အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
ရှင်းယွင်တောင်ထိပ်၏ မြောက်ပိုင်းတွင် ကျယ်ပြန့်သော မြေပြင်တစ်ခုရှိ၏။ ထိုမြေပြင်အတွင်းတွင် ရေအိုင်ငယ်လေး တစ်ခု ရှိသည်။
ထိုရေအိုင်ငယ်လေး၏ အလယ်တွင် ဧရာမ ကြိုးကြာကြီးများသည် နားနေကြသည်။ ထိုကြိုးကြားများကို ခေါင်းဖျားမှ မြေကြီးသို့ တိုင်းတာခဲ့လျှင်၊ အားလုံးသည် သုံးမီတာကျော် ရှိကြ၏။ သူတို့သည် မျိုးနွယ်တူများထက် ပိုပြီးတော့ များစွာကြီးမားကြကာ၊ စီးနင်း၍ပင်ရသည်။
သူတို့၏ အမွေးအတောင် ထိပ်ဖျားများသည် မီးလျှံရောင်ရောင် သန်းနေကြ၏။ သူတို့သည် ရှင်းယွင်တောင်ထိပ်တွင် နေထိုင်ကြသော ငှက်မျိုးနွယ်စု ဖြစ်ကြသော၊ အနီရောင်ငှက်တောင် ကြိုးကြာများ ဖြစ်ကြပေသည်။
ထိုအနီရောင်ငှက်တောင် ကြိုးကြာများသည် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်ဝနေ၏။ သူတို့၏ ခန္ဓာကိုယ်များထဲတွင် မှော်စွမ်းအင် များစွာတို့သည် စီးဆင်းနေကြသည်။ မပျံနိုင်သေးသော ငှက်ပေါက်စလေးများမှ လွဲ၍၊ ကျန်သောကြိုးကြာ အများစုတို့မှာ၊ လူသားမျိုးနွယ်စုတို့၏ အခြေခံအုတ်မြစ် အဆင့်ဖြစ်သော မိစ္ဆာဗိုလ်ချုပ် အဆင့်တွင် ရှိကြလေသည်။
သူတို့၏ အထဲတွင် အချို့မှာ မိစ္ဆာဆေးလုံးကို ဖော်ဆောင်နိုင်ကြကာ၊ မိစ္ဆာအုပ်ချုပ်သူ အဆင့်သို့ ရောက်နေကြပြီ ဖြစ်သည်။ ဤကြိုးကြာအုပ်စုတို့၏ ခေါင်းဆောင်မှာ အလွန်ကို အစွမ်းထက်သော မိစ္ဆာအုပ်ချုပ်သူ ဖြစ်ပြီး၊ မိစ္ဆာဝိညာဉ်ကို ဖော်ဆောင်၍ မိစ္ဆာသခင် အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ကြိုးကြာခေါင်းဆောင်သည် သူ၏ တိရိစ္ဆာန်အုပ်ကို အေးအေးဆေးဆေး ကြည့်နေခဲ့ရင်၊ နှလုံးခုန်တစ်ချက် မှားသွားခဲ့သည်။ သူသည် သူ၏ခေါင်းကို မော့လိုက်ကာ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီး၊ သူ၏အာရုံတို့ကို အစွမ်းကုန် စုစည်းလိုက်သော်လည်း ဘာကိုမှ ရှာဖွေမတွေ့ရှိခဲ့ပေ။
"ငါကပဲ အစိုးရိမ်လွန်နေတာလား?" အနီရောင်ငှက်တောင် ကြိုးကြာခေါင်းဆောင်သည် သူ၏ လည်ပင်းရှည်ကြီးကို ခါယမ်းလိုက်သည်။ သို့သော်လည်း သူ၏စိတ်အတွင်းမှ မသက်မသာ ခံစားနေရမှုတို့သည် မပျောက်ကွယ်သွားသေးချေ။ "ဟိုကလေးလေးနဲ့ တောက်တီမ ပေါက်စလေးကို အပြစ်တင်ရမှာပဲ!"
သူ့အုပ်စုထဲမှ ပြန်ပေးအဆွဲခံလိုက်ရပြီး၊ ပြန်ပေါ်မလာကြသော ကြိုးကြာခြောက်ကောင်တို့အား တွေးလိုက်မိသောအခါ၊ ကြိုးကြာခေါင်းဆောင်သည် ကြောက်ရွံ့မှုကြောင့် တုန်ခါသွားခဲ့သည်။ တစ်ဘက်အုပ်စုတွင် တောက်တီတစ်ကောင် ရှိနေခြင်းမှာ၊ စိုးရိမ်ဖွယ်ရာ ကောင်းလှသည်။ သူ၏ အပေါင်းအဖော် ခြောက်ကောင်တို့သည် လုံးဝပြန်ပေါ်လာလိမ့်မည် မဟုတ်ဟု၊ နိမိတ်မကောင်းစွာ ခံစားနေရပေသည်။
ပြန်ပေးဆွဲသွားသူများသည် သူတို့အား စီးနင်းရန်မဟုတ်ပဲ၊ စားသုံးဖို့ ဖြစ်နိုင်ချေမှာ အလွန်များပေသည်။
"အလင်းဓားမြန်ဂိုဏ်းက ဘာအကွက်တွေ လုပ်နေတာလဲ? သူတို့က ငါတို့ကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဆက်ဆံနေရတာလဲ?" အနီရောင်ငှက်တောင် ကြိုးကြာခေါင်းဆောင်သည် ခံပြင်းဒေါသ ထွက်လာခဲ့သည်။ သူကတွေးနေခဲ့သည်။ "မဖြစ်ဘူး၊ ငါ့ရဲ့ အပေါင်းအဖော်တွေကို အမြဲတမ်း သတိထားဖို့ သတိပေးထားမှ ဖြစ်မယ်။ ရေကန်အနားမှာ လျှောက်မသွားဖို့၊ တစ်ကောင်ထဲ မနေကြဖို့"
သူစဉ်းစားနေဆဲမှာပင် တစ်စုံတစ်ခုက လွဲမှားနေသည်ဟု ခံစားမိလိုက်ရ၏။ အောက်ကိုငုံ့၍ ကြည့်လိုက်ရာ၊ လန့်၍ သေတော့မလို ဖြစ်သွားခဲ့သည်။
သူ၏အရှေ့တွင် အသက် ၁၁နှစ်၊ ၁၂နှစ်ခန့်သာ ရှိဦးမည့် ခရမ်းရောင်အင်္ကျီနှင့် ဆယ်ကျော်သက် တစ်ယောက်က ရပ်နေခဲ့ကာ၊ သူ့ကို စပ်ဖြီးဖြီးဖြင့် ကြည့်နေခဲ့သည်။
အနီရောင်ငှက်တောင် ကြိုးကြာခေါင်းဆောင်သည် ချက်ချင်းအော်ဟစ်ရန် ကြိုးစားလိုက်သည်။
ထိုခရမ်းရောင် အင်္ကျီနှင့် ဆယ်ကျော်သက်လေးမှာ ရှောင်ပုတန်လေးမှလွဲ၍ အခြားမဟုတ်ချေ။ သူသည် ကြိုးကြာခေါင်းဆောင်၏ သေးသွယ်ရှည်လျှားသော နှုတ်ခမ်းကို လျှင်မြန်စွာနှင့် အုပ်ကိုင်လိုက်သည်။ သူသည် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ကာ၊ ငှက်၏နှုတ်ခမ်းအား ပေးမဖွင့်ခဲ့ပေ။
အနီရောင်ငှက်တောင် ကြိုးကြာခေါင်းဆောင်သည် မည်းပြာသွားခဲ့သည်။ သူသည် အချိန်မရွေး လက်တုံ့ပြန်နိုင်ရန် အသင့်ပြင်လိုက်သည်။ သူတို့သည် တိုက်ပွဲတိုက်ခိုက်ရာတွင် ကျွမ်းကျင်သူများ မဟုတ်ကြသော်လည်း၊ သူ၏စွမ်းအားမှာ မိစ္ဆာအုပ်ချုပ်သူ အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်သဖြင့်၊ သူသည် ရှောင်ပုတန်လေးဟာ မနိုင်မယူနိုင်ပင်လျှင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်လေသည်။
အခြားသော အနီရောင်ငှက်တောင် ကြိုးကြာတို့သာ သိသွားခဲ့ပါက၊ ဤနေရာကို တာဝန်ယူရသော အလင်းဓားမြန်ဂိုဏ်း၏ တပည့်သည်လည်း သိသွားပေမည်။ ထိုအခါတွင် အဖြေသည် တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်၏။
သို့သော်လည်း အနီရောင်ငှက်တောင် ကြိုးကြာခေါင်းဆောင်က တုံ့ပြန်မည်ဟု ပြင်လိုက်သည့်အချိန်တွင်၊ သူ၏ မိစ္ဆာစွမ်းအားများမှာ မြေစေးနှင့် ပြုလုပ်ထားသော နွားထီးတစ်ကောင်က ပင်လယ်အတွင်းသို့ ဆင်းသွားသကဲ့သို့ ပျောက်သွားခဲ့ကာ၊ လုံးဝပြန်ပေါ်မလာတော့ချေ။ သူသည် ဘာအကျိုးသက်ရောက်မှုကိုမှ မပြုလုပ်နိုင်ခဲ့ပဲ၊ ရုတ်ရုတ်သဲသဲလည်း မလုပ်နိုင်ခဲ့ပေ။
သူသည်နောက်တစ်ခေါက် သေချာစွာ ကြည့်လိုက်သည်။ ယခုတစ်ခေါက်တွင် ပါးစပ်အကျယ်ကြီးဟကာ တစ်စုံတစ်ခုကို ရှူရှိုက်နေပုံပေါက်နေသည့်၊ ချစ်စရာကောင်းသည့် ကောင်မလေး တစ်ယောက်အား တွေ့လိုက်ရ၏။
ထိုကောင်မလေးကို တွေ့လိုက်ရသောအခါ၊ ကြိုးကြာခေါင်းဆောင်သည် ရှောင်ပုတန်လေးကို တွေ့သည်ထက်ပင် ပို၍ထိတ်လန့်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ကြိုးကြာတို့ကို အရိုးပါမကျန် မျိုချတတ်သည့်၊ တောက်တီမလေး ထွမ်းထွမ်းဖြစ်နေ၍ ဖြစ်သည်။
အနီရောင်ငှက်တောင် ကြိုးကြာခေါင်းဆောင်၏ မိစ္ဆာစွမ်းအင်တို့မှာ ထွမ်းထွမ်း၏ အဆက်မပြတ် ဝါးမျိုခြင်းကို ခံနေရ၏။ သူသည် ရုန်းကန်ရန် ကြိုးစားခဲ့သော်လည်း၊ ရှောင်ပုတန်လေး၏ အခြားလက်တစ်ဖက်မှာ သူ၏ကိုယ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
သူ၏ တစ်ကိုယ်လုံးတွင် ပြင်းထန်သော လျှပ်စစ်စီးကြောင်းများက စီးဝင်လာခဲ့သည်။ သူသည် ဓာတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ တစ်ကိုယ်လုံး အဆက်မပြတ် တုန်ခါနေခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှာ ထုံကျဉ်နေသကဲ့သို့ ခံစားနေရပြီး၊ လှုပ်ရှားရန် မပြောနှင့် အားတစ်စက်မှပင် ထုတ်၍မရတော့ချေ။
ထိုအချိန်တွင် ထွမ်းထွမ်းပြောလိုက်သော စကားတစ်ခွန်းကြောင့်၊ အနီရောင်ငှက်တောင် ကြိုးကြာခေါင်းဆောင်၏ စိတ်ဓာတ်မှာ အောက်ဆုံးသို့ ပြုတ်ကျသွားရလေသည်။ "ဒီကောင်ကြီးက အနီရောင်ငှက်တောင် ကြိုးကြာတွေထဲမှာ အရသာအရှိဆုံး ဖြစ်မယ်။ သူဆီမှာ စိတ်ဝိညာဉ် စွမ်းအင်တွေ အများဆုံးရှိတယ်"
ရှောင်ပုတန်လေးက ပြန်ပြောလိုက်သည်။ "ဒါကလည်း နည်းသေးတယ်၊ ငါက ပိုလိုတယ်။ နောက်ထပ် ထပ်ဖမ်းရဦးမယ်" စကားပြောနေရင်း သူသည် လျှပ်စစ်ဗို့အားကို တိုးမြှင့်လိုက်သည်။
ကြိုးကြာခေါင်းဆောင်၏ မျက်လုံးတို့မှာ ချာချာလည်သွားခဲ့ကာ၊ ခေတ္တခဏ မူးမေ့သွားခဲ့သည်။ သူ၏အသိစိတ် ပျောက်ကွယ်မသွားခင်၊ သူ၏ခေါင်းထဲမှ နောက်ဆုံးအတွေးလေးမှာ၊ "အလင်းဓားမြန်ဂိုဏ်းက ကောင်စုတ်တွေ၊ မင်းတို့က ဝံပုလွေတွေကို ငါ့အိမ်ထဲကို ခေါ်လာခဲ့တယ်!"
ကြိုးကြာခေါင်းဆောင်ကို သတိမေ့အောင် လုပ်အပြီးတွင်၊ ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့သည် မိစ္ဆာအုပ်ချုပ်သူ အဆင့်သို့ ရောက်နေပြီးသော အခြားအနီရောင်ငှက်တောင် ကြိုးကြာတို့ကို ဆက်လက်၍ ဖမ်းဆီးနေကြသည်။
ပြီးတာနှင့် သူတို့သည် မိစ္ဆာဗိုလ်ချုပ် အဆင့်ရှိ ကြိုးကြာများ အားလုံးကို ဖမ်းဆီးလိုက်ကြသည်။ နောက်ဆုံးတွင် သူတို့သည် အသိုက်အတွင်းမှ အပျံသင်စ ငှက်ငယ်များကိုပင် ဖမ်းဆီးချင်စိတ် ဖြစ်ပေါ်လာကြသည်။
"အကောင်ငယ်လေးတွေက စိတ်ဝိညာဉ် စွမ်းအင်တွေ မရှိသေးပေမဲ့၊ သူတို့ရဲ့ အသားတွေက အရည်ရွှမ်းတယ်" ထွမ်းထွမ်းသည် လောဘတက်လာ၍ အနီရောင်ငှက်တောင် ကြိုးကြာ တစ်ရာကျော်လုံးကို ဝါးမျိုချင်နေ၏။
ရှောင်ပုတန်လေးသည် ထွမ်းထွမ်းအား ပြင်းထန်စွာနှင့် ဝေဖန်လိုက်သည်။ "ဆရာကပြောထားတယ်၊ အကြင်နာသိပ်ပြီးတော့ မကင်းမဲ့ရဘူးတဲ့။ နည်းနည်းပါးပါးတော့ ချန်ထားမှဖြစ်မယ်"
"အနည်းဆုံးတော့ အလင်းဓားမြန်ဂိုဏ်းအတွက်၊ အကောင်ပေါက်စ အထီးတစ်ကောင်နဲ့ အမတစ်ကောင်တော့ ချန်ထားရမယ်။ ဒါမှ အနာဂတ်မှာ သူတို့က မျိုးပွားနိုင်မှာ"
ကံမကောင်းစွာနှင့် အမှန်တရားသည် မျှော်လင့်ချက်နှင့် ကွဲပြားခြားနားနေ၏။ သူတို့သည် အကောင်းမြင်လွန်နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြေတည် ဝိညာဉ် အဆင့်မှ မှော်စွမ်းအင်တို့သည် သူတို့အနားသို့ ရောက်လာကြသည်ကို မကြာမီတွင် သတိပြုမိလိုက်၍ ဖြစ်သည်။
သူတို့နှစ်ယောက်သည် အနီးသို့ ရောက်လာနေကြသော သူတို့ကို မကြောက်ကြသော်လည်း၊ အလင်းဓားမြန်ဂိုဏ်းမှ သူတို့သည် လင်းဖုန်းအား သူတို့၏ အပြုအမူများကို သွားတိုင်လိုက်မည်ကို စိုးရိမ်နေခဲ့သည်။ သူတို့၏ လုပ်ရပ်များကို အမြန်ရပ်လိုက်ကြကာ၊ သူတို့ ဖမ်းဆီးထားပြီးသည့် အနီရောင်ငှက်တောင် ကြိုးကြာ ဆယ်ကောင်ကျော်တို့နှင့် ထွက်ပြေးလာခဲ့ကြ၏။
သူတို့၏ နေထိုင်ရာ နေရာသို့ ပြန်ရောက်လာကြသော အခါတွင်၊ သူတို့သည် ရှောင်ယန်က သူတို့ကို ပြုံးဖြီးဖြီးဖြင့် စောင့်ကြိုနေသည်ကို တွေ့လိုက်ရ၏။
ရှောင်ယန်၏ အကြွင်းမဲ့မီးတောက် နှစ်ခုကို ပေါင်းစည်းခြင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားများကို မြင်တွေ့ရအပြီးတွင်၊ ထွမ်းထွမ်းသည် သူ့ကိုမြင်လိုက်တိုင်း ကြောက်စိတ်ပေါ်လာခဲ့၏။ ရှောင်ယန်၏ ပါရမီရှင်ဘဝမှ အရှုံးသမား ဘဝသို့ ရောက်ခဲ့ခြင်းသည် သူမ၏ အပြစ်မကင်းသည်ကို သူမက မမေ့သေးချေ။
"အစ်ကိုကြီး၊ အစ်ကိုကြီးက အရမ်းအားနေတာပေါ့လေ?" ရှောင်ပုတန်လေးသည် ရှောင်ယန်ဆီကို စပ်ဖြီးဖြီးဖြင့် လျှောက်သွားခဲ့သည်။ ရှောင်ယန်က သူ့ကို ခပ်တင်းတင်းဖြင့် စိုက်ကြည့်လိုက်ကာ၊ "ဟွန့်၊ မင်းက သူများတွေရဲ့ အနီရောင်ငှက်တောင် ကြိုးကြာတွေကို သွားခိုးနေတယ်ပေါ့?"
ရှောင်ပုတန်လေးက သူ၏နှုတ်ခမ်းအစုံကို တွန့်လိုက်ပြီး၊ "သူတို့ကို မွေးထားရတဲ့ ရည်ရွယ်ချက်က စားဖို့ပဲ မဟုတ်ဘူးလား?"
ရှောင်ယန်က ရှောင်ပုတန်လေး ခေါင်းကိုပုတ်လိုက်ပြီး၊ "ဘာမှ လျှောက်ပြောမနေနဲ့! သူများတွေက အနီရောင်ငှက်တောင် ကြိုးကြာတွေကို မွေးထားတာက စီးနင်းဖို့ကွ။ မင်းတစ်ယောက်ပဲ အကောင်ပလောင်တွေ တွေ့တာနဲ့ စားဖို့ပဲ ချောင်းနေတာ"
သူသည် သူ၏ခေါင်းကို စိတ်ပျက်လက်ပျက်ဖြင့် ခါလိုက်ကာ၊ "ဆရာက မင်းတို့နှစ်ယောက် ဒီလိုလုပ်မယ်ဆိုတာ ကြိုသိထားတယ်။ ဒါကြောင့် ငါ့ကို ဒီမှာလာစောင့်ခိုင်းထားပြီး၊ မင်းတို့ကို တွေ့တွေ့ချင်း ရှင်းယွင်တောင်ထိပ်ကို ခေါ်လာခိုင်းထားတယ်။ ဆရာက အလင်းဓားမြန် ဓားမာစတာကို နှုတ်ဆက်ပြီးရင်၊ သူက ငါတို့ကိုခေါ်ပြီး အိမ်ပြန်တော့မယ်"
ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့သည် အပြစ်ရှိစွာနှင့် ရယ်လိုက်ကာ၊ ရှောင်ယန်အနောက်ကို လိုက်လိုက်ပြီး ရှင်းယွင်တောင်ထိပ်သို့ ပြန်လာခဲ့ကြသည်။ ထိုနေရာတွင် လင်းဖုန်းသည် အလင်းဓားမြန် ဓားမာစတာနှင့် စကားပြောနေခဲ့သည်။ သူ၏အနောက်တွင် ကျဲယုနှင့် ယွဲ့ဟုန်ယန်တို့က ရပ်နေကြသည်။ အလင်းဓားမြန်ဓားမာစတာ၏ အနောက်တွင်မူ ခရမ်းရောင်တိမ်တိုက် ဂရန်းမာစတာနှင့် ကျန်သော အခြေတည် ဝိညာဉ် အဆင့်မှ ဂရန်းမာစတာတို့သည် ရပ်နေကြ၏။
လင်းဖုန်းသည် ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းကို မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။ ရှောင်ပုတန်လေးက သွားအစွမ်းကုန်ဖြဲကာ ပြုံးပြလိုက်သည်။ ထွမ်းထွမ်းသည် အနည်းငယ် ကသိကအောက် ဖြစ်သွား၏။ သူတို့သည် အလင်းဓားမြန်ဂိုဏ်း၏ အနီရောင်ငှက်တောင် ကြိုးကြာများကို သွားခိုးသည်ကို လင်းဖုန်းက မသိပဲနှင့် ဘယ်နေပါ့မည်နည်း?
"အလင်းဓားမြန်ဂိုဏ်းကတော့ ဒီတစ်ခေါက် သူတို့ရဲ့ တံခါးတွေကို ဖွင့်ပြီးတော့ သူခိုးတွေကို ကြိုဆိုမိတာပဲ" လင်းဖုန်းသည် မပျော်မရွှင် ဖြစ်နေသလို တစ်ချိန်တည်းမှာပင် ရယ်ချင်နေခဲ့၏။ သို့သော်လည်း သူသည် စိတ်ထဲမှာသာ ထားခဲ့ကာ၊ အလင်းဓားမြန် ဓားမာစတာနှင့် သာမန်အတိုင်းသာ စကားဆက်ပြောနေခဲ့သည်။
ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့၏ အနောက်တွင် ပေါ်လာသောသူမှာ၊ ဒေါသထွက်နေသော အနီရောင်တိမ်တိုက် ဂရန်းမာစတာဖြစ်သည်။ သူမသည် ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့ကို ကြည့်နေခဲ့ကာ၊ အသက်ပြင်းပြင်း ရှူနေခဲ့၏။
သူမ၏ အရှေ့တွင် ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့သည် သက်တောင့်သက်သာ ရှိနေကြ၏။ သူတို့သည် သူမကို ကလေးကဲ့သို့ မျက်လုံးဝိုင်းကြီးများနှင့် ကြည့်နေကြ၏။ သူတို့၏ အကြည့်တို့မှာ အပြစ်ကင်းစင်လှချေသည်။
အနီရောင်တိမ်တိုက် ဂရန်းမာစတာမှာ အမျက်ထွက်ကာ အကျပ်ရိုက်နေ၏။ သို့သော်လည်း သူမသည် ဘာမှ မတတ်နိုင်ပေ။ သူမသည် သူတို့အား သက်သေခံနှင့်တကွ လက်ပူးလက်ကြပ် မမိသရွေ့၊ ထိုမျောက်လောင်းနှစ်ကောင်တို့မှာ သူတို့၏ အပြစ်ကို ဝန်ခံကြလိမ့်မည် မဟုတ်ချေ။
အလင်းဓားမြန် ဓားမာစတာ၏ အမူအရာတို့မှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် လင်းဖုန်းအား ကြည့်လိုက်ကာ ခံစားချက် ကင်းမဲ့စွာနှင့် ပြောလိုက်သည်။ "နောက်တစ်လ အကြာမှာ၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာရဲ့ ဝင်ပေါက်မှာ အရှင်လင်းနဲ့ ထပ်တွေ့ရဦးမယ်လို့ မျှော်လင့်ပါတယ်"
လင်းဖုန်းက ပြုံးလိုက်သည်။ "ကျွန်တော်ကလည်း ဒီလိုပဲ မျှော်လင့်ပါတယ်။ အလင်းဓားမြန် ဂိုဏ်းခေါင်းဆောင်က ကျွန်တော်တို့ကို လိုက်ပို့ဖို့ မလိုပါဘူး။ ကျွန်တော်က တပည့်တွေနဲ့အတူ ပြန်လိုက်ပါမယ်။ အဆင်မပြေတာတွေ ရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ ယုကျင်းတောင်ပေါ်ကိုလည်း အချိန်မရွေး လာလည်နိုင်ပါတယ်။ ကျွန်တော်က အမြဲတမ်း လက်ကမ်းပြီး ကြိုဆိုနေပါ့မယ်"
ကျဲယုသည် လင်းဖုန်းနဲ့ ကျန်သောသူများ တက်နိုင်ရန်အတွက်၊ အနက်ရောင် နဂါးအသွင်သို့ ပြန်ပြောင်းလိုက်သည်။ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ ကျဲယုသည် ကောင်းကင်ယံတို့ ပျံတက်သွားခဲ့ပြီး၊ အလင်းဓားမြန် ဓားမာစတာနှင့် ကျန်သောသူများကို နောက်တွင်ချန်ထားခဲ့လိုက်သည်။
ရှင်းယွင်တောင်ထိပ်မှ ထွက်လာသော အခါတွင်၊ လင်းဖုန်းက ရှောင်ပုတန်နှင့် ထွမ်းထွမ်းတို့ကို မတင်မကျ ဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သော်လည်း၊ ဘာကိုမှ မပြောခဲ့ပေ။
ရှောင်ပုတန်လေးက ရှက်ကိုးရှက်ကန်းနှင့် ရယ်လိုက်သည်။ သူသည် သိုလှောင်လက်စွပ်ထဲမှ သတိလစ်နေအောင် ရှော့တိုက်ထားသော၊ အနီရောင်ငှက်တောင် ကြိုးကြာဆယ်ကောင်ကျော်တို့ကို သွန်ချလိုက်သည်။ သူသည် ရတနာများကို ဆက်သနေသကဲ့သို့ လင်းဖုန်းကို ဆက်သလိုက်သည်။ "ဆရာ၊ ဒီကြိုးကြာတွေက အရှင်လတ်လတ်ပဲ ရှိသေးတယ်။ ကျွန်တော်တို့က ကြိုက်တဲ့အချိန် သတ်ပြီးမှ သူတို့ကို လတ်လတ်ဆတ်ဆတ် စားလို့ရတယ်ဗျ"
"ကျွန်တော့်မှာ တခြားအကြံ တစ်ခုလည်း ရှိသေးတယ်။ ဒီကြိုးကြာတွေကို အထီးအမ တစ်စုံစီ ဖမ်းလာတာ။ ကျွန်တော်တို့က တစ်ခါတည်း အပြီးမစားပဲ၊ သူတို့ကို ယုကျင်းတောင်ပေါ်မှာ မွေးထားရင်၊ ကုန်ကြမ်းမပြတ်တော့ဘူးပေါ့ဗျာ"
ရှောင်ပုတန်သည် အရှက်ကင်းမဲ့စွာ မျက်နှာပြောင်တိုက်နေသည်ကို ကြည့်လိုက်ပြီး၊ လင်းဖုန်း၏ နှုတ်ခမ်းများမှာ အကြိမ်ပေါင်းများစွာ တွန့်သွားခဲ့သည်။
လင်းဖုန်းသည် တစ်ခါကလည်း သူသည် စားကောင်းသောက်ဖွယ်များကို နှစ်သက်ခဲ့သည်ဟု ဝန်ခံရပေလိမ့်မည်။ သို့သော်လည်း သူသည် အလွန်အစားပုတ်၍၊ နောက်နေ့အတွက် ညစာတို့ကို အဆက်မပြတ် စီမံနေသည့် ရှောင်ပုတန်လေးကို လုံးဝမယှဉ်နိုင်ခဲ့ချေ။ သူတို့သည် လူမဟုတ်သော သက်ရှိများ ဖြစ်ပါက၊ အရာအားလုံးတို့သည် ရှောင်ပုတန်လေး၏ မီနူးအတွင်းသို့ ရောက်သွားနိုင်၏။
အစားအသောက်နှင့် ပတ်သတ်လာလျှင်၊ သူ၏တပည့်ကို ဆရာက လက်မြှောက်အရှုံးပေးရမည် ဖြစ်သည်။
"ဒီအနီရောင်ငှက်တောင် ကြိုးကြာတွေက အတော်ကို စားကောင်းတယ်။ ကျွန်တော်တို့က ယုကျင်းတောင်ကို ပြန်ရောက်ရင်၊ စီနီယာတွေနဲ့ တခြားတပည့်တွေကိုလည်း မြည်းခိုင်းရမယ်!" ရှောင်ပုတန်လေးက ပျော်ရွှင်စွာနှင့် ပြောနေခဲ့သည်။
လင်းဖုန်းသည် စိတ်ရှုပ်လည်းရှုပ်၊ ရယ်လည်း ရယ်ချင်နေ၏။ "ကောင်းသားပဲ၊ မင်းက အနည်းဆုံးတော့ တခြားလူတွေနဲ့ ဝေမျှလိုစိတ်တော့ ရှိသားပဲ၊ အထူးသဖြင့်တော့ တောင်ပေါ်က လူတွေပေါ့"
ရှောင်ပုတန်လေးက ရှောင်ယန်ကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ "အစ်ကိုကြီး၊ အစ်ကိုကြီးက ရှင်းယွင်တောင်ထိပ်မှာ မြည်းပြီးသားဆိုတော့၊ ဒီတစ်ခေါက်က အစ်ကိုကြီးအတွက် မပါတော့ဘူး!"
"စိတ်မပူပါနဲ့၊ မင်းနားကနေ လုမစားပါးဘူးကွ" ရှောင်ယန်က နှာမှုတ်လိုက်သည်။ "လောဘကြီးတဲ့ ကောင်စုတ်လေး"
ရှောင်ပုတန်လေးနှင့် နောက်ပြောင်ခဲ့ပြီးနောက်၊ ရှောင်ယန်၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် လင်းဖုန်းအား ကြည့်လိုက်ကာ၊ တစ်ခုခုပြောချင်စိတ်ကို မျိုသိပ်ထားပုံ ရနေသည်။
လင်းဖုန်းက ပြုံးလိုက်ပြီး၊ "မင်းက မင်းရဲ့ ဇနီးလောင်းလေးကို သွားရှာချင်နေတာမလား?"
ဝူကျိုးမြို့တွင် ရှောင်ယန်သည် ရှောင်ကျန်းအာအား မတွေ့ခဲ့ရ၍၊ အလွန်စိတ်ပျက်နေခဲ့သည်။ ရှောင်အကြီးအကဲက ရှောင်ယန်အား အဝတ်အိတ်ရှုံ့လေး တစ်ခုကို ပေးလိုက်ကာ၊ ရှောင်ကျန်းအာက ပေးထားခဲ့သည်ဟု ပြောထားသည်။
လင်းဖုန်းသည် အိတ်ရှုံ့လေးအတွင်းတွင် ဘာပါသလဲဆိုသည်ကို မသိခဲ့သော်လည်း၊ ရှောင်ယန်က စိတ်ဓာတ်ကျနေသည့်ပုံ မပေါက်သဖြင့် အခြေအနေသည် သိပ်မဆိုးဟု ပြောနိုင်ပေသည်။
ရှောင်ယန်သည် သုံးနှစ်ကြာလျှင်တွေ့မည်ဟု မုယုံယန်ရန် တစ်ယောက်တည်းကိုသာ ကတိပေးထားခြင်း မဟုတ်ပေ။ အမှန်ဆိုလျှင် သူသည် အခြားတစ်ယောက်ကိုလည်း သုံးနှစ်အကြာတွင် ပြန်ဆုံမည်ဟု ကတိပေးထားသေးသည်။ ဒီနှစ်များ အတွင်းတွင် သူမသည် သူ၏စိတ်ထဲတွင် အမြဲရှိနေခဲ့သည်။
ယခုအချိန်တွင် မုယုံယန်ရန်၏ ကိစ္စမှာ ဖြေရှင်းပြီးသွားပြီ ဖြစ်သဖြင့်၊ ရှောင်ယန်သည် ရှောင်ကျန်းအာအား လွမ်းလာပြီ ဖြစ်၏။
လင်းဖုန်း၏ စကားကို ကြားပြီးနောက်တွင်၊ ရှောင်ယန်၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားခဲ့သည်။ "ဆရာ၊ ကျွန်တော်က ကျန်းအာကို တကယ်ပဲ သွားရှာချင်နေတယ်" သူ၏ အမူအရာတို့မှာ ပို၍ လေးနက်လာခဲ့ကာ၊ ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်လိုက်ပြီး လင်းဖုန်းကို လှမ်းပေးလိုက်သည်။
လင်းဖုန်းသည် စာကို ချက်ချင်း လက်မခံသေးခဲ့ပဲ၊ ရှောင်ယန်ကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။ ဘာပဲပြောပြော ဒီစာသည် ရှောင်ကျန်းအာက ရှောင်ယန်ကို သီးသန့်ပေးထားသော စာဖြစ်သည်။ ဒီစာတွင် ငယ်ရွယ်သော စုံတွဲများ ပြောနေကြဖြစ်သော တီတီတာတာ ချစ်ရေးချစ်ရာများလည်း ပါကောင်းပါနိုင်သည်။ လင်းဖုန်းသည် စပ်စုတတ်သည့်သူ ဖြစ်သော်လည်း၊ ဒီစာကို ယူမဖတ်လိုချေ။
"ဆရာ၊ စာကိုဖတ်ကြည့်ပါ" ရှောင်ယန်သည် အလွန်လေးနက်စွာနှင့် ပြောလိုက်သည်။ သူသည် ရှက်ကိုးရှက်ကန်း ဖြစ်မနေခဲ့ပဲ၊ လွန်စွာ တည်ကြည်လေးနက်နေခဲ့သည်။
လင်းဖုန်းသည် စာကိုယူလိုက်၍ သိလိုစိတ် ပြင်းပြစွာနှင့် ဖတ်လိုက်သည်။ သူ၏ စပ်စုလိုစိတ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "တကယ်လို့ မင်းက သူမကို သွားရှာဖို့ ဆန္ဒပြင်းပြနေရင်၊ ဆရာက မတားပါဘူး။ ဒါပေမဲ့လည်း မင်းစိတ်ထဲမှာ အမြဲသတိဆောင်ထားပြီး၊ မေ့လို့မရတဲ့ အရာတစ်ချို့ ရှိနေတယ်ကွ"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu