❄️❄️❄️
ကျွန်တော်တို့ အတူတူခရီးသွားဖို့ ချိန်ထားတဲ့နေ့မတိုင်ခင်တစ်ရက် ကြာသပတေးနေ့က ဖြစ်ပါတယ်။ ကိုကိုစာသင်ချိန်တွေပြီးလို့ ပြန်လာမယ့်အချိန်ကိုတွက်ပြီး ဖိုင်တစ်ထပ်နဲ့ တိုက်ခန်းတံခါးရှေ့မှာ သွားစောင့်နေခဲ့တယ်။
"မိုးချုပ်တော့မယ်၊ ဘာလာလုပ်အုံးမှာလဲ..."
အောင့်တော့အောင့်တာပေါ့...။ ဒါပေမယ့်
အဲ့လိုနှုတ်ဆက်ရေးမတတ်တာတွေကိုပဲ ကြံဖန်ချစ်နေရတာလေ။
"ကိုကို့ကို စာလာမေးတာလေ...
နှင်မထုတ်ဘူးမလား၊ ဝင်နှင့်ပြီ"
"လင်းခန့်... ခွင့်ပြုချက်မရသေးဘဲ သူများအိမ်ထဲ ကြိုက်သလိုဝင်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူး..."
"ဟုတ်ကဲ့ပါခင်ဗျာ... အခုတော့ ဝင်ပြီးပြီမို့ မိုင်လိုယူမယ်နော်... သဒ္ဓါတယ်မဟုတ်လား..."
သူကျွန်တော့်နောက်ကနေ အိမ်ထဲဝင်လာတော့...
မိုင်လိုတစ်ဘူးစုပ်ရင်း စားပွဲပုလေးပေါ် စာအုပ်တွေကိုချလိုက်တယ်။ လူက ကော်ဇောပေါ် တင်ပျဉ်ခွေထိုင်လိုက်ရင်း သူ့ကိုလှမ်းကြည့်လို့ ဘေးနားကနေရာကို ပုတ်ပြလိုက်တော့ အမြင်ကပ်မှု level ကိုပြတဲ့လေသံလေးနဲ့...။
"မင်း စာကိုခုတုံးလုပ်တာ များနေပြီထင်တယ်"
အင်း...။ ကျွန်တော် ဗလောင်းဗလဲနိုင်တာကိုတော့ ဝန်ခံပါတယ်။ ဒါပေမယ့် စာလာမေးတာကတော့ တကယ်ပါနော်။ တော်တော်လေးကိုမှ အခက်တွေ့နေလို့ ခလုတ်ထိမှ ခင်ဗျားကိုတရတာ။
"ကျွန်တော်က ကိုကို့ကိုအားကိုးလို့ လာပြီးစာမေးတာကို ကိုကိုက နှင်ထုတ်လိုက်လို့ ကျွန်တော် သင်တန်းမှာ တခြားသူတွေထက် level နိမ့်သွားရင် ဘယ်လို တာဝန်ယူပေးမှာလဲ..."
"..."
"ဘာလဲ... မကူညီချင်ဘူးလား...
ကိုကို့မှာ ကျွန်တော်အခက်ကြုံရင် ကူညီပေးဖို့ တာဝန်ရှိတယ်လေ... ကိုကို့က ကျွန်တော့်ဆရာပဲဟာ..."
"..."
ကြည့်နေတယ်။ ကြည့်နေတယ်။
မျက်ခုံးတန်းသွယ်သွယ်လေးနှစ်ကြောင်းကို ဆွဲဆွဲကျုံ့ပြီး အတော်လေးကိုမှ မြင်ပြင်းကပ်တဲ့အကြည့်နဲ့ ကျွန်တော့်ကို ရှယ်ကြည့်နေတယ်။
အခုလက်ရှိ ကိုကို့ရဲ့စိတ်ထဲကအတွေးကို ဝင်ဖတ်ပြရရင်...
'တစ်ဆိတ်လောက်... မင်းကြိုက်သလို ငါ့ကို ရာထူးအပြောင်းအရွှေ့ လာလုပ်နေရအောင် မင်းက စိတ်မမှန်တဲ့ boss ၊ ငါက မင်းအမြင်ကပ်တာခံရတဲ့ ဝန်ထမ်းလား...' ဆိုတဲ့ဟာဖြစ်မှာ အသေအချာပဲ။
တစ်ခုနဲ့တစ်ခုနီးကပ်နေတဲ့ ကိုကို့ရဲ့မျက်ခုံးနှစ်ကြောင်းဟာ သုံးစက္ကန့်လောက်အကြာမှာ ပြေလျော့သွားကြတယ်။
နောက်တော့... ခပ်ဖွဖွ ရှိုက်ထုတ်လိုက်တဲ့ သက်ပြင်းလေးတစ်ချက်နဲ့အတူ အံ့ဩစဖွယ်မီလီစိတ်လောက် ကွေးတက်သွားသယောင်ရှိတဲ့ နှုတ်ခမ်းထောင့်လေး။
ဒါ့အပြင် တစ်ကိုယ်တည်းကြားသာရုံ ရေရွတ်နေတဲ့ မဝဲတဝဲလေသံ တိုးတိုးလေးကိုလည်း ကျွန်တော်က ကြားဖြစ်အောင်ကြားလိုက်သေးတယ်။
"အခုပဲ ငါ့ကို သူ့ဆရာနေရာထားလိုက်ပြန်ပြီ..."
ဒါပေမယ့် လျှပ်တစ်ပြက်၊ လက်ဖျစ်တစ်ချက်တီးစာရုံလောက် ဖြတ်ခနဲပြတဲ့ ရုပ်ရှင်ပြကွက်လို ကိုကို့အပြုံးတွေဆိုသည်မှာလည်း သိသာသည်ဖြစ်စေ မသိသာသည်ဖြစ်စေ ခဏပေါ်လာပြီး ချက်ချင်း လေထဲပြန်လွင့်သွားတတ်တဲ့အရာလေးတွေပါပဲ။
မျက်နှာထားကို ပုံမှန်အတိုင်းဖြစ်အောင် ပြုပြင်ပြီးတဲ့နောက်
တစ်စုံတစ်ယောက်ဟာ ကျွန်တော်ပုတ်ပြနေတဲ့နေရာမှာ လာထိုင်ရင်း သူ့မျက်မှန်ကိုင်းအကြည်လေးကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ထိုးပင့်လို့...။
"ပြော... "
"ဟုတ်... သင်တန်းမှာ ကျွန်တော် ဒီအပတ်တင်ရမယ့် short story review ကို ခါတိုင်းလိုပဲ ရှယ်ရေးတင်လိုက်တာ ဆရာမဆီက ရှယ်ဝေဖန်ထားတဲ့ မှတ်ချက်တွေပြန်ရလာလို့..."
"ဘာအမျိုးအစားလဲ...
မင်းက ဘယ်လိုရေးလိုက်တာလဲ"
"ခဏလေး... ကိုကို့ကိုပြမယ်"
ကျွန်တော်ထုတ်ပြတဲ့ C1 level short story နဲ့ ကျွန်တော့် review ကို ဖတ်ကြည့်ပြီးတဲ့နောက် ကိုကိုက သူတစ်ခုခုရှာတွေ့သွားသယောင် ခေါင်းတဆတ်ဆတ်ငြိမ့်တယ်။
"တွေ့တယ်မလား... ကျွန်တော် အရေးအသားရော၊ စကားလုံးအသုံးအနှုန်းရော ကောင်းပါတယ်ကိုကိုရယ်... story ကလည်း ကျွန်တော်ကြိုက်တဲ့ detective type၊ character ကလည်း ကျွန်တော်အရမ်းသဘောကျတဲ့ပုံစံမျိုးမို့ အားရပါးရစီးမြောပြီး ဖတ်ခဲ့တယ်၊ သဘောကျမိတာတွေကိုလည်း တစ်ချက်စီ သေချာရေးပြီး ဖော်ပြထားတာပဲ... ကြည့်ရတာ သင်တန်းကဆရာမကလည်း ကျွန်တော့် review တွေက အမြဲ သူများတွေထက်စာရင် အရမ်းကောင်းနေတော့ ကျန်တဲ့သူတွေ စိတ်ဓာတ်မကျရအောင် တစ်ခါလောက်တော့ ဒီကလေးကို အမှတ်လျှော့အုံးမှပဲဆိုပြီး ဦးစံရှားမှန်ဘီလူး ထောက်လိုက်တာနေမှာ..."
"ထောက်..."
"အ...
ကိုကို... ဘာလို့နဖူးတောက်ပြန်တာတုန်းဗျ"
"over-confident ဖြစ်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူးလို့ ငါမင်းကို ဘယ်နှစ်ခါပြောရမလဲ... မင်းရဲ့သင်တန်းက ဆရာမရေးပေးထားတဲ့ မှတ်ချက်က အလကားလက်အားလို့ ရေးပေးထားတာမဟုတ်ဘူး၊ မင်းရဲ့အားနည်းချက်ကို ထောက်ပြပေးထားတာ..."
"ကျွန်တော်က ဘာအားနည်းချက်ရှိလို့လဲ..."
ကိုကိုဟာ ဘောပင်အဖုံးကိုဖွင့်ပြီး စာရွက်တစ်ရွက်ပေါ် ရေးခြစ်ရှင်းပြမယ်လုပ်လိုက်ပြီးမှ ဒုတိယအတွေးပေါ်လာတဲ့ပုံစံနဲ့ ဘောပင်အဖုံးကို ပြန်ပိတ်လိုက်တယ်။ နောက်... ခန္ဓာကိုယ်ကို
ကျွန်တော့်ဘက် ၄၅ ဒီဂရီစောင်းလှည့်လာရင်း ကျွန်တော့်မျက်လုံးကို စူးစိုက်ကြည့်တယ်။
"လင်းခန့်... မင်းငါ့ကို သေချာကြည့်...
ငါ့မျက်လုံးထဲကို သေချာကြည့်..."
"ဟုတ်... ကြည့်နေတယ်"
"ဘာလို့ မင်းမျက်နှာကမှိုရတဲ့မျက်နှာဖြစ်နေတာလဲ..."
"ဟီး... ကျွန်တော်ကိုက ကိုကို့ကိုကြည့်ရင် အလိုလိုပြုံးမိပြီးသား ဖြစ်သွားတာလေ... ချစ်တဲ့မျက်စိနဲ့ကြည့်မိတော့ အဲ့လိုပဲ..."
"မပြုံးနဲ့... တည်တည်တံ့တံ့ကြည့်...
ချစ်တဲ့မျက်စိနဲ့မဟုတ်ဘဲ ငါ့ကို အပြစ်ရှာတဲ့မျက်လုံးတွေနဲ့ ကြည့်စမ်း..."
"အာ... ကိုကို့ကို အပြစ်ရှာသလိုကြည့်ရမယ်...
မကြည့်နိုင်ပါဘူး"
"အဲ့ဒါက မင်းရဲ့အားနည်းချက်ပဲ..."
"ဗျာ... "
"မင်းက ငါ့ကိုကြည့်တဲ့အခါတိုင်း မင်းသဘောကျတဲ့သူတစ်ယောက်အဖြစ် ကြည့်တယ်မလား... ငါ့ကိုကြည့်ရတာ စိတ်ထဲမှာကြည်နူးတယ်၊ နှစ်သက်တယ်... အဲ့သလိုမျိုး အလိုလိုဖြစ်လာတဲ့ခံစားချက်က မင်းကိုလွှမ်းမိုးထားတဲ့အတွက် ငါ့ဆီမှာ ဘာပြစ်ချက်မှမရှိသလို၊ ပြီးပြည့်စုံသလို မြင်ရလိမ့်မယ်..."
ကိုကို့မျက်လုံးတွေက ကျွန်တော့်အတွေးထဲကို ဖောက်မြင်နေသလိုပဲ။ ကျွန်တော့်မျက်ဝန်းအိမ်မှာ ထင်ဟပ်နေတဲ့သူ့ပုံရိပ်ကိုသူ စူးစိုက်ကြည့်ရင်း ကျွန်တော့်နေရာက ဝင်ပြောနေသယောင်။
"လူတွေက ကိုယ်သဘောကျနှစ်ခြိုက်တဲ့ celebrities တွေ၊ စာရေးသူတွေကစလို့ ရုပ်ရှင်တွေ ဝတ္ထုဇာတ်လမ်းတွေထဲက characters တွေအထိ သဘောကျစိတ်နဲ့ bias ဖြစ်ပြီး ပြစ်ချက်တွေကို မမြင်တော့ဘဲ ဖြစ်သွားတတ်ကြတယ်၊ သူတို့အမြင်မှာ သူတို့သဘောကျတဲ့သူဟာ ပြီးပြည့်စုံပြီးသားလို့ပဲ မြင်လာကြတယ်... မင်းလည်း memes တွေ တွေ့ဖူးမှာပါ... Nobody's perfect but them... ဆိုတာလိုမျိုး ပြီးပြည့်စုံမှုကဒီမှာရှိတယ်လို့ အာမခံကြတာမျိုးလေ... ဒါက ကိုယ့်ရဲ့ဘက်လိုက်စိတ်နဲ့ မျက်လုံးကိုအဝတ်စချည်ပြီး ချစ်နေမိကြလို့ မပြည့်စုံမှုတွေကို မမြင်တော့ဘူးဖြစ်သွားတာ၊ တကယ်တမ်းမှာ စင်းလုံးချွတ် ပြည့်စုံတဲ့သူဆိုတာမျိုး မရှိဘူး... လူဖြစ်ဖြစ် စိတ်ကူးယဉ် character ဖြစ်ဖြစ် အပြစ်ရှာမရအောင် သိပ်ကို စင်းလုံးချွတ်ပြည့်စုံနေတယ်လို့ မြင်နေမိတယ်ဆိုရင် ဒါက ကိုယ့်မသိစိတ်ရဲ့ ဘက်လိုက်မှုကြောင့်ပဲ... မင်းရေးထားတဲ့ review မှာဆို MC ရဲ့ character ကို သိပ်စောင်းပေးပြီး ဖော်ပြလွန်းအားကြီးနေတယ်... MC ကို သဘောကျတဲ့စိတ်ကြောင့် MC ရဲ့ သိသာနေတဲ့လွဲချော်မှုတွေ၊ အားနည်းချက်တွေကို ကျော်ချသွားပြီး ကောင်းတဲ့အချက်တွေကိုပဲ ခပ်များများထုတ်ရေးထားတယ်... မင်းလောက် ဒီ story နဲ့ ဒီ MC ကို မကြိုက်တဲ့သူတွေရဲ့ review မှာဆိုရင် story ကိုရော MC ကိုပါ ဝေဖန်ထားတဲ့ သဘောမကျစရာအချက်တွေ တစ်ချက်စီတော့ အနည်းဆုံးပါလာမှာပဲ... ဒါပေမယ့် မင်းမှာတော့ တစ်ချက်မှပါမလာဘူး၊ မင်းက ဒီဇာတ်လမ်းနဲ့ ဒီဇာတ်လိုက်ကို စွဲလမ်းသွားတဲ့အတွက် သိပ်သဘောကျသွားတဲ့အတွက် ပုံမှန်ဆို သေချာပေါက်မြင်မိမယ့် အရာတွေကို လုံးလုံးသတိမထားမိဘူး ဖြစ်သွားခဲ့တယ်လေ... ကိုယ်ပိုင်ထင်မြင်ချက်တင်မက ဘက်မလိုက်တဲ့ဆန်းစစ်ချက်ကိုပါချပြပြီး ဝေဖန်ရမယ့်နေရာထိ MC အပေါ်မှာထားတဲ့ impression ကို သယ်လာမိတာက မင်းရဲ့အားနည်းချက်ဖြစ်သွားတာပဲ..."
"ခဏလေး...
ကျွန်တော်... စိုးရိမ်နေတာ တစ်ခုရှိတယ် ကိုကို..."
"ဘာကိုလဲ..."
"ကိုကိုက ကျွန်တော့်ကို ဒါရှင်းပြနိုင်ဖို့ ဥပမာရအောင် ကိုကို့ကို သေချာစိုက်ကြည့်ခိုင်းတာမလား..."
"ဟုတ်တယ်..."
"မဟုတ်မှလွဲ... ဒီလို ရှင်းပြတဲ့နည်းလမ်းကို တခြားသူတွေကို စာသင်ရင်းလည်း သုံးနေကျတော့ မဟုတ်ဘူးမလားဟင်... ထိထိရောက်ရောက် ဥပမာပေးချင်တာနဲ့ပဲ ”ငါ့ကို သေချာကြည့်...” ဆိုပြီး လူတိုင်းကို စက္ကန့်အကြာကြီး စိုက်ကြည့်ခွင့်ပေးနေတာတော့ မဟုတ်ပါဘူးနော်..."
"..."
"ကိုကို ဖြေလေ... မဟုတ်ဘူးမလား..."
စကားကောင်းပြောနေတုန်း သူ့စကားကို ကြားကဖြတ်ပြီး မျက်ခုံးနှစ်ဖက်လုံးပင့်လို့ သေရေးရှင်ရေးကိစ္စလို ပြူးပြူးပြဲပြဲ ထမေးနေတဲ့ကျွန်တော့်ကြောင့် တစ်စုံတစ်ယောက်ဟာ နှုတ်ခမ်းလွှာနှစ်ချပ်ကို ပုံမှန်ထက်ဖိကပ်ပြီး မျက်လွှာတွေပိတ်ချရင်း အော်ချင်စိတ်ကို ချုပ်တည်းလိုက်တယ်။ ပြီးမှ ခပ်နိမ့်နိမ့်လေသံနဲ့...။
"တစ်ခြားသူတွေက မင်းလား... ဘယ်သူမှမင်းလို ဖြစ်ပျက်မနေလို့ အဲ့လိုဥပမာပေးစရာ အကြောင်းမရှိဘူး"
"အဲ့လိုလား... တကယ်လား...
ဒါဆို ကျွန်တော်က ပထမဆုံးပေါ့၊ အဟွန်း... ကောင်းတယ်"
"မင်း ငါပြောနေတဲ့ကိစ္စကိုရော စိတ်ဝင်စားရဲ့လား လင်းခန့်..."
"စိတ်ဝင်စားပါတယ်... review ရေးတဲ့အခါ ကိုယ့်ခံစားချက်တွေကိုညှိယူ၊ ဘက်လိုက်မှုကင်းအောင် ဂရုစိုက်၊ တကယ့်ဝေဖန်ရေးသမားလို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးမှ ရေးဖို့ပြောနေတာမလား... ကျွန်တော်က သဘောကျတဲ့မျက်လုံးနဲ့ ကြည့်ထားတာကိုပဲ review ထဲထည့်ရေးလိုက်မိပြီး အပြစ်ရှာသုံးသပ်ဖို့ကိုကျ လုံးလုံးမေ့သွားလို့ အမှတ်ကျတာလေ..."
သူ့စကားတွေ လေထဲပြန့်မသွားဘဲ ကျွန်တော့်နားထဲရောက်ကြောင်း
အကြောင်းပြန်အစီရင်ခံပေးမှ ဆရာသမားဟာ အကြည့်လွှဲသွားရင်း...။
"အပြစ်ရှာတဲ့မျက်လုံးတွေဆိုတာ တစ်ခါတစ်ရံမှာ လိုအပ်တယ်... အပြစ်ကိုရှာတယ်ဆိုတိုင်း မကောင်းတာတွေထုတ်ပြောပြီး ဆွဲနှစ်ချလိုက်တာမဟုတ်ဘူး၊ ပိုကောင်းတဲ့တစ်ခုကို ပြောင်းလဲစေချင်လို့ ထောက်ပြနိုင်ဖို့လုပ်ရတဲ့ အပြစ်ရှာခြင်းမျိုးလည်းရှိတယ်... ဥပမာ... ငါမင်းကို တစ်ချိန်လုံး ဟိုလိုလုပ်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူး ဒီလိုလုပ်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူးလို့ လိုက်ပြီး အပြစ်တွေ ဆွဲထုတ်ပြနေတာက အဲ့ဒီမကောင်းတဲ့အကျင့်တွေကို ပြင်ဆင်ဖို့ရာ သတိပေးနေတာပဲ... အမှန်ဆို ဒါတွေက မင်းဟာမင်း ပြန်ဆင်ခြင်ရမယ့်အရာတွေ..."
"ဟီး... ဒါကတော့ ကျွန်တော့်ဟာကျွန်တော် ပြန်ဆင်ခြင်စရာတောင် မလိုတော့ပါဘူး၊ ကိုကို အမြဲတမ်း လိုက်ပြောပေးနေတာပဲဟာ..."
"တကယ်လို့ အဲ့လို အမြဲတမ်းလိုက်ပြောမယ့်ငါသာ မရှိတော့ရင် မင်းက ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်ဖို့ သတိရမှာတဲ့လား "
ခေါင်းကိုဆတ်ခနဲပြန်လှည့်လာပြီး ကျွန်တော့်ကို စူးစိုက်ကြည့်လာတဲ့ မှန်သားနှစ်ချပ်အောက်က မျက်ဝန်းနက်တွေ။ မကြားရတာကြာပြီဖြစ်တဲ့ ဂရုဏာဒေါသသံလေးစွက်နေတဲ့ ကိုကို့လေသံ မာဆတ်ဆတ်ကလေး။
ချက်ချင်းပဲ ကျွန်တော့်ရဲ့ ကိုကို့ကိုကျလိကျလိဖြစ်အောင် စချင်စိတ်တွေကို ခြင်ဆေးဖျန်းသလိုဖျန်းပြီး နှင်ထုတ်ရင်း မျက်နှာပိုးသတ်လိုက်မိတယ်။
"တစ်လက်စတည်း မင်းကို ပြောစရာရှိတာတွေ ပြောထားရအုံးမယ်... ငါက ပုံမှန်ဆိုရင်တော့ ငါစာသင်ပေးရတဲ့ ကလေးတွေကို စကားအရှည်ကြီးပြောပြီး ဆုံးမတာမျိုး သိပ်လုပ်လေ့မရှိဘူး၊ ကြုံကြိုက်မှ တစ်ခုချင်းနားထဲဝင်အောင် သွင်းတာမျိုး၊ ခဏခဏ သတိပေးရင်း ခေါင်းထဲစွဲနေအောင် မှတ်ခိုင်းတာမျိုးနဲ့ပဲ နားလည်လာအောင် လုပ်ပေးတတ်တာ... ဒါပေမယ့် မင်းက အသိလွန်နေတဲ့ကလေးဆိုတော့ တစ်ခါတစ်လေ ငါဘယ်နှစ်ခါပြောပြော ကောင်းကောင်းနားမထောင်ချင်ဘူးလေ... အဲ့တော့ တစ်ခါတည်းပြောသင့်တာတွေ စုပြောထားပြီး မင်းကိုအကြာကြီး တစိမ့်စိမ့်ပြန်တွေးခိုင်းမှ ရမယ်... မင်းက အခုလောလောဆယ်မှာ ငါ့ကို ဆရာနေရာထားထားတာမလား... ဒါဆို စကားကို ကောင်းကောင်းနားထောင်..."
ကိုကို့ပုံစံနဲ့လေသံက တကယ် အလေးအနက်ဖြစ်နေတဲ့ပုံပဲ။
အမြဲတမ်းလည်း ဒီလိုပဲပြောတတ်ပေမယ့် အခုက မျက်လုံးအကြည့်ကစ လေးနက်မှုတွေ လျှံကျနေတယ်။ ကျွန်တော်ပါလိုက်ပြီး မလေးနက်လို့ မရတော့တဲ့အချိန်ပဲ။
ကျွန်တော် ကျောရိုးကိုမတ်မတ်ထားပြီး မျက်နှာထားနဲ့လေသံကို ပြင်လိုက်တယ်။
"ဟုတ်..."
ကိုကိုက ချောင်းတစ်ချက်ဟန့်ပြီး စကားစပြန်ကောက်ရဲ့။
"ငါမကြိုက်တဲ့အကျင့်တစ်ခုတွေ့တိုင်း မင်းကိုရွတ်ပြပြီး သတိပေးနေတာတွေကို မင်းက သိပ်ပြီး ခေါင်းထဲထားမှာ မဟုတ်မှန်း ငါသိတယ်၊ ငါက ဇီဇာကြောင်လို့ အကုန်လိုက်ပြောနေတယ်လို့ ထင်ချင်လည်းထင်မယ်..."
"ကျွန်တော် အဲ့လိုမထင်ပါဘူး..."
"အင်း... သဘောပြောပြတာ၊ ဆက်နားထောင်...
ငါအဲ့လိုလိုက်ပြောနေပေမယ့် ငါက ငါမကြိုက်ရုံသက်သက်နဲ့ မင်းအကျင့်တွေကို ပြင်ခိုင်းနေတာမဟုတ်ဘူး...
မင်းရဲ့ ယုံကြည်ချက်တွေလျှံထွက်ပြီး ဘဝင်လေဟပ်နေတတ်တဲ့ ညဉ်ဆိုးလေးရယ်၊ စိတ်ပါလာရင် စကားအရမ်းများတဲ့အကျင့်ရယ်၊ မလုပ်နဲ့ဆို မရမကလုပ်လိုက်ချင်ပြီး လုပ်စမ်းဆိုပျင်းနေတတ်တဲ့
ဂျစ်ကန်ကန်နေပုံထိုင်ပုံရယ်၊ သူများတကာကို စိတ်ထဲက လိုက်ဝေဖန်နေတတ်တာရယ်... အဲ့လိုအကျင့်တွေကို မကောင်းဘူးလို့ ငါလိုက်ပြောနေတာက တစ်ချိန်ချိန် မင်းရဲ့မကောင်းတဲ့ အကျင့်တွေက မင်းကိုပြန်ပြီး ဒုက္ခပေးလာနိုင်တာမို့ ပြောနေရတာ... မင်းရဲ့ဘဝမှာ မင်းကိုနားလည်ပေးမယ့် သူတွေနဲ့ချည်း တွေ့မှာမဟုတ်ဘူး၊ မင်းရဲ့အကျင့်တွေကို ဒီအတိုင်း လက်ခံပေးမယ့်သူတွေနဲ့ချည်း တွေ့မှာမဟုတ်ဘူး၊ တစ်ချိန်ချိန် မင်းကို ငါဝေဖန်တာထက် အဆပေါင်းများစွာပိုပြီး ပြင်းထန်တဲ့ပုံစံမျိုးနဲ့ ဝေဖန်မယ့်သူတွေ ပေါ်မလာဘူးလို့လည်း ပြောလို့မရဘူး... အဲ့လိုအချိန်ကျရင် မင်းက ငါဒါတွေသိသားပဲ ဆိုပြီး ခပ်ပေါ့ပေါ့လုပ်မနေဘဲ သေချာပေါက် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ရတော့မယ်... နားလည်တယ်မလား..."
"ဟုတ်..."
ကိုကိုလေသံက ခါတိုင်း စာရှင်းပြသလို အေးအေးမှန်မှန်နဲ့ပဲ။
မျက်လုံးတွေကတော့ တစ်ချက်တစ်ချက် ကျွန်တော့်ဘက်ကို လှည့်ကြည့်တယ်။ တည်ငြိမ်သလို ကြည်လင်တဲ့အရိပ်လေးတွေက မှန်ပါးလေးပေါ်မှာ ထင်ဟပ်လို့။
"ပေါ့ပျက်ပျက်ပုံစံလုပ်နေပေမယ့် မင်းက ရည်မှန်းချက်ကြီးပြီးသားဆိုတာ ငါသိတယ်... ထိပ်ဆုံးမှာရပ်ချင်တယ်ဆိုရင် ဟန်ချက်ထိန်းနိုင်မှ ပြုတ်မကျဘဲ ကိုယ့်နေရာကိုယ်ထိန်းသိမ်းနိုင်မှာ... အဲ့ဒီ ကိုယ့်ကိုကိုယ် ထိန်းသိမ်းမှုကို ဘယ်သူဘယ်ဝါက လာသတိပေးလို့မှမဟုတ်ဘဲ မင်းကိုယ်တိုင် မင်းအသိနဲ့မင်း လုပ်ရမယ်၊ မင်းက အဲ့လောက်ထိ ရင့်ကျက်ပြီးသား ဆိုတာကိုလည်း ငါယုံတယ်... တကယ်တမ်းမှာ ရင့်ကျက်တဲ့သူတစ်ယောက်လို နေနိုင်ပေမယ့် မင်းက အခုထိကလေးလုပ်ချင်နေသေးတာလေ... ကလေးလိုမနေနဲ့လို့တော့ မပြောပါဘူး၊ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ကိုယ့်အပေါ်ထားတဲ့အမြင်ကို ထိန်းသိမ်းဖို့ရာ တစ်ခါတစ်လေ အချိန်အခါကိုလိုက်ပြီး တည်တည်ငြိမ်ငြိမ်လေးနေပေး..."
"ဟုတ်..."
"ပြီးတော့... ဟာသဉာဏ်ရှိတာကောင်းပေမယ့် တစ်ယောက်ယောက်နဲ့ စကားကောင်းပြောနေရင် ထအရွှန်းဖောက်တာမျိုး သိပ်မလုပ်နဲ့...
ထောင်တန်တဲ့စကား ရယ်ပေါ့ ဆိုသလိုဖြစ်မယ်"
"ဟုတ်..."
"ကိုယ့်ဂုဏ်ကိုယ်ဖော်တာလည်း နည်းနည်းလျှော့...
လူတော်တွေက စကားများများမပြောဘူး၊ အလုပ်နဲ့ပဲ သက်သေပြကြတယ်"
"ဟုတ်..."
တကယ့်ကို... တစ်ဟုတ်တည်းဟုတ်ပြီး ပုတ်သင်ညိုလုပ်လိုက်ရတဲ့ ညပါပဲ။ ဘယ်ကတည်းက ကျွန်တော့်ကို ပြောချင်နေမှန်းမသိတဲ့
ကိုကို့အဟောအပြောအဆုံးအမတွေကို ငြိမ်ကုပ်ကုပ်လေး ထိုင်နားထောင်ရင်းနဲ့ နာရီလက်တံလေး ၆နာရီကိုပြခါနီးမှာမှ ထိုင်ရာကထခွင့်ရတော့တယ်။
"ကိုကိုစိတ်ချပါ... ကိုကိုသတိပေးထားတာတွေကိုလည်း ပြန်ဆန်းစစ်ကြည့်ထားမယ်... ပြီးတော့ နောက်အပတ်ကျရင် မင်နီနဲ့ဝေဖန်ခံထားရတဲ့ review စာရွက်အစား five star ဆွဲပေးထားတဲ့ review စာရွက်ကိုလည်း ပြနိုင်အောင်ပြပေးမယ်"
တံခါးဝကထွက်ခါနီး အဲ့လိုအာမခံချက်ပေးလိုက်တော့ ကိုကိုက သဘောကျသလိုလို မကျမလိုလိုနဲ့ ခေါင်းခါရဲ့။
"မင်းက ငါ့ကို မင်းလုပ်နေသမျှကိစ္စ အကုန်လိုက်ပြနေအုံးမှာလား... ငါအမြဲတမ်း ကြည့်ပေးဖို့မလိုတော့ပါဘူး၊ မင်းမိဘတွေကိုသာပြလိုက်..."
"ဒါပေမယ့် မတူဘူးလေ... ကျွန်တော်က ကိုကို့ကို အရာရာ အသေးစိတ်အစီရင်ခံချင်တာ... အဟွန်း..."
"..."
ကိုကိုဟာ ဘာမှဆက်မပြောတော့ဘဲ တံခါးလက်ကိုင်ဘုကို ပြန်ဆွဲဖို့လုပ်လိုက်ပြီးမှ...။
"ဒါနဲ့ မင်းအိမ်ကို ပြောထားပြီးပြီလား...
မနက်ဖြန် ငါနဲ့တစ်နေရာသွားမယ့်ကိစ္စ..."
"အင်း... မပြောလည်း ကိစ္စတော့မရှိပါဘူး
အိမ်ကကျွန်တော့်ကိုဆို စိတ်ချလွန်းလို့ ဘေးမဲ့ပေးထားတာ၊
ဘယ်သွားသွား ဘာလုပ်လုပ် မဟုတ်မဟတ်တာမဖြစ် ပြဿနာမရှာရင်ပြီးတာပဲ... ကျွန်တော်ကလည်း ကိုယ့်ကိုကိုယ်ထိန်းသိမ်းတတ်တော့ နေရာတကာမှာ အထက်ကပေးတဲ့ ခွင့်ပြုချက်မလိုဘူးလေ..."
"ဒါပေမယ့်... လူကြီးတွေကို အသိတော့ပေးရမှာပေါ့...
ငါလည်း အလုပ်မအားတာနဲ့မေ့နေတာ၊ ငါက မင်းကိုခေါ်သွားမယ့်သူမို့ ခွင့်ပြုချက်တောင်းရမယ်လေ..."
"အာ... မလိုပါဘူး... ကိုကိုက ကျွန်တော့်ဆရာပဲဟာ...
ကိုကိုနဲ့ဆို စိတ်ချပြီးသားပါ၊ လိုက်ပြောမနေလည်းရပါတယ်"
သို့သော်ငြားလည်း သိပ်ကျင့်ဝတ်လိုက်နာတဲ့ တစ်စုံတစ်ယောက်ဟာ ကျွန်တော့်ကိုတစ်ရက်ငှားမယ့်ကိစ္စအတွက် ကျွန်တော့်မိဘများဆီက ခွင့်ပြုချက်တောင်းခံဖို့ရာ အိမ်ကိုလိုက်လာခဲ့ပါတယ်။
"အမှန်တော့ လင်းခန့်က မနှစ်ကကျွန်တော်သင်ပေးခဲ့တဲ့ ကျောင်းသားတွေထဲမှာ အတော်ဆုံးကလေးပါ... အဲ့ဒါကြောင့် သူ့ကြိုးစားမှုကို appreciate လုပ်တဲ့အနေနဲ့ တက္ကသိုလ်မတက်ခင် မန္တလေးတစ်ဝိုက်က တစ်နေရာရာကို sightseeing လိုက်ပို့ပေးမယ်ဆိုပြီး စိတ်ကူးထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် အခုမှသူ့ကိုမေးဖြစ်လို့... ဖြစ်နိုင်ရင် မနက်ဖြန်တစ်ရက် လင်းခန့်ကို ကျွန်တော်နဲ့ထည့်ပေးလိုက်လို့ ရမလားခင်ဗျ... ကျွန်တော် မိုးမချုပ်ခင် ပြန်ပို့ပေးမှာပါ"
အထက်ပါအတိုင်း ယဉ်ကျေးပြီး နည်းလမ်းကျတဲ့ တောင်းဆိုမှုမျိုးနဲ့ စကားပြောရင်းပေါ့။
အမှန်တော့ အဲ့လိုလုပ်ဖို့ တကယ်မလိုပါဘူး။ ကျွန်တော်က အလယ်မှာလပ်နေတဲ့ အလတ်ဆိုတော့ အစကတည်းက အိမ်ရဲ့ ကိုယ်ပျောက်လူသားလေ။ မွေးထားတဲ့သားသမီးတွေထဲ စိတ်မပူဘဲ လွှတ်ထားလို့ရမယ့် ယောက်ျားလေးတစ်ယောက်ပါနေတာကို ကျေးဇူးတွေတင်ပြီး ကျွန်တော့်မိဘများက ကျွန်တော် မြန်မာတစ်နိုင်ငံလုံးပတ်ပြီး စက်ဘီးစီးခရီးစဉ်ထွက်မယ်ဆိုရင်တောင် ပြန်လာရင် တစ်ကိုယ်လုံးအကောင်းအတိုင်းမြင်ရပြီးတာပဲ ကြိုက်သလိုလုပ်ဆိုပြီး ပါမစ်ပေးလွှတ်လိုက်မယ့်သူတွေ။
ကိုကိုကအဲ့လိုလာပြီး တလေးတစားခွင့်ပြုချက်တောင်းတော့ အဖေနဲ့ အမေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမှ
ပြုံးပြုံးနဲ့ပဲ တုံ့ပြန်ကြတယ်။
"ခေါ်သွားပါကွယ်... ဦးတို့က သားပိုက်ကောင်မိဘတွေမဟုတ်ပါဘူး၊
ပြီးတော့ မထူးလည်း အဲ့ကောင်လေးက ခြေဗွေပါလို့ သူဟာသူဘယ်သွားသွား ကမ္ဘာ့အပြင်ထွက်မသွားရင်ပြီးရော လွှတ်ထားပေးပြီးသားရယ်ကွ... ဟားဟား..."
ဟုတ်ပါပြီ။ ကိုယ့်သားကိုယ် ဂြိုလ်တုနံပါတ် LK1231 လို့ code name တပ်ပြီး အာကာသထဲလွှတ်ထားပေးဖို့ အစီအစဉ်မရှိသေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုကိုက ပြောစရာကိစ္စပြောပြီးတာနဲ့ နှုတ်ဆက်ပြီးပြန်ဖို့လုပ်တော့ ဘယ်ကပေါ်လာမှန်းမသိ ဝင်လောကွတ်ပြုတဲ့သူက ကျွန်တော့် အစ်မတော်။
"လင်းခန့်... နင်ကလည်း နင်ကျတော့ စာမေးချင်တိုင်း အချိန်မရွေး သွားမေးနေပြီး တခါတလေလေး အိမ်ရောက်လာတဲ့ ကိုယ့်ဆရာကို နည်းနည်းပါးပါးဧည့်ခံအုံးမှပေါ့... ဟို ညီမတို့အခုမှ ညစာစားကြဖို့ပြင်နေတာရှင့်... အစ်ကိုပါ ဝင်စားသွားပါလား..."
"ဟုတ်သားပဲ... သမီးနုယဉ်ပြောမှသတိရတယ် ကြည့်စမ်း... အန်တီတို့ကလည်း ဆရာလေးကိုတစ်ခါလောက် ထမင်းဖိတ်ကျွေးဖို့လုပ်နေတာ၊ ကြုံတုန်း စားသွားလိုက်နော်..."
လောကွတ်ပြုတာမျိုးကို သိပ်လက်ခံလေ့မရှိတဲ့ ကိုကိုကတော့ လက်ကာငြင်းတာပေါ့။
"အာ... မလုပ်ပါနဲ့၊ တော်ပါပြီ...
ကျွန်တော် ပြန်တော့မှာပါ"
ဒါပေမယ့်... စစ်ဆင်ရေးက နှစ်ကြောင်းဗျ။
သူ့အတွက်ကာတွန်းစာအုပ်တွေ ဝယ်ပေးဖူးတာလောက်ပဲ ဆက်ဆံရေးရှိခဲ့တဲ့ အငယ်မက နောက်ကဝင်လာရင်းနဲ့
"မျက်မှန်ချောချောနဲ့ကိုကိုရယ် လာပါနော်" ဆိုပြီး ကိုကို့လက်ကို ဇွတ်ဆွဲခေါ်သွားတော့ အဲ့ဒီနေ့ညက မမျှော်လင့်ပဲ ကိုကိုနဲ့ ကျွန်တော်တို့မိသားစု ညစာအတူစားဖို့ဖြစ်လာတယ်။ အစ်မက ကျွန်တော်နဲ့ကိုကို့ကို ဘေးချင်းကပ်ထိုင်ရအောင်ပါ ဖန်ပေးလိုက်သေးသဗျ။
ထူးထူးဆန်းဆန်း စိတ်ကောင်းတွေဝင်နေတဲ့ နတ်ဆိုးအစ်မရေ...။ ဒီနေ့တော့ အစ်မမောင်ဖြစ်ရတာ မဆိုးဘူးပဲလို့ စတွေးမိလာပါပြီ။ အလေးပြု...။
တစ်ခုကောင်းသွားတာ တော်သေးတယ်။ ဟိုရေဘဝဲအစ်မတို့အတွဲက မနက်ကပဲ ရန်ကုန်ပြန်သွားကြလို့။ နို့မို့ဆို မမမိုနိုနဲ့ ကိုကိုမျက်နှာချင်းဆိုင်တွေ့ပြန်ရင် ဟိုရက်က အထက်တန်းကျောင်းသူ ကျောင်းလစ်တဲ့ဇာတ်လမ်းနဲ့ တစ်စခန်းနေရခက်နေအုံးမှာ။
စားပွဲဝိုင်းမှာတော့ အမေက ကျွန်တော်ဟာ ဉာဏ်ကောင်းတာကို အကြောင်းပြပြီး ဘယ်လိုစာလုပ်ပျင်းကြောင်း၊ အရမ်းပြောရကြောင်း၊ ဂိုက်သွားတက်တဲ့နောက်ပိုင်းကျမှ ညသန်းခေါင်ကျော်လောက်ထိ စားကြည့်စားပွဲမှာ ထိုင်တတ်လာတာမြင်ရလို့ ဆုံးမပေးနိုင်တဲ့သူပေါ်လာတာ ကျေးဇူးတင်ကြောင်း ကိုကို့ကို ဟင်းတွေထည့်ပေးရင်း တစ်သီတစ်တန်းရွတ်တယ်။
တကယ်တော့ စာကြည့်ချိန်က ဒီလောက်ဒီလောက်ပါပဲ။ သူ့သားက နေ့တိုင်း စာကြည့်စားပွဲမှာ သန်းခေါင်ကျော်ထိ ပုံထိုင်ဆွဲနေတာလေ။ ငွေသော်တာရောင်ခြည်လေး ညည်းရင်းနဲ့...။
စားသောက်ပြီးတဲ့နောက် ကျွန်တော်ကိုကို့ကို အိမ်တံခါးဝအထွက်ထိလိုက်ပို့တော့ ကိုကိုက ကျွန်တော့်ကို အထဲပြန်ဝင်ခိုင်းရင်း...။
"အန်တီ့ကို ညစာ တကယ်စားလို့ကောင်းပါတယ်လို့ ထပ်ပြောလိုက်တဲ့အကြောင်း ပြောပေးအုံး..."
"အဟွန်း... နောက်ထပ်လည်း ကိုကိုစားချင်ရင် အချိန်မရွေး free နော်... အမေက သူ့ကို ဟင်းချက်ကောင်းတယ်များပြောရင် နေ့တိုင်း လက်စွမ်းပြချင်နေတာ၊ ကိုကို့သူငယ်ချင်းဆို သူ့အဒေါ်အကြောင်းသိလို့ ဒီအကွက်လေးနဲ့ လုပ်စားနေတာကြာပေါ့"
"မင်းတို့မိသားစုက အားလုံး နွေးနွေးထွေးထွေးရှိကြတယ်...
မင်းက ကံကောင်းပါတယ်... ဒါကြောင့် မိဘနဲ့မောင်နှမတွေကို တန်ဖိုးထားပေး..."
သဘောပေါက်ကြောင်း ခေါင်းငြိမ့်ပြရင်း ပြုံးလိုက်မိတယ်။
ကိုကို ဘာလို့ အဲ့လိုပြောလဲဆိုတာ ကျွန်တော်သိပါတယ်။
"စက်တင်ဘာလကုန်တော့မှာမို့ နံနက်ပိုင်းနဲ့ ညပိုင်းက အေးစပြုလာပြီ... မနက်ဖြန်ကျရင် နွေးနွေးထွေးထွေးဝတ်ခဲ့..."
"ဟုတ်... မနက်အစောကြီးထပြီး နေ့လည်စာကိုလည်း ကျွန်တော်ကိုယ်တိုင်ပြင်ပြီး ရှယ်ထုပ်လာမယ်၊ သောက်စရာကိုလည်း အပူအအေးတစ်မျိုးစီထည့်လာမယ်၊ အဆင်ပြေတဲ့နေရာကျရင် picnic လို အတူထိုင်စားလို့ရအောင် သင်ဖြူးလည်းယူလာမယ်၊ အကင်စက်လည်း လိုရမယ်ရ ယူလာမယ်၊ ကင်မရာလည်း မနေ့ကမှ အသစ်သွားဝယ်ထားတယ်... ရှိုးထုတ်လို့ရအောင် အဝတ်အပိုလည်း ကျောပိုးအိတ်ထဲမှာ ထည့်ထားရမယ်..."
ကျွန်တော့်အစီအစဉ်တွေကို နားထောင်အပြီး ကိုကိုက မျက်ခုံးတန်းနှစ်ကြောင်းကို အသာကျုံ့ရင်း သတိပေးပါရဲ့။
"camping ထွက်မှာမဟုတ်ဘူး... sightseeing သွားမှာတော်ရုံပဲလုပ်..."
ဘာပဲပြောပြော အလွန်အမင်းတက်ကြွနေတဲ့ ဒီကောင်လေးကတော့ ဖင်တကြွကြွဖြစ်နေတာကို ထိန်းမရခဲ့ပါဘူး။
ကိုကို့ဆိုင်ကယ်လေး အိမ်ရှေ့ကထွက်သွားတာကိုကြည့်ပြီးမှ အိမ်ထဲပြန်ဝင်လာခဲ့တော့ တံခါးနောက်မှာစောင့်နေတဲ့အစ်မက ချောင်းဟန့်ပြီး မျက်စပစ်ပြတယ်။
"ကြည့်လည်းလုပ်အုံး... ပါးစပ်ကနားရွက်တက်ချိတ်တော့မယ်၊ တက်ကြွနေလိုက်တာများ ခိုးရာလိုက်ရမယ့် လုံမလေးကျလို့..."
"ဘယ်ကသာ... ကျွန်တော်က ကိုကို့ကို ခိုးပြေးမယ့်လုလင်လေးပါဗျ... အဟမ်း၊ အခုကတော့... အခြေအနေအရ လိုက်သွားလိုက်အုံးမယ်"
ကျွန်တော့်ရုပ်ကိုကြည့်ရင်း ဟွန့်ခနဲနှာမှုတ်လို့ ဆက်ပြောလာတာက...။
"ဟုတ်ပါပြီ... နင်တို့ အဲ့ခရီးကပြန်လာရင် ဘာထူးလာမလဲဆိုတာ ငါနဲ့ အစုလေးနဲ့ လောင်းထားတယ်... သူက ဘာမှဆက်မဖြစ်ဘူး ဒုံရင်းဒုံရင်းပဲ ဆိုတဲ့ဘက်က ငါက အခြေအနေတစ်ခုခုတော့ ပြောင်းသွားလိမ့်မယ် ဆိုတဲ့ဘက်က..."
"ဘာ... လူကြီးတွေကိစ္စကို အငယ်မကပါ ဘာဝင်လုပ်တာတုန်း..."
"အောင်မာ... လူကြည့်တော့ အသက်တောင်မပြည့်သေးဘဲနဲ့ ဘာကိုလူကြီးတွေကိစ္စလဲ..."
"ဂွပ်..."
"အား... အစ်မဗျာ ခေါင်းကိုမခေါက်နဲ့ဗျ... ကောင်းတဲ့ဉာဏ်တွေ တုံးကုန်တော့မှာပဲ... ဒါအကြမ်းဖက်မှုနော်"
"အကြမ်းဖက်ဖက်မဖက်ဖက်... အစုလေးက သူရှုံးရင် ငါနဲ့ငါ့ကောင်လေး ပြင်ဦးလွင်ကို stage show သွားကြည့်မယ့်ကိစ္စ ပါမစ်မြန်မြန်ရအောင် ဝင်ပြောပေးမယ်၊ ငါရှုံးရင် သူ့ကို webtoon packages တွေ ဝယ်ပေးရမယ်တဲ့..."
"တစ်လောကမှ ကာတွန်းစာအုပ်ထဖတ်တဲ့ စာကလေးမက ခု webtoon ဘာညာတောင် ဖတ်နေပြီလား... level up တာကလည်း မြန်လိုက်တာ... ခုရက်ပိုင်း ကြည့်လိုက်ရင် dictionary တတောက်တောက်ခေါက်နေလို့ စာကြိုးစားလှချည်လား အောက်မေ့နေတာ"
"အဲ့ဒါ နင့်ကိုကိုကို သူသွားပြောလို့ထင်တယ်... ဟိုက English sub comics တွေဖတ်တာကောင်းပေမယ့် webtoon ထက်စာရင် တစ်ခြားစာအုပ်တွေလည်း ဖတ်အုံးဆိုပြီး သူ့အရွယ်နဲ့ဖတ်သင့်တဲ့ English မဂ္ဂဇင်းတွေ မပြန်ခင်ချရေးပေးသွားတယ်"
ကိုကိုကတော့... အကျင့်ပါပြန်ပြီ။
ခင်ဗျားက ဒီအတိုင်းလေးပဲ recommend ပေးသွားလိုက်တာ။ လိုက်ဝယ်ပေးရမှာက ကျွန်တော်ဗျ။
"ဘာပဲဖြစ်ဖြစ် နင်မနက်ဖြန်ကျရင် တစ်ခုခုတော့ထူးလာခဲ့နော်... ပုံမှန်ဆို တအားနှမြောတတ်တဲ့ ကိုဇေယျာလှိုင်းတို့က အထူးအဆန်း ငါကြည့်ချင်ရင် လက်မှတ်ဖိုးထုတ်ပေးမယ်ပြောလာလို့ ပြင်ဦးလွင်ကို ဒုတိယတစ်ခေါက် ရည်းစားနဲ့နှစ်ယောက်တည်း သွား chill ချင်လို့..."
အံမယ်... ဒီတစ်ခါတော့ ဘီလူးဆိုင်းတီးပြီး မပူဆာလိုက်ရဘူးပေါ့။ ယောက်ဖလောင်းက သိတတ်လာပြီပဲ။
"မမနဲ့ အစ်ကိုဇေယျာလည်း မြန်မြန်ဘွဲ့ရပြီး မြန်မြန်သာ ယူလိုက်ကြပါဗျာ... မမတို့ ရှေ့ကားတွေ အကုန်ထွက်ထားမှ အချိန်ကျရင် ကျွန်တော့်ပြိုင်ကားလေးက ရွှတ်ခနဲ ကွင်းဆင်းလို့ရမှာ... ဟဲဟဲ..."
"အေး... အဲ့ဒီထဲ အစ်ကိုအံ့ထူးကိုတော့ ထည့်မတွက်နဲ့...
သူ့ကားက တစ်ချိန်လုံးဆီပျက်နေတာနဲ့ မထွက်ရဘဲ သံရည်ကျိုစက်ထဲ တန်းရောက်မှာရယ်..."
အစ်မစကားမှာ ခွီခနဲရယ်လိုက်ရင်း ခုလောက်ဆို သူ့ကြွက်သိုက်ကေတွေ ယမ်းယမ်းသွားအောင် နှာချေနေတော့မယ့် တစ်စုံတစ်ယောက်အတွက် ခေါင်းယမ်းလိုက်မိတယ်။
အမျှ အမျှပါ ကြွက်အစ်ကိုရေ...။
ငှက်ပျောပင်မှာ ဆက်ပြီးအသိုက်လုပ်နိုင်ပါစေ။
_____________________________________
To be continued...
💖💖💖
တစ်ခါတုန်းကပေါ့...။ သန်းခေါင်ယံလူခြေတိတ်ချိန်အထိ သူ့သခင်အဖြစ်ရည်ရွယ်တဲ့သူရဲ့ခဲပန်းချီတွေ ထိုင်ခြစ်ရင်း သီချင်းညည်းတတ်တဲ့ ရှီဘာလေးတစ်ကောင်ရှိသတဲ့။
"ငွေသော်တာရောင်ခြည်... ထိန်လင်းတော့သည်...
ဘုံကြိုးပြတ်တဲ့ မိုးနတ်စံမီ... သဒ္ဓါကပိုသည်၊ ဆရာခင်ဗျားကိုပဲ အသည်းစွဲအောင် ချစ်မိသည်
ထိန်ကြည်... လရောင်လွှမ်းတော့ အလွမ်းပိုပါသည်...
ချစ်သူရှိရင် ဪ... ဖွင့်ပြောပါလားလို့အတည်...
ရိုးရိုးနဲ့ မှန်တာကိုပြောမည်၊ တကယ်စိတ်ကအတည်... ဘယ်အထီးအမမှ မချစ်ခဲ့သည်... သဒ္ဓါကပိုသည်၊ ဆရာခင်ဗျားကိုပဲ အသည်းစွဲအောင် ချစ်မိသည်"
မထင်မှတ်ဘဲတစ်ရက်မှာတော့ သူ့အခန်းတံခါးရှေ့ကနေဖြတ်သွားတဲ့ နတ်ဆိုးအရိပ်က ခွေးကလေးရဲ့သီချင်းသံကို ကြားသွားခဲ့ပါသတတ်။
နတ်ဆိုးစွမ်းပကားတွေဖြည့်ဖို့ မှော်အချိုရည်ကို သောက်သုံးရအောင် တစ်ရေးနိုးလာတဲ့ နတ်ဆိုးမပျိုဟာ အခန်းရှေ့မှာရပ်၊ ဆိုးဆေးခြယ်ထားတဲ့ လက်သည်းရှည်တွေကို ပြုံးတုံ့တုံ့နှုတ်ခမ်းရှေ့အသာအုပ်ပြီး သုံးသပ်လိုက်တယ်။
"အောဟော... ငါခန့်မှန်းချက်တွေက ဘယ်မလွဲဘူးပေပဲ..."
နတ်ဆိုးကောက်ချက်ချသံကို သတိမပြုမိတဲ့ ရှီဘာလေးကတော့ လမင်းကြီးကိုကြည့်ရင်း၊ စာရွက်ပေါ်မှာသူဆွဲခြစ်ထားတဲ့ ကြည်ကြည်လင်လင်မျက်နှာပြင်တစ်ခုကို ကြည့်ရင်း သီချင်းဆက်ဆိုနေခဲ့တာပေါ့။
"ငွေသော်တာရောင်ခြည်... ထိန်လင်းတော့သည်..."
နတ်ဆိုးမပျိုကတော့ အိပ်ပျော်နေတဲ့ သူ့အဖော်စာကလေးကို ဆင့်ခေါ်လိုက်ပြီး တိုးတိုးတိတ်တိတ်ကြိတ်ရယ်နေခဲ့တာ မှော်အချိုရည်တောင်သီးတဲ့အထိပဲလို့ သူ့အခန်းထဲက လက်သည်းနီဘူးတွေက စုစုစုစုနဲ့ ပြောနေကြပါသတဲ့။
Novella ✒️