အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
သူသည် ကံစမ်းမဲနှိုက်၍ ပြီးသည်နှင့် လင်းဖုန်းသည် သူလျှစ်လျှူရှုထားသော အရာများ အပေါ်တွင် အာရုံပြန်စိုက်လိုက်သည်။
အစပထမတွင် အဝီစိ ငရဲမုန်တိုင်းအား ယူဆောင်လာနိုင်သူမှာ ယွဲ့ဟုန်ယန်ဟု ကြားလိုက်သော်လည်း၊ သူသည် ရှည်ရှည်ဝေးဝေး သိပ်မတွေးခဲ့ချေ။ ဘာပဲပြောပြော ကံတရားသည် သူမဘက်တွင် ရှိနေသည် မဟုတ်ပါလော။
သို့သော်လည်း နောက်ထပ် အနည်းငယ် သုံးသပ်ဝေဖန်လိုက် အပြီးတွင်၊ တစ်စုံတစ်ခုက မှားနေသည်ဟု ခံစားလိုက်ရသည်။
ရှောင်ပုတန်လေး၏ အကူအညီနှင့်ပင်လျှင်၊ အခြေခံအုတ်မြစ် အဆင့်မှာသာ ရှိနေသေးသော ယွဲ့ဟုန်ယန်သည် အဝီစိ ငရဲမုန်တိုင်းအား အောင်နိုင်ခဲ့သည်မှာ ယုတ္တိသိပ်မရှိချေ။ မေးခွန်းကား သူမသည် မည်ကဲ့သို့ သူ့ကို ယူပြန်လာနိုင်ခဲ့သနည်း ဟူ၍ဖြစ်သည်။
ရှောင်ပုတန်လေး၏ ပြောပုံအရဆိုလျှင်၊ ထိုမုန်တိုင်းကို ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေး၏ အတွင်းတွင် ထည့်သွင်းလာခြင်း မဟုတ်ပဲ၊ ယွဲ့ဟုန်ယန်က သယ်ဆောင်လာခြင်း ဖြစ်သည်။
ယခင်က ခွန်းလွန်တောင်တွင် လေနတ်ဘုရားဂိုဏ်းမှ ကောင်းဖန်သည်၊ မဟာလမင်း အကြွင်းမဲ့ရေအား အောင်နိုင်ရန် ကြိုးစားရာတွင်၊ သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် မတတ်နိုင်ခဲ့ပဲ ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်၏ စွမ်းအားကို ငှားသုံး၍ ကြိုးစားခဲ့ရ၏။ သို့ရာတွင် ခြေတစ်လှမ်း မှားလိုက်သည်နှင့် ဒုက္ခကောင်းကောင်း ရောက်သွားခဲ့သည်။
နောက်ပိုင်းတွင် ယန်ချင်က သူ့အား အောင်နိုင်ခဲ့သော်လည်း၊ သူ့အား လွယ်ကူစေရန် ဆောင်ရွက်ပေးခဲ့သော ကောင်းဖန်အား ကျေးဇူးတင်ရမည် ဖြစ်သည်။
ယွဲ့ဟုန်ယန်သည် ကောင်းဖန်ထက် ပို၍ တိုးတက်လာခြင်းကို ထည့်တွက်ခဲ့လျှင်ပင်၊ အမှန်တကယ်မှာ အဝီစိ ငရဲမုန်တိုင်းသည် မဟာလမင်း အကြွင်းမဲ့ရေထက် အဆပေါင်းများစွာ ပို၍ ခက်ထန်ကြမ်းတမ်းပေသည်။ လင်းဖုန်းသည် ယွဲ့ဟုန်ယန်က မယုံနိုင်လောက်အောင် ခက်ခဲသော တာဝန်ကို၊ မည်ကဲ့သို့ အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့သည်ကို စဉ်းစား၍မရ ဖြစ်နေခဲ့၏။
ယွဲ့ဟုန်ယန်သည် လင်းဖုန်း၏ နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းမေးမြန်းခြင်းတို့ကို ပြန်မဖြေခဲ့ပဲ၊ သူ့အား ကြက်သွေးရောင် လက်ကောက်တစ်ခုကိုသာ ပေးလိုက်သည်။
သူသည် အနည်းငယ် စစ်ဆေးကြည့်လိုက်ပြီးနောက်တွင်၊ သူ၏ စိတ်ဝိညာဉ် စွမ်းအင်များဖြင့် စမ်းသပ်ကြည့်လိုက်သည်။ လက်ကောက်အတွင်းမှ အဝီစိ ငရဲမုန်တိုင်း အမြောက်အမြားတို့သည်၊ သူ့အား အံ့အားသင့်စေခဲ့သည်!
နောက်ထပ်ပို၍ စူးစမ်းကြည့်လိုက်သောအခါ၊ လင်းဖုန်းက ယခုလက်ကောက်သည် မှော်အိုင်တမ်၊ မှော်ရတနာတို့ မဟုတ်ပဲ၊ မည်သည့် ထူးခြားသည့် စွမ်းအားများကို မပိုင်ဆိုင်ထားခဲ့သည်ကို တွေ့လိုက်ရသည်။
အဝီစိ ငရဲမုန်တိုင်းကို ထိန်းသိမ်းနိုင်သော စွမ်းအင်တို့မှာ၊ ထိုလက်ကောက်လေးကို ပြုလုပ်ထားသည် ပစ္စည်း၏ ဂုဏ်သတ္တိ အပေါ်တွင်သာ မူတည်နေ၏။
ရှောင်ပုတန်လေးက ရုတ်တရက် ကြားဖြတ်ဝင်ပြောလိုက်သည်။ "စီနီယာရဲ့ လက်ကောက်က အစတုံးက ကြည်လင်ချောမွေ့နေပြီး အဖြူရောင် ဖြစ်တယ်ဗျ။ သူမက အဝီစိ ငရဲမုန်တိုင်းကို အောင်နိုင်ပြီး ထည့်သွင်းလိုက်မှသာ အပန်းရောင် ပြောင်းသွားခဲ့တာ"
ဤအချိန်တွင် လင်းဖုန်းသည် ကုန်သွယ်မှု စနစ်ထဲတွင်၊ တူညီသော ကျောက်တုံးတစ်တုံးကို မြင်ဖူးကြောင်း ပြန်လည် အမှတ်ရလိုက်သည်။ ဒါသည် ဗလာကျောက်စိမ်း ဖြစ်၏။
ဗလာကျောက်စိမ်း၏ ဂုဏ်သတ္တိမှာ သူ့တွင် အဆုံးမဲ့ အကျယ်အဝန်း ရှိပြီး၊ သူ့အတွင်းတွင် သိုလှောင်ထားသော အရာတို့မှာ သူ့ဘာသာသူ မလွတ်မြောက်နိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း အပြင်ပန်းတွင်၊ ထိုလက်ကောက်လေးသည် ကျိုးပဲ့လွယ်သော ပစ္စည်းလေးနှင့်တူကာ၊ ပြုတ်ကျလိုက်လျှင် ကွဲသွားမည့်ပုံ ပေါက်နေ၏။
အခြားစကားလုံးဖြင့် ပြောရသော်၊ ယွဲ့ဟုန်ယန်သည် အဝီစိ ငရဲမုန်တိုင်းကို ပြင်ပမှနေ၍ လက်ကောက်အတွင်းသို့ ထည့်သွင်းရန် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ရှောင်ပုတန်လေးသည် သူ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့လျှင်၊ သူမသည် မလှုပ်ရှားနိုင်တော့သော အဝီစိ ငရဲမုန်တိုင်းကို လက်ကောက်အတွင်းသို့ထည့်ကာ ချိတ်ပိတ်ထားနိုင်ခဲ့ပေမည်။
ထိုလက်ကောက်သည် တောက်တီ၏ ဝါးမျိုခြင်း မှော်အတတ်ကဲ့သို့ ပစ္စည်းများကို ကိုယ့်ဘာသာကိုယ် ဝါးမျိုနိုင်စွမ်း မရှိချေ။ သူသည် တခြားတစ်ယောက်၏ အကူအညီကို လိုအပ်သည်။ အခြားစကားလုံးဖြင့် ပြောရသော်၊ တတိယလူသည် မလှုပ်ရှားနိုင်သော ပစ္စည်းများကို လက်ကောက်လေး အတွင်းသို့ ထည့်သွင်း၍ ချိတ်ပိတ်ပေးရမည် ဖြစ်သည်။ အတွင်းသို့ ရောက်သွားသော ပစ္စည်းများသည် ထိုအချိန်မှသာ အတွင်းသို့ စုပ်ယူခြင်းကို ခံလိုက်ရမည် ဖြစ်သည်။
ထို့အပြင် ထိုလက်ကောက်တွင် သူ၏ကိုယ်ပိုင် ကန့်သတ်ချက်များလည်း ရှိသည်။
သူသည် သက်ရှိများကို မထည့်သွင်းနိုင်ပေ။ သို့သော်လည်း သူသည် ပြည့်စုံသော သိုလှောင်အိတ် တစ်ခုသဖွယ် ဖြစ်နေ၏။ ကျယ်ဝန်း၍ လုံခြုံမှု ရှိသည်။
သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ အလွန်အမင်း ရှားပါးခြင်းဖြစ်သည်။ လက်သည်းအရွယ် ရှိသော ဗလာကျောက်စိမ်းကိုပင် အလွန်ရှားလှပြီဟု သတ်မှတ်ရမည် ဖြစ်သည်။ လက်ကောက်အရွယ် ရှိသော ဗလာကျောက်စိမ်းမှာ၊ အလေးချိန် အတူတူဖြစ်သော ရွှေထက်ပင် တန်ဖိုးကြီးမားပေမည်။
ထိုကဲ့သို့သော လက်ကောက်ကို ပိုင်ဆိုင်ထားသော်လည်း၊ ယွဲ့ဟုန်ယန်သည် စိတ်ဓာတ်တက်ကြွနေပုံ မပေါက်ချေ။ သူမ၏ အနီရောင် မျက်လုံးတို့သည် ဒေါသ၊ အမုန်းတရား၊ ဆုံးရှုံးမှု စသော ခံစားချက် မျိုးစုံတို့နှင့် ရှုပ်ထွေးနေ၏။
"ဒီခံစားချက်တွေဟာ သူမရဲ့ စီနီယာကို ဦးတည်နေတာ မဟုတ်ဘူး။ ကြည့်ရတာ သူမက ဒီလက်ကောက်ကို ကျန်းလေဆီက ရလာတာပဲ ဖြစ်ရမယ်" လင်းဖုန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
သူမ၏ ရင်ထဲတွင် အမုန်းတရား၊ အမျက်ဒေါသတို့နှင့် ပြည့်နှက်နေသော်လည်း၊ ကျန်းလေအတွက်သာ သီးသန့်နေရာဖြင့် ထားထားခြင်း ဖြစ်သည်။
သို့မဟုတ် သူတို့နှစ်ယောက်၏ ယခင်က ရှိခဲ့သော ဆက်ဆံရေးများကြောင့်၊ ယခုအချိန်တွင် သူမအား ယခုကဲ့သို့ ခံစားချက်မျိုးစုံ ရရှိစေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လင်းဖုန်းသည် သာမန်သာ ပြောလိုက်သည်။ "ဒီလက်ကောက်ကို ပြုလုပ်ထားတဲ့ ပစ္စည်းဟာ အမတန် ရှားပါးပြီး ထူးခြားတယ်။ သူက ဗလာကျောက်စိမ်းဖြစ်ပြီး အထဲမှာ အိုင်တမ်အမျိုးမျိုးကို သိမ်းဆည်းနိုင်တယ်။ ဟုန်ရန်၊ မင်းဉာဏ်ရှိသလို စိတ်ကြိုက်အသုံးပြုနိုင်တယ်"
ယွဲ့ဟုန်ယန်သည် တုန်လှုပ်သွားခဲ့သည်။ လင်းဖုန်းက သူမအား ပြောလိုသည့် ရည်ရွယ်ချက်မှာ၊ ပစ္စည်းသက်သက်က ကိုယ်ပိုင်ခံစားချက် မရှိပေ။ သူမ ခံစားရခြင်း၊ သို့မဟုတ် မည်သို့ခံစားမည်ကို ဆုံးဖြတ်ခြင်းတို့သည်၊ သူမ၏ ထိန်းချုပ်မှု အပေါ်တွင်သာ မူတည်နေပေသည်။
သူမသည် နှုတ်ခမ်းတို့ကို ကိုက်လိုက်ကာ၊ အတွေးများဖြင့် ငြိမ်သက်သွားခဲ့သည်။
လင်းဖုန်းသည် သူမအား ထွင်းဖောက်၍ မြင်နိုင်ရန် အကြည့်တစ်ချက်သာ လိုခဲ့သည်။ သို့သော်လည်း ထိုကဲ့သိုသော အရာများသည် အားသုံး၍ လုပ်လို့မရပေ။ သူမလိုအပ်နေသည်မှာ သူမကိုယ့်ကိုယ်နှင့် အဝီစိ ငရဲမုန်တိုင်းကို မထိန်းချုပ်နိုင်သေးခင်အထိ၊ အချိန်နှင့်အမျှ ဘေးမှနေ၍ လိုအပ်သလို လမ်းညွှန်မှု အဆက်မပြတ် ပေးနေရန်ဖြစ်သည်။
ဖြည်းဖြည်းချင်း ယွဲ့ဟုန်ယန်သည် သူမ၏ ရင်တွင်းမှ ငြိမ်းချမ်းမှုကို ရရှိလာခဲ့သည်။
ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့ အပါအဝင်၊ အကုန်လုံးက သူ့နေရာသူ ပြန်သွားသောအခါ၊ ယွဲ့ဟုန်ယန်သည်လည်း ဆေးတောင်ကြား ရှိရာနေရာသို့ သွားခဲ့သည်။
လင်းဖုန်းသည် သူ့နေရာတွင်သာ ရပ်နေခဲ့သော်လည်း၊ သူ၏ အသိစိတ်တို့မှာ ဆေးတောင်ကြား၏ အဝတွင် ရပ်နေခဲ့သည့် ယွဲ့ဟုန်ယန် အနောက်သို့ လိုက်သွားခဲ့သည်။ သူမ၏ အာရုံတို့မှာ ဆေးပင်တို့ကို ဂရုတစိုက် ပြုစုနေသည့် ယန်ချင်အပေါ်သို့ ကျရောက်သွားခဲ့သည်။
ယွဲ့ဟုန်ယန်၏ အမူအယာတို့မှာ ပျော့ပျောင်းသွားခဲ့သည်။ သူမ၏ မျက်လုံးအစုံတို့တွင် အပြစ်ရှိသကဲ့သို့ အရိပ်အရောင်များ ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး၊ လင်းဖုန်းသည် ယွဲ့ဟုန်ယန်အား သေချာစွာ သတိပေးလိုက်သည်။ "ဘာမှ မသေချာသေးပဲနဲ့ ယန်ချင်ကို ဘာမှမပြောသေးနဲ့။ ကိုယ့်ကိုယ်ကိုယ်လဲ ဖိအားတွေ မများကြီး မပေးနဲ့"
လင်းဖုန်းက တိမ်တိုက်ရေပြင်ဂူမှ အဖြစ်အပျက်သည် ကျန်းလေ၏ လက်ချက်ပင် ဖြစ်မည်ဟု ယုံကြည်ချက် ရှိသော်လည်း၊ သူသည် ကျန်သောသူများကို မလိုအပ်ပဲ ကောက်ချက်မချစေလိုပေ။
ယွဲ့ဟုန်ယန်သည် သက်ပြင်းချလိုက်ပြီး၊ သူမ၏ခေါင်းကို တိတ်ဆိတ်စွာဖြင့် ညိတ်လိုက်သည်။
ဒီအချိန်မှပင် ဆေးပင်များကို အာရုံစိုက်နေသော ယန်ချင်သည်၊ တစ်စုံတစ်ယောက် ရောက်နေမှန်းကို အာရုံခံမိလိုက်၍ လှည့်ကြည့်လိုက်သည်။
"စီနီယာ၊ ပြန်လာပြီလား?"
"ဟုတ်တယ်၊ အခုလေးတင်ပဲ ရောက်တယ်" ယွဲ့ဟုန်ယန်က ပြန်ဖြေလိုက်၏။
"ဆရာက စီနီယာက အဝီစိ ငရဲမုန်တိုင်းကို ရှာဖို့ထွက်သွားတယ်လို့ ပြောတယ်။ အခြေအနေက ဘယ်လိုလဲ?" ယန်ချင်က စပ်စုစွာဖြင့် မေးလိုက်သည်။
ယွဲ့ဟုန်ယန်က ပြုံးလိုက်ကာ ပြန်ဖြေလိုက်၏။ "မိုးနတ်မင်းကြီးက မစတဲ့အတွက်၊ နည်းနည်းပါးပါးတော့ ယူပြန်လာနိုင်ခဲ့တယ်"
"ဒါဆိုရင် ကောင်းတာပေါ့၊ မဟုတ်ဘူးလား?" ယန်ချင်က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
သူ၏အပြုံးကို မြင်လိုက်ရသဖြင့်၊၊ ယွဲ့ဟုန်ယန်သည် အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့ကာ၊ သူမ၏ ခေါင်းကို ဘယ်ဘက်သို့ အနည်းငယ် လှည့်လိုက်၍ သူ၏အကြည့်ကို ရှောင်ရှားလိုက်သည်။ သူ၏ခြေထောက် ဘယ်ဘက်တွင် လက်ဖြင့်လုပ်ထားသော၊ အသက်ဝင်လှသည့် နှံကောင်နှစ်ကောင် ချထားသည်ကို တွေ့လိုက်ရ၏။
"နင်က ဒီလိုမျိုး ကလေးကလား အလုပ်တွေကိုလည်း လုပ်တာပဲလား?" ယွဲ့ဟုန်ယန်က စနောက်လိုက်သည်။
ယန်ချင်၏ မျက်နှာမှာ အနည်းငယ် နီရဲနေခဲ့ပြီး ပြန်ဖြေလိုက်သည်။ "အပျော်သဘောနဲ့ပါဟာ"
သူ၏နီရဲနေသော မျက်နှာကို ကြည့်လိုက်ကာ၊ ယွဲ့ဟုန်ယန်က ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်၏။
"ငါ့ရဲ့ ဂျူနီယာလေးက ဒီလိုမျိုးတွေကို ကြိုက်တယ်။ အား၊ အဲ့ဒီအချိန်တုံးက ငါက တိမ်တိုက်ရေပြင် ဂူမှာပဲ ရှိသေးတာပေါ့" ယန်ချင်က နှံကောင်များကို ကုန်းကောက်လိုက်ရင်း၊ သာမန်သာ ပြောလိုက်၏။
ယန်ချင်သည် မြေပြင်ပေါ်တွင် ထိုင်လိုက်ကာ၊ တိမ်တိုက်ရေပြင်ဂူ ရှိရာဘက်ကို ကြည့်လိုက်သည်။ "အဲ့ဒီအချိန်တုံးက ငါ့ရဲ့ တိုက်ခိုက်နိုင်မှု စွမ်းအားတွေက တော်တော်လေးကို အားနည်းတယ်။ ဒါကြောင့် လူတော်တော်များများရဲ့ အနိုင်ကျင့်မှုကို မကြာခဏ ခံရလေ့ရှိတယ်။ ငါ့ကို ခင်တဲ့သူဆိုလို့ ဒီဂျူနီယာလေးပဲ ရှိတာ၊ ပြီးတော့ သူမက ကျန်တဲ့သူတွေကို ငါ့အတွက် ပြန်ချပေးတယ်"
"သူမက ငါ့ကို ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာကို သင်ပေးတယ်။ ပြီးတော့ ငါတို့က မလေ့ကျင့်ကြတဲ့ အချိန်တွေဆိုရင်၊ မြေကြီးပေါ်မှာ ထိုင်ပြီးမှ သစ်ရွက်တွေကို ခေါက်ပြီး ဒီလိုမျိုး အရုပ်တွေ လုပ်လေ့ရှိတယ်။ ငါတို့က ဒီလိုပဲ တိတ်တိတ်လေး ထိုင်နေပြီး၊ တစ်ယောက်ကိုတစ်ယောက် အားပေးကြတယ်" ယန်ချင်က အတိတ်ကို ပြန်ပြောင်းတွေးတော အမှတ်ရနေခဲ့သည်။
ယွဲ့ဟုန်ယန်သည် ယန်ချင်အား ကြည့်လိုက်ကာ၊ သူမ၏ ကိုယ်ပိုင်အတိတ်ကိုလည်း သတိရလိုက်သည်။ သူမ၏ အမူအယာတို့မှာ ပို၍ နူးညံ့လာခဲ့ကာ သိမ်မွေ့သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
သို့သော်လည်း တစ်ခဏလေး အတွင်းမှာပင် စိတ်အေးချမ်းမှုသည် ပျောက်ကွယ်သွားကာ၊ ဖုံးကွယ်ထားသော နောင်တတို့ ပြန်ပေါ်လာခဲ့၍၊ သူမ၏ အမူအရာများသည် ပြန်ပြောင်းသွားခဲ့သည်။
"သူ.. သူမ" ယွဲ့ဟုန်ယန်က ထစ်ငေါ့ထစ်ငေါ့ ဖြစ်နေခဲ့သည်။
ယန်ချင်သည် သူ၏ခေါင်းကို ခါလိုက်ကာ ဖြေလိုက်သည်။ "ဂူက ပြာပုံအဖြစ်ကို ပြောင်းသွားခဲ့ပြီ။ ငါက အလောင်းတွေကို ကောက်ဖို့သွားတော့၊ အများစုက ရုပ်မပေါ်တော့ဘူး။ ငါ့ရဲ့ မိတ်ဆွေတွေ အားလုံးက သေသွားခဲ့ပြီ"
"ရယ်စရာ ကောင်းတာက ငါဟာ လူတိုင်းအတွက် ကမ္ဗည်းကျောက်တိုင်တွေကို ရေးထိုးထားပေးခဲ့တာပဲ။ တချို့ ကျောက်တိုင်တွေရဲ့ အောက်မှာတော့၊ မြေအလွတ်ပဲ ရှိတယ်။ ငါက သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ရှာလို့မတွေ့ခဲ့ဘူး။ တစ်ယောက်ယောက်ကများ အသက်ရှင်ရက်နဲ့ လွတ်မြောက်သွားခဲ့ရင်၊ သူတို့ရဲ့ အုတ်ဂူတွေကို တွေ့လိုက်တဲ့အခါ လန့်ပြီးတော့ ထခုန်မလား မသိဘူး။ သူတို့က ငါ့ကိုတောင် ရိုက်ချင်စိတ်တွေ ပေါ်လာကြမယ် ထင်တယ်။ ရိုက်မယ်ဆိုရင်လည်း ငါက ကိစ္စမရှိပါဘူး…"
ယန်ချင်က တိုးတိုးလေး ပြောလိုက်သည်။ "သူမတစ်ယောက်တည်း အတွက်သာ ငါက ကမ္ဗည်းကျောက်တိုင် မရေးထိုးခဲ့ဘူး။ ငြင်းဆိုတယ်လို့ ပြောချင်ရင်လည်း ပြောပါ။ ငါကသူမ လွတ်မြောက်သွားပါစေလို့ပဲ ဆုတောင်းနေမိတယ်"
လင်းဖုန်း၏ အသိစိတ်သည် အနီးအနားတွင် လမ်းသလားနေကာ၊ သူတို့၏ စကားဝိုင်းကို စူးစိုက်စွာ နားထောင်နေခဲ့သည်။ သူ၏ ယားကျိကျိ ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ "ယန်ချင်က တစ်မူထူးခြားတယ်လို့ ငါက အမြဲတမ်း ခံစားနေရတာ၊ ကြည့်ရတာ ငါရဲ့ ထင်ကြေးက မှန်နေတယ်နဲ့ တူတယ်"
"ဒါဆိုရင် ဒီတာဝါက ဘာအတွက်လဲ?"
ယခုအချိန်တွင် လင်းဖုန်း၏ အသိစိတ်သည် ယုကျင်းတောင်၊ မဟူရာကောင်းကင် ရတနာသစ်ပင်နှင့် ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တို့နှင့် မျှခြေတစ်ခုကို ရောက်နေခဲ့ပြီး ဖြစ်သည်။ သူသည် တိတ်ဆိတ်စွာဖြင့် ယန်ချင်၏ ခန္ဓာကိုယ်အား အကဲခတ်နေခဲ့သည်။
စက္ကန့်ဝက်မျှ အကြာတွင် လင်းဖုန်းက သဘောပေါက်သွားခဲ့သည်။ "လက်စသတ်တော့ သူ့ရဲ့ အရိုးအရင်းမြစ် ကိုးမှတ်က ဒီကလာတာကိုး။ တော်တော်လေး နက်နက်ရှိုင်းရှိုင်းကို ပုန်းကွယ်နိုင်တယ်လို့ ပြောရမှာပဲ"
လင်းဖုန်းသည် ယန်ချင်၏ စိတ်စွမ်းအားသည် ငါးမှတ်သာ ရှိသည်ကို စဉ်းစားလိုက်သည်။ "သံကို ပုံသွင်းမယ်ဆိုရင်၊ ပူလာဖို့ကို အရင်စောင့်ရဦးမယ်"
"ဟင်?"
လင်းဖုန်း၏ အသံလွှင့်ကျောက်တုံး တစ်ခုသည် စတင်၍ လှုပ်ရှားလာခဲ့သည်။ တစ်စုံတစ်ယောက်က သူ့အား ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။
သူသည် ကျောက်တုံးကို ထုတ်ယူလိုက်ရာ၊ ကောင်းကင်ကုန်သည်များ ဂေဟာက စွန်းဖူ၏ အသံကို ကြားလိုက်ရ၏။ "မာစတာလင်း၊ အနှောက်အယှက်ပေးရတာ အားနာပါတယ်"
"ကိစ္စမရှိပါဘူးဗျာ၊ အကြောင်းရင်းက ဘာများလဲ?" လင်းဖုန်းက ဖော်ရွေစွာနှင့် ပြောလိုက်သည်။
"ချင်အင်ပါယာက လူတွေက မာစတာလင်းနဲ့ တပည့်တွေကို၊ ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးကို ခေါ်သွားဖို့အတွက် ရှကျိုးကို ရောက်လာခဲ့တယ်။ သူတို့က ခင်ဗျားကို ရှာမတွေ့တော့၊ ကျုပ်ကိုရှာပြီး အကူအညီတောင်းလို့ပါ" စွန်းဖူက ပြန်ဖြေလိုက်၏။
"ကျုပ်ရဲ့ ကျူးကျော်ဝင်ရောက်မှုကို ခွင့်လွှတ်ပါ"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu