Heartless December❄️ ZG versi...

Novella_1001 द्वारा

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... अधिक

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂

8 2 0
Novella_1001 द्वारा

❄️❄️❄️

Jan 1
ပျော်ရွှင်စရာနှစ်သစ် တဲ့...။
ဒီနှစ်သစ်က ငါ့အတွက်တော့ သွေးစက်လက်နဲ့ ပြတ်ထွက်သွားတဲ့ကြိုးစရယ် ‌မပြေသေးတဲ့ ပူပန်မှုကြိုးထုံးတွေရယ်နဲ့ စတင်ခဲ့တယ်။ နှစ်သစ်မှာ ပစ်စရာရှိတာတွေကို စွန့်ပစ်ရတယ်‌တဲ့...။ ငါပစ်စရာရှိတာတွေအကုန်လုံး စွန့်ပစ်လိုက်နိုင်ပြီလားဆိုတာကို ငါ့ကိုယ်ငါ ပြန်မေးတယ်။ သူ့ကိုမပေးဖြစ်ခဲ့တဲ့ အံဆွဲထဲက လက်ဆောင်အိတ်နီလေးက ငါ့ကိုလှောင်တယ်။ သူ့ကိုတွေးပြီး ၀ယ်ထားရင်း အိမ်ထဲမှာ လက်ညိုးထိုးမလွဲနီရဲလာတဲ့ ပစ္စည်းလေးတွေက ငါ့ကိုလှောင်တယ်။
ဖြစ်နိုင်ရင်တော့... ဆုတ်ဖြဲလိုက်တဲ့ ဓာတ်ပုံတွေအတိုင်း ခံစားချက်ဆိုတာတွေလည်း အကုန်စုတ်ပြဲသွားစေချင်တယ်။
ထပ်ပြီး ရှင်သန်မလာနိုင်တော့တဲ့အထိ... ထပ်ပြီး ငါ့ကို မတားဆီး မထိန်းချုပ်နိုင်တော့တဲ့အထိ...။

Jan 4
ဒီနေ့လို အားလပ်ရက်မနက်အစောကြီးမှာ အိမ်တံခါး‌ကို တဒုန်းဒုန်း လာခေါက်တာမျိုး၊ တံခါးဖွင့်ပေးလိုက်တာနဲ့ "ဗိုက်ဆာတယ်" ဆိုပြီး ခွင့်မတောင်းဘဲအိမ်ထဲကို ဇွတ်ဝင်လာတာမျိုး လုပ်တတ်တဲ့သူက သူတစ်ယောက်ပဲရှိလိမ့်မယ်လို့ ထင်ခဲ့တယ်။ ငါမှားသွားတယ်။ ငါ့ဆီစာသင်နေတာ ရက်ပိုင်းပဲရှိသေးတဲ့ အဲ့ဒီကောင်လေးက တော်တော်အကြောက်အလန့်မရှိတဲ့ကလေးပဲ။ ကော်ဖီတစ်ခွက် ပေါင်မုန့်တစ်ချပ်ကို နှမြောစရာမရှိပေမယ့် အဲ့သလို မကောင်းတဲ့အကျင့်တွေကို လူတိုင်းက သည်းခံချစ်ပေးနိုင်မှာမဟုတ်တဲ့အကြောင်း ဒီကလေးနားလည်လာတဲ့ထိ ငါပြောရအုံးတော့မယ်။ ပြီးတော့ အခုရက်ပိုင်း ငါ့ရေခဲသေတ္တာထဲက မိုင်လိုဘူးတွေကုန်တာ အရမ်းမြန်လာသလိုပဲ။

ကိုကို့ဒိုင်ယာရီမှာ date အစုံမပါဘူး။
တစ်ချို့ရက်တွေမှာကျ date တပ်ထားတဲ့အောက် စာတစ်ကြောင်းမှရေးမထားဘဲ နေရာတစ်ခုရဲ့နာမည် ဒါမှမဟုတ် စာအုပ်တစ်အုပ်ရဲ့ခေါင်းစဉ်နဲ့ စာရေးသူနာမည်ကိုပဲ ရေးထားတတ်တယ်။ သူရောက်ခဲ့ပြီးသဘောကျခဲ့တဲ့ ကော်ဖီဆိုင်နာမည်လိုမျိုး၊ သူဒီနေ့ဝယ်ခဲ့တဲ့စာအုပ်ရဲ့ ခေါင်းစဉ်လိုမျိုး ဖြစ်လိမ့်မယ်။

Jan 22
သူပေးခဲ့တဲ့ဆင်တူလက်စွပ် ချွတ်ထားခဲ့တာ တစ်လပြည့်တဲ့နေ့။ ငါသူ့ကို ငါ့လက်စွပ်ပြန်ပေးခဲ့တယ်။ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး တစ်စက္ကန့်မှ အသားနဲ့မခွာခဲ့တဲ့ လက်စွပ်ကြောင့် ငါ့လက်သူကြွယ်မှာထင်နေတဲ့ အမာရွတ်ရာကို ပျောက်အောင်လုပ်ဖို့ အချိန်ယူလိုက်ရတာ ရက်အတော်ကြာကြာ...။ အရင်လဒီလို‌နေ့မှာ သူလက်စွပ်ဝတ်မထားရတဲ့ အကြောင်းရင်းကို ငါ့ဆီဖြေရှင်းချက်ပေးပုံက "ဒီလက်စွပ်တွေက လိုမှမလိုတော့တာ" ဆိုတဲ့ စကားတင်။ အင်း... အခုတော့ ငါလည်း အဲ့လိုပြောနိုင်ခဲ့ပြီ။ ဒါပေမယ့် ငါသူ့ကို နိုင်မသွားပါဘူး။ ငါရှုံးနေသေးတာပဲ။ ခိုင်ခိုင်စုစည်းထားသမျှ လျစ်လျူရှုခြင်းတွေက သူဆွဲထုတ်ပြလိုက်တဲ့ အဆစ်ဖြုတ်ဓားတစ်ချောင်းမှာတင် ပြေကျသွားတာကို ကြည့်ရင် အယ်လ်ခွန်းဆိုတဲ့ Knight က အာကာဝေယံဆိုတဲ့ King ကို ဘယ်တော့မှ အနိုင်မပိုင်းနိုင်မှန်း သေချာသွားတာပဲ မဟုတ်လား။ အမာရွတ်တွေတစ်ခုပြီးတစ်ခု အဆက်မပြတ်ယူထားဖို့ကသာ ငါ့တာဝန်ဖြစ်လိမ့်မယ်။ ဒီနေ့လည်း အမာရွတ်တစ်ခုကို ဖျောက်ဖျက်ပြီးကြောင်း ပြဖို့သွားခဲ့ရာက ပိုစွဲမြဲနေမယ့် အမာရွတ်တစ်ခုပြန်ယူလာရင်း အိမ်ပြန်ခဲ့ရတယ်။
ငါသူ့ဆီမှာ အလူးအလဲရှုံးခဲ့ပြန်တဲ့သက်သေပေါ့။
"မင်းငါ့ကို နည်းနည်းလေးတော့ ချစ်နေသေးတာပဲ" ဆိုတဲ့ သူ့စကားက ငါ့ရဲ့မရှိတော့တဲ့နှလုံးသားကို မမြင်ရတဲ့ဓားအသွားနဲ့ ရှပ်ပြီးဖြတ်သွားခဲ့ရုံပါပဲ။

ကျွန်တော့်အတွေးမှန်ခဲ့တယ်။
အဲ့ဒီနေ့ကတွေ့ခဲ့ရတဲ့ ကိုကို့မျက်ရည်တွေက ဓားထိမိတဲ့ လက်ကဒဏ်ရာကနာလို့ ကျလာတာမဟုတ်ဘူး။ သူ့စကားတစ်ခွန်းကြောင့်...။

အချစ်ဆိုတဲ့အရာက နှလုံးသားမှာနေတယ်တဲ့။
ဒါဆို နှလုံးသားသာမရှိတော့ရင် အချစ်လည်း သေဆုံးသွားမှာပဲ။

ခင်ဗျားသိရဲ့လား ကိုကို...။
နှလုံးသားမရှိတော့ဘူးလို့သာ ပြောနေခဲ့ပေမယ့် ကိုကို့အချစ်တွေက မသေဆုံးသေးဘူး။ ကိုကို့ဆီမှာ သူ့ကိုရည်ရွယ်တဲ့ အချစ်တွေရှင်သန်နေသရွေ့ သူ့အတွက်သီးသန့်ဖယ်ထားတဲ့ နှလုံးသားအခန်းက ခိုင်ခိုင်မြဲမြဲအလုံးလိုက်အထည်လိုက်ရှိနေအုံးမှာပဲ။
ပြီးတော့ အဲ့ဒါက ကိုကို့အပြစ်မဟုတ်ဘူး။
နှလုံးသားရဲ့အပြစ်...။

ဒါပေမယ့် ကျွန်တော်တို့မှာ နှလုံးသားကို အပြစ်တင်ပိုင်ခွင့်မရှိဘူး။ အဲ့ဒါက ခံရခက်တယ်။

Jan 27
ငါ့ private life နဲ့ professional life ကို အမြဲတမ်း သီးသန့်စီခွဲထားတဲ့အတွက် အဲ့ဒီနှစ်ခုထွေးရောယှက်တင်ပြီး ပြဿနာဖြစ်လာမှာမျိုးကို ဘယ်တုန်းကမှ စဉ်းစားမကြည့်ခဲ့ဖူးဘူး။ ငါအရမ်း ပေါ့လျော့သွားတယ်။ ငါ့ဆီစာသင်နေတဲ့ကလေးက ငါ့အပေါ် ခံစားချက်တွေရှိနေတာကို သိပေမယ့် bright ဖြစ်ပြီးသားကလေးမို့ ထိခိုက်နိုင်မှာမဟုတ်ဘူးလို့ ယူဆပြီး သတိမပေးဘဲ လွှတ်ထားခဲ့တာ။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ နှလုံးသားက အလွယ်တကူ အာရုံများ‌နိုင်တယ်ဆိုတဲ့အချက်ကို ငါထည့်မတွေးခဲ့မိဘူး။ အရင်ရက်တွေမှာ အဲ့ကလေး ထူးဆန်းနေကတည်းက သတိထားမိသင့်တာ။ သူ့စိတ်ကို အာရုံများအောင် လုပ်နေတာက သူတို့ဟိုဘက်အိမ်ကကြောင်ဝါကြီး မဟုတ်ဘူး၊ သူ့ဆရာလုပ်နေတဲ့ ငါကိုယ်တိုင်ပဲဆိုတာ...။

စာသင်သူနဲ့ တပည့်ကြားမှာ အဆိုးဝါးဆုံး အနှောင့်အယှက်က အချစ်ရေးခံစားချက်တွေပဲ။ ကျောင်းသားက စာကိုအာရုံစိုက်နေရမယ့်အချိန်မှာ ဆရာကိုအာရုံစိုက်နေရင် တလွဲတချော်ရလဒ်တွေ ထွက်လာလိမ့်မယ်။ လမ်းပြကပြပေးတဲ့မီးရောင်ကို ကြည့်ပြီးမလျှောက်ဘဲ လမ်းပြကိုကြည့်ပြီး အမှုမဲ့အမှတ်မဲ့လျှောက်နေမိလို့ ခလုတ်ကန်သင်း‌တွေနဲ့ချည်း မိတ်ဆက်နေရမယ်ဆို ဘယ်လိုလုပ်ပြီး ခရီးဖြောင့်ဖြူးတယ် ခေါ်နိုင်တော့မလဲ။ အာရုံမများရအောင် လမ်းပြအသစ်တစ်ယောက်ပြောင်းပြီး ဆက်လျှောက်တာကမှ ဟန်ကျအုံးမယ်။ ငါ့အပေါ်ထားတဲ့ခံစားချက်တွေကြောင့် အရေးကြီးတဲ့အရာကိုမမြင်ဘဲ လမ်းပျောက်နေတဲ့ အဲ့ဒီကလေးကို စိတ်အလျောက် ဆူ‌ငေါက်လိုက်မိတယ်။ အမှန်တော့ ငါသူ့ကို ငါ့ရဲ့လက်ရှိချစ်သူအဖြစ် ဆွဲပြီး ခေါင်းစဉ်တပ်ခဲ့မိတာက ငါ့အပေါ်ထားတဲ့ သူ့ခံစားချက်တွေကို အတော်လေး သက်ရောက်မှုရှိသွားခဲ့မှာပဲ။ အာကာဝေယံ့ဆီက သူဘာတွေကြားလာခဲ့လဲ ငါအလုံးစုံမသိရပေမယ့် နားထောင်ကောင်းမယ့်အရာတွေမဟုတ်တာတော့ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ငါကပဲ ရှုပ်ထွေးစေခဲ့တာမို့ ပြန်ဖြည်ပေးဖို့ ငါ့မှာတာဝန်ရှိတယ်။ အခုအခြေအနေမှာ သူက ငါ့ကို အားတိုင်း ဖွင့်ပြောတတ်တဲ့ ငါ့ဆီမှာစာသင်နေတဲ့ တပည့်တစ်ယောက်သက်သက်ပဲ ဆိုတာကို ပြောထားမှသာ သူ့ခေါင်းထဲ ရှုပ်ထွေးနေတဲ့ 'ငါကဘာလဲ' တွေက ပြေပျောက်သွားလိမ့်မယ်။ ခံစားချက်တွေနဲ့ လမ်းပျောက်နေတာကို ရပ်မလား၊ ငါနဲ့စာသင်နေတာကို ရပ်မလား ရွေးချယ်ဖို့ ငါအဲ့ကလေးကို သုံးရက်အချိန်ပေးထားတယ်။ ငါပြောလိုက်တာတွေကြောင့် ပိုပြီး စိတ်ထိခိုက်သွားမလားမသိပေမယ့် ရည်ရွယ်သမျှက သူကောင်းဖို့ပါပဲ။

အင်း...။ ကိုကိုနဲ့ ကျွန်တော်က ဆရာနဲ့ တပည့်ကြား ဖြစ်နေကျကိစ္စမျိုးတွေကိုလည်း ကျော်ဖြတ်ခဲ့ကြသေးတာပဲနော်။

ဖြစ်နေကျကိစ္စဆိုတာက... ပြောရရင်... ရှိတယ်မလား...။
ကျွန်တော်တို့က အမြဲဆရာဆူတာငေါက်တာကိုပဲ နားထဲကြားပြီး စိတ်ခုလေ့ရှိကြတယ်။ အဲ့လိုဆူတဲ့အဆင့်မရောက်ခင် သူ့ခေါင်းထဲမှာ ကျွန်တော်တို့အတွက် ဘယ်လောက်တွေးပေးခဲ့ရသလဲဆိုတာကို မစဉ်းစားမိကြဘူးလေ။ ကိုကိုကတော့ အဲ့နေ့က ကျွန်တော်လုပ်နေပုံတွေကို ကြည့်ပြီး 'ငါမင်းကို စာဆက်မသင်တော့တာမှ ကောင်းသေးတယ်' လို့ ပြောခဲ့တယ်။ သူ့ဆီမှာညဂိုက်တက်ပြီးမှ အမှတ်ကောင်းကောင်း ရမလာရင် သူနာမည်ပျက်တယ်တဲ့လေ။ ပြောပါတော့မယ်ဗျာ။ တကယ်တမ်းတော့ ကျွန်တော် ကြိုးစားသလောက်နဲ့ တန်တဲ့ရလဒ်ထွက်မလာမှာကိုပဲ စိတ်ပူနေခဲ့တာမလား...။ ဒီလို ဒိုင်ယာရီထဲ စာရှည်ရှည်ရေးပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နေခဲ့တဲ့အထိ။

"တကယ်ပဲ ကိုကို့လို ဆရာမျိုးနဲ့တွေ့ခဲ့ရတာ
ကျွန်တော် သိပ်ကံကောင်းတယ်... ကိုကို့ကို ဆရာတစ်ယောက်အနေနဲ့ ချစ်ခဲ့ရတဲ့အရသာကလည်း တကယ်‌လေးနက်ပြီးထူးခြားတယ်..."

ရေရွတ်လိုက်မိရင်း စာရွက်လေးတွေဆက်လှန်ခဲ့ပြန်...။

Jan 30 (written on Jan 31)
စိတ်ပျက်စရာပဲ။ ငါမနေ့က ဘယ်လို အိပ်ပျော်သွားလိုက်မှန်း မသိဘူး။ "စာမေးပွဲပြီးရင် အနူးကိုယ်တိုင် ခေါင်ရည်ကျိုပေးမယ်၊ တစ်ခြားဟာ‌တွေခိုး‌သောက်ဖို့ မစဉ်းစားနဲ့..." ဆိုပြီး ငါ့ကို မျှော်လင့်ချက်တွေပေးသွားခဲ့တဲ့ အနူးဆုံးတာ ၇ နှစ်ပြည့်တဲ့နေ့မှာ အံ့ထူးမြတ်ကျေးဇူးနဲ့ ငါဝိုင်သောက်နေခဲ့မိပြန်တာနေမယ်။ ညက အနူး ငါ့အိပ်မက်ထဲကိုလာခဲ့တာကိုတော့ ငါအခုထိ မှတ်မိသေးတယ်။ အနူးငါ့ကို ပြောတယ်။ "သားအခု အနူးဆီ ပြေးမလာချင်တော့တဲ့အတွက် အနူးဝမ်းသာတယ်" တဲ့။ အင်း... လွန်ခဲ့တဲ့ ၇နှစ် က ငါလုပ်ခဲ့တဲ့ကိစ္စလိုဟာမျိုး ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးလို့ ငါကျိန်တွယ်ထားပြီးသားပါ။ 

တနင်္ဂနွေမနက်ရဲ့ ဘုရားကျောင်း...။
အဲ့ဒီရက်ကလို အအေးပေါ့ပြီး ရာသီဥတုသာယာတဲ့တစ်ရက်ပဲ။ ရူးမိုက်တဲ့အတွေးပေမယ့် ဒီနှစ်လည်း အရင်နှစ်တွေလိုပဲငါ အိမ်ပြန်ချင်တယ်လို့ တွေးခဲ့တယ်။ ၀တ်ပြုစင်ရှေ့မှာ တိတ်တိတ်ဆိတ်ဆိတ် မျက်ရည်ကျခဲ့တယ်။ ငါငေါက်လွှတ်လိုက်ကတည်းက မမြင်ရတော့တဲ့ အဲ့ကလေး ငါ့ရှေ့ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး။ ငါ့ကို လူကြီးဆန်တဲ့ အားပေးစကားတွေ လာပြောမယ်လို့လည်း မထင်ထားခဲ့ဘူး။ ငါ့ကိုချစ်ရတဲ့အလုပ်ကို သဘောကျတယ် ဆိုပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲတဲ့ဟန်ပန်နဲ့ ရူးကြောင်ကြောင်နိုင်တဲ့အမူအရာတွေလုပ်ပြနေတဲ့ သူ့ပုံစံကို ငါမရယ်ပဲမနေနိုင်ခဲ့ဘူး။ ဘုရားကျောင်းကအပြန် အဲ့ဒီရူးကြောင်ကြောင်နိုင်တဲ့ကလေးဟာ ငါ့ဆိုင်ကယ်နောက်မှာ ကျကျနနထိုင်လို့ ငါ့ကိုတွယ်ဖက်ရင်းအိပ်လျက် လိုက်လာတယ်။ ပြီးတော့ ငါ့ဧည့်ခန်းထဲက ဆိုဖာမှာလည်း သူ့အိမ်သူ့ရာလို နေ့တစ်ပိုင်းလုံး အိပ်ခဲ့‌သေးတယ်။ သူ့ကြည့်ရတာ တွယ်ကပ်နေတတ်တဲ့ အိမ်မွေးခွေးကလေးလိုပဲ။ စိတ်အနှောက်အယှက် ဖြစ်ပေမယ့်လည်း...။

"ချစ်စရာကောင်းတယ်လေ ဟုတ်တယ်မလား..."

ကိုကို့ဘောပင်က ဘာလို့ ဒီနေရာမှမင်ပြတ်သွားလဲ မသိပေမယ့် သေချာပါတယ်။ ကျွန်တော်တွေးတာမှန်တယ်။
ကျွန်တော့်ရဲ့ချစ်စရာကောင်းပုံကို လိုက်မီအောင်ဖော်ပြနိုင်တဲ့ စကားလုံးရှာမတွေ့တော့ပဲ ကိုကို ဒီလောက်နဲ့ရပ်ထားခဲ့ရတာပဲ ဖြစ်မှာ။

"ဒါနဲ့ လွန်ခဲ့တဲ့ ၇ နှစ်က ကိုကိုဘာများလုပ်ခဲ့လို့လဲ..."

Feb 5
နေမကောင်းဘဲ ငါ့ဆီရောက်ဖြစ်‌အောင်ရောက်လာတဲ့ အဲ့ဒီကလေးကို ငါဆေးခန်းခေါ်သွားပြီး အိမ်လိုက်ပို့ပေးခဲ့တယ်။ ပြီးတော့ ငါမလုပ်ရသေးတဲ့တစ်ခု။ သူ့ကို တောင်းပန်ခဲ့တယ်။ ငါ့ကြောင့် သူပါမဆီမဆိုင် အာကာဝေယံနဲ့ ပက်သက်လာရတဲ့အတွက်။
"သူ့အတွက် အမြဲတောင်းပန်ပေးရတယ် ထင်တယ်" ဆိုတဲ့ အဲ့ကလေးရဲ့ထင်မြင်ချက်။ ငါမငြင်းနိုင်ခဲ့ပါဘူး။
တောင်းပန်ဖို့ ၀န်လေးတတ်လွန်းတဲ့သူတစ်ယောက်အတွက် ကြားဝင်ပေးခြင်းတွေကို ခဏခဏလုပ်ပေးခဲ့ဖူးတယ်။ ဒါပေမယ့် ဒီတစ်ခါကရော ငါဘယ်သူ့အတွက် စိုးရိမ်လို့ တောင်းပန်နေတာလဲ...။ ငါ့ကိုယ်ငါပြန်မေးမိတဲ့ ပထမဆုံးအကြိမ်။

Feb 6
တိုက်ခန်းရှေ့လမ်းထဲကို သူ့ကားရောက်လာပြန်ပြီ။
"ခဏအပြင်မှာတွေ့ရအောင်..." ဆိုတာရဲ့နောက်မှာ
ဒီညနေလည်း ငါတို့စကားများခဲ့ကြတယ်။ တစ်ရက်တုန်းက သူ့ငါ့ကိုပေးထားဖူးသမျှ ပစ္စည်းတွေကို ငါအကုန်လုံး ပြန်ပေးခဲ့တာနဲ့ ပက်သက်လို့ သူကမကျေနပ်ပုံပါပဲ။ "ဒီလောက်‌တောင် ငါနဲ့ပက်သက်သမျှ ပြန်ပေးချင်နေရင် ငါ့ဆီကမင်းဦးလေးယူထားတဲ့ အကြွေးတွေကိုပါ ပြန်ပေးလိုက်ပါလား" ဆိုတဲ့စကားနဲ့ သူငါ့ခြေလှမ်းတွေကို တားခဲ့တယ်။ သူနဲ့လက်ထပ်မယ်ဆို ဘာပြဿနာမှ မဖြစ်စေရဘူး တဲ့။ အဲ့ဒီအာမခံစကားကပဲ ငါ့စိတ်ကို မလုံခြုံစေခဲ့တာ။ သူဘယ်လိုအတွေးနဲ့များ ဘာမှမသက်ဆိုင်တဲ့ အန်ကယ်မြတ်ကိုပါဆွဲထည့်ပြီး ငါ့ကိုအကြပ်ကိုင်ဖို့လုပ်ခဲ့တာလဲ။ သူဘာကြောင့်များ ဒီလောက်တောင် ငါ့ကို အနိုင်ယူချင်ရတာလဲ။ သူဘာကြောင့်များ သူ့အပေါ်ထားတဲ့ ငါ့ရဲ့လက်ကျန်သံယောဇဉ်တွေကိုပါ မီးစာညှိပစ်နေရတာလဲ။ ဘာကြောင့်လဲ...။

တကယ်တမ်း... အဲ့ဒီ 'ဘာကြောင့်လဲ' တွေက ပြဿနာဖြေရှင်းရာမှာ အသုံးမ၀င်မှန်း ငါသိပါတယ်။ သူလုပ်ချင်သလိုလုပ်ပြီးသွားတဲ့ သူ့ကို 'ဘာကြောင့်လဲ' မေးမယ့်အစား ငါပြန်လုပ်ရမယ့်ကိစ္စကိုသာ အာရုံစိုက်ပြီး ငါ့ရဲ့ 'ဘာကြောင့်လဲ' ကို သူသိအောင်ပြပေးရမှာ။

အာကာဝေယံ... ငါမင်းကို ရူးနေအောင် ချစ်ခဲ့တယ်။
ငါ့ရဲ့မလုံခြုံတဲ့အိမ်ထဲ မင်းကိုတော့ စိတ်ချလက်ချ ပေးဝင်ခဲ့တယ်။ မင်းက ငါ့နေရာလေးကို ပန်းတွေစိုက်ပေးခဲ့ပြီးမှ မီးမြှိုက်သွားတယ်။ ငါ့နှလုံးသားလည်း ပြာကျသွားတယ်။ မရှိတော့ဘူး။ ဒါလောက်ပဲ။ နှလုံးသားတစ်ခုလုံးနဲ့ မင်းကိုချစ်ခဲ့တာမို့
အဲ့ဒီနှလုံးသားတစ်ခုမရှိတော့တဲ့အယ်လ်ခွန်းက မင်းဆီပြန်မလာနိုင်ဘူး။ ဘယ်လိုနည်းနဲ့ပဲ မင်းငါ့ကိုဆွဲထားဖို့လုပ်ပါစေ ပြန်မလာနိုင်တော့ဘူး။
အဲ့ဒါက ငါ့ရဲ့ 'ဘာကြောင့်လဲ' ပဲ။

မင်းပါးစပ်က ငွေစကားထွက်လာလာချင်းပဲ ငါဘဏ်ကိုသွားခဲ့တယ်။ ဒီနေ့ ငါစုဆောင်းထားတဲ့ ငါ့ရဲ့ ချွေး၊ သွေး၊ မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို မင်းဆီအကုန် ပေးပစ်ခဲ့တယ်။ အင်း... ငါမသေသေးသရွေ့ ပြန်ရှာလို့ရတယ်။ မင်းငါ့ကိုသတ်မှတ်လိုက်တဲ့ အဲ့ဒီတန်ဖိုးတစ်ခုပြည့်သွားတဲ့အထိ ထပ်ပြီးပေးအုံးမယ်။ ဒါကြောင့် အဲ့ဒီစက္ကူတွေကိုယူပြီး ကျေနပ်ပါတော့...။ ထပ်ပြီး ငါ့ကို အခန်းတံခါးနောက်မှာ အံကြိတ်ငိုရင်း မရှိတဲ့နှလုံးသားကို ထုရိုက်ရအောင် မလုပ်ပါနဲ့တော့...။ ငါအရမ်း ပင်ပန်းနေပြီ...။

ကိုကို့ရဲ့ ဒိုင်ယာရီတွေက တစ်လုံးနှစ်လုံး၊  တစ်ကြောင်းနှစ်ကြောင်းစာ မှတ်စုစာတိုကလေးလည်း ဖြစ်နိုင်သလို သုံးသပ်ချက်စာအရှည်ကြီးလည်း ဖြစ်နိုင်တယ်။ နောက်ပြီး အခုလို ခံစားချက်သက်သာ‌အောင် ချရေးထားတဲ့ ရင်တွင်းဖြစ်စာတွေလည်း ဖြစ်နိုင်တာပဲ။ ကိုကိုက တကယ် ခန့်မှန်းလို့ မရပါလား။

အဲ့ဒီနေ့က ကိုကို ကျွန်တော့်ကို အော်လွှတ်ပြီး တံခါးချပ်နောက်ကိုဝင်သွားတော့ ကျွန်တော်အဲ့ရှေ့မှာ အကြာကြီးရပ်နေခဲ့သေးတယ်။ ရပ်ပြီး ငြိမ်ငြိမ်‌လေး နားစွင့်နေခဲ့ရုံပါ။

ကိုကို အရမ်းတော်တယ်။
တံခါးလေးတစ်ချပ်ပဲခြားပေမယ့်...
အဲ့တံခါးနောက်ကလူဟာ ငိုနေတာသေချာပေမယ့်...
ရှိုက်သံတစ်ချက်မှမကြားရအောင် ငြိမ်ဆိတ်လွန်းနေတာမျိုး။
တစ်ချို့က ပြောကြတာတော့ အသံတစ်စက်မှမထွက်အောင် ငိုတယ်ဆိုတာ အကျင့်တစ်ခုလို မွေးယူထားမှသာ ဆိုပဲ။ ကိုကိုလည်း အဲ့ဒီငိုနည်းကို အကျင့်တစ်ခုလို မွေးယူခဲ့တာဆိုရင် အဲ့ဒါက အရမ်းမွန်းကြပ်ပြီး ပင်ပန်းခဲ့မှာပဲ။

သက်ပြင်းတစ်ချက်ရှိုက်ရင်း နောက်ထပ်စာမျက်နှာတွေဆီ...။

Feb 14
ဘုရင်တွေရဲ့ သတ်စေသေစေ ဆိုတဲ့အာဏာက မထီမဲ့မြင်ပြုကောင်းတဲ့အရာ မဟုတ်ဘူး။
St. Valentine ဟာ Claudius II ကို ဆန့်ကျင်လို့ အသတ်ခံခဲ့ရတယ်။ အင်း... တစ်ခါပဲ အပြတ်။
ငါကတော့ သူ့ကိုဆန့်ကျင်မိလို့ သူအမျက်ထတိုင်းမှာ ခံစားချက်တွေ အလီလီအလာလာ အသတ်ခံရတယ်။
ဒီနေ့လည်း သူငါ့ခံစားချက်တစ်ချို့ကို လာသတ်ခဲ့တယ်။

ချောကလက်တစ်ပန်းကန်ပါပဲ။
ငါမြင်တဲ့အဓိပ္ပာယ်က 'အသိအမှတ်ပြုခြင်း'၊
သူ့မြင်တဲ့အဓိပ္ပာယ်က 'အရသာအသစ်'။ အဲ့လိုဖြစ်သွားရုံလောက်ပေါ့။
ငါ ဒီအတွက် ဘာမှရှင်းမပြချင်ဘူး။ ကြွေပန်းကန်တွေကွဲတာ ဒါပထမဆုံးမှ မဟုတ်တော့တာပဲ။
ကလေးကိုမုန့်ပေးပြီး လိုချင်တာခိုင်းတယ်ဆိုတဲ့ သူ့စကားကို ငါသဘောမတူဘူး။ ဒါပေမယ့် ငါလုံးဝ အဲ့လိုမလုပ်မိပါဘူးလို့လည်း ငြင်းလို့မရဘူး။ ငါ့ဝန်ထုပ်တွေ ၀င်ထမ်းခိုင်းဖို့တော့မဟုတ်ပေမယ့် ငါအဲ့ကလေးကို အသုံးချနေမိတာ အမှန်ပဲ။ တပည့်တစ်ယောက်အနေနဲ့
ချောကလက်လုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့ အဲ့ဒီကလေးကတော့
‌ကြမ်းပြင်ပေါ်က ချောကလက်တွေကို ကောက်စားပြီး ချိုတယ်လို့ပြောခဲ့တယ်။ သူ့အမြင်မှာ‌ရော ငါလုပ်ထားတဲ့ချောကလက်က ဘာအဓိပ္ပာယ်ဖြစ်နေမလဲ။

'ချိုမြိန်မှု' ပါပဲ ကိုကို... တခြားအဓိပ္ပာယ်မရှိဘူး
တကယ်ပဲ အဲ့ဒီ Valentine day က စားခဲ့ရတဲ့ ကိုကိုလုပ်တဲ့ ချောကလက်က တခြားဘာဆိုဘာမှ အတွေးမများနိုင်လောက်အောင် ချိုမြိန်ခဲ့တာပါ။

အဲ့ဒီနောက်ပိုင်း စာမျက်နှာတွေမှာတော့
'ဒီနေ့ မနက်အစောနှင်းကျတဲ့အသံတွေ မကြားရတော့ဘူး'
ဆိုတာလို အဆုံးသတ်တော့မယ့်ဆောင်းရာသီအတွက် တစ်ကြောင်းနှစ်ကြောင်း၊ 'မြန်မာ၊ သင်္ချာ၊ Chemisty ကလေးတွေအတော်များများ ဒီသုံးခုကို ကြောက်နေကြတယ်... ငါ သူတို့စိတ်သက်သာအောင် တစ်ခုခုအကြံပေးရမယ်' ဆိုတာလို ဖေဖော်ဝါရီအပြီး နီးကပ်လာတဲ့ စာမေးပွဲတွေအတွက် တစ်ကြောင်းနှစ်ကြောင်း၊ 'ဒီနှစ်နွေ ငါအလုပ်ပိုလုပ်ရမယ်... ဗလာဖြစ်သွားခဲ့တာတွေကို အလုပ်လုပ်ရင်း ပြန်ဖြည့်မယ်' ဆိုတာလို အပြေးလေးရောက်လာတဲ့ နွေဦးရာသီအစအတွက် moti တစ်ကြောင်းနှစ်ကြောင်း...။

တဖြတ်ဖြတ်လှန်ပြီးသွားတဲ့ စာတိုလေးတွေရဲ့ နောက်မှာတော့
Sam Smith ရဲ့ သီချင်းစာသားလေးတစ်ကြောင်းကိုပဲ အတိုင်းသားရေးထားတဲ့ ရက်စွဲတစ်ခုတွေ့ခဲ့တယ်။

Mar 18
I'm way too good at goodbyes...

အဲ့ဒီနေ့က ကိုကိုအလုပ်မှာ လက်ကိုခိုက်မိထားတာ။ 
ပိုက်ဆံကိစ္စနဲ့ပက်သက်ပြီး အာကာဝေယံနဲ့ အချေအတင်ဖြစ်ရင်း အဲ့ဒီဒဏ်ရာပိုဆိုးသွားလို့ ကျွန်တော်တောင်ဇွတ်ဝင်ပြီး ဆေးကူလိမ်းပေးခဲ့သေးတယ်။

ကိုကို့ဆီစာသင်နေတဲ့လတွေအတွင်း ကျွန်တော်က ကိုကို့လက်ရေးတွေကို အများကြီးဖတ်လာခဲ့တာမို့  စာအဆွဲအသားလေး တစ်ချက်ယိုင်သွားတာကစ သတိထားမိနေပြီ။ အဲ့ဒီနေ့က ကျွန်တော့်ကိုသာ ဘာမှမဖြစ်ဘူးပြောပြီး နှင်လွှတ်လိုက်ပေမယ့် ကိုကိုလက်နာနေခဲ့တယ်မလား။ အဲ့ဒါကြောင့် စာတွေချမရေးဖြစ်တော့ဘဲ...။

စာရွက်အလယ်ပိုင်းကိုဖိကိုင်ထားရာက နိမ့်လျောသွားတဲ့ ကျွန်တော့်လက်ချောင်းတွေဟာ စာရွက်သားအောက်ခြေပိုင်းနားက ရေထိလို့ မသိမသာပုံပျက်နေတဲ့နေရာဆီ။

"ကိုကို ငိုနေခဲ့တာ..."

* *

အဲ့ဒီနေ့လည်ခင်းမှာ တစ်နှစ်လုံးကျွန်တော်ကြုံတွေ့ခဲ့ရသမျှအရာရာဟာ တဖြတ်ဖြတ်လှန်လိုက်တဲ့ ဒိုင်ယာရီစာရွက်တွေနဲ့အတူ တစ်ကြော့ပြန် လှုပ်ရှားသက်ဝင်လာကြတယ်။

ပြီးခဲ့တဲ့နွေရာသီက ကိုကိုသွားလေရာကို ခွေးပေါက်စတစ်ကောင်လိုလိုက်ပြီး ချောင်းကြည့်ပြုံးပြလုပ်တတ်တဲ့ stalker ကျွန်တော်နဲ့ ကျွန်တော်နေရာတကာမှာ လျှောက်ကပ်ခဲ့တဲ့ ရောင်စုံ sticker note လေးတွေ...။ ကိုကိုနဲ့အတူတူ ဇွတ်နေ့လည်စာဝင်စားခဲ့တဲ့ ရှမ်းထမင်းဆိုင် တွေရှိတဲ့ လမ်းတွေ...။ ကိုကိုအလုပ်လုပ်တဲ့စာတိုက်ကနေ ကျွန်တော်အော်ဒါမှာခဲ့တဲ့ စာအုပ်တွေရဲ့နာမည်နဲ့ စာရေးသူနာမည်တွေ...။

Mar 27
Shiba Inu တွေက တကယ်ပဲ ခေါင်းမာပြီး ပြောရခက်တာလား...။ အမှိုက်လည်းဖွတတ်တာလား...။

Apr 2
ညဘက် အိမ်ပြန်လာတိုင်း တံခါးရှေ့မှာ ငါပြန်အလာကို ထိုင်စောင့်နေတတ်တဲ့ အရိပ်လေးတစ်ခု မြင်ရတယ်။ ငါ့ကို သူ့သခင်ပါလို့ မျက်စိမှိတ်ယုံကြည်နေတဲ့ အဲ့ဒီခွေးကလေးကို‌ ငါဘယ်လိုနည်းနဲ့ နှင်ထုတ်ရမလဲ။

ရေးနေရင်း မျက်ခုံးတန်းနှစ်ခုကပ်နေမယ့် ကိုကို့မျက်နှာကို မြင်ယောင်လာတာမို့ နှာသီးဖျားကလေထုတ်လို့ သဘောတကျ ရယ်မိပြန်တယ်။

"အဟွန်း... ကျွန်တော်ကတကယ် ကိုကို့ရဲ့အရှုပ်ထုပ်လေးဖြစ်ခဲ့တာပဲ..."

May 16 
အမှိုက်ရှုပ်တဲ့ sticker note တွေကိုလွှင့်ပစ်ဖို့လုပ်ပြီးမှ  ငါဘာလို့ပြန်သိမ်းထားမိလဲ ငါ့ကိုယ်ငါလည်း မသိဘူး။ ဒီကလေးရဲ့အချစ်က အသိအမှတ်ပြုခံထိုက်ပါတယ် ဆိုတဲ့ အတွေးမျိုး ငါ့မှာရှိတယ်။ ဒါပေမယ့် ငါတော့မဖြစ်သင့်ပါဘူး။ သူ့မျက်နှာကိုကြည့်ရင်း သူမဟုတ်တဲ့တစ်ယောက်ယောက်ရဲ့ နာမည်ကို ယောင်ယမ်းတမ်းတနေတဲ့ စိတ်ပျက်စရာငါက ဒီကလေးရဲ့ ဖြူစင်တဲ့အချစ်နဲ့ မထိုက်တန်ဘူး။

May 17
"ပစ္စည်းတစ်ခုလို သဘောထားပါ" ဆိုတာ အဲ့ဒီကောင်လေးဆီက မကြာမကြာကြားရတဲ့စကား။ အသုံးဝင်ချင်ရုံပါပဲ ဆိုတဲ့ သူ့ရဲ့အချစ်ပုံစံကို တကယ်တော့ ငါနားမလည်ဘူး။ တစ်ယောက်ယောက်ကို ချစ်တာနဲ့ပဲ ကြိုက်သလိုအသုံးချပါတော့ ဆိုပြီး ကိုယ့်ကိုကိုယ် သူ့ဆီထိုးပေးလိုက်တာက ဘယ်လိုအချစ်မျိုးများလဲ။

ဒီကလေးက တကယ့်ကို ခွေးကလေးတစ်ကောင်လိုပဲ။
အရောမ၀င်မိတာတောင်မှ အနောက်က တကောက်ကောက်‌လိုက်ရင်း ခေါင်းလေးပွတ်သပ်ပေးတာ ခံရဖို့အတွက်နဲ့ ဘာမဆိုလုပ်တတ်တယ်။ Shiba Inu တွေက ကန်ထုတ်တတ်တဲ့သူတွေကိုလည်း တွယ်ကပ်‌နေတာပဲလား။

အင်း...။ တွယ်ကပ်တာပေါ့ ကိုကို...။
ဒါပေမယ့် ကန်ထုတ်တတ်တဲ့သူတွေ မဟုတ်ဘူး။
ကန်ထုတ်တတ်တဲ့သခင်ကိုပဲ တွယ်ကပ်တာ။

Aug 19
ငါ့ကိုယ်ငါ သူ့ရဲ့လှောင်အိမ်ထဲက လွတ်အောင်ပြေးနိုင်ခဲ့ပြီလို့ ထင်နေခဲ့တာ။ တကယ်တမ်းမှာ ငါသူ့ဆီက မလွတ်မြောက်နိုင်ဘူး။ ငါ့ကိုပြန်ဖမ်းဖို့လုပ်နေရင်း သူ့မျက်စိထဲဝင်လာသမျှ အရာတိုင်းလည်း သူ့လက်ကနေ မလွတ်မြောက်နိုင်ဘူး။ ဒီနေ့ သူငါ့ကို ခါတိုင်းလိုပုံစံနဲ့ပဲ သတိပေးသွားခဲ့တယ်။ အဲ့ဒီကလေးမှာ အန္တရာယ်ရှိနေပြီ။ သူ့ဆီက ထွက်ပြေးဖို့ရာအတွက်နဲ့ 'ပစ္စည်းတစ်ခုလို အသုံးချလိုက်ပါ' ဆိုတဲ့ အဲ့ဒီကလေးကို ငါ့အနားနေခွင့်ပေးခဲ့မိတယ်။ အခုတော့ မီးစတွေက အဲ့ဒီကလေးဆီကိုပါ စင်တော့မယ်။ ငါ ဘာလုပ်သင့်လဲ...။
ထပ်ပြီး အရင်လိုကိစ္စမျိုးဖြစ်မလာအောင် ငါဘယ်လိုလုပ်ရမလဲ...။

Sep 1
ဒီနေ့တစ်နေ့လုံး ခွေးပေါက်လေးရဲ့ အရိပ်အရောင်ကို မတွေ့ရဘူး။ ထူးထူးဆန်းဆန်း စောစောထအပြင်ထွက်သွားပြီး ည‌နေပိုင်းမှ သူ့အခန်းကိုပြန်လာတဲ့အံ့ထူးမြတ်က ပြောတော့မှ ငါသိရတယ်။  အဲ့ကလေး စက်ဘီးမှောက်တာ လက်အရိုးအက်သွားလို့ ဆေးရုံမှာတဲ့...။
ငါနောက်ကျခဲ့ပြန်ပြီ။ အရင်ရက်တွေမှာ ပလာစတာဗလပွနဲ့  အိမ်ကိုရောက်ရောက်လာကတည်းက စိတ်ထင့်နေခဲ့တာ။ ဒါပေမယ့် တကယ်တမ်းကျ ဘယ်မှလျှောက်မသွားဘဲ အိမ်မှာနေဖို့၊ ငါ့ဆီကို မလာဖို့ ဆူရုံငေါက်ရုံကလွဲပြီး တခြားဘာလုပ်ရမှန်းမသိခဲ့ဘူး။ အာကာဝေယံက ပြောပြီးရင်တကယ်လုပ်တဲ့သူဆိုတာကို ငါသိရက်နဲ့
အဲ့ကလေးကိုကာကွယ်ဖို့ နောက်ကျခဲ့ပြန်တယ်။
ငါက တကယ် အသုံးမကျတဲ့သူပါပဲ။

Sep 2
အံ့ထူးမြတ်ပြောတာတော့ သိပ်မပြင်းထန်ပါဘူးတဲ့။ တကယ်တမ်း အိမ်ကိုရောက်လာတော့ လက်မှာ ကျောက်ပတ်တီး အဖွေးသားနဲ့။ ဒီပုံစံနဲ့ရောက်လာတဲ့ကလေးကို ငါဘာလို့ ဆူငေါက်တဲ့စကားတွေပဲ ပြောနေမိပြန်တာလဲ မသိဘူး။

မိုးအုံ့တဲ့နေ့လည်ခင်း။
ငါသူ့ကို စာကူကြည့်ပေးဖြစ်တယ်။ အင်္ဂလိပ်စာလက်ရေးတွေ လှလာတယ်။ အသံထွက်ကောင်းလာတယ်။ ပြီးတော့... ခဲပန်းချီအရည်အချင်းလေးလည်း တိုးတက်လာတယ်။
အထူးသဖြင့် သူဆွဲထားတဲ့ နှင်းပန်းပွင့်...။ ကြည့်နေရင်းတင် အနူးရှိတုန်းကအမှတ်တရတွေ ပြေးဝင်လာတာပဲ။
နောက်တော့... မိုးရွာတာကို အကြောင်းပြပြီး သူ့အိမ်သူမပြန်ဘဲ ငါ့အိမ်မှာကပ်နေပြန်တဲ့ အဲ့ဒီကလေးက သူ့ကို ပူတင်းလုပ်ကျွေးပါလို့ တောင်းဆိုခဲ့တယ်။ ပူတင်းတဲ့လေ...။ လုပ်ပေးရတာ သိပ်မကြာလိုက်ပါဘူး။ တကယ်တော့ ငါလည်း သူဒီလိုဖြစ်ရတဲ့အတွက် ငါ့ဟာငါစိတ်မလုံနေရင်း ဘယ်လိုမျက်နှာနဲ့ သတင်းသွားမေးရမလဲမသိလို့ အံ့ထူးမြတ်သွားရင် တစ်ဖက်လှည့်နဲ့ ပူတင်းဖြစ်ဖြစ်ပေးခိုင်းဖို့အတွက် ကြက်ဥတွေခေါက်လက်စ ဖြစ်နေခဲ့တာမို့။

ဪ...။ ကိုကိုက အဲ့ဒီနေ့က ကျွန်တော်ရောက်မလာရင် ကျွန်တော်တို့အိမ်ကို သံတမန်လွှတ်ပြီး မုန့်ပို့ခိုင်းမလို့ လုပ်နေခဲ့တာပေါ့လေ။ သတင်းသွားမေးဖို့ရာ မျက်နှာမထားတတ်ဘူးဆိုပဲ။ အဲ့လောက်စိတ်ပူနေခဲ့ပြီးတော့ လူလည်းရောက်လာရော တန်းဆူတာက tsundere လက္ခဏာတွေနဲ့ တူမနေဘူးလား။ ကျွန်တော်က ပုံမှန်ဆို tsundere characters တွေကို သိပ်မကြိုက်ဘူးရယ်။ ဒါပေမယ့် ကိုကိုက tsundere ဆိုရင်တော့ ခြွင်းချက်ထားရမှာပေါ့လေ။

[*A/N Tsundere - japanese light novel, manga, anime culture မှာသုံးတဲ့ stereotype တစ်ခုပါ။ အစပိုင်းမှာ အေးစက်မာကြောတဲ့ပုံစံရှိပြီး တဖြည်းဖြည်းချင်းနဲ့မှ နွေးထွေးကြင်နာတတ်တဲ့အပိုင်းကိုပြလာတဲ့ ကာရိုက်တာမျိုးဖြစ်ပါတယ်။ tsundere တွေက သူတို့ရဲ့ခံစားချက်အစစ်အမှန်ကို တစ်ဖက်လူမသိအောင် အမြဲဖုံးကွယ်ပြီး ဘာမှဂရုမစိုက်သလို အကြောတင်းတင်း နေတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အဲ့လိုမဟုတ်ပါဘူး။]

ကျွန်တော်အသာပြုံးပြီး ကျန်နေသေးတဲ့စာကြောင်းတွေကို ဆက်ဖတ်လိုက်တယ်။

စားသောက်ပြီး ဆိုဖာပေါ်မှာ အပူအပင်ကင်းကင်း ၀င်အိပ်နေပြန်တဲ့ အဲ့ကလေးကိုကြည့်ပြီး ငါသက်ပြင်းချမိပြန်တယ်။
စက်တင်ဘာမိုးက တစိမ့်စိမ့်နဲ့...။ စောင်တစ်ထည်မပါဘဲ ပြတင်းပေါက်တည့်တည့်မှာ အိပ်ရင် အ‌အေးပတ်မှာက သေချာသလောက်ပဲ။ သူကငါမွေးထားတဲ့ ခွေးကလေးမဟုတ်ပေမယ့် ငါသူ့သခင်လို လုပ်ပေးနေမိတယ်။
ဒါက တကယ်ပဲ ငါ့ရဲ့အပြစ်မကင်းစိတ်ကြောင့်ပဲလား...။ ငါဘာလို့ သူ့ကို အကြာကြီးရပ်ကြည့်ရင်း ကျောက်ပတ်တီးစည်းထားတဲ့လက်ကို ထိကိုင်ပေးမိခဲ့တာလဲ။ အိပ်နေရာက ဒဏ်ရာကနာတဲ့ပုံစံနဲ့ ညည်းနေလို့များလား...။ လင်းခန့်က ပြိုင်ဘီးစီးရတာကို အရမ်းသဘောကျတဲ့ကလေး။ အခုလို ထိခိုက်ထားပြီး ပြိုင်ဘီးကို အရင်အတိုင်း ဆက်စီးနိုင်ပါ့မလား...။

ငါက တကယ် သူရဲဘောကြောင်တဲ့သူပဲ။ သေချာပေါက်ပြောသင့်တဲ့ တောင်းပန်စကားလေးတစ်ခွန်းက... ဒီလောက်တိုးညှင်းနေစရာ လိုလို့လား...။

မျဉ်းတစ်တန်းတည်းပြန်ဖြစ်သွားတဲ့ ကျွန်တော့်နှုတ်ခမ်းတွေက ပေးစရာမှတ်ချက်တစ်ချို့ ပျောက်ရှနေပုံပဲ။ ပြတင်းတံခါးဘက်က ၀င်လာတဲ့လေညင်းတွေက စာရွက်ထောင့်လေးတွေကို တဖျတ်ဖျတ်ကော့လန်သွားအောင် နှုတ်ဆက်နေတယ်။ ကုတင်ပေါ်က sticker note တစ်ချို့ ကြမ်းပြင်ပေါ်ကို လွင့်သွားကြလို့။

ကျွန်တော် ခံစားမိခဲ့တယ်။
ဒါပေမယ့် ကျွန်တော် မသိခဲ့ဘူး။

ကိုကို့ရဲ့ ပူပန်စိတ်တွေကို ခံစားမိခဲ့တယ်။
အဲ့ဒါက ကျွန်တော့်အတွက်ဆိုတာကို မသိခဲ့ဘူး။
ကိုကိုရဲ့ ဆူငေါက်တဲ့စကားတွေမှာ တစ်ခြားတစ်ခုခုပါမှန်း ခံစားမိခဲ့တယ်။ အဲ့ဒါက ကြင်နာမှုဆိုတာကို မသိခဲ့ဘူး။
ကိုကိုကျွန်တော့်ကို ဂရုစိုက်မှန်း ခံစားမိခဲ့တယ်။
ကျွန်တော်ထင်သလောက်ထက် အများကြီးပိုမှန်း မသိခဲ့ဘူး။

ကျွန်တော်တကယ် ကိုကို့ကိုမသိခဲ့ဘူး...။

_____________________________________
To be continued...

💖💖💖

ဒီတစ်ပိုင်းရေးရတာ တော်တော် struggle ဖြစ်ခဲ့တာ မှတ်မိသေးတယ်။ တစ်နှစ်လုံးစာရက်စွဲတွေစီစဉ်ပြီး အရင်အပိုင်းတွေကို ပြန် recall လုပ်ရတာရော... lost နေတဲ့ feeling နဲ့ passion ကို ပြန်စုယူနေခဲ့ရတာရော... လူက ရေးဖို့အားမရှိတာလိုလို မအားတာလိုလို ဘာမှန်းမသိ ဘာလိုလိုတွေများပြီး ရေးလိုက်ဖျက်လိုက်နဲ့ လက်အံသေနေခဲ့တာရော...
တစ်ယောက်တည်း ချာချာလည်ဖြစ်နေခဲ့တာ။ ကျွန်တော်တစ်ယောက်တည်းဖြစ်နေတဲ့ ဂယက်မျိုးစုံကြား ကောင်းကောင်းကန်းကန်းလေး result ထွက်လာခဲ့တယ်လို့တော့ အောက်မေ့လို့ရမလားမသိဘူး။ သေချာစစ်ထားပေမယ့် တစ်ခုခုရှေ့နောက်မညီတာ၊ အလွဲအမှားတွေ့ရင် ထောက်ပြပေးခဲ့ပါဗျ။

HD က တစ်လျှောက်လုံး ခန့်ခန့် pov နဲ့ပဲ သွားခဲ့တာမို့
ကိုကို့ရဲ့ခံစားချက်တွေက ခန့်ခန့်လိုက်ခန့်မှန်းသလောက်ကိုပဲ မြင်ခဲ့ရတာဆိုတော့ မပြည့်စုံဘူး။ အခု ရှီဘာလေးတစ်ယောက်  ကိုကို့ရဲ့ဒိုင်ယာရီကိုလှန်တဲ့ အခန်းတွေမှာမှ ကိုကိုကိုယ်တိုင်ချရေးထားတဲ့ သူ့ခံစားချက်အစစ်တွေကို တွေ့ရမှာပါ။ ဒိုင်ယာရီခန်းက နောက်တစ်ခန်းစာ ကျန်ပါသေးတယ်။

မနေ့ကတော့ အသစ်နည်းနည်း ဆက်ရေးဖြစ်ပါတယ်။ drafts တွေ ကျန်သေးပေမယ့် အပိုင်းသစ်တွေကို ဆက်တိုက်ဆက်ရေးထားနိုင်မှ ဖြစ်တော့မှာဘာာာာ။ သင်တန်းတွေကြောင့် ရှေ့လျှောက်မအားမှာနဲ့... နွေပေါက်ပြီး သေကောင်ပေါင်းလဲ ပူလာရင် energy drain အုံးမှာနဲ့...။

💬 တစ်ခုလောက်မေးကြည့်မလို့...။
ဆောင်းနဲ့နွေမှာ ဘယ်ရာသီကိုပိုကြိုက်လဲဗျ။
နွေကိုမုန်းတယ်ရယ်လည်းမဟုတ်ပေမယ့်
ကျွန်တော်ကတော့ ဆောင်းရာသီမှာမွေးတဲ့ winter child မို့ ဆောင်းရာသီကို ပိုသဘောကျပါတယ်။
ဆောင်းက အေးစက်ပြီးရက်စက်တတ်ပေမယ့် နှလုံးသားထဲထိနွေးစေတဲ့ ‌တကယ့်အနွေးဓာတ်အစစ်က အေးစိမ့်နေတဲ့ဆောင်းညမျိုးမှာပဲ ရှာတွေ့နိုင်တာမို့။ ❄️

Novella ✒️

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

1.3M 66.7K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
9.4K 804 16
Love,Funny but not rated... story of a dracula prince Kris and his lover Channie
1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
112K 1.9K 63
Follow the adventures of Merlin, Arthur and Kira as they become even closer revealing secrets, faced with difficult decisions and friendships put to...