❄️❄️❄️
တစ်ရက်က ထုတ်မစီးတာကြာတဲ့ ကျွန်တော့်ဘော်ဒါကလေးနဲ့ ဆေးရုံနားက mart ကို အသီးသွားဝယ်ပြီး ပြန်လာတုန်း လမ်းမှာ တစ်ယောက်ယောက်နဲ့တွေ့တယ်။ ပေပွစုတ်ဖွာနေတဲ့ ကြောင်တစ်ကောင်ကိုပိုက်ပြီး လမ်းလျှောက်လာတဲ့ တစ်ယောက်ယောက်။ စက်ဘီးထိုးရပ်ပြီး မေးငေါ့ပြလိုက်တော့ ဟိုကလည်း ပြန်မေးငေါ့ပြတယ်။
"ဘယ်ကပြန်လာတာတုန်း... လက်ထဲကလည်း ဂုန်နီအိတ်ကြီးနဲ့..."
"ဟေ့ကောင်... ကလေးက မြောင်းထဲကျထားလို့ ပေနေတာကွ၊ မင်းကြီးဒေါ် ဂုန်နီအိတ်လား..."
အဲ့လိုပြန်ဆဲမှာသိလို့ကို သင်းကိုစချင်တာ။
"ဘယ်ကပြန်လာတာလဲ... ငါ့မှာလည်း ငါ့ဟာငါလုံးချာလည်နေတာနဲ့ မင်းနဲ့ကို မတွေ့ရတာကြာပြီ"
"အင်း... ငါလည်း မင်းဆီလာမလို့ပဲ... ကလေးတွေက အလှည့်ကျ နေမကောင်းဖြစ်နေကြလို့... ဆေးခန်းသွားလိုက်၊ ဆေးသွားဝယ်လိုက်နဲ့ အခုလည်း ဒီနားလေး ဆေးသွားဝယ်ပြီးပြန်လာတာ လမ်းမှာ ဒီကောင်လေး ခွေးတစ်အုပ်ကြား အနိုင်ကျင့်ခံနေရတာတွေ့လို့..."
ပြောရင်း သူ့လက်ထဲကသတ္တဝါလေးရဲ့ ထောင်နေတဲ့အမွှေးတွေကို လိုက်ပြီးဖိသပ်ပေးနေတယ်။ မြောင်းရေတွေစိုပြီး ညစ်ပတ်နေပေမယ့် အရောင်ညိုညို၊ အမွှေးပွပွ၊ ခပ်၀၀နဲ့ အိမ်မွေးကြောင်ပုံစံပေါက်တယ်။ အထီးလေး...။ တစ်နှစ်ခွဲသာသာလောက်ကို ကြောင်စာတွေလှိမ့်စားလို့ ၀ပြဲနေတဲ့ အလိုလိုက်ခံ အိမ်တော်သခင်ကြီးရုပ်နဲ့။ ဒီသခင်ကြီးကြည့်ရတာ ပြေးရင်းလွှားရင်း လက်ကျိုးသွားတယ်ထင်ပါတယ်။ ဟိန်းသူရရင်ဘတ်ထဲမှာ လက်တစ်ဖက်ကြွရင်း မိန့်မိန့်ကြီးမှိန်းလို့။ အရင်ဘ၀က မိဘမဲ့ဂေဟာမှူးဖြစ်ခဲ့ပုံရတဲ့တစ်ယောက်ကတော့ သူ့ရည်စားအိမ်မှာရှိတဲ့ ၀မ်းမနာသား ၁၂ကောင်နဲ့တင် လုံးချာရိုက်နေပြီကို ဘယ်လိုစေတနာရှင်လုပ်အုံးမလို့လဲမသိ။
"မင်းဂုန်နီအိတ် အဲ... ကြောင်က ပိုင်ရှင်ရှိလောက်တယ်နော်... အရမ်းကာရော မမွေးစားလိုက်နဲ့အုံး"
"ငါသိပါတယ်... ရေမိုးချိုးသန့်ရှင်းပေး ဆေးထည့်ပေးပြီးရင် လိုင်းပေါ်ပုံတင်ပြီးဖြစ်ဖြစ် ပိုင်ရှင်ရှာပေးရမှာပေါ့... ဒါနဲ့ မင်းရဲ့ ချစ်ရပါသောဆရာလေးရော အခြေအနေကောင်းလာပြီလား..."
"အင်း... ဆိုပါတော့... အကောင်းကြီးတော့လည်း မဟုတ်ဘူး၊ အခုထိ စကားမပြောနိုင်သေးဘူး... ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘူး... ဖြေးဖြေးချင်းပဲ ပုံမှန်အတိုင်းပြန်ဖြစ်အောင် ကြိုးစားရမှာပေါ့..."
"မင်းလည်း ပင်ပန်းမှာပဲ..."
ဟိန်းသူရက ကျွန်တော့်ကိုကြည့်ပြီး အဲ့လိုပြောလာတော့ မပီမပြင်ပြုံးပြီး ခေါင်းခါလိုက်တယ်။
"ကိုကိုက အများကြီးပိုပင်ပန်းတာပါကွာ..."
"အသီးတွေ ၀ယ်လာတာလား..."
စက်ဘီးမှာချိတ်လာတဲ့ အသီးအိတ်ကို မျက်စပစ်ပြနေတဲ့ ကြောင်ဂေဟာမှူး။
"ဟုတ်တယ်... vitamin စုံအောင် စားရမယ်ဆိုလို့..."
"မင်းက ဂရုစိုက်တတ်ပါတယ်...
အဲ့ဒီအစ်ကို မကြာခင်သက်သာလာမှာပါ"
"အင်း... သေချာပေါက် အဆင်ပြေသွားမှာပါ..."
ဖျော့တိဖျော့တော့ကျနေတဲ့ နေရောင်အောက်မှာ လမ်းပေါ်က ယာဉ်တွေဟာ တစ်ဝှီးဝှီးဖြတ်သွားကြတယ်။ လူတွေလည်း များသောအားဖြင့် အနွေးထည်ကိုယ်စီနဲ့ပဲ။ မန္တလေးရဲ့နေတောင် ဒီနှစ်ဆောင်းကို အနိုင်မယူနိုင်ဘူးထင်ရဲ့။
"မင်းက တစ်ယောက်တည်းလား..."
"မဟုတ်ဘူး... ဒါပေမယ့် တစ်ယောက်တည်းပြန်မှာ..."
"အစ်ကိုပိုင်သုရော ပါမလာဘူးလား..."
အဖြေမရဘူး။ သူ့လက်ထဲက ဂုန်နီအိတ်... ဆောရီး... အိပုံ့ပုံ့ကြောင်ညိုလေးကိုပဲ နှိုက်လို့။ ကြောင်အတိုင်း ညိုမှုန်နေတဲ့ရုပ်နဲ့။
"အဲ့လူ သူငယ်ပြန်နေလို့ လမ်းလယ်ခေါင်ပစ်ထားခဲ့တာ...
ကြောင်နဲ့ယှဉ်ပြီး သ၀န်တိုနေတယ်၊ ကလေးဆန်ချက်ပဲ"
အခြေအနေတစ်ဝက်ကို သဘောပေါက်သယောင်ရှိသွားပေမယ့် လျှာရှည်ပြီး ဆက်မေးလိုက်သေးတယ်။
"အဲ့တော့ မင်းက မဆိုသလောက်ဗျင်းခဲ့ပြီး သူကငိုကျန်ခဲ့ရောလား..."
"မင်းစဉ်းစားကြည့်ကွာ...
သူသာ ဒီကလေးလို ခွေးတွေအဝိုင်းခံရပြီး ထွက်ပြေးရင်း မြောင်းထဲပြုတ်ကျရင် လာမောင်းပေးမှာလား၊ ချီပြီးသယ်ပေးမှာလား၊ သူ့ကို လာကယ်မှာမလား တဲ့..."
ဒီဆိုင်းဆရာအတွဲရဲ့ အော်ပရာအတိုလေးတွေက ကပေါက်တိကပေါက်ချာနဲ့ ခွီရတာမို့ နားထောင်ကြည့်လိုက်အုံးမယ်ဆိုပြီး ကျွန်တော်လည်း စက်ဘီးပေါ်ကဆင်းထားလိုက်တယ်။
"အင်း... အဲ့တော့..."
"ခင်ဗျားက ကြောင်မို့လို့လား... လို့ ပြန်ပြောလိုက်တာ စိတ်ဓာတ်ကျပြီး လမ်းထောင့်မှာ ငုပ်တုပ်ထိုင်နေရာက ထမလာတော့ဘူး"
ခွိခနဲဖြစ်သွားမိတာတော့ အမှန်ပဲ။
"မင်းကလည်း အသည်းနုတဲ့သူကို အနိုင်မကျင့်ပါနဲ့... "
"လူတွေက သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်လုပ်သွားကြလို့ ထဖို့ပြောတော့ ဘာပြန်ပြောတယ်မှတ်လဲ..."
အလုံးအထည်ရှိတဲ့ သူ့လေသံခပ်ကျယ်ကျယ်က အတော်လေး စိတ်အချဉ်ပေါက်နေဟန်ရှိတယ်။
"ဘာပြောလို့လဲ..."
"သူအနေနဲ့ လူဘ၀ကနေ ဒီလောက်နဲ့နားပြီး ကြောင်အဖြစ် ၀င်စားလိုက်တော့မယ်အောက်မေ့တယ်၊ အိမ်ရှေ့နားက ကောက်ရရင် Mentos ဘူးလေး လို့ နာမည်ပေးပြီး သူ့ကို cat food ကောင်းကောင်းလေးကျွေးပါ တဲ့ကွာ... အဲ့မှာ ငါထဆော်မိတာပဲ..."
ဒီကောင် တရှူးရှူးတရှဲရှဲဖြစ်နေပုံကိုပဲ ရယ်ရမလို၊ ဟိုတစ်ယောက်အတွက်ပဲ ၀မ်းနည်းပေးရမလို။ အင်းလေ... ကြောင်ဂေဟာကို မတည်ပေးထားလို့သာ ရည်းစားတော်ခံထားရသလိုလို ဖြစ်နေပြီး ကြောင် ၁၂ ကောင်ကြား သူဝင်တိုးမရဘဲ လက်ဝါးစာခဏခဏမိတော့ ခမျာမှာ ကြောင်လောက်တောင် မကောင်းစားတဲ့ဘ၀ကြီးကို စိတ်ကုန်ရှာမပေါ့။
ကျွန်တော်သုံးသပ်ရေးလုပ်နေတုန်း မရှေးမနှောင်းမှာပဲ ရှေ့နား နေရောင်အောက်မှာ မရမ်းရောင် hightlight လေးလဲ့နေတဲ့ ဆံပင်ညိုကောက်ကောက်နဲ့ ကိုလူချောတစ်ယောက် အမောတကော ပြေးလာပါပြီ။ ကြောင်ဘ၀၀င်စားဖို့ထက် အသက်ကတော့ ရှည်အုံးမှာရယ်။ အနားရောက်လာတော့ ကျွန်တော့်ပြိုင်ဘီးနီလေးရဲ့ လက်ကိုင်တန်းကိုလှမ်းကိုင်ပြီး အမောဖြေနေတယ်။
"ဟူး... မောလိုက်တာကွာ...
ဘာလို့ အဲ့လောက်စိတ်ဆိုးသွားတာလဲ ဟိန်းလေးရ...
ကိုယ်က မင်းရယ်အောင် စလိုက်တာကို..."
"စသင့်တဲ့ဟာနဲ့ မစသင့်တဲ့ဟာရှိတယ်ဆိုတာ ခင်ဗျားမသိဘူးလား... ဘာကိစ္စနဲ့ဖြစ်ဖြစ် ချစ်တဲ့သူတွေရှေ့မှာ ဘယ်တော့မှ ကိုယ်သေမယ့်အကြောင်းကို ဟာသလုပ်ပြီး မစရဘူးဗျ"
ဟိန်းသူရရဲ့ လေသံကျယ်ကျယ်က လမ်းဘေးနားမှာ ဟိန်းထွက်နေတယ်။ မာဆတ်ဆတ်ဖြစ်နေပေမယ့် အစ်ကိုပိုင်သုကိုစူးစိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေက တရိပ်ရိပ်လှုပ်ရှားလို့။ နောက်တော့ သက်ပြင်းချတယ်။
"တော်ပြီ၊ ခင်ဗျားဘာသာခင်ဗျား အဲ့မှာနေခဲ့... ဒီကလေးက မြန်မြန်ဆေးထည့်ပေးရမှာ... ကျွန်တော် ပြန်တော့မယ်၊ လိုက်မလာနဲ့... လိုက်လာရင် ဆော်မှာ..."
လက်ဝါးကိုယ်တော်လေးဟာ စိတ်ရှည်ပုံရတဲ့သူ့ရုပ်ခံလေးကိုမှအားမနာ ပိတ်ဟောက်ပြီးတာနဲ့ လက်ဝါးမြှောက်ပြပြီး စိတ်မရှည်စွာ ခြေလှမ်းကျဲကျဲလှမ်းလို့ ဂုန်နီအိတ်သယ်လျက် ကြွသွားလေရဲ့။
"လိုက်မလာနဲ့တဲ့...
သူပြန်တာကဖြင့် ငါ့တိုက်ခန်းကို... "
ခေါင်းကုတ်ရင်းကျန်ခဲ့တဲ့သူကတော့ ဘာလုပ်ရမှန်းမသိတဲ့ မျက်နှာငယ်လေးနဲ့ သက်ပြင်းချရင်း...။
"စိတ်ကြီးလိုက်တာကလည်း ရာကူဇာဂိုဏ်းက နောက်ဆုံးမျိုးဆက်လေးကျနေတာပဲ..."
"သူက အစ်ကိုသေမှာကို ကြောက်လို့နေမှာပေါ့... အစမခံနိုင်တဲ့သူကို သွားမစပါနဲ့..."
"သေပြီးကြောင်အဖြစ်ဝင်စားရင် သူ့အတွက်ရော ငါ့အတွက်ရော ကောင်းတဲ့ကိစ္စပဲလေကွာ... ဟုတ်ဘူးလား... ဟဲဟဲ... ကဲပါ၊ သွားလိုက်အုံးမယ်... အစကတော့ နေမကောင်းတဲ့ အငယ်လေးနှစ်ကောင်အတွက် ဆေးဝယ်ရင်းနဲ့ အိမ်မှာကြောင်စာလည်းကုန်နေလို့ အသစ်တွေရောက်တယ်ဆိုတဲ့ ဒီနားလေးကဆိုင်မှာ သွားကြည့်ကြမလို့ဟာ အခုဟိန်းလေးက သွားပြီဆိုတော့ ငါတစ်ယောက်တည်း ၀င်ဝယ်ရတော့မှာ..."
အဲ့ဒီ အကြောထူထူနဲ့ သွားဖြဲရယ်ပြနေတဲ့တစ်ယောက်က ကျွန်တော့်ကို နှုတ်ဆက်ဖို့လုပ်ရင်း သူ့ဘောင်းဘီအိတ်ကပ်ထဲ စမ်းနေတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ စမ်းရင်းစမ်းရင်း မရယ်နိုင်တော့သလိုပဲ။
"နေပါအုံး... ပိုက်ဆံအိတ်က..."
"ခါးပိုက်နှိုက်ခံလိုက်ရတာလား..."
"မဟုတ်ဘူး... အိမ်ကစားပွဲပေါ်ကနေ ပါကိုမလာခဲ့တာ..."
ကျွန်တော် မရယ်လိုက်ပါဘူး။
သူများဒုက္ခတွေ့နေချိန်တာကိုကြည့်ပြီး ရယ်တာ ကောင်းတဲ့အကျင့်မဟုတ်မှန်း ချစ်ရပါသော ဆယ်စုနှစ်ရဲ့တရားဟောဆရာလေးက ကျွန်တော့်ကို သတိပေးထားဖူးတယ်။ ရယ်ချင်ရင်တောင် မရယ်ဘူး။
"သွားပါပြီ... ဆေးဖိုးက ဟိန်းလေးပေးတာမို့ ကြောင်စာဖိုးငါရှင်းမှာလို့ သူ့ကိုပြောထားတာကို... နမော်နမဲ့နဲ့ဆိုပြီး ငါတော့ ရောက်ရောက်ချင်း အဟောက်ခံရအုံးတော့မှာပဲ..."
သူ့မျက်နှာ ဇီးသီးခြောက်လိုရှုံ့တွလာတာကိုကြည့်ရင်း မရယ်မိအောင်ထိန်းရင်းပဲ ကျွန်တော်တစ်ခုခုကို သတိရလိုက်တယ်။
"အစ်ကို ဒီလိုလုပ်ပါလား..."
* * *
ကြောင်စာထုပ်တွေပိုက်ထားတဲ့ အစ်ကိုပိုင်သုဘေးကနေ လျှောက်လို့ ဆိုင်ထဲကထွက်လာရင်း ကျွန်တော် စက်ဘီးကိုဒေါက်ဖြုတ်လိုက်တယ်။ ပစ္စည်းအသစ်ဆိုတော့ ဘယ်လောက်ကျမလဲ သေချာမသိလို့ ၀င်ရှင်းပေးလိုက်တာလေ။
"ပိုက်ဆံစိုက်ပေးလို့ ကျေးဇူးပါပဲ လင်းခန့်ရာ...
မဟုတ်ရင် ငါတော့ အမြင်ကပ်ပုဒ်မတွေ တိုးအုံးမှာ..."
"အစ်ကို ပိုက်ဆံပြန်မပေးနဲ့တော့... ကြုံတုန်း အစ်ကို့အိမ်ပေါ် ဟိုကောင်ခေါ်တင်ထားတဲ့ ၀မ်းမနာသား ၁၂ ဖော်ကို ကျွန်တော်ဝယ်ကျွေးတာ..."
"အာ... ဘယ်ဟုတ်ပါ့မလဲ... ငါနေတဲ့တိုက်ခန်းက ဒီနားလေးမှာတင်... လိုက်ခဲ့လေ... အဲ့၁၂ ကောင်နဲ့ မိတ်ဆက်ပေးမယ်... မုန်လာဥလေး၊ ကန်စွန်းဥလေး၊ အာလူးလေးနဲ့ မြေပဲလေးတို့ အကြီးဆုံးလေးကောင်က နည်းနည်း အမြင်ကပ်စရာကောင်းပေမယ့် အငယ်လေးတွေက အရမ်း ချစ်စရာကောင်းတာကွ၊ နောက်ဆုံးမွေးထားတဲ့ တစ်ကောင်ကဆို နိုကိုဥလေးတဲ့... မျက်လုံးစိမ်းလေးနဲ့ လုံးလုံးလေးရယ်ဗျား... အကောင်လေးရော ဘောလုံးလေးရော..."
တော်ပါတော့...။ ဟိုအမွှာနှစ်ကောင်ရဲ့ ၀က်အူချောင်း၊ မုန်လာဥနီတိုက်ပွဲတွေကြား နားပိတ်ဖြတ်သန်းခဲ့ရတာနဲ့တင် အတော်တရားရနေပြီးသားကို သူတို့ဂေဟာရဲ့အမည်ပေးနည်းစနစ်ကိုပါ ထပ်နာကြားရရင်...။
"မလိုက်တော့ပါဘူးဗျာ... ကျွန်တော်လည်း အပြင်ရောက်တာ နည်းနည်းကြာနေပြီမို့ သွားတော့မယ်... အခြေအနေပေးရင်တော့ တစ်ရက်ရက်ကျရင် ကျွန်တော် အစ်ကို့ဂေဟာကို လူတစ်ယောက်ပါ ခေါ်လာချင်တယ် ရလား..."
"ရတာပေါ့ကွ... ငါလည်း ကျောင်းမဖွင့်ခင်ထိ အားယားနေတာ... နေ့ခင်းပိုင်းဆို ဟိန်းလေးလည်းရှိတယ်၊ အချိန်မရွေး လာလည်လှည့်..."
"လာလည်မှာပါ... အဲ တစ်ခုတော့ရှိတယ်...
ကျွန်တော်ခေါ်လာမယ့်သူက အသန့်ကြိုက်တယ်ဗျ၊ အစ်ကို့ဂေဟာမှာက ၁၂ ကောင်တောင်ဆိုတော့ သန့်ရှင်းရေးလုပ်လို့နိုင်ရဲ့လား..."
"အင်း... သန့်ရှင်းရေးက ငါလုပ်စရာမလိုဘူးလေ...
ဟိန်းလေး အကုန်လုပ်ပေးတာ၊ ငါကအိမ်မှာထားထားရရုံပဲ... များသောအားဖြင့် ကလေးတွေရဲ့ဒုက္ခအကုန် သူပဲခံတာ... သူက ငါ့လို နမော်နမဲ့မဟုတ်တော့ ချောင်ကြိုချောင်ကြားထိ ရှင်းပေးတယ်၊ သန့်ရှင်းရေးအဆင့်က မြင့်ပြီးသား... စိတ်ချပြီး ခေါ်သာလာခဲ့..."
ကျွန်တော်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး အစ်ကိုပိုင်သုကို နှုတ်ဆက်ခဲ့တယ်။ ကြောင်အဖြစ်ပြန်ဝင်စားမယ့်အိပ်မက်ကို စွန့်လွှတ်လိုက်ဖို့လည်း နားချရင်းပေါ့။ ဘယ်လောက် ကြောင်ချစ်တတ်တဲ့ ailurophile သမား ဟိန်းသူရဖြစ်ပါစေ သူချစ်တဲ့သူကိုတော့ လူပုံအတိုင်းပဲ မြင်ချင်ချစ်ချင်လောက်မှာပါ။ ဒီလူက နည်းနည်းကလေးဆန်ပြီး နမော်နမဲ့နိုင်တဲ့လူဆိုပေမယ့် သူ့ကြောင်တွေနဲ့သူ့ကို မငြိုငြင်ဘူးလေ။
* *
ဆေးရုံနဲ့အနီးဆုံး mart ဆိုပြီး ထွက်ခဲ့ပေမယ့် တွက်ထားတာထက် အချိန်နည်းနည်းကြာသွားပြီမို့ ကျွန်တော် စီးတော်ယာဉ်ကို ဒုံးနင်းလာခဲ့တယ်။ အမြန်ဆုံးနာရီဝက် အကြာဆုံးတစ်နာရီအတွင်း ပြန်လာမယ်လို့ ကိုကို့ကိုပြောခဲ့တာလေ။
ဆေးရုံကိုပြန်ရောက်ရောက်ချင်း အမောတကောနဲ့ စင်္ကြန်တစ်လျှောက် ပြေးလာခဲ့ပြီး တံခါးကိုဆွဲဖွင့်လိုက်တယ်။
"ဟူး... ၄၃ မိနစ်...
ကိုကို ကျွန်တော်ပြန်ရောက်..."
လက်ကနာရီကိုငုံ့စစ်ရင်း ပြောလိုက်တဲ့ရောက်ရှိကြောင်း အသိပေးစကားက လမ်းလယ်ခေါင်မှာ ရပ်သွားလို့...။ ကျွန်တော်
လှမ်းကြည့်လိုက်တဲ့ ဆုံချက်မှာ ကိုကိုက ကုတင်ပေါ်မှာထိုင်ပြီး ခေါင်းကို ဖိနှိပ်နေခဲ့တယ်။ တံခါးလေးတောင် ပြန်မပိတ်ရသေးဘဲ ထိတ်ခနဲပျာသွားတာနဲ့ ၀ယ်လာတဲ့အသီးအိတ်လေးပါ ပစ်ချပြီး ပြေးသွားလိုက်ရတာပဲ။
"ကိုကို!! ဘာဖြစ်တာလဲ... ခေါင်းကိုက်လို့လား...
ခေါင်းမူးတာလား... ဘယ်နားကနာနေတာလဲ... ခွဲစိတ်ထားတဲ့နေရာကလား..."
မျက်ကလဲဆန်ပျာနဲ့ မေးခွန်းတွေတစ်သီကြီးလာမေးလိုက်တော့
ကိုကိုက ခေါင်းယမ်းပြနေတယ်။
"အရင်ရက်ကတော့ ဘာလက္ခဏာမှ မပြဘဲနဲ့ ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ... ခဏလေးနေအုံးနော် ကျွန်တော် ဆရာဝန်သွားခေါ်လိုက်အုံးမယ်"
သွားဖို့လုပ်လိုက်တုန်းမှာ ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်တဲ့ကိုကို...။ ကျွန်တော်လှည့်ကြည့်တော့ ထပ်ခေါင်းယမ်းပြပြီး note စာအုပ်ထဲ တစ်ခုခုချရေးနေရဲ့။
'ဘာမှမဖြစ်ဘူး... စာအုပ်ကို အာရုံစိုက်တာများသွားလို့'
ကုတင်ဘေးကိုကြည့်လိုက်တော့ ဖတ်လက်စနေရာကနေ မှောက်လျက်ချထားတဲ့စာအုပ်နဲ့ အဲ့ဒီဘေးကပ်လျက်မှာ ချွတ်ထားတဲ့မျက်မှန်လေး။
"ကိုကို့ရဲ့ဘာမှမဖြစ်ဘူးကို ကျွန်တော်တော့ လန့်တယ်ရယ်...
တကယ်ဘာမှမဖြစ်တာ သေချာရဲ့လား..."
ဖြေးဖြေးပြန်ရေးပြလာတဲ့စာကို ဖတ်လိုက်မှ မြန်နေတဲ့ကိုယ့်အသက်ရှူသံတွေကို ပြန်ညှိဖို့လုပ်လိုက်ရတယ်။
'နည်းနည်းခေါင်းမူးပြီး မျက်ရိုးကိုက်ရုံပါပဲ... စိတ်အေးအေးထား... မင်းကြည့်ရတာ ငါ့ထက် စိုးရိမ်ဖို့ကောင်းနေတယ်'
သူပြောသလို စိတ်အေးအေးထားပြီး တံခါးဝမှာကျခဲ့တဲ့ သစ်သီးအိတ်ကို ပြန်သွားကောက်၊ စားပွဲပေါ်ချလုပ်နေတုန်း ကာယကံရှင်ကတော့ မတ်ထားတဲ့ကုတင်ကိုအသာမှီပြီး ကျွန်တော်လှုပ်ရှားပုံကို လှမ်းကြည့်နေတယ်။
"အရမ်းအာရုံစိုက်လို့မရသေးဘူးလို့ ဆရာဝန်ကပြောထားတယ်လေ...
ကိုကိုကစာဖတ်ပြီဆို သည်းသည်းမဲမဲချည်းပဲ၊ ဒီအတိုင်းဆို နောက်ရက်ကျ မျက်မှန်ကို ဖွက်ထားတော့မယ်"
ပြောရင်း စာအုပ်ဘေးချထားတဲ့ ကိုင်းအကြည်မျက်မှန်လေးကို လှမ်းကြည့်လိုက်တယ်။ ပုံစံတူပါဝါတူပဲဆိုပေမယ့် ကိုကိုတပ်နေကျ အရင်တစ်လက်တော့ မဟုတ်ဘူးပေါ့လေ။ ကိုကို့ရဲ့ အရင်မျက်မှန်က accident ဖြစ်တုန်းက ကွဲသွားတာမို့ အဝေးမှုန်သမားကိုကို့အတွက် ကြည့်ရတာ အဆင်ပြေအောင် coma ကနိုးလာတဲ့ နောက်တစ်ရက်မှာပဲ ချက်ချင်းအသစ်သွားလုပ်ထားလိုက်တာ။
"ကိုကို့မျက်မှန်က ပါဝါများတယ်လေ... နောက်ရက်ကျ နေရတာအဆင်မပြေရင် နာရီဝက်ထက် ပိုစာမဖတ်ရဘူးနော်... အများကြီးအနားယူရမယ့်အချိန်မှာ ကိုယ့်ကိုကိုယ်အလုပ်ပေးချင်နေတာ ကောင်းတဲ့အကျင့်မဟုတ်ဘူးဗျ၊ ကိုကိုသိလား..."
ဘာမှပြန်မပြောနိုင်တဲ့ ကိုကိုက ဒီအတိုင်းငြိမ်လို့။
ကိုယ့်အလှည့်ရောက်နေတယ် ဆိုရမလား။ ပုံမှန်ဆို "မင်းကငါ့ကို ပြန်ဆုံးမနေတာလား" လို့ မေးတဲ့သူကမေး "ကျွန်တော်က အကြံပေးတာပါ" လို့ ပြန်ဖြေတဲ့သူကဖြေနဲ့ ဖြစ်အုံးမှာ။ အခုတော့ ကျွန်တော့်ကိုယ်ကျွန်တော် ကိုကို့ရဲ့အုပ်ထိန်းသူလိုလို ခံစားရတယ်။
မျက်မှန်လေးကိုကောက်လို့ မျက်မှန်ဘူးထဲ သေချာထည့်လိုက်ပြီး ကိုကိုဖတ်နေခဲ့ပုံရတဲ့စာအုပ်ကိုတော့ မှောက်ထားတဲ့အတိုင်းလေးယူ၊ ရောက်တဲ့နေရာမှာ စာမှတ်ကဒ်လေးထိုးထည့်ပြီး ပြန်ပိတ်လိုက်တယ်။ အိမ်က စာကလေးမထည့်ပေးလိုက်တဲ့ Oscar Wilde ရဲ့ The Happy Price and other stories ပါ။ ကိုကို့အနေနဲ့က အဲ့ဒီစာအုပ်ကို အခေါက်ခေါက်အခါခါ ဖတ်ဖူးပြီးသားဆိုပေမယ့် သူစာအုပ်ဝယ်ပေးနေကျကလေးက သူ့ကိုပြန်ပေးတဲ့လက်ဆောင်မို့ ဂရုတစိုက် အသုံးချပေးတယ်ထင်ပါတယ်။ ကျွန်တော် သူ့ကို အဲ့စာအုပ်ထုတ်ပေးတဲ့နေ့က "ကျွန်တော့်ညီမကတော့ ကိုကို့ကို ကလေးမှတ်နေလားမသိ... ပုံပြင်စာအုပ်ကြီး ၀ယ်ပေးလိုက်တယ်" လို့ ပြောမိတော့ 'ကလေးစာပေတွေ၊ ပုံပြင်တွေက စာပေနယ်ပယ်ရဲ့ ဖခင်ပဲ...' လို့ Note စာအုပ်ထဲ ရေးပြပြီး ကျွန်တော့်ကို ဆုံးမလိုက်သေးတယ်လေ။
ကျွန်တော် ပန်းသီးတွေကိုရေသွားဆေးလာပြီး အခွံနွှာဖို့ဆက်လုပ်နေတဲ့ထိ တစ်စုံတစ်ယောက်ဟာ ကျွန်တော့်ကို လှမ်းကြည့်နေတုန်း။
"ကိုကို့ကိုစိတ်မချလို့ ကျွန်တော်မြန်မြန်ပြန်လာတာ...
လမ်းမှာ ဟိန်းသူရနဲ့တွေ့နေလို့... ကျွန်တော်ပြောပြဖူးပါတယ်၊ သူကကြောင်တွေ အရမ်းချစ်တာလေ... ကြောင် ၁၂ ကောင်တောင်ရှိတယ် သူမွေးထားတာ... ကျွန်တော် ဒီနေ့ အဲ့ဒီ ၁၂ ကောင်အတွက် ကြောင်စာဘူဖေး ၀ယ်ပေးလိုက်တယ်"
"အမေက ကိုကိုနိုးမလာခင်က ဗေဒင်မေးထားတာ ကျွန်တော့်ကိုပြောပြဖူးတယ်... အညံ့တွေပျောက်အောင် တိရစ္ဆာန်တွေကို အစာကျွေးပြီး ယတြာချေရမယ်တဲ့လေ... ဘာပဲဖြစ်ဖြစ် ယတြာတွေဘာတွေ မလုပ်ရင်တောင် ကိုကိုက မြန်မြန်သက်သာလာမှာပါ... ကျွန်တော်သိတဲ့ကိုကိုက အရမ်း စိတ်ဓာတ်ကြံ့ခိုင်တာလေ... အဲ... ကျွန်တော် ကြောင်တွေကြည့်ဖို့လာလည်ရင် ကိုကို့ကိုခေါ်လာမယ်လို့ ပြောခဲ့သေးတယ်... အဲ့ဒါကြောင့် ကိုကို မြန်မြန်နေကောင်းမှဖြစ်မှာ..."
စကားလည်း ကရားရေလွှတ်ပြောရင်း ပန်းသီးလည်း လှီးပြီးသွားတော့ ဝင်းစိုနေတဲ့ ပန်းသီးစိတ်လေးတစ်စိတ်ကို ခက်ရင်းနဲ့ထိုးပြီး ကိုကို့ဆီ ကမ်းပေးလိုက်တယ်။ ကျွန်တော့်ဆီကလှမ်းယူပြီး အစားမျိုချရတာ အဆင်မပြေသေးတဲ့ လည်ချောင်းကြောင့် ပန်းသီးစိတ်လေးကို ခပ်သေးသေးကိုက်ပြီး ဖြည်းဖြည်းချင်း ညက်အောင်ဝါးစားနေတဲ့ ကိုကို့ပုံစံက အိနြေ္ဒကြီးတဲ့ကလေးလေးတစ်ယောက်အတိုင်း။
ကိုကိုရာ... ကိုကိုသာ မရွံတတ်ရင် ကျွန်တော်ပဲ ဝါးပြီးခွံ့လိုက်ချင်ပါတယ်။ ကျွန်တော့်ခံတွင်းထဲက ဘက်တီးရီးယားတွေက ကျွန်တော့်လိုပဲ ချစ်စရာကောင်းတယ် ဆိုတာ ခင်ဗျားသိသင့်တယ်ရယ်။
"ကိုကို လည်ချောင်းနာနေရင် နည်းနည်းပဲစားနော်...
မဟုတ်လည်း မျိုချရလွယ်အောင် ကျွန်တော်ဖျော်ရည်လုပ်လိုက်မယ်"
ကိုကိုက ခေါင်းယမ်းပြပြီး ပန်းသီးစိတ်လေးကိုပဲ ဆက်ဝါးနေတယ်။
နိုဝင်ဘာလဆိုတော့ ရာသီဥတုကလည်းအေး၊ ကိုကို့ခန္ဓာကိုယ်ကလည်း ပုံမှန်အတိုင်းလှုပ်ရှားလို့ အဆင်မပြေသေးတော့ များသောအားဖြင့် ဆေးရုံခန်းထဲမှာပဲ တစ်နေကုန်နေရတာများတတ်တယ်။ နေ့ခင်းပိုင်းတွေမှာ ကျွန်တော်က အပြင်ဘက်ကိုဝှီးလ်ချဲနဲ့ တစ်ခါတစ်ခါ ခေါ်သွားပေးပေမယ့် ဆေးရုံမှာနေရတာကတော့ ဘယ်နေရာဖြစ်ဖြစ် ငြီးစီစီပါပဲ။
"ဆေးသောက်ချိန်မရောက်သေးဘူးဆိုတော့ ခဏအိပ်လိုက်ပါလား ကိုကို... အစားသိပ်မစားနိုင်သေးတော့ အားရှိအောင် အိပ်ရမယ်လေ..."
တစ်နေ့နဲ့တစ်နေ့ တူညီတဲ့စကားတွေကိုပဲ ကျွန်တော် ထပ်ပြောပြန်ပါပြီ။ ဒါပေမယ့် ပြောနေရမှာပဲ။ ကိုကိုက နဂိုကတည်းက အအိပ်အနေနည်းတယ်။ အခုဆို လူက ဖြူဖျော့ဖျော့ပါးလျလျနဲ့ ကွက်တိတိုင်းဖြတ်ထားတဲ့ ပိတ်သားပ၀ါစလေးလိုဖြစ်နေတော့ တာဝန်တစ်ခုလိုမျိုး ဂရုတစိုက်နဲ့ကို နေ့ရောညရော အနားယူရ၊ အိပ်ရမှာပေါ့။ ဆေးတွေကလည်း အိပ်ချင်တော့ အိပ်လို့ပျော်မှ လန်းမှာလေ။
အိပ်ဖို့ရာဆော်ဩခံလိုက်ရတဲ့ ကိုကိုက မျက်ခုံးလေးဆွဲကျုံ့ပြီး စားပွဲပေါ်ကနာရီကို လှမ်းကြည့်နေတယ်။
"အခုက နေ့လယ် ၁ချက်ခွဲ၊ ဆေးသောက်ရမှာက ၄ နာရီ...
ခေါင်းမူးနေတာသက်သာအောင် နှစ်နာရီကျော်ကျော်လောက်ဖြစ်ဖြစ် အိပ်ပျော်အောင်အိပ်လိုက်လေ... ဆေးသောက်ချိန်ရောက်ရင် ကိုကို့ကို ကျွန်တော်နှိုးမယ်"
ကျွန်တော့်အကြုံပြုချက်ကို လက်ခံလိုက်တဲ့ပုံစံနဲ့ ငြိမ်ဆိတ်သွားတာမို့ ကျွန်တော်လည်း ကုတင်ကို အသာလေးနှိမ့်ပေးလိုက်တယ်။ စောင်ကို ရင်ဘတ်ထိ ဆွဲခြုံပေးလိုက်ရင်းနဲ့...။
"ဒီနေ့ နည်းနည်း အေးတယ်၊ အိပ်လို့ကောင်းမှာဆိုပေမယ့် ကိုကိုအကြာကြီးမအိပ်ရဘူးနော်..."
နှစ်စက္ကန့်စာအပြုံးလေးထုတ်ပြနေတဲ့သူကို ကြည်ကြည်လင်လင် ပြန်ကြည့်လိုက်ပြီး...။
"ကိုကို အိပ်လို့ပျော်အောင် ကျွန်တော်သီချင်းဆိုပြမယ်..."
တုံ့ပြန်မှုကတော့...။
"ခေါင်းယမ်းပြတယ်... ဘာလို့လဲ...
ကျွန်တော်က မွေးရာပါ အသံအနေအထားကောင်းပါတယ်နော်...
ကိုကိုနားထောင်ကြည့်ပြီးမှ ကျွန်တော့်ကို အဆိုတော်လုပ်ဖို့ တိုက်တွန်းချင်သွားမယ်"
တစ်စုံတစ်ယောက်ယောက်ကတော့ သူ့ရဲ့ ခပ်ဖျော့ဖျော့နှုတ်ခမ်းကနေ နောက်ထပ်နှစ်စက္ကန့်အပြုံးတစ်ခု ပက်ခနဲပေးပြီး ကျွန်တော့်ကို သတ်နေပြန်ပါတယ်။
"ကိုကို ကျွန်တော့်ကိုမယုံဘူးလား...
ရတယ်လေ... သက်သေပြမယ်၊ မျက်လုံးမှိတ်ထား... အဟမ်း..."
ဒီနေ့က နေရောင်မထွက်တဲ့ ဆောင်းနေ့လယ်မို့ ခပ်မှိုင်းမှိုင်းအေးစိမ့်စိမ့် ဖြစ်နေတယ်။ လိုက်ကာစတွေ ငြိမ်သက်နေတယ်။ ပြတင်းအပြင်က သစ်ရွက်တွေလည်း တစ်ရေးတမော အိပ်စက်နေကြတယ်။ လေညင်းမလာခင်အထိ...။
"ခေါင်းလောင်းလေးတွေ မြည်နေပြီ
ငှက်ကလေးတွေလည်း တေးဆိုသည်
နာရီစင်က သုံးချက်တီးသံမြည်...
နှင်းတွေလည်း ကျနေသည်
သည်ဆောင်းမြောက်လေ မြူးပြီ...
အခုတော့သိပြီ၊ သူ့ကိုကျွန်တော်ချစ်သည်
အရင်တစ်နေ့က သူ့မျက်နှာ တွေ့လိုက်ရသည်
ကျွန်တော်လေ သေလုမြောပါးကွယ်
ခံစားရတဲ့အဖြစ်ကို ဆန်းစစ်ကြည့်ရင်
ဪ... ချစ်တာပဲဖြစ်မည်...
သူ့ရဲ့အပြုံးဟာ ရင်ခုန်သည်
တစ်သက်လုံး ဒီအတိုင်းဖြစ်ချင်သည်
အကြင်နာချစ်စကားပြောခွင့်ပေးပါ အတည်...
အသည်းမှာလည်း စိုးရိမ်သည်
သူများဦးမှာ တွေးကြောက်သည်
အခုတော့သိပြီ၊ သူ့ကို ကျွန်တော်ချစ်သည်...
ခေါင်းလောင်းလေးတွေ မြည်နေပြီ...
အခုတော့သိပြီ သူ့ကိုကျွန်တော်ချစ်သည်"
အကျော်ဇေယျအဆိုရှင် ထူးအိမ်သင်ရဲ့ 'ခေါင်းလောင်းလေးတွေမြည်နေပြီ' ကို နာမ်စားလေးတစ်လုံးပြောင်းပြီး တိုးညင်းညင်းဆိုပြလိုက်ရင်း အပြီးသတ်မှာ ခပ်ဖွဖွပြုံးလိုက်မိတယ်။ သွေးကြောထဲထိ ခံစားချက်စီးဝင်သွားတာမို့ မှိတ်ထားမိလျက်သားဖြစ်နေတဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့...။
"ကိုကို..."
ကိုကိုအိပ်ပျော်သွားတာမဟုတ်ရင် မှတ်ချက်တောင်းမယ်လို့ စိတ်ကူးမိပေမယ့်... ကိုကိုလည်း အိပ်မနေပေမယ့်... ကျွန်တော် သူ့ကို "ကဲ... ဘယ်လိုနေလဲ" ဆိုတဲ့မေးခွန်း မမေးဖြစ်တော့ဘူး။
အဲ့ဒီအစား မေးမိတာက...။
"ကိုကို ဘာလို့ ငိုနေတာလဲ..."
"..."
_____________________________________
To be continued...
💖💖💖
Meanwhile, kitty house couple be like :
ကြောင်ဂေဟာပိုင်ရှင် : "ဪ... အဲ့လိုလား... အဲ့ဒီအသန့်ကြိုက်တဲ့သူက လင်းခန့်ရဲ့ဆရာတဖြစ်လည်း unrequited love software ရေးပြထားသူကိုး... ရှင်းပြတာကျေးဇူးပဲ... ဒါနဲ့ ဟိန်းလေး... လင်းခန့်က သူ့ကိုဒီခေါ်လာရင် ငါသူ့ရှေ့မှာ ဘယ်လိုနေရမလဲ..."
ဂေဟာကြီးကြပ်ရေးမှူး : "လူလိုနေ..."
ကြောင်ဂေဟာပိုင်ရှင် : "ကြောင်လိုနေရင်ရော..."
ဂေဟာကြီးကြပ်ရေးမှူး၏လက် : "ဖုန်း..."
ပတ်လုံးလေးတွေ မြည်နေပြီ 🎶
အားလုံးသိတဲ့သီချင်းဆိုပေမယ့် ပြန်နားထောင်ရင်း vibe ရအောင် ထည့်ပေးလိုက်ပါတယ်ဗျ။
Novella ✒️