❄️❄️❄️
သုံးလေးနှစ်လောက်ပဲ သက်တမ်းရှိဦးမယ့် အမြင်သစ်လွင်စနစ်ကျတဲ့ အထပ်မြင့်တိုက်ခန်းတွဲတစ်ခုရှေ့မှာ ကျွန်တော်ဆိုင်ကယ်ကို ရပ်လိုက်တယ်။
"ဒီနေရာပဲ ကိုကို... သူပြောတာတော့ လေးထပ်က အရှေ့ဘက်စွန်းအခန်းတဲ့... ကျွန်တော်လည်း အခုမှ ရောက်ဖူးတာ၊ အရင်တစ်ခေါက်က အချိန်မရလိုက်လို့..."
ဆိုင်ကယ်ပေါ်ကဆင်းပြီးတဲ့နောက် ကိုကိုက ကျွန်တော်လက်ညိုးညွှန်ပြတဲ့ စတုတ္ထထပ်ကို မော့ကြည့်လိုက်တယ်။ နှစ်ယောက်လုံး အဆောက်အဦးထဲ ၀င်လာခဲ့တဲ့နောက်...။
"ဆေးရုံဆင်းဆင်းချင်း ကိုကိုမပင်ပန်းရအောင် ကျွန်တော်ကိုကို့ကို ချီပြီး လေးထပ်ထိတက်သွားမလို့ ကြံထားပေမယ့် အခွင့်မဖန်တော့ ဓာတ်လှေကားရှိနေတယ် ကိုကို... အဲ့ကပဲ သွားရအောင်..."
"မင်းရှေ့ကသွား..."
"အင်း... သူစိမ်းနေရာမို့ ကိုကိုနေရခက်လို့မလား"
"ဘာပြောနေတာလဲ... ခွေးကလေးတွေက အမြဲတမ်း ရှေ့ကသွားကြတာပဲ မဟုတ်လား"
"..."
မရယ်မပြုံး ရုပ်တည်နဲ့ ပြောလိုက်တဲ့အဲ့စကား...။ ကြောင်ကြည့်နေတုန်းမှာပဲ ကျွန်တော့်ကို မေးငေါ့ပြပြီး ရှေ့ကသွားဖို့ မျက်စပစ်စေခိုင်းလာတယ်။
"ကိုကို ကျွန်တော့်မာဖလာအစွန်းလေး ကိုင်ထားပါလား..."
"ဘာလုပ်ဖို့လဲ..."
"ဘယ်သခင်က သူ့ခွေးကလေးကို ကြိုးလွှတ်ပြီး လမ်းလျှောက်ခိုင်းလို့လဲ..."
လက်နှစ်ဖက်နဲ့ကိုင်လျက် သူ့ဆီကမ်းပေးနေတဲ့ မာဖလာစအဖျားလေး ပုတ်ချခံလိုက်ရတဲ့ မရှေးမနှောင်းပဲ ကျွန်တော့်နဖူးမှာ ပူသွားခဲ့ပါ့။
"အရူးလေး... ငါ မင်းသခင်မဟုတ်ဘူး"
"ဒါဆို ကျွန်တော်က ပိုင်ရှင်မရှိတဲ့ခွေးလေးဖြစ်သွားမှာပေါ့...
သနားစရာမကောင်းဘူးလား..."
"မကောင်းဘူး"
"ဟွန့်..."
အဲ့သလိုနဲ့ ကျွန်တော်ရှေ့ကသွားပြီး တိုက်ခန်းရှေ့ကို ရောက်လာလေသတတ်။ လူခေါ်ဘဲလ်နှိပ်ပြီးတဲ့နောက်တော့ ကိုကို့ဘက်ကိုလှည့်ပြီး ခပ်တိုးတိုးနဲ့...။
"ကိုကို့ကို တစ်ခုသတိပေးစရာရှိတယ်...
အထဲဝင်တဲ့အခါ ခြေလှမ်းလှမ်းရင် သတိထားနော်"
ကျွန်တော့်သတိပေးစကားကြောင့် ကျုံ့သွားတဲ့မျက်ခုံးတန်းတွေ...။
"ဒီတိုက်ခန်းပိုင်ရှင်ကလည်း အံထူးမြတ်လိုပဲလား..."
ခန့်မှန်းမေးခွန်းထုတ်ပြီး မျက်ခုံးကျုံ့နေတဲ့သူဟာ စကားရပ်ပြီး သက်ပြင်းတစ်ချက်ချလိုက်ရင်း...။
"ငါရှောင်ဖို့ ကြိုးစားကြည့်မယ်လေ..."
"အဲ့လိုမဟုတ်... ဘယ်လိုပြောရပါ့...
ကိုကိုရှောင်ရမှာ ခေါက်ဆွဲဘူးခွံတွေ မဟုတ်ဘူး..."
ကျွန်တော်ကိုကို့ကို info နည်းနည်းထပ်ပေးဖို့ လုပ်နေတုန်းမှာပဲ တိုက်ခန်းတံခါး ပွင့်လာလေရဲ့။
"ဟာ... ဘယ်သူလဲမှတ်နေတာ... လင်းခန့်ကိုး...
တကယ်ပေါ်လာသားပဲ ဟီးဟီး..."
ရယ်ရယ်မောမောနဲ့ ခေါင်းပြူကြိုဆိုလာတဲ့ပုဂ္ဂိုလ်ရဲ့ ဆံပင် highlight မရမ်းရောင်က နေရောင်မှာတလက်လက်နဲ့။
"အစ်ကိုပိုင်သု... ဒါက ဟိုတစ်ခါကပြောတဲ့ ကျွန်တော်ခေါ်လာမယ်ဆိုတဲ့သူ..."
စကားမဆုံးခင်ကတည်းက အစ်ကိုပိုင်သုမျက်လုံးက ကိုကို့ဆီအပြည့်အ၀ ရောက်သွားတယ်။
"အစ်ကိုကတော့ ခုမှပထမဆုံးတွေ့ဖူးတာပေါ့... ဟိန်းသူရကတော့ ကိုကို့ကို ကောင်းကောင်းသိတယ်၊ ကိုကိုက ဆယ်တန်းတုန်းက ကျွန်တော့်ကိုညဂိုက်ပြပေးခဲ့တဲ့ သိပ်တော်တဲ့ကျွန်တော့်ဆရာ... ပြီးတော့ ကျွန်တော်တစ်ဖက်သတ်... ဝူး..."
စကားမဆုံးခင်မှာပဲ တစ်စုံတစ်ယောက်ရဲ့ ဆွဲတင်မှုကြောင့် မေးဖျားကနေ ပါးစပ်ဝထိတိုးဝင်လာတဲ့ မာဖလာနီစ။
"အယ်လ်ခွန်းပါ..."
ကျွန်တော် အစချီလာတဲ့စကားကို ကိုကိုက သုံးလုံးတည်းနဲ့ အပြီးသတ်လိုက်တယ်။
"ဪ... အစ်ကို့အကြောင်း ဟိန်းလေးဆီကရော လင်းခန့်ဆီကရော ကြားဖူးတယ်ဗျ၊ ကျွန်တော်က ပိုင်သုပါ မနက်ဖြန်ကစပြီး ကွန်ပြူတာသိပ္ပံ စတုတ္ထနှစ်တက်မှာပေါ့... ကျွန်တော့် batch မှာ prince ရထားတာကလွဲရင် တခြားမယ်မယ်ရရတော့ မရှိဘူးရယ်... ဟီး... တွေ့ရတာဝမ်းသာတယ်နော်"
သူ့ကိုယ်သူမိတ်ဆက်သမျှအတွက် ကိုကို့ဆီက နှစ်စက္ကန့်အပြုံး တုံ့ပြန်မှုရရှိပြီးတဲ့နောက် အမြဲပြုံးဖြဲနေတဲ့တစ်ယောက်က ကျွန်တော်တို့ကို အထဲဝင်ဖို့ခေါ်တယ်။ ဖိနပ်စင်မှာ ဖိနပ်တွေထားခဲ့ပြီး ၀င်လာခဲ့ကြတော့ သူထင်ထားတာထက် ပြောင်လက်သန့်ရှင်းနေတဲ့ ကြမ်းပြင်ကိုကြည့်ပြီး ကိုကိုက စိတ်တိုင်းကျသွားပုံပါပဲ။
ကျွန်တော် ကိုကို့ရှေ့ကနေ သုံးလေးလှမ်းကြိုရောက်နေရာက သူ့ကို လှည့်ခေါ်ဖို့လုပ်နေတုန်း သဏ္ဏာန်လေးတစ်ခုက လှစ်ခနဲ ကျွန်တော့်နားက ဖြတ်သွားတယ်။ အဲ... မဟုတ်ဘူးဗျ။ နှစ်ခု...။
"ညောင်..."
ဧည့်ခန်းထဲ ခြေလှမ်းလှမ်းစလေးမှာတင် သူ့ခြေထောက်တစ်ဖက်တစ်ချက်ဆီမှာ ရောက်လာတဲ့ ကြောင်ပေါက်စလေးနှစ်ကောင်ကို ကြည့်ပြီး အံ့ဩသွားတယ်ထင်ရဲ့။ ကိုကိုက ဆက်ရှေ့မတိုးဘဲ ရပ်နေတယ်။
"ညောင်... ညောင်..."
"တွေ့လားကိုကို... ခြေလှမ်းသတိထားလှမ်းဖို့ပြောတာ
ဒီပေါက်စကွေးနံပတ်အသစ်တွေ ထပ်တိုးလာတယ်ကြားလို့လေ..."
အမှန်ပါပဲ။ သူတို့ဂေဟာရဲ့ နံပါတ်စဉ်က အခုဆို ၁၄ ကောင် ဖြစ်သွားပြီခင်ဗျာ။ ကြောင်ချစ်သူများအဖွဲ့အစည်းကနေဖြစ်ဖြစ် အသိအမှတ်ပြုလက်မှတ် တစ်ခုခုတော့ ပေးသင့်ပြီ။ တော်သေးတာပေါ့။ ခေါ်မွေးလိုက်သမျှက တိုက်တိုက်ဆိုင်ဆိုင် အထီးတွေချည်းမို့။ အမတွေပါပါရင်တော့ ဆတိုးကိန်းက ဒီ့ထက်ဘယ်နှစ်ဆဖြစ်နေမလဲပဲ။
အကြိုဆိုကောင်းတဲ့ နံပါတ် ၁၃ နဲ့ ၁၄ က ကိုကို့ခြေဖမိုးပေါ် မေးတင်လိုက်၊ ပွတ်သပ်လိုက်လုပ်နေကြတယ်။ ကိုကိုကတော့ အဲ့ဒီဖြူလုံးလုံးလေးတွေကို ငုံ့ကြည့်ရင်း မျက်တောင်ခတ်တာကလွဲရင် မလှုပ်မယှက်။
"စိမ်းစားဥလေး အာတာလွတ်ဥလေး... လိမ္မာတယ်နော်
ဒီပြန်လာခဲ့၊ ဆေးထိုးရမှာဆိုပေမယ့် ကိုကိုက မနာအောင်ထိုးပေးမှာ..."
ကျွန်တော်တို့သုံးယောက်နဲ့ ကြောင်ပေါက်နှစ်ကောင် တံခါးဝနားမှာ ရပ်နေကြတုန်း လူမမြင်ရသေးခင် ကြားနေကျလိုမဟုတ်ဘဲ ချိုချိုမြမြနဲ့ ထွက်လာတဲ့အသံတစ်ခု။ ပြီးတော့ သူရဲ့သောက်ကျိုးနည်း နာမည်ပေးနည်းစနစ်။
"လင်းခန့် ရောက်နေတာလား...
အဲ... အစ်ကိုအယ်လ်ခွန်း..."
ဂျက်ကတ်အညိုကွက်နဲ့ ခပ်သွက်သွက်ထွက်လာတဲ့ ကိုယ်တော်ချောက ကျွန်တော်နဲ့အတူ ကိုကို့ကိုပါမြင်တော့ ရပ်သွားပြီး သူ့လက်ထဲက ကြောင်ဆေးထုပ်တွေကို ဘက်ပြောင်းကိုင်ရင်း ခေါင်းကုတ်လိုက်တယ်။ ဒီကောင် စာမေးပွဲမတိုင်ခင်က ကိုကိုစာပြပေးတာ တစ်ခါကြုံဖူးပြီးကတည်းက အခုထိ ရှိန်နေတုန်းဖြစ်မယ်။ ကြောင်ပေါက်တွေကြား လှုပ်မရဖြစ်နေတဲ့ ကိုကိုကတော့ သူထုံးစံနှုတ်ဆက်နည်းအတိုင်း ခေါင်းတစ်ချက်ဆတ်ပြတယ်။
"ဆောရီးနော် အစ်ကို... အဲ့အငယ်ဆုံးလေးတွေက တအားလူကပ်တတ်လို့..."
ဟိန်းသူရက အားနာတဲ့ပုံစံနဲ့ အနားမြန်မြန်ရောက်လာပြီး
ကိုကို့ခြေဖမိုးဖွေးဖွေးမှာ ဝါဂွမ်းလုံးလေးတွေလို ကပ်နေကြတဲ့ ကြောင်ဖြူလေးနှစ်ကောင်ကို ချီပွေ့ယူသွားလိုက်ရင်း...။
"ပိုင်သု... ဧည့်သည်ဘေးဘာရပ်လုပ်နေတာလဲ...
ခင်ဗျားက အိမ်ရှင်မဟုတ်ဘူးလား"
"ဪ... အင်း... ဟုတ်သားပဲ၊
ထိုင်ကြပါဦး... ဘာမုန့်ရှိလဲ သွားကြည့်လိုက်ဦးမယ်၊
အိမ်မှာက လူစာထက် ကြောင်စာတွေပိုများတာဆိုတော့... ဟီးဟီး..."
အစ်ကိုပိုင်သုက Mentoes ရနံ့ တသင်းသင်းဖြစ်နေတဲ့ သူ့ခံတွင်းနံ့ကို ယုံကြည်မှုရှိစွာနဲ့ တဟီးဟီးရယ်လို့ မီးဖိုခန်းထဲ ၀င်သွားတယ်။ ကြောင်ဂေဟာပိုင်ရှင်ရဲ့ ရိုးအပုံကိုကြည့်ပြီး သူ့ရဲ့ခန့်ခွဲရေးမှူးရည်းစားကတော့ "ဒီလူတော့..." လို့ တိုးတိုးရေရွတ် ကျန်ခဲ့ပါ့။ သူ့အသံမှာ စိတ်တိုင်းမကျသံရော ရယ်ချင်သံတစ်ဝက်ရော ပါတယ်။
ဆိုကာမှ Mentoes bro အိမ်ကို လာလည်တုန်း သူ့အကြောင်း ကျွန်တော်သိထားသမျှ info ကို ဖြည့်စွက်ဖော်ပြပေးရဦးမယ်။ အစ်ကိုပိုင်သုရဲ့မိဘတွေက သူငယ်ငယ်ကတည်းက နိုင်ငံခြားရောက်သွားကြပေမယ့် သူက အလိုလိုက်တဲ့ နှစ်ဖက်အဘိုးအဘွားတွေနဲ့ ကြီးလာတယ်။ အရွယ်ရောက်လာလေလေ ပြန့်ကားလာတဲ့ သူရဲ့ friend zone ကြီးထဲက အပေါင်းအသင်းတွေကို မခွဲနိုင်လို့ဆိုပြီး အဖေအမေက ဘယ်လောက်ခေါ်ခေါ် သူနေချင်သလိုနေလို့ရတဲ့ဆီမှာ ဆက်နေနေတာပေါ့လေ။ "ဒီအရွယ်ကြီးထိ ဘိုးဘိုးမြေး ဘွားဘွားမြေးလေးလုပ်မနေဘဲ တစ်ယောက်တည်းနေတတ်သွားတာ တော်ပါသေးရဲ့" လို့ တစ်ခါက ဟိန်းသူရပြောတာ ကြားဖူးတာပါ။
တစ်ဦးတည်းသောသားတွေရဲ့ လော့ဂျစ်ပဲလားတော့မသိ။ သူ့အကြောင်းကလည်း ကျွန်တော့်အမျိုးထဲက တစ်ယောက်ယောက်နဲ့ သိပ်မကွာခြား။ ဘာမဆို မိဘအသိုင်းအဝိုင်းဆီက လိုတိုင်းတတိုင်းရပေမယ့် သူ့ဟာသူနေတော့ တကယ့်ဖြစ်သလို။ Mentoes ဘူးတွေ၊ ကြက်ဥနဲ့ အသင့်စားစားစရာဘူးတွေကလွဲ တခြားမရှိတဲ့ ရေခဲသေတ္တာ၊ ကွန်ပြူတာသိပ္ပံကျောင်းသား ဆိုပေမယ့် PC အသစ်မ၀ယ်ဘဲ လှည့်သုံးတာက သူကလိနေတဲ့ Acer outdated version တွေ။ အစွဲအလမ်းကြီးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အာပြဲနေတဲ့ Kenbo 125 ဆိုင်ကယ်အဟောင်းကြီးကို မလဲဘဲစီးခဲ့ဖူးရာက ကျွန်တော်တို့ လက်ဝါးသိုင်းဘဟိန်းလေးနဲ့တွေ့ဖို့ ဖန်လာခဲ့တာတော့ သူ့ကံက ကောင်းတာလား ဆိုးတာလား ကျွန်တော်လည်း မပြောတတ်ဘူး။
ဧည့်မခံတတ်တဲ့သူကို ညွှန်ကြားပြီးတဲ့နောက် ကြောင်တွေတစ်ဖက်နဲ့ဟိန်းသူရကပဲ အိမ်ရှင်လုပ်ပြီး ကျွန်တော်တို့ကို ဧည့်ခန်းခေါ်တယ်။ ကျွန်တော်လည်း သူခေါ်တဲ့နောက်ကို ကိုကို့ရှေ့ကနေ လျှောက်လာခဲ့တယ်။ ဂေဟာထဲ ၀င်လာတာနဲ့အမျှ ဟိုကပေါ်လာ ဒီကခုန်ဆင်းလာနဲ့ မစ်ရှင်ကိုယ်စီရှိနေတဲ့ နင်ဂျာအဖွဲ့တွေအတိုင်း အလုပ်များနေကြတဲ့ သူ့ရဲ့ချစ်သားလေးတွေကို ရှောင်ရင်းကွင်းရင်းပေါ့။
အမှန်အတိုင်းပြောရရင် အမှတ်စဉ် ၁၄ ထိရှိတဲ့ ဒီကြောင်ဂေဟာက ကျွန်တော့်အစ်ကိုဝမ်းကွဲရဲ့ တစ်ပင်တိုင်ကြွက်သိုက်ထက်တော့ အများကြီးသပ်ရပ်သန့်ရှင်းတယ် ဆိုရမယ်။ တိုက်ခန်းကိုက ပိုပြီး နေရာကျယ်တာရယ်ကြောင့်တင်မဟုတ်ဘူးပြောရမယ်။
Flat TV ရဲ့ ရှေ့တည့်တည့်က ဖန်စားပွဲနဲ့ ဆိုဖာတွဲပတ်လည်ကလွဲရင် ဟိုထောင့်ဒီထောင့်တွေမှာ ကြောင်ပစ္စည်းတွေ ဟိုတစ်စုဒီတစ်စုရှိနေလျက်နဲ့ကို သူနေ့ရာနဲ့သူက အမြင်ရှင်းလင်းနေတာ။ ပိုင်ရှင်ကတော့ နေပါစေ... ဂေဟာမှူးက အထိန်းသိမ်းတော်လို့ လို့ပဲ ပြောရမလား။ ကျန်တာနောက်ထား သန့်ရှင်းမှုပထမလုပ်တတ်တဲ့ ကိုကိုကိုယ်တိုင်က ဟိန်းသူရကြောင်နှိုက်နေတဲ့ ကော်ဇောပေါ်မှာပဲ သက်သောင့်သက်သာ ၀င်ထိုင်နေတယ် ဆိုတော့လေ။ Cat allergy ရှိတဲ့သူအတွက်တော့ ကော်ဇောပေါ်နဲ့ နေရာအနှံ့က ကြောင်မွေးတွေက တော်တော်ဒုက္ခပေးမှာပဲ။ ကိုကို့ကိုတောင် ကြောင်နဲ့ဓာတ်မတည့်တဲ့သူ မဟုတ်လို့သာ ခေါ်လာရဲတာ။
ကျွန်တော်နဲ့ကိုကို နှစ်ယောက်သား တိုက်ခန်းတစ်ခုလုံးမှာ နေရာယူထားတဲ့ အရွယ်စုံဆိုဒ်စုံ အရောင်စုံ ကြောင်တွေကို ငေးနေတုန်း ကြောင်ပေါက်စနတွေတစ်ဖက်နဲ့ ဟိန်းသူရက ကိုကို့ကိုလှမ်းအကဲခတ် အသာချောင်းဟန့်ရင်း...။
"အစ်ကို ဆေးရုံဆင်းလာတာက ဒီနေ့မှမလား...
ဟို... အခုရော နေရထိုင်ရတာ သက်သာလာပြီလား..."
"အင်း... အရင်လောက်တော့မဟုတ်ပေမယ့် အဆင်ပြေပါတယ်"
"အက်စီးဒန့်ဖြစ်ကတည်းက လင်းခန့်ကိုတော့ ကျွန်တော်... မေးဖြစ်ပါတယ်... ဟိုအမွှာနှစ်ယောက်လည်း ကျွန်တော့်ဆီ ဖုန်းဆက်ပြီး မေးကြတယ်၊ လင်းခန့်က သူတို့ကို ငေါက်လို့တဲ့..."
"အဲ့တော့ မင်းကပါ ဟောက်လွှတ်လိုက်ရောလား..."
"နည်းနည်းပေါ့... လင်းခန့် မင်းလည်း ဆေးရုံဆင်းကာစလူကို ကောင်းကောင်းနားခိုင်းဦး... ဘေးကနေ အာရုံနောက်မနေနဲ့..."
"ငါကနားခိုင်းတယ်၊ ကိုကိုကသာ နောက်အပတ်ထဲ စာပြန်သင်ဖို့လုပ်နေလို့ မနည်းတားထားရတာ..."
"အဲ့တာကတော့... ကျွန်တော်ဝင်ပြောရရင်...
ကိုယ့်ခန္ဓာကိုယ်အကြောင်းကို ကာယကံရှင်က ကျွန်တော်တို့ထက် ပိုသိမှာဆိုပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် အတင်းဖိအားမပေးတာ ကောင်းမယ်ထင်တယ်၊ သေရေးရှင်ရေး အခြေအနေကနေ ခက်ခက်ခဲခဲ နာလန်ထလာရတာမလား... ကံမကောင်းခဲ့ရင် ကျွန်တော်တို့အခုလို စကားထိုင်ပြောဖို့ ရှိလာပါ့မလားတောင် မသိဘူးလေ..."
ဟိန်းသူရစကားမှာ ကျွန်တော်ရောကိုကိုပါ အတွေးကိုယ်စီ ဖြတ်သွားရင်း တစ်ခုခုဆင်ခြင်နေမိကြတယ်။
"ကျွန်တော်စကားပြောတာ များသွားပြီလားမသိ..."
ကိုကိုက အသာခေါင်းခါရင်း အလိုက်သင့်ပြုံးလျက် တုံ့ပြန်ပါတယ်။
"မဟုတ်ပါဘူး... စိုးရိမ်ပေးတာ ကျေးဇူးပဲ...
ငါ ဂရုစိုက်ပါ့မယ်"
ခဏတာ လေထုငြိမ်ဆိမ်သွားတဲ့နောက်...။
"ဟိန်းလေးရေ... ငါရှာတာ Oreos နဲ့ စတော်ဘယ်ရီယိုဘူးပဲ တွေ့တယ်... ဟိုနေ့က ၀ယ်လာတဲ့ ပေါင်မုန့်နဲ့ ကော်ဖီထုပ်တွေက ဘယ်ရောက်သွားတာလဲ..."
နောက်ခန်းထဲကထွက်လာတဲ့ ဂေဟာပိုင်ရှင်ရဲ့ အသံသဲ့သဲ့။
"မီးဖိုစင်အထက်က ဗီရိုကို ဖွင့်လိုက်..."
ဟိန်းသူရက ကြောင်ပေါက်လေးနှစ်ကောင်ကို ကျွမ်းကျွမ်းကျင်ကျင် ဆေးထိုးပေးရင်း အသံပါဝါကောင်းကောင်းနဲ့ ပြန်ဖြေတယ်။ သိပ်မကြာဘူး။ ပစ္စည်းပြုတ်ကျသံတွေနဲ့အတူ...။
"အောင်မလေးဗျ! ခြေမပေါ်ကျတာ... အားလားလား..."
အော်သံနောက်မှာ အနားကတစ်ယောက်ဆီက သက်ပြင်းချသံ အကျယ်ကြီးလည်း လွင့်လာလေရဲ့။
"ဒီပိုင်သုကတော့..."
ဆရာသမားဟာ ရေရွတ်ရင်းနဲ့ ကြောင်တွေကိုချပြီး ကပျာကယာ ထသွားတယ်။
"ရှေ့နားမှာတင် တင်ထားတာကို ဘယ်အထိ ဆွဲနှိုက်လိုက်တာတုန်း... ဘာဖြစ်သွားသေးလဲ..."
"အား... ဘာမှတော့မဖြစ်ဘူး... နို့ဆီဘူး ခြေမပေါ် ပြုတ်ကျတာ နည်းနည်းတော့ အီသွားတယ်"
"သေလေ... အမြဲတမ်းနမော်နမဲ့နဲ့၊
နောက်ဆို မခိုင်းတော့ဘူး ခင်ဗျားကို...
ဖယ်တော့... ကျွန်တော်ပဲ လုပ်လိုက်တော့မယ်"
"ဟီး... ဆောရီး..."
သူတို့ရဲ့ဆူပွက်ဆူပွက်ကို နားစွင့်ရင်း ကျွန်တော်ခွီနေတုန်း အနားက ကြောင်သံကြားတာကြောင့် လှည့်ကြည့်လိုက်မိတော့ ဟော... ခြေဆွတ်လက်ဆွတ်နဲ့ မျက်လုံးညိုညိုရှိတဲ့ ကြောင်ဝါကောင်ဟာ ကိုကို့ပေါင်ပေါ်ကို ပိုင်စိုးပိုင်နင်း တက်ထိုင်နေလိုက်တာ။
[A/N *ခြေဆွတ်လက်ဆွတ် - ကိုယ်လုံးမှာ အခြားအရောင်ဖြစ်ပြီး ခြေလက်ကလေးများသာ ဖြူဆွတ်နေတတ်သော ကြောင်/ခွေးများကို ခေါ်သည့်အသုံး]
"မြောင်..."
"အဲ... သူ့နာမည်က မြေပဲလေးတဲ့ဗျ၊
အစောဆုံးလေးကောင်ထဲက နံပါတ်လေး..."
ထော့ကျိုးထော့ကျိုးနဲ့ ထွက်လာတဲ့ အစ်ကိုပိုင်သုက TV ရှေ့ စားပွဲထောင့်နားဝင်ထိုင်ရင်း ပြောတယ်။ ကိုကိုကတော့ သူပေါင်ပေါ်က မြေပဲကောင်နဲ့ မျက်လုံးချင်းဆုံလို့။ မလှုပ်မယှက်။
"ကိုကို ကြောင်မချစ်တတ်ဘူးမလား... ကျွန်တော့်တာဝန်ထား... ဒီကောင့်ကို အခုချက်ချင်း ဖယ်ပေးမယ်"
"မဖယ်နဲ့ "
"ဗျာ..."
"နေပါစေ... သူ့မျက်လုံးတွေကို ငါသဘောကျတယ်"
သူ့ကို စိုက်ကြည့်နေတဲ့ကြောင်ရဲ့ ခေါင်းကလေးကို အသာပွတ်သပ်လိုက်ရင်း သဘာဝကျစွာ ကွေးညွတ်သွားတဲ့ နှုတ်ခမ်းထောင့်တွေ...။
ခဏလေး... ကျွန်တော့်မျက်လုံးတွေကိုရောဟင်...။
ရှေ့နားကို လေးဘက်သွားဝင်ရင်း အဲ့လိုမေးလိုက်ချင်တာပါပဲ။
ကိုကိုနဲ့ကြောင်မြေပဲရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ကျွန်တော်လက်ယားခြေယားဖြစ်နေတုန်း ကြောင်သခင်ဟိန်းသူရက လင်ဗန်းလေးသယ်ပြီး မီးဖိုခန်းထဲက ထွက်လာတယ်။
"ကော်ဖီဆို အဆင်ပြေလားမသိဘူး၊ ကျွန်တော်တို့ ဈေးဝယ်မထွက်ရသေးလို့ ဧည့်ခံစရာသိပ်မရှိတာနဲ့... အားနာလိုက်တာ "
"အားမနာပါနဲ့... ငါက ဧည့်သည်မှမဟုတ်တာ..."
"မင်းကရေပဲသောက်လည်းရတယ်...
အစ်ကိုအယ်လ်ခွန်းကို အားနာတာ"
အဲ့လိုပြောမှာသိတာပေါ့။ ကျွန်တော်လည်း ဒါမျိုး ပြောနေကျပဲ။
ကော်ဖီနဲ့မုန့်ကို စားပွဲပေါ်ချပေးပြီးတဲ့နောက် ကိုကို့ပေါင်ပေါ်က သူ့ကြောင်ကိုမြင်တော့...။
"မြေပဲလေး ဒီကိုလာခဲ့...
ဧည့်သည်ကို သွားနှောင့်ယှက်မနေနဲ့လေကွာ..."
"အနှောင့်အယှက်မဖြစ်ပါဘူး... ရပါတယ်"
ကိုကိုက သူအဆင်ပြေကြောင်းပြောရင်း ကြောင်ကိုဆက်ပြီး ပွတ်သပ်ပေးနေတယ်။
"သူ အစ်ကို့ကို သဘောကျတယ်ထင်တယ်... သူတို့အကြီးဆုံးလေးကောင်လုံးက ကြီးကြီးကျယ်ကျယ် နိုင်ကြပေမယ့် သူက လူနားမကပ်ဆုံးပဲ... အခုလည်း တစ်မနက်လုံးပျောက်နေပြီး ဘယ်နယ်လှည့်နေလဲမသိဘူး၊ အခုမှ တွေ့ရတာ..."
"သူဘယ်နှစ်နှစ်လဲ..."
"လွန်ခဲ့တဲ့နှစ်နှစ်ကျော် တစ်လသားသာသာလေးတွေတုန်းက သူတို့လေးကောင်ကို ခေါ်မွေးခဲ့တာဆိုတော့ နှစ်နှစ်ခွဲပါ၊ ဟုတ်..."
"မှတိမိသေးတယ်... အဲ့တုန်းက လမ်းသွားလမ်းလာငါ့ကို ကြောင်တွေလန့်အောင်လုပ်လို့ဆိုပြီး ခေါ်ငေါက်ရင်းနဲ့
အဲ့ကြောင်ပေါက်လေးကောင်ထိုးပေးပြီး ဇွတ်မွေးခိုင်းတာလေ..."
ကြားထဲ ဖြတ်ဝင်လာတဲ့လေသံက အစ်ကိုပိုင်သု။
"ဘယ်သူကဇွတ်မွေးခိုင်းလို့လဲ... ကျွန်တော် တစ်ခါပဲပြောတာ ခင်ဗျားဘာသာ မငြင်းဘဲ ယူသွားတာလေ"
"အဲ့ဒါက မင်းကိုကြောက်... အဲ... ကြောင်တွေရော မင်းရောက ချစ်စရာကောင်းနေတာကိုးလို့..."
"ဖတ်... ဗလောင်းဗလဲမလုပ်နဲ့ ခင်ဗျား..."
"အေးပါ၊ မလုပ်ရဲပါဘူး ဟိန်းလေးရာ... ဟီးဟီး..."
ဒီအစ်ကိုပိုင်သုက တရုတ်ပြက္ခဒိန်အရ မြင်းနှစ်ဖွားများလားလို့ ကျွန်တော်တွေးမိလာတယ်။ ကျောအချခံရတာတောင် တဟီးဟီးလုပ်နိုင်သေးတယ်ဆိုတော့ကာ။
သူ့လူနဲ့ထုံးစံအတိုင်း လင်ကွင်းခြမ်းရိုက်ပြီးတဲ့နောက် ဟိန်းသူရက သူ့အလုပ်သူဆက်လုပ်ဖို့ရာ လိမ့်လိမ့်လိမ့်လိမ့်နဲ့ လျှောက်သွားနေတဲ့ နံပါတ် ၁၃၊ ၁၄ နဲ့ ဆေးထုပ်တွေကို သွားကောက်လာတယ်။ နံပတ် ၄ မြေပဲကောင်ကတော့ ကိုကို့ပေါင်ပေါ်က ဆင်းသွားပြီးတဲ့နောက် ခြေထောက်နားမှာ ခွေနေလေရဲ့။ နေရာအားသွားတာနဲ့ ကျွန်တော်လည်း ကို့ကို့နား ခေါင်းဝင်တိုးမယ် ကြံလိုက်မိတယ်။ အချိန်ကိုက်ပဲခင်ဗျာ။ ဆိုဖာခုံအောက်ကနေ ထွက်လာပြီး အသံမပေးဘာမပေးနဲ့ သူ့အပေါ် တက်လာပြန်လာတာက...။
"ညောင်..."
"ဟော လာပါပြီဗျာ... လင်းခန့်... ဒါက ငါမင်းကိုပြောဖူးတဲ့ နိုကိုဥလေးလေ... ဒီပေါက်စနှစ်ကောင်မရောက်ခင်ကတော့ အားလုံးထဲ သူက တစ်ကောင်တည်းသော အဖြူလေးပေါ့... အငယ်ဆုံးနှစ်ကောင်ထက် နှစ်လကြီးတယ် ဒီကောင်က ၅လသားလေး..."
သွားစမ်းပါ... သူဘာမြေအောင်းဥလဲ စိတ်မ၀င်စားဘူး။ ကျွန်တော်ပြောချင်တာ အဲ့ဒီ ၅ လသားက ကိုကို့လက်ပေါ်ရောက်နေပြီဗျ။ ဟိုကလည်း ဆင်းခိုင်းမယ့်ပုံ လုံးဝမပေါ်ဘူး။ နူးနူးညံ့ညံ့ ကိုင်တွယ်နေလိုက်တာ။
ဒါက ဘယ်နှယ့်ဖြစ်ရတာလဲ။ ကိုကိုက တကယ်ပဲ ခွေးတွေထက် ကြောင်တွေကို ပိုချစ်တာလား။ မဖြစ်နိုင်ဘူး။
ကျွန်တော် emotional damage တွေ ရနေတုန်းမှာ ဘေးနားကနေ ပူညံပူညံဖြစ်နေကြတာက ဟိုနှစ်ယောက်။
"ပိုင်သု... ကျွန်တော် ခင်ဗျားကို အ၀တ်ဗီရိုရှင်းဖို့ပြောထားတာ ရှင်းပြီးပြီလား..."
"အဲ... အဲ့ဒါက အ၀တ်တွေတော့ အကုန်ထည့်ပြီးပြီလေ..."
"ထိုးသိပ်ထည့်ထားတာမလား"
"ဟီးဟီး..."
"ရယ်မနေနဲ့... ကျွန်တော်မပြန်ခင် ပြီးအောင်ရှင်း ၊
မနက်ကျမှ အ၀တ်အစားရှာရင်း ခင်ဗျားပစ်ချထားတဲ့ အ၀တ်ပုံထဲ ပိနေတဲ့ကလေးတွေကိုပါ အမှုမဲ့အမှတ်မဲ့နဲ့ ဗီရိုထဲထည့်ပိတ်ခဲ့တာမျိုး ထပ်လုပ်ရင် လာရိုက်မှာ..."
"အေးပါ... ငါသိပါတယ်၊ ဟိန်းလေးကလည်း စိတ်ချည်းပဲ...
ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါရနေမှခက်..."
"ခင်ဗျားသာ ကြီးကောင်ကြီးမားနဲ့ ဆယ်နှစ်သားလုပ်မနေရင် ကျွန်တော်လိုက်ပြောနေစရာတောင် မလိုဘူး၊ နားလည်လား..."
"ဟုတ်ကဲ့၊ နားလည်ပါပြီ မေမေ..."
"ဖတ်... ဖောင်း..."
"ပြောင်ချင်သေးလား... ဟမ်..."
"ဟင့်အင်း... မပြောင်တော့ဘူး... ခုဏကထိအေးနေတာ၊ အခုကျောပူသွားလို့ နေလို့ကောင်းသွားပြီ ဟီး..."
"တည်တည်ငြိမ်ငြိမ်လေးနေစမ်းပါ ပိုင်သုရာ...
ဧည့်သည်ရှေ့ထားပြီး ဆူညံနေရတယ်၊ အစ်ကိုအယ်လ်ခွန်းကို အားနာလိုက်တာ..."
နေပါစေ... အားနာမနေပါနဲ့တော့ ငါ့ကောင်ရာ။ နတ်ဖက်တဲ့အတွဲဆိုတာ ဧည့်သည်ရှိလည်း ရန်ဖြစ်ကြတာပဲ။ ပတ်ဝန်းကျင်ကိုမေ့တဲ့အထိ ချစ်ကြမယ်တို့ ဘာညာသတကာတို့။
သူကသာပြောနေ... ကိုကိုကဖြင့် ငါးလသားကြောင်တစ်ကောင်ကို ပေါင်ပေါ်တင်လျက်နဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ် ကော်ဖီသောက်နေတာ အိနြေ္ဒကိုရလို့။ ကျွန်တော်တစ်ဖက်စောင်းချစ်ရတဲ့ ကျွန်တော့်ဆရာအကြောင်း ကျွန်တော်ပဲ ကောင်းကောင်းသိတယ်။ ဒီပုဂ္ဂိုလ်က သူ့ဘေးနား ကမ္ဘာပျက်နေတောင် မူပျက်မှာမဟုတ်ဘူး။
ပေါက်စနလေးနှစ်ကောင်ထက် နည်းနည်းပဲထွားတဲ့ ကြောင်ပေါက်လေးက ကိုကို့ပေါင်ပေါ်မှာနေရင်း မာဖလာဖြူပေါ်က နီနီရဲရဲစာလုံးလေးတွေကို လက်ကလေးနဲ့ လှမ်းပုတ်နေတယ်။
'တွေ့လား... အဲ့ဒါ ငါ့နာမည်...
မင်းတက်ထိုင်နေတဲ့လူက ငါ့ကိုကိုကွ...' ။
ကြောင်တွေ တယ်လီပသီမတတ်မှန်း သိပါတယ်။ ဒီအတိုင်း စိတ်ထဲက ပြောကြည့်တာ။ တစ်ယောက်တည်း မစ္ဆရိယပွားရင်းနဲ့ အဲ့ဒီနိုကိုဥဆိုလား ပိန်းဥဆိုလား ၅လသားကြောင်ကို မျက်လုံးပြူးကြည့်လိုက်တော့ ပေါက်စက ကျွန်တော့်ကိုတောင် ပြန်ပြူးကြည့်နေလိုက်သေး။ တကယ့်ကောင်... သူ့ကိုယ်သူ အခွင့်ထူးခံနေရမှန်းလည်း မသိဘူး။
ကျွန်တော် ကြောင်တွေကို တိတ်တခိုးစိတ်ယားနေတုန်းမှာ ကြောင်နှစ်ကောင်ကို ဆေးထိုးဆေးတိုက်နေတဲ့ တစ်ယောက်ရယ် ကြောင်တစ်ကောင် ပေါင်ပေါ်တင်လျက် တိုက်ခန်းထဲမှာ သွားလာနေတဲ့ တခြားကြောင်တွေကိုငေးနေတဲ့ တစ်ယောက်ရယ်ကတော့ အချင်းချင်း စကားစမြည်ပြောဖြစ်ကြတယ်။ ကိုကိုကစပြီး သူ့သိချင်စိတ်ကို ဖော်ပြလာတယ်ပေါ့။
"ကြောင်လေးတွေက အကုန်လုံး စွန့်ပစ်ခံရတဲ့ ပိုင်ရှင်မဲ့ကြောင်တွေလား..."
"ဟုတ်... တစ်ချို့က ပိုင်ရှင်တွေ မမွေးနိုင်လို့ အမှိုက်ပုံးတွေနား လာပစ်ခံထားရတာ၊ တစ်ချို့က အမေမရှိတော့တဲ့ လမ်းဘေးကြောင်လေးတွေ..."
"ဪ..."
သူ့ပေါင်ပေါ်မှေးနေတဲ့ နိုကိုဥလေးကို လက်နှစ်ဖက်နဲ့ ကောက်ယူကိုင်ရင်း အာမေဍိတ်ရှည်ရှည်ပြုလိုက်တဲ့ တစ်စုံတစ်ယောက်။
"ကျွန်တော်က... တွေ့သမျှကိုတော့ ခေါ်မမွေးပါဘူး၊ အရွယ်ရောက်နေပြီးသား ကြောင်တွေက သူဟာသူ ကျင်လည်တတ်ပေမယ့် မိဘမရှိတဲ့ နှစ်လသုံးလသားသာသာလေးတွေကကျ အရမ်းငယ်သေးတော့ ကိုယ်တိုင်လည်း ဘာမှရှာမစားတတ်ဘူးလေ..."
"အင်း..."
"လမ်းသွားလမ်းလာတွေကလည်း မြင်သာမြင်တာ အာရုံမစိုက်နိုင်ဘူး၊ သနားပေမယ့်လည်း ဘယ်သူမှတကယ် တာဝန်မယူနိုင်ဘူး၊ ပြီးတော့... ရာသီဥတုနဲ့ ကျီးတွေ၊ ခွေးတွေရန်နဲ့ရောဆိုတော့ သေကုန်ကြမှာစိုးတာနဲ့..."
ဟိန်းသူရက အစပိုင်း ကိုကိုနဲ့စကားပြောဖို့ တွန့်နေသေးပေမယ့် သူ့ကြောင်တွေကိစ္စဆိုတော့ လျှာသွက်လာတယ်ထင်ရဲ့။ ကိုကိုက အင်းပဲ တုံ့ပြန်ပေမယ့် စိတ်ဝင်တစားနားထောင်ပေးနေတော့ သူလည်း တစ်ခုပြီးတစ်ခုကို ပုံမှန်အသံထက် နည်းနည်းနိမ့်တဲ့အသံနဲ့ ကောင်းကောင်းပြောပြလာတယ်။
"အစ်ကို့လက်ထဲက ကလေးဆို မိုးထဲရေထဲက ကောက်လာတာလေ... သူ့အမေက ကားတို့ ဆိုင်ကယ်တို့ ယာဉ်တစ်စီးစီးနဲ့တိုက်မိပြီး သေသွားရှာပုံပဲ... ကျွန်တော်တို့တွေ့တော့ သူက သွေးအလိမ်းလိမ်းနဲ့ သူ့အမေနားမှာ အော်နေတာ၊ ဒါနဲ့ ကြောင်မကြီးကို မြုပ်ပေးခဲ့ပြီး သူ့ကိုခေါ်လာခဲ့လိုက်ရော... ဒီကောင်လေးလည်း အတော်ဆေးကုလိုက်လို့ မနည်းအသက်ရှင်လာတာရယ်..."
"အင်း..."
ကိုကိုက သူ့လက်ထဲက အဖြူလုံးလေးကို အားမပါဘဲ အသာဖျစ်ညစ်လိုက်တယ်။ ကြောင်ဖြူလေးက ကို့ကို့လက်ထဲမှာ သူ့ခန္ဓာကိုယ်လေးကို လူးလွန့်လို့။ ဆွယ်တာလက်အဖျားကို သူ့သွားချွန်လေးနဲ့လှမ်းကိုက်တော့ အဖြူရောင်အ၀တ်အစားတွေနဲ့ အဲ့ဒီလူသားဟာ မှန်ပါးလေးအောက်က မျက်ဝန်းနက်တွေ လဲ့သွားအောင် ရယ်လေရဲ့။ ရှားရှားပါးပါး။
ဒီဆောင်းမနက်မှာ ကြောင်ကလေးက ဖြူသလား... နှင်းတွေကဖွေးသလား... ဆွယ်တာဖြူလေးနဲ့တစ်ယောက်ယောက်ရဲ့ အပြုံးတွေကပဲ စင်ကြယ်နေသလား... ပြောမပြတတ်တော့ပါဘူး။
"ဟူး... နာမှာစိုးလို့ ဖြေးဖြေးချင်းလုပ်ပေးနေတာ အခုမှပဲ ပြီးတော့တယ်၊စိမ်းစားဥလေးရော အာတာလွတ်ဥလေးရော လိမ္မာလိုက်တာကွာ... ငြိမ်ငြိမ်လေးဆေးသောက်ကြတယ်၊ မကြာခင် နေကောင်းသွားမှာနော် ကိုကို့ကလေးလေးတွေ..."
ကျွန်တော်ကိုကို့ကို ငေးနေမိသလိုပဲ တစ်နေရာတည်းကို ဆုံချက်ချနေတဲ့ ကျွန်တော့်လိုလူတစ်ယောက် ရှိနေပါသေးရဲ့။ ကျွန်တော့်ဘေးနားထိုင်ရင်း Mentoes ဘူးလေးလှုပ်နေတဲ့ အစ်ကိုပိုင်သုအကြည့်တွေက ကြောင်တွေနဲ့ဆို တခြားလူဖြစ်သွားတဲ့ သူ့ဆိုင်းဆရာလေးဆီ။ စကားတစ်လုံးစီတိုင်း အက်ခိုးရိုက်အောင် ရွတ်နေကျလူက သူ့ကြောင်တွေနဲ့ကျ အမေဖြစ်သူကသူ့သားလေးကို အိပ်ရာဝင်ပုံပြင်ပြောတဲ့လေသံ ဖြစ်နေတာကိုး။
"အစ်ကိုပိုင်သု..."
"အေး..."
"ကျွန်တော် တွေးမိတာ... လူသားတွေရဲ့အကောင်းဆုံးအဖော်မွန်က ခွေးတွေပါဆိုပြီး တကယ်တမ်း ပစားပေးခံရတော့ ဘာလို့ ဒီအသံပေါင်းတစ်ရာထွက်တဲ့ ပလီပလာကြောင်ကောင်တွေပဲ ဖြစ်နေတာလဲ... ဒါကြီးက မတရားသလိုပဲဗျာ..."
"အဲ့သလိုပြောကြေးဆို သမိုင်းမတင်မီခေတ်ကတည်းက ကျောအချခံပြီး တာဝန်ထမ်းလာတဲ့ မြင်းတွေအတွက် တရားမျှတမှုကရော..."
"ကျွန်တော်တော့ ကြောင်တိုင်းကို ဘေးအိမ်ကကြောင်ဝါကြီးလိုပဲ အောက်မေ့တယ်... အားလုံး ငါးကြော်သူခိုးတွေ..."
"ငါးက အစကတည်းက သူတို့အတွက် ကြော်ပေးထားတာလည်း ဖြစ်နိုင်တာပဲလေကွာ..."
"..."
နှစ်ကိုယ်ကြား ခံစားချက်ဖော်ထုတ်ပြီးတဲ့နောက်မှာတော့ ကြောင်ကိုယ်စီ ရင်ဝယ်ပိုက်လျက်နဲ့ ကြည်ကြည်လင်လင် ပြုံးနေကြတဲ့ မိမိတို့ရဲ့ သက်ဆိုင်သူနှစ်ဦးကို တစ်ဖန်ပြန်ငေးရင်း ပြိုင်တူသက်ပြင်းချသံရှည်ကြီး ထွက်လာခဲ့လေသတတ်။
______________________________________
To be continued...
ဒီအပိုင်းကတော့ ကြောင်ဂေဟာ excursion ဖြစ်ပါတယ် ฅ^•ﻌ•^ฅ
💖💖💖
ဘေဘီခန့်ဘီလိုက်ခ် : ချစ်ရည်ရွှန်းတဲ့ ဒီမျက်ဝန်းလေးတွေကိုလည်း လှည့်ကြည့်ပါဦး ကိုကိုး (ʘᴗʘ✿)
ထိုစဉ် ကြောင်ဂေဟာမှစာရောက်လာ 📩
အကြောင်းအရာ : မျက်စိအောက်ကအပျောက်မခံ တစ်ချိန်လုံး ပြုစုပေးနေရတဲ့ ခွေးပေါက်လေးတစ်ကောင်လုံးကိုကျ ပြောမှခေါင်းပုတ်ပေးပြီး အခုမှတွေ့ဖူးတဲ့ကြောင်ကိုကျ မညောင်ရပါဘဲ ပေါင်ပေါ်တင်ကာပွတ်သပ်ပေးခြင်း 😼
Shiba Khant after reading the mail above : ဒီဒဏ်ရာများ လူတွေမသိနိုင်တယ်
Also ကြေကွဲရှီဘာ : ကိုကိုကယ်ရင် လွတ်မြောက်ခွင့်ရမယ့် အချစ်ပါကွယ်🎶 ကိုကိုကယ်ရင် လွတ်မြောက်ရမယ့် အချစ်ပါကွယ် TT 🎶
ရှီဘာခန့်ကို သနားရင်
#justiceforkyaykwaeshiba လို့ trend ပေးကြပါ (~‾▿‾)~
Novella✒️