အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
ရှောင်ယန်၏တိုက်ခိုက်မှုသည် အချိန်အတော်ကြာ ရိုက်ခတ်နေခဲ့ပြီး၊ တဖြည်းဖြည်း အားနည်းပျက်ပြယ် သွားခဲ့သည်။ မီးတောက်မီးလျှံ လှိုင်းလုံးများအကြားမှ ပုံရိပ်တစ်ခုသည် ပေါ်လာခဲ့သည်၊ သူသည် ချုံးယွင်မင်းသားဖြစ်သည်။
ဤအချိန်တွင် သူသည် ဒဏ်ရာရနေသော အထီးကျန်ဝံပုလွေကဲ့သို့ ဖြစ်နေခဲ့သည်၊ ယခင်ကကဲ့သို့ သွေးဆာနေဆဲဖြစ်သည်။
သူသည် အရှက်တကွဲ အကျိုးနည်းသည့် အခြေအနေသို့ ရောက်နေသော်လည်း၊ ဒဏ်ရာရသည့်ပုံ မပေါ်နေပေ။ သူ၏မျက်နှာသည် ဖုန်များ အညစ်အကြေးများဖြင့် ပေကျံနေ၏။ သူ၏ နဂါးလေးကောင် ဝတ်ရုံသည် သုံး၍မရအောင် စုတ်ပြဲသွားခဲ့လေပြီ။
သို့သော်လည်း ဘေးမှ အကဲခတ်နေသူများအဖို့၊ သူဝတ်ဆင်ထားသော ထိုဝတ်ရုံသည် တိုက်စစ်နှင့် ခံစစ် နှစ်မျိုးစလုံးရသည် အခြေတည်ဝိညာဉ် အဆင့်မှ လက်နက်တစ်ခုဖြစ်ကြောင်းကို သိလိုက်ကြသည်။ ဒါသည် ငြင်းချက်ထုတ်ဖွယ်ရာမရှိသည့် အလွန်အစွမ်းထက်သည့် မှော်အိုင်တမ် တစ်ခုဖြစ်၏။
ဤဝတ်ရုံသည် ရှောင်ယန်၏ အလွန်တရာ ဖျက်ဆီးနိုင်မှုကြီးမားသည့် တိုက်ခိုက်မှုမှ ကာကွယ်ပေးထားခြင်းဖြစ်သည်။ သို့သော်လည်း ယခုတွင် ထိုဝတ်ရုံသည် လုံးဝပျက်စီးသွားချေပြီ။ သူ၏ စွမ်းအားဟူသမျှ ကုန်ခမ်းသွားပြီဖြစ်ကာ၊ ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်တော့ပေ။
ရှောင်ယန်၏ အစောက တိုက်ခိုက်မှုသည် အခြေတည်ဝိညာဉ် အဆင့်မှ မှော်အိုင်တမ်တစ်ခုကို လုံးဝပျက်စီးသွားစေခဲ့သည်!
ချုံးယွင်းမင်းသားသည် ရှောင်ယန်ကို လူသတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့်နေ၏။ သူသည် စကားတစ်ခွန်းမှ မပြောခဲ့ပဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက်ပဲ ခရမ်းရောင်ရင့်ရင့် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို ပျံတက်သွားခဲ့သည်။
ထိုခရမ်းရောင်ရင့်ရင့် ဓားအလင်းတန်းကို တွေ့လိုက်ရသည့်အခါ၊ ရှိနေကြသော လူအားလုံး၏ မျက်နှာပေါ်တွင် ရတက်မအေးသော အမူအရာများ ပေါ်လာကြသည်။
မှော်ရတနာ တစ်ပါးကသာ ထိုကဲ့သို့ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။ ကောင်းကင်သည် နှစ်ခြမ်းကွဲတော့မည့်ပုံ ဖြစ်နေခဲ့၏။
သူသည် ဝန်ခံရန် ငြင်းဆိုခဲ့သော်လည်း၊ ချုံးယွင်မင်းသားသည် သူ့ထက် ကျင့်ကြံမှုနှင့် လေ့ကျင့်မှု များစွာနိမ့်ကျသည့် ရှောင်ယန်၏ ခြိန်းခြောက်မှုကို ခံစားနေမိသည်။ သူသည် မတတ်နိုင်တော့ပဲ သူနှင့် အမြဲတစေ အတူတကွ ခေါ်ဆောင်ထားသည့် နတ်ဆိုးအရိပ်ဓားကို ဆင့်ခေါ်လိုက်ရလေတော့သည်။
နတ်သမီးများက ပန်းဝတ်လွှာများကို ကြဲချနေသည့်အတိုင်း၊ ခရမ်းရောင်ရင့်ရင့် ဓားအလင်းတန်းများသည် ကောင်းကင်ပေါ်တွင် ကြဲပြန့်သွားကြသည်။ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော ဓားအလင်းတန်းများသည် ရင်သပ်ရှုမောဖွယ်ရာ အရံအတား တစ်ခုအဖြစ်ကို ပြောင်းသွားကြကာ၊ ရှောင်ယန်နှင့် ချုံးယွင်မင်းသားတို့အား ဝန်းရံလိုက်ကြ၏။
အခြေတည်ဝိညာဉ် အဆင့်မှ ကျင့်ကြံသူတစ်ယောက်သည် မှော်ရတနာ တစ်ပါးကို အသုံးပြုကာ၊ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အား တိုက်ခိုက်သည်မှာ ရယ်ရွှင်ဖွယ် ကောင်းလှ၏။ သို့သော်လည်း တစ်ယောက်မှ ချုံးယွင်မင်းသား၏ လုပ်ဆောင်ချက်များသည် သင့်လျှော်မှုမရှိ၊ တရားမျှတမှု မရှိဟု မခံစားနေကြရချေ။ ရှောင်ယန်၏ ထုတ်ဖော်ခဲ့သော စွမ်းအားကြီးလှသည့် တိုက်ခိုက်မှုကြောင့်၊ အားလုံးသည် ထိတ်လန့်ကြောက်ရွံ့နေကြဆဲ ဖြစ်၏။
လင်းဖုန်းသည် သူ၏တပည့်အား ချုံးယွင်မင်းသား၏ အနိုင်ကျင့်ခြင်းကို လက်ပိုက်ကြည့်နေရန် မသင့်ဟု ခံစားမိနေ၏။ ယခုနောက်ဆုံး တိုက်ကွက်ကြောင့် ရှောင်ယန်၏ စွမ်းအားတို့မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို ထည့်မတွက်နှင့်ဦး၊ ရှောင်ယန်သည် သူ၏ စွမ်းအားအမြင့်ဆုံး အချိန်တွင် ရှိနေလျှင်ပင်၊ သူသည် မှော်ရတနာ၏ ပြိုင်ဘက်မဟုတ်ချေ။ ဘာပဲပြောပြော သူသည် ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်မှ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
ကောင်းကင် အကာအကွယ် ထီးကို ဆောင်းထားရင်း၊ လင်းဖုန်းသည် အလင်းဓားမြန် ဓားမာစတာနှင့် ကြယ်စင်သူတော်စင်တို့ကို ခေတ္တမျှ အကဲခတ်လိုက်ကာ၊ သူ၏လက်ချောင်းကို ညင်သာစွာ လှုပ်လိုက်သည်။ အနီရောင် မီးလုံးလေး တစ်လုံးသည် ချုံးယွင်မင်းသား၏ နတ်ဆိုးအရိပ်ဓားက ချိတ်ပိတ်ထားသည့် လေဟာနယ် အတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။
ကြယ်စင်သူတောင်စင်သည် ငြိမ်သက်နေ၏။ ကံကြမ္မာရဟတ်သည် တစ်ပတ်လည်လာခဲ့ပေပြီ။ ခဏနေကပဲ သူသည် ရှောင်ယန်နှင့် ချုံးယွင်မင်းသားတို့၏ တိုက်ပွဲကို ဝင်မစွက်နိုင်ရန် တားဆီးခဲ့၏။ အခုအချိန်တွင် အခြေအနေတို့သည် ပြောင်းလဲသွားခဲ့လေပြီ။ သူသည် လင်းဖုန်းကို သတိထားနေရ၍ သူ့စိတ်ကြိုက် တိုက်ပွဲကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိတော့ချေ။
သူနှင့် အလင်းဓားမြန် ဓားမာစတာ၏ အာရုံကို ဖမ်းစားစေနိုင်သည့် အချက်မှာ၊ လင်းဖုန်း တောက်လွှတ်လိုက်သော အနီရောင် မီးလုံးလေးသည် နတ်ဆိုးအရိပ် ဓားအလင်းတန်း တည်ဆောက်ထားသည့် အရံအတားကို တိုက်ရိုက်ထိုးဖောက် ဝင်သွားနိုင်ခြင်း ဖြစ်သည်။
နတ်ဆိုးအရိပ်ဓားသည် ဓားတစ်ချောင်းဖြစ်သည်။ သူ၏အဓိက စွမ်းအင်မှာ တိုက်ခိုက်နိုင်မှုစွမ်းရည်သာ ဖြစ်ပြီး၊ ပြင်ပကမ္ဘာနှင့် ခြားနားထားသည့် အရံအတားကို ဖန်ဆင်းခြင်း မဟုတ်ချေ။
သို့သော်လည်း ထိုအရံအတားကို လွယ်လွယ်ကူကူနှင့် ထိုးဖောက်ဝင်ရောက်နိုင်ခြင်းသည် အနီရောင် မီးလုံးလေး၏ ထူးခြားပြောင်မြောက်သော စွမ်းရည်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
လင်းဖုန်း၏ အဆင့်အတန်းနှင့် ကိုယ်ကျင့်စရိုက်အရ၊ သူသည် သူ၏တပည့်ကို ကူညီကာ ချုံးယွင်မင်းသားအား တိုက်ရိုက် တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
အနီရောင် မီးလုံးလေးကို အနီးကပ် သေချာစွာ လေ့လာကြည့်လိုက်ရာ၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ နှစ်ယောက်တို့သည် ထိုမီးလုံးလေး၏ အတွင်းတွင် ပြင်းထန်လှသော ဖျက်ဆီးနိုင်သည့် စွမ်းအားများကို ဖုံးကွယ်ထားသည်ကို သတိထားမိလိုက်၏။
သူ၏အထဲမှနေ၍ နဂါးမျိုးနွယ်စုတို့၏ ထိတ်လန့်ဖွယ် အော်ရာတို့ကို ထုတ်လွှတ်နေကာ၊ လူအများစု၏ ရင်ထဲတွင် ကြောက်စိတ်များကို ဖြစ်ပေါ်စေခဲ့သည်။ ထိုကဲ့သို့ ကမ္ဘာကို တုန်လှုပ်သွားစေနိုင်သော စွမ်းအားအရ၊ သူသည် အင်မော်တယ် ဝိညာဉ် အဆင့်မှ မှော်ရတနာတစ်ပါး ဖြစ်ရပေမည်။
ထိုမီးဘောလုံးသည် အရံအတားဖြင့် ကာရံထားသည် လေဟာနယ်အတွင်းသို့ ရောက်သွားပြီးချိန်တွင်၊ ချက်ချင်းဆိုသလိုပဲ တောက်ပလှသည့် ချပ်ဝတ်တန်ဆာ တစ်ခုအဖြစ် ပြောင်းသွားခဲ့၏။ သူ၏ အဆုံးမရှိသော စွမ်းအားတို့မှာ မရပ်မနား ကျယ်ပြန့်လာခဲ့သည်။ ပိတ်ဆို့တားဆီးထားသော လေဟာနယ် တစ်ခုလုံးမှာ ပြိုကျပျက်စီးတော့မည်ကဲ့သို့ ဖြစ်သွားခဲ့သည်။
ထိုချပ်ဝတ်တန်ဆာမှာ လင်းဖုန်း ဖန်တီးပြုလုပ်ခဲ့သော မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာပဲ ဖြစ်ပေသည်။
အမှန်ဆိုလျှင် လင်းဖုန်း၏ အေးရီးစ်ကိုယ်ပွားသည်၊ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာ၏ အထဲတွင် ရှိနေရမည်ဖြစ်သည်။ အေးရီးစ်ကိုယ်ပွားနှင့် ချပ်ဝတ်တန်ဆာတို့သည် နှစ်ခုပေါင်း၍ ပြည့်စုံသော မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာကို ပုံဖော်နိုင်မည် ဖြစ်သည်။ သို့သော်လည်း လင်းဖုန်းသည် ထိုချပ်ဝတ်တန်ဆာကို ပိတ်ဆို့တားဆီးထားသော လေဟာနယ်အတွင်းသို့ ပေးပို့လိုက်ခြင်းမှာ၊ သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်ချက်နှင့် မဟုတ်ချေ။
သူ၏ စိတ်အာရုံနှင့် ထိန်းချုပ်လိုက်ခြင်းနှင့်အတူ၊ အေးရီးစ်ကိုယ်ပွားသည် လျှင်မြန်စွာနှင့် ကျုံ့ဝင်သွားခဲ့ကာ ချပ်ဝတ်တန်ဆာ၏ ရင်ဘတ်အရှေ့တွင်ရှိနေသော ဇူယန်မိစ္ဆာမျက်လုံး အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာသည် နားကွဲလုမတတ် ဟိန်းဟောက်လိုက်ကာ၊ ရှောင်ယန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုချပ်ဝတ်တန်ဆာသည် ရှောင်ယန်၏ ကိုယ်ပေါ်တွင် အလိုအလျှောက် ဝတ်ဆင်ပြီးသား ဖြစ်သွားခဲ့၏။ ရှောင်ယန်၏ တစ်ကိုယ်လုံးနှင့် အံ့ဝင်ဂွင်ကျ ဖြစ်သွားခဲ့၏။ နဂါးခေါင်းနှင့်တူသော ခေါင်းစွပ်မှာ ရှောင်ယန်၏ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့ကာ မျက်လုံးနှစ်လုံးကိုသာ ဖော်ထားခဲ့၏။ သူ၏ မျက်လုံးအစုံတွင် တစ်လုံးက ရွှေရောင်၊ တစ်လုံးက ခရမ်းရောင်နှင့် မီးတောက်များ ကခုန်နေကြ၏။ ထပ်မံသောင်းကျန်းနိုင်သော အလားအလာများ၊ စွမ်းအင်များသည် ပြန်လည်ပြည့်ဖြိုးလာကြ၏။
ယခုအချိန်သည် သူ၏ အကြွင်းမဲ့မီးတောက်နှစ်ခုကို ပထမဆုံးအကြိမ် ပေါင်းစည်းခြင်း ဖြစ်သဖြင့်၊ ရှောင်ယန်သည် ကျွမ်းကျင်လိမ္မာခြင်း မရှိသေးပေ။ သူ၏ စွမ်းအား အားလုံးနီးပါးတို့သည် ကုန်ခမ်းသွားရုံတင်မကပဲ၊ သူ၏ စိတ်ဝိညာဉ်သည်လည်း အနည်းငယ် ထိခိုက်သွားခဲ့ကာ သူ၏ခေါင်းသည် ပေါက်ထွက်လုမတတ် ကိုက်နေခဲ့သည်။
သို့သော်လည်း ယခုတွင် မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာသည် သူ၏ကိုယ်ပေါ်တွင် တပ်ဆင်ခဲ့သဖြင့်၊ သူ၏ ကြီးမားလှသော စွမ်းအားများသည် ရှောင်ယန်၏ အကြွင်းမဲ့မီးတောက် ရွှေရောင်ဗဟိုချက်ကို အားပြန်ဖြည့်ပေးခဲ့သည်။ သူ၏ စိတ်အာရုံများမှာလည် ပြန်လည်၍ ကြည်လင် လန်းဆန်းလာခဲ့သည်။
သူသည် ကောင်းကင်သို့မော့၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အသံသည် ကောင်းကင်ဘုံသို့တိုင်အောင် ထိုးဖောက်သွားခဲ့သည်။ ယခုအချိန်တွင် သူ၏စွမ်းအားများသည် မှော်ရတနာနှင့် တစ်သားတည်း ဖြစ်နေခဲ့ပြီဖြစ်သည်။ ချပ်ဝတ်တန်ဆာ၏ အနောက်တွင် မိုးခြိန်းသံကဲ့သို့ အသံတစ်သံ ထွက်လာခဲ့ကာ၊ မီးတောက်များနှင့် ဖုံးလွှမ်းနေသော တောင်ပံတစ်စုံသည် ပေါ်ထွက်လာခဲ့သည်။
အတောင်ပံ တစ်ဖက်မှာ ခရမ်းရောင်ဖြစ်ပြီး၊ ကျန်တစ်ဖက်မှာ ရွှေရောင်ဖြစ်၏။ သူတို့ကို ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်နှင့် မဟာသူရိယ အကြွင်းမဲ့ မီးတောက်တို့မှ ဖန်ဆင်းထားခြင်း ဖြစ်၏။ သူတို့သည် ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။ အတောင်ပံ တစ်ဖက်ချင်းသည် မိုင်နှင်ချီကာ ရှည်လျား၏။ သူတို့ကို ဖြန့်လိုက်လျှင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်ပေလိမ့်မည်။
နတ်ဆိုးအရိပ် ဓားအလင်းတန်းနှင့် ဖန်ဆင်းထားသော အရံအတား လေဟာနယ်မှာ ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။ ချုံးယွင်မင်းသားသည် အတန်ငယ် စိုးရိမ်သွားခဲ့သည်။ သူ၏ လက်ချောင်းများဖြင့် သင်္ကေတများကို ဖန်ဆင်းလိုက်ကာ၊ နတ်ဆိုးအရိပ် ဓားအလင်းတန်းတို့ကို ပြန်လည် တည်ဆောက်လိုက်သည်။ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ဓားအရိပ်တို့သည် ပြည့်နှက်သွားကြသည်။
ခရမ်းရောင်ရင့်ရင့် ဓားအရိပ်များသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရှောင်ယန်သို့ သေစေနိုင်သော ရိုက်ခတ်မှုများဖြင့် ကျဆင်းလာကြသည်။ မရေမတွက်နိုင်သော ဓားအရိပ်များသည် အချင်းချင်း ရစ်ပတ်နှောင်ဖွဲ့ကာ၊ အဆုံးမရှိသည့်အလား ရှောင်ယန်အပေါ်သို့ တိုက်ခိုက်လိုက်ကြသည်။ မိုင်ပေါင်းများစွာ အတွင်းမှ ဟင်းလင်းပြင်ကြီးသည် အစိတ်စိတ် အမြွှာမြွှာ လှီးဖြတ်ခြင်းကို ခံလိုက်ကြရသည်။
ကျောက်ယန်နှင့် အလင်းဓားမြန်ဂိုဏ်းမှ တပည့်များသည် ထိုမြင်ကွင်းကို တွေ့လိုက်ကြရသောအခါ၊ သူတို့၏ အမူအရာများသည် ချက်ချင်းပင် ပြောင်းလဲသွားကြသည်။ ချုံးယွင်မင်းသားသည် သူ၏ မှော်ရတနာဖြစ်သော နတ်ဆိုးအရိပ်ဓားကို အသုံးပြု၍ တိုက်ခိုက်သောအခါ၊ ဓားအရိပ်တစ်ခုစီ၏ သက်ရောက်မှုမှာ၊ ကျောက်ယန်က သူ၏အစွမ်းအထက်ဆုံး အလင်းတိမ်တိုက် ဓားနည်းစနစ်ကို အသုံးပြု၍ တိုက်ခိုက်ခြင်းထက် များစွာပို၍ အားကောင်းသည်။
ချုံးယွင်မင်းသား၏ တိုက်ခိုက်မှု တစ်ခုစီသည်၊ ကျောက်ယန်ပေါင်း တစ်သန်းတို့၏ တစ်ချိန်တည်း စုပေါင်း၍ အစွမ်းကုန် တိုက်ခိုက်ခြင်းနှင့် ညီမျှပေသည်။
ထိုဓားနည်းစနစ်နှင့် ရင်ဆိုင်လိုက်ရသောအခါ ရှောင်ယန်ကပင် ချီးကျူးလိုက်ရသည်။ "ဒီမှော်ရတနာရဲ့ အလားအလာတွေက တကယ့်ကို အံ့ဩတုန်လှုပ်စရာပဲ"
သို့သော် သူသည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် သူသည် လင်းဖုန်း၏ မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၍ ဖြစ်သည်။
ဘာပဲပြောပြော ရှီချုံးယန်တစ်ယောက်သာ မှော်ရတနာကို ပိုင်ဆိုင်ထားခြင်း မဟုတ်ချေ။
ရှောင်ယန်သည် သူ၏ ချပ်ဝတ်တန်ဆာဖြင့် ဖုံးလွှမ်းထားသော လက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် သူ၏ ဘယ်ညာလက်အစုံမှ ချပ်ဝတ်တန်ဆာတို့သည် တပြိုင်နက်တည်း မီးတောက်များဖြင့် လင်းလက်လာကြသည်။ တစ်ဘက်တွင် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်ဖြစ်ပြီး၊ ကျန်တစ်ဘက်မှာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ဖြစ်သည်။
မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာ၏ နတ်ဘုရား စွမ်းအင်တို့နှင့်၊ မီးတောက်မီးလျှံတို့သည် သူ၏လက်တစ်လျှောက် တောက်လောင်နေခဲ့ကာ၊ အကြွင်းမဲ့မီးတောက် နှစ်မျိုးတို့နှင့် ဖန်ဆင်းထားသော ဧရာမ နဂါးလက်သည်း နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှောင်ယန်သည် သူ၏လက်များကို ဖြန့်လိုက်သည်။ သူ၏ ရင်ဘတ်ရှေ့တွင် ပူးကပ်နေကြသော ဧရာမ လက်သည်းနှစ်ခုတို့သည် ကွဲပြားသွားကြ၏။ သူ၏ ဆန့်ထုတ်ထားသော လက်များကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ၊ ကောင်းကင်နှင့် မြေကြီးတို့ကို ခြေမွနိုင်သော အင်အားတို့သည် ထွက်ပေါ်လာကြသည်။ ချက်ချင်းဆိုသလိုပင် နေရာအနှံ့တွင် ရှိနေကြသော နတ်ဆိုးအရိပ်ဓား၏ ဓားအရိပ်တို့သည် ဖျက်ဆီးခြင်းကို ခံလိုက်ကြရသည်။
လူတစ်ယောက်သည် ဆွေးမြေ့နေသော အဝတ်တစ်ခုကို ကိုင်ထား၍၊ သူ၏အားကို အကုန်သုံးကာ ထိုအဝတ်ကို အလယ်မှနေ၍ ဆွဲဖြဲပစ်လိုက်သကဲ့သို့ ဖြစ်၏။
ထိုမြင်ကွင်းကို မြင်ရသောအခါ၊ ချုံးယွင်မင်းသားသည် ယခင်ကထက်ပို၍ စိုးရိမ်ပူပန် ထိတ်လန့်လာခဲ့သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ခရမ်းရောင်ရင့်ရင့် ဓားအလင်းတန်းသည် သူ၏အရှေ့က လေထဲတွင် လင်းလက်လာခဲ့သည်။ မိစ္ဆာအငွေ့အသက်တို့နှင့် ပြည့်နှက်နေသော ဓား၏ကိုယ်ထည်သည် သူ့ကိုယ်သူ ဖော်ပြခဲ့သည်။ ဓား၏ထိပ်ဖျားမှာ ရှောင်ယန်ဆီသို့ ညွှန်ပြလျက်ရှိသည်။
နတ်ဆိုးအရိပ်ဓား၏ ဓားသွားသည် အနက်ရောင် အရိပ်နှင့် တူနေခဲ့သည်။ သူသည် အကောင်အထည် ပုံစံမျိုး မဟုတ်သကဲ့သို့၊ လေထု၏ အလယ်တွင် အဆက်မပြတ် တုန်ခါနေခဲ့သည်။ သို့သော် သူ၏ဓားသွားသည် ထက်မြက်လွန်းလှသဖြင့်၊ ရှိသောသူအားလုံးသည် သူ၏ သတ်ဖြတ်နိုင်စွမ်းနှင့် သွေးသောက်လိုစိတ်တို့ကို ခံစားမိနိုင်ကြသည်။
ရှောင်ယန်သည် ချုံးယွင်မင်းသားနှင့် သူ၏ နတ်ဆိုးအရိပ်ဓားတို့ကို ကြောက်ရွံ့ခြင်း ကင်းမဲ့စွာနှင့် အေးစက်စက်ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ် ပတ်လည်မှ ချပ်ဝတ်တန်ဆာ၏ အစိတ်အပိုင်း တစ်ခုချင်းစီသည်၊ အသက်ဝင်လာသကဲ့သို့ အဆက်မပြတ် တုန်ခါနေကြသည်။ နဂါးမျိုးနွယ်စုတို့၏ သီးသန့်ဖြစ်သော စွမ်းအားကြီးသည့် မင်္ဂလာတိမ်တိုက်တို့သည် သူ၏ကိုယ်ထဲမှ ထွက်လာကြကာ၊ ချုံးယွင်မင်းသားကို ခြိမ်းခြောက်မှု ပေးနိုင်ခဲ့သည်။
ယခုအချိန်တွင် လင်းဖုန်း၊ အလင်းဓားမြန် ဓားမာစတာနှင့် ကြယ်စင်သူတော်စင်တို့သည် တစ်ခုခု လွဲမှားနေသည်ဟု ခံစားမိလိုက်ကြရသည်။ သူတို့သည် အဝေးတစ်နေရာသို့ တစ်ချိန်တည်းတွင် လှမ်းကြည့်လိုက်ကြသည်။
ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခုက ပေါ်လာခဲ့ကာ၊ ရိုးစင်းသော အဝတ်များကို ဝတ်ဆင်ထားသော အသက်ကြီးကြီးနှင့် လူတစ်ယောက်သည် အက်ကွဲကြောင်း အတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ ထိုအကြီးအကဲသည် ဟင်းလင်းပြင် အတွင်းတွင် မတ်တတ်ရပ်နေခဲ့ပြီး၊ အရှေ့သို့ ဆက်လျှောက်မလာခဲ့ပေ။ ထို့အစား သူသည် လက်နှစ်ဘက်ကို ဆုပ်လိုက်ကာ လင်းဖုန်း၊ အလင်းဓားမြန် ဓားမာစတာနှင့် ကြယ်စင်သူတော်စင်တို့ကို နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အရှင်လင်း၊ အလင်းဓားမြန် ဓားမာစတာ၊ ကြယ်စင်သူတော်စင်တို့ ခင်ဗျာ" သူသည် တစ်ယောက်ချင်းဆီကို ဦးညွှတ်လိုက်၏။ ပြီးမှ ချုံးယွင်မင်းသားဘက်ကို လှည့်လိုက်ကာ၊ "ဟွမ်ကျုံကုန်းက အရှင်မင်းသားကို နှုတ်ဆက်ပါတယ်"
ချုံးယွင်မင်းသားသည် နောက်ကို အရေးလုပ်၍ ပြန်လှည့်မကြည့်ခဲ့ပေ။ သူ၏ မျက်လုံးအစုံမှာ ရှောင်ယန်သို့ မမှိတ်မသုန် စိုက်ကြည့်လျှက်ရှိသည်။ "ဟွမ်ကျုံကုန်း၊ မင်းကဒီမှာ ဘာလာလုပ်တာလဲ?"
အသက်ကြီးကြီးနှင့် အဘိုးအို ဟွမ်ကျုံကုန်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ "နန်းရင်းဝန်ဝူက အရှင်မင်းသားရဲ့ ရံရွှေတော်နဲ့ ပတ်သတ်ပြီး သတင်းရလိုက်လို့ပါ။ ကြည့်ရတာ အရှင်မင်းမြတ်က မျက်စိကျတဲ့ အမျိုးသမီး တစ်ယောက်ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်မျိုးက နန်းရင်းဝန်ဝူရဲ့ အမိန့်အရ အရှင်မင်းသားကို ကြိုတင်လာရောက် အကြောင်းကြားခြင်း ဖြစ်ပါတယ်"
ချုံးယန်မင်းသား၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူသည် ရှောင်ယန်ကို ဂရုမစိုက်နိုင်တော့ပဲ၊ ခေါင်းကိုနောက်သို့ လျှင်မြန်စွာ လှည့်လိုက်ကာ ဟွမ်ကျုံကုန်းကို လှည့်ကြည့်လိုက်သည်။
ဟွမ်ကျုံကုန်း၏ အမူအရာသည် လေးစားမှုအပြည့် ရှိသော်လည်း၊ ချုံးယွင်မင်းသား၏ ဝံပုလွေကဲ့သို့သော အကြည့်ကြောင့် ကြောက်ရွံ့တုန်လှုပ်သွားခြင်း မရှိချေ။ သူ၏ အကြည့်မှာ ယခင်ကဲ့သို တည်ငြိမ်မြဲဖြစ်သည်။
ရှင်းယွင်တောင်ထိပ် တစ်ခုလုံးသည် အပ်ကျသံကို ကြားရလုမတတ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ အားလုံးတို့သည် အသက်ပြင်းပြင်းပင် မရှူကြတော့ပဲ ငြိမ်သက်စွာနှင့်၊ ကောင်းကင်ပေါ်မှ ချုံးယွင်မင်းသားနှင့် ဟွမ်ကျုံကုန်းတို့ကို စိုက်ကြည့်နေကြသည်။
လင်းဖုန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သံသယဖြစ်ဖွယ်ရာ မရှိပဲ ဟွမ်ကျုံကုန်းသည် နန်းရင်းဝန် ဝူချင်လျှို၏ လက်အောက်ငယ်သား ဖြစ်ပေလိမ့်မည်။
အတည့်အလင်း မဖော်ပြထားသော်လည်း၊ ချုံးယွင်မင်းသား၏ ရှင်းယွင်တောင်ထိပ်ကို လာခဲ့ခြင်းမှာ အလင်းဓားမြန်ဂိုဏ်းက မုယုံယန်ရန်နှင့် လက်ထပ်ရန် ကမ်းလှမ်းမှုကြောင့် ဖြစ်သည်ဟု အားလုံးက သိထားကြသည်။
သူသည် ရှောင်ယန်အား ရန်စခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာလည်း၊ မုယုံယန်ရန်ကြောင့်ပင် ဖြစ်သည်။
ဟွမ်ကျုံကုန်း၏ လုပ်ရပ်၊ ပို၍ တိတိကျကျ ပြောရလျှင် ဝူချင်လျှို၏ လုပ်ရပ်မှာ၊ လင်းဖုန်း၊ အလင်းဓားမြန် ဓားမာစတာ၊ ကြယ်စင်သူတော်စင်နှင့် ကျန်သောသူများ၏ အရှေ့တွင် ချုံးယွင်မင်းသားအား လူပုံအလည်တွင် အရှက်ခွဲလိုက်ခြင်းနှင့် တူနေ၏။
အင်ပါယာ၏ အင်အားကစားမှုနှင့် ထီးနန်းဆက်ခံမှုတို့၏ ကောလဟာလများကို လူထုအကြားတွင် ချပြလိုက်ခြင်းနှင့် တူနေ၏။
"ဝူချင်လျှိုက ဘာတွေများ ကြံစည်နေပါလိမ့်?" လင်းဖုန်းက ချုံးယန်မင်းသားအား စိတ်ဝင်တစားနှင့် ကြည့်နေခဲ့သည်။ "ရှီချုံးယန်ရဲ့ အိမ်ရှေ့စံ ရာထူးက လှုပ်နေပြီလား?"
ချုံးယွင်မင်းသားသည် အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်ပြီး၊ အသံဩဩဖြင့် မေးလိုက်သည်။ "ဘယ်သူများလဲ?"
ဟွမ်ကျုံကုန်းက နာမည်တစ်ခုကို တီးတိုးရေရွတ်လိုက်သည်။ မုယုံမပါသလို ယန်ရန်ဟူသော စာလုံးလည်း မပါချေ။
ဝေခွဲရခက်သော မတင်မကျ အပြုံးတစ်ခုသည် ချုံးယွင်မင်းသား၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ သူသည် မည်းမှောင်စွာနှင့် ပြောလိုက်သည်။ "ဝူချင်လျှို… ဝူချင်လျှို… ကျွတ်!"
"သွားကြစို့!" သူသည် ရုတ်တရက်အော်လိုက်ကာ၊ နတ်ဆိုးအရိပ်ဓားနှင့် ထွက်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင်၊ သူသည် လေထုအထဲမှ ကွယ်ပျောက်သွားခဲ့သည်။
ဟွမ်ကျုံကုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ကာ၊ သူ၏အနောက်မှ လျှင်မြန်စွာနှင့် လိုက်သွားခဲ့သည်။ ချုံးယွင်မင်းသား၏ လက်အောက်ငယ်သားတို့သည်လည်း ဟွမ်ကျုံကုန်းနှင့်အတူ လိုက်သွားကြ၏။
ရှောင်ယန်သည် ချုံးယွင်မင်းသား ပျောက်ကွယ်သွားရာ အရပ်ကို ကြည့်လိုက်သည်။ ချုံးယွင်မင်းသား၏ ဝံပုလွေကဲ့သို့ လေသံသည် သူ၏နားအတွင်းတွင် ပေါ်လာသည်။ "ဒါဆိုမင်းက ရှောင်ယန်ပေါ့? မင်းက အတော်အထင်ကြီးစရာ ကောင်းတယ်ဆိုတာကို ငါကဝန်ခံပါတယ်။ ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က မင်းကို တစ်သက်လုံး အကာအကွယ် ပေးနိုင်မလား ဆိုတာကို ကြည့်ချင်သေးတယ်ကွ!"
ရှောင်ယန်က မျက်မှောင်ကြီးကို ကြုတ်လိုက်သည်။ သူသည် စကားတစ်ခွန်းကိုမှ မပြောခဲ့ပဲ အေးစက်စွာနှင့်သာ ပြုံးလိုက်သည်။ ဒါသည် မဟာချင် အင်ပါယာမှ မင်းသားနှင့် နောက်ဆုံးတိုက်ပွဲ မဟုတ်ကြောင်းကို သူ၏ရင်ထဲမှနေ၍ သဘောပေါက်နေခဲ့သည်။
သူသည် မြေပြင်ပေါ်ကို ဆင်းသက်လာခဲ့သည်။ မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် လင်းဖုန်းအား တင်ပြမည် ကြံလိုက်သော အချိန်တွင်၊ သူ၏နှလုံးမှာ အခုန်တစ်ချက် မှားသွားခဲ့သည်။ သူသည် အခြားတစ်ဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်သည် ဖြည်းညှင်းစွာနှင့် လျှောက်လာခဲ့သည်။ သူမသည် မုယုံယန်ရန်ဖြစ်သည်။
မုယုံယန်ရန်သည် အလင်းဓားမြန် ဓားမာစတာ၏ အရှေ့သို့ လျှောက်လာခဲ့ကာ၊ ကျက်သရေရှိစွာဖြင့် အရိုအသေ ပေးလိုက်သည်။ သူမသည် စကားတစ်ခွန်းမှတော့ မပြောခဲ့ပေ။
အလင်းဓားမြန် ဓားမာစတာသည် ဟန်ပန်အမူအရာ ကင်းမဲ့စွာနှင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဘာမှ စိတ်မပူပါနဲ့။ တိုက်ပွဲက ရှောင်လွှဲလို့ မရဘူး။ အနှေးနဲ့အမြန်တော့ တိုက်ရမှာပဲ။ ရက်ပေါင်း အနည်းငယ်နဲ့တော့ ဘာမှမထူးပါဘူး"
"ယန်ရန်က ဂိုဏ်းနဲ့ အလင်းဓားမြန် ဓားမာစတာ အပေါ်ကို အကြွေးတင်နေပါတယ်။ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ပါတယ်" မုယုံယန်ရန်သည် မတ်တတ်ရပ်လိုက်သည်။ သူမသည် ရှောင်ယန်ကို တည်ငြိမ်အေးချမ်းစွာနှင့် စိုက်ကြည့်လိုက်သည်။
"အလင်းဓားမြန်ဂိုဏ်း၊ မုယုံမိသားစုမှ မုယုံယန်ရန်က စီနီယာရှောင်ကို နှုတ်ခွန်းဆက်သပါတယ်"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu