❄️❄️❄️
နာမည်ခေါ်သံကြားရပြီး မရှေးမနှောင်းမှာပဲ ကျွန်တော့်ဆံပင်တွေကို ဖိပုတ်လိုက်တဲ့ လက်ချောင်းတွေရဲ့ အတွေ့တစ်ခုကို ခံစားမိတယ်။ ချော့သိပ်နေတာလား နှိုးနေတာလား မသဲကွဲအောင် ခေါင်းကိုပုတ်နေပုံက အသာအယာလေး တစ်ချက်ချင်း။ ပြီးတော့ ထပ်ပြီး ကြားရပြန်တယ်။ တစ်လောကလုံးမှာ တစ်ဦးတည်းကပဲ ကျွန်တော့်အတွက်သုံးပေးလောက်မယ့် ခေါ်ပုံခေါ်နည်း။
"ခန့်ငယ်..."
ဒီအသံကို နှလုံးသွေးကြောတစ်ခုစီတိုင်းက မှတ်မိတယ်။ အကြားအာရုံကြောမဟုတ်ဘူးလားလို့ မမေးပါနဲ့။ ကျွန်တော်က ရင်ဘတ်ကြီးနဲ့ နားထောင်တာ။
ကြားခံနယ်ထဲက လှိုင်းတွန့်ငယ်လေးတွေ နားမှာ လာရိုက်ခတ်ပုံက ကြိမ်နှုန်းတစ်ခုစီကစ ညင်သာလွန်းတယ်။ ကျွန်တော် မျက်လုံးတွေကို လက်ခုံနဲ့ပွတ်ပြီး ခေါင်းမော့ကြည့်လိုက်တော့ အသံကရပ်သွားပြီး ခေါင်းပုတ်ပေးနေတဲ့ ခံစားမှုလည်းပျောက်သွားတယ်။ ဝေတေဝါးတားအာရုံထဲမှာ ပေါ်လာတာက ဖျော့တော့ပေမယ့် ကြည်လင်နေတဲ့ တစ်စုံတစ်ယောက်ရဲ့မျက်နှာ။ တစ်နေရာကနေ ရုတ်ယူလိုက်တဲ့ လက်တစ်သွယ်။ ပြုံးယောင်သမ်းနေရာက ပွင့်ဟလာတဲ့ သူ့နှုတ်ခမ်းပါးတွေ...။
"စာဖတ်တာနာရီဝက်ကြာရင် ငါ့ကိုသတိပေးမယ်ဆိုတဲ့သူက တစ်နာရီကျော်ကြာအောင် အိပ်ပျော်သွားရလား... အိပ်မက်ကောင်းမက်နေတာလား..."
"အွန်း... အိပ်မက်ထဲမှာ ကိုကို့အသံကြားရတယ်...
ကိုကိုက ကျွန်တော့်ကို ခန့်ငယ် လို့ခေါ်ပြီးနှိုးနေ..."
အဲ့သမှာ ရွေ့လျားလည်ပတ်နေတဲ့လေထုကြီး ခဏရပ်သွားတယ်။ ကြောင်စီစီမျက်နှာထားနဲ့ကျွန်တော်လည်း မျက်စိပွတ်နေတာ ရပ်သွားတယ်။ အဲ... ကျွန်တော့်ရှေ့ကတစ်ယောက်ကတော့ ပြုံးနေတာ မရပ်ဘူးခင်ဗျ။ ပိုတောင် နှုတ်ခမ်းထောင့်တွေကွေးလာသေး။
"ခဏ... ခုဏက...
ကျွန်တော့်ကိုစကားပြောနေတဲ့ အဲ့... အသံက..."
မျက်ဆံကလေးလည်ပြီး သူ့ကိုအတည်ပြုခိုင်းသလို ဝေ့ကြည့်လိုက်တော့ နှာသီးဖျားကနေ လေတစ်ချက်မှုတ်ထုတ်ပြီး ရယ်လိုက်ရင်း...။
"အရူးလေး... ငါစကားပြောနိုင်ပြီ"
တဲ့ ပြန်ဖြေတယ်။
အင်း...။ ဒီမဝဲတဝဲလေးက ဘယ်သူ့မဝဲတဝဲလေးမှ မဟုတ်ဘူး။ ကျွန်တော် ရင်ဘတ်ကြီးနဲ့ တစ်နှစ်နီးပါးနားဆင်လာတဲ့ မဝဲတဝဲလေး...။ အိပ်မက်မဟုတ်မှန်း အတည်ပြုပြီးတဲ့နောက် ချက်ချင်းပဲ ဒီအသံကို နောက်ဆုံးကြားခဲ့ရတဲ့ညတုန်းကလိုမျိုး ကျွန်တော့်မျက်ခမ်းစပ်မှာ ပူလာတယ်။
ကာယကံရှင်ဟာ သူအဲ့လိုပြောလိုက်ရင် ကျွန်တော်အခုလိုတုံ့ပြန်မယ်လို့ လုံးဝခန့်မှန်းမထားပုံပါပဲ။ လေသံကိုမြှင့်ပြီး မေးတယ်။
"ဘာဖြစ်တာလဲ၊ ဘာလို့ ငိုတာလဲ..."
"..."
"ခန့်ငယ်..."
ကျယ်ဝန်းနေတဲ့မျက်လုံးထဲမှာ အရည်ကြည်တွေ လျှံကျလျက် အကြည့်မလွှဲနိုင်သေးဘဲ အက်ကွဲနေတဲ့အသံနဲ့ တုံ့ပြန်လိုက်မိတဲ့ စကားသုံးလုံး။
"နောက်တစ်ခေါက်..."
ကိုကိုက အဲ့ဒီအစမရှိအဆုံးမရှိတဲ့ စကားသုံးလုံးကို သဘောပေါက်သွားပုံပါပဲ။ နောက်တစ်ခါ နာမည်ခေါ်လိုက်တဲ့အသံ လွင့်ထွက်လာတယ်။
"ခန့်ငယ်..."
အဲ့ဒီနောက်တော့ ကျွန်တော်ထရပ်ပြီး ဝေဝါးနေတဲ့ဆုံချက်ထဲက ဆေးရုံဝတ်စုံဖြူဖြူလေးကို ဝုန်းခနဲ ပခုံးကနေကျုံးဖက်လိုက်မိတယ်။ ထိုင်နေတဲ့သခင်ဆီ ခွေးကလေးတွေ ပြေးလာနှုတ်ဆက်သလိုမျိုး။ ဆယ်ကျော်သက်ကျွန်တော့်ထက်ပိန်သွယ်တဲ့ ကိုကို့ခန္ဓာကိုယ်ကို ကျစ်နေအောင်ပွေ့ယူထားရင်း တအီအီနဲ့ဖြစ်နေရတာ ပါးပြင်တွေလည်း စိုသထက်စို၊ ပူသထက်ပူလာလို့။ ကိုကို့လက်တွေက ကျွန်တော့်ကို တွန်းထုတ်ပစ်ရမယ့်အစား ကျွန်တော့်ကျောကို နှစ်သိမ့်သလို ပုတ်ပေးနေတာကိုလည်း ခံစားမိတယ်။ မျက်ရည်ပေါက်ကြီးတွေကြောင့် သူ့ပခုံးက အင်္ကျီသားလေးလည်း စိုကုန်ပါရော။ အဲ့ဒီပုံစံအတိုင်း စက္ကန့်ဘယ်လောက် ကြာသွားလဲမသိဘူး။ နောက်ကျောပြင်ကို စည်းချက်ကျကျ ပုတ်ပေးနေရာကနေ အားနည်းနည်းထည့်ပြီး ရိုက်လိုက်ရင်း ဒီလိုပြောလာမှ လွှတ်ပေးဖို့ သတိရတော့တာပဲ။
"ခန့်ငယ်... ငါပခုံးနာနေပြီ"
အသံကြားကြားချင်း ကမန်းကတမ်း လက်နှစ်ဖက်ကိုရုတ်လိုက်ရတယ်။ ဟုတ်သား...။ ပခုံးဆစ်ထိထားတဲ့ကိုကို့လက်ကို ဘာလို့တအားဆွဲညစ်နေမိတာလဲ။ ကျွန်တော့်ခေါင်းကတော့...။
ဆတ်ခနဲ ကိုယ်ကိုနောက်ယို့လို့ ဆောရီးသုံးလေးခါရွတ်ပြီးတဲ့နောက် သူ့ပခုံးကို အသာလေးထိလိုက်ရင်း...။
"ကျွန်တော်မေ့သွားတာ၊ ကိုကို အရမ်းနာသွားလား..."
ကိုကိုက အသာခေါင်းယမ်းပြရင်း ကျွန်တော့်လက်ကိုကိုင်ပြီး သူ့ပခုံးပေါ်က ဖယ်လိုက်တော့ ကျွန်တော် နှာရည်တွေကိုရှိုက်ယူလို့ မျက်နှာထားပြင်ပြောလိုက်တယ်။ နှာရည်တွဲလဲ ပြုံးဖြဲဖြဲလေးနဲ့။
"တွေ့လားကိုကို... ကျွန်တော့်ဟင်းချိုမှာ အချစ်တွေ ထည့်ချက်ထားလို့ ကိုကိုလည်ချောင်းမနာတော့တာ၊ စကားပြောရအဆင်ပြေသွားတာ ဟုတ်တယ်မလား..."
အဖြေမရပါ။ ရတာက စားပွဲပေါ်က သူဆွဲယူပေးတဲ့ တစ်ရှူးတစ်ရွက်။ ကျွန်တော်ရဲ့နှာသီးဖျားနီနီလေးဆီညွှန်ပြရင်း ကမ်းပေးနေတာ။
"ကျေးဇူး ကိုကို..."
ကျွန်တော်နှပ်ညစ်ပြီးတဲ့နောက် ပြန်ထိုင်လိုက်တော့
ကိုကိုက ဖြည်းဖြည်းစကားစလာတယ်။
"ငါအသံကောင်းကောင်းထွက်လို့ရတာ နေ့လည်ကတည်းက..."
"ဟင်... ဟုတ်လား..."
"အံ့ထူးမြတ်... မင်းကို ဖုန်းလှမ်းဆက်ဖို့ လုပ်ရင်း မပြောလိုက်ဘူးထင်တယ်"
"ကျွန်တော်ရောက်လာတော့ ကိုကို ကျွန်တော့်ကို စောင့်နေတယ်လို့ပဲ သူပြောတာ... ကိုကိုဘာလို့ ကျွန်တော့်ကို တန်းပြီး စကားမပြောတာလဲ... စကားပြောနိုင်နေပြီကို..."
"အချိန်မရလိုက်ဘူး... ငါဝင်ပြောဖို့ အရှိန်ယူနေတုန်းမှာပဲ မင်းက တစ်ခုပြီးတစ်ခု ဆက်ဆက်ပြောသွားလို့..."
"အဲ... အဲ့လိုလား..."
မျက်ခုံးပင့်စဉ်းစားလိုက်တော့ ကျွန်တော်လေပစ်နေတုန်းက ကျွန်တော့်ကို မကြာခဏ လှမ်းလှမ်းကြည့်တဲ့ ကိုကို့ပုံစံကို ပြန်တွေးမိလာရဲ့။ သေချာပြန်တွေးမိမှ အဲ့ဒီနှုတ်ခမ်းနှစ်လွှာက ပွင့်လာမလိုနဲ့ ပြန်ပြန်ပိတ်သွားရတာပဲ။
ကျွန်တော် မျက်ခုံးကို ပြန်ချလိုက်တယ်။
"အင်း... အဲ့လိုပဲနော်..."
ကိုကိုက တိုးတိုးဖြည်းဖြည်း ဆက်ပြောတယ်။
"တက်တက်ကြွကြွရှိနေတာနဲ့ ပြောပါစေဆိုပြီး နားထောင်နေလိုက်တာ၊ ပြောစရာကုန်တော့ မင်းက လူနားလာထိုင်ပြီး အိပ်ပျော်သွားရော...
ဒါနဲ့ ငါလည်း အိပ်ပါစေဆိုပြီး ထားလိုက်တယ်"
အမှန်တော့ ဘာမှမတုံ့ပြန်တာမဟုတ်ဘဲ သူ့မှာ ဘယ်လိုမျိုး ၀င်စကားစရမလဲ နေရာရှာနေခဲ့တာကိုး။ ကျွန်တော်ကလည်း
သူစာရေးမပြတာနဲ့ စကားပြောချင်စိတ်မရှိဘူးထင်ပြီး သူမပင်ပန်းရအောင် ကိုယ်ကချည်း စက်သေနတ်ပစ်တော့တာ။ အဲ့ဒါနဲ့ပဲ ကြက်တူရွေးဘိုးအေကျွန်တော့်ကို ကိုကိုက လေပန်းခွင့်ရော၊ အိပ်ခွင့်ပါ ဆက်တိုက်ပေးလိုက်ရတာပေါ့လေ။ ကိုယ့်အတွေးနဲ့ကိုယ် မချိသွားဖြဲလုပ်နေရင်း...။
"အခုမှအသံထွက်နိုင်ပေမယ့် ကိုကို့အသံက ပြောင်းမနေဘူးနော်... မပီမပြင်ဖြစ်နေမယ်ထင်နေတာ... ဘာပဲဖြစ်ဖြစ်ပါ... တစ်ပတ်အတွင်း ချောချောမွေ့မွေ့စကားပြန်ပြောနိုင်တာ တော်သေးတာပေါ့"
"အင်း..."
"စာရွက်ကဖတ်ရတာ တကယ်မကောင်းဘူးသိလား...
ကျွန်တော်က ကိုကို့အသံပဲ နားထောင်ချင်တာ၊ ကိုကို စကားပြန်ပြောနိုင်လာတာ တကယ်ကောင်းတယ်... ကျွန်တော့်မှာ ကိုကို့ကို မေးစရာတွေ အများကြီးရှိတယ်၊ အထူးသဖြင့် ဒီဇင်ဘာမှာ မေးရမယ့်တစ်ခုလည်း ရှိသေးတာ... အဲ့တစ်ခုက အရေးကြီးတယ်၊ ကိုကိုမှတ်မိလား... ကိုကိုနဲ့ကျွန်တော် sightseeing သွားခဲ့တဲ့ရက် ကျွန်တော့်ကို ကိုကို့အနားက နှင်လွှတ်လိုက်တဲ့ရက်က ကျွန်တော်တို့ သဘောတူညီချက် လုပ်ထားတယ်လေ၊ ဒီဇင်ဘာ ၁၉ ကျရင် ပြန်တွေ့ပြီး စကားပြောကြမယ်လို့..."
ကြာကြာမစဉ်းစားရဘဲ သူမှတ်မိကြောင်းခေါင်းငြိမ့်ပြပေမယ့် ဘာအဓိပ္ပာယ်မှန်းမသိတဲ့အပြုံးနဲ့ အကြည့်လွှဲသွားတဲ့ကိုကိုက
ဒီအတိုင်းတုံ့ပြန်တယ်။
"ဒါပေမယ့် အဲ့ဒီသဘောတူညီချက်က ပျက်နေပြီးသား..."
"ဗျာ... ဘာလို့လဲ..."
"မင်းက ဘယ်မှာ ရက်ပြည့်တဲ့ထိ ငါနဲ့ခပ်ဝေးဝေးနေပေးခဲ့လို့လဲ... ဒီတစ်လျှောက်လုံး ငါ့ဘေးမှာ ခွေးကလေးလို ကပ်နေခဲ့တာ မဟုတ်လား..."
အမှန်ပါပဲ။ နှစ်ပတ်ကျော်ကျော်လောက်ပဲ သူအနားကိုယ်ယောင်မပြဖို့ အောင်မြင်လိုက်ပြီး အခုတော့ အရင်ကထက်ကို နှစ်ဆတိုးလို့ ၂၄ နာရီ ၇ ရက်နေ့မပြတ်ညမပျက် ကော်လိုကပ်။
"ဟုတ်သား...
အဲ့တော့ ပျက်သလိုဖြစ်သွားတာပေါ့နော်"
"အင်း..."
"ဒါပေမယ့် ကျွန်တော်ကတိပျက်တာတော့ မဟုတ်ပါဘူးနော်... မထင်မှတ်ဘဲ ရက်မပြည့်ခင် ပြန်တွေ့သွားတာရော... ပြီးတော့ အက်စီးဒင့်ကြောင့် ကိုကိုက သေလုမြောပါးဖြစ်သွားတော့ ကျွန်တော်က ဘယ်လို..."
စကားလုံးတွေ တန့်သွားတဲ့အခိုက်အတန့် ကျွန်တော့်ခေါင်းထဲမှာ ကိုကိုကို လွှတ်လိုက်ရတော့မလိုဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေက တစ်ကွက်စီ ပြန်ပေါ်လာပြန်တယ်။ စက္ကန့်အတော်ကြာ လေထုကြီး မလှုပ်မရှားဖြစ်နေတုန်းမှာ ကျွန်တော့်ခေါင်းပေါ်ကို ကိုကို့လက်ဖဝါးလေး ရောက်လာပြန်တယ်။ ငြိမ်ကျသွားတဲ့ ခွေးကလေးကို အားပေးသလိုမျိုး အသာပုတ်လိုက်ရင်း...။
"ဘာမှမဖြစ်ပါဘူး...
ငါမသေဘူးလေ..."
"..."
ထုံးစံအတိုင်း အဲ့ဒီ လက်ရွေးစင်စကားနဲ့ ချွေးသိပ်နေပြန်ပြီပေါ့။
ခင်ဗျားမသိပါဘူး ကိုကို...။
ချစ်ရတဲ့သူ သေမင်းနဲ့စီးချင်းထိုးနေတာကို အကြိမ်ကြိမ်အခါခါ အနီးဆုံးထိုင်ကြည့်ခဲ့ရတဲ့ ကျွန်တော်ကတော့ သေရမယ်ဆို ကျွန်တော်ပဲ သေလိုက်ချင်ခဲ့တာ။ အိပ်မက်ထဲထိတောင် သူ့စာရင်းထဲက ကိုကို့နာမည်ကိုဖျက်ပေးဖို့ရာ သေမင်းကိုလာဘ်ထိုးဖို့ အကောင်းဆုံးပစ္စည်းကို ရွေးရှာနေခဲ့တာ။
ကိုကိုမရှိတော့တာကလွဲရင် အားလုံးလက်ခံပါ့မယ်လို့ ကျွန်တော်ယုံကြည်တဲ့ဘုရားကိုရော ကိုကိုယုံကြည်တဲ့ဘုရားကိုပါ တိုင်တည်ပြီး တစ်ရက်မပြတ်ကျိန်ခဲ့ရတာ။
မျက်စိရှေ့မှာ ဝေဝါးလာတဲ့တစ်ခဏအတွင်း ကြားခံနယ်ထဲ လွင့်လာတာက သက်ပြင်းမှုတ်ထုတ်သံတစ်သံ။
"ဘာလို့ ငိုနေပြန်တာလဲ..."
ခေါင်းပုတ်ပေးနေတဲ့လက်ကလေးက ကျွန်တော့်မျက်နှာပေါ်ကို လျှောကျလာပြီး မျက်ဝန်းထောင့်ဆီ။
"ငါ အံ့ထူးမြတ်ဆီက ကြားပါတယ်...
ICU ထဲမှာ ငါနှလုံးရပ်သွားတုန်းက ဆရာဝန်တွေ လက်လျှော့လိုက်ပေမယ့် မင်းကအတင်းဝင်လာပြီး
CPR လုပ်ပေးခဲ့တာဆို..."
ကျွန်တော် ခေါင်းငုံ့လျက်နဲ့ ဘာမှပြန်မပြောဖြစ်ဘူး။
"ကျေးဇူးပဲ ခန့်ငယ်... ငါ့ကို ပြန်ကယ်ပေးခဲ့တဲ့အတွက်...
ပြီးတော့ မင်းလုပ်ပေးတဲ့ ပိတ်စွယ်ဟင်းချိုက
တကယ်သောက်လို့ကောင်းတယ်"
"..."
အဲ့ဒါက "အပြစ်ရှိစိတ်တွေ အောင်းမထားနဲ့တော့... ငါတို့ကကျေသွားပါပြီ..." ဆိုပြီး စိတ်သက်သာစေဖို့ရာအတွက်ပြောလိုက်တဲ့ ကျေးဇူးတင်စကားနဲ့ အသိအမှတ်ပြုချီးကျူးစကား။ ဒါပေမယ့် ချီးကျူးခံရလို့ ၀မ်းမသာဘူး။ သူအဲ့လိုပြောကာမှ တစ်ချိန်လုံးက အောင်းထားခဲ့တဲ့မျက်ရည်တွေ တာကျိုးသလို လျှံကျလာတော့တာ။ ကျွန်တော်မသိလိုက်ခင်မှာပဲ သူ့ခါးကိုလှမ်းဖက်ပြီး အပီအပြင်ငိုနေမိပြန်ပြီ။
မိနစ်ပိုင်းအတွင်းမှာပဲနှစ်ခါ သူ့ကိုဖက်ပြီး ထထငိုနေတာကို နေရခက်နေပုံရပေမယ့် ကိုကိုကကျွန်တော့်ကို တွန်းတော့မထုတ်ဘူး။ လက်နာနေလို့လား... ကန်ထုတ်ဖို့ရာ ခြေထောက်တွေကလည်း အားမရှိသေးလို့လားတော့ မပြောတတ်။ အဲ့ဒီအစား ဟိုတစ်ရက်ကလိုပဲ နှစ်သိမ့်တဲ့သဘောနဲ့ ကျွန်တော့်ခေါင်းကို အသာပုတ်ပေးနေပြန်တယ်။
ကျွန်တော် ၀အောင်ငိုပြီး တရှုံ့ရှုံ့နဲ့လွှတ်ပေးလိုက်တော့ ကိုကိုက ဒုတိယအကြိမ် တစ်ရှူးတွေဆွဲယူပေးရင်း ပြောတယ်။
"မင်းက နဂိုကတည်းက ဒီလောက်မျက်ရည်လွယ်တဲ့ကလေးလား..."
တစ်ဖက်လှည့်နှပ်ညစ်၊ မျက်ရည်တွေကို သုတ်သင်ပြီးတော့ ရဲစုတ်နေလောက်မယ့် နှာသီးဖျားကို ကုတ်ရင်း...။
"မဟုတ်ဘူး... ကျွန်တော်လည်း မသိဘူး၊
ကိုကိုဆိုလည်း လူရှေ့မှာ မျက်ရည်ကျရမှာကို ရှက်တယ်မလား... ကျွန်တော်လည်း အဲ့ဒါမျိုး မနေတတ်ဘူး၊ ဒါပေမယ့် ကိုကို့ရှေ့မှာဆိုရင်တော့ နှပ်ချေးတွဲလောင်းဖြစ်နေလည်း ဂရုမစိုက်ဘူး၊ ကိုကိုလည်း ကျွန်တော့်ရှေ့မှာ မျက်ရည်ကျနေတဲ့ အခိုက်အတန့်တွေ အတော်များများ ရှိခဲ့တာပဲလေ... ကြည့်ရတာ ကျွန်တော်က ကိုကို့ခွေးပေါက်စလေးဖြစ်ပြီး ကိုကိုက ကျွန်တော့်သခင်မို့ အားနည်းတဲ့ပုံစံတွေ အချင်းချင်းပြမိလည်း ကိစ္စမရှိတာဖြစ်မယ်"
"မင်းရဲ့ သခင်နဲ့ခွေးပေါက်စဇာတ်လမ်းက မပြီးသေးဘူးလား..."
"ဟမ့်... စမှမစရသေးတာကို..."
တစ်စုံတစ်ယောက်ကတော့ ချက်ချင်း ရှုတည်တည်ရှုပ်ပြောင်းသွားတဲ့ ကျွန်တော့်ကို မျက်ခုံးတွေဆွဲကျုံ့လျက်ကြည့်တယ်။ ပြီးတော့ တစ်ရှူးတွေထပ်ပေးရင်း လေးစားရပါသော ဆရာသခင်လေသံအတိုင်း တစ်ပြားမှမလျော့ဘဲ ပြောလာတယ်။
"မျက်နှာသွားသစ်ချည်..."
"..."
"ဘာကြည့်နေတာလဲ... မှုန်ကုပ်ကုပ်နဲ့..."
"ကိုကို တစ်ခုခုမေ့နေပြန်ပြီ..."
"ဘာလဲ..."
"သိရဲ့သားနဲ့ဗျာ..."
သိရဲ့သားနဲ့ တွန့်တိုနေပြန်တဲ့တစ်ယောက်ဟာ ကျွန်တော်လုပ်ပြနေတဲ့ မျက်လုံးဝိုင်းကြီးတွေကို သည်းမခံနိုင်တဲ့ပုံပါပဲ။ သက်ပြင်းဖွဖွချလိုက်ရင်း...။
"ခန့်ငယ်... မျက်နှာသွားသစ်ချည်...
အဲ့ဒီနှပ်ညစ်ထားတဲ့တစ်ရှူးတွေလည်း ရှင်းသွားဖို့မမေ့နဲ့"
ကျွန်တော်လည်း အမြီးလေးငေါက်ခနဲထောင်လို့ တက်ကြွစွာပဲ...။
"ဝုတ်..."
"လူလို ဖြေစမ်း..."
အဲ့ဒီမဝဲတဝဲလေသံရှင်ဆီကနေ အငေါက်ခံလိုက်ရတော့မှပဲ ဘ၀ကြီးက ပြန်ရှင်သန်လာသလို ခံစားရတော့တယ်။
ကဲ... ကျွန်တော့်ကို ဆက်ပြီး သနားပေးစရာမလိုတော့ပါဘူး။ ကျွန်တော်က သောင်ပြင်မှာလွှတ်တဲ့ရှီဘာငယ်လေး မဟုတ်တော့ဘူး။ အခုဆို သခင်လည်းပြန်လာပြီ။ နာမည်လည်းအခေါ်ခံရပြီ။ အရင်ကလို သူ့ကို လည်ပတ်ကြိုးကိုင်ခိုင်းပြီး လမ်းလျှောက်ထွက်နိုင်ကြဖို့ပဲ ကျန်တော့တာ။
မကြာခင်ရောက်လာတော့မယ့် အဲ့ဒီအရင်ကလို နေ့ရက်တွေအတွက် စောင့်မျှော်ရင်း ကျွန်တော့်ရဲ့လည်ပတ်ကြိုးအနီလေးကတော့ စားပွဲပေါ်မှာ ခွေနေပါရဲ့။ အဖြူရောင်လေးတစ်ခုရဲ့ ဘေးမှာပေါ့။
* * *
ကျွန်တော် အစက ကိုကိုစကားပြန်ပြောပြောချင်း ပုံမှန်အသံရလာတာ အဆင်သင့်လိုက်တာလို့ တွေးနေခဲ့တာ။ သူနာပြုဆရာမတစ်ယောက်နဲ့ စကားမပြောမိခင်ထိပဲ။
ဟိုအမွှာဆီကဖုန်းလာလို့ စကားထွက်ပြောပြီးပြန်လာတော့ စင်္ကြံထိပ်မှာ မျက်နှာချိုချိုလေးနဲ့ အဲ့ဒီအစ်မက ဆီးပြီးမေးတယ်။ အမြင်အရတော့ ကိုကို့ထက် ၁ နှစ် ၂ နှစ် အသက်ကြီးမယ့်ပုံပဲ။ တာဝန်ကျမဟုတ်ပေမယ့် သူက တစ်ခါတစ်လေ လူစားထိုးအဖြစ် ဆေးချိတ်ထားတာတွေ လာလာစစ်ပေးတတ်လို့ မျက်မှန်းတန်းမိနေရုံပေါ့။
"အခန်း ၁၂ ကလူနာ စကားပြန်ပြောနေပြီမလား... coma ၀င်တုန်းက တစ်လျှောက်လုံး intubation လုပ်ထားရလို့ လည်ချောင်းကြွက်သားယောင်ယမ်းတာ ဖြစ်တဲ့သူ..."
"ဟုတ်... မနေ့ကတင်ပဲ...
ကောင်းကောင်းစကားပြောနိုင်လာပြီဗျ၊ အခုမှ စကားပြန်ပြောနိုင်တာကို အသံလည်းပျက်မနေဘူးရယ်..."
"အဲ့ဒါလေ... မောင်လေးကို အစ်မပြောပြမလို့ စောင့်နေတာ... အစ်မပြောတယ်လို့တော့ မပြောနဲ့နော်... သိစေချင်လို့..."
"ဟုတ်... ကျွန်တော်မပြောပါဘူး၊
ဘာပြောမလို့လဲ..."
"သူက အသံထွက်ပြီးစကားစပြောနေတာ ရက်နည်းနည်းကြာပြီ..."
"ဗျာ... ကျွန်တော့်ကိုတော့ စာနဲ့ပဲရေးပြောတာပါ..."
ကျွန်တော်အဲ့လိုပြောတော့ သူနာပြုအစ်မက ပြုံးတုံ့တုံ့နဲ့ ခေါင်းယမ်းပြတယ်။
"ပြီးခဲ့တဲ့ သုံးလေးရက်လောက်က အစ်မ၀င်ပြီး ဆေးအိတ်လဲပေးတော့ သူက မောင်လေးနဲ့လူလဲပြီး လာစောင့်ပေးတတ်တဲ့ ဟို... ဆံပင်ခပ်ဖွာဖွာတစ်ယောက်နဲ့ အသံထွက်ပြီး ဖြည်းဖြည်းချင်း စကားပြောကျင့်နေတာ၊ အစ်မက သူစကားပြောနိုင်ပြီဆိုတာ မောင်လေးသိရင် ၀မ်းသာနေမှာပဲ လို့ ပြောတော့ မပြောပါနဲ့ဦး တဲ့... စကားပြောနိုင်ပေမယ့် အသံက အတော်ဆိုးဆိုးဝါးဝါးဖြစ်နေသေးလို့ ဒီလိုအသံနားထောင်ရရင် အဲ့ကလေးက သူ့ကြောင့်ဆိုပြီး စိတ်မကောင်းဖြစ်နေလိမ့်ဦးမယ်တဲ့..."
"ကိုကိုက ကျွန်တော့်ကိုမပြောဖို့ မှာထားတာလား..."
"ဟုတ်တယ်... သူအဆင်ပြေပြီထင်မှ သူဟာသူအသိပေးပါ့မယ် ဆိုတာနဲ့ အစ်မလည်း မောင်လေးကိုတွေ့နေပေမယ့် မပြောဖြစ်တော့တာ... လည်ချောင်းကြွက်သားအားနည်းလို့ ခဏတာအသံပျောက်တာမျိုး ဖြစ်တဲ့သူတွေ စကားစပြောနိုင်တာနဲ့ နဂိုအသံရဖို့ဆိုတာ အဲ့လောက်ဘယ်လွယ်မလဲ၊ ရက်နည်းနည်းတော့
ကျင့်ယူရသေးတာပေါ့... မောင်လေးမရှိတဲ့အချိန်တွေမှာ သူတော်တော်ကြိုးစားခဲ့တယ်ထင်တယ်... တစ်ရက်ကဆို အဲ့ဒီဆံပင်ဘုတ်သိုက်တစ်ယောက်ယူလာတဲ့ ဂျင်းပြုတ်ရည်တွေ ကြိတ်မှိတ်သောက်နေတာတောင် တွေ့သေးတယ်"
"ဂျင်းပြုတ်ရည်လား..."
"အင်း... ခွက်အကြီးကြီးနဲ့...
အဲ... မောင်လေး... အစ်မပြောတာကို ကိုယ့်စိတ်ထဲပဲထား၊
အစ်မကပြောတယ်လို့လည်း သူ့ကို သွားမပြောနဲ့နော်... တော်ကြာ စကားမတည်တဲ့သူလို့ ထင်နေမှာစိုးလို့..."
အဲ့သလိုနဲ့ သူ့အဖော်တစ်ယောက်က လှမ်းခေါ်လို့ အဲ့ဒီသူနာပြုအစ်မ ထွက်သွားတဲ့နောက် ကျွန်တော်ဟာ "ဂျင်းပြုတ်ရည် ယူသွား..." ဆိုတဲ့ အမေ့စကားကြီးကို ကြားယောင်နေရင်း ကျန်ခဲ့ပါတယ်။ တကယ်တမ်းတော့ ကျွန်တော့်ပိတ်စွယ်ဟင်းချိုရဲ့ လျှပ်တပြက်တန်ခိုးတော် မဟုတ်ခဲ့ပါလား။
* * *
ကိုကိုစကားပြောနိုင်တဲ့နောက် ကျွန်တော်ပိုပြီး အလုပ်ရှုပ်လာတယ်။ မေးခွန်းတွေ လျှောက်မေးနေတာလေ။ အင်တာဗျူးဝင်သလို...။
"ကိုကို... coma ၀င်နေတုန်းက ဘယ်လိုခံစားရလဲ...
အဲ့ဒါက တကယ်အိပ်နေသလိုပဲလား..."
"ဘာပဲပြောပြော ၁၄ ရက်ကအကြာကြီးပဲ...
ကိုကို အိပ်မက်အရှည်ကြီးမက်လား၊ အိပ်မက်ထဲမှာ ကျွန်တော်ပါလား... ကျွန်တော် ဘာလုပ်နေတာလဲ... ကိုကို့အင်္ကျီစကို လိုက်ဆွဲနေတာလား..."
"ဒါနဲ့... piano တေးသွားတွေ ဖွင့်ထားတာက ကျွန်တော့်အသံလောက် နားထဲမရောက်ဘူးမလား..."
"မဟုတ်မှလွဲ ကိုကိုစိတ်ဝိညာဉ်လွင့်ပြီး future world ကိုရော မြင်ခဲ့သေးလား... ကျွန်တော်မှန်းပြမယ်၊ အဲ့မှာ ကျွန်တော်က ကိုကို့ရဲ့ ဘာလိုလိုညာလိုလိုလေး ဖြစ်နေပြီမလား..."
စသဖြင့် အဲ့ဒီပေါက်ကရလေးဆယ် သုံးနှစ်ကလေးမေးခွန်းတွေ စလာချိန်တိုင်း အမြဲလိုလို တေမိလမ်းစဉ်ပြနေရင်း သူ့ဘက်က ပြန်ဖြေပေးလာတာတော့ ကောင်းကောင်းကန်းကန်း အလေးအနက်လေသံနဲ့မေးမိတဲ့ မေးခွန်းနှစ်ခုတည်း။ ပထမတစ်ခုက...။
"ကိုကို ဘာလို့ နိုးမလာချင်ခဲ့တာလဲ..."
"..."
"ကျွန်တော်မက်သမျှ အိပ်မက်တိုင်းမှာ ကိုကိုက ထွက်သွားဖို့ပြင်နေခဲ့တာ၊ ဩစတြေးလျမဟုတ်တဲ့ မှုန်ဝါးဝါးနဲ့နေရာဆီကို... ကိုကိုကိုယ်တိုင်လည်း ကိုကို့မသိစိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို သတိထားမိမှာပဲ... ဖြစ်နိုင်ရင် ကျွန်တော့်ကို ပြောပြပါဦး... ဘာလို့ ဒီလောက်တောင် ထွက်သွားချင်နေခဲ့ရတာလဲ..."
ကိုကိုက ဒီမေးခွန်းကို တုံ့ပြန်ဖို့ အတော်အချိန်ယူနေခဲ့တယ်။
ဒါပေမယ့် ငြိမ်သက်နေတဲ့မိနစ်နည်းနည်းအကြာ ကျွန်တော်ဟာသတစ်ခုကောက်ပြောပြီး ကျော်သွားလိုက်ဖို့ ပြင်လိုက်တုန်းမှာပဲ ပြန်ဖြေခဲ့ပါတယ်။
"ငါ... ငါဒီအတိုင်း သတ္တိမရှိခဲ့တာပါ...
ကားရှေ့မှာ ကြောင်အမ်းအမ်းရပ်နေတဲ့မင်းကို မြင်လိုက်ပြီးတဲ့နောက် တစ်လျှောက်လုံး ငါမှန်တယ်ထင်လို့ လုပ်နေခဲ့သမျှက တကယ်မှန်ရဲ့လားဆိုတာ ယုံကြည်ချက်တစ်စက်မှမရှိတော့ဘူး၊ မင်းကို မာဖလာပေးခဲ့မိတာကစလို့ ဟိုတယ်အခန်းရှေ့ကနေ မင်းပြေးထွက်သွားတော့ ရှင်းပြဖို့ရာ နောက်ကလိုက်လာခဲ့မိတာအထိ... ငါ့ဆုံးဖြတ်ချက်တွေအားလုံးက တကယ်ပဲ ကောင်းတဲ့ဘက်ကို ဦးတည်ခဲ့ရဲ့လား... ဒါမှမဟုတ်... ကိုယ်လွတ်ရုန်းချင်တဲ့စိတ်နဲ့ ငါမှန်တာလုပ်နေပါတယ်လို့ ယုံကြည်လိုက်ချင်တဲ့စိတ်ကိုပဲ မင်းအတွက်လို့ နာမည်တပ်ပြီး ငါ့ကိုယ်ငါညာနေခဲ့တာလား... သေသေချာချာမသိပေမယ့် နိုးလာပြီး ငါ့ရဲ့သူရဲဘောကြောင်တဲ့ပုံစံကို မင်းရှေ့ထပ်ပြရမှာ ငါသိပ်ရှက်မိတယ်ထင်ပါတယ်..."
"ဟင့်အင်း... ရှက်ရမှာက ကျွန်တော်ပါ...
ကျွန်တော် အရမ်းကလေးဆန်ခဲ့တာ..."
အသည်းအသန်ဝင်ပြောမိတော့ ကိုကိုက ခေါင်းယမ်းပြရင်း ကျွန်တော့်ခေါင်းကို အသာပုတ်ပေးပြန်တယ်။
"ငါက ပိုပြီးလူကြီးဆန်ခဲ့သင့်တာပါ..."
ပထမဆုံး သဘောထားကွဲလွဲကြတုန်းကလို စကားတွေကို ပြန်သုံးရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ကြရင်းနဲ့ ဖြေရှင်းချက်လစ်လပ်နေတဲ့ မေးခွန်းတစ်ခုဟာ ကျေလည်ခဲ့တယ်။ လေးထောင့်ကွက်လေးထဲ အမှန်ခြစ်။ finished...။
"အဲ... ကိုကို အခုတော့ အသက်ရှင်ချင်စိတ်ရှိပါရဲ့နော်..."
"ငါမင်းကို စကားပြောနေတယ်လေ..."
"ဟူး... တော်သေးတာပေါ့..."
စာရင်းအောက်က ပြုံးပြနေတဲ့ ဒုတိယမေးခွန်းကလည်း ကိုကို့အတွက် ဖြေဖို့ရာ ခက်ခဲခဲ့တဲ့တစ်ခုပါပဲ။
"ကျွန်တော်သိချင်တာ တစ်ခုရှိသေးတယ်...
ကိုကို အဲ့ဒီနေ့ညက ကျွန်တော့်ကိုပြောခဲ့တဲ့ တောင်းပန်ပါတယ်က ဘာအဓိပ္ပာယ်လဲ..."
မေ့မြောနေတဲ့ ၁၇ ရက်မတိုင်ခင်က အဲ့ဒီည...
သွေးတွေကြားထဲက သူ့ကိုပွေ့ဖက်ထားမိရင်း သူ့ဆီက နောက်ဆုံးကြားခဲ့ရတဲ့ အဲ့ဒီစကား...။ ကျွန်တော့်မျက်ရည်တွေကို ဖယ်သုတ်ပေးရင်း ပြောခဲ့တဲ့စကားထဲက အဓိပ္ပာယ်ကို ကျွန်တော်အခုထိ တစ်ယောက်တည်းရှာလို့မရနိုင်ခဲ့ဘူး။
"အဲ့ဒီအချိန်ကငါ... ငါ့ကိုယ်ငါမသေချာခဲ့ဘူး...
မင်းကိုရှင်းပြဖို့အတွက် အသည်းအသန် လိုက်လာခဲ့ပေမယ့်
ကားရှေ့ကနေ မင်းကိုကယ်လိုက်နိုင်တာ သေချာသွားတဲ့နောက် ဒီအတိုင်း ဘာဆန္ဒမှမရှိတော့ဘူး၊ တစ်ခုခုလုပ်ရမယ်ဆိုရင် မင်းကို တောင်းပန်ဖို့ကိုပဲ တွေးမိတယ်... အဲ့ဒါက..."
ပြောလက်စမှာ ရပ်သွားတော့ မျက်ခုံးပင့်ကြည့်မိပါသေး။
ကိုကိုကတော့ ကုတင်ထောင့်စွန်းဆီ အကြည့်လွှဲထားရင်း ခပ်တိုးတိုးလေသံနဲ့ ဆက်ပြောတယ်။
"အဲ့ဒါက မင်း မိုင်လိုကွတ်ကီးစားချင်တယ်ဆိုတုန်းက
ငါချက်ချင်းလုပ်မကျွေးခဲ့မိတာကို နောင်တရလို့လည်း
ဖြစ်နိုင်လိမ့်မယ်ထင်တယ်..."
အဖြေစကားအဆုံးမှာပဲ ကျွန်တော် ထရပ်လိုက်တယ်။
စားပွဲဟိုဘက်က ခုံပုလေးပေါ်မှာတင်ထားတဲ့ လိမ္မော်ရောင်အ၀တ်အိတ်လေးဆီ လျှောက်သွားတယ်။
ပြီးတော့ အဲ့ဒီအထဲကနေ ပလတ်စတစ်အကြည် ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်တယ်။ ကိုင်ထားတဲ့ဘူးထဲမှာက ကိုကိုအိပ်ပျော်နေတုန်း ခိုးခိုးစားရင်း မနည်းချန်ထားတဲ့ ကွတ်ကီးချပ်လေးတွေ လေးငါးချပ်။
"မိုင်လိုကွတ်ကီးအတွက်ဆိုရင်တော့ ကိုကိုနောင်တရစရာ မလိုတော့ဘူး... "
ကျွန်တော် ကွတ်ကီးဘူးလေးကို ကိုကို့ဘက်လှည့်ပြရင်း ပြောလိုက်တယ်။ လက်နှစ်ချောင်းထောင်လျက်နဲ့။
"ကျွန်တော် ကိုကို့အိမ်ကို ခိုးဝင်မွှေတုန်းကတွေ့ထားပြီး
ဘူးလိုက်ယူယူစားနေတာ နှစ်ဘူးတောင်ကုန်သွားပြီမို့..."
"..."
အနှီအခိုက်အတန့်မှာ လေထုကြီးဟာဆိုရင်ဖြင့် pause ခလုတ်အနှိပ်ခံရလေသတတ်။ ပြန်အသက်ဝင်လာတော့ ကိုကိုက အနားသတ်စကားလုံးလေးကို အသံမြှင့်ပြီးမေးလို့။
"ငါ့အိမ်ကို ၀င်မွှေတယ်..."
"အာ... အဲ့လိုမဟုတ်ဘူး၊
ကျွန်တော်ပြောချင်တာ... အဲ့ဒီဟာက ဟိုလေ..."
ကျွန်တော့်လက်တွေ panic ဖြစ်လို့ ကာရင်းယမ်းရင်း ကွတ်ကီးဘူး လွတ်ကျသွားတယ်။ ကျွန်တော် ငုပ်တုပ်ကလေးထိုင်ချပြီး ပြန်ကောက်ယူလိုက်တယ်။ နောက်တော့ ငုပ်တုပ်ကလေးအတိုင်းပဲ ကိုကို့မျက်နှာကို မျက်လုံးဝိုင်းကြီးတွေနဲ့ မော့ကြည့်လိုက်ရင်း...။
"အယူခံဝင်လို့ရလားဟင်..."
ကျွန်တော့် puppy eyes တွေဟာ ကွတ်ကီးထက် ဝိုင်းနေလောက်တယ်။ ဘာပဲပြောပြော မကြာခင် နဖူးအရေလှန်သိုင်းကို လက်တွေ့ပြသတာခံရတော့မယ့် အခြေပါပဲ။ အရပ်ကတို့ရယ် ဗုဒ္ဓဟူးသားလေး ကျွန်တော်လင်းခန့်ဟာ သိပ်ချစ်မိလို့ stalking ပြစ်မှုလေးတစ်ခုနှစ်ခု သုံးလေးခါလောက် ကျူးလွန်ထားတာကလွဲရင် ပီဘိလူလိမ္မာလေးပါ။ ကျွန်တော့်ဘက်က ရှေ့နေလိုက်ပေးချင်တဲ့သူများရှိရင် ကိုကို့လက်နဲ့လုပ်ထားတဲ့ SSR limited ကွတ်ကီးတစ်ချပ်စီ လာဘ်ထိုးပါ့မယ်။
[A/N *SSR - super super rare အလွန်အင်မတန် ရဖို့ရန်ခက်ခဲသည့် hero, skin, weapon, item, plot, card စသဖြင့်တွင်သုံးသည့် ဂိမ်းနယ်ပယ် အသုံးအနှုန်း ]
ဟမ်... တစ်ယောက်မှ မလုပ်ချင်ကြဘူးလား။
ဘာလို့လဲဗျာ...။ နတ်မင်းကြီးလေးပါးဆီ ကျိန်ပြောရဲပါတယ်။ ကျွန်တော်ဟာ လူလိမ္မာလေးတစ်ယောက်ဖြစ်သလို ခွေးလိမ္မာလေးတစ်ကောင်ပါ။ ပြီးတော့ ဒီနေ့ ဗုဒ္ဓဟူးနေ့လေ...။ တကယ်ကြီးပဲ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဟူးနေ့အတွက် အထူးကြင်နာမှု package လေး ဘာလေး မရှိကြတော့ဘူးလား...။
"နဖူးကို လက်နဲ့အုပ်နေတာ လွှတ်ပြီး
အဲ့ဒီကိစ္စကို ရှင်းပြစမ်း "
"ဟုတ်..."
နောက်ဆုံးတော့ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဟူးနေ့ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးပဲ။
_____________________________________
To be continued...
💖💖💖
Shiba Khant : SSR cookie ဆိုတာ ရခဲတယ်နော်... စိတ်ကူးမလွဲနဲ့၊ လာဘ်ထိုးနေတုန်း ရှေ့နေလိုက်ပေးကြပါ...
Novella : ကဲ... သုံးခေါက်လိုက်ဆိုမယ်။
"လာဘ်ပေးလာဘ်ယူ တို့ရန်သူ၊ ပလီပလာခွေးများ ဝေးဝေးသွား... ရှူးရှူး... " (~◡ o ◡)~
Shiba Khant : ဘာများမှားလို့လဲ TwT
Novella ✒️