❄️❄️❄️
Convenience store မီးရောင်အောက်တွင် လူတစ်ယောက်မှာ အသင့်စားခေါက်ဆွဲစင်များကြား ခေါက်တုံ့ခေါက်ပြန်သွားရင်း သူလိုချင်သောတံဆိပ်နှင့်အရသာကို ရှာဖွေနေ၏။ အလှကိုယ်စီနှင့် ထူးကဲသောမိန်းမပျိုလေးများကြားမှ မိမိကြိုက်ရာကို ရွေးချယ်ရသည်မှာ အကျပ်ရှိုက်သည့်နှယ် အမျိုးမျိုးသောခေါက်ဆွဲပြုတ်အရသာများထဲမှ ရွေးချယ်ယူရသည်မှာလည်း ခဲခက်လှပေတောင်း။
ဟိုဟိုဒီဒီမှကောက်လာသောခေါက်ဆွဲထုတ်၊ ခေါက်ဆွဲဘူးများ တစ်ပုံတစ်ပင်ပိုက်ထားလျက်နှင့်ပင် သူ့မျက်စိရှေ့ဝင်လာသော ပုစွန်တုန်ယမ်းချဉ်စပ်အရသာခေါက်ဆွဲဘူးကို နှိုက်ယူလိုက်ရင်း...။
"ဒီတစ်ခုတော့ ဒီမှာစားသွားလိုက်ရမလား..."
ဂျာကင်အပြာရောင်၊ အားကစားဘောင်းဘီအပြာနှင့် မီးခွက်စောင့်ဂျီနီကာလာခြုံလွှမ်းနေသောထိုသူမှာ ခေါင်းကို တစ်ချက်နှစ်ချက်ကုတ်လျက် စဉ်းစားလိုက်ရင်း
နောက်ဆုံးကောက်လိုက်မိသော ခေါက်ဆွဲထုတ်တစ်ထုတ်ကို သက်သက်ကိုင်ထားရင်း ကောင်တာသို့သွားလိုက်သည်။
အသင့်စားခေါက်ဆွဲဆိုသည်မှာလည်း convenience store ကဝန်ထမ်းများ ပြုတ်ပေးသည့်အရသာနှင့် ကိုယ်တိုင်ပြုတ်သည့် အရသာပင်မတူ။ တစ်ချိန်ချိန်တော့ မိမိလည်း ခေါက်ဆွဲပြုတ်ကို သူတို့လောက်လက်ဆတည့်အောင် ပြုတ်နိုင်ကောင်းလောက်ပါရဲ့ဟု သူအောက်မေ့မိ၏။
တပီပီနှင့်မြည်နေသော ကုဒ်ဖတ်သံကြားဝယ် သူ၏ သမ်းဝေသံက လေထုကြား ခိုကပ်လျက်ထွက်လာသည်။ ပါးစပ်ရှေ့တွင် အုပ်ထားမိသော လက်ဖဝါးကိုပြန်ချလျက် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရင်း...။
"ဒါနဲ့... ဟိုနှစ်ယောက်ရော ခရီးသွားတာ အဆင်ပြေကြရဲ့လားမသိဘူး... ဒီအချိန်ဆို ပြန်ရောက်နေလောက်ပြီထင်တယ်"
ရလာသောခေါက်ဆွဲဘူးကိုမလျက် သူသည် စားပွဲတစ်ခုတွင်ဝင်ထိုင်ကာ အငွေ့တထောင်းထောင်းဖြစ်နေသော ခေါက်ဆွဲကို မွှေလိုက်မှုတ်လိုက်။ သူခေါက်ဆွဲစစား၍ ဘယ်လောက်မှပင်မကြာသေး ဆိုင်ထဲသို့ ပခုံးဖက်လျက်ဝင်လာကြသော စုံတွဲတစ်တွဲ...။ ကောင်မလေး၏ ဆံပင်ညိုညိုမှာ ခေါက်ဆွဲဖတ်ကလေးများအတိုင်း တွန့်တွန့်ကွေးကွေး။
အသက် ၁၉/၂၀လောက်သာ ရှိကြအုံးမည့် ထိုကောင်လေးနှင့် ကောင်မလေးမှာ SPY Red နှစ်ပုလင်းဝယ်ကာ ချက်ချင်း အပြင်ပြန်ထွက်သွားကြ၏။ သူသည်လည်း ခေါက်ဆွဲဖတ်ကလေးများကို ကြေကြေညက်ညက်ဆက်ဝါးရင်း တစ်ကိုယ်ကြားစာရေရွတ်လျက် ကျန်ခဲ့သည်။
"ခေါက်ဆွဲပြုတ်က ပိုကောင်းပါတယ်ကွာ..."
သူ့ဘ၀တွင် လက်ခံယုံကြည်ထားသော ယေဘုယျမှန်ကန်ချက်တစ်ခုက 'ခေါက်ဆွဲပြုတ်ကပိုကောင်းတယ်' ဖြစ်၏။။ ဘယ်သင်းနဲ့ယှဉ်ယှဉ် အသင့်စားခေါက်ဆွဲများ၏စွမ်းပကားက အမြဲသာလွန်သည်ပင်။
လူတို့၏သဘာဝသည် ဖောက်ပြန်တတ်၏။
ခေါက်ဆွဲပြုတ်ကား မဖောက်ပြန်။ လက်ရာမမှန်သော ဆိုင်ရှင်သာရှိမည်။ အရသာမမှန်သော အသင့်စားခေါက်ဆွဲပြုတ်ဟူ၍ မရှိ။
မည်သည့်ပြဿနာမဆို ခေါက်ဆွဲပြုတ်ကဖြေရှင်းနိုင်သည်။ ဗိုက်ဆာသည့်ပြဿနာ၊ အေးသည့်ပြဿနာ၊ ၀မ်းချုပ်သည့်ပြဿနာ၊ ပျင်းသည့်ပြဿနာ၊ အကြံဉာဏ်ကောင်းမထွက်သည့်ပြဿနာ၊ ချစ်သူမရှိ၍ အထီးကျန်သည့်ပြဿနာ... စသောစုံစီနဖာ။
ခေါက်ဆွဲပြုတ်သည်ကား ရုပ်ရှင်တွေအရသာမရှိသည့်ကိစ္စမှစ၍ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကာကွယ်ရေးအထိ ဖြေရှင်းပေးနေသော အံ့ဖွယ်တစ်ပါး။
မနက်စာအတွက်လည်း အလုပ်မရှုပ်သော ခေါက်ဆွဲပြုတ်နှင့် တစ်နေ့တာစတင်လို့ရသည်။ နေ့ခင်းမှာလည်း ခေါက်ဆွဲပြုတ်တစ်ပွဲက energy drink အလား အလုပ်လုပ်၏။ ညနေစာတွင်လည်း TV ရှေ့ထိုင်ရင်း ခေါက်ဆွဲပြုတ်တစ်ပွဲရှိလျှင် ပြီးပြည့်စုံနေဆဲ။ ခေါက်ဆွဲပြုတ်က ညလယ်စာတို့၏ ဘုရင်ဖြစ်ကြောင်းကိုတော့ဖြင့် သဘောမတူနိုင်သည့်သူရယ်လို့ မွေးမလာသေး။
ခေါက်ဆွဲပြုတ်ဟူသည်မှာ ပြုလုပ်ပုံရိုးရှင်းသည့်အလျောက် အရာရာအနေတော်ဖြစ်မှရယ်မဟုတ် မကျက်သေးလည်း စားကောင်းသည်။ ပွသွားလည်း စားလို့ရသေးသည်။ ဒီအတိုင်းကိုက်စားလျှင်တောင် ကိစ္စမရှိပေ။ မိမိကြိုက်သလို ပြောင်းလဲပြင်ဆင်ပြီးလည်းစားနိုင်၏။ ဟောပေါ့၊ အသားကင်၊ ပင်လယ်စာ၊ ထမင်းကဲ့သို့ တခြားသော အစားအသောက်များနှင့်လည်း အရသာရှိစွာတွဲဖက်စားလို့ ရနိုင်သေးသည်။
ဤမျှပင်လူမှုဘ၀ကြီးအား အဆင်ပြေသက်သာစေသော
ခေါက်ဆွဲပြုတ်ကို လူသားတိုင်း ကျေးဇူးတင်သင့်သည်မဟုတ်လား။
သူ့အတွက်တော့ ကျေးဇူးရှင်များစာရင်းထဲတွင် မိုမိုဖုခု အန်ဒိုးလည်း မိဘနဲ့တစ်တန်းတည်းပါပေ၏။ 'အသင့်စားခေါက်ဆွဲဘူး' ဆိုသော လှပျိုကညာကို နေ့စဉ်ဘ၀ထဲမိတ်ဆက်ပေးခဲ့သည့်ဒီလူနှင့် ကမ္ဘာတစ်ခုတည်းမှာ တစ်မျိုးစိတ်တည်းလာဖြစ်ရခြင်းကား ကံကောင်းလှပေစွ။
[*A/N Momofuku Andou - အသင့်စားခေါက်ဆွဲဘူးကို စွန့်ဦးတီထွင်ခဲ့သော Nissin စားသောက်ကုန်တည်ထောင်သူ ဂျပန်လူမျိုး]
*
ဘာရယ်မဟုတ်ဘဲ အပြန်တွင် ခေါက်ဆွဲထုပ်များနှင့်အတူ SPY Red နှစ်ပုလင်းပါ သူ့အိတ်ထဲလိုက်ပါလာလေသည်။ သေချာပေါက် ဤသောကြာနေ့ညအတွက် သူတစ်ယောက်တည်း ရုပ်ရှင်ကြည့်ရင်း မုန့်စားရင်း အရသာခံဖို့ပါပင်။
ခပ်ဖြည်းဖြည်းလမ်းလျှောက်လာရင်း လမ်းထိပ်ကိုအရောက်
ဘွားခနဲပေါ်လာသော ပြိုင်ဘီးတစ်စီးက သူ့ကိုဝင်တိုးတော့မတတ်။ လူမမြင်ဂူမမြင်နှင့် အကွေ့မှာပင်အရှိန်မသတ်ဘဲ တရကြမ်းစီးလာသော ထိုငနဲအား လှမ်းဆဲမည်အကြံနှင့် မျက်နှာကို အမိအရကြည့်လိုက်သော်... အိုဘဲ့ အကြွေးရှင်၊ အဲလေ... ကျေးဇူးရှင် တစ်ဝမ်းကွဲညီကောင် ဖြစ်နေလေခြင်း။
သို့သော်ငြား သူလှမ်းတားပြီးမေးရန်ပင် အချိန်မရလိုက်။
ခြေထောက်မှာအင်ဂျင်တပ်ထားပုံပေါ်သော ထိုကောင်လေးမှာ သူ့ကို လမ်းဘေးကမီးတိုင်အလား သဘောထားပြီး ပွတ်သီကပ်သီကလေးရှောင်ကာ ဝှစ်ခနဲကျော်သွားလေ၏။ သူ့မှာမူ လေထုကြီးကိုဆုပ်ကိုင်ကာ လက်ဆန့်လျက် ကျန်ခဲ့ရသတတ်။ ရှက်ဖွယ်...။
"ကြည့်စမ်း... လင်းတလေးက ငါ့ကို အရေးတောင်လုပ်မသွားဘူးဟ... ဒီကောင် အခုတလော အခြေအနေကောင်းနေတာ... မဟုတ်မှလွဲ အယ်လ်ခွန်းဆီက အဖြေရပြီး အူကြွလာတာများလားမသိ... ငါ့တောင်မမြင်တော့ဘူးဆိုတော့..."
တစ်ဦးတည်း မှတ်ချက်ချကာ ဂျာကင်အိတ်ထောင်ထဲ အားနေသောလက်တစ်ဖက်ကို ထိုးထည့်၍ ကြာကြာအမြင်မကပ်တော့ဘဲ ဆက်လျှောက်လာခဲ့လေသည်။
တိုက်ခန်းပြန်အရောက် လှေကားမှတက်လာရင်း ကော်ရစ်ဒါမီးရောင်အောက်တွင် တန်းမြင်လိုက်ရသည်က သူ့အခန်းပိုင်နက်၏ တစ်ဖက်အလွန်နေရာတွင် ရှော့ပင်းစင်တာမှ ကော်ပတ်ရုပ်လာထောင်ထားသလို မလှုပ်မယှက်နှင့် မတ်တပ်ရပ်နေသော ဆွယ်တာအဖြူဂျင်းပင်အဖြူနှင့် ဖိနပ်အပါအဝင် အသားအရည်အဆုံး အဖြူရောင်သမ်းနေသူတစ်ယောက်။ မျက်ခုံးမျက်လုံးနှင့်ဆံပင်များက ထင်ထင်ရှားရှားနက်နေသေး၍ တော်ပါသေးသည်။ မဟုတ်လျှင် ညအမှောင်ကြားထဲ အမှုမဲ့အမှတ်မဲ့နှင့် မြင်လိုက်ရသူအဖို့ အရောင်အဆင်းက လန့်ချင်စရာ။
"အယ်လ်ခွန်း... မင်းက ဘာထွက်လုပ်နေတာလဲ..."
အသံကြား၍ ကော်ရစ်ဒါကြမ်းပြင်ပေါ် အကြည့်တို့ကြဲချထားရာမှ တဖြည်းဖြည်းမော့ကြည့်လာသော သူ၏ဘေးခန်းကသူငယ်ချင်းမှာ သူ့မေးခွန်းကိုဖြေလိမ့်မည့် အနေအထားတွင်ရှိမနေသော မျက်နှာနှင့်။ မဟုတ်သေး...။ ဘာမေးမှန်းပင် ကြားလိုက်ပုံမပေါ်သော မျက်နှာ။
ယနေ့ည လောကကြီးက ဘာဖြစ်နေသလဲ။ မဟုတ်သေး...။
သည်နှစ်ယောက်က ဘာဖြစ်နေသလဲ ဟု ပြင်မေးသင့်သည်။
တစ်ယောက်ကလည်း မျက်နှာချင်းဆိုင်လျှောက်လာသောသူ့ကိုမမြင်၊ နောက်တစ်ယောက်ကလည်း မျက်နှာချင်းဆိုင်က သူ့မေးနေတာကို ကြားသယောင် မကြားသယောင်။
"မင်းကပါ ဘာဖြစ်နေတာလဲဟ...
ငခန့်ကလည်း လမ်းထောင့်မှာ ငါ့ကိုဝင်တိုက်မတတ် စက်ဘီးကို တရကြမ်းစီးထွက်သွားတယ်..."
သူရည်ညွှန်းပြောလိုက်သော တစ်စုံတစ်ယောက်အကြောင်းကို ကြားလိုက်သောအခါ အဆိုပါဆွယ်တာအဖြူပုဂ္ဂိုလ်လေး၏မျက်နှာမှာ
ရှိရင်းစွဲထက်ပင် ပိုဖြူသွားသယောင်။
သင်္ကာမကင်းစွာဖြင့် မျက်ခုံးတန်းများ အထက်ပင့်သွားရပါ၏။ နေပါအုံးတော့... သူ့တွက်ကိန်းကို ပြောင်းပြန်လှန်ရတော့မည်ထင်သည်။
သည်လေထုအခြေအနေနှင့်ဆိုလျှင် လောလောလတ်လတ်ကလေးကပင် ကော်ရစ်ဒါမှာ စစ်အေးတိုက်ပွဲတစ်ခု ဖြစ်ခဲ့သည့်ပုံ။ ခါတိုင်းရနေကျ ချောကလက်နို့နံ့အစား ယမ်းနံ့ဖုန်နံ့သွေးညှီနံ့လေးများ လွင့်နေသလို ခံစားရသည်လေ။
ကိုယ့်အတွေးနှင့်ကိုယ် ယောင်တောင်ပေါင်တောင်ဖြစ်နေသောသူ့ကို တစ်ခဏသာကြည့်ပြီးနောက် ထိုမတုန်မလှုပ်တစ်ယောက် အကြည့်ရောက်သွားသည်က သူ့လက်ထဲက ပလတ်စတစ်အကြည်အိတ်တွင် ပေါ်နေသော SPY Red ပုလင်းများဆီ။ ထို့နောက်မူ မဝဲတဝဲ မကျယ်မတိုးလေသံဖြင့် တစ်စုံတစ်ခုမေးလာလေ၏။
"အံ့ထူးမြတ်...
မင်း ဒီနေ့ သောက်ချင်လား..."
"..."
ယင်းသို့ ပြောပြီးနောက် နှုတ်ခမ်းထောင့်များကိုဆွဲတင်ကာ ပြုံးပြနေသော အနှီမတုန်မလှုပ်ဆွယ်တာအဖြူ။ ထိုအပြုံးမှာလည်း စင်စစ် မချိပြုံးဆန်လှသော လုပ်ပြုံးကြီးပါပင်။
"ဟမ်..."
ဘယ်လဲညာလဲ မသိသော်ငြား သေချာသည်တစ်ခုကတော့
ယနေ့အဖို့ သူဝယ်လာသော SPY Red များကို ရုပ်ရှင်ကြည့်ရင်း တစ်ယောက်တည်း အေးဆေးသောက်ခွင့်ရမည် မဟုတ်လောက်တော့ပါပေ။
_____________________________________
To be continued...
💖💖💖
short extra လေးတွေ ကြားညပ်ရေးဖို့အတွေးရှိပေမယ့် အပိုင်း ၆၀ ကျမှ တကယ်ရေးဖြစ်သွားတယ်။ ဒီအခန်းကတော့ အံ့ထူးမြတ်နဲ့ ခေါက်ဆွဲပြုတ်ကြော်ငြာတစ်ဖြတ်ပေါ့ 🍜။
အတိအလင်း နှင်အထုတ်ခံလိုက်ရတဲ့ရှီဘာပေါက်နဲ့ သူ့သခင်မဖြစ်ချင်သူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ နောက်အပိုင်းမှာ ဆက်ရှုပါ။
'ခေါက်ဆွဲပြုတ်ကပိုကောင်းတယ်'အသင်းဝင်
Novella ✒️