူးတောက်၍ အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောစေချင်ဟန်ဖြင့် ရှောင်ထွက်ခြင်း
အမှတ်စဉ် ၆ - အချိန်ကိုအကြောင်းပြ၍ ရှောင်ထွက်ခြင်း
အမှတ်စဉ် ၇ - ငါကနှလုံးသားမရှိတဲ့သူဟုပြောရင်း
ထပ်မချစ်ချင်တော့ကြောင်း အကြောင်းပြ၍ ရှောင်ထွက်ခြင်း
အမှတ်စဉ် ၈ - မင်းကငယ်ပါသေးတယ်... မင်းကငါ့တပည့်... ငါကမင်းရဲ့ဆရာ... ဒီချိန်မှာ စာကြိုးစားပြီး... စသဖြင့် ဘ၀အောင်မြင်ရေးလမ်းကြောင်းများပြောရင်း ရှောင်ထွက်ခြင်း
အမှတ်စဉ် ၉ - အေးစက်တဲ့သူလို ဘာမှသောက်ဂရုမစိုက်သလိုလိုလုပ်ကာ ရှောင်ထွက်ခြင်း
အမှတ်စဉ် ၁၀ - ၂၄နာရီ ၇ရက် မိမိဘ၀အတွက် အလုပ်ကြိုးစားနေခြင်းအားဖြင့် ရှောင်ထွက်ခြင်း
အမှတ်စဉ် ၁၁ - မင်းဖြစ်နေလို့ကို ရှောင်ထွက်ခြင်း
ရှောင်ထွက်နည်းဒီပနီပေါင်းချုပ်
- အယ်လ်ခွန်း (PhD in dodgeology)
အမှတ်စဉ်အလိုက် စုစည်းပေးထားသူကတော့ ကျွန်တော်အရင် platform မှာစရေးကတည်းက Kokology အား နှစ်နှစ်ကြာလေ့လာခဲ့သူ နှစ်ဆွေး reader တစ်ဦးဖြစ်ပါတယ်။ real timeline ကလူမို့ တစ်နှစ်မပြည့်သေးတဲ့ HD timeline ထဲက ခန့်ခန့်ထက် စီနီယာကျနေပုံရပါတယ်။ I gotta admit that အမှတ်စဉ် ၁၁ is darn true tho🖐🏻💀
ရှောင်နည်းကျမ်းတတ်ပေမယ့် သုံးစရာလူမရှိတဲ့
Novella ✒️