❄️❄️❄️
ကျွန်တော့်ဆယ်ကျော်သက်ဘ၀ထဲ ပထမဆုံးအနေနဲ့ ဂယက်ထခဲ့တဲ့ ဒီဇင်ဘာညအကြောင်း ပြောရင်တော့ ဒီလိုစရမှာပဲ။ စကားပြန်ကောက်တယ်ပဲ ဆိုရမလား။
မြေပြင်အနေအထားအရ ကြွက်မင်းသားအစ်ကိုရဲ့အခန်းမှာ အိပ်ဖြစ်ဖို့ဖန်လာတုန်း တံခါးရှေ့ ဆွယ်တာအဖြူလေး လာရပ်တယ်။ မနေ့က ကျွန်တော် စက်ဘီးနဲ့ဝင်တိုက်ခဲ့မိပြီး ကျွန်တော့်ကို မာဖလာပေးသွားတဲ့သူပေါ့။ သူ့သူငယ်ချင်းအသည်းကွဲလာတာကို ဒီအတိုင်း ကြည့်မနေနိုင်တဲ့ ၀မ်းကွဲအစ်ကိုတော်က ကျွန်တော့်ကို အဖော်ခေါ်တယ်။ ဒီအခြေခံအကြောင်းတွေကြောင့်ပဲ ပုံမှန်အတိုင်းသွားနေတဲ့ ကျွန်တော့်ဇာတ်လမ်းမှာ ထူးခြားတဲ့ plot အပြောင်းအလဲတစ်ခုဖြစ်ဖို့ အကျိုးဖန်လာတယ်လို့ ပြောရင် မှားမှာမဟုတ်ဘူး။
RED Spy တန်ခိုးနဲ့ ရင်ထဲက အထုပ်အပိုးတွေဖြေချနေတဲ့ တစ်ယောက်ယောက်ရဲ့ စကားတွေကို နားထောင်ခွင့်ရသွားတဲ့နောက် အစ်ကိုဘာလို့ သူ့သူငယ်ချင်းအကြောင်း အဲ့လောက်သိနေလဲ ဆိုတာကို ကျွန်တော်တဖြည်းဖြည်းနားလည်လာတယ်။
အေးအေးငြိမ်ငြိမ်လေးနေတတ်တဲ့သူတွေက သူတို့ယုံရတဲ့လူရှေ့ဆို မြိုချထားသမျှတွေ အကုန်အန်ချတတ်ကြသကိုး။
သူပြောသမျှစကားတွေကတော့ ကျွန်တော့်အစ်ကိုကိုကြည့်ပြီး ပြောနေတာပဲ။ ကျွန်တော်ကတော့ ဘေးက ထိုင်နားထောင်တဲ့
အပြင်လူသက်သက်။
"ငါဘာလို့ ဒီလောက်အချစ်ရေးကံမကောင်းရတာလဲ...
၈တန်းတုန်းက ထားခဲ့တဲ့ ပထမဆုံးရည်းစားက ငါ့ကိုအသန့်ကြိုက်လွန်းတယ်ဆိုပြီး ဖြတ်သွားတယ်၊ သူကအမြဲ ချဉ်စော်ချွေးစော်တွေနံနေတာကို... ၉တန်းနှစ်က တစ်ယောက်ကျတော့ ငါကြိုက်တဲ့ရေခဲမုန့်အရသာက သူနဲ့မတူလို့တဲ့... ဖာ့ခ်... သောက်ဆန်းကြီး... "
သောက်ဆန်းကြီးဆိုတာတော့ ဟုတ်ပါတယ်။ ဒါနဲ့...
အယ်လ်ကိုဟောလေးနည်းနည်းဝင်ရင် လူတွေက ပြောင်းလဲသွား တယ်ဆိုတာ တကယ်ပါလား။ RED Spy တစ်ခွက်နှစ်ခွက်သောက်ပြီး တစ်ယောက်ယောက်ကတော့ သူ့ပုံစံလေးနဲ့မတူတဲ့ စကားတွေကို စပြီးပြောနေပြီ။
"၁၀တန်းနှစ်ကတစ်ယောက်ကလည်း သူ့အဆင့်တွေဖင်ကပ်နေလို့ စာကြိုးစားဖို့ပြောမိတာ သူ့ကိုဆရာလုပ်ပါတယ်ဆိုပြီး မုန်းသွားသေးတယ်၊ နောက်ပြီး... first year တုန်းက တစ်ယောက်... "
"ဟဟ..."
အာလူးကြော်ထုပ်ဖောက်လို့ တစ်ဖတ်ကိုက်စားနေတဲ့ ကျွန်တော့်အစ်ကိုက သူသိနေတဲ့သဘောနဲ့ ထခွီတယ်။
"မင်းသိတယ်မလား... ငါက EC ဖြစ်ရက်နဲ့ သူလစ်ထားတဲ့အချိန်တွေရဲ့ roll call ကို ဖြည့်မပေးလို့ ရမယ်ရှာပြီး ထားသွားတာလေ... သူလစ်တာက ၇ချိန်ရှိရင် ၅ချိန်လောက်ဖြစ်နေတဲ့ဟာ... ချီးလိုပဲ... ဖြည့်ပေးခဲ့ရလွန်းလို့ သူ့ခုံနံပါတ်တောင်အခုထိ မှတ်မိသေးတယ် ၁အ - ၃၈... "
"အဲ့ကောင် ပထမနှစ်ကျတယ်မလား..."
"အင်း... သူ့ roll call ဇယားဗြောင်ကြီးက ရသလောက် လိုက်ဖြည့်ပေးလို့တောင် မမှီတာ... ၇၅ ရာခိုင်နှုန်းမပြောနဲ့ ၅၀ရာခိုင်နှုန်းတောင်မပြည့်ဘူး၊ အဲ့သောက်ရူးက ကျတာတောင်နည်းသေးတယ်..."
"ဟားဟားဟား..."
ကာယကံရှင်က အားရပါးရဆဲ၊ သူ့သူငယ်ချင်းကြီးက လှိုက်လှိုက်လှဲလှဲရယ်...။ ကျွန်တော်တော့ သူ့ဇာတ်လမ်းတွေက ရယ်ရခက်ခက်ငိုရခက်ခက်မို့ ပြုံးတုံ့တုံ့မျက်နှာထားလေးနဲ့ အသာလေးပဲ ထိုင်နားထောင်နေလိုက်တယ်။ အခန်းထောင့်က အမှိုက်ပုံးထဲ Sprite ဘူးခွံလေးသွားပစ်ပြီး ပြန်လာတော့...။
"Ex list ကြီးကိုကြည့်ပြီး ငါအချစ်ကို တကယ်အီသွားတာ
နောက်ထပ် ရည်းစားမထားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီးမှ
ငြိမ်းချမ်းခါစ ငါ့ဘဝထဲ... သူပေါ်လာခဲ့တယ်..."
အဲ့နေရာလောက်မှာ ပြောနေသူရဲ့ မဝဲတဝဲအသံဟာ တိမ်ဝင်သွားပါရဲ့။
"သူက ငါ့အပေါ်လေးနက်မှုရှိတယ်... ငါ့ကို ချစ်ပါတယ် လို့ သူတို့ပဲစပြောပြီး သူတို့ပဲ ခဏလေးနဲ့ပစ်သွားကြတဲ့ အရင်လူတွေနဲ့သူက ကွာခြားလောက်မယ်လို့ ငါတွေးခဲ့တာ... အဟက်... အင်းနော်... တစ်ဝက်မှန်တယ်... ငါတွဲခဲ့တဲ့ရည်းစားတွေထဲ သူနဲ့ကအကြာဆုံးပဲ... ဒါပေမယ့် သူလည်းပဲအခုတော့... ငါ့ကို စွန့်ပစ်လိုက်ပြီ..."
လျှံကျလာတဲ့ မျက်ရည်တွေနဲ့အတူ စောစောကတည်းက ရဲနေတဲ့ သူ့ရဲ့နှာသီးဖျားလေးက ပိုပြီးရဲလာခဲ့တယ်။ ဘောင်းဘီအိတ်ထောင်ထဲကနေထုတ်ပြီး စားပွဲပေါ်တင်လိုက်တဲ့ တစ်ခုခု။ အဲ့ဒါက အခန်းသော့အပိုတစ်တွဲဖြစ်ပုံရပါရဲ့။
"အံ့ထူးမြတ်..."
"အေး..."
"ကိုယ့်ဘဝကိုယ်ကျေနပ်မှုရှိလာအောင် တတ်နိုင်သလောက် ကြိုးစားကြည့်တာက ဒီလောက်ပဲ လက်မခံချင်စရာကောင်းလား..."
"..."
"တစ်စုံတစ်ယောက်ဆီက နားလည်မှု၊ ယုံကြည်မှုနဲ့ မေတ္တာကို တစ်ပြိုင်တည်းရဖို့က ဒီလောက် ခက်ခဲတာလား..."
"..."
ရုတ်တရက် တိတ်ဆိတ်သွားတဲ့လေထုထဲမှာ ပုလင်းနှုတ်ခမ်းနဲ့ ဖန်ခွက်အဝထိသံတွေပဲ ဆက်ကြားရတော့တယ်။ ကျွန်တော်တို့လည်း ကျောက်ဆစ်ရုပ်မေ့ဆေးပေးထားသလို နှုတ်ဆိတ်လို့...။
သူ Spy တစ်ပုလင်းကုန်သွားတဲ့အချိန်က ည ၉နာရီခွဲလောက်..။
အဲ့အချိန်ကစလို့ အစ်ကိုအယ်လ်ခွန်းတစ်ယောက် သူ့မျက်မှန်ကို လုံးဝချွတ်သိမ်းလိုက်ပြီး အားရပါးရငိုတော့တာပါပဲ။
"ငိုကွာ... ငါလည်းမပြောတတ်တော့ဘူး...
တစ်ရှူးပဲ ထိုင်ပေးတော့မယ်..."
အစ်ကိုတောင်မပြောတတ်ဘူးဆိုတော့ ဘေးလူကျွန်တော်က
ပိုတောင်ပါးစပ်ပိတ်ရောပေါ့။ ဒါပေမယ့် ခုဏက သူ့မေးခွန်းနှစ်ခုကို ကျွန်တော် အလေးအနက် ထိုင်စဉ်းစားနေမိတာတော့အမှန်ပဲ။
သူ ဒီလိုစပြောမလာခင်အထိ...။
"မင်းက သောက်ရမ်းမုန်းဖို့ကောင်းတယ်..."
ဘာလားညာလားရယ်တော့မသိဘူး။ ခေါင်းငိုက်စိုက်နဲ့ ငိုနေရာကနေ မျက်ခုံးတန်းနှစ်ဖက်ဆွဲဆွဲကျုံ့လို့ ကျွန်တော့်မျက်နှာကို စိုက်ကြည့်ပြီး သူ့ရဲ့ မသိမသာဝဲတဲ့ လေသံလေးနဲ့ အဆဲတစ်ဝက်တွေထည့်လို့ ပြောချင်ရာပြောတော့တာ။
"ဗျာ... ကျွန်တော်လား..."
"မင်းက အရူး..."
"ဟမ်..."
"မင်းက မကောင်းတဲ့ကောင် ... ငါတစ်ယောက်တည်း အေးအေးဆေးဆေးနေနေတာကို ချစ်တယ် လို့ လာပြောခဲ့ပြီးတော့... တစ်ခါပြီးတစ်ခါ မင်းဘ၀ မင်းကိစ္စတွေထဲ ငါ့ကို ဆွဲထည့်ခဲ့ပြီးတော့... ငါ့ရဲ့ပထမဆုံးညကိုလည်း ယူသွားပြီး... အမြဲ မင်းလိုသလောက် သိမ်းပိုက်ပြီးတော့... မင်း... တကယ် မကောင်းတဲ့ကောင်... "
"ဗျာ... အဲ...
ကျ... ကျွန်တော် ဘာမှမလုပ်..."
အဲ့မှာ စပြီးအမှုပတ်တာပဲ။
ကျွန်တော့်ဘာသာ ပါးစပ်ကလေးပိတ်ပြီး တွေးနေတာကို
ဘယ်ကဘာတွေပါလာတာတုန်း...။ သူ တကယ်မူးနေပြီထင်ပါရဲ့။
ကယ်မယ့်လူကို ရှာလိုက်တော့လည်း ဘရားသားက မြန်မြန်ဆန်ဆန် တစ်ပုလင်းဖြတ်ပေးထားပြီး နောက်တစ်ပုလင်းဖောက်နေရာက
ခုဏလေးကမှ အိမ်သာသွားအုံးမယ်ဆိုပြီး ဟိုဘက်ခန်းထသွားတာ။ အသန့်ကြိုက်တဲ့ သူ့သူငယ်ချင်းလေးရဲ့အိမ်သာ ညစ်ပတ်မှာစိုးလို့ ဆိုပဲ။ ဖုန်းရော ယူသွားတယ်ဆိုတော့ အနည်းဆုံး ၁၅မိနစ် မိနစ်၂၀ကြာအုံးမှာ...။ တပ်ကူခေါ်ဖို့ကတော့ မဖြစ်နိုင်။
"ပြောကြည့်... ငါ... တစ်ကိုယ်ကောင်းဆန်နေမိလို့လား... ထုံးစံအတိုင်းပဲ ငါ့ပုံစံက ပျင်းစရာကောင်းနေလို့လား... မင်းစိတ်ကို အလိုက်မသိလို့လား..."
"မ... မဟုတ်..."
"ဒါမှမဟုတ်... မင်းခဏခဏပြောနေတဲ့ sex ကိစ္စလား... ငါကမင်းတွဲခဲ့ဖူးတဲ့ မိန်းကလေးတွေ တခြားကောင်လေးတွေနဲ့ မတူလို့လား... ငါက အချိန်မပေးနိုင်တဲ့အပြင် ဘယ်တော့ဖြစ်ဖြစ် အကာအကွယ်နဲ့ ချစ်ရတာမို့ စိတ်ကျဉ်းကျပ်လို့လား... မင်းနဲ့ငါ့ကြား ဒီကိစ္စမှာတောင်မှ အသစ်အဆန်းတွေ မခံစားရတော့လို့လား... ဟင်..."
"မဟုတ်... အာ... အစ်ကိုလူမှားနေပြီ.."
"ဒါဆို ဘာလို့ မလုံလောက်တာလဲ... ဘာလို့ ငါ့ကို မယုံကြည်နိုင်ရတာလဲ... မင်းပဲ ငါ့ကိုထားမသွားဘူးဆိုပြီးတော့... လေးနှစ်ကျော်တောင်တွဲလာခဲ့ပြီးတော့မှ ဒါလေးတောင်
စိတ်ရှည်ရှည်စောင့်မပေးနိုင်ဘူးလား... ဝေယံ... မင်းက ချီးထုတ်ပဲ... ချီးထုတ် ..."
"..."
ဘယ်ထပြေးလို့ပြေးရမှန်းမသိဖြစ်နေတုန်း ပြောရင်းဆိုရင်း လက်တစ်ဖက်မြောက်တက်လာပြီး ကျွန်တော့်ဆံပင်ကို ဖြေးဖြေးလှမ်းပုတ်နေရာက ရုတ်တရက်ကြီး ဆောင့်ဆွဲတော့တာ။ မျက်မှန်မပါဘဲနဲ့ လက်တည့်နေပါရောလား။
"အ... အား... အစ်ကိုမှားနေပြီနော်... အ... ကျွန်တော်က ဟိုဘက်ခန်းက အစ်ကို့သူငယ်ချင်းအံ့ထူးမြတ်ရဲ့ ညီတစ်ဝမ်းကွဲ လင်းခန့်ပါ... ဝေယံမဟုတ်ဘူးလေ..."
"မဟုတ်ဘူး... မင်းက အရင်ကဝေယံမဟုတ်တော့ဘူး...
မင်းက C.E.O အာကာဝေယံ ဖြစ်သွားလို့ ပြောင်းလဲသွားပြီ... နေရာတကာ ငွေစကားပဲပြောတော့တဲ့ အရူးဖြစ်သွားပြီ... ဟုတ်တယ်မလား... အရူး... မင်းကသောက်ရူး..."
"ရော်... ဒုက္ခပါပဲ... အား...
အစ်ကို... လွှတ်ပါအုံး... နာတယ်ဗျ..."
ဘုရားကယ်ပါ။ လူကြည့်တော့သာ အားမရှိသလိုနဲ့ ဆံပင်ကိုဆွဲလိုက်တာများ ပိတ်နေတဲ့အာရုံကြောမှန်သမျှ ပွင့်ထွက်ကုန်သလိုပဲ။
"အဲ့ဒီမာဖလာ..."
သူ့လက်ကိုမနည်းဆွဲဖြုတ်လို့ လွှတ်သွားတုန်းမှာ ကျွန်တော့်လည်ပင်းက မာဖလာဆီ အကြည့်ရောက်သွားပြီး ဒေါသထွက်နေရာကနေ ဆွေးဆွေးမြည့်မြည့်ဖြစ်သွားတဲ့ မျက်နှာထားမျိုး ဖြစ်သွားပြန်တယ်။
"မင်းပဲ... မင်းအကြိုက်ဆုံးအရောင်နဲ့မာဖလာပေါ်မှာ ငါအကြိုက်ဆုံးအရောင်နဲ့ ငါ့နာမည်လေး ထိုးပေးထားတာဆို... မင်းနဲ့ငါပက်သက်ဆက်နွယ်ခြင်းရဲ့ သင်္ကေတဆို... ငါတို့နှစ်ယောက်ရဲ့ကံကြမ္မာကို ချည်ပေးတဲ့ ကြိုးနီလေးဆို... အခုကျတော့ ငါတို့က ဘာမှမဆိုင်တော့ဘူးမို့ ပေးချင်တဲ့သူကိုပေးလိုက် တဲ့လား..."
မာဖလာလေးကိုကိုင်ရင်း မျက်ရည်တွေလျှံကျလာလို့ တစ်ချက်ရှိုက်လိုက်ရင်း ခေါင်းကလေးငုံ့ပြီး တိုးတိုးပြောတယ်။
"ချစ်တယ်လေ..."
"..."
"ငါမင်းကို ချစ်တာကို ဘာလို့မယုံတော့တာလဲ... ငါကတော့... စကားနဲ့ရော ခန္ဓာကိုယ်နဲ့ပါ... ပြောပြခဲ့ပြီးပြီထင်တယ်၊ ဘာလို့ မင်းကမကြားနိုင်တာလဲ..."
မျက်ရည်စီးကြောင်းတွေပေါ် နောက်ထပ်မျက်ရည်မြစ်တွေစီးနေတဲ့ သူ့မျက်နှာလေးက ငိုတာများလို့ နီမြန်းစိုစွတ်နေခဲ့ပြီ။
ကျွန်တော့်လည်ပင်းက မာဖလာကို လှမ်းပြီးဆွဲကိုင်ထားလို့ သူ့ခန္ဓာကိုယ်တစ်ဝက်က စားပွဲပေါ်ရောက်နေခဲ့တယ်။
"နားနားလေးကို... ကပ်ပြီးမပြောလို့လား..."
စားပွဲခုံပုလေးရယ်မို့ ခြေထောက်နှစ်ချောင်းပါ ဒူးထောက်လျက်တက်လာတဲ့အခါ လမ်းကြောင်းမလွတ်တဲ့ Spy ပုလင်းအခွံလေးတွေ စားပွဲအောက်ကော်ဇောပေါ် လိမ့်ဆင်းသွားကြပြီး အစ်ကိုသောက်လက်စ ပုလင်းတစ်လုံးကတော့ မှောက်သွားခဲ့တာ စားပွဲအဖြူရောင်ပေါ် အနီဆေးတွေရေးဆွဲလို့...။
"ချစ်... တယ်..."
တစ်ဖြည်းဖြည်း အနားကပ်လာပြီး နားထဲကို မှုတ်သွင်းလိုက်တဲ့ လေကလေးက နွေးတေးတေး။ အဲ့လေကလေးရဲ့ ပယောဂက ကမ္ဘာကျော်အဆိုတော်ရဲ့ F# note အော်သံလှလှကို ကြားလိုက်ရတာနဲ့ ထပ်တူထပ်မျှပဲ ကြက်သီးမွှေးညင်းတွေ ဖြန်းခနဲ။
ကျွန်တော့်နှလုံးသားတစ်ခုလုံးလည်း အပူချိန်တွေမြင့်လို့
ကောင်းဘွိုင်နှစ်ယောက် သေနတ်ယှဉ်ပစ်ကြသလို
တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်း အသံတွေထွက်လာတော့တာပါပဲ။
အယ်လ်ကိုဟောက လူတွေရဲ့အတွင်းမှာသိုဝှက်ထားတဲ့ မတူတဲ့စရိုက်တွေကို နှိုက်ထုတ်နိုင်တယ်ဆို ကျွန်တော့်ရှေ့ကတစ်ယောက်ရဲ့ အခုထွက်လာတဲ့ ဒီစရိုက်ကတော့ လုံးဝ OOC ပဲ ဖြစ်ရမယ်။
[A/N *OOC - Out of Character :
မိမိစရိုက်နှင့်ကွဲပြားစွာပြုမူခြင်း ၊ role playing game တွေမှာ သုံးတဲ့စကားပါ]
အံ့ဩရင်ဖိုလို့ မဆုံးနိုင်ခင်မှာကို အံ့ဩစရာတွေထပ်ပေးနိုင်တဲ့ တကယ့်လူ...။ ကျွန်တော့်ညာလက်ကို သူ့ရဲ့ဘယ်ဘက်ရင်အုံပေါ် ဆတ်ခနဲဆွဲတင်လိုက်ပြီး ဆက်ပြောပုံက...။
"ကြားရလား... ငါ့ရင်ထဲက နှလုံးသားက တအားလှုပ်နေပြီ..
အဲ့ဒါ မင်းကိုချစ်လို့လေ..."
အပြုံးလေးတစ်ပွင့်ကို ခုဏက အပူမျက်နှာလေးပေါ်မှာ
ဖန်တီးလိုက်တော့ ကန္တာရပေါ်က အိုအေစစ်ကလေးတစ်ခုအလား။ ကျွန်တော့်နှလုံးသားလည်း စုန်းပြုစားသလို မဟားတရားလှုပ်နေပြီ ခင်ဗျားရဲ့...။
မျက်ရည်တွေကြားကအပြုံးမျိုးက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေရဲ့ မျက်နှာပေါ်မှမဟုတ်ရင် ကြည့်ကောင်းမယ့်အရာမျိုး မဟုတ်ပါဘူးလို့ ထင်ထားခဲ့တာ။
အခုတော့ ဆောင်းရာသီရဲ့ဂေါ်သဇင်ပန်းပွင့်လေးလို ဖွေးဥသေးငယ်တဲ့ အပြုံးလေးတစ်ပွင့်က အဲ့ဒီလူသားရဲ့ ရှက်ရိပ်သမ်းနေတဲ့ မျက်နှာဖြူနုနုလေးမှာ မျက်ရည်စီးကြောင်းကြည်လဲ့လဲ့လေး တွေနဲ့အတူ နေရာတကျရှိနေတယ်။
'လှလိုက်တာ...' ။
အခုပဲ ကျွန်တော် အဲ့လိုထပ်တွေးလိုက်ပြန်ပြီ။
"နည်းနည်း... ကပ်... ကပ်နေပြီ အစ်ကို..."
"ရှူး..."
ကျွန်တော့်နှုတ်ခမ်းပေါ်ကို လက်ညိုးကလေးတင်လို့ 'မပြောနဲ့' ဆိုတဲ့ သဘောပြလိုက်ပြီး မျက်မှန်မပါတဲ့ မျက်ဝန်းနက်တွေနဲ့ ကျွန်တော့်မျက်နှာကို ရွှန်းရွှန်းစားစားကြည့်တယ်။
ကျွန်တော့်ခန္ဓာကိုယ်က အညို့ခံနေရသလို မလှုပ်တော့ဘူး။
သူ့မျက်နှာ အစိတ်အပိုင်းတွေရဲ့ ကျနသေသပ်မှုနဲ့ နှင်းစိုတဲ့ပန်းသီးလေးလို နီမြန်းနေတဲ့ နှုတ်ခမ်းလွှာတစ်စုံကို ဆုံချက်ချရင်း ကိုယ်တိုင်တောင်မသိဘဲ တံတွေးမြိုချမိပါရဲ့။
ကျွန်တော် ကျောက်ရုပ်ဖြစ်နေတုန်းမှာပဲ
အဲ့နှုတ်ခမ်းပါးလေးတွေက တဖြည်းဖြည်းနဲ့ ကြားခံနယ်လေထုထဲကို တိုးဝင်လာခဲ့ပြီ။
၅ စင်တီမီတာ... ၄ စင်တီမီတာ... ၃ စင်တီမီတာ...
၂ စင်တီမီတာ... ၁ စင်တီမီတာ...။
"..."
ကျွန်တော် ရှောင်ချိန်စက္ကန့်ဝက်တောင်မရလိုက်ပါဘူး။
ကျွန်တော့်ရှေ့ကလူက ကျွန်တော့်နှုတ်ခမ်းပေါ်ကို တံဆိပ်နှိပ်သွားခဲ့တယ်။
တံဆိပ်နှိပ် ဆိုမှ...
နေပါအုံး... ခင်ဗျား...။ ဒါ ကျွန်တော့်ရဲ့ ပထမဆုံးအနမ်းဗျ။
ပထမဆုံးအနမ်းကို အစ်ကိုဝမ်းကွဲရဲ့ ဘေးခန်းမှာနေတဲ့ ခပ်ချောချောသူငယ်ချင်းအစ်ကိုကြီးဆီက ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။
အာရုံကြောပေါင်းစုံဆီကနေ တစ်ခုခုမှားယွင်းနေကြောင်း အနီအဆင့်သတိပေးချက်အရ သူ့ကိုတွန်းဖယ်လိုက်တော့ ကျွန်တော့်ဘေး နေရာကွက်လပ်လေးမှာ ပက်လက်ကလေး ပြိုကျသွားပေမယ့် သူ့လက်တစ်ဖက်က ကျွန်တော့်လည်ပင်းက မာဖလာကိုဆွဲထားတုန်းမို့ ကျွန်တော်ပါ ယိုင်ပါသွားပြီး သူ့ပခုံးဘေး ကြမ်းပြင်ပေါ်လက်ထောက်လိုက်ရတယ်။
မျက်စိအောက်က လူသားကိုကြည့်လိုက်တော့ တုံ့ပြန်ခြင်းနတ္ထိ။ မျက်လွှာတွေပိတ်လို့ မလှုပ်မယှက်ငြိမ်သက်နေလိုက်တာ အသက်ရှူသံပြင်းပြင်းလေးတွေပဲ ကြားရတော့ရဲ့။
"အိပ်ပျော်သွားတာလားဟ..."
ဖြစ်ချင်တော့ ထိုအခိုက်မှာပဲ...။
"ငခန့်... မင်း... မင်းဘာလုပ်နေတာလဲ..."
"ဟမ်..."
ဆောင်းလေပြည်တွေတံခါးကတိုးဝင်လာသလို တံခါးဝမှာရပ်နေတဲ့
အစ်ကိုက ကျွန်တော့်ကိုတစ်လှည့် ကြမ်းပြင်ပေါ်မှာ ငြိမ်နေတဲ့
အစ်ကိုအယ်ခွန်းကို တစ်လှည့်ကြည့်ရင်း မျက်ဝန်းအိမ်တွေ ကျယ်သထက်ကျယ်လို့...။
စားပွဲဘေးမှာ ကျနေတဲ့ ပုလင်းခွံလေးတွေ၊ မှောက်နေတဲ့ သောက်လက်စ Spy ပုလင်း၊ အစကဟိုဖက်ခြမ်းမှာ ထိုင်နေရာကနေ ကျွန်တော်ရှိတဲ့တစ်ဖက်ခြမ်းကို ရောက်လာပြီး ဒူးလေးခွေလို့ ပက်လက်လေးလဲနေတဲ့ သူ့သူငယ်ချင်း၊ အဲ့ဒီသူ့သူငယ်ချင်းကိုမှ အပေါ်က လက်ထောက်ပြီးချုပ်ထားတဲ့ သဏ္ဌာန်မျိုးဖြစ်နေတဲ့ ကျွန်တော်...။
ဒီအချိန်မှာရောက်လာတဲ့ အစ်ကို့ရှုထောင့်ကနေကြည့်ရင်တော့ အရာအားလုံးက ရုပ်ရှင်ထဲက ဇာတ်ကွက်တွေလိုပဲ။
"လင်းခန့်... ခွေးကောင်...
မင်းငါ့သူငယ်ချင်းလေးကို ဘာလုပ်လိုက်တာလဲ..."
"ဗျာ..."
သူပြောမှ ကျွန်တော်လည်းသတိရပြီး လက်ကိုဆတ်ခနဲ ဖယ်လိုက်မိတယ်။
"အာ... ဘာမှမလုပ်ပါဘူး...
သူ့ဟာသူ အိပ်ပျော်သွားတာ..."
"ဒါဆို... သူကဘယ်လိုလုပ် ဟိုကနေ ဒီရောက်လာတာလဲ...
မင်းတစ်ခုခုလုပ်လိုက်တာမလား..."
'အစ်ကို့သူငယ်ချင်းလေးကသာ ကျွန်တော့်ကို တစ်ခုခုလုပ်လိုက်တာပါ' လို့ ဘယ်ပါးစပ်ကြီးနဲ့ ပြောရမှာတုန်း။ အဲ့သမှာ ဒုက္ခနဲ့ လှလှတော့တွေ့ကြပြီ။
"ဗရုတ်သုတ်ခတွေ... ဘုရားစူး၊ မိုးကြိုးပစ် သူ့ဟာသူမူးပြီး
ဒီဘက်ရောက်လာတာပါဗျာ... "
အစ်ကိုတော်ဘုရားက သူ့သူငယ်ချင်းအိပ်ပျော်နေတာကို သေချာအတည်ပြုပြီးမှ ကျွန်တော့်ပေါ်ကနေ သံသယမျက်လုံးတွေ ဖယ်တော့တယ်။
"အစ်ကို့လူက RED Spy တစ်ပုလင်းလောက်နဲ့လည်း မှောက်သွားတာပဲလား..."
"အယ်ခွန်းက သူစိတ်ညစ်ရင် RED Spy သုံးပုလင်း ဝယ်လာတယ်၊ နှစ်ပုလင်းက ငါပဲကူရှင်းပေးရတာ...
ငါလည်း သိပ်မသောက်တတ်ဘူးဆိုပေမယ့် သူကဘယ်လောက်မှ မသောက်နိုင်ဘူးရယ်... သူမူးရင် သိသာတယ်၊ ပုလင်းတစ်ဝက်ကုန်တာနဲ့ သူနဲ့မတူအောင်ပဲ စကားထဲမှာ စပြီးအဆဲတွေပါလာပြီ... တစ်ပုလင်းကုန်ပြီးခဏနေရင်တော့ အဲ့ကောင် ငိုချင်သလောက်ငိုပြီး လုပ်ချင်ရာလုပ်ပြီးလို့ အိပ်ပြီ"
ဪ... လုပ်ချင်ရာလုပ်ပြီးသွားပြီပေါ့။ ကိုယ်တော်ချောက အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လို အိပ်မောကျလို့...။ တော်တော်မှ စိတ်ပေါ့ပါးသွားပုံပဲ။ ဒီမှာသာ တစ်ကိုယ်လုံးတောင့်တင်းလေးလံပြီး ကျန်ခဲ့တာ။
နှစ်ယောက်သား သူ့ကိုမလို့ အိပ်ရာထဲထည့်ပေးခဲ့ပြီး ပုလင်းခွံတွေ၊ အမှိုက်တွေပစ်ပြီးမှ ကြွက်သိုက်လေးထဲ ပြန်လာခဲ့ကြတယ်။
* *
"အစ်ကို့သူငယ်ချင်းက အခုပြတ်သွားတဲ့ သူ့ချစ်သူကိုတော့
တော်တော်လေးချစ်ပုံပဲ..."
"အင်း... အကြာကြီးတွဲခဲ့တာကိုး... အယ်လ်ခွန်းက ချစ်တတ်ရှာပါတယ်... သူက ခရစ်ယာန်ပေမယ့် သူ့ချစ်သူနဲ့ ပြင်ဦးလွင်တွေ ဘာတွေသွားလည်လို့ သူက ချက်စ်ကျောင်းသွားချင်၊ ဟိုကတရုတ်ဘုံကျောင်းသွားချင်ဆို... သူပဲအလျှော့ပေးပြီး ဟိုကောင်ခေါ်ရာလိုက်ပေးလိုက်တာပဲ... ဟိုတစ်ယောက်က ဗမာ-တရုတ်ကပြားလေ..."
"ဪ... ဒါကြောင့်... ကံကြမ္မာချည်ပေးတဲ့ ကြိုးနီလေးတွေဘာတွေ ပြောတာကိုး..."
"ဘာကြီး..."
"ဘာမှမဟုတ်ဘူး... သွားတိုက်ပြီးရင် အိပ်တော့...
ကျွန်တော်လည်း အိပ်တော့မယ်..."
* * *
ဒါပေမယ့် အဲ့ညက ကျွန်တော် တစ်ညလုံးအိပ်မရခဲ့ပါဘူး။
ကုတင်ပေါ်မှာ ပက်လက်လှန်ရင်း မိုးစင်စင်လင်းတဲ့အထိ
တွေးနေခဲ့တယ်။
"သူပြောတဲ့ ချစ်တယ် ဆိုတာ...
ငါ့ကို သူ့ချစ်သူလို့မြင်ပြီး ပြောနေတာပဲမလား..."
နောက်ပြီး ကိုယ့်နှုတ်ခမ်းကိုကိုင်ရင်း ဘာမှန်းမသိတဲ့
စိတ်မသက်မသာဖြစ်မှုကို စောင်နဲ့အတူထွေးပိုက်လို့...။
"ဒါဆို ဒီအနမ်းကလည်း ငါနဲ့မဆိုင်လောက်ဘူးပေါ့..."
____________________________________
To be continued...
💖💖💖
First kiss in Chp-3.
Is it too fast? Naurr (~‾▿‾)~
[A/N* ကံကြမ္မာချည်ပေးတဲ့ကြိုးနီလေး - ဂျပန်၊ တရုတ်နဲ့၊ ကိုရီးယားနိုင်ငံသုံးခုရဲ့ ဘုံကျတဲ့အယူအဆတစ်ခုပါ။ ဖူးစာပါလို့ ပေါင်းဖက်ရမယ့် လူသားနှစ်ဦးကြားက အချိတ်အဆက် ချည်နှောင်ခြင်းတစ်ခုအဖြစ် နှစ်ဦးလုံးရဲ့ လက်သန်းမှာ ရစ်ပတ်ထားတဲ့ မမြင်ရတဲ့ကြိုးနီလေးတစ်ခုရှိပြီး အဲ့ဒီကြိုးနီလေးနဲ့ အချည်ခံထားရတဲ့ လူနှစ်ယောက်ဟာ ဘယ်လောက်ပဲ အနှောက်အယှက်ရှိပါစေ၊ ဘယ်လိုအကြောင်းကြောင့် ဝေးသွားရပါစေ တစ်ချိန်ချိန်မှာ သေချာပေါက် ပြန်ဆုံပေါင်းဖက်ရတယ်လို့ ယုံကြည်ကြပါတယ်။]
Novella ✒️