❄️❄️❄️
"ကိုကို... ဘာပြောလိုက်တာလဲ..."
နားထဲမှာပီပီသသပဲ့တင်သွားပေမယ့် နားမလည်လိုက်နိုင်တဲ့ စကားတွေအတွက် ကျွန်တော် ဖြေရှင်းချက်တောင်းမိတော့ ကိုကိုက ကျွန်တော့်မျက်လုံးတွေကိုကြည့်ရင်းပဲ...။
"ငါထွက်သွားတော့မယ် လင်းခန့်...
ဒီနှစ်အတွက် စာသင်ချိန်တွေကို အကုန်ဝင်ပေးပြီးသွားရင်
ငါဩစတြေးလျကိုသွားတော့မှာ... ငါ Scholar လျှောက်ထားတာရပြီ"
"ကိုကို Scholar ရပြီပေါ့..."
"အင်း..."
အမှန်တော့ ဒီအချိုးအကွေ့ကို ခန့်မှန်းထားခဲ့ပါတယ်။
ကျွန်တော်နဲ့စတွေ့စကတည်းက... ဟင့်အင်း... အဲ့ဒီမတိုင်ခင်ကတည်းက ကိုကိုက Scholar ထွက်နိုင်ဖို့ ပြင်ဆင်နေခဲ့တာမို့ ဒီအချိန်လောက်ဆို သူ့ပြင်ဆင်မှုတွေလည်းပြီးလို့ ပြည်ပကိုထွက်ရဖို့ဆိုတာလည်း ဖြစ်လာလိမ့်မယ်ဆိုတာကို ကျွန်တော်နားမလည်စရာလား...။
ကိုကိုတစ်ချိန်လုံးမျှော်လင့်နေခဲ့တဲ့အရာဖြစ်လာတာ ကောင်းတဲ့ကိစ္စပဲလေ။ ကျွန်တော် ကိုကို့အတွက်တောင် ဂုဏ်ယူပြီး ပျော်ပေးရအုံးမှာပါ။ ဒါပေမယ့်...။
"ဒါပေမယ့်... ကျွန်တော့်ဘဝထဲက ထွက်သွားမယ် ဆိုတာက ဘာကိုဆိုလိုတာလဲ... ကိုကို အဲ့မှာကျောင်းတက်ပြီး ဘွဲ့ထပ်ယူပြီးရင် ပြန်လာမှာမဟုတ်ဘူးလား..."
"ပြန်မလာတော့ဘူး...
ငါဩစတြေးလျမှာပဲနေဖို့ ဆုံးဖြတ်ပြီးပြီ၊ ငါထွက်သွားပြီးရင်
မြန်မာပြည်ကို ဘယ်တော့မှ ပြန်မလာဖြစ်လောက်တော့ဘူး"
"..."
"မင်းကို ရုတ်တရက်ကြီး ဒီစကားတွေထပြောရတာ တောင်းပန်ပါတယ်၊ ဒါပေမယ့် ဒီဆောင်းကုန်ရင်... မင်းဘဝထဲမှာ ငါဆက်ရှိနေမှာ မဟုတ်တော့ဘူး... အဲ့ဒါကြောင့် ငါထွက်မသွားခင် မနှစ်ဆောင်းကတည်းက မင်းနဲ့ငါ့ကြားဖြစ်လာတဲ့ ဆက်ဆံရေးအရှုပ်အထွေးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ခဲ့ချင်တယ်... လာမယ့်ဒီဇင်ဘာဆို တစ်နှစ်ပြည့်တော့မယ်...
ဒီလောက်ဆို မင်းလည်း လက်လျှော့လိုက်သင့်ပြီ၊
မင်းရဲ့အချိန်တွေ၊ အာရုံစိုက်မှုတွေကို မင်းကငါ့အတွက် လိုလိုလားလား ပေးချင်နေရင်တောင် မင်းအတွက် ပြန်ပေးစရာ ဘာအဖြေမှမရှိတဲ့ငါက ဆက်လက်ခံနေဖို့ရာ ကိုယ့်ကိုကိုယ် သဘောမကျတော့တာမို့ ငါတို့ မတွေ့ခဲ့ကြဘူးလို့ပဲ ထားလိုက်ရအောင်... မင်းလည်း မင်းရဲ့ပုံမှန်ဘဝထဲ အရင်လို ပြန်နေပါ၊ ငါလည်း ငါ့ဘဝအတွက် ငါ့လမ်းငါ ဆက်လျှောက်မယ်"
မျက်ဝန်းနက်တစ်စုံဟာ ကျွန်တော့်အမြင်အာရုံရှေ့မှာ တည်ငြိမ်စွာရှိနေခဲ့တယ်။ ဘယ်လို အရိပ်အရောင်ကိုမှ မတွေ့ရဘဲ အတိုင်းသားကြည်လင်နေတဲ့ တည်ငြိမ်မှုတွေနဲ့...။
ခေါင်းကို ခပ်ဖြည်းဖြည်းယမ်းရင်းပဲ ကျွန်တော်လက့်အစုံက ကိုကို့ပခုံးနှစ်ဖက်ကို ခပ်ဖွဖွ ထိကိုင်လိုက်ရင်း...။
"မဟုတ်သေးဘူး... မဟုတ်သေးဘူး ကိုကို...
ကိုကိုက ကျွန်တော့်ရဲ့စောင့်နိုင်စွမ်းကို မယုံကြည်သေးဘူးပဲ၊
မယုံကြည်သေးလို့ ထပ်ပြီးစမ်းသပ်နေပြန်တာမလား...
ကိုကိုသွားပါ... ကိုကို ဘယ်ကိုသွားသွားရတယ်... ”စောင့်နေ” လို့ တစ်ခွန်းပြောခဲ့ရင် ကျွန်တော်က စောင့်နေမှာ..."
ကိုကိုက ကျွန်တော့်လက်တွေကို သူ့ပခုံးပေါ်က နှင်ချလိုက်တယ်။ နောက်တော့ 'အသိစိတ်ဝင်စမ်းပါ' ဆိုတဲ့ အကြည့်တစ်ခုနဲ့ ကျွန်တော့်မျက်လုံးထဲကို စိုက်ကြည့်လိုက်ရင်း...။
"မင်းက အရူးလား... တစ်ချိန်လုံး မင်းကိုယ်မင်း ငါ့ရဲ့အိမ်မွေးခွေးလေး နေရာသွင်းထားပြီး အဲ့သလိုလိုက်ပြီးပြုမူနေတိုင်း မင်းက ငါမွေးထားတဲ့ Shiba Inu လေးတစ်ကောင် ဖြစ်သွားမှာ မဟုတ်ဘူးဆိုတာကို ဘာလို့နားမလည်တာလဲ... မင်းကငါမွေးထားတဲ့ ခွေးကလေးမဟုတ်ဘူး၊ ငါကလည်း မင်းသခင်မဟုတ်ဘူး၊ အဲ့ဒါကြောင့် ငါ့ကို အပင်ပန်းခံပြီး စောင့်နေစရာမလိုဘူး... ပြီးတော့ ငါမင်းကို စမ်းသပ်နေတာမဟုတ်ဘူး လင်းခန့်... ငါမင်းကို အဆက်ဖြတ်နေတာ... အစောကတည်းက မင်းအပေါ်မှာ ခံစားချက်မရှိခဲ့ပေမယ့် မင်းကို ငါ့ရဲ့ relationship အရှုပ်အထွေးထဲ ဆွဲသွင်းခဲ့မိတာက ငါကိုယ်တိုင်ပဲမို့ ငါကိုယ်တိုင် တာဝန်သိသိနဲ့ မင်းကို ပြန်ဆွဲထုတ်ပေးနေတာ... ငါက မင်းကို ငါအာကာဝေယံ့ဆီက ရှောင်ပြေးနိုင်ဖို့ အကြောင်းပြချက်တစ်ခုအဖြစ်နဲ့ ဒီအတိုင်း အသုံးချနေရုံပဲဟာကို မင်းက တစ်နေ့နေ့မှာ ငါမင်းကိုလက်ခံလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မပါသင့်တဲ့ကိစ္စတွေထဲဝင်ပါ မဝင်သင့်တဲ့နေရာထဲ ပိုပြီးနစ်ဝင်လာနေတာကို ငါသဘောမကျဘူး၊ မင်းအဲ့လိုလုပ်နေတာတွေက မင်းအတွက်လည်း မကောင်းသလို ငါ့အတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်တယ်... ဒါကြောင့် မင်းကိုငါ ကျေးဇူးပြုပြီး ဒီလောက်ပဲ ငါ့အနားမှာနေပါတော့ လို့ တောင်းဆိုနေတာ..."
ကိုကို့ရဲ့ ကျနတဲ့မျက်ခုံးရိုးပေါ်က မျက်ခုံးတန်းလေးနှစ်သွယ်ဟာ တွန့်ချိုးနေကြတယ်။ သူပြောနေကျ စကား limit ထက် အပြောများသွားရင် စကားဆုံးတာနဲ့ အသက်ပြင်းပြင်းပြန်ရှိုက်ယူတတ်တဲ့ အကျင့်အတိုင်း ကိုကို့ရင်အုံက မို့မောက်လာတာကို တွေ့ရတယ်။
"အဲ့တော့... ကိုကို ကျွန်တော့်ကို sightseeing trip လိုက်ပို့ပေးခဲ့တာရော... ဒီနေ့တစ်နေကုန်လုံး ကိုကိုကျွန်တော့်ကို လိုက်လျောပေးခဲ့တာတွေ... ဂရုစိုက်ပေးခဲ့တာတွေ... ခန့်ငယ်လို့ခေါ်ပေး ကျွန်တော့်ခေါင်းကိုပုတ်ပေးပြီး ပျော်အောင်လုပ်ပေးခဲ့တာတွေရောက ဒီစကားတွေပြောမှာမို့လို့ ကြိုပြီးနှစ်သိမ့်တဲ့သဘောမျိုး ဖြစ်ခဲ့တာပေါ့... ကျွန်တော်က အဲ့ဒါကို မသိဘဲ စိတ်ချလက်ချပျော်နေမိခဲ့တာပေါ့... အဲ့လိုလား..."
"..."
ဒီဆိတ်ငြိမ်မှုက ကန့်ကွက်စရာမရှိကြောင်းပြောနေသလိုပဲ။
"အဟွန်း... ဒီလိုကျတော့လည်း ကျွန်တော်က ကိုကိုပြောသလို တကယ်အရူးလေးတစ်ယောက်ပဲနေမယ်..."
လေပူတစ်သုတ်ကို မှုတ်ထုတ်၊ တစ်ဝက်ချလိုက်မိတဲ့ မျက်လွှာတွေကို ပြန်တင်လို့ ကိုကို့ကို စူးစူးစိုက်စိုက်ကြည့်လိုက်မိတယ်။
"ဒါဆို... ကိုကို ကျွန်တော့်ကို တစ်ခုတော့ ဖြေပေးဖို့လိုတယ်... အဲ့ဒါက ကိုကိုတစ်ယောက်တည်းရဲ့ သီးသန့်ဆုံးဖြတ်ချက် ဟုတ်ရဲ့လား... ဒါမှမဟုတ် ကိုကို ကျွန်တော့်ကို ရုတ်တရက်ကြီး ယတိပြတ်တွန်းထုတ်နေတာ ကျွန်တော်မသိတဲ့တစ်ခြား အကြောင်းရင်းတစ်ခုခု ရှိနေတာများလား..."
"အဲ့ဒါမျိုး မရှိဘူး "
အဲ့ဒီတုံ့ပြန်ချက်အတိုလေးကို ပြန်ပေးလို့ ကိုကိုကျွန်တော့်ဆီက အကြည့်လွှဲသွားတယ်။
"အဲ့အကြောင်းအရင်းက သူမလား... အာကာဝေယံက ကိုကို့ကို တစ်ခုခုပြောပြီး ကျွန်တော်နဲ့အဆက်ဖြတ်ဖို့ တွန်းအားပေးခဲ့တယ်မလား..."
"မင်းအတွေးမှားနေပြီ... အဲ့လို မဟုတ်ဘူး"
ဖြေနေရင်းမှာပဲ မျက်တောင်ခတ်တာ နှစ်ဆမြန်သွားတယ်။
ခင်ဗျား သိမှာမဟုတ်ဘူးကိုကို...။ ကျွန်တော်က ခင်ဗျားရဲ့အရာရာကို အဓိပ္ပါယ်လိုက်ဖွင့်နိုင်ဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာကတည်းက အများကြီး ကြိုးစားခဲ့တာ...။
"ကိုကိုက လူလိမ်ပဲ... ကျွန်တော်ကြားလိုက်တာမမှားရင် အဲ့နေ့တုန်းက ကိုကို့ပါးစပ်ကပဲ 'ခန့်ငယ်ကို ငါကာကွယ်မှာ' လို့ ပြောခဲ့တာပါ... အခုကျတော့ ဘာလဲ... ကျွန်တော့်ကို အနားကနေ တွန်းထုတ်လိုက်တာက ကိုကို့ရဲ့ အကောင်းဆုံးကာကွယ်နည်းလား...
ပြောကြည့်စမ်းပါအုံး ကိုကို..."
ကျွန်တော့်ရဲ့ ရှိရင်းစွဲအသံထက် ကျယ်ထွက်လာတဲ့ မေးခွန်းက ကိုကို့မျက်ဝန်းအိမ်တွေကို ကျယ်လာစေခဲ့ပါရဲ့။
"မင်း... အဲ့ဒါကို ဘယ်လို..."
"အင်း... ဝန်ခံရရင် အဲ့ဒီနေ့က ကျွန်တော် ကိုကိုမှာခဲ့တဲ့အတိုင်း လိမ်လိမ်မာမာစောင့်နေခဲ့တာ မဟုတ်ဘူး... ဆက်မစောင့်ချင်တော့တာနဲ့ လိုက်လာခဲ့လို့ အာကာဝေယံနဲ့ကိုကိုပြောနေတာတစ်ချို့ကို ကြားခဲ့ရတယ်၊ ကျွန်တော်ဖြစ်ခဲ့သမျှ မတော်တဆမှုတွေအကုန်လုံးက အာကာဝေယံလုပ်နေခဲ့တာ ဆိုတာကနေစပြီး ကိုကို့ရဲ့အဲ့ဒီစကားအထိ နားနဲ့ဆတ်ဆတ် ကြားခဲ့တယ်..."
"..."
"ကိုကို ပြောကြည့်ပါ... အာကာဝေယံက ကိုကို့ကို ဘာတွေခြိမ်းခြောက်ထားလဲ... ဘာလဲ၊ ကျွန်တော့်ကို ဘယ်လိုထပ်ပြီး ပညာပေးမယ်တဲ့လဲ... သတ်ပစ်မယ်တဲ့လား..."
ပိုအေးမြလာတဲ့ လေထုကို တစ်ချက်ရှိုက်ယူရင်း ဆက်နေမိတဲ့ မေးခွန်းတွေ...။
"ကိုကို့ကို တကယ် မေးချင်တာ တစ်ခုရှိတယ်...
ကိုကိုကျွန်တော့်ကို ဘာလို့မယုံတာလဲ... ကျွန်တော်က အရမ်းငယ်သေးလို့ သူနဲ့ယှဉ်ရင်ဘာမှမဟုတ်သေးလို့
သူကျွန်တော့်ကို အန္တရာယ်ပြုလိုက်တာနဲ့ ကလေးပေါက်စလေးလို အကူအညီမဲ့သွားလိမ့်မယ်လို့ ထင်တာလား... ကျွန်တော်က ကိုကို့ဆီက အမြဲအငြင်းခံရတာနဲ့ ကိုကို့ချစ်သူဟောင်းဆီက ဒီလိုတွေရန်ပြုခံရတာနဲ့ ခံစားချက်တွေစုပုံလာပြီး မနာကျင်ချင်တော့ဘဲ ကိုကို့အနားက ထွက်ပြေးသွားလိမ့်မယ်လို့ ထင်တာလား..."
မြောက်အရပ်ကလာတဲ့ ဆောင်းဦးလေဟာ နားရွက်ဖျားကနေ ဖြတ်ဖြတ်သွားတယ်။ စက္ကန့်အနည်းငယ်ကြာတဲ့အထိ ကြားခံနယ်ထဲမှာ အသက်ရှူသံနှစ်ခုက လွဲရင် ဘာမှမကြားရလောက်အောင် တိတ်ဆိတ်နေခဲ့ရာက...။
"ဒါဆို ငါလည်းတစ်ခုမေးမယ်...
မင်းကရော ဘာလို့ငါ့ကို ဒီလောက်ယုံတာလဲ လင်းခန့်...
မင်းစိတ်ထဲမှာ ငါက အဲ့လောက်ချွင်းချက်မရှိ ယုံကြည်ချင်စရာကောင်းနေလို့လား..."
"..."
အဲ့ဒီ မေးခွန်းအတွက် ကျွန်တော် ခဏလောက် အတွေးထဲ နစ်သွားခဲ့ရတာတော့အမှန်ပဲ။ ကိုကိုက ချွင်းချက်မရှိ ယုံကြည်ချင်စရာကောင်းတဲ့သူမျိုးလား...။
ကျွန်တော် ကျွန်တော့်ကိုကျွန်တော် ပြန်မေးမိတယ်။
အဖြေက... မဟုတ်ပါဘူး လို့ပဲ ထွက်တယ်။
ဒီလူသားက စတွေ့ကတည်းက အခုထိ...
မလိုအပ်ပဲ သူ့အကြောင်းတွေကို ပြောပြလေ့မရှိတဲ့သူ၊
သူဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာကို မျှဝေချင်စိတ်မရှိတဲ့သူ၊ အခက်အခဲကြုံနေရရင်တောင် ဘယ်သူ့ကိုမှပေးမသိပဲ တစ်ယောက်တည်းကြိတ်ဖြေရှင်းတတ်တဲ့သူ၊ အမြဲတမ်းလိုလို
သူ့ခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်ထားတတ်တဲ့သူ၊
”မင်းသိဖို့ မလိုဘူး” ဆိုတဲ့စကားမျိုးတွေနဲ့ သူ့အတွင်းရေးကိစ္စတွေကို သေတ္တာတစ်လုံးထဲ သော့ခတ်ပိတ်ထားတဲ့သူ...။ သူ့ကို ဘယ်လောက်ပဲ အနီးကပ်လေ့လာထားပါစေ ဘယ်လောက်ပဲ သူ့အပြုအမူတွေကို အဓိပ္ပါယ်ဖွင့်နိုင်ပါစေ အတွင်းကျကျ သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းဖို့ခက်ခဲနေတုန်း။
ပြီးတော့ မကြာသေးခင်ကပဲ ပြတ်ပါပြီဆိုတဲ့ချစ်သူဟောင်းနဲ့
ပြင်ဦးလွင်မှာအတူတွဲပြီး တွေ့ခဲ့ရသေးတယ်။ နှစ်ယောက်အတူရှိနေကြတာကို ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်နေရပါလျက်နဲ့ သူကျွန်တော့်ကို အေးအေးဆေးဆေးလေသံလေးနဲ့ ညာပြောခဲ့သေးတယ်။
အင်း...။ စဉ်းစားကြည့်ရင် ကျွန်တော့်ရှေ့မှာရပ်နေတဲ့သူက ချွင်းချက်မရှိယုံလိုက်ဖို့အတွက် အန္တရာယ်များတဲ့သူမျိုးပဲ။
"အမှန်အတိုင်းပြောရရင်တော့...
ကိုကိုက ၁၀၀ ရာခိုင်နှုန်းယုံထားလို့ မရတဲ့သူတွေထဲမှာပါတယ်လို့ ဆိုရမှာပဲ၊ ဒါပေမယ့်... ကျွန်တော်ကတော့ အဲ့လိုဆိုရင်တောင် ကိုကို့ကိုယုံချင်သေးတယ်၊ မဟုတ်ဘူး ကိုကို့ကို ယုံတယ်၊
တစ်ခြားအကြောင်းအရင်းမရှိဘူး ဒီအတိုင်း... ကျွန်တော့်နှလုံးသားက ကျွန်တော့်ကိုပြောပြနေတာ... 'ယုံလိုက်' ဆိုပြီး..."
ဘယ်ဘက်ရင်အုံကို လက်တင်လို့ နှလုံးသားကိုသက်သေထားရင်းပေးမိတဲ့ အရိုးသားဆုံးအဖြေပါပဲ။ လက်ခံတာမခံတာ ယုံတာမယုံတာက ခင်ဗျားအပိုင်း...။ ကိုယ့်ခံစားချက်ကို အမှန်အတိုင်းပြောပြပေးဖို့က ကျွန်တော့်အပိုင်းမို့...။
ဒါပေမယ့် ခင်ဗျားက လူတစ်မျိုးပဲ ကိုကို...။
နှလုံးသားအကြောင်းကိုပြောလိုက်ရင် အဲ့ဒီအကြောင်းကြားရမှာ စိတ်ပင်ပန်းတတ်တဲ့သူတစ်ယောက်လိုမျိုး ခေါင်းယမ်းပြီး ပယ်ချတတ်တယ်။ အပြုံးလို့ဆိုလို့မရတဲ့ အပြုံးတစ်ခုနဲ့ အပြူသဘောမဆန်တဲ့ ဆန့်ကျင်ဘက်စကားတွေကို ပြောတယ်။
"နှလုံးသားရှိတဲ့သူတွေကတော့ ကောင်းတာပေါ့...
နှလုံးသားက ပြောတဲ့စကားအတိုင်း ပြန်ပြောနိုင်ကြတာပဲ၊
ဒါပေမယ့် ငါကနှလုံးသားမရှိတော့တဲ့လူဖြစ်နေပြီးသားလေ...
ဒါကြောင့် ငါကတော့ ငါ့ဦးနှောက်ရဲ့အဆုံးအဖြတ်အတိုင်းပဲ လုပ်တယ်၊ အရင်နှစ် ဒီဇင်ဘာကတည်းက ငါသေချာဆင်ခြင်ပြီး မင်းကိုအကြိမ်ကြိမ်ငြင်းဆန်ခဲ့ပြီးသား၊ ဖယ်ထုတ်ခဲ့ပြီးသား၊ သတိပေးခဲ့ပြီးသား... ပြီးတော့ အဲ့ဆုံးဖြတ်ချက်ကလည်း ပြောင်းလဲစရာအကြောင်းမရှိဘူး၊ မင်းကသာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပြင်းထန်ပြီး ငါ့ဆုံးဖြတ်ချက်တွေမှားနေတဲ့အကြောင်း သက်သေပြဖို့ ဇွတ်လုပ်နေခဲ့တာ... အဲ့ဒီကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲတာက မကောင်းဘူးလို့ ငါမင်းကို အမြဲသတိပေးခဲ့တယ်နော်၊ ဘာလို့လဲဆို အဲ့လိုလူမျိုးတွေက အမြဲတမ်းပိုလျှံကျနေတတ်တဲ့ ယုံကြည်ချက်တွေကို ရိုက်ချိုးတာခံလိုက်ရရင် အဲ့ဒါကို လက်မခံနိုင်ဘဲ ပြိုလဲသွားတတ်ကြတာမို့လို့ပဲ... သူတို့က အမှန်တရားကို လက်မခံနိုင်လို့ သူတို့ရဲ့ ယုံကြည်ချက်တစ်ခုကိုကိုးစားပြီး ငြင်းဆန်နေကြတာ... ပြောင်းလဲလာမှာမဟုတ်တဲ့ အမှန်တရားတစ်ခုကို လက်ခံသင့်နေတဲ့အချိန်ထိ လက်မခံနိုင်ရင် အဲ့ဒါက ယုံကြည်ချက်ရှိတာမဟုတ်ဘူး... မိုက်မဲတာပဲ...
မင်းအခုလုပ်နေတာတွေက မိုက်မဲတဲ့အလုပ်ဖြစ်နေပြီဆိုတာ သိရဲ့လား..."
"ဒါပေမယ့် ကိုကို... ကျွန်တော်က အခု... ကိုယ့်ကိုကိုယ်ယုံကြည်တယ်ဆိုတာထက် ကိုကို့ကို ယုံကြည်နေတာလေ..."
"ဒါဆို အခု ငါမင်းကို နောက်တစ်မျိုး ထပ်ပြီး သတိပေးမယ်... တစ်စုံတစ်ယောက်အပေါ်မှာ လိုအပ်တာထက်ပိုပြီး မယုံနဲ့... ဘယ်သူ့ကိုမှ အကြွင်းမဲ့မယုံနဲ့... ငါ့ကိုလည်း မယုံနဲ့... ပြီးတော့ မင်းအတွေးမှားနေမှာစိုးလို့ ပြောလိုက်မယ်၊ ငါက မင်းကို အစကတည်းက မချစ်ခဲ့တာ... အခုလည်း မင်းအပေါ်မှာ စွဲလမ်းနှစ်သက်ခြင်းမျိုးနဲ့ချစ်တဲ့စိတ်ဆိုလို့ မြူမှုန်လောက်တောင် မရှိဘူး... အခုထိ ငါမင်းအတွက် ဂရုစိုက်ပေးခဲ့သမျှက မင်းအပေါ် အားနာစိတ်ကြောင့် လုပ်ပေးခဲ့ရုံပဲ၊ တစ်ခြား အကြောင်းအရင်း မရှိဘူး... မင်းက အဲ့ဒါကို အထင်လွဲပြီး မျှော်လင့်ချက်ထားနေရင် ငါ့အတွက် စိတ်အနှောင့်အယှက်ဖြစ်တယ်"
"ကိုကို... အဲ့စကားက စိတ်ရင်းလား..."
"ဟုတ်တယ်..."
"ကိုကို့ကို အာကာဝေယံဖိအားပေးထားတာကြောင့် မဟုတ်ဘူးဆိုတာ သေချာလား..."
"ငါက သူ့အရုပ်မဟုတ်ဘူး... ပြီးတော့...
ငါ့ဆုံးဖြတ်ချက်မှန်သမျှက ဘယ်သူ့စိုးမိုးမှုမှမပါဘူး၊ ကိုယ်ပိုင်ပဲ"
"ကိုကို တစ်ခေါက်လောက် သေချာပြန်ပြောပေး...
ကိုကို ကျွန်တော့်ကို ဒီလောက်တောင်မှ စိတ်အနှောင့်အယှက်ဖြစ်ရတာလား...
တကယ်ပဲ ဘယ်လိုမှ မချစ်နိုင်တာလား..."
"အင်း... စိတ်အနှောင့်အယှက်ဖြစ်ရတယ်...
ငါမင်းကို တကယ် ဘယ်လိုမှမချစ်နိုင်ဘူး"
"ကိုကို ကျွန်တော့်ကိုမုန်းလား..."
"..."
"ဖြေလေ ကိုကို...
ကျွန်တော့်ကို မုန်းလား..."
"မင်း ဒီအတိုင်းဆက်လုပ်နေအုံးမယ်ဆိုရင် သိပ်မကြာခင်မှာပဲ ငါမင်းကို မုန်းမိလာလိမ့်မယ်..."
ကိုကိုက ကျွန်တော်မေးသမျှမေးခွန်းတွေကို အေးဆေးတိပြတ်တဲ့လေသံနဲ့ ပြန်ဖြေပေးခဲ့တယ်။
တစ်ချို့မေးခွန်းတွေရဲ့သဘောက အဖြေရဖို့ဆိုတာထက် အဖြေရယူပြီးသွားရင် ရလာတဲ့အဖြေအပေါ်မူတည်ပြီး ဆုံးဖြတ်ချက် ဒါမှမဟုတ် ကောက်ချက်တစ်ခု ချနိုင်ဖို့အတွက် ထုတ်ရတာမျိုးမလား...။ ကျွန်တော်လည်း ကိုကို့ဆီက ရလာတဲ့အဖြေတွေအပေါ် မူတည်ပြီး ကျွန်တော်လုပ်ရမယ့်အရာကို ဆုံးဖြတ်ရတော့မှာပေါ့။
"ကောင်းပြီလေ... ကိုကိုက ဒီလောက် ပြတ်ပြတ်သားသား နှင်ထုတ်လာမှတော့ ကိုကို့အနားက ကျွန်တော်ထွက်သွားပေးပါ့မယ်... ကိုကို့ကို မဆက်သွယ်ဘဲနေပေးမယ်၊ တတ်နိုင်သမျှ ကိုကို့မျက်စိရှေ့မှာ လာမရှုပ်မိအောင် နေပေးမယ်၊ လမ်းမှာတွေ့ရင်တောင် မသိတဲ့သူလို သဘောထားပေးမယ်... ဒါဆို အဆင်ပြေမလား..."
"အင်း..."
"ဒါပေမယ့် ကျွန်တော့်ဘက်က တောင်းဆိုစရာ သဘောတူညီချက်သုံးခုရှိတယ်... အဲ့ဒါကို ကိုကိုလက်ခံပေးရမယ်..."
"ဘာတောင်းဆိုချက်လဲ..."
"ပထမအချက်က...
ကျွန်တော် ကိုကို့အနားကနေ ထွက်သွားပေးမယ်
ကိုကို့မျက်စိရှေ့က ပျောက်နေပေးမယ်ဆိုပေမယ့်...
အဲ့ဒါက လာမယ့်ဒီဇင်ဘာအထိပဲ ကိုကို... ဒီကြားထဲ ကျွန်တော်ကိုကို့ရှေ့ကို ယောင်လို့တောင်ပေါ်မလာမှာမို့ ကိုကို အာရုံရှင်းရှင်းနဲ့ ပြန်တွေးပေးရမယ်... ကိုကို ကျွန်တော့်ကို ဒီလိုတွန်းထုတ်လိုက်ပြီး တကယ်ပဲ အဆင်ပြေပြေ နေနိုင်သလားဆိုတာကို ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပေးပါ၊
အဲ့ဒီလို ပြန်ဆန်းစစ်ပြီး ထွက်လာတဲ့အဖြေမှာတောင်မှ ကျွန်တော့်ကိုထွက်သွားခိုင်းဖို့ ဆုံးဖြတ်ချက်ခိုင်မာနေတုန်းပဲဆိုရင် ကျွန်တော် တစ်ခွန်းမှဆက်အထွန့်မတက်တော့ပဲ ကိုကိုလိုချင်သလို
ကိုကို့ကို လုံးဝလက်လျှော့ပေးမယ်... ဒီကြားနှစ်လကျော်အတွင်း ကိုကိုရော ကျွန်တော်ရော ကိုယ်ပိုင်အချိန်တစ်ခုရတာပေါ့... ကိုကိုနဲ့ကျွန်တော်စတွေ့ခဲ့တာ ဒီဇင်ဘာ ၁၉... အဲ့ဒီရက်ကျရင် ကိုကို့အဖြေကိုနားထောင်ဖို့ ကျွန်တော် ကိုကို့ဆီလာခဲ့မယ်၊ ကိုကို ဒါကို လက်ခံပေးနိုင်လား..."
ကိုကိုက ခဏလောက် စဉ်းစားပြီးမှ ခေါင်းငြိမ့်လိုက်တယ်။
"ဒုတိယအချက်က..."
စကားစလိုက်ရင်း သူ့ညာဘက်လက်ကို ကိုင်ဆွဲလိုက်တဲ့အတွက် "ဘာလုပ်မလို့လဲ" ဆိုတဲ့အကြည့်နဲ့ ကြည့်လာတဲ့ မှန်ပါးလေးအောက်က မျက်ဝန်းတွေ...။
ကျွန်တော်ကတော့ ကိုင်ထားမိတဲ့ ဆလင်ဒါလို လက်ချောင်းသွယ်လေးတွေကို တစ်ဖက်လှန်ရင်း လက်ဖဝါးပြင်မှာ ခပ်စင်းစင်းဆွဲသားထားသလိုရှိနေတဲ့ အမာရွတ်စင်းလေးကို ငုံ့ကြည့်လိုက်တယ်။ နောက်တော့ ဆွယ်တာအင်္ကျီလက်စကလေးကို ပင့်တင့်လို့ တစ်လောကမှ ကျွန်တော်ကိုယ်တိုင် ပတ်တီးဖြေပေးထားတဲ့ ပျောက်ခါစအစင်းရာလေးတွေကို ဆက်ပြီးလေ့လာလိုက်ရင်း...။
"ကျွန်တော် ကိုကို့အနားမှာမရှိတဲ့အချိန်...
ဒီလိုဒဏ်ရာတွေ ထပ်ရမလာရင်ကောင်းမယ်...
ကိုကိုက ကိုယ့်ကိုကိုယ် သိပ်ဂရုစိုက်တတ်တဲ့သူမဟုတ်လို့ ထိခိုက်လာရင် စိတ်ပူပြီး တတွတ်တွတ်ပြောနေမယ့်သူမရှိတာနဲ့ပဲ ဖြစ်သလိုနေနေမှာကို မမြင်ချင်ဘူး... ကိုယ့်ကိုယ်ကို မထိခိုက်အောင်နေပါ့မယ်...
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ့မယ် လို့ ကျွန်တော့်ကိုကတိပေးပါ..."
"..."
တစ်ဒင်္ဂစာလောက် ကျွန်တော့်မျက်လုံးတွေကို ကြည့်နေခဲ့ရာက အကြည့်လွှဲသွားတဲ့ မျက်ဝန်းနက်တွေ...။ ကျွန်တော့်လက်နဲ့ လှန်တင်ထားတဲ့ဆွယ်တာအဖျားစတွေကို အတူတူတွန်းချလိုက်ရင်း ကိုကိုဟာ ထပ်ပြီး ခေါင်းငြိမ့်ပါရဲ့။
"တတိယအချက်ကရော..."
"ကျွန်တော် ကိုကိုပေးခဲ့တဲ့မာဖလာကို ဆက်ယူထားချင်တယ်... ဖြစ်တယ်မလား..."
"..."
မျက်ဝန်းအိမ်လေးတွေ မသိမသာကျယ်သွားပုံထောက်ရင်...
ဒီတောင်းဆိုချက်ကိုတော့ သူထင်မှတ်မထားတဲ့ပုံပါပဲ။
အစောလေးကတင် သူကိုယ်တိုင် ပြင်ပတ်ပေးခဲ့တဲ့ ကျွန်တော့်လည်ပင်းပေါ်က မာဖလာနီလေးဆီ အကြည့်တွေနေရာချနေရာက မျက်နှာလွှဲလိုက်တဲ့နောက် တုံ့ပြန်မှုကတော့...။
"ငါမင်းဆီက ပြန်ယူမယ်လို့ မပြောမိပါဘူး..."
"အင်း... ဒါဆို... "
ရှေ့ဆက်စရာစကားရယ်လို့ တစ်ခွန်းတစ်စမှ ရှာလို့မတွေ့တော့တဲ့အဆုံး ကျွန်တော် အဲ့ဒီလူသားရှေ့ကနေ လှည့်ပြန်ဖို့လုပ်လိုက်တယ်။ ခြေလှမ်းတွေက လှေကားရင်းမှာ ကော်ကပ်သလိုရပ်သွားပြန်တယ်။
"ကျွန်တော် ဒီနေ့... မိုင်လိုတောင် သောက်မသွားလိုက်ရဘဲ ပြန်ရတော့မှာပဲ... ကိုကိုက အမြဲတမ်း ကျွန်တော့်ကို ဇွတ်နှင်ထုတ်နေကျဆိုပေမယ့် ဒီတစ်ခါ နှင်ထုတ်ခံရတာက ရက်တွေအကြာကြီး ပြန်လာလို့မရဘူးဆိုတော့... နည်းနည်း... ဝမ်းနည်းသလိုပဲ..."
"..."
"ကိုကိုသိလား... ကိုကို့ကို ကျွန်တော် တစ်ခါလောက် ပြောကြည့်ချင်နေတာရှိတယ်၊ အခုလို အချိန်မျိုးမှာပဲဖြစ်ဖြစ် ထိန်းချုပ်ထားတဲ့ငယ်စိတ်ကလေးနဲ့ ခံစားချက်တွေကို အကုန်လွှတ်ချပြီး ကိုကို့ကို တစ်ခါလောက် နင့်နင့်နဲနဲအပြစ်တင်ချင်တယ်..."
"..."
"ကိုကို အရမ်းရက်စက်တယ်ဗျာ...
ကိုကိုက သိပ်ရက်စက်တာပဲ..."
"..."
တုံ့ပြန်စကားတစ်ခွန်းမှပြန်မပေးတဲ့ နောက်ကျောဘက်က လူသားကို 'ခင်ဗျားက ခင်ဗျားဆန်လိုက်တာ...' လို့ စိတ်ထဲက မှတ်ချက်ပေးရင်း နှုတ်ခမ်းထောင့်တွေကို နာနာကျင်ကျင်ကွေးလိုက်မိလို့ နောက်လှည့်မကြည့်တော့ဘဲ ကျွန်တော် လှေကားပေါ်က ခပ်မြန်မြန်ဆင်းလာခဲ့တယ်။ အေးစက်နေတဲ့ စက်ဘီးလေးကိုဆွဲယူလို့ လမ်းကြားထဲကို ခပ်သွက်သွက်နင်းထွက်ခဲ့တယ်။ လမ်းထဲကွေ့ဝင်လာတဲ့ အစ်ကို့ကိုတောင် သတိမထားမိလိုက်တာ သူရှောင်လိုက်လို့သာ မတိုက်မိဘဲ ပွတ်သီကပ်သီလေးဖြတ်သွားမိတဲ့အထိပါပဲ။
အင်း...။ ကျွန်တော့် မျက်လုံးတွေဝါးနေလို့ ဖြစ်မှာပါ။
လမ်းထဲ နေရာယူစပြုလာတဲ့ မြူမှုန်တွေကြောင့်လား...။ မျက်ဝန်းထောင့်မှာဝေ့သီလာတဲ့ ပူနွေးနွေးအရည်ကြည်တွေကြောင့်လား ဆိုတာ သေချာမသိပေမယ့်ပေါ့...။
သေချာသိတာက... ညာဘက်ရင်အုံက လှုပ်ရှားနေတဲ့အရာဟာ
သိသိသာသာကြီး နာကျင်နေတယ်ဆိုတာကိုပဲ။
တစ်ယောက်လောက်သိရင် ပြောပြပေးမလား...။
ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ...။
ဘာလို့ ဒါမျိုးတွေ ခံစားရဖို့ဖြစ်လာတာလဲ...။
_____________________________________
To be continued...
💖💖💖
wyy u okay?? 👀
"ဟ... ဒီ beat drop ကြီးက ဘာလဲ" လို့တွေးနေတဲ့သူတွေအတွက်...
Relax ပါ...။ HD ကို အခွီတလိုင်း slow burn ဆိုပြီး ဆားတောင်လေးတွေမပါဘူးလို့ ထင်နေမှာစိုးလို့။ ဆားဖြူးတာများရင် sitcom genre ကို သစ္စာဖောက်ရာကျပေမယ့် ရှေ့ခန်းတွေမှာ ကောင်းကောင်းပုံဖော်ခဲ့ပြီလို့ အောက်မေ့တာမို့ ဇာတ်လမ်းကို အပေါ့အလေးမျှအောင် လုပ်ပါအုံးမယ်။ sitcom တွေလည်း မြှားမှန်ကြပါတယ်ခင်ဗျ။ ရယ်ပြီးမှန်တာနဲ့ ငိုပြီးမှန်တာပဲကွာတာပါ။
တစ်လျှောက်လုံး ချောကလက်နို့သောက်လာပြီးပြီဆိုတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် dark chocolate ပြောင်းစားကြည့်ရအောင်လေ...။ ဘယ်လိုလဲ...။
အပိုင်း ၆၀ နောက်ပိုင်း နည်းနည်း နှင်းမုန်တိုင်းလေးတွေထန်ပါမယ်။ Fic က comedy ဖြစ်ပြီး title က ဘာလို့ Heartless December ဖြစ်နေရတာလဲဆိုတော့ စာရေးသူနော်ဗယ်လာက နှလုံးသားမရှိလို့ပါတဲ့ (စတာပါဗျာ)။
ဒီအချိန်ထိ ဝေ့ဝိုက်နေတဲ့ဆရာတပည့်ကို သည်းခံဖတ်လာရတာကို drop ချင်စိတ်ပေါက်အောင်လုပ်တယ်လို့တော့ မထင်ပါနဲ့နော်။
စိတ်သိပ်မမှန်ပေမယ့် ကျွန်တော်ဘာလုပ်နေလဲ သေချာသိပါတယ်။ ဘာဖြစ်သင့်လဲဆိုတာလဲ သိပါတယ်။ ဒီအတိုင်း ယုံလိုက်ပါ။
ကြာပါတယ်။ Spell ထပ်ရွတ်လိုက်မယ်ဗျာ။
Expensive Petroleum!
Keep urself up to hundred!! ( ^-^)/🔮
Novella ✒️