❄️❄️❄️
"ရည်း... စား..."
စကားလုံးနှစ်လုံးကို ပါးစပ်ထဲကဇွတ်တွန်းထုတ်ပြီး အသံမြှင့်လို့ မျက်စိရှေ့ကနှစ်ယောက်လုံးကို ပြူးကြည့်ပြီးမေးလိုက်မိတော့ ဟိုအစ်ကိုက သွားဖြဲရယ်ပြနေပြီး သူ့ဘေးက ဟိုပုံမှန်လူသားလေးကတော့ ဘေးကမုန့်စင်တွေကို ဟိုကြည့်ဒီကြည့်လုပ်ရင်းနဲ့ဖြေတယ်။
"အင်း...
၉တန်းကတည်းက တွဲနေတာ..."
"..."
အဲ့သမှာ သုံးယောက်သား ဒီမျက်နှာဒီပုံစံအတိုင်း မတ်တပ်ကြီးတွေရပ်ပြီး ၁၅စက္ကန့်လောက် ကြာသွားတယ်။
နေပါအုံး...။ အဲ့တော့ သင်းက ကျွန်တော့်ထက်အရင်ကွေးနေတာဆိုတဲ့ သဘောပေါ့။
ဟမ်...။ ဒါကဘယ်နှယ့်ကြီးတုန်း...။
ကြောင်ခရေဇီဖြစ်နေတာလေးကလွဲရင် ပုံမှန်ထက်ကို ပုံမှန်ဖြစ်အောင်နေပြီး အဖြောင့်ဆန်လွန်းလို့ လှရင်ပြီးရောဆိုပြီး ဘာလာလာဒေါင်းတဲ့ ဟိုအမွှာလိုလည်းမဟုတ်၊ တစ်သက်လုံးကဖြောင့်လာရာက ဟိုချစ်ရပါသော သံလိုက်ဓာတ်ရှိတဲ့ရေခဲတုံးကြီးကောင်းမှုနဲ့ သူရှိရာကွေ့ပတ်လိုက်ရင်း လိမ်နေအောင်ကွေးသွားရတဲ့ ကျွန်တော့်လိုလည်းမဟုတ်ဘဲ သူတစ်ယောက်ကတော့ ရေပြင်ညီကလေးဖြစ်ကောင်းရဲ့လို့ အောက်မေ့နေကာမှ ကိုယ်တော်ချောက လှိုင်းတွေတွန့်နေတာ နှစ်နှစ်လောက်ရှိပြီတဲ့လား...။
"တွေ့မှတော့ မုန့်စားရအောင်...
သွားထိုင်နှင့်... ငါမှာလိုက်မယ်"
အကြာကြီးငြိမ်နေတော့ မနေတတ်မထိုင်တတ်ဖြစ်လာတဲ့ပုံပါပဲ။
ဟိန်းသူရက မတ်တပ်ကြီးကျောက်ရုပ်ဖြစ်နေတဲ့ကျွန်တော့်ကို ပခုံးကကိုင်ပြီး တစ်ဖက်လှည့်ပေးလို့ Season ဘက် တွန်းပို့ရင်းနဲ့ သူ့လူကိုပါ တံတောင်နဲ့တွတ်ပြီး နောက်ကလိုက်ခဲ့ဖို့ ခေါ်လိုက်တယ်။
သူမုန့်သွားယူနေတုန်း ကျွန်တော်နဲ့ဟို mentoes bro က ထောင့်နားကျကျက စားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်လို့။ ဟိန်းသူရမုန့်မှာတာကို လှမ်းကြည့်နေရင်းက ကျွန်တော့်ဘက်လှည့်လာပြီး သွားတန်းတွေပေါ်အောင်ရယ်ပြရင်း သူကအရင် စကားပြောလာတယ်။
"ဟိန်းလေးက သူငယ်ချင်းတွေကို မပြောလောက်ဘူးထင်နေတာ... တကယ်လည်း ပြောမထားဘူးကိုး၊ ဟီး... သူက စကားများရတာ မကြိုက်ဘူးလေ... ပြီးတော့ private life ကို အသေတန်ဖိုးထားတယ်၊ အနှောင့်အယှက်မလိုချင်ဘူး၊ attention လည်းမရှာတတ်ဘူး၊ ဟိန်းလေးက တကယ် ချစ်စရာလေးနော်..."
ဘယ်သူမှမမေးဘဲနဲ့ သူ့ဟာလေးအကြောင်းကို ဂုဏ်ဖော်နေရင်း ချစ်ရည်ရွှန်းတဲ့မျက်ဝန်းတွေနဲ့ နောက်ကိုလည်ပြန်လှည့်ကြည့်ပြီး ”ချစ်စရာလေး” လို့ နောက်တစ်ခေါက်ထပ်ရွတ်ပြန်တယ်။
ဖူးစာရေးနတ်ကလည်း တကယ့်ဗရမ်းဗတာထင်ပါရဲ့။
ဟိုတစ်ယောက်က ဂုဏ်ဖော်တာမကြိုက်တာနဲ့၊ ဒီတစ်ယောက်က ဂုဏ်ဖော်ရတာကို အရသာတွေ့တာနဲ့။ ဟိုတစ်ယောက်က ပုံမှန်သမား၊ ဒီတစ်ယောက်က ချိုဆိမ့်နေတာနဲ့...။
"ဒါနဲ့... အစ်ကို..."
"အင်း..."
"ဟိုလေ... စိတ်တော့မရှိနဲ့နော်...
အစ်ကိုတို့က ဘယ်သူက... ဟို... ဘယ်လို... "
"ဪ... ဟားဟား... ငါက upstair ပါကွ၊
အမြင်အရတော့ သူကငါ့ကိုနိုင်နေပေမယ့်ပေါ့..."
ခုမှတွေ့ဖူးပေမယ့် 'ငါ' လို့ ပေါ့ပေါ့ပါးပါးသုံးပြီး ပေါ့ပေါ့ပါးပါးပြောနေတဲ့ အစ်ကိုပိုင်သုဟာ အထက်ပါစကားကိုပြောရင်း ဒုတိယ စကားစုမှာတော့ လက်သင့်မခံချင်ပေမယ့် မတတ်နိုင်ဘဲ လက်ခံနေရသယောင်နဲ့ လေသံခပ်လေးလေးဖြစ်သွားလေရဲ့။
"ဟီး... ရာထူးပြောပြတာနော် တစ်မျိုးမတွေးနဲ့...
ငါတို့က ခုထိ ကောင်းကောင်းတောင်မနမ်းဖူးသေးဘူး..."
ဟုတ်ပါပြီ။ ဘယ်သူမှလည်း သူ့ကိုမမေးမိပါဘူး။
"နေပါအုံး... အစ်ကိုတို့က ဘယ်ကနေဘယ်လို..."
"ဪ... အဟဲ၊ ဘယ်လိုလုပ်ပြီးတွဲဖြစ်သွားကြတာတုန်းလို့ မေးမလို့လား... ဟီးဟီး... အဲ့ဒါက ကြောင်လေ..."
"ကြောင်..."
ဘာတုန်း...။ မဟုတ်မှလွဲ... Pokemon Go မှာ ဖမ်းရင်းဝင်တိုက်ပြီး ညိကုန်ကြတဲ့ဖူးစာလို သူတို့က ကြောင်ဖမ်းရင်း ဝင်တိုက်ပြီး ညိသွားတာလား...။
"ပြောပြမယ်... အဲ့ဟိုညနေကကွာ၊ သူက ဘယ်ကနေဘာဝယ်ပြီး ပြန်လာတာလဲမသိဘူး..."
ဪ...။ တိကျချက်...။ အတော်ကိုမှတ်ထားရမှာပဲ။
နားလည်းထောင်ရင်း ဟိုတစ်ယောက်ကိုလှမ်းငေးလိုက်တော့ သူ့အိမ်ကဖုန်းဆက်လို့ထင်ပါရဲ့ ဖုန်းပြောရင်း ခေါင်းလေးတစ်ငြိမ့်ငြိမ့် တဟုတ်ဟုတ်နဲ့လုပ်နေရာက season ကောင်တာကနေ သစ်သီးစင်တွေဘက် လှည့်ထွက်သွားတယ်။
"ငါက ကျောင်းကနေ နောက်ကျမှပြန်လာရင်း ဆိုင်ကယ်စက်ရပ်သွားလို့ လမ်းဘေးမှာစက်နှိုးနေတာ... အဲ့မှာ မျက်နှာချင်းဆိုင်ကလာတဲ့သူက အစကတော့ ငါ့ဘေးကဖြတ်လျှောက်ပြီး ကျော်သွားတာပဲ၊ သုံးလေးမိနစ်ကြာမှ နောက်နားကနေ အကျယ်ကြီးအော်ပြောတာ... "ဟိုအစ်ကို... စက်နှိုးနေတာ ခဏရပ်အုံးဗျ" ဆိုပြီး... သူ့အသံကဟိန်းထွက်နေတော့ ငါလည်း လန့်ပြီး ကြောင်သွားတာပေါ့... အဲ့ဒါနဲ့ တုံ့ခနဲရပ်လိုက်ပြီး လှည့်ကြည့်လိုက်တော့ သူက ထောင့်နားက အမှိုက်ပုံးနားမှာ ကုန်းတုန်းကုန်းတုန်းနဲ့..."
အင်း...။ ဇာတ်ခင်းပုံကတော့ လက်ဟန်ခြေဟန်နဲ့ လေယူလေသိမ်းနဲ့ ဟုတ်နေတာပဲ။ အခုထိတော့ ကြောင်နဲ့သူတို့ဇာတ်လမ်းဘာဆိုင်လဲ မပါသေးဘူး။ ”ကြောင်သွားတာပေါ့...” ကလွဲရင်...။
"ငါလည်း ဆိုင်ကယ်ထားခဲ့ပြီး သွားစပ်စုတော့ တောက်... စက္ကူပုံးလေးနဲ့ကွာ..."
"ပိုက်ဆံတွေကောက်ရတာလား..."
"ဟင့်အင်း... ကြောင်ပေါက်စတွေ..."
ဪ...။ ပါလာပြီ။ ပါလာပြီ။
"ဘယ်သူလာပစ်သွားတာလဲတော့မသိဘူး၊ ကြောင်မကြီးမပါဘဲ ကြောင်ပေါက်လေးတွေချည်း ၄ ကောင်... ခြေတံလက်တံအဖြူလေးတွေနဲ့ ကိုယ်လုံး အဝါရောင်လေးတွေကွာ... မျက်လုံးလေးတွေက ပယင်းရောင်လေးတွေနဲ့ ..."
"ဟုတ်၊ အတိအကျမဖော်ပြလည်းရပါတယ် ကြောက်ပေါက်လေးကောင်တွေ့တာ၊ အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်လဲ..."
မရဘူး။ ကတ်ကြေးနဲ့ကိုက်သင့်ရင်ကိုက်ရမှာပဲ။
မဟုတ်ရင် ဖော်ပြချက်အရှည်ကြီးတွေ ဆက်လာနေအုံးမှာ...။
"သူကအဲ့ကြောင်ပေါက်လေးတွေကို တစ်ကောင်ချင်း ကိုင်ကြည့်နေရင်းနဲ့ ပြောတယ်... 'ကလေးတွေမှာ ကြောက်လွန်းလို့ တုန်နေတာပဲ၊ ခင်ဗျားဆိုင်ကယ်သံကြောင့် လန့်သေကုန်မှာစိုးလို့ လှမ်းအော်ရတာ' တဲ့... အဲ့တုန်းက ငါ့ဆိုင်ကယ်ကလည်း မလဲခင်ကဟာ အရင်ဟာဆိုတော့ ပျက်ပါများပြီး စက်သံက တအားကျယ်နေတာလေ... ငါကလည်း မသိလို့ဆိုပေမယ့် တောင်းပန်လိုက်ပါတယ်..."
ဘယ်လိုပြောရမလဲ...။ ကလေးကိုအနိုင်ကျင့်မိလို့ အုပ်ထိန်းသူကို တောင်းပန်ရသလို။ အဲ့လိုနေလိမ့်မယ်။
"အဲ့တုန်းကဆောင်းဝင်ခါစ နေကလည်းဝင်တော့မှာဆိုတော့ ဒီတိုင်းပစ်ထားခဲ့ပြီး ဘယ်သူမှလည်း ခေါ်ဂရုစိုက်မယ့်သူမရှိရင် ကြောင်လေးတွေက အေးတာနဲ့အစာငတ်တာနဲ့ သေကုန်မှာ... သူ့ကြည့်ရတာလည်း ကြောင်အတော်ချစ်ပုံရလို့ မွေးချင်ရင် အိမ်ခေါ်သွားလိုက်လေ ဆိုပြီး အကြံပေးမိတော့ မွေးချင်တယ် အိမ်ခေါ်သွားလို့မရဘူးတဲ့... အဲ့နောက် သုံးမိနစ်လောက်ကြာသွားရော... သူကကြောင်စက္ကူပုံးရှေ့မှာ မှုန်ကုပ်ပြီး ခေါင်းတကုပ်ကုပ်နဲ့ထိုင်နေရာက အဲ့ပုံးကြီးမပြီး ငါ့ဆီထိုးပေးတယ်... 'ခင်ဗျား မွေးပေးလိုက်ပါလား... ခြေလေးချောင်းက ကယ်ကောင်းပါတယ်' တဲ့..."
ဪ...။ ကိုယ့်သူငယ်ချင်းလို့မပြောရဘူး။
စကားသာသိပ်မပြောတာ နှုတ်ရေးကတော့တတ်ပါပေ့ မောင်မင်းကြီးသားရယ်။ အမှန်တော့ အဲ့ဒါ ခြေ ၁၆ ချောင်းဟ။
"အဲ့တော့..."
"အဲ့တော့ မွေးလိုက်ရတာပေါ့..."
"အစ်ကိုလည်း ကြောင်ချစ်တာပဲလား..."
"အဲ့လောက်မဟုတ်ပါဘူး..."
"ဒါဆို ဘာလို့လဲ... "
"မသိဘူး... သူ့ကြောက်လို့... "
ဪ...။ ဖြစ်ရမယ်...။
ဒါပေမယ့် အပြစ်ဆိုလို့တော့မရဘူးပဲ။ ကိုယ့်သူငယ်ချင်းအကြောင်းလည်း ကိုယ်သိတာကိုး။
ဟိန်းသူရဆိုတဲ့အမျိုးက မျက်နှာပေးလေးကသာ သူတော်စင်လေးလိုခပ်ငြိမ်ငြိမ်နဲ့ အသံကကျ နာမည်အတိုင်းဟိန်းထွက်ပြီး အလိုလိုရှိန်ချင်စရာကောင်းတယ်။ ရိုးရိုးစကားပြောရင်တောင် လန့်နေရတာ...။
ကျွန်တော် မသိမသာခေါင်းယမ်းနေတုန်း သူကဆက်ပြောတယ်။
"အဲ့လိုနဲ့ ငါကကြောင်တွေခေါ်မွေးထားလိုက်တော့... သူက ငါ့ဖုန်းနံပါတ်နဲ့ လိပ်စာတောင်းထားတယ်၊ ကောင်းကောင်းဂရုစိုက်မစိုက် ကြည့်ရအောင်လို့ဆိုပဲ... အဟုတ်လည်း ငါ့တိုက်ခန်းကို တစ်ပတ်တစ်ခါလောက် လာလာကြည့်တယ်ကွ၊ အဲ့ကြောင်ထီးလေး လေးကောင်ကိုလည်း သူပဲနာမည်တွေ လျှောက်ပေးထားတာ... မုန်လာဥလေး၊ ကန်စွန်းဥလေး၊ အာလူးလေး၊ မြေပဲလေး တဲ့..."
ကောင်းပေ့...။ ပဲမြစ်လေး မပါလို့ တော်သေးတာပေါ့။
"အစကတော့ ကြောင်ကလေးကောင်ပဲကွ... နောက်ကျတော့ သူ့က ဟိုကြောင်လေးသနားလို့ ခေါ်လာလိုက်၊ အင့်... မွေးလိုက်အုံး... ဒီကြောင်လေးချစ်စရာကောင်းလို့ ခေါ်လာလိုက်၊ အင့်... မွေးလိုက်အုံးနဲ့... ပိုင်ရှင်မရှိတဲ့ ကြောင်တွေတွေ့တိုင်း ငါ့ဆီ လာအင့်တော့... တဖြည်းဖြည်းနဲ့... ငါ့အိမ်လည်း ကြောင်ဂေဟာဖြစ်သွားရော... "
ဪ...။ နားလည်ပြီ...။ အဲ့လိုကနေ နောက်ဆုံး ခြေ ၄၈ ချောင်းကို အိမ်ပေါ်ခေါ်တင်ထားရတဲ့ဘဝ ရောက်သွားတယ်ပေါ့။
"ဒီလိုနဲ့ သူက ငါ့အိမ်လာပြီး ကြောင်တွေနဲ့ဆော့ရင်း ကြောင်ပြုစုနည်းတွေ ငါ့ကိုပို့ချရင်း အဲ့ကြောင်တစ်သိုက်နဲ့ ငါတို့နှစ်ယောက်နှစ်ပါးသွားနေတာ ကြာလာတော့ ငါလည်း သူ့ကို သတိထားမိလာတယ်... သူ့ကိုမသိခင်က ထူးဆန်းပြီး တစ်မျိုးကြီးပေမယ့် သိလာတော့ သူကခင်ဖို့ကောင်းတယ်... စကားအများကြီးမပြောတတ်ပေမယ့် သူအပြုံးတွေကဖြူစင်တယ်၊ သူ့အပြောအဆို၊ အမူအရာက ရိုးသားပွင့်လင်းတယ်၊ အဲ... ရင်းနှီးလာတာနဲ့အမျှ သူစိတ်ပေါက်အောင်လုပ်မိရင် လူကိုမပြောမဆို ထဆော်တတ်ပေမယ့်... ဟီး... အဲ့ဒါလေးကလည်း ချစ်စရာကောင်းနေရောကွ..."
"..."
မပြောနဲ့ လင်းခန့်...။ မပြောနဲ့...။ အထုအထောင်းခံရမှာသိရက်နဲ့
ငရုတ်ဆုံဖြစ်ချင်နေမှတော့ ဂွတ်လက်ခ် ဘရို... လို့သာ ဆုတောင်းပေးလိုက်...။
ကျွန်တော်ကိုယ့်ပါးစပ်ကိုယ်ဇစ်တပ်နေတုန်း ကိုယ့်ငါးချဉ်ကိုယ်ချဉ်ရတာ အရှိန်တက်နေတဲ့ တစ်ယောက်ယောက်ကတော့ အားရပါးရပြုံးလို့ ဆက်ပြောနေလေရဲ့...။
"သူက ဟန်ဆောင်တာလည်းမရှိ၊ ထူးဆန်းအောင်လည်းမနေဘူး... သူ့ပင်ကိုအတိုင်း ပုံမှန်လေးအတိုင်းနေနေရင်း လောကနဲ့ သဟဇာတဖြစ်နေတာမျိုးလို့ ပြောရမလား၊ သူက... ပလိန်းကော်ဖီတစ်ခွက်လိုပဲ ရိုးရိုးစင်းစင်းလေး... ဒါကြောင့်ပဲ သူ့ကိုချစ်မိသွားတာဖြစ်လိမ့်မယ်..."
"ဪ..."
"ငါလည်း ဘယ်နှယ့်ဖြစ်သွားမှန်းတော့ ငါ့ကိုယ်ငါမသိဘူး၊ ဒီလိုအတွေးလည်း အရင်ကမရှိဖူးဘူး၊ သူသာမဟုတ်ရင် ယောက်ျားအချင်းချင်း ဒီလိုခံစားချက်ဖြစ်စရာ အကြောင်းမရှိဘူးလို့လည်း တွေးမိတယ်... အဲ... ငါသူ့ကို ဖွင့်ပြောတုန်းကတော့ ခင်ဗျား တော်ရုံပဲပြောင် ဆိုပြီး အဆော်ခံလိုက်ရသေးတယ်ကွ... စိတ်ပေါက်သွားလို့လား၊ သူ့ကို အထင်သေးတယ်မှတ်လို့လားမသိ အဲ့တုန်းက နှစ်ပတ်သုံးပတ်လောက်ထိ ပေါ်မလာတော့တာ... ကြောင်တွေတောင်လာမကြည့်တော့ဘူး... ဟီး... ငါကလည်း ဒီတစ်ခါငါလာကလှည့်ဆိုပြီး နေမကောင်းတဲ့ ကြောင်တစ်ကောင်ပိုက်ပြီး သူ့အိမ်လိုက်သွားလိုက်တာပေါ့၊
နောက်တော့... ဒီလိုပဲ ကိုယ့်ခံစားချက်ကိုယ် သေချာရှင်းပြရင်း... နားလည်မှုယူရင်းနဲ့ မရလောက်ဘူးလို့တွေးထားမိရာကနေ အဆင်ပြေ... အာ... အဲ... ဟိုမှာလာနေပြီ အဲ့ဇာတ်လမ်း မင်းဟာမင်း ဖြည့်တွေးလိုက်တော့..."
ကိုပိုင်သုတစ်ယောက် ကြောင်ရေးတဲ့ချစ်ဇာတ်လမ်းအကြောင်း တသီတတန်း ဇာတ်ထုပ်ခင်းနေမှုဟာ သူ့အဆက်တော်ကလေး ဝယ်စရာရှိတာဝယ်ပြီးလို့ season ဘက်ကိုလျှောက်လာတာ မြင်မှပဲ လေကြောပြတ်သွားတော့တယ်။ ဘာတွေလျှောက်လေပန်းနေတာလဲ လို့ အအော်ခံရမှာ ကြောက်လို့ထင်ပါရဲ့...။
အိတ်တွေလက်တစ်ဖက်ကဆွဲပြီးဝင်လာတဲ့ ဟိန်းသူရဟာ အားနေသေးတဲ့ကျန်လက်တစ်ဖက်နဲ့ ကောင်တာကနေ လင်ဗန်းတစ်ချပ်ကိုမယူလာပြီး ကျွန်တော်တို့ထိုင်နေတဲ့ စားပွဲပေါ်ချလိုက်တယ်။ သူ့မျက်နှာက မျက်ခုံးတန်းနှစ်ကြောင်းက တစ်ခုနဲ့တစ်ခု အတော်နီးကပ်နေကြသလိုလို...။
"မှာပြီး ပိုက်ဆံရှင်းပြီးသား၊ ထယူပြီးစားရုံလေးကို
နှစ်ယောက်လုံး ဘာလုပ်နေကြတာလဲ..."
ထင်ထားသလိုပဲ သူ့လေသံက အပြစ်တင်သံစွက်နေတယ်။
စွက်မှာပေါ့လေ... မှာလည်းပေးရသေး၊ ပိုက်ဆံလည်း ထုတ်ရသေးတဲ့အပြင် စားပွဲပါထိုးပေးရသေးဆိုတော့ နဂိုထဲကမှ စိတ်ရှည်တတ်မယ့်ဥပဓိရုပ်လေးပဲရှိပြီး တကယ်စိတ်မရှည်တဲ့ မောင်မင်းကြီးသားက ငေါက်ပြီပေါ့။
"ဟီး... မင်းကိုစောင့်နေတာလေ..."
ကျွန်တော်တို့လည်း မတိုင်ပင်ရဘဲ သွားဖြဲပြီး တစ်သံတည်း ဆင်ခြေဆင်လက်ပြလိုက်ကြတယ်။ အလျှောက်ကောင်း အထောင်းသက်သာ တဲ့လေ...။
စားပွဲဘေးမှာ မတ်တပ်ရပ်လျက်သားအတိုင်းရှိနေသေးတဲ့
ဟိန်းသူရကတော့ ညီညွတ်နေတဲ့ ကျွန်တော်နဲ့သူလူကို ငုံ့ကြည့်နေရာက မျက်ဆံတွေကိုအထက်တစ်ချက်ပို့လို့ ပြန်ချရင်း...။
"ပိုင်သု... ခင်ဗျားကလည်း ဘာတွေလျှောက်လေပန်းနေတာလဲ..."
"အာ... ငါဘာမှမပန်းပါဘူး..."
"ငါအစ်ကိုပိုင်သုကို လျှောက်မေးနေလို့ သွားယူဖို့မေ့သွားတာပါ ဟိန်းသူရရာ... ဘယ်သူယူယူ မထူးလည်း စားစရာကရောက်လာပြီပဲ၊ လုပ်မနေနဲ့တော့..."
ကျွန်တော်ဝင်ရေဖြန်းလိုက်မှ အဘလေးဟာ ဝင်ထိုင်ပြီး စားစရာရှိတာစားတော့တယ်။
စားသောက်ပြီး ရောက်တတ်ရာရာပြောပြီးလို့ mart ရှေ့မှာ လူစုခွဲကြတော့ ဟိန်းသူရက အထုပ်ပလုတ်တွေဆွဲလျက်နဲ့ ကျွန်တော့်မျက်နှာချင်းဆိုင်မှာ တည့်တည့်ရပ်နေပြီး အစ်ကိုပိုင်သုတစ်ယောက်ကတော့ သူ့နောက်မှာရပ်ပြီး Mentoes ဘူးကို စည်းချက်မကျတကျ လှုပ်ရင်း ဟိုငေးဒီငေးလုပ်နေတယ်။
"နောက်ရက်ကျမှ ဖုန်းဆက်လိုက်မယ်ကွာ...
ငါကလည်း မင်းမအားမှာစိုးလို့..."
"အင်း... မအားတာကတော့ ဘယ်လိုမအားနေမှန်းကို ငါလည်းမသိတော့ဘူး... အရေးထဲ ကြောင်မွေးတာပဲ နှစ်နှစ်ပြည့်တော့မယ် ကြောင်ကို ဆေးထည့်မပေးတတ်သေးတဲ့သူက တစ်မှောင့်မို့လို့ ပိုမအားနေတာနဲ့ မင်းနဲ့ရော ဟိုနှစ်ကောင်နဲ့ပါ အဆက်အသွယ်မလုပ်ဖြစ်နေတာ..."
ဟိန်းသူရကပြောနေရင်း နောက်ကလူကိုငေါ့ပြပြီး မျက်စောင်းထိုးနေတော့ ဟိုကမျက်ခုံးတစ်ဖက်ပင့်ပြရင်း ဒီလိုတုံ့ပြန်တယ်။
"သူပဲ 'ခင်ဗျားလုပ်ရင်တလွဲဖြစ်တယ် စိတ်မချရဘူး' ဘာညာဆိုပြီး သူ့ဟာသူဝင်ဝင်လုပ်သွားတာကိုများ... သိလား... အဲ့ဒါကြောင့် ငါသူ့ကို တိမွေးကုတက်ဖို့ရာ တိုက်တွန်းနေတာလေ..."
ဒုတိယစကားက ကျွန်တော့်ကိုလှမ်းကြည့်ရင်း ပါးစပ်နားလက်ကာပြပြီး ပြောလိုက်တာမို့ လုပ်ပြီးပြုံးပြလိုက်ရသေးတယ်။ အမှန်တော့ ဒီအကြံကို ကျွန်တော်လည်း တစ်မဲထည့်ချင်သလိုလိုပဲ။
"ဟုတ်တယ်မလား အမှတ်လည်းမှီတာပဲဟာ... သူဆေးခန်းဖွင့်ရင် ငါကသူ့ဘေးမှာ ကွန်ပြူတာဆော့ဖ်ဝဲလ်ရေးနည်း သင်တန်းဖွင့်မယ်၊ တကယ်တော့... သူကသာ အားနေငါ့ကိုဝေဖန်နေတာပါကွာ... တကယ်တမ်းဆို ငါက future plan ကို အခုကတည်းက အသေအချာစီစဉ်..."
"ဖုန်း..."
"လောလောဆယ် ကျွေးရမယ့် ကြောင်စာပမာဏကိုအရင် သေသေချာချာစီစဉ်အုံး..."
ကြားလိုက်ရတဲ့ပတ်မကြီးသံကြောင့် အစ်ကိုပိုင်သုအစား ကျောထဲဖျဉ်းခနဲဖြစ်သွားတဲ့ကျွန်တော်တော့ မျက်လုံးတစ်ဖက် မှိတ်ချလိုက်မိတယ်။ လေအပန်းကောင်းမိတဲ့ တစ်စုံတစ်ယောက်ကတော့ မချိပြုံးနဲ့ သွားဖြဲနေလေရဲ့။ ဒီလက်ဆနဲ့ ခဏခဏအဆော်ခံရတာတောင် ဟီဟီဟီ လုပ်နိုင်သေးတယ်ဆိုတော့ ကြည့်ရတာသူလည်း ထုံနေပြီနေမှာ...။ အချစ်က တကယ်မျက်စိကန်းနေတာပဲ အဲ... အချစ်က တကယ်မျက်စိမရှိဘူးပဲ။
"ဟီး... စတာပါ... အမှန်တော့ ပိုကျွမ်းကျင်တဲ့သူကိုလုပ်ခိုင်းတာက ကောင်းတယ်လေ... ပြီးတော့..."
စကားဖာလိုက်ရင်းက လူကိုကြည့်ပြီး ပြောစရာပြင်လာပြန်လို့ ကျွန်တော့်မှာထပ်ပြီး နှုတ်ခမ်းကိုရွဲ့ရမလိုကော့ရမလိုနဲ့ အခြေအနေကြည့်ပြုံးရင်း နားထောင်ရပြန်တယ်။
"ဟိန်းလေးက ကြောင်တွေကိုင်နေတဲ့အချိန်ဆို အရမ်းချစ်စရာကောင်းတာ... သိတယ်မလား၊ ဟိန်းလေး အင်န် ကစ်တီလန်းဒ် (Hein Lay in Kitty Land) လေ..."
"ဖုန်း..."
"ဗရမ်းဗတာတွေရွတ်မနေနဲ့ ပိုင်သု...
တော်ရုံပဲကောင်းတယ်..."
ဪ...။ မြှောက်ပြောလည်း တီးတာပဲဟ...။
ဟိန်းသူရဆိုတဲ့ ဒီခပ်အေးအေးလူငယ်လေးက တကယ်အစစ်ကို ငါကတော့ဆော်မှာပဲ ရပ်ကွက်ကလာတာ။ မယုံမရှိနဲ့ လက်သံသာချက်က စိန်ဗေဒါ့အမျိုးလား အောက်မေ့ရတယ်။
ကြင်နာသနားတတ်ပုံပေါ်တဲ့ ရုပ်ခံလေးရှိလို့သာ တော်တော့တာပဲ။ ပါးစပ်သံကလည်းကောင်း၊ လက်သံကလည်း မလျော့...။ ဟိုကလူက မဆီမဆိုင် သူ့ကြောက်နေရတာကြည့်။ ဒီပုံစံနဲ့ မင်းဘယ်နှယ့်များ Omega လုပ်နေတာတုန်း။ ဒီလို Omega မျိုးကတော့ မှတ်တမ်းလေး အပြေးအလွှားရေးသွင်းထားဖို့ကောင်းတယ်။
[A/N *Omega - wolf pack personality chart တွင် တက်ကြွပြီးလွှမ်းမိုးနိုင်သည့် ဦးဆောင်သူ Alpha ၏ ဆန့်ကျင်ဘက်ဖြစ်သော အေးဆေးပြီးအလွှမ်းမိုးခံတတ်သူ နောက်လိုက် personality type၊
ထပ်ပြောပါမယ်... ဒါက personality type တွေကို mention ထားတာပါခင်ဗျ၊ *ဆိုင်သလိုလိုနေရာတွေလည်းရှိပေမယ့် omegaverse နဲ့ မမှားကြပါနဲ့ ( ◜‿◝ )👌🏻* ]
စိတ်ထဲမှာပဲ ဝေဖန်ရေးလုပ်လိုက်ရင်း တွန့်ချင်ချင်ဖြစ်နေတဲ့မျက်ခုံးတွေကိုထိန်းထားတုန်း ဆိုင်းဆရာလေးက ပြတ်သွားတဲ့စကားစကို ပြန်ဆက်လာတယ်။
"ဒါဆို တစ်ရက်ရက်မှ ငါတို့မုန့်သွားစားကြမယ်လေ... ဟိုနှစ်ကောင်ရဲ့ ဗရုတ်သုတ်ခကြက်အူချောင်းစကားနိုင်လုပွဲတွေ မကြားရတာကြာပြီ"
"အဲ့နှစ်ကောင်ကိုတွေ့ရင် ငါ ဒီနေ့ကိစ္စပြန်ပြောပြလိုက်ပါ့မယ်..."
"ဘာကိုလဲ..."
"မင်းနဲ့တွေ့တယ်လို့ ပြောမှာလေ..."
ဟင်းဟင်း... သိတာပေါ့...။ လျှာရှည်ပြီး အဲ့ဗရုတ်နှစ်ကောင်ကိုသာ သူ့ဇာတ်လမ်းသွားဖောက်သည်ချမိရင် ကျောကောင်းလို့လက်ဝါးတောင်းသလို ဖြစ်လိမ့်မယ်ဆိုတာ...။ တော်ပါပြီ...။ သူ့လက်ဝါးသိုင်းကို တစ်ခါမှမခံစားဖူးသေးတဲ့ ဒီအတိုင်းလေးပဲ ဆက်နေပါရစေ...။ တစ်ချို့အရာတွေက မြည်းကြည့်ချင်လို့မကောင်းဘူး။
"ငါကသတိရနေတယ်လို့ ပြောလိုက်... "
"အေးပါ... အဲ့စကားကို လက်ဝါးကြီးထောင်ပြီးပြောတယ်လို့ ပြောပြလိုက်မယ်..."
"အင်းအင်း... ဒါဆို သွားပြီ၊
ပိုင်သု... သွားမယ်..."
ပြောရင်းဆိုရင်းပဲ အဲ့ဒီရှာမှရှား Omega ကောင်ဟာ ဝယ်ခြမ်းလာတဲ့အိတ်တွေကို လက်နှစ်ဖက်နဲ့ကိုင်ထားရာက ဘယ်လက်ထဲပြောင်းလို့ နှစ်အိတ်ပေါင်းကိုင်လိုက်ရင်း ကျွန်တော့်ကိုလက်ပြနေတဲ့ အစ်ကိုပိုင်သုကို ညာဘက်လက်နဲ့ ကျောပိုးအိတ်ထိပ်ကိုင်းကနေဆွဲပြီး ခေါ်သွားလေရဲ့။
ဟိုတစ်ယောက်ကလည်း အဲ့အတိုင်း ပြုံးပြုံးကြီးပါသွားတာပဲဗျာ။
ကျန်ခဲ့တဲ့ကျွန်တော့်မှာတော့ သက်မရှည်ရှည်ရှိုက်ထုတ်လို့...။
"ဘယ်လို ကပေါက်တိကပေါက်ချာတွေပါလိမ့်ဟ...
လက်တွေ့ဘဝအချစ်ရေးတွေကလည်း ရုပ်ရှင်မဆန်လိုက်တာ..."
ပြောနေတုန်းရှိသေး မျက်နှာတောင်မလွှဲရသေးဘူး။ သူ့ဆိုင်ကယ်ဖြစ်ပုံရတဲ့ click ဘီး ပြာလွင်လွင်လေးနားမှာရပ်၊ ဆိုင်ကယ်သော့ကို လက်ထဲထည့်လှည့်လို့ ဆိုင်ကယ်ထုတ်နေတဲ့ Mentoes bro အစ်ကိုပိုင်သုဟာ ပြုံးဖြဲဖြဲလေးနဲ့ ဟိန်းသူရကို ဘာတွတ်တွတ်တွတ်တွတ် ကပ်ပြောလိုက်တယ်မသိပါဘူး။ ဆိုင်ကယ်ပေါ်မတက်ခင်လေးမှာတစ်ခါ တက်လိုက်တော့တစ်ခါ ထပ်ပြီး နားကလောပုဒ်မနဲ့ အဆော်ခံရပြန်တာ နံပြားရိုက်သလို တစ်ဖတ်ဖတ်အသံတွေတောင် ကြားလိုက်ရသေးတယ်။
အင်း...။ ဒီလိုကြည့်ပြန်တော့လည်း ကျွန်တော့်လူကြီးကမှ အများကြီး ညှာညှာတာတာရှိသေးတာပဲ။
လက်ဆပြင်းတာချင်းတူပေမယ့် ကျွန်တော်က ပတ်လုံးဘဝတော့ မရောက်သေးဘူး။
အဲ့ဒါကြောင့် တစ်ချို့တစ်ချို့တွေထက်စာရင် ကံကောင်းသေးတယ်လို့တွေးပြီး နဖူးမှာအသားမာတက်ရင်တောင် ကျေကျေနပ်နပ် ခံလိုက်တော့မယ်။
တညံညံနဲ့ လမ်းထဲကယာဉ်တန်းတွေကြားတိုးဝင်သွားတဲ့ ဆိုင်ကယ်အမြီးဖျားလေးနဲ့ ဝေဝါးဝါးပုံရိပ်နှစ်ခုကို လှမ်းကြည့်လိုက်ရင်း ခေါင်းကိုခါလို့ ဘူလီခံရတဲ့သူချင်း စာနာနားလည်စွာနဲ့ အစ်ကိုပိုင်သုတစ်ယောက် လိပ်ကိုကျောကုန်းမျိုးပိုင်ဆိုင်ပြီး ဒီ့ထက်ပိုခံနိုင်ရည်စွမ်းအား၊ အချစ်စွမ်းအားတွေတိုးတက်လာပါစေ လို့ ဆုတောင်းပေးလိုက်မိပါရဲ့။
_____________________________________
To be continued...
💖💖💖
ဒီအပိုင်းက ဟို kitty house couple အကြောင်း တစေ့တစောင်းပါ။ နောက်အပိုင်းကျမှ shiba ခန့်တို့အရေးကို ပြန်သွားပါမယ်။
ကြောင်ချစ်သူ Hein Hein ကဘာလို့အိမ်မှာ ကြောင်မွေးမရတာလဲ သိတယ်မလား (မေ့သွားရင် အပိုင်း ၂၅မှာ mention ထားဖူးပါတယ်နော်၊ သူ့အဘိုးက ပန်းနာရင်ကြပ်ရှိလို့ပါ) ။
wolf pack personality test က ဒီမှာအသိနည်းသေးပေမယ့် Star Signs နဲ့ MBTI လိုပဲ trendy ဖြစ်တဲ့တစ်ခုပါ။ Alpha, Delta, Beta, Gamma, Omega, Sigma ဆိုပြီး ၆ မျိုးရှိပါတယ်။ Google website တွေမှာ သွားစစ်လို့ရပါတယ် (Better if you take that just for fun. Dun be obsessed over that)။ HD အတွက်က characters တွေအကုန်ပေါ်၊ အပိုင်းအတော်ရောက်ပြီး လူစုံပြီဆိုမှ ကျွန်တော့် fb acc မှာ character facts တင်ဖြစ်ရင် ဇာတ်ကောင်တိုင်းအတွက် type ခွဲပေးရမလား စဉ်းစားနေတုန်းပါ (only if u are curious about that I mean... I'm not an expert w)။
What's Novella's wolf pack personality?? The test says Sigma and I prefer another Sigma.
Kinda dislike Alphas for some reasons but can deal with the rest ig. No one asked but I'm revealing stuffs again...
hazukasheesh (~ ̄▽ ̄)~ Okae... That's all fn. Cu later darlings~
Novella ✒️