❄️❄️❄️
ကိုကိုက စတွေ့တဲ့နေ့ကအတိုင်း တစ်စက်ကလေးမှမရွေ့ဘဲ
တစ်နေရာတည်းမှာပဲ ရပ်နေခဲ့တယ်။ ဘယ်ကိုမှဆက်မသွားဘဲ ဒီအတိုင်းရပ်နေခဲ့တာ။
အဲ့ဒါတောင်မှ... အတတ်နိုင်ဆုံး ဆက်တိုက်ပြေးလာနေတဲ့ ကျွန်တော့်ခြေလှမ်းတွေက ကိုကို့ဆီကို မရောက်နိုင်သေးဘူး။
ကိုကိုဒီအတိုင်း ရပ်နေတာတောင်မှလေ...။
"ဒီပုစ္ဆာက velocity ကိုမေးတာ ဘာလို့ mass ယူနစ်တွေ တပ်ထားတာလဲ..."
"အဲ... မှားသွားလို့..."
"ပြန်တွက်... ဒါပြီးရင်... Bio ပုံတွေ ပြန်ကြည့်မယ်"
"ဟုတ်..."
အဲ့နေ့ကစာလုပ်ရတာ စိတ်ပါဝင်စားမှု level zero ဖြစ်နေတာကြောင့် တစ်ပုဒ်ပြီးတစ်ပုဒ် ယူနစ်မှားလိုက်၊ ပုံသေနည်းမှားလိုက်နဲ့ပဲ မိနစ်သုံးဆယ်ကြာသွားတယ်။ လောလောလတ်လတ် test စစ်ထားတာက အမှတ်တွေကျလို့ နဖူးစပ်နေပါတယ်ဆို ဘယ်လိုတွေ ဟန်မဆောင်နိုင်အောင် စိတ်လေလွင့်နေမှန်းမသိပါဘူး။
"အဲ့ဒါ stomach လား square လား... "
"ဗျာ..."
ကို့ကိုအသံကြားမှ စာအုပ်ကို ကျွန်တော်ငုံ့ကြည့်လိုက်မိပါရဲ့။
Bio chapter-5 က ယုန်ရဲ့ အစာခြေစနစ်ကိုဆွဲနေရင်း
stomach ပုံက လေးထောင့်တုံးကြီးဖြစ်နေပါရောလား။
"ဟုတ်သားပဲ၊ ဟီး... "
ကျွန်တော်အရှက်ပြေခေါင်းကုတ်လို့ ပုံကိုပြန်ဖျက်နေတုန်း ကိုကိုက သူ့မျက်မှန်လေးကိုအသာပင့်ရင်း စိုက်ကြည့်ပြီး ပြောလာခဲ့တယ်။
"ဘာဖြစ်နေတာလဲ... မင်း ဒီရက်ပိုင်းနေ့တိုင်းလိုလို စိတ်လွင့်နေတယ်၊ စာထဲလည်းစိတ်မပါဘဲ လုပ်လိုက်သမျှ အမှားတွေ အလွဲတွေနဲ့..."
"..."
"ဘေးအိမ်က ကြောင်ဝါကြီးမလာတော့လို့ လို့မပြောနဲ့...
ပြဿနာရှိရင် ငါ့ကိုပြောလို့ရတယ်"
ပြဿနာရှိရင်တဲ့...။ အဲ့ပြဿနာက တကယ်ရော ပြောလို့ရရဲ့လား။
"ကိုကို..."
"အင်း..."
"ကျွန်တော့်ကို ဘာလို့မချစ်တာလဲ..."
"မင်းရဲ့ပြဿနာက အဲ့ဒါလား..."
"ကျွန်တော့်ကို ဘာလို့မချစ်တာလဲ"
"..."
အကြာကြီးတိတ်ဆိတ်နေခဲ့ပါရဲ့။ မျက်လုံးထဲကိုကြည့်ပြီးမေးတဲ့ ကျွန်တော့်မေးခွန်းအတွက် ပြန်ရလိုက်တာက ကျွန်တော့်မျက်လုံးထဲစိုက်ကြည့်ပြီး ပြန်မေးလာတဲ့မေးခွန်းတစ်ခု...။
"ဒါဆို မင်းကရော... ငါ့ကို ဘာလို့ချစ်တာလဲ..."
"ကျွန်တော်..."
"..."
"ကျွန်တော်က..."
"ဒီနေ့ စောစောနားလိုက်မယ်... နောက်ရက်တွေကလည်း ပိတ်ရက်ဆိုတော့ ကောင်းကောင်းနားလိုက်၊ ဒါပေမယ့် ပြန်လာတဲ့နေ့ကျရင် ဒီပုံစံဆက်ဖြစ်မနေစေနဲ့
ကြားလား..."
"..."
"ပြန်လို့ရပြီ..."
ကိုကိုက တည်တည်ငြိမ်ငြိမ်ပဲ စာအုပ်တွေသိမ်းပြီး အရင်ထသွားခဲ့တယ်။ အဲ့ဒီမေးခွန်းအတွက် အကြောင်းပြချက်တွေ အများကြီးရှိရက်နဲ့ ဘာလို့တစ်ခုတောင်မှ ကျွန်တော်မဖြေနိုင်ခဲ့တာလဲဆိုတာ
နားမလည်ဘူး။
* *
ပုံမှန်ထက် ၁ နာရီတောင်စောပြီး ပြန်လွှတ်လိုက်တာပေမယ့် အလကားသက်သက် စိတ်လွင့်နေတဲ့ပုံစံကို ကိုကိုရှေ့ပြမနေချင်တာမို့ စက်ဘီးလေးကိုတွန်းရင်း အပြန်လမ်းပေါ် တက်လာခဲ့တယ်။ ညဥ့်ဦးယံရဲ့ မြောက်ပြန်လေက အဝတ်အထည်လစ်လပ်နေတဲ့
လည်ဂုတ်တစ်ဝိုက်ကို တိုက်စားနေရဲ့။ ကိုကိုပေးထားတဲ့ မာဖလာကို အိမ်မှာထားခဲ့တာ သုံးရက်တောင်ရှိပြီပဲ။
ကိုကို အစောကတည်းက ဒီလိုပြောခဲ့တယ်။
"ငါက... နှလုံးသားမရှိတော့ဘူး..."
"နှလုံးသားမရှိတဲ့သူကိုချစ်နေရင်... မင်းပဲနာကျင်ရလိမ့်မယ်"
ဟင့်အင်း...။ ကိုကို့ကိုချစ်ရတာက ကျွန်တော်သဘောအကျဆုံးအရာပဲမို့ နာကျင်ရစရာ အကြောင်းတော့မရှိပါဘူး။ နည်းနည်း စိတ်ရှုပ်ထွေးနေရုံပါ။ အဲ့ဒါမျိုး ရှိတယ်မလား...။ ချစ်နေရတာနဲ့တင် ပျော်စရာကောင်းပေမယ့် ချစ်နေရုံနဲ့ပြီးမသွားနိုင်တဲ့ လူစားတွေလေ။ အဲ့ထဲမှာ ကျွန်တော်လည်းပါနေတာလို့ ပြောရမယ်။ ရယူလိုခြင်းမျိုး မဟုတ်ပေမယ့် တစ်ဖက်လူရဲ့စိတ်ထဲ နေရာကောင်းလေး တစ်နေရာလောက်တောင် မရလိုက်လိုက်မှာကိုတော့ စိုးရိမ်တာမျိုး။
တစ်ယောက်ယောက်အပေါ် ချစ်သူအဖြစ်မှန်းဆပြီး ချစ်တယ်ဆိုတာ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲက ကျွန်တော်သင်ယူရခဲ့တဲ့ ခံစားချက်အသစ်ပဲ။
မျိုးစေ့ပေါက်လာမှန်းသိလိုက်ရကတည်းက အဲ့ဒီခံစားချက်ကို ပျိုးထောင်ပြီးရင်း ပျိုးထောင်ဖြစ်ခဲ့တယ်။ အချိန်တိုအတွင်းမှာ နှလုံးသားထဲအမြစ်စွဲတဲ့အထိ၊ ကြီးထွားသထက်ကြီးထွားလာတဲ့အထိ။
ကိုကို့ကို ကျွန်တော်ချစ်တယ်။ တစ်လသာသာလေးအတွင်းမှာ အဲ့စကားက အဖန်တရာတေနေပြီ။ နေ့တိုင်းနီးပါး ကိုကို့ရှေ့မှာ ပြောရင်းနဲ့တစ်မျိုး၊ ကိုကို့စားပွဲနဲ့ စာအုပ်တွေပေါ်၊ ရေခဲသေတ္တာ၊ တံခါး၊ နံရံပေါ် sticker note တွေ ကပ်ထားခဲ့ပြီးတစ်လီ သံပတ်နာရီလို အော်နေခဲ့တာလေ။
"ကိုကိုကြားလား..." "ကိုကိုမြင်လား..." နဲ့ စစ်ဆေးမိတိုင်း
"ငါမင်းကိုမချစ်ဘူး" ဆိုတဲ့ တုံပြန်စကားရယ် "အမှိုက်ပုံးထဲ ရောက်သွားပြီ၊ ထပ်မကပ်နဲ့" ဆိုတဲ့စကားပဲ ရနေကျပေမယ့်လို့ မသိလိုက်ခင်မှာပဲ အဲ့လိုလုပ်ရတာက အသက်ရှူသလို အကျင့်တစ်ခုဖြစ်နှင့်နေပြီ။ "ဘာလို့လဲ..." လို့ ပြန်မေးခွန်းထုတ်မိတာက ဒီတစ်ခါ ပထမဆုံးပဲ။ ပြီးတော့ အဖြေအစား ပြန်အမေးခံလိုက်ရတယ်။
"မင်းကရော... ငါ့ကို ဘာလို့ချစ်တာလဲ..." တဲ့။
ကျွန်တော် ကိုကို့ကို ဘာလို့ချစ်တာလဲဆိုတော့...။
"..."
တွေးရင်း လျှောက်လာခဲ့ရာက ခြေလှမ်းတွေဟာ ကော်ကပ်သလို ရပ်သွားခဲ့တယ်။ လမ်းထိပ်မှာ လဲသွားတဲ့ပြိုင်ဘီးနီလေးရဲ့ ဘီးတွေလည်ပြီး ကျန်နေခဲ့တဲ့အချိန် ကျွန်တော် လာရာလမ်းအတိုင်း ပြန်လှည့်ပြေးသွားမိတာပါပဲ။
လှေကားထစ်တွေကို အမြန်နင်းဖြတ်၊ ကော်ဖီတစ်ခွက်နဲ့ ဝရန်တာကိုထွက်လာတဲ့ အစ်ကိုတော်နဲ့ဝင်မတိုက်မိအောင် ရှောင်တိမ်းလို့ ကိုကို့အခန်းတံခါးကို ထုလိုက်တယ်။
"ဘာမေ့နေခဲ့လို့လဲ..."
"ခဏလောက်... ကျွန်တော် ကိုကိုနဲ့စကားပြောချင်တယ်"
"ဝင်ခဲ့လေ..."
စကားပြောမယ်ဆိုပြီးအထဲဝင်လာခဲ့ပြီးမှ ကျောက်ဆစ်ရုပ်မေ့ဆေးထိုးထားသလို ငြိမ်နေတဲ့ကျွန်တော့်ကြောင့် ကိုကိုကစပြီး မေးလာတယ်။
"ဘာပြောမှာလဲ..."
"ကျွန်တော်... ဟိုတစ်ရက်က အစ်ကိုအာကာဝေယံနဲ့ တွေ့ခဲ့တယ်"
"အာကာဝေယံက မင်းကိုလာရှာတာလား..."
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။
"သူက ကျွန်တော်ကကိုကို့ရဲ့လက်ရှိချစ်သူဆိုတာကို မယုံတဲ့ပုံပဲ... ပြီးတော့... new year ညက ကိစ္စ..."
"..."
အဲ့ဒီလိုကနေ ကျွန်တော်ဟိုလူနဲ့တွေ့ပြီးပြောခဲ့တဲ့ ခေါင်းစဉ်တစ်ချို့အကြောင်း အပိုစာသားမပါဘဲ လိုရင်းလောက် ပြန်ပြောပြဖြစ်တယ်။ ကိုကိုကတော့ ကျွန်တော်ပြောပြတာကိုပဲ နားထောင်နေပြီး တစ်ခွန်းမှဝင်မပြောခဲ့ဘူး။ ပတ်တီးစည်းထားဆဲ ကိုကို့ညာလက်ကိုကြည့်ပြီး မေးလိုက်မိတဲ့ ဒီမေးခွန်းမတိုင်ခင်ထိပဲ။
"ကျွန်တော် ကိုကို့ကိုမေးစရာရှိတယ်..."
"ပြော..."
"ကိုကို ကျွန်တော့်ကိုမချစ်တာက... အစ်ကိုအာကာဝေယံ့အပေါ် သံယောဇဉ်ကျန်နေသေးလို့လား..."
"ဘာလို့ သံယောဇဉ်လို့သုံးနေသေးတာလဲ...
ငါသူ့ကို ချစ်နေသေးလို့လား လို့ မေးချင်တာမဟုတ်လား..."
"အဲ့ဒါက အစောကြီးကတည်းက ကိုကိုဖြေပေးပြီးပြီလေ...
ဆက်ချစ်ဖို့ဆုံးဖြတ်ရင် ငါ့ကိုယ်ငါပဲ သတ်လိုက်တော့မယ်ဆို..."
အရ်ုကပြောဖူးတဲ့ သူ့စကားကို တစ်လုံးမယွင်းမှတ်ထားတဲ့ ကျွန်တော့်ကြောင့် မေးခွန်းထုတ်နေသူဟာ ခဏငြိမ်ဆိတ်သွားတယ်။
"ကိုကိုလေးနှစ်ခွဲတောင် ချစ်ခဲ့တဲ့သူပဲမလား... အခုဘယ်လောက်ပဲ မချစ်တော့ဘူးလို့ပြောပြော ကိုကို့အနားရောက်တာ လေးပတ်သာသာပဲရှိသေးတဲ့ ကျွန်တော်နဲ့ယှဉ်ရင်တော့ သူ့ကိုသံယောဇဉ်ပိုမှာပဲ၊ ကြောင်ဝါကြီးမဟုတ်ဘူး... အရင်နေ့ကတည်းက ကျွန်တော်တစ်ချိန်လုံး ဒီမတင်မကျဖြစ်နေတဲ့ခံစားချက်ကို ခေါင်းထဲကထုတ်လို့မရဖြစ်နေတာ...
အမှန်အတိုင်းပြောပါကိုကို... အဲ့လူကို သံယောဇဉ်မပြတ်နိုင်သေးလို့ ကျွန်တော့်ကို လက်မခံတာမလား..."
အဲ့ဒီမေးခွန်းအတွက် ကိုကိုက စက္ကန့်အတော်ကြာအောင် ကျွန်တော့်ကိုကြည့်ပြီးအကဲခတ်နေခဲ့တယ်။ ခဏအကြာမှာ အကြည့်လွှဲသွားတဲ့နောက် ငြိမ်နေတဲ့လေထုထဲ သက်ပြင်းချသံတစ်ခု လွင့်လာတာကြားရတယ်။ နောက်ဆုံး သူ့နှုတ်ခမ်းတွေ ဟလာတယ်။ ဒါပေမယ့် ကျွန်တော်တွေးထားတဲ့ အဖြေ ၁ နဲ့ အဖြေ ၂ မဟုတ်တဲ့ တစ်ခြားစကားတစ်ခွန်းကို ကိုကိုပြန်ပေးလာမယ်လို့ ထင်မထားခဲ့ဘူး။
"ငါမင်းကို အစကတည်းက သတိပေးခဲ့သင့်တယ်..."
"..."
"မင်းက ပင်ကိုဉာဏ်လည်းကောင်းပြီး စာလည်းလိုက်လုပ်နိုင်တာမို့လို့ ဘယ်လိုပဲအာရုံများနေပါစေ စာလုပ်တဲ့နေရာမှာ ထိခိုက်မှာမဟုတ်ဘူးလို့ တွေးပြီးတော့ ငါဘာမှမပြောခဲ့တာ၊ အခုတော့ မပြောလို့ မရတော့ဘူး..."
မှန်ပါးလေးနှစ်ချပ်ကိုဖြတ်ပြီး စူးခနဲဝင်လာတဲ့အကြည့်တွေက
ကျွန်တော့်မျက်လုံးတည့်တည့်ဆီကို ဦးတည်နေတယ်။
"အသိစိတ်ဝင်စမ်း လင်းခန့်..."
"..."
"စာမေးပွဲဖြေဖို့က ရက်၄၀တောင်မလိုတော့ဘူး... ဒီအချိန်မှာ ငါစိတ်ချထားလည်းရပြီလို့ တွေးထားတဲ့ကျောင်းသားက ငါ့အပေါ်ထားတဲ့ ခံစားချက်တွေကြောင့် အာရုံထွေပြားပြီး အရည်အချင်းတွေ ကျပြီးရင်းကျနေတယ်၊ တစ်ရက်နှစ်ရက်ပဲနေမှာပါဆိုပြီး စောင့်ကြည့်တော့လည်း နဂိုပုံစံပြန်ဖြစ်မလာဘူး၊ ၊ ဒီပုံစံအတိုင်း ဆက်သွားနေရင် စာမေးပွဲ result မှာ မင်းအမှတ်တွေကောင်းလာစရာ အကြောင်းမရှိဘူး သိရဲ့လား..."
လေသံမာမာနဲ့ပြောလိုက်တဲ့ စကားဝဲဝဲလေးတွေက ခါတိုင်းလို ခပ်အေးအေးမဟုတ်ဘဲ ဒေါသသံလေးမသိမသာစွက်လို့ နှုတ်ခမ်းဝကနေ ခပ်မြန်မြန်ထွက်လာနေတယ်။
"ငါမင်းမိဘတွေဆီက ပိုက်ဆံယူပြီး မင်းကို guide လုပ်ပေးနေတာက မင်းလေ့လာထားတဲ့ ဘာသာရပ်တွေကို ကောင်းကောင်းနားလည်ဖို့ တတ်မြောက်ဖို့... ပြီးတော့ စာမေးပွဲမှာ မင်းအမှတ်တွေကောင်းဖို့... ဒီအတိုင်းဆိုရင် မဖြစ်ဘူး... ငါကမင်းကို တိုးတက်အောင် လုပ်ပေးရမှာကို ငါကိုယ်တိုင်က မင်းကိုဆွဲနှစ်နေသလိုဖြစ်နေတော့ ငါက ဘာဆက်လုပ်ရမှာလဲ..."
ခဏတော့ တွန့်ဆုတ်သွားမိတယ်။ ကိုကိုက အမြဲတမ်း ကျွန်တော့်ကို လေသံအေးအေးနဲ့ဆူနေကျပေမယ့် ဒီလိုအဆူခံရတာက ပထမဆုံးပဲ။
"အမှတ်တွေက အရာရာမှမဟုတ်တာ ကိုကိုရာ..."
"အင်း... မှန်တယ်... စာမေးပွဲအမှတ်ဆိုတာတွေက ဘ၀ကြီးတော့မဟုတ်ဘူး၊ ဒါပေမယ့် ဘ၀ထဲပါတဲ့အရာတွေပဲမလား... ကျောင်းသားအဖြစ်နဲ့ ဆယ်စုနှစ်တစ်ခုစာလုံး ဒါတွေကို လုပ်လာခဲ့ပြီးမှ ထိုက်သင့်သလောက် ရယူမသွားနိုင်ရင် ကိုယ့်ကိုကိုယ်နဲ့ ကိုယ့်အချိန်တွေ နှမြောစရာကောင်းပြီး မိဘတွေကိုလည်း အားနာစရာကောင်းတယ်... ငါ့အနေနဲ့က အမှတ်ကောင်းဖို့ ဆိုတာကြီးကိုရွတ်ပြီး စာမသင်ချင်ပေမယ့် ဒါကိုပယ်ထားလို့ကလည်း မရဘူး... မင်းရဲ့ဆရာတစ်ယောက်အနေနဲ့ လောလောဆယ်မှာ မင်းဘယ်လောက်တော်တယ် စဉ်းစားတွေးခေါ်တတ်တယ် ဆိုတာတွေကို ဘေးဖယ်ထားပြီး အမှတ်ပေးစည်းမျဉ်းနဲ့ အမှတ်ကိစ္စတွေကိုပဲ တွင်တွင်ပြောနေရအုံးမှာပဲ... ဘာလို့လဲ သိလား... ပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းဆိုတာက မင်းဘယ်လောက်တတ်လဲ ဂရုမစိုက်ဘူး၊ မင်းအမှတ်တွေကိုပဲ ကြည့်ကြမှာ... များသောအားဖြင့် အဲ့ဒါတွေနဲ့ပဲ မင်းကို ဆုံးဖြတ်ကြမှာ... ဒါက ငါတို့နေတဲ့နေရာရဲ့ ပုံစံကျပြီးသား သတ်မှတ်ချက်တစ်ခုလိုပဲ... အဲ့ဒါကိုမလိုချင်လို့ပဲ ငါတို့က စာရွက်ပေါ်ကဂဏန်းတွေကို အလေးထားနေကြရတာ... အဲ့ဒါတွေအတွက် ကြိုးစားနေကြရတာ..."
စာသင်ရင်း ရှင်းပြရတာကလွဲရင်း ကိုကိုက စကားများများ ပြောလေ့မရှိဘူး။ ကျွန်တော်တစ်ခုခုအမှားလုပ်မှသာ ပါးစပ်ဟလေ့ရှိတာ။ ဒါကြောင့်မို့ ကျွန်တော်က တခါတလေ သူ့တရားလေးတွေများ နားထောင်လို့ရမလားဆိုပြီး သက်သက်မဲ့ အမှားလုပ်လေ့ရှိတယ်။ ဒီတစ်ခါတော့ ကျွန်တော် မသိဘဲ အမှားလုပ်လိုက်မိပြီထင်တယ်။
"ငါက... မင်းရဲ့လမ်းကြောင်းအတွက် အနှောင့်အယှက်ဖြစ်နေပြီလား..."
"မဟုတ်..."
"ငါဒီထက်ပိုပြီး စည်းတွေကိုဆွဲထားခဲ့သင့်တာ... ဆရာတပည့်ဆက်ဆံရေးကလွဲလို့ တခြားအရာတွေကို သိစေတာမျိုး၊ တစ်ချို့ကိစ္စတွေ ခွင့်ပြုပေးတာမျိုး မလုပ်ဘဲနေခဲ့သင့်တာ... ငါ့ကြောင့် ပိုပြီး မြန်မြန်ပြေးလာနိုင်စေချင်ခဲ့ပေမယ့် အခုတော့ ငါ့ကြောင့်ပဲမင်းက ပန်းဝင်ခါနီးမှာ လဲတော့မှာပဲ..."
"..."
ကျွန်တော် အာစေးမိသလိုဖြစ်သွားတာပဲ။
စကားတစ်ခွန်းမှ ပြန်မတုံ့ပြန်နိုင်သလို ကိုယ့်အပြစ်နဲ့ကိုယ်မို့ ကိုကို့မျက်နှာကိုလည်း ဆက်မကြည့်ရဲဘဲ အကြည့်လွှဲထားမိတယ်။
ကိုကိုက ဝင်သက်တစ်ချက်ကိုရှိုက်သွင်းလို့ လေသံနှိမ့်ပြီး ဆက်ပြောတယ်။
"ငါမင်းကို ငါ့ရဲ့လက်ရှိချစ်သူလို့ပြောပြီး ငါ့ကိစ္စထဲဆွဲသွင်းမိတာကိုတော့ တောင်းပန်ပါတယ်... "
"ကိုကို အဲ့ဒါကိုတောင်းပန်စရာမလို..."
"ဒါပေမယ့် တကယ့်လက်ရှိမှာ မင်းကငါ guide ပြပေးနေတဲ့ တပည့်တစ်ယောက်ပဲဆိုတာလေးကိုတော့ သိထားစေချင်တယ်၊ မင်းဟာမင်း ငါ့ကိုချစ်တာမချစ်တာက မင်းလွတ်လပ်ခွင့်မို့လို့ ငါဘာမှမပြောလိုဘူး၊ အဲ့ဒီခံစားချက်တွေကြောင့် စာကို ထိခိုက်လာရင်တော့... ငါမင်းရဲ့ ညဂိုက်ဆရာဆက်လုပ်သင့်မလုပ်သင့်ကို စဉ်းစားရတော့မယ်..."
"..."
"တစ်ယောက်တည်း စာကြည့်နေတုန်းက အမှတ်ကောင်းကောင်းရနိုင်ခြေရှိတဲ့ကလေးက ငါ့ဆီမှာညဂိုက်တက်ပြီးမှ ရသင့်တဲ့အမှတ်ရမလာရင် ငါနာမည်ပျက်တယ်... အဲ့လိုအဖြစ်ခံမယ့် အစားတော့ ငါမင်းကို ဆက်မသင်တာကကောင်းသေးတယ်"
"ကိုကို..."
"အခုအချိန်မှာ မင်းအတွက် ငါ့အချစ်ဟောင်းအပေါ် ငါဘယ်လို စိတ်ထားသလဲဆိုတာက အရေးကြီးသလား... မင်းဖြေရမယ့် စာမေးပွဲက အရေးကြီးသလား... "
"ခဏလေးပါ ကိုကို... ကျွန်တော်ပြောတာနားထောင်ပါအုံး...
ကျွန်တော့်အတွက် အခုလောလောဆယ်မှာ စာမေးပွဲက အရေးမကြီးသေးဘူး၊ ကျွန်တော်က..."
"အရေးမကြီးဘူးတဲ့လား... မင်းဘဝအတွက်အဆုံးအဖြတ်ပေးနိုင်တဲ့
စာမေးပွဲကိုလေ..."
"အဲ... အဲ့လိုမဟုတ်ဘူး ကိုကို... ကျွန်တော်ပြောတာက..."
"စိတ်ပျက်စရာပဲ..."
"..."
အဲ့လိုပြောလိုက်တဲ့အချိန် ကိုကို့မျက်ဝန်းနက်တွေထဲဖြတ်သွားတဲ့
အရိပ်တွေက ကျွန်တော့်ကိုခြေမခိုင်ချင်သလို ဖြစ်သွားစေခဲ့တယ်။
"ကြိုးစားစရာရှိတာကိုဆက်မကြိုးစားဘဲ ခံစားချက်တွေကို ရှေ့တန်းတင်ပြီး စိတ်လေလွင့်ရင်း ကိုယ့်ဘဝကိုယ် နစ်မွန်းအောင်ပစ်ထားတဲ့သူတွေကို ငါမုန်းတယ်..."
"..."
"တကယ်လို့ ငါက အာကာဝေယံ့ကိုသံယောဇဉ်မကုန်သေးလို့ မင်းကိုလက်မခံတာလို့ဖြေရင်ရော မင်းကဘာလုပ်မှာလဲ၊ စိတ်လေပြီး စာထဲအာရုံမရောက်ဖြစ်နေအုံးမှာမလား... ငါပြောတာမှားလား..."
ဆောင်းလေညင်းတွေဝင်စရာ နေရာလပ်မရှိအောင်ထိ
တံခါးတွေ၊ ပြတင်းပေါက်တွေကို ပိတ်ထားပေမယ့် အေးလာတယ်။ ကိုကိုနဲ့ကျွန်တော် နီးနီးလေးထိုင်ပြီး မျက်နှာချင်းဆိုင် စကားပြောနေကြပေမယ့် ဝေးလာတယ်။
စိတ်ပျက်စရာကောင်းပေမယ့်... ကိုကို့စိတ်ကိုလည်းသိပေမယ့်... ဒီတစ်ခါအဆူခံရတာကို ကျွန်တော်တအားဝမ်းနည်းတယ် ကိုကို...။
"ကိုကိုပြောတာ အကုန်မှန်တယ်... ကိုကိုမှန်ပါတယ်..."
"ဒါဆို ငါ့ဆီမှာစာဆက်သင်ချင်သေးလားဆိုတာကို
သေချာစဉ်းစားခဲ့... စာသင်ချိန်မရှိတဲ့သုံးရက်လုံး မင်းမှာအချိန်ရှိတယ်၊ အခုပြန်လို့ရပြီ..."
"..."
ကျောပိုးအိတ်ကို လက်ထဲဆွဲရင်းထွက်လာတော့ ကျွန်တော်ပြန်သွားပြီးမှ ဘာလို့ အမောတကော ပြန်ပြေးလာလဲဆိုတာကို စပ်စုဖို့စောင့်နေတဲ့ အစ်ကိုနဲ့တန်းတွေ့တယ်။
"အေးရတဲ့ကြားထဲ ငခန့်ရာ... လမ်းတစ်ဝက်ကျမှ အယ်လ်ခွန်းမျက်နှာ မေ့မှာစိုးလို့ ပြန်လာကြည့်တာလား၊ ဝင်လိုက်ထွက်လိုက်နဲ့ မျက်စိနောက်လိုက်တာ၊ ဆပ်ပြာသည်လင်ပျောက်သလိုပဲ..."
"..."
သူလှမ်းစနေတာကိုလည်း တစ်စတစ်လေမှ မတုံ့ပြန်ဖြစ်ခဲ့ပါဘူး။
"ရော်... မမြင်ချင်ယောင်ဆောင်သွားသေးတယ်၊ လင်းတလေးက... "
ဆဲသံတစ်ဝက်ကိုလည်း မကြားခဲ့ဘူး။ လမ်းပေါ်ကို ဒီအတိုင်းပြေးထွက်လာခဲ့တော့ လမ်းထိပ်မှာ နှင်းတွေရွှဲနေတဲ့ ပြိုင်ဘီးနီလေးက ကျွန်တော့်ကိုစောင့်နေခဲ့တယ်။
ကိုကိုမှန်တယ်။ ကျွန်တော်က ပစားပေးလို့ရောင့်တက်ပြီး စည်းတွေကျော်နေမိတာ။ ကျွန်တော်က ကိုကို့ကို တစ်ဖက်သတ်ချစ်နေတဲ့ ဂျစ်ကန်ကန်တပည့်လေးတစ်ယောက် ဆိုတဲ့နေရာကနေ ဆက်ဝေးဝေးမသွားနိုင်တော့ဘူးလားဆိုတဲ့ အတွေးတွေနဲ့ ကိုကိုစိုးရိမ်အောင်လုပ်နေခဲ့မိတာ။
ချစ်သူဟောင်းနဲ့ပက်သက်ပြီး ခဏတိုင်းမေးနေတာက ကိုကို့အတွက် စိတ်အနှောက်အယှက်ဖြစ်မှာပဲ။
ဒါပေမယ့်... ကျွန်တော်ကိုကို့ဆီ ပြောစရာရှိတယ်ဆိုပြီး ပြန်ပြေးလာရတာက ကိုကို့အချစ်ဟောင်းနဲ့တွေ့လို့ ကိုကိုကျွန်တော့်ကိုပြောမပြခဲ့တဲ့အကြောင်းတွေ သိလိုက်ရပါပြီ လို့ ပြောဖို့လည်းမဟုတ်ဘူး။ ကိုကိုအဲ့လူအပေါ် သံယောဇဉ်လက်ကျန် ရှိနေသေးသလား မေးဖို့ချည်းသက်သက်လည်း မဟုတ်ဘူး။
'ရှိတယ်၊ ဘာဖြစ်သလဲ...' လို့ ကိုကိုပြန်ပြောရင်လည်း ကျွန်တော်လက်ရှိထက် နှစ်ဆတိုးပြီး စိတ်ညစ်သွားမှာမဟုတ်ဘူး။
ကိုကိုဘာလို့ ဆက်နားမထောင်ဘဲ ကျွန်တော့်ကို စိတ်ပျက်လိုက်ရတာလဲဗျာ။
ကျွန်တော်အဲ့ဒီမေးခွန်းကို မေးခဲ့တာက အတည်ပြုချင်ရုံသက်သက်ပါ။ အချစ်ဟောင်းအပေါ်ထားတဲ့ သံယောဇဉ်လက်ကျန်တွေကြောင့် ကျွန်တော့်ကို လက်မခံနိုင်တာဆိုရင် အဲ့လို သံယောဇဉ်အမျှင်တန်းအောင်လုပ်နေတဲ့ ကိုကို့အချစ်ဟောင်းကို ရင်ဆိုင်ဖို့ သူ့ထက်တစ်ခုခုသာအောင် ကြိုးစားရမယ်။ အဲ့လိုမဟုတ်ဘဲ ကျွန်တော့်အပေါ်မှာ သဘောမကျတာရှိလို့ လက်မခံတာဆိုရင်တော့ ကိုကိုဖြစ်စေချင်တဲ့ပုံစံအတိုင်းဖြစ်အောင်၊ကိုကိုမကြိုက်တဲ့အကျင့်တွေကို သေချာပေါက်ပြင်နိုင်အောင် ကြိုးစားရမယ်။
ကိုကို ဘယ်လိုနားလည်မှုလွဲသွားလဲမသိပေမယ့်...
ဘယ်လိုအဖြေပဲလာလာ ဆက်ကြိုးစားဖို့အတွက်ချည်းပဲတွေးပြီး
အဲ့ဒီမေးခွန်းကိုမေးခဲ့တာပါ ကိုကို။
ကျွန်တော်ရဲ့ ပြောစရာရှိတယ်ဆိုတဲ့ထဲမှာ...
မဖြေလိုက်ရတဲ့ ကိုကို့မေးခွန်းကို သေချာလေး ပြန်ဖြေချင်တာရောပါတယ်။
သိစေချင်တယ် ကိုကို...။
ကျွန်တော် ကိုကို့ကိုဘာလို့ချစ်တာလဲဆိုတာ...။
ဖွင့်ပြောတာကို သုံးစက္ကန့်တောင်အချိန်မယူဘဲ ငြင်းလိုက်တဲ့သူ... သတိရတိုင်း ဆီမန်းမန်းသလို ချစ်ကြောင်းရွတ်ပြနေတာတောင်
အမြဲတမ်းမပြောင်းမလဲ 'မချစ်ဘူး' လို့ တုံးတိပြန်ဖြေတဲ့သူ...
ကိုယ့်ကိုယ်ကို 'နှလုံးသားမရှိဘူး' ဆိုပြီး အချစ်တွေပေးဖို့လက်ခံဖို့ မလုပ်နိုင်တော့ပါဘူးလို့ ပိတ်ပြောတဲ့သူ... အဲ့ဒီလို လူစားမျိုးဖြစ်တဲ့ ကိုကို့ကို ကျွန်တော်ဘာလို့ ဇွဲကောင်းကောင်းနဲ့ ဆက်ပြီး ပီကေလိုကပ်နေရသလဲဆိုတာ...။
ဒါပေမယ့်... ကိုကိုနားမထောင်ခဲ့ဘူး။
နောက်ပြီး... သေချာပေါက်ကိုပြောပြမယ်လို့ ဆုံးဖြတ်ထားတဲ့ ကျွန်တော်ကလည်း ကိုကို့ဆီက 'စိတ်ပျက်စရာပဲ' ၊ 'မုန်းတယ်' ဆိုတဲ့ စကားမျိုး ကြားလိုက်ရတဲ့အချိန်မှာ ပြောရမယ့်စကားတွေ ထုတ်မပြောနိုင်တော့ဘူး။
မာဖလာစလေးလွတ်တာနဲ့ လေအေးဝင်လာပြီး မနွေးတော့သလိုမျိုး အတွေးနည်းနည်းလွဲရုံနဲ့ တစ်ယောက်စကားကိုတစ်ယောက် မကြားနိုင်တော့တာမျိုးက တကယ်ဖြစ်တတ်တာပဲလား။
အေးတယ် ကိုကို...။
ဒီနေ့ညက သိပ်အေးတာပဲ။
______________________________________
To be continued...
💖💖💖
Novella : အဆင်ပြေလား...
Baby Khant : ...
အရင်အပိုင်း Author's talk မှ အဆက်...
"စာရေးသူကို မလေးစားရင် ကြေကွဲလူငယ် ဖြစ်တတ်ပါတယ်"
Also Novella :
N
ovella ✒️