❄️❄️❄️
ဇူလိုင်လဟာ မိုးစက်မိုးပေါက်ကလေးတွေနဲ့အတူ လက်ပြပြီးဝင်လာခဲ့တယ်...
...လို့ ပြောချင်ပေမယ့် ဘယ်လိုတောင် သောက်ရမ်းပူနေသေးတာတုန်း မန္တလေးရယ်...။ စီးတော်ယာဉ်လေးကိုသတိရလို့ ဆွဲထုတ်လာတဲ့နေ့ကျမှ နေကပူလိုက်တဲ့ဖြစ်ခြင်း။ ခုဏက အုံ့နေတဲ့မိုးတွေက ဘယ်ကိုအူယားဖားယား ထွက်ပြေးကုန်တာတုန်း။
နဖူးကချွေးခြေမကျအောင် စက်ဘီးကိုနင်းလာခဲ့ရင်း ဂျူတီပျက် ကွက်နေတဲ့ မိုးနတ်မင်းကို impression -10 ပြပြီး warning ပေးလိုက်တယ်။ ဘယ်နှယ့်ဗျာ... တစ်နွေလုံးပူပြီးတာတောင် ငါးခြောက်ဖုတ်ပြီးရင် ဆတ်သားခြောက်ဆက်ဖုတ်တာပေါ့ ဆိုတဲ့ဒီဇိုင်းနဲ့။ ရာသီဥတုတွေကလည်း ကြာလေအစွန်းရောက်လေပဲ။ လေညင်းလေးတစ်သုတ် လမ်းဘေးတမာပင်တွေကြားက ဖြတ်တိုက်လာလို့သာ လမ်းမဘက်လွင့်ပျံ့လာတဲ့ မျက်စိဖွင့်ကာစ တမာပွင့်လေးတွေရဲ့ရနံ့နဲ့ နည်းနည်းလေးလန်းဆန်းသွားသလို ခံစားလိုက်ရတယ်။
၇၃လမ်းထောင့်ကိုကွေ့ဝင်လာခဲ့ပြီး စက်ဘီးနီလေးကို လမ်းဘေးမှာကပ်ရပ် ပလက်ဖောင်းပေါ်မတင်လို့ ရေတမာပင်တွေရဲ့အရိပ်ကြားမှာ ချွေးသုတ်လိုက်ရင်း နာရီကိုငုံ့ကြည့်လိုက်တော့ ၁၂ နာရီ ၄၈ မိနစ်။
ရပ်နေရင်းမကြာခင်မှာပဲ ခပ်ဝေးဝေးကနေ အနက်ရောင် Scoopy လေးတစ်စီး ကျောင်းဘက်ကို ဦးတည်လာနေတာမြင်ရရဲ့။ လက်ကလေးယမ်းပြရင်း ခေါ်လိုက်တော့ ကျွန်တော်ရပ်နေတဲ့နားကို ထိုးဆိုက်လာရဲ့။ နောက်တော့ မျက်စိရှေ့က မှန်ပါးပါးနှစ်ချပ်ကိုကျော်လို့ လူကိုကြည့်ရင်း သူ့လေသံမဝဲတဝဲလေးနဲ့ ချစ်စဖွယ်ကောင်းအောင် နှုတ်ဆက်တယ်။
"ဘာလာလုပ်တာလဲ..."
"ဟွန့်... ကိုကိုကလည်း... တွေ့တာနဲ့ငေါက်မယ်ဆိုတာချည်းပဲ၊ ပေးစရာရှိလို့လာစောင့်နေတာပေါ့..."
ပြောရင်းနဲ့ ကျောပိုးအိတ်ကိုဖွင့်လို့ တစ်ခုခုနှိုက်ယူလိုက်ပြီး ကိုကိုမျက်နှာရှေ့ကို ထောင်ပြလိုက်တော့ လေထဲကိုထွက်လာတဲ့ တုန်ခါမှုလှိုင်းနဲ့ လေအေးလေးတွေကြောင့် ကိုကိုကမျက်လွှာကို တစ်ချက်မှိတ်ချလိုက်ပြီးမှ ပြန်ဖွင့်ကြည့်တယ်။ ရှေ့ဆံပင်လေးတွေက တစ်ချောင်းချင်းလွင့်သွားကြလို့ ကိုကို့နဖူးပြင်လေးမြင်ရအောင် ကန့်လန့်ကာဖွင့်ပေးလိုက်တဲ့အတိုင်း...။
"ရာသီဥတုကပူတယ်လေ... ကိုကိုက ချွေးထွက်လွယ်တယ်မလား...
ဒါလေးဆောင်ထားတော့ အဆင်ပြေတာပေါ့... ဘယ်လိုလဲ... ကျွန်တော် တော်တယ်မလား..."
"ဘာလိုချင်လို့လဲ..."
နေပါအုံး နေပါအုံး... ။ အခု ကျွန်တော်က တစ်ခုခုလိုချင်မှ လာဂရုစိုက်တဲ့သူလို့ ထင်နေတာလား...။ ကိုကိုရာ... ခင်ဗျားနော် ခင်ဗျား...။
"ပန်ကာလေကြောင့်ပေါ်နေတဲ့ ကိုကိုနဖူးကို နမ်းလိုက်လို့ရလား... လို့မေးရင်ရော ကိုကိုကနမ်းခွင့်ပေးမှာမို့လို့လား..."
"မပေးဘူး၊ ဘာကိစ္စနဲ့ပေးရမှာလဲ..."
"အဲ့ဒါပြောတာ... ပေးဖို့အစီအစဉ်မရှိရင် ဘာလိုချင်လို့လဲဆိုပြီး မမေးနဲ့လေလို့..."
ကိုကိုက စူနေတဲ့ကျွန်တော့်နှုတ်သီးကို မျက်မှောင်ကျုံ့ကြည့်လိုက်တယ်။
"ငါမအားဘူး..."
"သိသားပဲ နှင်ထုတ်မှာကို...
ရော့... ကျွန်တော်သွားပြီ"
နှာခေါင်းရှုံ့ပြပြီး ပန်ကာကိုသူ့လက်ထဲ ထိုးထည့်ပေးခဲ့လို့ စက်ဘီးပေါ်ခွတက်၊ ခပ်စူစူနဲ့ ပြန်ထွက်လာခဲ့လိုက်တယ်။ လမ်းထောင့်မရောက်ခင်လေး လှည့်ကြည့်လိုက်တော့ ကျွန်တော်ပေးခဲ့တဲ့ပန်ကာလေးရဲ့နောက်ကျောက sticker note လေးကိုကြည့်ရင်း မျက်မှောင်ကျုံ့လျက်ကြီးကျန်ခဲ့တဲ့ တစ်ယောက်ယောက်ကိုတွေ့ရပါရဲ့။
ဪ...။ sticker အုပ်တွေတောင် တစ်အုပ်ခွဲလောက်ပဲ ကျန်တော့တယ်။ အခုထိလည်း ကိုကိုတစ်ယောက်က သူ့ကိုစတစ်ကာလိုကပ်နေတဲ့ ဒီကောင်လေးကို စတစ်ကာလိုခွာချနေတုန်းပဲ။
ကိုကို... ခင်ဗျားစကားနဲ့ ခင်ဗျားကို ပြန်ပြောရင် အဲ့ဒါကောင်းတဲ့အကျင့်မဟုတ်ဘူးနော်။ ခင်ဗျားခေါင်းမာနေပုံနဲ့ပဲ စက္ကူဖြုန်းတီးရေး ဖြစ်ကုန်ပြီဗျ။ ကျွန်တော့်ကို စောစောစီးစီး လက်ခံပေးလိုက်ရင် ဒီစက္ကူတွေ အလဟဿကုန်မှာ မဟုတ်တော့ဘူးဟာကို...။
ဒါပေမယ့်... ကွယ်ရာမှာ ပွစိပွစိလုပ်ချင်လို့သာလုပ်ရတာ
စက္ကူတွေကတော့ ကုန်မြဲကုန်ဆဲ။ ကုန်တာက ကုန်တာပါပဲ။
ကျွန်တော့် sticker note စာရွက်လေးတွေနဲ့အတူ
ပြက္ခဒိန်ရွက်တွေလည်း တစ်ရွက်ပြီးတစ်ရွက်ကုန်သွားခဲ့တယ်။
ဇွန်၊ ဇူလိုင်၊ ဩဂုတ် ဆိုတာ မိုးရာသီရဲ့မိုးအကောင်းဆုံးလတွေပေါ့။
ဒါပေမယ့် အဲ့သုံးလကလည်း ဘယ်လိုရောက်လာပြီး ဘယ်လိုကုန်သွားမှန်း မသိလိုက်ပါဘူး။ မန္တလေးမိုးရာသီဆိုတဲ့အမျိုးက အမြီးတောင်မနည်းမီအောင် ဖမ်းရတာမျိုးဆိုတော့ များသောအားဖြင့် မိုးက ဟုတ်တိပတ်တိမရွာဘူးလေ။ ရွာတယ်ဆိုရင်လည်း စိတ်မပါတပါနဲ့ သုံးလေးငါးခါလောက် ဟိုပြေးဒီပြေးလုပ်ပြီး 'ငါရွာပြီးပြီနော် အိုကေ... ရပြီမလား၊ သွားတော့မယ် ဘိုင့်...' ဆိုတဲ့ စတိုင်လ်မျိုး။ ဥပမာ... အမေက ခြံထဲက သူ့ရွက်လှပင်တွေကို ရေသွားလောင်းခိုင်းတာနဲ့ ရေလာင်းပြီးပြီပြောပြီး အပြင်ထွက်လို့ရအောင် ပုံတစ်ပုံးမပြီး ဟိုဗျန်းဒီဗျန်း ရမ်းသမ်းဗျန်းလိုက်ရုံလောက်ပေါ့လေ။
ကျွန်တော်လား...။ ကျွန်တော်ကတော့ နေ့တာရှည်တဲ့ဒီလတွေထဲ မရွာဘဲပတ်ပြေးနေတဲ့တိမ်တွေလိုပဲ ပတ်ပြေးနေတာပေါ့။ ကိုကိုသွားလေရာနောက်ကို...။
အဲ့သလိုပတ်ပြေးနေတဲ့ရက်တွေထဲက ဩဂုတ်လလယ် တစ်ရက်မှာတော့ တစ်လျှောက်လုံး ကျွန်တော့်လိုပေါ်တင်မပြေးဘဲ ခိုးကြောင်ခိုးဝှက်ပြေးနေတဲ့ တစ်ယောက်ယောက်နဲ့ ချဲခဲ့ရသေးတယ်။
အဲ့ဒီနေ့က နေအတော်ပူတာကို မှတ်မိတယ်။ ခါတိုင်းလို ညနေခင်းပိုင်းအလုပ်ဆင်းချိန်ပဲ။ ကိုကိုက သူ့အလုပ်ချိန်ပြီးလို့ store အပြင်ထွက်လာပြီး ထုံးစံအတိုင်းတကောက်ကောက်လိုက်ဖို့ ရပ်စောင့်နေတဲ့ ခွေးပေါက်စကျွန်တော့်ကို ခွာထုတ်နေတုန်း တစ်မနက်ခင်းလုံးအရိပ်မမြင်ရတဲ့ အာကာဝေယံက ရုတ်တရက်ကြီး ရောက်ချလာတာ။
"ဘာလဲ... ခင်ဗျားက..."
အနားရောက်လာလာချင်း ဘုတောလိုက်တော့ ဟန်ပါပါတပ်လာတဲ့ နေကာမျက်မှန်ကိုဖြုတ်လိုက်ပြီး ကျွန်တော့်ကို 'စွာလှချည်လား...' ဆိုတဲ့အကြည့်နဲ့ မျက်ခုံးတစ်ဖက်ပင့်ကြည့်တယ်။ ပြီးတော့ အကြည့်တွေကို ကိုကို့ဆီလွှဲယူသွားပြီး ပြုံးရင်းနဲ့ပြောတယ်။
"ကြုံလို့ ဝင်နှုတ်ဆက်တာ..."
အဟားဟား...။ ယုံချင်စရာကြီး။
ကိုကိုရောက်တဲ့နေရာတွေနား ကားကိုမမြင်ကွယ်ရာလောက်မှာ ကျောက်ချရပ်ထားပြီး မှန်ပြောင်းတစ်လက်နဲ့ ထိုင်ကြည့်နေတာကိုများ။ စတော်လ်ကာပါးစပ်ကထွက်တဲ့ 'လမ်းကြုံလို့...' ဆိုတဲ့စကားကို
ဘယ်အရူးကယုံမှာတုန်း။
"ဘယ်လိုလဲ ခွန်း... ခုရက်ပိုင်းအဆင်ပြေရဲ့လား..."
ဘာလဲ...။ အက်ဆေးရေးနေတာလား။
ဟောင်းအာယူ... အိုင်ဟုပ်ယူအာဝဲလ်... ဘလာဘလာလား။
"မင်းနဲ့ငါက အာလာပသလ္လာပတွေပြောနေရမယ့် ဆက်ဆံရေးမဟုတ်ဘူးထင်တယ်..."
ကိုကိုက ခပ်မာမာလေးအဲ့လိုပြန်ပြောလိုက်တော့ ဟိုလူဟာ နှုတ်ခမ်းတစ်ဖက်တွန့်ပြီး ရယ်လိုက်ရင်း...။
"အဟွန်း... ဒါပေါ့... မင်းနဲ့ငါ့ကြား နှုတ်ဆက်စကားတွေမလိုဘူး
တစ်ချက်လောက်နမ်းလိုက်ရရင် အားလုံးပြည့်စုံတယ်"
သယ်ဖာ့ခ်...။ ပြောင်ချက်ကတော့ ဇလုံဖင်ပါပဲ။ အဲ့ဒီအစား တစ်ချက်လောက်အထိုးမခံချင်ဘူးလား။ အဲ့ဒီရှုတည်တည်နဲ့ အပြောင်တိုက်နေတဲ့မျက်ခွက်ကို ဇလုံဖင်လို ချိုင့်ဝင်သွားအောင် ထိုးပစ်ချင်နေတာ သုံးလလောက်ရှိပြီ။
"ဒီမှာ..."
လက်တယားယားဖြစ်နေတဲ့ ကျွန်တော်က တစ်ခုခုဝင်ပြောဖို့လုပ်လိုက်တော့ ကိုကိုကကျွန်တော့်လက်ကို လှမ်းဆွဲတယ်။
"ခန့်ငယ်... သူ့ကိုဂရုမစိုက်နဲ့..."
ရခဲလှတဲ့ ရှာမှရှားအသုံးအနှုန်းလေးကို ကြားလိုက်ရတာ နှလုံးသွေးကြောထဲ စိမ့်စမ်းပေါက်လာသလို ရင်ထဲမှာအေးသွားလို့ ရာသီဥတုကြောင့်ပူနေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိ။
"ဟုတ်..."
လိမ္မာပေးရမှာပေါ့လေ။ အခုလောလောဆယ်မှာ ကြီးမြတ်လှတဲ့ လက်ရှိချစ်သူရာထူးကို အနှင်းခံထားရတာပဲဟာ။ ဟန်ဆောင်တာ ဆိုပေမယ့်ပေါ့။
သခင့်စကားနားထောင်တဲ့ ခွေးလိမ္မာလေးလို မာန်ဖီဖို့်လုပ်ရာက ချက်ချင်းငြိမ်ကျသွားတဲ့ကျွန်တော့်ကို စောင်းကြည့်ပြီး အာကာဝေယံက မျက်ဆံအထက်ပင့်လိုက်တယ်။ ကိုကိုက ကျွန်တော့်လက်ကို ကိုင်ထားရင်းပဲ လေသံငြိမ်ငြိမ်နဲ့ ဆက်ပြောတယ်။
"အာကာဝေယံ... ငါအချိန်တွေအားနေတာမဟုတ်ဘူး
အလုပ်ရှိသေးတယ်... အရေးကြီးကိစ္စမဟုတ်ရင် လာမနှောင့်ယှက်ပါနဲ့..."
"ဒါဆို... မင်းရဲ့အချိန်တွေကို ငါဝယ်လိုက်မယ်လေ..."
အဲ့စကားမှာ ကိုကိုက မျက်မှောင်အသာကျုံ့လျက်နဲ့
မော့ကြည့်လိုက်တော့ တစ်ဖက်လူက ပြုံးတုံ့တုံ့နဲ့ ပခုံးတစ်ချက်တွန့်ပြီး...။
"မထူးလည်း ပိုက်ဆံရှာဖို့ အလုပ်လုပ်နေတာမလား... ငါ့ကိုခဏအချိန်ပေး... အဲ့အချိန်နဲ့တန်အောင် ငါပြန်ပေးမယ်
မင်းရဲ့အချိန်ပိုင်းအလုပ်ထက်တော့ ပိုရမှာပါ... ပြီးတော့ စကားပြောရုံပဲ... မပင်ပန်းဘူး..."
တစ်ယောက်ယောက်... ဒီလူကို တစ်ခုခုလုပ်ပေးကြပါလား။
ဒေါ်လာတစ်အုပ်နဲ့ပါးဖြတ်ရိုက်နေတဲ့ အမေရိကန်ရုပ်ရှင်ထဲက သူဌေးတွေလိုစတိုင်လ်မျိုး လာချိုးနေပြန်ပြီ။ ကိုကိုက ဘယ်သူ့ကြောင့် အလုပ်တွေ ကုန်းရုန်းလုပ်နေရတာမို့လို့လဲ။
"မင်းနဲ့ ဆက်ပြောစရာအကြောင်းမရှိတော့ဘူး...
ခန့်ငယ်... သွားမယ်..."
ကိုကိုက အဲ့လိုပြောပြီး ကျွန်တော့်ကို ဆွဲခေါ်သွားဖို့လုပ်လိုက်တော့ ...။
"ချာတိတ်... ခွန်းကို ငါ့ဆီခဏငှားပေးကွာ...
မုန့်ဖိုးပေးမယ်..."
ဖြစ်ရချည်သေးဗျာ။ အဲ့မုန့်ဖိုးကို သူတောင်းစားသာသွားပေးလိုက်။ ဖာ့ခ်ယူ...။
အဲ့လိုပြန်ပြောလိုက်ချင်ပေမယ့်... ကျွန်တော်က အခုလက်ရှိမှာ လိမ္မာတဲ့ကလေးလေးလေ။ ကိုကိုက ကျွန်တော့်ကို 'မကိုက်နဲ့' လို့...
အဲလေ... 'ဂရုမစိုက်နဲ့' လို့ သတိပေးထားတယ်။
"ဒီမှာ... ကိုကို့အချိန်တွေက ကိုကိုပဲပိုင်တယ်... ခင်ဗျားဝယ်လို့မရဘူး၊ နောက်ပြီး ကိုကို့ကိုကျွန်တော်ပိုင်တယ်... မငှါးနိုင်ဘူး..."
အဲ့လိုစကားနဲ့အတူ လက်ကပါ ကိုကို့ပခုံးကိုဆွဲဖက်ပြီး ကိုယ်နဲ့ကပ်ထားပြီးသား ဖြစ်သွားတာပဲ။ နွေခေါင်ခေါင် မိုးကြိုးပစ်စေ့...။ ကိုယ့်ကိုယ်ကိုတောင်မသိဘဲ လုပ်လိုက်မိတာ။
”ကိုကို့ကို ကျွန်တော်ပိုင်တယ်" လို့ ပြောလိုက်တာက နည်းနည်းရင့်သွားသလားတော့မသိဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့အခုလက်ရှိ role နဲ့ဆို ဒီအတိုင်းပြောခွင့်ရှိတယ်လို့ ထင်တယ်။ ကျွန်တော်ကလည်း ကျွန်တော့်ကိုယ်ကျွန်တော် ကိုကို့အတွက် အပိုင်ပေးထားပြီးသားလေ။
ပြောပြီး ဖက်ထားတဲ့လက်အရှိန်ကိုပါတိုးလို့ ဟိုလူ့ကိုရုပ်တည်နဲ့ စိုက်ကြည့်နေလိုက်ပေမယ့်... အား... ဘာကြောင့်မှန်းမသိ နဖူးတွေတော့ ကျိန်းလာသလိုပဲ။
အဲ့အချိန် အာကာဝေယံက မျက်ခုံးနှစ်ဖက်လုံးတွန့်ချိုးပြီး ကိုကို့ပခုံးပေါ်တင်ထားတဲ့ ကျွန်တော့်လက်ကိုကြည့်နေတယ်။
"ပြီးတော့ မုန့်ဖိုးပေးစရာမလိုဘူးဗျ...
ကျွန်တော်မွဲမနေဘူး..."
အဲ့လိုထပ်ပြောလိုက်တော့မှ လူကိုကြည့်ပြီး ရယ်လေရဲ့။
"ဟားဟား... ချာတိတ်... မင်းကစိတ်ဝင်စားစရာပဲ..."
ဘာကိုစိတ်ဝင်စားစရာတုန်း။ ကျောချမ်းဖို့ကောင်းတယ်။
ဘယ်လိုလူလဲ ခင်ဗျား...။
စိတ်ထဲက အတော်အန်ချင်သွားပေမယ့် ရုပ်အနေအထားကို တည်ငြိမ်အောင်ထိန်း၊ မျက်လုံးအကြည့်ကို စူးရှရှဖြစ်အောင်ထားပြီး အသက်ငယ်ပေမယ့်စမတ်ကျတဲ့ လက်ရှိချစ်သူကာရိုက်တာကို ဆက်သရုပ်ဆောင်လိုက်တယ်။ သရုပ်ဆောင်တယ်သာပြောရတယ်။ ခံစားချက်တွေက စစ်မှန်နေတော့ အရမ်းလက်တွေ့ဆန်နေမလားတောင် မပြောတတ်ပါဘူး။
"ကျွန်တော်တော့ ခင်ဗျားလုပ်နေတာတွေက တစ်စက်မှ စိတ်ဝင်စားစရာမကောင်းဘူးလို့ထင်တယ်၊ ပြီးတော့... ခင်ဗျားရဲ့ အပြောအဆို အပြုအမူတွေကို နည်းနည်းဆင်ခြင်ပေးပါလား... ကိုကိုကအခု ခင်ဗျားနဲ့မဆိုင်တော့ဘူး... ခင်ဗျား ကိုကို့ကို လာလာနှောင့်ယှက်နေတာ ကျွန်တော်မကြိုက်ဘူး..."
ကျွန်တော့်ပြောလိုက်တဲ့စကားတွေကို နားတစ်ဖက်ဝင်ပြီး တစ်ဖက်ကထုတ်လိုက်သလိုပုံစံနဲ့ ရှေ့ကလူဟာ ခပ်ဟဟရယ်လိုက်ရင်း...။
"အဟွန်း...
ကဲပါ... ခွန်း... ဒီတစ်ခါတော့ မင်းကိုလွှတ်ပေးလိုက်မယ်"
ကျွန်တော့်ဆဲချင်စိတ်တွေ လျှံကျလာတုန်းမှာပဲ အာကာဝေယံက ကျွန်တော်တို့ကို ကွေ့လျှောက်သွားသလိုနဲ့ ကိုကို့ပခုံးပေါ်ကို အသာလေးလက်ဖဝါးအုပ်တင်ပြီး နားနားကိုတစ်ခုခု တိုးတိုးကပ်ပြောသွားတယ်။
"..."
ပြီးတော့ သူ့ရဲ့ BMW အနက်နဲ့ ခါတိုင်းလိုပဲ လှစ်ခနဲထွက်သွားလိုက်ရော...။
ကျွန်တော်တော့ သူထွက်သွားပုံကိုကြည့်ပြီး ”ချီးထုပ်ကြီး” လို့ စိတ်ထဲကနေ အခါတစ်သောင်းဆဲလိုက်ရင်း ကိုကို့ကိုဖက်ထားတဲ့လက်ကို ပြန်ဖယ်ပေးလိုက်ရတယ်။
"အဲ... ကိုကို... ဒါက လက်ရှိချစ်သူမုဒ်ဝင်သွားလို့... ဟီး...
ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်တာ ဒီလောက်တော့ပီပြင်ရမှာပေါ့၊ ဟုတ်တယ်မလား..."
"..."
"ကိုကို..."
"ဟင်..."
ပုံမှန်ဆို ကျွန်တော့်ကိုအရင်တွန်းဖယ်ပြီး နဖူးစပ်သွားအောင် တစ်ချက်လောက်နာနာဆော်မယ့်သူက တအားငြိမ်နေတဲ့အပြင် ပြောတာကိုမကြားလောက်အောင် အတွေးများသွားတဲ့ပုံပဲမို့ သေချာအကဲခတ်ကြည့်လိုက်မိတော့ ချွေးစို့စို့ထွက်နေတဲ့ မျက်နှာလေးက ခုဏကလောက် သွေးရောင်လွှမ်းမနေဘူး။
"ကိုကို... မျက်နှာသိပ်မကောင်းသလိုပဲ...
နေမကောင်းရင်ပြောနော်... ဟိုတစ်ခါလို အောင့်မထားနဲ့အုံး..."
ကိုကိုက သူ့ကိုစေ့စေ့ကြည့်ပြီးမေးလာတဲ့ ကျွန်တော့်ကို ပြန်ကြည့်ရင်း မျက်တောင်တစ်ချက်နှစ်ချက်ခပ်လို့။
"ဘာမှမဖြစ်ဘူး..."
အင်း...။ ကိုကို 'ဘာမှမဖြစ်ဘူး' ပြောရင် ဘာမှမဖြစ်တာမဟုတ်မှန်း
အသေအချာပဲ။ အဲ့လိုဆိုလို့ ဘာဖြစ်တာလဲသိရအောင်မေးလည်း ဖြေမှာမဟုတ်ပြန်ဘူး။
"ဟိုတစ်ယောက် ခုဏက ဘာပြောသွားတာလဲ..."
"ဘာမှမဟုတ်ဘူး..."
"..."
အဲ့လိုမျိုး သိခွင့်မပေးတာတွေကိုလည်း အတော်ရင်းနှီးနေပါပြီလေ။ ဘာလို့ သိခွင့်မရှိလဲဆိုတာကြီးကိုတော့ သိပ်သဘောမကျလှဘူး။
ကိုကိုဘာလို့ ဒီလူနဲ့ပက်သက်ရင် အကောင်းကြီးကနေ ရုတ်တရက်ငေါင်သွားတဲ့ပုံစံမျိုး ဖြစ်သွားတတ်တာလဲ...။
ဖြစ်နိုင်တာက... လေထန်လည်းမမှု၊ မိုးသည်းလည်းမလဲတဲ့ ကျောင်တိုင်ကျောက်ခဲလိုလူ ကိုကို့ကို အချိန်မရွေး အတွင်းစိတ်တစ်နေရာမှာ တုန်လှုပ်သွားအောင် လုပ်နိုင်တဲ့စွမ်းရည်တစ်ခု သူ့မှာရှိနေတာပဲ။ ဒီတစ်ချက်တော့ ကျွန်တော် အဲ့ဒီလူကို အားကျမိသား...။
"ကိုကို... အိမ်ပြန်ရောက်ရင် ကျွန်တော့်ကို ကြက်ဥဆင်းန်ဒွစ်ခ်ျ လုပ်ပေးပါလား..."
အဲ့အခါမှ စက္ကန့်အတော်ကြာငြိမ်သက်နေခဲ့တဲ့ ကိုကိုဟာ ကျွန်တော့်ကိုကြည့်လာရင်း မျက်ခုံးတန်းတွေကို ကျုံ့လိုက်လို့...။
"ငါက ဘာကိစ္စနဲ့လဲ..."
"ဗိုက်ဆာနေတဲ့ ခွေးပေါက်စလေးတစ်ကောင်ကို ဂရုဏာသက်စွာ ကယ်တင်တဲ့အနေနဲ့..."
"ဆောရီး... ငါ ခွေးပေါက်စတွေ မမွေးဘူး..."
"မမွေးလည်း လာကပ်နေလို့ရတာပဲ..."
"မရဘူး..."
"ရတယ်..."
တစ်စုံတစ်ယောက်ဟာ သူ့ဆိုင်ကယ်ထားရာဆီလျှောက်သွားရင်း အနောက်ကပါလာတဲ့ သတ္တဝါလေးတစ်ကောင်ကို လှည့်ကြည့်ရင်း စိတ်မရှည်ပုံပေါ်တဲ့ လေသံမဝဲတဝဲလေးနဲ့ ပြောတယ်။
"ငါ့နောက်ကိုမလိုက်ခဲ့နဲ့တော့... မင်းမှာအိမ်မရှိဘူးလား..."
"မရှိဘူးဆို ကိုကိုက ကိုကို့အိမ်မှာပေးနေမှာလား..."
"ငါခွေးပေါက်စတွေမမွေးဘူးလို့ ပြောပြီးပြီ"
"မမွေးလည်း ကပ်နေမှာလို့ ကျွန်တော်လည်းပြောပြီးပြီ..."
"လင်းခန့်..."
"ဗျာ..."
မျက်ခုံးလေးပင့်လို့ထူးလိုက်ရင်း ပြုံးလျက်မျက်တောင်ခတ်ပြလိုက်တော့ ကျွန်တော့်ရှေ့ကလူသားဟာ လူကိုစူးစူးရှရှကြည့်နေရာကနေ မျက်လွှာချရင်းအကြည့်လွှဲသွားလို့ သူ့ရဲ့ကိုင်းအကြည်ရောင်မျက်မှန်ကို လက်နှစ်ချောင်းနဲ့ ထိုးပင့်တင်ပြီး သက်ပြင်းတွေတသီကြီး မှုတ်ထုတ်နေတော့တယ်။
ဘာဖြစ်လဲ...။ ဘာမှမဖြစ်ပါဘူး...။
ပြိုင်ဘက်ကို တစ်ခါလောက်အားကျမိတာနဲ့ပဲ အင်အားတွေ zero level ထိ ထိုးကျသွားမယ့်ထဲ လင်းခန့်မပါဘူးလေ။
အဲ့နေ့က သိမ်းထားလိုက်ရတဲ့ မရေရာမှုက စိတ်ထဲခိုးလိုးခုလုဖြစ်နေပေမယ့်၊ အဲ့လိုမရေမရာဖြစ်နေရတာမျိုးကို သဘောမကျပေမယ့် အဲ့လိုမရေရာမှုလေးတွေ ပေးနေတဲ့သူက ကိုကိုမို့လို့... အဆင်ပြေပါတယ်။
တစ်သက်လုံး ကွန်ဖီးဒန့်အပြည့်နဲ့ အပူအပင်မရှိနေလာတဲ့
ကျွန်တော့်ကို အဲ့လိုခံစားချက်အသစ်တွေ သင်ပေးနေတဲ့ ကိုကိုမို့လို့...။ အဲ့ဒီကိုကို့ကို ကျွန်တော်ကလည်း ချစ်တာမို့လို့...။ အင်း... အဆင်ပြေတယ်။
* * *
တစ်ခုသော တနင်္ဂနွေပေါ့...။
ညနေပိုင်းသင်တန်းကအပြန် ကိုကို့ဆီတန်းပြေးဖို့ကြံနေတုန်း မွေးသမိခင်ကဖုန်းလှမ်းဆက်ပြီး ဝယ်စရာမှာတာနဲ့ mart ထဲ ရောက်လာခဲ့တာ။
ရှာစရာရှိတဲ့ပစ္စည်းတွေရှာအပြီး Mentoes လေးဝါးမလို့ တစ်ဘူးလောက်လှမ်းကောက်လိုက်တော့ လူတစ်ယောက်နဲ့ ပခုံးချင်းသွားတိုက်မိတယ်။
"ဆောရီးဗျ..."
"အာ... ရတယ် ရတယ်..."
စင်ပေါ်မှာနှစ်ဘူးပဲကျန်တော့တဲ့ Mentoes ဘူးတွေကို တစ်ယောက်တစ်ဘူး ယူလိုက်ကြတော့ အဲ့လူကရယ်ပြီး ပြောတယ်။
"ဒါအကုန်ပဲထင်တယ်၊ ငါတို့ကံကောင်းတာပေါ့..."
ကြည့်ရတာ ကျွန်တော့်ထက်အသက်ကြီးပုံပဲ။ အသားက နည်းနည်းညိုပေမယ့် ရုပ်ရည်ကတော့ခပ်သန့်သန့်။ အရပ်လည်း ကျွန်တော့်ထက် မဆိုသလောက်ရှည်တယ်။ ခပ်ဖွာဖွာကောက်သားရှိတဲ့ ဆံပင်ညိုညိုကို သိပ်ကြောင်ကျားကျားမဖြစ်ဘဲ စတိုင်လ်ကျတယ်ဆိုရုံလောက် highlight မရမ်းရောင်လေးတစ်ချောင်း ဖောက်ထားတယ်။ ကျောပိုးအိတ်နဲ့ ဝတ်ပုံစားပုံအရ တက္ကသိုလ်ကျောင်းသားဖြစ်လိမ့်မယ်။
ကျွန်တော်လည်း ဖော်ဖော်ရွေရွေစရိုက်ရှိတဲ့ အဲ့ဒီသူစိမ်းအစ်ကိုကို ပြန်ရယ်ပြလိုက်ရင်း သူ့နောက်ကျောကလျှောကျနေတဲ့ ကျောပိုးအိတ်ကို အကြည့်ရောက်သွားမိတော့ အိတ်ကဇစ်ပွင့်နေလေရဲ့။
"အစ်ကို... အစ်ကို့ကျောပိုးအိတ်က ဇစ်မပိတ်ရသေးဘူး..."
"ဟမ်... ဟုတ်လား...
အာ..."
ကျွန်တော်သတိပေးလိုက်မှ တစ်ဖက်စောင်းလွယ်ထားတဲ့ ကျောပိုးအိတ်ကို ရှေ့စောင်းချပြီးဇစ်ပိတ်ဖို့လုပ်လိုက်တော့ ပွင့်နေတဲ့အိတ်ထဲကနေ အထုတ်တွေကဝေါခနဲ ထွက်ကျလာရော...။
ကျွန်တော်လည်း လက်အားနေတာဆိုတော့ ခြင်းတောင်းချပြီး ကျသွားတာတွေ ကူကောက်ပေးလိုက်တာပေါ့။ Mart ရောက်နေတော့ တစ်ခြားကဝယ်လာတဲ့ပစ္စည်းကို မရောအောင် ကျောပိုးအိတ်ထဲ ထိုးသိပ်ထည့်ထားပုံပဲ။ ကောက်ပေးရင်းနဲ့ ဘာတွေပါလိမ့်လို့ တစ်ချက်ကြည့်လိုက်တော့ အားပါးပါး ကြောင်စာဘူးတွေ၊ အထုပ်တွေချည်း နည်းတာတွေမဟုတ်။
"ကျေးဇူးပဲကွာ..."
ကျွန်တော်ကမ်းပေးနေတဲ့အထုတ်တွေကို လှမ်းယူပြီး သူကကျေးဇူးတင်စကားပြောတယ်။ သူ့ကြောင်စာတွေ တလှည်းတစ်ထမ်းကြီးကိုမြင်တော့ ကျောပိုးအိတ်ထဲကြောင်စာအမြဲပါတဲ့ ဟိုတစ်ယောက်ကို ပြေးမြင်တာပဲ။ အောင်စာရင်းထွက်ပြီးနောက်ပိုင်း တစ်ခါနှစ်ခါဆုံပြီးကတည်းက မတွေ့ဖြစ်တာတောင် အတော်ကြာပြီ။ အောင်စာရင်းထွက်တော့ သူကနှစ်ဘာသာပါတယ်။ ဟိုနှစ်ကောင်ကတော့ သူတို့အိမ်ရဲ့ အထိန်းအကျောင်းကောင်းမှုနဲ့ အမှတ်တွေသိပ်ဆိုးဆိုးဝါးဝါးဖြစ်မသွားဘဲ ရိုးရိုးအောင်ကြတယ်။
ဒီကြောင်ချစ်သူကိုယ်တော်လေးက ဟိုညီနောင်လို ခြေထောက်ဗွေပေါက်ပြီး လျှောက်သွားနေတတ်တာလည်းမဟုတ်။
ကျွန်တော်တို့ squad ထဲက တစ်ဦးတည်းသော လူလိမ္မာလေးဆိုတော့ သူ့အိမ်ကိုကူရင်းဖြစ်ဖြစ်၊ ဟိုသင်တန်းဒီသင်တန်းတက်ရင်းဖြစ်ဖြစ် အချိန်ကုန်နေလောက်မှာပဲ။
ဟိန်းသူရကို အတွေးနဲ့လှမ်းသတိရလိုက်ပြီး နောက်ဆုံးကျန်တဲ့ ကြောင်စာတစ်ထုပ်ကို ဘေးကတစ်ယောက်ဆီ ကမ်းပေးလိုက်ရင်း...။
"အစ်ကိုက ကြောင်မွေးတာလား..."
"အင်း... ဆိုပါတော့...
၁၂ ကောင်လောက်..."
"၁၂ ကောင်..."
ကျွန်တော့်တအံ့တဩပြန်မေးလိုက်တဲ့အသံက နည်းနည်းကျယ်သွားတော့ ဘေးနားက ဈေးဝယ်နေတဲ့သူတွေတောင် ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြတယ်။ ကျွန်တော်မှမဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် သူပြောတဲ့ အဲ့ပမာဏကိုကြားပြီးရင် အသံကျယ်ကျယ်နဲ့ ပြန်မေးမိမှာပဲ။
ကြောင်တစ်ကောင်မွေးဖို့တောင် မလွယ်လှတာ...။ သူက ၁၂ ကောင်ကြီးများတောင်ဆိုတော့ ကရိကထဘယ်လောက်များလိုက်မလဲ။ ဒီလူ တယ်အပင်ပန်းခံ၊ အလုပ်ရှုပ်ခံနိုင်တဲ့သူပဲ။
ဘေးအိမ်ကနေ အလည်လာလာပြီး ဒုက္ခပေးတတ်တဲ့ ကြောင်တစ်ကောင်ကိုတောင် သည်းမခံနိုင်တဲ့ကျွန်တော်မို့ တစ်ယောက်တည်း ကြောင် ၁၂ ကောင်မွေးတယ်ဆိုတဲ့ အဲ့ဒီအစ်ကိုကို စိတ်ထဲက လက်ခုပ်လက်ဝါးတီးပေးနေလိုက်တုန်းမှာ...။
"ပိုင်သု... ပြန်မယ်လေဗျာ... မပြီးသေးဘူးလား...
ဘာလုပ်နေတာလဲ..."
နာမည်လှမ်းခေါ်လို့ ခပ်ဟောက်ဟောက်လေသံနဲ့ ရင်းနှီးသလို အသံလှိုင်းတစ်ခုက အနောက်ဘက်ကနေ ကျွန်တော်တို့ကျောတွေကို ရိုက်ခတ်လာလို့။ ကိုယ့်အခေါ်ခံရတာမဟုတ်ဘဲနဲ့ ကျွန်တော်ပါ ဘေးကလူနဲ့ရောယောင်ပြီး တုန်သွားမိတယ်။ အသံက ဟိန်းနေရောပဲ။
နောက်လှည့်ကြည့်လိုက်မိတော့ ရှပ်အင်္ကျီအစင်း၊ ဂျင်းဘောင်းဘီနဲ့ ခြင်းအနီရောင်ကိုကိုင်ပြီး ခပ်လှမ်းလှမ်းကလျှောက်လာတဲ့ ကောင်လေးတစ်ယောက်။
"သိနေတယ်... ကြာနေရင် အဆော်ခံရအုံးတော့မယ်ဆိုတာ..."
ဘေးကအစ်ကိုက အဲ့လိုရေရွတ်ပြီး နဖူးအလယ်ကို Mentoes ဘူးနဲ့ပွတ်ရင်း မျက်နှာကိုရှုံ့မဲ့မဲ့လုပ်လိုက်တယ်။
အနားရောက်လာတဲ့ ကောင်လေးက စိတ်မရှည်တဲ့ပုံစံနဲ့ မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးထားရင်း ကျွန်တော့်ဘေးကလူကို ကြည့်နေရာက ဘေးမှာကြောင်ရပ်နေတဲ့ကျွန်တော့်ဆီ အာရုံရောက်လာတော့ မျက်ခုံးတွေအကြောပြေသွားကြပြီး အံ့ဩသွားသယောင်မျက်နှာနဲ့ ကျွန်တော့်နာမည်ကိုခေါ်ပါရဲ့။
"လင်းခန့်..."
ကျွန်တော်လည်း ရုပ်သေဖြစ်နေရာကမြင်နေရတဲ့ အဲ့မျက်နှာကို နာမည်တပ်လိုက်မိတယ်။
"ဟိန်းသူရ..."
အသက်ရှည်အုံးမယ်။ ခုဏကပဲ သူ့အကြောင်းတွေးနေတာကို အခုပဲ နောက်ကရောက်လာတယ်ဆိုတော့...။
"မတွေ့တာတောင်ကြာပြီ၊ ဘာလာဝယ်လာလဲ..."
ဟိန်းသူရက ခုဏကဖြစ်နေတဲ့ မျက်နှာထားပျောက်သွားပြီး သူ့ထုံးစံအတိုင်း တအားမရယ်မပြုံးဘဲ ပေါ့ပေါ့ပါးပါးမျက်နှာထားနဲ့ လူကိုကြည့်ပြီး နှုတ်ဆက်လာတယ်။
"အမေလှမ်းမှာတာတွေပါ လင်းခန့်ရာ... မင်းကရော..."
"ငါလည်း အိမ်ကမှာတာတွေ လာဝယ်တာ..."
သူ့လက်ထဲက ခြင်းကိုကြည့်လိုက်တော့ ထုံးစံအတိုင်း သူ့အမေစာရင်းရေးပေးလိုက်တဲ့ သူ့ညီမတွေအတွက်မုန့်တွေ၊ လူမမာ သူ့အဘိုးအတွက် Ensure ဘူးတွေ ဓာတ်စာတွေ၊ သူ့အဖေကြိုက်တဲ့ ကြက်အူချောင်းထုပ်တွေ ဘာညာတွေ ကိုတွေ့ရတယ်။ နေရင်းထိုင်ရင်း အိမ်ရဲ့အဝယ်တော်ရာထူး ရနေတာကတော့ သူလည်း ကိုယ်နဲ့ထူးမခြားနားပဲ။ အဲ့ဒါပြောတာ။ အလတ်တွေဖြစ်ရတာ ဘယ်တော့မှမချောင်ဘူး။ အထက်ဖို့ရော အောက်ဖို့ရော ကိုယ့်တာဝန်ချည်းပဲ။
"ဟိန်းလေး... "
"ဘာတုန်း..."
"ဖြေးဖြေးဖြေပါကွာ မင်းကလည်း...
အသိတွေဆို မိတ်ဆက်ပေးအုံးလို့ ပြောမလို့..."
ဘေးကအသံထွက်လာတဲ့ ဟို Mentoes ဘရိုက ဟိန်းသူရပခုံးကိုပုတ်ရင်းခေါ်လိုက်တော့ ဟိုကအထက်ပါအတိုင်း ချိုချိုသာသာလေးပြန်ဖြေတာမို့ တစ်ဖက်လူမှာ မျက်နှာငယ်လေးနဲ့။
ဒါဆို သူတို့နှစ်ယောက်က တူတူလာကြတာပေါ့။ ပြီးတော့ ခုဏက ဒီအစ်ကို ဟိန်းသူရကိုခေါ်တာ သူ့အိမ်ကလူကြီးတွေခေါ်သလို အိမ်နာမည်နဲ့ဆိုတော့ သူ့အမျိုးများလား...။ ဒီကောင့် အစ်ကိုအကြီးဆုံးကိုလည်း မြင်ဖူးပါတယ်၊ ဒီပုံစံမဟုတ်ပါဘူး။ ပြီးတော့အဲ့အစ်ကိုက ကျောင်းပြီးလို့ အလုပ်တောင်ဝင်နေပြီ။ ဒါဆို တစ်ဝမ်းကွဲတွေထဲက တစ်ယောက်များလား...။
"သူက လင်းခန့်တဲ့... အထက်တန်းသုံးနှစ်လုံးပေါင်းလာတဲ့ ကျွန်တော့်သူငယ်ချင်း..."
"ဪ... ညီလေးက ဟိန်းလေးသူငယ်ချင်းဖြစ်နေတာကိုး...
တွေ့ရတာဝမ်းသာတယ်နော်... အစ်ကိုက ပိုင်သုလို့ခေါ်တယ်...
ကွန်ပြူတာသိပ္ပံ တတိယနှစ်၊ အစ်ကိုတို့ မေဂျာမှာတော့ လူသိများတယ်၊ prince ရထားလို့လေ... အဟဲ..."
"ဖုန်း..."
"အ..."
"ဘယ်သူက ခင်ဗျားကို ကြွားခိုင်းလို့တုန်း..."
သူ့ကိုယ်သူမိတ်ဆက်နေရင်း လက်ဝါးကလေးပါးစပ်နားကာပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်လိုက်မိတဲ့ တစ်စုံတစ်ယောက်မှာ နောက်ကျောကို လက်ဝါးနဲ့ဆော်ပြီးဟောက်ချတာ ခံလိုက်ရတဲ့အတွက် ပြောလက်စအရှိန်သတ်သွားလေရင်း နားထင်ကုတ်လို့ မချိပြုံးပြုံးနေလေရဲ့။
ဟေ့ကောင်ရာ...။ ဘယ်လိုပဲ နားကလောမခံနိုင်ပါစေ။
ကိုယ့်ထက်ကြီးတဲ့သူကို သူငယ်ချင်းရှေ့မှာတော့ မဆော်နဲ့လေဟ။ သူများက impression လေး မနည်းတင်ဖို့လုပ်နေတာကို။
သူ့လက်ဆကြီးကို မခံဖူးပေမယ့် အကြောင်းကို ကောင်းကောင်းသိထားတဲ့သူတစ်ယောက်အနေနဲ့ ပြုံးပြုံးလေးအောင့်ခံနေရှာတဲ့ တစ်စုံတစ်ယောက်ကို ဂရုဏာသက်သလိုကြည့်ပြီး ပြုံးပြလိုက်ရင်း...။
"အစ်ကိုက ဟိန်းသူရအစ်ကိုတစ်ဝမ်းကွဲလား..."
"..."
အဲ့လိုမေးလိုက်တော့ နှစ်ယောက်သားက ကျွန်တော့်ကို စိုက်ကြည့်တယ်။ ကျွန်တော်က ”ဟမ်... ဘာတုန်း... ငါပြောတာမှားလို့လား...” ဆိုတဲ့ အကြည့်နဲ့ မျက်ခုံးပင့်ပြီး ပြန်ကြည့်တော့ ဟိန်းသူရက နားနောက်ကိုကုတ်ရင်း ခေါင်းတစ်ဖက်လှည့်ရင်းနဲ့ အောက်ပါအတိုင်း ပြန်ဖြေလေရဲ့။
"မဟုတ်ဘူး... သူက ငါ့ရည်းစား..."
နေပါအုံး...။ အခုရလိုက်တဲ့သတင်းအချက်အလက်က ကျွန်တော် နားကြားမှားတာမဟုတ်ဘူးမလား...။
_____________________________________
To be continued...
💖💖💖
Tada... စပရိုက်စု!! ☺👌
ဟုတ်... ကြောင်ချစ်သူအစ်ကိုလေးက ပိုင်ရှင်ကြီးနဲ့ပါ။ ကျူးလို့မရတော့ပါဘူး။
second side couple unlocked 🔓
ဒါနဲ့ဒီည Novella ညဆယ့်နှစ်ခွဲမှာ မုန့်ထရှာရင်း ချောကလက်နို့ဖျော်သောက်လိုက်ပါတယ်။ ပြီးတော့ မနက်လေးခွဲငါးနာရီမှာ update လာပေးနေပါတယ်။
Am I doing it right? Right??? ( ╹▽╹ )
My sleep schedule: Naur (~_~メ)
Novella ✒️