အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
လင်းဖုန်းသည် ဧရာမ အနက်ရောင် ထီးတစ်လက်ကို ယူထုတ်လိုက်၏။ ဒါသည် သူက တောင်၏ တံခါးများကို စဖွင့်သည့်အချိန်တွင် စနစ်ကြီး၏ အဓိက မစ်ရှင်ကို ပြီးမြောက်ခြင်းကြောင့် ရရှိလာခဲ့သော အထူးဆုဖြစ်သည်။
ဤဆုလာဘ်သည် အတန်ငယ် ထူးခြား၏။ သူ့ကို အချိန်ကောင်းတွင် သုံးနိုင်လျှင်၊ ထူးဆန်း အံ့ဩဖွယ်ရာများကို ဖန်ဆင်းပြနိုင်မည် ဖြစ်ပြီး၊ အချိန်မှားပြီး သုံးလိုက်ပါမူ သူသည် ပိုင်ရှင်အား ခိုက်စေလိမ့်မည် ဖြစ်သည်။
ယခုအချိန်တွင် လင်းဖုန်းသည် ထီးကိုဖွင့်လိုက်ကာ သူ၏ခေါင်းပေါ်တွင် ဆောင်းလိုက်သည်။ သူသည် ပြပွဲတစ်ခုကို ကြည့်နေသကဲ့သို့၊ အေးဆေးသက်သာစွာဖြင့် စကြာဝဠာ မှော်အင်းကွက်အတွင်းတွင် ဖြည်းဖြည်းခြင်း လမ်းလျှောက်နေသည်။
ကြယ်စင်သူတော်စင်သည် လင်းဖုန်း၏ လုပ်ဆောင်ချက်များကို ထိုးဖောက်၍ မမြင်နိုင်ချေ။ သူသည် လင်းဖုန်း၏ ခေါင်းပေါ်မှ အနက်ရောင် ထီးကြီးကို အချိန်အတန်ကြာ အကဲခတ်နေလိုက်သည်။ သို့သော်လည်း သူသည် ဤအရာ၏ ထူးခြားချက်ကို မတွေ့ရှိခဲ့ပေ။
ဘာမှ မထူးခြားသည်နှင့် ကြယ်စင်သူတော်စင်သည် ဆက်မကြည့်တော့ရန် ဆုံးဖြတ်လိုက်၏။ သူသည် စိတ်အာရုံဖြင့် နောက်ထပ် ကြယ်ဥက္ကာပျံ တစ်အုပ်စုကို လင်းဖုန်းဆီသို့ ပြင်းထန်စွာနှင့် ရွာချလိုက်သည်။
သူ၏ထီးအောက်တွင် ရပ်နေရင်း၊ လင်းဖုန်းသည် တည်ငြိမ်စွာနှင့် ပြုံးလိုက်ကာ အပေါ်မှ ကြယ်ဥက္ကာပျံတို့ကို ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း ကြယ်စင်သူတော်စင်၏ မျက်လုံးအစုံမှာ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းအားများနှင့် ဖန်တီးထားခဲ့သော ကြယ်ဥက္ကာပျံ မုန်တိုင်းတို့သည်၊ အနက်ရောင် ထီးကြီးပေါ်သို့ ကျရောက်သွားသည့်အခါ လွင့်စင်ကွယ်ပျောက်သွားသည်ကို တွေ့လိုက်ရ၍ ဖြစ်သည်။ သူ၏ ကြယ်ဥက္ကာပျံတို့သည် မိုးရေစက်များပမာ၊ အနက်ရောင် ထီးကြီး၏ မျက်နှာပြင်ကို ထိုးဖောက်ဝင်ရောက်ခြင်း မပြုနိုင်ခဲ့ချေ။
ကြယ်စင်သူတော်စင်သည် သူ၏အာရုံကို စူးစိုက်လိုက်၏။ နောက်ထပ် အဆုံးမဲ့ ကြယ်ဥက္ကာတို့ကို လင်းဖုန်း၏ အောက်မှနေ၍ အပေါ်တို့ တိုက်ခတ်စေရန် အာရုံပြုလိုက်သည်။
အဘယ်ကြောင့်မှန်း မသိပဲ ထိုကြယ်ဥက္ကာတို့သည် လင်းဖုန်း၏အနီးသို့ ရောက်လာသောအခါ၊ ဒိုင်မန်းရှင်းတို့သည် နားမလည်နိုင်စွာဖြင့် ပုံသဏ္ဌာန် ပျက်သွားခဲ့၏။ အစောနက အတိုင်းပဲ ထိုဥက္ကာခဲတို့သည် ထီးပေါ်သို့ မိုးရေစက်များပမာ ကျရောက်သွားကြပြီး၊ လင်းဖုန်းသည် မှဲ့တစ်ပေါက်မှ မစွန်းခဲ့ချေ။
ဤအချိန်တွင်မူ ကြယ်စင်သူတော်စင်သည် မှင်သက်သွားခဲ့သည်။ သူ၏ စကြာဝဠာ မှော်အင်းကွက်ဖြင့် ဖန်တီးထားသော ကြယ်စင်စကြာဝဠာသည် သီးသန့်ဒိုင်မန်းရှင်းဖြစ်သည်။ သူ၏ ကြယ်စင် စကြာဝဠာ အတွင်းတွင်၊ သဘောတရားများ နိယာမများသည် သူ၏ ထိန်းချုပ်မှုအတွင်းတွင် ရှိနေရမည် ဖြစ်သည်။
သို့သော်လည်း လင်းဖုန်းသည် ထိုအနက်ရောင် ထီးကြီးအောက်တွင် ရှိနေသရွေ့၊ ကြယ်စင်သူတော်စင်က မည်သို့ပင် တိုက်ခိုက်စေကာမူ သူ့ဥက္ကာခဲများ၏ လမ်းကြောင်းတို့သည် ပြောင်းသွားခဲ့ကာ၊ လင်းဖုန်း၏ ခေါင်းပေါ်မှ အနက်ရောင် ထီးပေါ်သို့သာ ကျရောက်သွားခဲ့သည်။
ကြယ်စင်သူတော်စင်သည် အရှုံးမပေးလိုခဲ့ချေ။ "ဒီထီးရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ဘူးလို့ ငါက မယုံကြည်ဘူး"
သူ၏ ထိန်းချုပ်မှုအောက်တွင်၊ ကြယ်စင်တို့၏ ဖွဲ့စည်းပုံမှာ ထပ်ပြောင်းသွားခဲ့သည်။ ကောင်းကင်၏ မြောက်ဘက်ပိုင်းမှနေ၍၊ ကြယ်ပေါင်းများစွာ ဝိုင်းရံထားသော တောက်ပသော ကြယ်ခုနှစ်လုံးသို့သည် ခုနှစ်စင်ကြယ်အဖြစ် ပြောင်းလဲသွား၏။ သူတို့သည် ဧရာမ အလင်းတန်း တိုင်လုံးကြီး အဖြစ်သို့ ပြောင်းသွားခဲ့ကာ၊ လင်းဖုန်း၏ခေါင်းပေါ်မှ အနက်ရောင် ထီးကြီးကို တိုက်ခိုက်လိုက်ကြသည်။
သို့သော်လည်း တိုက်ခိုက်မှု အားလုံးသည် အချည်းနှီးဖြစ်သည်။ လင်းဖုန်းသည် အနက်ရောင် ထီးကြီးကို မြှောက်လိုက်သည်။ နေရောင်ကို ကာကွယ်သည့်အတိုင်း ထီးဖြင့် ထိုအလင်းတန်း တိုင်လုံးကြီးကို ကာကွယ်လိုက်ရာ၊ လင်းဖုန်းသည် လုံးဝဒဏ်ရာ မရခဲ့ချေ။
ကြယ်စင်သူတော်စင်သည် လက်မလျှော့သေးပေ။ သူသည် နောက်ထပ် မှော်ကျိန်စာ တစ်ခုကို ထုတ်လွှတ်လိုက်ရာ၊ ကောင်းကင်သည် နောက်တစ်ခေါက် ပြောင်းလဲသွားခဲ့သည်။ သူသည် အလွန်အားကောင်း၍ အန္တရာယ်ကြီးသည့် ဒိုင်မန်းရှင်းကို တွန့်လိမ်ကောက်ကွေးစေသည့် စွမ်းအားဖြင့်၊ လင်းဖုန်းကိုရော အနက်ရောင် ထီးကြီးကိုပါ ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည်။
ထပ်မံ၍ ဒါသည်လည်း ဘာမှမထူးခဲ့ပေ။ လင်းဖုန်း၏ ဘေးပတ်ပတ်လည်မှ လေဟာနယ်တို့သည် မမှတ်မိနိုင်လောက်အောင် ပုံပြောင်း၍ တွန့်လိမ်နေခဲ့သည်။ အလင်းရောင်သည်ပင်လျှင် မကွေးကောက်ပဲ ဖြတ်သန်းသွားနိုင်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း လင်းဖုန်းသည် အပြုံးပန်း ပန်ထားဆဲဖြစ်သည်။ သူသည် အနက်ရောင် ထီးကြီးကို ကိုင်ထား၍ ဟန်ပါပါနှင့် လမ်းလျှောက်နေဆဲ ဖြစ်သည်။
ကြယ်စင်သူတော်စင်သည် အရှုံးမပေးလိုသေးချေ။ သူ၏ စိတ်ဆန္ဒနှင့်အတူ သန်းနှင့်ချီသော ကြယ်တို့သည် စုပေါင်း၍ ကြီးကျယ်ခမ်းနားသော ကြယ်မြစ်တစ်စင်းအဖြစ်သို့ ပြောင်းသွားခဲ့ကာ၊ ခက်ထန်စွာဖြင့် လင်းဖုန်းရှိရာဆီသို့ စီးဆင်းလာခဲ့သည်။
သို့သော်လည်း၊ ထပ်ဖန်တစ်ခါ၊ ဒိုင်မန်းရှင်းတို့သည် တွန့်လိမ်သွားခဲ့သည်။ ကျယ်ပြန့်လှသော ကြယ်စင် နဂါးငွေ့တန်းတို့သည် ရေစီးကြောင်းငယ်လေး တစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ကာ၊ ထီးအပေါ်သို့ ကျရောက်သွားခဲ့သည်။ ထီး၏မျက်နှာပြင်ပေါ်တွင် အစအနအဖြစ်သာ ကျန်ခဲ့ကာ၊ ရေစီးကြောင်းလေးသည် ထီးဘေးသို့ ကျသွားခဲ့ပြီး လင်းဖုန်းထံသို့ မရောက်နိုင်ခဲ့ပေ။
ကြယ်စင်သူတော်စင်သည် လင်းဖုန်း၏ ခေါင်းပေါ်မှ အနက်ရောင် ထီးကြီးကို စိုက်ကြည့်နေသည်။ သူသည် ပါးစပ်အဟောင်းသား ဖြစ်နေ၏။ အချိန်အတန်ကြာမှသာ သူသည် တီးတိုးရေရွတ်နိုင်ခဲ့လေသည်။ "ဘယ်လိုပဲလုပ်လုပ် သူ့ကို မဖျက်ဆီးနိုင်ပါလား? သူက လုံးဝကို ပြိုင်ဘက်ကင်းပဲလား?"
လင်းဖုန်းသည် ထီးကိုဆက်ကိုင်ထားခဲ့ကာ တည်ငြိမ်စွာ ဆက်လျှောက်နေသည်။ သူသည် ကြယ်စင်သူတော်စင် ပြုလုပ်နေသော အရာမှန်သမျှကို မြင်နေရ၏။ သို့သော်လည်း သူသည် ပြုံးရုံသာ ပြုံးလိုက်ပြီး သူ့အပေါ်မှ ဧရာမ အနက်ရောင်ထီးကိုကို စိုက်ကြည့်လိုက်သည်။ ထိုအရာသည် သူ့ကို ကောင်းကင်တစ်ခုလုံးထံမှ ကာကွယ်ထားပုံရသည်။
ထိုအချိန်အတောအတွင်း၌ ထီး၏အောက်တွင်၊ သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်နေရသကဲ့သို ဖြစ်နေ၏။
ပြင်ပကမ္ဘာတွင် မိုးသက်မုန်တိုင်းများ၊ မိုးကြိုးလျှပ်စီးများ မည်သို့ပင် တိုက်ခတ်စေကာမူ၊ ငါ၏ထီးအောက်တွင် မိုးပေါက်တစ်စက်မျှ ငါ့ထံသို့ ရောက်နိုင်မည် မဟုတ်ချေ။
ပြင်ပကမ္ဘာတွင် ကောင်းကင်နှင့် မြေကြီးတို့က ပျက်စီးနေပါစေ၊ ငါ၏ထီးအောက်တွင် ငါ့ကို တစ်စုံတစ်ခုကမှ အန္တရာယ်ပြုနိုင်မည် မဟုတ်ပေ။
သူ့တွင် ပိုင်ရှင်ကို ကပ်ဘေးများ၊ စမ်းသပ်စစ်ဆေးခြင်းများကို ထာဝရ ကာကွယ်ပေးနိုင်သော ထီးတစ်ချောင်းရှိသည်။ အဘယ်ကြောင့် သူသည် မိုးသက်မုန်တိုင်းများ၊ မိုးကြိုးလျှပ်စီးများ၊ ကောင်းကင်နှင့် မြေကြီးတို့၏ ပျက်စီးခြင်းတို့ကို ဂရုစိုက်နေရမည်နည်း?
ဤထီးကို ကောင်းကင် အကာအကွယ်ထီးဟု ခေါ်သည်။
လင်းဖုန်းသည် ကောင်းကင် အကာအကွယ်ထီးကို ဆောင်းထားကာ၊ အရှေ့သို့ အတားအဆီး မရှိပဲနှင့် လျှောက်လှမ်းလာခဲ့သည်။ ခြေလှမ်းအနည်းငယ် အတွင်းမှာပင်၊ သူ၏အရှေ့မှ ကြယ်စင်ပင်လယ်ကြီးသည် တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။ မည်းနက်နေသော စကြာဝဠာ၊ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြသော ကြယ်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အရာအားလုံးတို့သည် ရှင်းယွင်တောင်ထိပ် ပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
လင်းဖုန်းသည် ကျောက်ဂူတွင်းမှ ထွက်လာခဲ့သည်။ ရှောင်ပုတန်လေးနှင့် ယွဲ့ဟုန်ယန်တို့သည် သူ့ကိုလာ၍ နှုတ်ဆက်လိုက်ကြ၏။ "မင်္ဂလာပါ၊ ဆရာသခင်"
"မင်းတို့က ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ကြတာပဲ" လင်းဖုန်းက ကျေနပ်စွာနှင့် ခေါင်းညိတ်လိုက်သည်။ ရှောင်ပုတန်လေးသည် လင်းဖုန်း၏ ခေါင်းပေါ်မှ ကောင်းကင် အကာအကွယ် ထီးကြီးကို ကြည့်လိုက်ကာ၊ စပ်စုစွာနှင့် မေးလိုက်သည်။ "ဆရာ၊ ဘာဖြစ်လို့ မိုးမရွာပဲနဲ့ ထီးဆောင်းထားတာလဲ?"
လင်းဖုန်းက ရယ်လိုက်သည်။ "ငါက ငါ့အတွက် ထီးဆောင်းထားတာ မဟုတ်ဘူး၊ တခြားလူတစ်ယောက် အတွက် ဆောင်းထားတာ"
ရှောင်ပုတန်လေးနှင့် ကျန်သောသူများသည် စိတ်ရှုပ်သွားကြသည်။ လင်းဖုန်း၏ အနောက်တွင် ကြယ်စင်သူတော်စင်သည် အနည်းငယ် မကျေမနပ် ဖြစ်နေသော မျက်နှာထားဖြင့် ထွက်လာခဲ့သည်။ လင်းဖုန်း၏ စကားကို ကြားရသောအခါ၊ သူသည် ရပ်လိုက်ကာ လင်းဖုန်း၏ ကောင်းကင် အကာအကွယ်ထီးကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။
တစ်ယောက်က စကြာဝဠာ မှော်အင်းကွက်သည် လင်းဖုန်းအား စစ်ဆေးခြင်းဟု ပြောပါက၊ ကောင်းကင် အကာအကွယ်ထီးသည် လင်းဖုန်းက ပြန်လည်၍ စစ်ဆေးခြင်းဖြစ်သည်။
ငါကမင်းရဲ့ မှော်အင်းကွက်ကို တုံ့ပြန်ဖို့ နည်းလမ်းရှိတယ်၊ ဒါပေမဲ့ မင်းက ငါ့ရဲ့ထီးကို ချိုးဖောက်ဖို့ နည်းလမ်းရှိသလား?
ကြယ်စင်သူတော်စင်သည် အချိန်အနည်းငယ်မျှ ချီတုံချတုံ ဖြစ်သွားခဲ့ကာ၊ နောက်ဆုံးတွင် လင်းဖုန်းအား နောက်ထပ်စိန်ခေါ်မှု မပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူသည် သူ၏ အင်မော်တယ် ဝိညာဉ်ကိုယ်ပွားအား ဖော်ပြလိုက်ပါက၊ သူတို့နှစ်ယောက်သည် အသက်စွန့်၍ တိုက်ခိုက်ရပေတော့မည်။ သူနှင့်လင်းဖုန်းတို့သည် နှစ်ဦးနှစ်ဘက်အကြား နက်ရှိုင်းသော ရန်ငြိုးရန်စများလည်း မရှိကြချေ။ သူသေကိုယ်သေ တိုက်ခိုက်ဖို့အတွက် အကြောင်းရင်း မရှိချေ။
အလင်းဓားမြန် ဓားမာစတာသည် အသံတစ်စက်မှ မထွက်ပဲ၊ သူ၏ဘေးသို့ ရောက်လာခဲ့သည်။ သူ၏အကြည့်သည် လင်းဖုန်း၏ ကောင်းကင် အကာအကွယ်ထီး၏ အနားမှ တစ်စက်မျှ မခွာခဲ့ပေ။ သူ၏အကြည့်မှာ ဓားအိမ်အတွင်းမှ ထွက်လာခဲ့သော ဓားနှစ်ချောင်းနှင့် တူနေ၏။
"ကျုပ်ရဲ့ဓားက ဒီထီးကို ထိုးဖောက်နိုင်လား စမ်းသပ်ချင်စိတ် ပြင်းပြနေတယ်" အလင်းဓားမြန် ဓားမာစတာသည် တိုးတိုးလေး ပြောလိုက်သည်။
ကြယ်စင်သူတော်စင်သည် သံသယ တစ်စက်မှ မဖြစ်ခဲ့ချေ။ "ခင်ဗျားက ဓားကျင့်ကြံသူ တစ်ယောက်ပဲ။ ခင်ဗျားက ဒီလိုအတွေးမျိုးရှိတာ အံ့ဩစရာ မရှိပါဘူး"
အချိန်အနည်းငယ်မျှ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး၊ အလင်းဓားမြန် ဓားမာစတာသည် နောင်တရစွာဖြင့် သူ၏ခေါင်းကို ခါလိုက်သည်။ "ဒီတစ်ခေါက်တော့ လက်လျှော့လိုက်မှဖြစ်မယ်။ နောက်တစ်ခေါက်ကျမှ အခွင့်အရေး ရှာလိုက်ဦးမယ်"
"ဝူချင်လျှိုက ဘာတွေများ ပြောထားလို့ ခင်ဗျားက ဒီလောက်အထိ ဝန်လေးပြီး တွေဝေနေရတာလဲ?" ကြယ်စင်သူတော်စင်က သိချင်စိတ် ပြင်းပြစွာနှင့် မေးလိုက်သည်။
အလင်းဓားမြန် ဓားမာစတာက အချိန်အတန်ငယ်မျှ တိတ်ဆိတ်သွားခဲ့ပြီး၊ "ခင်ဗျားက အနာဂတ်မှာ သိလာလိမ့်မယ်"
ကြယ်စင်သူတော်စင်ကလည်း ဆက်ပြီးတော့ မစပ်စုတော့ချေ။ သူသည် ခေါင်းညိတ်လိုက်ကာ ပါးစပ်ပိတ်ထားလိုက်သည်။
လင်းဖုန်းသည် အင်မော်တယ် ဝိညာဉ် အဆင့်မှ မာစတာ နှစ်ယောက်တို့၏ စကားတို့ကို မကြားနိုင်ခဲ့သော်လည်း၊ အလင်းဓားမြန် ဓားမာစတာက သူ့ကို စိန်ခေါ်နေလိုသည်ကို ခံစားမိနေရသည်။
သို့သော်လည်း အလင်းဓားမြန် ဓားမာစတာသည်၊ ကြယ်စင်သူတော်စင်ကဲ့သို့ လက်လျှော့လိုက်ရန် ဆုံးဖြတ်လိုက်ပုံရ၏။ လင်းဖုန်းသည် လျှို့ဝှက်စွာနှင့် နှုတ်ခမ်းကို တွန့်လိုက်ကာ၊ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။
သူသည် ဟိတ်ဟန်များကာ ဝင့်ကြွားနေခြင်း မဟုတ်ပေ။ သူသည် အင်မော်တယ် ဝိညာဉ် မာစတာ တစ်ယောက်ယောက်က သူ၏ ကောင်းကင် အကာအကွယ်ထီး၏ ကာကွယ်နိုင်မှုကို စမ်းသပ်စေလိုနေသည်။
အဘယ်ကြောင့်ဆိုသော်၊ ဤကောင်းကင် အကာအကွယ်ထီး၏ အကာအကွယ်အောက် ရောက်သွားခဲ့လျှင်၊ လင်းဖုန်း၏ ကိုယ်ပိုင်လုံခြုံမှုကို စိတ်ချရသည်နှင့်အတူ၊ သူသည် သူ၏စွမ်းအားများကို အသုံးပြုကာ သူ၏ပြိုင်ဘက်များကို မတိုက်ခိုက်နိုင်ပေ။
ဤကောင်းကင် အကာအကွယ်ထီး၏ စွမ်းအားတားဆီးနိုင်မှုမှာ နှစ်ဦးနှစ်ဘက် စလုံးအား အကျိုးသက်ရောက်မှုရှိသည်။ ဤထီး၏ တစ်ဖက်တစ်ချက်တွင် ရှိနေကြသော နှစ်ယောက်စလုံးတို့သည် တစ်ယောက်ကိုတစ်ယောက် အန္တရာယ်ပြုနိုင်မည် မဟုတ်ချေ။
သို့သော်လည်း သူ၏ ခုခံကာကွယ်နိုင်စွမ်းမှာ အနှိုင်းမဲ့ဖြစ်ပြီး လုံးဝ ကျေနပ်ဖွယ်ရာရှိသည်။ သူသည် ထောင်ပေါင်းများစွာသော စမ်းသပ်မှုများ၊ မှော်ကျိန်စာများ၊ မှော်အင်းကွက်များကို ခံနိုင်ရည်ရှိပြီး၊ အကျိုးပေါက်ခံမည် မဟုတ်ပေ။
အကယ်၍ အလင်းဓားမြန် ဓားမာစတာ သို့မဟုတ် ကြယ်စင်သူတော်စင်တို့သည် သူတို့၏ စွမ်းအားကုန်သည့်တိုက်အောင် ဤထီးကို တိုက်ခိုက်သော်လည်း၊ အချည်းနှီးဖြစ်ကာ သူတို့ကိုယ်သာ သူတို့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်မည်ဟု လင်းဖုန်းသည် ၈၀ရာခိုင်နှုန်း ယုံကြည်ချက်ရှိနေသည်။
သို့သော်လည်း သူတို့နှစ်ယောက်စလုံးတို့သည် တိုက်ပွဲဝင်လိုစိတ်ကို ချိုးနှိမ်ထားကြသည်ကို တွေ့လိုက်ရ၍၊ လင်းဖုန်းသည် အတန်ငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူသည် ထိုအရာများကို ခေါင်းထဲမှ ထုတ်ထားလိုက်၍ သူ၏အာရုံတို့ကို သူ့အရှေ့မှ တိုက်ပွဲသို့ ပြောင်းလဲလိုက်သည်။
ရှောင်ယန်နှင့် ချုံးယွင်မင်းသားတို့၏ တိုက်ပွဲမှာ အရှိန်တက်နေပေပြီ။
အခြေတည်ဝိညာဉ် အဆင့်မှ လက်နက်တစ်ခုဖြစ်သော စကြာဝဠာကြေးမုံဖြင့် ရှောင်ယန်သည် တိုက်ပွဲကို ရင်ဆိုင်နေသည်။ စကြာဝဠာ ကြေးမုံကို ခံစစ်အနေဖြင့် အသုံးချကာ၊ အကြွင်းမဲ့မီးတောက် နှစ်ခုကို တိုက်စစ်အနေဖြင့် အသုံးချ၍၊ မဟူရာ တိမ်တိုက်အလံဖြင့် သူ၏ လှုပ်ရှားမှုများကို အထောက်အကူ ပြုစေပြီး၊ ရှောင်ယန်သည် သူ့တွင်ရှိသော နည်းလမ်းမှန်သမျှကို အကုန်အသုံးချကာ ချုံးယွင်မင်းသားနှင့် တိုက်ပွဲဆင်နွှဲနေခဲ့သည်။
ထို့တူစွာ ချုံးယွင်မင်းသားသည်လည်း သူ၏စွမ်းအားများကို အစွမ်းကုန် အသုံးချနေခဲ့၏။ သူ၏ခေါင်းပေါ်တွင် ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်နေသော နဂါးပုံစံတစ်ခုဖြင့်၊ သူသည် ရှောင်ယန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့သည်။
မဟာချင်၏ အိမ်ရှေ့စံမင်းသား ဖြစ်သည်နှင့်အညီ၊ သူ့တွင် ရတနာများစွာရှိသည်။ အခြေတည်ဝိညာဉ် အဆင့်မှ လက်နက်များကို စာပင်မဖွဲ့ချေ။ သူ၏ တာအိုနည်းစနစ်များနှင့် စွမ်းရည်များသည်လည်း ထိပ်တန်းအဆင့်တွင် ရှိ၏။ သူသည် အခြေတည်ဝိညာဉ် စဦးပိုင်း အဆင့်တွင်ရှိ၍၊ ရှောင်ယန်သည် ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်တွင်သာရှိရာ၊ သူသည် ယခုအချိန်တွင် သိသိသာသာကြီး အသာစီးရလျှက်ရှိသည်။
ရှောင်ယန်သည် စိတ်လှုပ်ရှားနေပုံရ၏။ သူ၏ ဂျူနီယာများနှင့် လေ့ကျင့်ခန်းလုပ်သည့်အခါ စိန်ခေါ်မှုများမှလွဲ၍၊ ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲကို မတိုက်ရသည်မှာ အကြာကြီးရှိပြီ ဖြစ်သည်။ ရှကျိုးမြို့ပြင်မှ မာစတာဆိုင်ကလုန်းနှင့် တိုက်ပွဲမှာလည်း၊ ယခုမျက်စိအောက်မှ ချုံးယွင်မင်းသားနှင့် တိုက်ရသည်လောက် အားမရချေ။
ချုံးယန်မင်းသား၏ ဖိအားအောက်တွင်၊ ရှောင်ယန်သည် သူ၏ ဖဲချပ်များ အားလုံးကို သုံးပြီးဖြစ်သည်။ သူသည် လိုသည်ထက်ပင် ပိုသုံးနေသည်ဟု ထင်နေရသည်။
"ဒီတိုက်ပွဲကို အကောင်းဆုံးတိုက်ကြစို့!" မီးတောက်နှစ်ခု၊ တစ်ခုက ရွှေရောင် တစ်ခုက ခရမ်းရောင် တို့သည်၊ သူ၏ မျက်လုံးသူငယ်အိမ် အတွင်းမှ တောက်ပလာ၏။ သူ၏လက်နှစ်ဘက်ကို စုစည်းလိုက်သည်။ မဟာသူရိယ အကြွင်းမဲ့ မီးတောက်နှင့် ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်တို့သည် စတင်၍ ပေါင်းစည်းလာခဲ့သည်။
သိပ်မကြာသေးခင်က ယုကျင်းတောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သော အရာသည်၊ ယခုအခါ ထပ်မံဖြစ်ပျက်ပေတော့မည်။
ရှောင်ယန်ဖန်တီးခဲ့သော တုန်ခါမှုမှာ ကြောက်မက်ဖွယ် ကောင်းလွန်း၍၊ တောင်တစ်ခုလုံးသည် တုန်ခါသွားကာ မတည်မငြိမ် ဖြစ်လာခဲ့သည်။ အလင်းဓားမြန်ဂိုဏ်း၏ တောင်အကာအကွယ် ဝင်္ကပါဖြစ်သော တိမ်တိုက်-ကောင်းကင် ဓားအလင်းတန်းဝင်္ကပါသည် ထပ်ဖန်တခါ အသက်ဝင်လာခဲ့သည်။ ဒီတစ်ခေါက်တွင် သူ၏တုံ့ပြန်မှုမှာ၊ ရှောင်ပုတန်လေး တိုက်ခိုက်ခဲ့စဉ်ကထက် ပိုပြင်းထန်ပေသည်။
အလင်းဓားမြန် ဓားမာစတာနှင့် ကြယ်စင်သူတော်စင်တို့ပင် စိတ်မထိန်းနိုင်ကြတော့ချေ။ "မင်းက မဟာအကြွင်းမဲ့ မီးတောက်နှစ်ခုကို ပေါင်းချင်နေတာလား? ဒါက ရူးမိုက်မှုပဲ!"
"မင်းက အူကြောင်ကျားပဲ!" ရှောင်ယန်နှင့် တိုက်ရိုက်ရင်ဆိုင်နေသော ချုံးယွင်မင်းသားသည်၊ ထိုဖျက်ဆီးနိုင်သော စွမ်းအား၏ အကျိုးသက်ရောက်မှုကို ပို၍ထိတွေ့နေရသည်။
ရှောင်ယန်သည် မဟာကောင်းကင် တာအိုကျမ်းစာရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက်ကို အဆင့်အမြင့်ဆုံး အသုံးချနေ၏။ သူ၏ လက်ဆယ်ချောင်းတို့မှာ ကျင်လည်စွာ လှုပ်ရှားနေကြပြီး၊ ပေါင်းစည်းနေကြသော အကြွင်းမဲ့မီးတောက်များ အတွင်းသို့ မှော်ကျိန်စာ တစ်ခုပြီးတစ်ခု ပို့လွှတ်နေခဲ့သည်။
လင်းဖုန်း၏ သွန်သင်ဆုံးမမှုတို့သည် သူ၏နားအတွင်းတွင် အဆက်မပြတ် ပေါ်လာခဲ့သည်။ "မဟာသူရိယ အကြွင်းမဲ့ မီးတောက်ရဲ့ ကောင်းကင်ဆူးချွန်တွေက မူလမှာ တည်ငြိမ်ပြီး၊ ရန်သူနဲ့ ထိတွေ့လိုက်မှသာ ပေါက်ကွဲလာတတ်တယ်။ ပေါင်းစပ်တဲ့အခါမှာ မင်းက သူ့ကို တည်ငြိမ်နေအောင် ကြိုးစားပြီး ထိန်းချုပ်မှရမယ်"
"ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်က ခက်ထန်စွာ တောက်လျှောက်လောင်ကျွမ်းပြီး၊ ရိုင်းစိုင်းတဲ့ သဘာဝရှိတယ်။ သူ့ရဲ့ ထူးခြားတဲ့ ဝိသေသကို ယဉ်ပါးအောင် ဖိနှိပ်ဖို့ မကြိုးစားနဲ့။ အဲ့ဒီအစား သူ့ရဲ့ လောင်ကျွမ်းမှုကို မင်းထိန်းနိုင်တဲ့ အဆင့်အထိမှာသာ ထိန်းထားနိုင်အောင်ကြိုးစား"
"သူတို့ရဲ့ စွမ်းအင်ဟာ ဘယ်လောက်ပဲ ရူးမိုက်ပြီး စွမ်းအားကောင်းတယ် ပြောပြော၊ ကြိုးစားပြီးရအောင် ထိန်းချုပ်ရမယ်။ နောက်ဆုံးမှာ လူကပဲ မီးကို ထိန်းချုပ်တာဖြစ်ပြီး၊ မီးကလူကို ထိန်းချုပ်တယ်ဆိုတာ မရှိဘူး"
ရှောင်ယန်သည် သူ၏ခေါင်းကို လှည့်ကြည့်လိုက်ရာ၊ လင်းဖုန်းသည် ကောင်းကင် အကာအကွယ် ထီးအောက်မှနေ၍ သူ့ကို ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဆရာ၊ ကျွန်တော် အောင်မြင်ပြီဗျ!" ရှောင်ယန်သည် အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်၏။ သူ၏လက်နှစ်ဘက်ကို ရုတ်တရက် စုစည်းလိုက်၏။ ခက်ထန်လှသော မီးတောက်တို့သည် ရုတ်တရက် အားလျော့သွားကြ၏။ အားလုံး၏ အားကျနေကြသော အကြည့်တို့၏အောက်ဝယ်၊ မီးတောက်တို့သည် ရှောင်ယန်၏ လက်ဖဝါးအတွင်းတွင် ခရမ်းရွှေရောင် ကြာပန်းအသွင်သို့ သိပ်သည်းသွားကြ လေတော့သည်။
ထိုခရမ်းရွှေရောင် ကြာပန်းသည် ပုံပေါ်လာသည်နှင့် တပြိုင်နက်၊ ရှောင်ယန်သည် ဘာမှ တွေဝေနေခြင်း မရှိပဲ ချုံးယွင်မင်းသားထံသို့ ပစ်လွှတ်လိုက်သည်။
"ဘုန်း!"
နားကွဲလုမတတ် ပေါက်ကွဲသံတို့၏အောက်တွင်၊ အားလုံး၏ မြင်ကွင်းတို့သည် ခရမ်းရွှေရောင် မီးတောက်အလင်းရောင်များနှင့် ပြည့်သွားခဲ့သည်။ အခြားမည်သည့်အရာကိုမျှ မမြင်ရတော့ချေ။
ခဏအကြာတွင် မီးတောက်လှိုင်းလုံးများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့၏။ ကောင်းကင်တွင် အပေါက်ကြီး တစ်ပေါက်အဖြစ် လောင်ကျွမ်းသွားသည်ဟု ထင်နေရ၏။
ရှင်းယွင်တောင်ထိပ်တွင် နှစ်ထောင်ပေါင်းများစွာ ရစ်ဆိုင်းနေကြသော၊ ရွှေရောင်မြူခိုးငွေ့ အတော်များများတို့သည် ချက်ချင်း ကွယ်ပျောက်သွားကြသည်။ မီးအရှိန်သည် ပြင်းလွန်းလှ၍ မြူခိုးငွေ့တို့မှာ ချက်ချင်း လေထုထဲတွင် အငွေ့ပျံသွားကြကာ၊ မည်သည့် အရိပ်အယောင်လေးမျှပင် ကျန်မနေခဲ့ချေ။
ကျောက်ယန်နှင့် ကျန်သော အလင်းဓားမြန်ဂိုဏ်း၏ ရွှေရောင်ဗဟိုချက် အဆင့်မှ တပည့်များသည် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ သူတို့သည် သူတို့ ယခု ခံစားနေရသော အံ့ဩထိတ်လန့်မှုတို့နှင့် ချာချာလည်နေကြသည်။ "ငါတို့က ဒီလိုမျိုး လူထူးလူဆန်းကို စိန်ခေါ်မိတော့မလို့ပါလား!"
ခရမ်းရောင်တိမ်တိုက် ဂရန်းမာစတာနှင့် ကျန်သော အခြေတည်ဝိညာဉ် အဆင့်မှ ဂရန်းမာစတာတို့သည်လည်း မျက်စိမျက်နှာ ပျက်နေကြသည်။ အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်မှ ဂရန်းမာစတာတို့သည် ထိုပေါက်ကွဲမှုတွင် အသက်ရှင်ကျန်နိုင်သော်လည်း၊ အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာရမှုမှနေတော့ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ အပါအဝင်၊ ကျန်အခြေတည်ဝိညာဉ် စဦးပိုင်း အဆင့်မှ ကျင့်ကြံသူတို့သည် ပို၍ပူပန်သည့်ပုံ ပေါက်နေကြ၏။ သူတို့သည် ရှောင်ယန်နှင့် ရင်ဆိုင်တိုက်ခိုက်၍၊ ရှောင်ယန်က ယခုအကွက်ကို သုံးလိုက်လျှင် သူတို့သည် အသက်ရှင်ချင်မှ ရှင်နိုင်ပေမည်။
ရှောင်ယန်၏ဘက်တွင်ရှိကြသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ သူတို့သည်ပင်လျှင်၊ စကားမပြောနိုင်ပဲ အံ့အားသင့်နေကြသည်။ ထွမ်းထွမ်းသည် တိတ်တဆိတ် တံတွေးမျိုချလိုက်သည်။ သူမသည် ယုကျင်းတောင်ပေါ်တွင် ရှောင်ယန်ကို ဖိအားမပေးမိခဲ့သည်ကို ကျိတ်၍ပျော်နေမိသည်။ မဟုတ်လျှင်တော့ သူမသည် လက်စွပ်ဒိုင်မန်းရှင်းအတွင်းသို့ ထပ်မံတစ်ခေါက် ပြန်ရောက်ရပေလိမ့်မည်။
အလင်းဓားမြန် ဓားမာစတာနှင့် ကြယ်စင်သူတော်စင်တို့သည် သိသိသာသာပင် မသက်မသာ ဖြစ်နေကြ၏။ "သူက ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်နဲ့တောင် ဒီလောက်အထိ စွမ်းဆောင်နေနိုင်ပြီ" သူတို့သည် တစ်ချိန်တည်းမှာပင် လင်းဖုန်းကို ကြည့်လိုက်ကြ၏။ လင်းဖုန်းသည် အနည်းငယ်သာ ပျော်နေပုံရပြီး၊ သူ၏ခေါင်းကို ညင်သာစွာ ညိတ်လိုက်၏။
ဒါကိုတွေ့လိုက်ရသော်၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ မာစတာနှစ်ယောက်တို့သည် ရင်လေးသွားကြသည်။ "တပည့်က ဒီလောက်အထိ ကြောက်စရာ ကောင်းနေတော့၊ ဆရာကရော ဘယ်လိုများလဲ?"
အချိန်အတော်ကြီး ကြာပြီးနောက် မီးတောက်များသည် အားနည်းသွားကြသည်။ အတွင်းမှနေ၍ သမန်းဝံပုလွေကဲ့သို့ မာန်ဖီနေသော အရှက်ရနေသည့် ပုံရိပ်တစ်ခုသည် ပေါ်ထွက်လာခဲ့သည်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu