အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
လင်းဖုန်းသည် အိမ်လေးထဲမှ ထွက်လိုက်ကာ၊ မဟူရာကောင်းကင် ရတနာသစ်ပင်၏ အောက်တွင် လမ်းလျှောက်နေခဲ့သည်။ ခန်းနန်းဟွာသည် သူ၏အနောက် ခြေသုံးလှမ်း အကွာမှ လိုက်လျှောက်နေခဲ့ကာ၊ ဦးတည်ရာမဲ့ လျှောက်လှမ်းနေခဲ့သည်။
"နန်းဟွာ၊ မင်းရဲ့ အိမ်ထဲကို ငါ့ကို မဖိတ်ခေါ်ချင်ဘူးလား?" လင်းဖုန်းက သူ့ဘက်ကိုလှည့်၍ ပြုံးကာမေးလိုက်သည်။
ခန်းနန်းဟွာက ခေါင်းကိုအသာ ညိတ်လိုက်သည်။ "အရှင့်ကို ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး ကြွပါ"
ခန်းနန်းဟွာ၏ အိမ်လေးအတွင်းတွင်၊ နှစ်ယောက်သား ထိုင်လိုက်ကြ၏။ လင်းဖုန်းသည် ခန်းနန်းဟွာအား ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ "ငါက တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို မစပ်စုချင်ပါဘူး။ ဒါပေမဲ့ မင်းကိုကြည့်ရတာ ရင်ဖွင့်တာကို နားထောင်ပေးမယ့် လူတစ်ယောက် လိုနေသလိုပဲ"
ခန်းနန်းဟွာ၏ မျက်နှာပေါ်တွင် အထီးကျန် ဝမ်းနည်းသော အမူအယာတို့သည် ပေါ်လာ၏။ "အရှင့်ကို ဒုက္ခပေးရတဲ့အတွက် စိတ်မကောင်းပါဘူး"
သူသည် တိုးတိုးလေး ပြောလိုက်၏။ "ဒီကလေးလေးတွေကို မြင်ရတော့၊ ကျွန်တော်က အတိတ်က အချို့ အကြောင်းအရာတွေကို ပြန်စဉ်းစားမိပြီး၊ စိတ်အခြေအနေ မတည်မငြိမ် ဖြစ်နေခဲ့တယ်"
ထိုစကားကို ကြားလိုက်ပြီးနောက် လင်းဖုန်း၏ အမူအရာသည် ပို၍ လေးနက်သည့်ပုံ ပေါက်လာခဲ့၏။
ခန်းနန်းဟွာသည် သူ၏ စိတ်ဝိညာဉ်ကို ဖွဲ့စည်းပြီးသော အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။ ကောင်းကင်နှင့် မြေကြီးတို့ကိုပင် ကျော်လွှားကာ သေခြင်းရှင်ခြင်းတို့ကို အောင်မြင်ပြီး ဖြစ်၏။ သူ၏ စိတ်အခြေအနေတို့မှာ အလွန်တရာကို ခိုင်မာပြတ်သားလှပေသည်။
သို့သော်လည်း အခုတွင် သူသည် သူ၏ စိတ်အခြေအနေတို့မှာ မတည်မငြိမ် ဖြစ်နေသည်ဟု ကိုယ်တိုင် ဝန်ခံနေ၏။ သို့ဖြစ်၍ သူ၏ စိတ်ထဲမှ အထုံးအနှောင်တို့မှာ အတော့်ကို ကြီးမားပြင်းထန်လှပေမည်။ အတွင်းစိတ်ရိုင်းများ အဖြစ်သို့ ပြောင်းသွားကာ၊ သူ၏ တာအိုနှလုံးသားကို အနှောက်အယှက် ပေးပေလိမ့်မည်။
"အချိန်အတော် ကြာခဲ့ပါပြီ၊ ၇၁နှစ် အလွန်က ကိစ္စဖြစ်တယ်" ခန်းနန်းဟွာသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ပိုပြီးတော့ တိတိကျကျ ပြောရရင်၊ ၇၁နှစ် သုံးလနဲ့ ၁၅ရက် အလွန်ကဖြစ်တယ်"
"အဲ့ဒီအချိန်တုံးက ကျွန်တော်က အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်ကို ရောက်ရှိပြီးစ ဖြစ်တယ်၊ အဆင့်နှစ် လုံခွက်ကို ဖော်ဆောင်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်တုံးက ကျွန်တော်က အကြောက်တရား မရှိပဲ၊ ယုံကြည်ချက် အမြင့်ဆုံး ရောက်နေတဲ့ အချိန်လည်း ဖြစ်တယ်" ခန်းနန်းဟွာက ပြန်ပြောင်းတွေးတော အမှတ်ရနေခဲ့သည်။
လင်းဖုန်းသည် သူ့အား စိုက်ကြည့်နေခဲ့သည်။ ခန်းနန်းဟွာ၏ ရွှေရောင်ဗဟိုချက်သည် အဆင့်တစ် သို့မဟုတ် အဆင့်နှစ် လုံခွက်ကို ပိုင်ဆိုင်သူများသာ ဖော်ဆောင်နိုင်သော၊ အမြင့်ဆုံး အရည်အသွေးဖြစ်သော ခရမ်းရောင်ဆေးလုံး ဖြစ်သည်။
ခန်းနန်းဟွာသည် ဂိုဏ်းကြီးကနားကြီးမှ ဆင်းသက်လာခြင်း မဟုတ်ပေ။ သူသည် သူ၏ တာအိုကို ရှေးဟောင်း တစ်ကိုယ်တော် ကျင့်ကြံသူ တာအိုဆရာ လျှိုရှထံမှ ကံအားလျှော်စွာ ရရှိလာခြင်း ဖြစ်သည်။ သူ့တွင် ဆရာတစ်ယောက်၏ လမ်းညွှန်ပြသမှု မရှိသလို၊ ဂိုဏ်း၏ အထောက်အပံ့လည်း မရှိခဲ့ပေ။ သူသည် ကိုယ့်ဘာသာကို စမ်းတဝါးဝါးဖြင့် စမ်းသပ်လေ့ကျင့်ခဲ့ရခြင်း ဖြစ်၏။
ထို့အပြင် သူ၏ ပထမဆုံးသော တာအိုနည်းစနစ်သည် ရှေးဟောင်းဂင်္ဂါ သဲနှုန်းကျမ်းစာ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော၊ သဲနှုန်းလျှို့ဝှက်ကျမ်းစာသာ ဖြစ်သည်။
ဒါတောင်မှပင် သူသည် အဆင့်နှစ် လုံခွက်ကို ဖန်ဆင်းနိုင်ခဲ့သည်။ ထိုအချက်မှာ သူတို့ကိုယ်သူတို့ ပါရမီရှင်များဟု ပြောနေကြသော သူများအတွက်၊ အရှက်ရစေနိုင်သော အဖြစ်အပျက် ဖြစ်သည်။
ဒါသည် သူ၏ အရိုးအရင်းမြစ်နှင့် သဘောပေါက် နားလည်နိုင်စွမ်းတို့သည် အမှတ်ပြည့် ဆယ်မှတ် မရခဲ့လျှင်၊ ကိုယ်ပိုင် ပင်ကိုစွမ်းရည် တစ်ခုတည်းနှင့် ရရှိနိုင်သော အဖြစ်မဟုတ်ချေ။
လင်းဖုန်း၏ အကြည့်တို့ကို အာရုံခံမိ၍ ထင်သည်၊ ခန်းနန်းဟွာက သူ၏မေးခွန်းကို ဦးစွာကြို၍ ဖြေကြားလိုက်သည်။ "ကျွန်တော်က ကျွန်တော့်ရဲ့ စိတ်ဝိညာဉ် တာဝါကို ထူထောင်တဲ့ အချိန်တုံးက၊ ကံကောင်းမှု တစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတယ်။ မဟုတ်လို့ရှိရင်၊ ကျွန်တော်က အလွန်ဆုံး အဆင့်လေး စိတ်ဝိညာဉ် တာဝါကိုသာ ပိုင်ဆိုင်နိုင်ခဲ့မှာပါ"
"ငါထင်ထားတဲ့ အတိုင်းပဲ၊ ကောင်းချီးမင်္ဂလာကလည်း လိုအပ်တာပဲ" လင်းဖုန်းက ခေါင်းညိတ်လိုက်သည်။ ကံကောင်းခြင်း နတ်မိမယ်၏ မျက်နှာသာပေးမှုကို ခံခဲ့ရ၍၊ သူ့ကျင့်ကြံမှု၏ ကြီးမားသော အခက်အခဲကို လွန်မြောက်အပြီးတွင်၊ ခန်းနန်ဟွာသည် ရွှင်မြူးတက်ကြွနေပေလိမ့်မည်။
ခန်းနန်ဟွာ၏ အကြည့်တွင် နာကျင်မှုတို့သည် ထပ်ဖန်တစ်ခါ ပေါ်ပေါက်လာခဲ့ကာ၊ သူသည် အာရုံစူးစိုက်မှု ကင်းမဲ့စွာဖြင့် ဂူအပေါ်မှ မျက်နှာကြက်ကို စိုက်ကြည့်နေခဲ့၏။ "ကျွန်တော်က အဆင့်နှစ် လုံခွက်ကို ဖန်တီးနိုင်ခဲ့ပေမဲ့၊ ကျွန်တော့်ရဲ့ ကျင့်ကြံမှုဟာ တစ်ဆို့ကြန့်ကြာနေတဲ့ အခြေအနေ တစ်ခုနဲ့ ထပ်မံကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်ဟာ ရွှေရောင်ဗဟိုချက်ကို ဖော်ဆောင်ဖို့ မတတ်နိုင်ခဲ့ဘူး။ ရွှေရောင်ဗဟိုချက်ရဲ့ တာအိုဟာ ကျွန်တော်နဲ့ ဝေးကွာနေသလိုမျိုးပဲ…"
ဆရာ၏ ညွှန်ပြမှုနှင့် ဂိုဏ်း၏ အထောက်အပံ့ကို မရရှိသော တစ်ကိုယ်တော် ကျင့်ကြံသူတို့တွင်၊ အဆင့်ကြီးတစ်ခုကို တက်လှမ်းရန်မှာ အခက်ခဲဆုံးဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်နားလည် ထိုးထွင်းမှုများကိုသာ အားကိုးရပေလိမ့်မည်။
"ကျွန်တော်က တံခါးပိတ်ပြီးပဲ လေ့ကျင့်နေခြင်းဟာ အကျိုးသိပ်မရှိဘူးလို့ ယူဆပြီး၊ အပြင်ကို ခရီးထွက်ပြီးတော့ ကျင်လည်ကျက်စားပြီးတော့၊ သေခြင်းနဲ့ ရှင်ခြင်းတို့ရဲ့ အဟန့်အတားကို ကျော်ဖြတ်နိုင်အောင် ကြိုးစားခဲ့တယ်" ခန်းနန်ဟွာသည် ဖြည်းညှင်းစွာဖြင့် ပြောနေခဲ့သည်။ "ကျွန်တော်က တောင်ကြားတွေထဲမှာ ခရီးသွားနေတုံး၊ ရွာငယ်လေး တစ်ရွာကို ရောက်သွားခဲ့တယ်"
"အဲ့ဒီမှာ ဘဝတွေဟာ ကြမ်းတမ်းခက်ခဲလှပေမဲ့၊ ရွာသားတွေက ဖော်ရွှေပြီး၊ ကျွန်တော့်ကို စိတ်အားထက်သန်စွာနဲ့ နွေးထွေးစွာ ကြိုဆိုကြတယ်။ သူတို့ရွာမှာ ငယ်တဲ့သူပဲ ဖြစ်ဖြစ်၊ ကြီးတဲ့သူပဲ ဖြစ်ဖြစ်၊ တောင်နရံတွေ အပေါ်ကို နေ့စဉ် ကုတ်ကပ်တက်ပြီးမှ အသက်မွေးရတယ်။ သူတို့က စိတ်ဝိညာဉ် ဆေးပင်တွေကို ရှာဖွေစုဆောင်းပြီး၊ သူတို့ရဲ့ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ အလှဲအလှယ် ပြုလုပ်ကြတယ်"
ခန်းနန်ဟွာ၏ ရှင်းပြချက်များအရ၊ လင်းဖုန်းသည် ထိုကျောက်ဆောင်များသည် အလွန်ပင် မြင့်မားမတ်စောက်လှသည်ကို သိခဲ့ရ၏။
ဒါတွေသည် ကျင့်ကြံသူများ အနေနှင့်ဆိုလျှင်တော့ ဘာမှ မဟုတ်ချေ။ ချီသာဝက အဆင့်မှ သူများသည်ပင်လျှင်၊ အဆင့် သုံး သို့မဟုတ် လေးသို့ ရောက်သွားပါက၊ သူတို့သည် ထိုချောက်ကမ်းပါးများ အပေါ်တွင် မြေပြင်ညီကို လျှောက်ရသကဲ့သို့ လျှောက်နိုင်ပေလိမ့်မည်။ ရွှေရောင်ဗဟိုချက် အဆင့်၊ သို့မဟုတ် အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများ အနေနှင့်ဆိုသော် ပြောဖွယ်ရာ မရှိချေ။
သို့သော်လည်း သာမန်လူသားများ အနေနှင့်မူ၊ ထိုချောက်ကမ်းပါးများသည် အန္တရာယ် အလွန်ကြီးမားသော နေရာများ ဖြစ်သည်။ တစ်ယောက်သည် ပြင်ဆင်မှုများ ဘယ်လောက်ပင် လုပ်ထားထား၊ အတွေ့အကြုံ မည်မျှပင် ရှိရှိ၊ အခေါက်တိုင်းသည် ဓားသွား၏ အစွန်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ရွာသားများသည် ဆေးပင်များကို စုဆောင်းရင်း ချောက်ကမ်းပါးများပေါ်မှ အခေါက်ပေါင်းများစွာ ပြုတ်ကျကာ၊ သူတို့ချစ်ရသူများနှင့် ပြန်မဆုံနိုင်တော့ပေ။ သို့သော်လည်း ထိုရွာသားများ အဖို့မူ၊ ထိုဆေးပင်များသည် သူတို့ ဝင်ငွေများ၏ အဓိက အရင်းအမြစ်များ ဖြစ်ကြသည်။
"သူတို့က သေရမှာကို မကြောက်ကြတာ မဟုတ်ပေမဲ့၊ ရှင်သန်ဖို့အတွက် ဖိအားနဲ့ စိတ်ဆန္ဒတို့က သေမင်းနဲ့ အန္တရာယ်တို့ကို ကြောက်ရွံ့ခြင်းကို လွှမ်းမိုးသွားနိုင်ခဲ့တာ" ခန်းနန်ဟွာက သူ၏ခေါင်းကို ခါလိုက်သည်။ "ဒါမှမဟုတ် သူတို့က အဲ့ဒီနေရာမှာ ကံကောင်းမှုတွေနဲ့ ကြုံနိုင်တယ်လို့ ယုံကြည်နေကြတာလဲ ဖြစ်နိုင်တာပဲ"
"ဒါက လူသားတွေက ဒီကနေ့ထိတိုင်အောင် ရှင်သန်ကြီးပွားလာခြင်းရဲ့ အကြောင်းရင်း မဟုတ်ဘူးလား?" လင်းဖုန်းက စိတ်တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "မင်းနဲ့ငါဆိုရင်လည်း၊ ငါတို့က ကျင့်ကြံကြတယ်၊ တာအိုတွေကို ရှာဖွေကြတယ်၊ ဒါတွေက အတူတူပဲ မဟုတ်လား?"
"ဟုတ်ပါတယ်။ သူတို့က သေခြင်းနဲ့ ရှင်ခြင်း အကြားမှာ ရုန်းကန်လှုပ်ရှားနေကြတာကို ကြည့်ခြင်းအားဖြင့်၊ ကျွန်တော့်အပေါ်မှာ သက်ရောက်မှု ကြီးမားစွာ ရှိခဲ့ပါတယ်" ခန်းနန်ဟွာက ခေါင်းညိတ်လိုက်သည်။
"ပြောရတာ ရှက်စရာ ကောင်းပေမဲ့၊ ဒီမတိုင်ခင်ကဆိုရင် ကျွန်တော်က ကျင့်ကြံမှုနဲ့ တာအိုဝါဒမှာသာ ဘဝတစ်ခုလုံးကို မြှုပ်နှံထားခဲ့ပြီး၊ ဒီလိုမျိုး အတွေ့အကြုံတွေ သိပ်မရှိခဲ့ဘူး။ ဒါကြောင့်ပဲ ကျွန်တော်က ရွှေရောင်ဗဟိုချက်ကို ဖော်ဆောင်တဲ့ အခါမှာ တစ်ဆို့ကြန့်ကြာ စေတဲ့ အရာတွေကို ကြုံတွေ့ခဲ့တာပဲ ဖြစ်လိမ့်မယ်"
သူသည် အတိတ်ကို ပြန်တွေးကာ တစ်သသ ဖြစ်နေခဲ့သည်။ နာကျင်မှုများ တဖြည်းဖြည်း ပြယ်လွင့်သွားကာ၊ နွေးထွေးမှု၊ ပျော်ရွှင်မှုများနှင့် အစားထိုးလာခဲ့သည် - တွေ့ရခဲသော မြင်ကွင်းဖြစ်သည်။
"ကျွန်တော်ကလည်း ရွာသားတွေရဲ့ ရှင်ခြင်းနဲ့ သေခြင်းတို့ကို အနီးကပ် လျှောက်လှမ်းနေရတဲ့အခါမှာ၊ သူတို့ရဲ့ ကြောက်စိတ်နဲ့ သတ္တိတို့ကို အနီးကပ် အတွေ့အကြုံ ယူချင်နေတဲ့ အတွက်၊ အဲ့ဒီရွာမှာ အခြေချလိုက်တယ်။ ပြီးတော့ ကျွန်တော်က သူတို့ကို ချီကျင့်ကြံမှု နည်းစနစ် အချို့ကို သူတို့ကို သင်ပေးခဲ့တယ်။ သူတို့ အတော်များများက ကျင့်ကြံမှုတွေ ပြုလုပ်ဖို့ ပါရမီ မပါလာကြပေမဲ့၊ အနည်းဆုံးတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို သန်မာလာအောင် လေ့ကျင့်နိုင်ပြီး၊ တောနက်တွေထဲမှာ အသက်ရှင်နိုင်အောင် အထောက်အကူ ဖြစ်တာပေါ့"
"ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ မှော်စွမ်းအင်တွေ၊ စွမ်းအားတွေကို လုံးဝသိမ်းထားလိုက်ပြီး၊ ချောက်ကမ်းပါးတွေကို တွယ်တက်ပြီး၊ ဆေးပင်တွေကို လိုက်ရှာခဲ့တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် လုံးဝသေပြီလို့ တွက်လိုက်ရတဲ့ အချိန်အချို့လည်း ရှိခဲ့ဖူးတယ်" ခန်းနန်ဟွာက ပြောလိုက်၏။
လင်းဖုန်းက ပြုံးလိုက်သလို၊ ခန်းနန်ဟွာ၏ နှုတ်ခမ်းများမှာလည်း အပေါ်သို့ ကွေးသွားခဲ့သည်။ "ရွာထဲက လူတွေအားလုံးနီးပါးက တာအိုနည်းစနစ်တွေကို သင်ယူဖို့ ပါရမီတွေ ပါမလာကြဘူး။ ကျွန်တော် သင်ပြပေးခဲ့တဲ့ ချီလေ့ကျင့်မှု နည်းစနစ်တွေက၊ သူတို့ရဲ့ အသွေးအသားတွေ သန်စွမ်းဖို့သာ အထောက်အကူ ဖြစ်ခဲ့တယ်"
"ချွင်းချက်က ခုနှစ်နှစ်အရွယ် ကောင်မလေးတစ်ယောက်ပဲ။ ရွာလေးတွေက ကောင်မလေးတွေမှာ နာမည်အရင်းတွေ မရှိကြဘူး။ ရွာသားတွေက သူမကို မောက်ယာလို့ ခေါ်ကြတယ်။ မောက်ယာက တာအိုနည်းစနစ်တွေကို အတော်လေး လွယ်ကူစွာနဲ့ သဘောပေါက် နားလည်နိုင်တယ်၊ သူမဟာ ပါရမီ အတော်အသင့် ပါလာတယ်"
သူ၏ မသိစိတ်ထဲမှ လင်းဖုန်းသည် နားလည်သဘောပေါက်လာခဲ့ကာ သက်ပြင်းချလိုက်သည်။ "ကြည့်ရတာတော့ ဒီကောင်မလေးက ခန်းနန်ဟွာရဲ့ စိတ်ထဲက အနှောင်အထုံး ဖြစ်လိမ့်မယ်"
သူတွေးနေစဉ်မှာပင် ခန်းနန်ဟွာသည် စိတ်ညှိုးငယ်သည့်ပုံ ပြန်ပေါက်သွားခဲ့သည်။ "ကျွန်တော်က အဲ့ဒီရွာလေးမှာ နေစဉ်က မောက်ယာရဲ့အိမ်မှာ နေခဲ့တာ။ မောက်ယာရဲ့ မိဘနှစ်ပါးစလုံးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကွယ်လွန်သွားကြပြီ။ ဒါပေမဲ့လည်း သူမက စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ကြိုးစားရှင်သန်နေခဲ့တယ်။ သူမက ချောက်ကမ်းပါးတွေကနေ ဆေးပင်တွေ ဘယ်လိုစုဆောင်းသလဲ ဆိုတာကို ကျွန်တော့်ကို ပထမဦးဆုံး သင်ပေးတဲ့သူလည်း ဖြစ်တယ်"
"ကျွန်တော်တို့က ဆရာတပည့်တွေဆိုလဲ ဟုတ်တယ်၊ မိတ်ဆွေတွေဆိုလဲ မှန်တယ်။ ကျွန်တော်က သူမကို တာအိုနည်းစနစ်တွေ သင်ပေးတယ်၊ သူမက ကျွန်တော့်ကို မှော်စွမ်းအင်တွေ မသုံးပဲ မတ်စောက်တဲ့ တောင်တွေအပေါ်ကို ဘယ်လိုတက်ရမလဲ ဆိုတာကို သင်ပေးတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် အဖော်ပြုပြီး ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တာ၊ တစ်နှစ်လောက် ကြာသွားခဲ့တယ်"
လင်းဖုန်းသည် ခန်းနန်ဟွာအား ကောင်မလေးကို မုန့်ပေးကြိုက်သူဟု စချင်နေခဲ့သော်လည်း၊ သူ၏လက်ရှိ စိတ်အခြေအနေကို ကြည့်လိုက်ကာ၊ ပါးစပ်ကို ထိန်းထားလိုက်သည်။
ထို့အပြင် သူသည် ခန်းနန်ဟွာနှင့် ထိုကောင်မလေးတို့၏ ဆက်ဆံရေးသည် အသက်ကို ထည့်မတွက်လျှင်ပင်၊ ရိုးရှင်းသော မိတ်ဆွေဆက်ဆံရေးဟု ပြောနိုင်နေသည်။ သို့မဟုတ် ဦးကြီးက တူမလေးကို ချစ်မြတ်နိုးစွာ စောင့်ရှောက်သည့်ပုံစံမျိုး ဖြစ်သည်။
"နောက်ပိုင်းမှာ ဘာဖြစ်သွားလဲ?" လင်းဖုန်းက တိတ်ဆိတ်စွာဖြင့် မေးလိုက်သည်။
နောက်ပိုင်းမှာ?" ခန်းနန်ဟွာ၏ မျက်နှာသည် ပိုပို၍ မည်းမှောင်လာခဲ့ကာ၊ စကားလုံးများကို တီးတိုးရေရွတ်နေခဲ့သည်။ "တစ်နေ့မှာ ကျွန်တော်နဲ့ မောက်ယာတို့ ဆေးပင်တွေ စုဆောင်းပြီး ပြန်အလာမှာ၊ ရွာက ဓားပြတွေရဲ့ ဖျက်ဆီးခြင်း ခံထားရတာကို တွေ့လိုက်ရတယ်"
"ဒီဓားပြတွေရဲ့ ခေါင်းဆောင်က ချီသာဝကအဆင့်က ကျင့်ကြံသူ တစ်ယောက်ပဲ။ သူတို့က မှာသွားတယ်။ ရွာသားတွေ စုဆောင်းလို့ရသမျှ ဆေးပင်တွေကို သူတို့ကို ဆက်သရမယ်၊ မလိုက်နာရင်တော့ သူတို့က တစ်ရွာလုံးကို သတ်ပစ်မယ်လို့ ပြောသွားတယ်"
"ကျွန်တော်က အဲ့ဒါကို ကြားလိုက်ရတော့၊ ဒီဓားပြစခန်းကို ချက်ချင်းသွားရှာဖို့ ကြိုးစားခဲ့တယ်" ခန်းနန်ဟွာက ပြောလိုက်သည်။
သူ၏မျက်စိထဲမှ နာကျင်မှုသည် ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ "အဲ့ဒီအချိန်တုံးက မောက်ယာက ကျွန်တော့်ကို ရွာက တစ်ခုခု ဖြစ်နိုင်သလားလို့ မေးခဲ့တယ်။ သူမက အရမ်းကြောက်နေတယ်လို့လည်း ပြောတယ်။ အရမ်းကြောက်နေခဲ့တယ်"
"ကျွန်တော်က သူမကို ဘာမှ မဖြစ်ပါဘူးလို့ ပြန်ဖြေခဲ့တယ်၊ သူတို့က ဘာမှ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်က အားလုံးကို ကာကွယ်ပေးမှာပါလို့ ပြန်ပြောခဲ့တယ်"
လင်းဖုန်း၏ မျက်လုံးသူငယ်အိမ်တို့မှာ ကျဉ်းမြောင်းသွား၍ ခန်းနန်ဟွာအား စိုက်ကြည့်နေလိုက်သည်။ ခန်းနန်ဟွာ၏ စရိုက်ကို သိနေသဖြင့်၊ သူသည် မောက်ယာအား ကတိပေးခဲ့ခြင်း ဖြစ်သည်ဟု သိလိုက်သည်။
ခန်းနန်ဟွာ အနေနှင့် သူ၏ ကတိသစ္စာကို စောင့်ထိန်းခြင်းသည် သူ၏ ကိုယ်ကျင့်တရား ဖြစ်သည်။ သူလုံးဝ ဖြတ်ကျော်မည် မဟုတ်သော မျဉ်းနီတစ်ကြောင်း ဖြစ်သည်။
သို့သော်လည်း ဒါသည် အများအားဖြင့်၊ သူ၏ နာကျင်ခံစားရခြင်းများ၏ အကြောင်းရင်းလည်း ဖြစ်သည်။
သူစဉ်းစားနေဆဲမှာပင် ခန်းနန်ဟွာက ဆက်ပြောလိုက်၏။ "ကျွန်တော်က ဒီဓားပြတွေကို တွေ့လိုက်ရတော့၊ သူတို့ဟာ မတရားမှု မှန်သမျှကို လုပ်ကြတဲ့သူတွေ ဆိုတာကို တွေ့လိုက်ရတယ်။ သူတို့အတွက် လူသတ်လုယက်မှုတွေက ထမင်းစားရေသောက်ပဲ။ ဒါကြောင့်ပဲ ကျွန်တော်က သူတို့သွားသင့်တဲ့လမ်းကို ပို့ပေးလိုက်တယ်"
"သူတို့က နောက်ပိုင်းမှာ ရွာသားတွေကို ပြန်ပြီးလက်စားချေမှာ စိုးတာနဲ့၊ ကျွန်တော်က ဒီနေရာ တစ်ခုလုံးကို သေချာစစ်ဆေးပြီး တစ်ယောက်မှ မလွတ်သွားအောင် ဂရုစိုက်ပြီးမှ ရွာကို ပြန်လာခဲ့တယ်"
ဒီအထိပြောပြီးမှ၊ ခန်းနန်ဟွာသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
လင်းဖုန်းသည်လည်း ဘာမှမပြောခဲ့ပေ။ သူတို့နှစ်ယောက်သားသည် ထိုင်နေလျှက် တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာနှင့် ကြည့်နေကြသည်။ အတန်ကြာအောင် ငြိမ်သက်သွားပြီးမှသာ၊ ခန်းနန်ဟွာ၏ အသံတိုးတိုးလေးသည် ဂူအတွင်းတွင် ပျံ့လွင့်လာခဲ့သည်။ ခံစားမှု လုံးဝကင်းမဲ့နေသော အသံသေတစ်ခုဖြစ်သည်။ ဝမ်းနည်းရလွန်း၍ ထုံကျင်သွားခြင်း ဖြစ်သည်။
"ရွာက ပျက်စီးသွားပြီ။ အကုန်လုံး သေကုန်ကြတယ်။ မောက်ယာလည်း အပါအဝင်ပေါ့။ ကျွန်တော်က သူမရဲ့ ပွင့်နေတဲ့ မျက်လုံးတွေကို ကြည့်မိတယ် - သူမရဲ့ မျက်လုံးတွေ အထဲမှာ မျှော်လင့်ချက်တွေကို တွေ့နေရတယ်။ ကျွန်တော်သိတယ်၊ ကျွန်တော်က မျှော်လင့်ချက် ဖြစ်တယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာ ကျွန်တော်က သူမကို စိတ်ပျက်စေခဲ့တယ်"
ဂူအတွင်းတွင် ထပ်ဖန်တစ်ခါ လုံးဝတိတ်ဆိတ်သွားခဲ့သည်၊ အသက်ရှူသံပင် မကြားရတော့ချေ။
လင်းဖုန်းသည် အချိန်အတော်ကြာ ငြိမ်သက်သွားပြီးမှ ပြောလိုက်သည်။ "ဒါက မတော်တဆ ဖြစ်သွားတာပဲ။ ဒီရွာကို ရွာလုံးကျွတ် သတ်သွားတဲ့ သူတွေက မင်းသွားရှာတဲ့ ဓားပြတွေ ဖြစ်ချင်မှ ဖြစ်မှာ၊ သူတို့က ဘာမှမဆိုင်တဲ့ သူတွေလည်း ဖြစ်နိုင်တာပဲ"
ကျောက်ရုပ်အလား ဖြစ်နေခဲ့သော ခန်းနန်ဟွာ၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် လှုပ်လာခဲ့ကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့၊ ကျွန်တော်ကလည်း ဒီအတိုင်းပဲ ထင်ခဲ့တာပဲ"
လှုပ်ရှားလိုက်သော်လည်း လင်းဖုန်းသည် ခန်းနန်ဟွာထံတွင် အသက်ဝင်မှုကို မခံစားခဲ့ရပေ၊ သူ၏ အသက်မပါသော အသံသည်သာ ဂူအတွင်းတွင် ကြားနေရ၏။ "ဒါပေမဲ့ သူတို့က ပတ်သတ်မှု ရှိရှိ မရှိရှိ၊ နောက်ဆုံးရလဒ်က အတူတူပဲ မဟုတ်လား? မောက်ယာက သေသွားတယ်။ ရွာသားတွေ အားလုံးလည်း သေသွားတယ်"
"ပြီးတော့ ကျွန်တော်က သူကဘယ်သူလဲ ဆိုတာကိုတောင် မသိခဲ့ဘူး။ သူတို့အတွက် လက်စားတောင် မချေပေးနိုင်ခဲ့ဘူး" ခန်းနန်ဟွာ၏ မျက်လုံးအစုံသည် မှိတ်သွားခဲ့သည်။ "ဒီလူနဲ့ ကျန်းလေ - သူတို့နှစ်ယောက်စလုံးဟာ ကျွန်တော့်ရဲ့ စိတ်တွင်းက မိစ္ဆာစိတ်ရိုင်းတွေပဲ"
လင်းဖုန်းက ခန်းနန်ဟွာအား စိုက်ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ မောက်ယာနှင့် ကျန်သောသူများ အသတ်ခံလိုက်ရခြင်း၊ ကျန်းလေက ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက သူများကို လူသားယဇ်ပူဇော်သူများ အဖြစ် အသုံးချလိုက်ခြင်း - ထိုနှစ်ခေါက်သည် ခန်းနန်ဟွာ၏ ဘဝတွင် တစ်စုံတစ်ယောက်ကို ကတိပေးထားပြီး၊ မထိမ်းသိမ်းနိုင်သော ကတိများ ဖြစ်ပေလိမ့်မည်။
သူသည် ခန်းနန်ဟွာအား ဆေးဝါးတစ်ရာဂိုဏ်းတွင် တစ်ခေါက်ပြန်တွေ့သည့်အခါ၊ သူသည် စိတ်ဓာတ်ကျကာ ညှိုးငယ်နေသည်မှာ အထူးအဆန်း မဟုတ်ပေ။
မောက်ယာနှင့် ကျန်သောသူများ၏ အဖြစ်အပျက် အပြီးတွင်၊ သူသည် ဒါသည် ပထမဆုံး အကြိမ်ဖြစ်သလို၊ နောက်ဆုံးအကြိမ် ဖြစ်မည်၊ တစ်ခေါက်တည်းသော အကြိမ်ဖြစ်မည်ဟု သစ္စာဆိုကောင်း ဆိုခဲ့မည်ဖြစ်သည်။
သို့သော်လည်း ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းမှ လူသားယဇ်ပူဇော်မှုသည်၊ သူ၏ အနာအား ဆားသိပ်လိုက်သလို ဖြစ်ခဲ့သည့်အပြင်၊ ခန်းနန်ဟွာ၏ ယုံကြည်မှုနှင့် စိတ်ဓာတ်တို့ကို ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း ဒီတစ်ခေါက်တွင် ကံကောင်းသည်မှာ၊ ပစ်မှတ်ဖြစ်သူ၏ နာမည်နှင့် ကျောထောက်နောက်ခံကို သိခြင်းဖြစ်သည်။ ဒေါသနှင့် အမုန်းတရားတို့သည် ခန်းနန်ဟွာအား စိတ်ထဲမှနေ၍ ဖိအားပေးနေ၏။ သို့မဟုတ်လျှင် သူသည် ဝိညာဉ်ကို မဖော်ဆောင်နိုင်ရုံတင် မကပဲ၊ ကျင့်ကြံမှု အဆင့်ပါ လျော့ကျသွားနိုင်သည်ဟု လင်းဖုန်းက ယူဆနေခဲ့သည်။
အချို့လူများ၏ အမြင်အရဆိုလျှင်၊ ခန်းနန်ဟွာသည် အသေးအဖွဲလေးကို ပုံကြီးချဲ့နေသည်၊ မိမိနှင့် မဆိုင်သော ဝန်ထုပ်ဝန်ပိုးတို့ကို ဝင်ထမ်းနေသည်ဟု ထင်ကြမည် ဖြစ်သည်။
သို့သော်လည်း လူတိုင်းသည် ကွဲပြားကြ၏။ လူတစ်ယောက်ချင်းဆီတွင် သူ၏ ကိုယ်ပိုင်လမ်းကြောင်း၊ ကိုယ်ပိုင် ကိုယ်ကျင့်တရား၊ ကိုယ်ပိုင် ခံယူချက်များ ရှိကြပေသည်။ သူတစ်ပါးက နားမလည်နိုင်သည့် ကိုယ်ပိုင်ယုံကြည်ချက်များ ရှိကြပေသည်။
လင်းဖုန်းသည် မတ်တတ်ရပ်လိုက်ကာ၊ ခန်းနန်ဟွာဆီသို့ လျှောက်သွားလိုက်ပြီး သူ၏ပုခုံးကို ဖွဖွလေး ပုတ်လိုက်သည်။ "ငါကမင်းကို 'နောက်ကို ပြန်မကြည့်နဲ့' ဆိုပြီးတော့ မဟုတ်တရုတ် အကြံတွေ ပေးမှာတော့ မဟုတ်ဘူး။ နောက်ကို ပြန်ကြည့်တာက အမှားမဟုတ်ဘူး၊ ဒါပေမဲ့ အဲ့ဒါကြောင့် ကိုယ့်ရဲ့ လမ်းကြောင်းတွေကို မရပ်တန့်စေနဲ့ပေါ့"
"မင်းက နောက်ကြောင်းကို ပြန်တွေးနေပြီး မျက်စိတွေက အတိတ်ကို ရောက်နေရင်တောင်၊ မင်းရဲ့ ခြေထောက်တွေက အရှေ့ကို ဆက်လှမ်းနေရမယ်။ အတိတ်က နောင်တတွေကို ထပ်ခါထပ်ခါ ပြန်မဖြစ်စေနဲ့၊ ဒီလိုမျိုး ရိုးရှင်းတဲ့ နီတိကို မင်းနားလည်လိမ့်မယ်လို့ ငါက ယုံကြည်ပါတယ်"
ခန်းနန်ဟွာသည် အချိန်အတန်ငယ်မျှ ငြိမ်သက်သွားခဲ့ပြီး၊ ခေါင်းညိတ်လိုက်ကာ ထရပ်လိုက်သည်။ "ကျွန်တော်က နားလည်ပါပြီ။ အရှင့်ကို ဒီကနေ့မှာ ဒုက္ခပေးရတဲ့အတွက် ဝမ်းနည်းပါတယ်"
လင်းဖုန်းက ပြုံးလိုက်ကာ သူ၏ခေါင်းကို ခါလိုက်သည်။ အတွေးတစ်ခုက ခေါင်းထဲကို ဝင်လာခဲ့ကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် အနေနှင့် ပြုံးလိုက်သည်။ "ဒီနေ့က ဘာမှားနေတာလဲ? တစ်ယောက်ပြီးတစ်ယောက် စိတ်ပြဿနာတွေနဲ့ ကြုံနေရတယ်။ မင်းတို့က တစ်အုပ်စုတည်းလား၊ ဘယ်လိုလား?"
ခန်းနန်ဟွာအား နှုတ်ဆက်ပြီးနောက်တွင်၊ လင်းဖုန်းသည် ဂူအတွင်းမှ ထွက်လာခဲ့ကာ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အထဲသို့ ဝင်လိုက်သည်။ ထိုနေရာတွင် ဇူရီသည် ဟင်းလင်းပြင်အား တွေတွေကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေတော့သည်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu