အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
ရှီကျုံးယွဲ့နှင့် ရွှင်ပျော်ပျော် သူတော်စင်တို့သာ မကပဲ၊ မြောက်မြားလှစွာသော အင်မော်တယ် ဝိညာဉ် အဆင့်၊ အခြေတည်ဝိညာဉ် အဆင့်နှင့် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ များစွာတို့ကလည်း၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဘက်သို့ စိုက်ကြည့်နေခဲ့ကြသည်။
တစ်ယောက်သည် မျက်မြင်ကိုယ်တွေ့ မြင်ရမှ ယုံကြည်ရသည် ဟူ၍ ဆိုရိုးရှိသည်။ ကောလဟာလ ဟူသည် ကောလဟာလသာ ဖြစ်သည်။ ဇာတ်လမ်းများသည် ပါးစပ်တစ်ခုမှ နောက်တစ်ခုသို့ စီးဆင်းသွားရာတွင်၊ အကွန့်အညွန့်များ ထပ်ထည့်ကြကာ နောက်ဆုံးတွင် နားထောင်လို့သာ ကောင်း၍ ယုံနိုင်စရာ မကောင်းသော ဒဏ္ဍာရီပုံပြင်များ ဖြစ်သွားကြလေသည်။
သို့သော် အားလုံးသည် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် မည်မျှ အစွမ်းထက်သည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီ ဖြစ်သည်။
လင်းဖုန်းသည် သူနှင့်သူဂိုဏ်း၏ ချမှတ်ထားသော ရည်မှန်းချက်များသည်၊ တစ်စတစ်စ အောင်မြင်လာခဲ့သည်ကို ကြည့်လိုက်ကာ ကျေနပ်အားရနေခဲ့သည်။ သူ၏ တပည့်များအား ယှဉ်ပြိုင်ပွဲသို့ ခေါ်လာရခြင်းသည်၊ သူ့ဂိုဏ်း၏ ရေပန်းစားမှုအား တက်စေလို၍ ဖြစ်ကာ ယခုမှု အောင်မြင်ခဲ့ပြီ ဖြစ်သည်။
"မဆိုးဘူး" လင်းဖုန်းက ပြိုင်ကွင်းအတွင်းမှ ပြန်လာခဲ့သော ဝမ်လင်းအား ကြည့်လိုက်ကာ ချီးကျူးလိုက်သည်။
"ဆက်လက်တိုးတက်ဖို့ လိုသေးပါတယ် ဆရာ" ဝမ်လင်းက ပြန်ဖြေလိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်နေသော မျက်နှာတွင်၊ အပြုံးတစ်ပွင့် ပွင့်လာခဲ့သည်။
သူသည် လင်းဖုန်းက သူ၏ မှော်ကျိန်စာ ထုတ်လွှတ်ပုံတွင် လိုအပ်နေသေးသော အမှားများကို ထောက်ပြနေသည်ကို၊ လေးနက်စွာဖြင့် ခေါင်းညိတ်ကာ သေချာနားထောင်နေခဲ့သည်။
"ဟင်?" လင်းဖုန်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူသည် ထူးခြားသော အော်ရာတစ်ခုက၊ မြောက်ပိုင်းလေပြင်း ပင်လယ်၏ အလွန်မှ မိုးကုတ်စက်ဝိုင်း ဆီကနေ လာနေခဲ့သည်ကို အာရုံခံမိလိုက်သည်။ ဒါသည် သီးသန့်တည်ရှိနေခြင်း ဖြစ်သည်။ အလွန်ဆုံး ရွှေရောင်ဗဟိုချက် အဆင့်သာ ရှိဦးမည်၊ သို့သော်လည်း အလွန်ထူးခြားသည်။
ဒါသည် သင်ယူတတ်မြောက်ခြင်း၊ အတွေ့အကြုံ ရင့်ကျက်ခြင်း၊ လေးစားခြင်း၊ သဒ္ဓါတရား ထက်သန်ခြင်း၊ သန့်စင်ခြင်းတို့နှင့် ပြည့်စုံသော အော်ရာဖြစ်သည်။
ထိုအော်ရာမျိုးသည် တိုက်ခိုက်သူများ အတွင်းတွင် အလွန်တွေ့ရခဲသော အော်ရာဖြစ်သည်။
ရွှင်ပျော်ပျော် သူတော်စင်သည် မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်ပြီး၊ ရှီကျုံးယွဲ့အား ခေါင်းညိတ်၍ ပြောလိုက်သည်။ "သူရောက်လာပြီ"
"သူက အိပ်ရာထ နောက်ကျသွားတာ ဖြစ်ရမယ်။ ဒါပေမဲ့ အချိန်တော့ မီသားပဲ"
ရှီကျုံးယွဲ့က သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဒါက တကယ်ကို အကျင့်ဆိုး တစ်ခုပဲ"
အင်မော်တယ် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ တစ်အုပ်စုကလည်း၊ တစ်ကိုယ်တော် ရောက်ရှိလာသူအား သတိထားမိလိုက်ကြသည်။ ရှီကျုံးယွဲ့နှင့် ရွှင်ပျော်ပျော် သူတော်စင်တို့၏ စကားဖလှယ်မှုကို ကြားရပြီးနောက်တွင်၊ လင်းဖုန်း၏ သိချင်စိတ် ဒီဂရီသည် အမြင့်ဆုံး အဆင့်အထိကို ရောက်သွားခဲ့သည်။
သူတို့သည် ထိုလျှို့ဝှက်ဆန်းကြယ်သောသူသည် မည်သူဆိုသည်ကို သိနေရုံတင် မကပဲ၊ သူ၏ နောက်တီးနောက်တောက် အကျင့်များကိုပါ သိနေခဲ့သည်။ ကြည့်ရသည်မှာ ထိုသူသည် ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူ ဖြစ်ပုံရသည်။
သို့သော် ထူးခြားသည့် အရာမှာ၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများနှင့် အခြား သူရဲကောင်းများက အချိန်မှန် ရောက်ရှိနေချိန်တွင်၊ သူက နောက်ကျမှ ရောက်လာခြင်းသည် သတ္တိကောင်းရာ ကျလွန်းသည်။ လင်းဖုန်းနှင့် ကျန်သောသူများ အဖို့ ကိစ္စသိပ်မရှိကြသော်လည်း၊ အိမ်ရှင်ဖြစ်သော ရှီကျုံးယွဲ့ အပေါ်ကိုမူ အကြီးအကျယ် မလေးစားခြင်း ဖြစ်သည်။
သို့သော်လည်း ရှီကျုံးယွဲ့နှင့် ကျန်သောသူများသည် သူ့အား နှစ်သက်သည်ပုံပေါက်နေပြီး၊ အကာအကွယ်ပေးသည့် အနေနှင့်ပင် ပြောနေကြသည့်အတွက်၊ ကျန်သောသူများအား သိချင်စိတ် ပြင်းပြစေခဲ့သည်။
လူအုပ်ကြီးအတွင်းတွင် တီးတိုးဝေဖန်သံများဖြင့် ဆူညံသွားခဲ့သည်။ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများလည်း အပါအဝင် ဖြစ်သည်။
လင်းဖုန်းနှင့် သူ၏ တပည့်များသည် အကြည့်များ ဖလှယ်လိုက်ကြသည်။ ရှီရှင်းယွမ်က အစောက လာနှုတ်ဆက်ခဲ့ချိန်တွင်၊ ရှောင်ပုတန်လေးနှင့် ဇူရီတို့အား ယှဉ်ပြိုင်နိုင်သော ပြိုင်ဘက်တစ်ယောက် ရှိသေးသည်ဟု ပြောထားသည်ကို မှတ်မိလိုက်ကြသည်။
ထိုသူသည် ယခုရောက်လာသောသူ ဖြစ်နိုင်ခြေများသည်။
နဂိုအတိုင်း တည်ငြိမ်နေသော အမူအရာနှင့်၊ ဇူရီသည် သူ၏ ပခုံးပေါ်မှကျော်၍ မိုးကုတ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။ လူတစ်ယောက်၏ ပုံရိပ်ပေါ်လာခဲ့ကာ၊ လူအုပ်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ထိုသူ၏ လှုပ်ရှားပုံသည် ကပိုကရိုနှင့် ပေါ့ပျက်ပျက်နိုင်လှသည်။ နောက်ကျသည်ကို ဂရုမစိုက်မှန်း သိသာလှ၏။
သို့သော်လည်း သူ၏ အလျှင်နှုန်းသည် လျှင်မြန်လှ၏။ သူ၏ ခြေထောက်အောက်မှ မြေကြီးကို လျှက်ကနဲ ဖြတ်ကျော်လာခဲ့ကာ၊ လူအုပ်ကြီး၏ အရှေ့သို့ ရောက်လာခဲ့သည်။
သူ၏မျက်နှာသည် မည်သည့် အမူအရာမှ မရှိပေ၊ စိတ်ပူနေပုံ တစ်စက်မှ မပေါက်ချေ။
ဇူရီ၏ အာရုံအား ဆွဲဆောင်နိုင်သည် အချက်မှာ၊ ထိုသူ၏ ခေါင်းပေါ်မှနေ၍ ကောင်းကင်ထံသို့ ထိုးတက်နေသော အော်ရာတစ်တန်း ဖြစ်သည်။ ထိုအော်ရာသည် ပေါ့ပါး၍ စွမ်းအားကောင်းပုံ မရပေ။ သို့သော်လည်း အနီးကပ်၍ သေချာစွာ ကြည့်လိုက်လျှင်၊ ထိုအရာသည် သေးငယ်သော တရုတ်စကားလုံးများဖြင့် လှပပြေပြစ်သော စကားပြေတစ်ပုဒ်ကို ပုံဖော်ထားခြင်း ဖြစ်သည်။
"မဟာချင်ရဲ့ စာသင်သားတစ်ယောက်လား?"
"ဟုတ်ပါ့ဗျာ" ထိုသူက ပြန်ဖြေလိုက်သည်။
ထိုသူသည် အသက်နှစ်ဆယ် အတွင်းမှာ ရှိသေးသည်။ အပေါ်ပိုင်း အစိမ်းရောင်ဖြစ်သော သိုးမွှေးဝတ်ရုံရှည် တစ်ရုံကို ဝတ်ထားပြီး၊ လည်စည်းပုဝါ တစ်ခုကို တပ်ဆင်ထားသည်။ စာသင်သား အော်ရာကို ပိုင်ဆိုင်ထားသော၊ စာတတ်ပေတတ် တစ်ယောက်ဖြစ်သည်မှာ သိသာနေသည်။
သူသည် အလွန်အမင်း ရုပ်ရည်ချောမောခြင်း မရှိပေ။ တရားမျှတသည့်ပုံ မပေါက်သလို၊ ဆိုးသွမ်းသည့်ပုံလည်း မပေါက်ပေ။ နွေးထွေးသော သာမန်လူကဲ့သို့သာ ဖြစ်သည်။
သူသည် အားလုံး၏ အရှေ့ကို ရောက်လာပြီး မိတ်ဆက်လိုက်သည်။ "ကျွန်တော့်နာမည်က ကျောင်ကျုံချန်းပါ၊ အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်"
ကျောင်ကျုံချန်းသည် ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သော်လည်း၊ စကားပြောရာတွင် အရှက်မရှိပေ။ "ကျွန်တော်က အိပ်ရာထ နောက်ကျတတ်တဲ့ အကျင့်ဆိုးတစ်ခု ရှိပါတယ်၊ အားလုံးက စောင့်နေရတဲ့ အတွက် တောင်းပန်ပါတယ်"
ထိုကဲ့သို့ ပွင့်လင်းသောသူနှင့် ဆက်ဆံရသောအခါ၊ ကျန်သောသူများက ဘာပြောရမည်ကို မသိတော့ပေ။ သို့သော်လည်း သူအား ပြစ်တင်ဝေဖန်သောသူ တစ်ယောက်မှ ရှိဟန်မတူချေ။
ဘာပဲပြောပြော၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများကို လိမ်ညာရန် မဖြစ်နိုင်ပေ။ သူတို့က ဘာမှမပြောလျှင်၊ သူသည် အမှန်တကယ် အိပ်ရာထ နောက်ကျနေခြင်းပင် ဖြစ်ရမည်။
သို့သော်လည်း ဒါသည် ရယ်စရာကောင်းသော ဆင်ခြေဖြစ်သည်။
"မင်းက ပေါ်မလာဇာတ်လည်း ခင်းသွားနိုင်တာပဲ!" လူအုပ်ထဲမှ တစ်ယောက်က ဝင်ပြောလိုက်၏။ သို့သော်လည်း ကျောင်ကျုံချန်းက ဘာမှဖြစ်သွားသည့်ပုံ မပေါ်ပေ။ အမှန်အတိုင်း ပြောရလျှင်၊ သူသည် အိမ်ပြန်သွားကာ ပြန်အိပ်နေမည် ဆိုလျှင်လည်း၊ အံ့ဩဖွယ်ကောင်းမည် မဟုတ်ပေ။
သို့သော်လည်း ရှီကျုံးယွဲ့နှင့် ကျန်သော အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများက ခွင့်ပြုမည် မဟုတ်ပေ။ အကယ်၍ လင်းဖုန်း၊ သို့မဟုတ် သူ၏အဆင့်မှ သူများက ဝင်မပြောလျှင်။ သူတို့သည် ဤကိစ္စကို ဒီအတိုင်း ထားလိုက်ချင်ပုံရသည်။
အခြားအကြီးအကဲများသည် ထိုရွှေရောင်ဗဟိုချက် အဆင့်မှ ကောင်စုတ်လေးက ဘာများ လုပ်ပြနိုင်မည်ကို ကြည့်ချင်နေပုံရသည်။
အားလုံးက မသိနိုင်သော်လည်း၊ အကြီးအကဲများသည် ကျောင်ကျုံချန်းသည် နှစ်သက်ဖွယ်ကောင်းသူ တစ်ယောက်ဖြစ်ကြောင်းကို သိနေကြသည်။
ရွှင်ပျော်ပျော် သူတော်စင်သည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး၊ "ကျုံချန်း၊ ကျန်တဲ့သူတွေ အနားကို သွားလိုက်။ ငါတို့က အခြေခံအုတ်မြစ် အဆင့်က ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အတွက် မဲခွဲရဦးမယ်"
ကျောင်ကျုံချန်းသည် ခေါင်းညိတ်လိုက်ပြီး သူ၏ စခန်းရှိရာကို သွားလိုက်ရာ၊ ရှီရှင်းယွမ်၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ "အိပ်လို့ဝပြီလား?"
"အမှန်အတိုင်း ဖြေရရင်၊ သိပ်မဝသေးဘူး" ကျောင်ကျုံချန်းက ဖြေလိုက်သည်။ သူသည် နှာခေါင်းရှုံ့ပြလိုက်သော်လည်း၊ မရိုသေသည့် အမူအရာမျိုး မရှိခဲ့ပေ။
ရှီရှင်းယွမ်သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဘက်သို့ လက်ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။ "ဟိုက ခရမ်းရောင်ဝတ်စုံနဲ့ လူငယ်လေးက ဇူရီပဲ"
"သူက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ဒုတိယတပည့်၊ ပြီးတော့ ရွှမ်ကျိအမတ် ဇူဟုန်ဝူနဲ့ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အရင်က တာအိုခြေလျှင် ခရီးသည် မုန့်ပင်းယွင်ရဲ့ သားဖြစ်တယ်"
ကျောင်ကျုံချန်း၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားခဲ့ပြီး၊ စိတ်လှုပ်ရှားသည်ပုံ ပေါက်လာခဲ့သည်။ "ဒါဆို ကျွန်တော်က သွားပြီး နှုတ်ဆက်လိုက်ဦးမယ်"
ရှီရှင်းယွမ်က ပြန်ဖြေလိုက်သည်။ "သွားလေ ငါကသူ့ကို နင့်ရဲ့နာမည်ကို ပြောထားသေးတယ်။ ဇူရီက နင်နဲ့ မယှဉ်ပြိုင်ရရင်တောင်၊ ဆွေးနွေးချင်နေတယ်လို့ ပြောတယ်"
"ဟားဟား၊ သူက ဘယ်လောက် ပညာတတ်သလဲ ကြည့်ရသေးတာပေါ့" ကျောင်ကျုံချန်းက ဟာသလုပ်လိုက်ရင်း၊ ဇူရီထံသို့ လျှောက်လာခဲ့လေသည်။
ကျောင်ကျုံချန်း၏ လှုပ်ရှားမှုများကို သတိပြုမိလိုက်သော လင်းဖုန်းသည်၊ ကျောင်ကျုံချန်းအား ကြည့်နေသော ဇူရီထံသို့ လှည့်ကြည့်လိုက်သည်။
လင်းဖုန်း၏ စခန်းတွင်၊ ကျောင်ကျုံချန်းက လေးစားစွာနှင့် ဦးညွှတ်လိုက်သည်။ "ကျွန်တော်က ကျောင်ကျုံချန်း ဖြစ်ပါတယ်။ အကြီးအကဲနဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
လင်းဖုန်းသည် ခေါင်းကိုသာ ညိတ်လိုက်၍၊ ဘာကိုမှ မပြောခဲ့ပေ။
ကျောင်ကျုံချန်းသည် မတ်တက်ရပ်လိုက်၍ ဇူရီထံကို ကြည့်လိုက်သည်။ "မင်းကလည်း စာသင်သားပဲလား?"
စာသင်သား၏ အဓိပ္ပာယ်သည် အလွန်ပင် ကျယ်ပြန့်လှသည်။ သို့သော်လည်း သူတို့နှစ်ယောက် စလုံးနှင့် ကိုက်ညီနေသည်။
ဇူရီက ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်"
ကျောင်ကျုံချန်းသည် ရုတ်တရက် နောင်တရစွာနှင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ "ခင်ဗျားက သိပ်ဟန်တဲ့ပုံ မပေါ်ပါဘူး။ ကျုပ်တို့က သိုင်းပညာပဲ ယှဉ်ပြိုင်ရင် ကောင်းလိမ့်မယ်နဲ့တူတယ်။ ခင်ဗျားလိုလူနဲ့ အတွေးအခေါ်တွေ ဆွေးနွေးရတာဟာ၊ အလကား ဖြစ်သွားမှာပဲ"
လင်းဖုန်းသည် အော်ရယ်ချင်စိတ် ပေါက်သွားခဲ့သည်။
"ဒီကောင်စုတ်လေးက ဇူရီကို မခံချင်အောင် ခနဲ့နေတာပဲ၊ စိတ်ကို ဆွပေးနေတာနဲ့ တူတယ်" လင်းဖုန်းက တွေးလိုက်သည်။
ဇူရီ၏ မျက်ခုံးအစုံသည် မြင့်တက်သွားခဲ့သည်။ သူ၏ မျက်နှာတွင် လုပ်ပြုံးတစ်ခုကို ပြုံးလိုက်သည်။
ကျောင်ကျုံချန်းသည် ဇူရီ၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်ပြီး၊ ပွင့်လင်းစွာပင် ပြောလိုက်သည်။ "မင်းရဲ့ ဒီကနေ့ ရလဒ်တွေဟာ ကျန်တဲ့သူတွေ အတိုင်းပဲ၊ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်တွေ ဖြစ်တယ်။ မင်းက သံသယ ဖြစ်ဖွယ်မရှိပဲ ပါရမီရှင် တစ်ယောက်ဖြစ်တယ်၊ အသက်နှစ်ဆယ်ကျော်လေးနဲ့ ဒီလောက်အထိ အစွမ်းထက်နေတာ၊ မင်းက ရှာမှရှားတဲ့ ပါရမီရှင်လေးပဲ"
"ဒါပေမဲ့ မင်းရဲ့ စာပေ သင်ယူမှုကတော့ သာမန်သာသာပဲ ရှိတယ်။ တကယ့်စာသင်သားဟာ စာဖတ်တယ်၊ တရားထိုင်တယ်၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ရှိတယ်။ သူက မှော်စွမ်းအင်တွေမှာ ရင်းနှီးမြှုပ်နှံလေ့ မရှိဘူး။ မင်းက သဘာဝ ကမ္ဘာကြီးကို ရှုထောင့်တစ်မျိုးကနေ သင်ယူနေတာပဲ"
"တကယ့်စာသင်သားဆိုတာ၊ အမှန်တကယ်ကို ထူးချွန်ထက်မြက်တယ်။ သူက ထင်ပေါ်မှုကို မလိုလားဘူး။ ဒါပေမဲ့ သူပေါ်လာတာနဲ့ ထင်ပေါ်ပြီးသား ဖြစ်တယ်။
"သူတို့က ပုံမှန်အတိုင်းဆို ဘယ်သိုင်းပညာရပ်တွေနဲ့မှ မပတ်သတ်ဘူး၊ မြေကြီးရဲ့ စွမ်းအင်ကိုသာ သဘာဝအတိုင်း စုပ်ယူတယ်။ သူတို့က လမ်းကြောင်းအပေါ် ရောက်သွားတာနဲ့၊ နောက်ထပ် အဆင့်တစ်ခုကို မရောက်မချင်း အသိပညာတွေကို မရပ်မနား ရှာဖွေကြတယ်။ သူတို့ဟာ ဆက်လက် သင်ယူနေရင်းနဲ့ တစ်နေ့မှာ၊ ရွှေရောင်ဗဟိုချက်ကို ဖော်ဆောင်နိုင်ကြတယ်"
"သူတို့ သိဖို့ရာ မှန်သမျှ၊ ရွှေရောင်ဗဟိုချက်ထဲမှာ ရှိတယ်။ မှန်ကန်တဲ့ မီးပွင့်လေး တစ်ပွင့်နဲ့၊ သူတို့ဟာ တစ်ညတည်းနဲ့ အခြေတည်ဝိညာဉ်ကို ဖော်ဆောင်နိုင်ကြတယ်"
ကျောင်ကျုံချန်းသည် ထုံပေပေနှင့် ဆက်ပြောနေလေ၏။ "မင်းက ပါရမီရှိတဲ့ တိုက်ခိုက်သူ ဖြစ်တယ်၊ ဒါပေမဲ့ စာသင်သားတော့ မဟုတ်ဘူး။ ငါကမင်းနဲ့ တိုက်ခိုက်ချင်ပေမဲ့၊ စာပေအကြောင်းတော့ မဆွေးနွေးချင်ဘူး"
ဇူရီက သူ၏စကားများကို နားထောင်နေပြီးမှ၊ မေးခွန်းပြန်ထုတ်လိုက်သည်။ "စိတ်ဝိညာဉ်ကို တိုးတက်အောင် လုပ်ပြီး၊ ကမ္ဘာကြီးကို နားလည်အောင် လုပ်တာ မှားတော့ မမှားပါဘူး။ ခင်ဗျားက အခုဘယ်အဆင့် ရောက်ပြီလဲ ဆိုတာကို သိပါရစေ?"
ဘေးကနေပြီး အကဲခတ်နေခဲ့သော ရှီရှင်းယွမ်သည်၊ လျှောက်လာပြီးမှ ပြောလိုက်သည်။ "ကျွန်မရဲ့မိတ်ဆွေ ကျောင်ကျုံချန်းက မနှစ်က ဝင်ခွင့်စာမေးပွဲ မတိုင်ခင်၊ လုံးဝကို မကျင့်ကြံခဲ့ပါဘူး။ သူက စာမေးပွဲကို လန်းလန်းဆန်းဆန်းနဲ့ အရေးမထားပဲ ဝင်ဖြေခဲ့တယ်။ ဒါပေမဲ့ သူပြန်ထွက်လာတော့ သူဟာ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို ရောက်နေခဲ့ပြီ။
ကျောင်ကျုံချန်းသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ "ကျွန်တော်က ပါရမီ မပါပါဘူး၊ အကြီးအကဲ အဆင့်ကိုရောက်ဖို့ အဝေးကြီး လိုပါသေးတယ်"
သူသည် အမှန်တကယ် ပြောနေခြင်းဖြစ်သည်။ ကိုယ်ရည်သွေးသည့်ပုံနှင့် ပြောနေခြင်းမျိုး မဟုတ်ပေ။
သို့သော်လည်း မည်သို့ပင် ယူဆစေကာမူ၊ သူသည် မောက်မာပုံရ၏။
"ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီဟေ့" လင်းဖုန်းက တွေးလိုက်သည်။ သူ့တပည့်နှင့် ကျောင်ကျုံချန်းတို့၏ အပြန်အလှန် ပြောဆိုမှုများကို ကြည့်လိုက်ကာ၊ လင်းဖုန်းသည် မတတ်နိုင်တော့ပဲ ခေါင်းတစ်ချက်ကို ခါလိုက်သည်။ "လက်စသတ်တော့ မင်းက ကွန်ဖြူးရှပ်ဝါဒကို လေ့လာတဲ့သူပဲ။ ငါက ဒီမျိုးဆက်တွေက မရှိတော့ဘူးလို့ ထင်နေခဲ့တာ" လင်းဖုန်းက ပြောလိုက်သည်။
ရှီကျုံးယွဲ့က အံ့အားသင့်သည့်ပုံ ပေါက်သွားခဲ့သည်။ ကျောင်ကျုံချန်းသည် သူ၏ အဝတ်များကို ပြုပြင်လိုက်ပြီး၊ လင်းဖုန်းအား လှည့်ကြည့်လိုက်ကာ လေးနက်စွာနှင့် ဦးညွှတ်လိုက်သည်။ "အကြီးအကဲက ဘက်စုံရတာပဲ။ ကျွန်တော်က ကွန်ဖြူးရှပ်ဝါဒရဲ့ နောက်လိုက်တစ်ယောက်ပါ"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu