အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
သူတို့ဟာ ရုတ်တရက် တွေ့လိုက်ကြတာ ဖြစ်ပြီး၊ တစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို တစ်ယောက်က သေသေချာချာ မတွေ့ရသေးပါဘူး။
သူတို့က အချိန်ကို မြန်ဆန်စေတဲ့ ဒိုင်မန်းရှင်းတွေ အထဲမှာ ကျင့်ကြံခဲ့တဲ့ ကာလတွေကိုပါ ထည့်တွက်ရင်၊ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် မတွေ့ကြရတာဟာ ဆယ်နှစ်ကျော်လောက် ရှိသွားခဲ့ပါပြီ။
ဒါက သူတို့ရဲ့ ပုံစံတွေ အကြီးအကျယ် ပြောင်းလဲသွားဖို့ လုံလောက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရှောင်ယန်နဲ့ မုယုံယန်ရန်တို့ဟာ တွေ့လိုက်တာနဲ့၊ တစ်ယောက်ကိုတစ်ယောက် မှတ်မိလိုက်ကြပါတယ်။
တစ်ခုရှိတာက သူတို့ဟာ ဒီလိုမျိုး အခြေအနေမှာ တွေ့လိုက်ရတော့၊ ရှက်ကိုးရှက်ကန်းနဲ့ ကသိကအောက်တွေ ဖြစ်သွားကြတာပါ။
ရှောင်ယန်က မုယုံယန်ရန်ကို ရှင်းယွင်တောင်ထိပ်မှာ ခမ်းနားထည်ဝါစွာနဲ့ စောင့်နေလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။
ဒါမှမဟုတ်ရင် သူမဟာ အလင်းဓားမြန်ဂိုဏ်းက အဖွဲ့ဝင်တွေကို ခေါ်ပြီး၊ သူ့ကို လမ်းတစ်ဝက်ကနေ လုပ်ကြံလိမ့်မယ်လို့ ထင်ခဲ့မှာပါ။ ဒါပေမဲ့လည်း သူက မုယုံယန်ရန်ကို ဒီလိုမျိုး ကသိကအောက် ဖြစ်ဖွယ် အခြေအနေမျိုးနဲ့ တွေ့ရလိမ့်မယ်လို့ လုံးဝကို မမျှော်လင့်ထားခဲ့ပါဘူး။
ရှောင်ပုတန်လေးက အပြာရောင်တိမ်တိုက် ဦးချိုမြွေကို ထွမ်းထွမ်းဆီကို ပေးလိုက်ပြီး၊ အရှေ့ကို လာခဲ့ကာ စပ်စုစွာနဲ့ မေးလိုက်ပါတယ်၊ "အစ်ကိုကြီးခင်ဗျ၊ အစ်ကိုကြီးတို့ နှစ်ယောက်က အသိအကျွမ်းတွေလား?"
မုယုံယန်ရန်နဲ့ ရှောင်ယန်တို့ နှစ်ယောက်စလုံးဟာ အတူတူ အော်လိုက်ကြပါတယ်။ "မဟုတ်ဘူး!"
"ခင်ဗျားတို့က ဘယ်သူ့ကို လှည့်ဖျားချင်နေကြတာလဲ?" ရှောင်ပုတန်လေးက ရှက်ကိုးရှက်ကန်း ဖြစ်နေကြတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး၊ သူ့ရဲ့ နှုတ်ခမ်းတွေကို တွန့်လိုက်ကာ ရှောင်ယန်ကို ကြည့်လိုက်ပြီး၊ "အစ်ကိုကြီး၊ ကျွန်တော်က ဆယ်နှစ်ကျော် ရှိပြီဗျ၊ ကလေးလေး မဟုတ်တော့ဘူး။ ကျွန်တော့်ကို လွယ်လွယ်နဲ့ ညာချလို့ရမယ် မထင်နဲ့တော့၊ ဟုတ်ပြီလား?"
ရှောင်ယန်က သူ့ကို မျက်စောင်းထိုးကာ ကြည့်လိုက်ပြီး၊ ဘာကိုမှ ပြန်မဖြေခဲ့ပါဘူး။
ရှောင်ပုတန်လေးက မုယုံယန်ရန်ကို ပြုံးရွှင်စွာနဲ့ ကြည့်လိုက်ပါတယ်။ "တကယ်လို့များ ကျွန်တော်က နားကြားမမှားလို့ရှိရင်၊ ကျွန်တော်က သူဟာ ခင်ဗျားရဲ့ နာမည်ကို ခေါ်တာ ကြားလိုက်ရတယ်"
မုယုံယန်ရန်ရဲ့ မျက်နှာဟာ ပျက်သွားခဲ့ပါတယ်။ ရှောင်ပုတန်လေးဟာ သိရက်သားနဲ့ ရူးချင်ယောင်ဆောင်ပြီး၊ သပ်သပ်လာကြပ်နေတယ် ဆိုတာကို သိနေခဲ့ပါတယ်။
"ကဲ၊ ခင်ဗျားက မုယုံယန်ရန်ပေါ့?" ရှောင်ပုတန်လေးဟာ သူမရဲ့ အနားမှာ ပတ်လျှောက်နေခဲ့ပါတယ်။ "လက်စသတ်တော့၊ အစ်ကိုကြီးကို ငြင်းပယ်ခဲ့တာက ခင်ဗျားပဲ။ ခင်ဗျားမှာက ထူးခြားတဲ့ ကိုယ်ကျင့်စရိုက် ရှိတာပဲ"
မုယုံယန်ရန်ဟာ ရှောင်ပုတန်လေးရဲ့ စူးစိုက်ကြည့်တာကို ခံနေရတော့၊ သူဟာ ကလေးကြီး အရွယ်သာ ရှိသေးပေမဲ့ အတော်ကို ကသိကအောက် ဖြစ်နေခဲ့ပါတယ်။
ပိုပြီးတော့ ဆိုးတာက ရှောင်ပုတန်လေးဟာ သူမရဲ့ အလှအပတွေကို ခံစားနေတာ မဟုတ်ပဲ၊ တိရိစ္ဆာန် တစ်ကောင်ကို ကြည့်နေသလိုမျိုး စပ်စပ်စုစုနဲ့ လေ့လာနေခဲ့တာပါ။
"ငါက ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတစ်ယောက် မဟုတ်ပေမဲ့၊ ငါ့ကို အထင်သေးလို့ ရမယ်ထင်ရင် မှားသွားလိမ့်မယ်" မုယုံယန်ရန်ဟာ သူမရဲ့ စိတ်တွေကို တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း၊ လေးနက်စွာနဲ့ ပြောလိုက်ပါတယ်၊ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေ အားလုံးက ဒီလိုမျိုး သွန်သင်ဆုံးမမှု အားနည်းနေကြတာလား?"
ရှောင်ပုတန်လေးက ကမ္ဘာပေါ်မှာ အံ့ဩစရာ အကောင်းဆုံး အရာတစ်ခုကို တွေ့လိုက်တဲ့အတိုင်း၊ သူ့ရဲ့ မျက်လုံးတွေကို အကျယ်ကြီး ပြူးလိုက်ပြီး ရယ်လိုက်ပါတယ်၊ "ခင်ဗျားက ဒါကိုတောင် မခံနိုင်ဘူးလား? ခင်ဗျားက ဝူကျိုးမှာတုံးက ကျွန်တော့် အစ်ကိုကြီးကို အနိုင်ကျင့်တုံးက၊ ခင်ဗျားရဲ့ သွန်သင်ဆုံးမမှုတွေက ဘယ်မှာလဲ?"
"တစ်ယောက်က သူများတွေကို အနိုင်ကျင့်နိုင်ပြီး၊ သူများကတော့ သူမကို အနိုင်ကျင့်လို့ မရဘူး။ ဘယ်သူက ခင်ဗျားကို အထူး အခွင့်အရေးတွေ ပေးထားတာလဲ?"
မုယုံယန်ရန်ရဲ့ မျက်နှာဟာ ဖြူဆွတ်သွားခဲ့ပြီး၊ ငြိမ်သက်သွားခဲ့ပါတယ်။
ရှောင်ယန်က သူ့ရဲ့လက်ကို ဝှေ့ယမ်းပြလိုက်တော့၊ ရှောင်ပုတန်လေးက ပါးစပ်ပိတ်လိုက်ပါတယ်။ ရှောင်ယန်ဟာ မုယုံယန်ရန်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာနဲ့၊ "မုယုံမိန်းကလေး၊ ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ?"
"ခရီးထွက်နေတာလား? ကြည့်ရတာ မင်းက တစ်စုံတစ်ယောက်က ရှင်းယွင်တောင်ထိပ်ကို လာပြီးတော့၊ မင်းကို လာစိန်ခေါ်မယ် ဆိုတာကို မေ့နေတာထင်တယ်။ ဒါမှမဟုတ် ဒီလူက ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူးလို့များ ထင်နေတာလား?"
မုယုံယန်ရန်က အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်ပြီး၊ သူမရဲ့ခေါင်းကို မော့ကာ ရှောင်ယန်ကို ကြည့်လိုက်ပြီး၊ "ကျွန်မက မမေ့ပါဘူး။ ဒီကနေ့ ပြန်တွေ့ကြပြီဆိုတော့၊ အရင်က အလောင်းအစားကို ဖြေရှင်းလိုက်ကြစို့"
စကားဆုံးတာနဲ့ သူမဟာ သူမရဲ့ခါးက ရတနာ ဗူးတောင်းကို ပုတ်လိုက်တော့၊ အနီရောင် မြူခိုးငွေ့တွေဟာ ထွက်လာခဲ့ပြီး၊ သူမရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ခါးမှာ ချိတ်ထားတဲ့ ဓားရှည်ကို ဆွဲထုတ်လိုက်တော့၊ လေဟာနယ်ထဲမှာ အဖြူရောင် အလင်းတန်း တစ်ခုက ဖြာထွက်သွားခဲ့ပါတယ်။
ဒီအချိန်မှာ သူမဟာ ရှောင်ယန်ရဲ့ စွမ်းရည်တွေဟာ သူမထက် အများကြီး သာနေတယ် ဆိုတာကို သိနေခဲ့ပေမဲ့၊ သူမဟာ အစွမ်းကုန် ကြိုးစားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ သူမရဲ့ မာနနဲ့ ဂုဏ်သိက္ခာတို့ဟာ ရှောင်ယန်ကို အညံ့ခံဖို့ ခွင့်မပြုနေခဲ့ပါဘူး။
ရှောင်ယန်က ဘာမှ မပြောခဲ့ပဲ မုယုံယန်ရန်ကိုသာ ကြည့်နေခဲ့ပါတယ်၊ ရှောင်ပုတန်လေးကတော့ ရယ်လိုက်ကာ မုယုံယန်ရန်ကို ကြည့်လိုက်ပြီး၊ "အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်? ဒါဆိုရင်တော့ အစ်ကိုကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
သူက ခေါင်းကိုလှည့်လိုက်ပြီး ရှောင်ယန်ကို ကြည့်လိုက်ကာ၊ "အစ်ကိုကြီး၊ ဆရာသခင်ဆီကို ပြန်သွားရအောင်။ ဆရာ့ကို အစ်ကိုကြီးတို့ နှစ်ယောက် ယှဉ်ပြိုင်ဖို့အတွက် ကောင်းကင်ကမ္ဘာငယ် တစ်ခုကို ဖန်ဆင်းခိုင်းပြီး၊ အစ်ကိုကြီးရဲ့ ကျင့်ကြံမှု အဆင့်ကို ဖိနှိပ်ခိုင်းထားရမယ်"
"ဒါပေမဲ့လည်း အခြေခံ အုတ်မြစ်အဆင့်ကို ချလိုက်ရင်လည်း ဘာမှထူးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ အံ့ဖွယ်ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေက အဆင့်တူရင် ပြိုင်ဘက်မရှိဘူးဆိုတော့၊ ဆရာက အစ်ကိုကြီးကို အနည်းဆုံးတော့ ချီသာဝက အဆင့်ကို နှိမ့်ချထားပေးမှရမှာ"
မုယုံယန်ရန်ဟာ ဒေါသထွက်နေခဲ့ပေမဲ့ ရှောင်ယန်ကတော့ ရှောင်ပုတန်လေးကို အမူအရာ ကင်းမဲ့စွာနဲ့ပဲ ကြည့်နေခဲ့ပါတယ်။
ထွမ်းထွမ်းကလည်း အပြာရောင်တိမ်တိုက် ဦးချိုမြွေကို ဂရုမစိုက်နိုင်တော့ပဲ၊ သူမရဲ့ခေါင်းကို ခါလိုက်ပြီး ရှောင်ပုတန်လေးကို ကြည့်လိုက်ပါတယ်။ "ဒီကောင်လေးရဲ့ ပါးစပ်ပုပ်လေးက လျှာစောင်းထက်လွန်းတယ်။ တကယ်လို့များ ငါက မုယုံယန်ရန်ရဲ့ နေရာမှာဆိုရင်၊ ဘာမှ ရွေးစရာလမ်း မရှိတော့ပဲ အသက်စွန့်ပြီး တိုက်ရတော့မှာပဲ။ မဟုတ်လို့ရှိရင်၊ တခြားသူတွေကို ပြဖို့မျက်နှာ ရှိတော့မှာ မဟုတ်ဘူး"
ပြဿနာက နောက်ဆုံးရလဒ်ဟာ သေခြင်းပဲ ဖြစ်မှာပါ။
မုယုံယန်ရန်ဟာ အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်ပြီး၊ သူမရဲ့ ခေါင်းထဲက မဟုတ်တဲ့ အတွေးတွေ အားလုံးကို ဖယ်ထုတ်လိုက်ပါတယ်။ သူမရဲ့ ဓားရှည်ဟာ သူမရဲ့ ရင်ဘတ်ပေါ်ကို ထားလိုက်ပြီး၊ လေးနက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်၊ "အလင်းဓားမြန်ဂိုဏ်းက တပည့် မုယုံယန်ရန်၊ ကျေးဇူးပြုပြီး ညွှန်ပြမှုပေးပါ"
သူမရဲ့စကား ဆုံးတာနဲ့၊ ရှောင်ယန်နဲ့ ရှောင်ပုတန်တို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတာကို တွေ့လိုက်ရပါတယ်။ ရှောင်ပုတန်လေးက ပွဲဖျက်တဲ့ အနေနဲ့ ညည်းလိုက်ပါတယ်၊ "ငါကြည့်ဖို့ ပွဲကောင်းမရှိတော့ဘူး"
မုယုံယန်ရန်က ဘာကိုမှ မတုံ့ပြန်ရသေးခင်မှာပဲ၊ ခရမ်းရောင် တိမ်တိုက်တစ်ခုဟာ ရုတ်တရက်ပဲ ဟင်းလင်းပြင်ကို ချိုးဖောက်လာခဲ့ကာ သူမကို ရစ်ပတ်လိုက်ပါတယ်။ ပြီးတာနဲ့ သူမကလည်း သတိလစ်သွားခဲ့ပါတယ်။
လင်းဖုန်းရဲ့ အသံဟာ လေဟာနယ်ထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်၊ "ရှောင်ယန်၊ အလောတကြီးနဲ့ မလုပ်နဲ့ဦး။ ဒီကောင်မလေးက အလင်းဓားမြန်ဂိုဏ်းကနေ တိတ်တိတ်ကလေး ထွက်ပြေးလာတာ ဖြစ်နိုင်တယ်"
ရှောင်ယန်နဲ့ ရှောင်ပုတန်လေးတို့ဟာ နှစ်ယောက်စလုံး မှင်သက်သွားကြပါတယ်။ ရှောင်ယန်က ရယ်လိုက်ပြီး၊ "အလင်းဓားမြန်ဂိုဏ်းက ဘာလုပ်ချင်နေတာလဲ?"
ရှောင်ပုတန်လေးက ထပ်ပြုံးလိုက်ပြီး၊ "ပွဲကတော့ ကြည့်လို့ ပိုကောင်းလာပြီ"
လင်းဖုန်းက တိတ်တိတ်လေးပဲ ပြောလိုက်ပါတယ်၊ "မင်းတို့က ဒီကောင်မလေးကို မမြင်ခဲ့ဘူးလို့ပဲ သဘောထားလိုက်။ ငါတို့က ရှင်းယွင်တောင်ထိပ်ကို နဂို အစီအစဉ် အတိုင်းပဲ သွားလိုက်မယ်။ ဟိုရောက်ရင် သူတို့က ဘာအကွက်တွေ ရွှေ့ချင်နေသလဲ ဆိုတာကို တွေ့ရတာပေါ့"
ရှောင်ပုတန်နဲ့ ရှောင်ယန်တို့က ချက်ချင်း သဘောတူလိုက်ပါတယ်။ ရှောင်ယန်က သူ့နေရာမှာသူ ငိုင်နေခဲ့ပြီး၊ ရှောင်ပုတန်လေးရဲ့ အာရုံကတော့ ထွမ်းထွမ်းနဲ့အတူ ရှိနေတဲ့ အပြာရောင်တိမ်တိုက် ဦးချိုမြွေဆီကို လျှင်မြန်စွာနဲ့ ကျရောက်သွားခဲ့ပါတယ်။
မုယုံယန်ရန်ဟာ လင်းဖုန်းရဲ့ စွမ်းအားတွေနဲ့ ဆွဲယူသွားခြင်းကို ခံခဲ့ရပေမဲ့၊ သူမဟာ အချိန်အနည်းငယ် အကြာမှာတော့ ပြန်နိုးလာခဲ့ပါတယ်။ သူမရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တော့၊ သူမဟာ ခရမ်းရောင် ဝတ်စုံနဲ့ လူငယ်တစ်ယောက်က သူမကို ငြိမ်သက်စွာနဲ့ ကြည့်နေခဲ့တာကို တွေ့လိုက်ရပါတယ်။
သူမဟာ ဒီလူငယ်ဆီကနေ မှော်စွမ်းအင် လှုပ်ရှားမှုတွေ တစ်စမှ မတွေ့ခဲ့ရပေမဲ့၊ သူမက ကြောက်ရွံ့နေခဲ့ပါတယ်။ သူမက သူမရဲ့အရှေ့က လူငယ်ဟာ သူမရဲ့ အကြီးအကဲ၊ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာထက် အဆပေါင်းများစွာ ပိုပြီးမှ သန်မာတယ်လို့ ခံစားနေခဲ့ရပါတယ်။
မုယုံယန်ရန်ဟာ ဒီလူကို သူမရဲ့ဘဝမှာ ပထမဦးဆုံး တွေ့ခဲ့ဖူးတာပါ။ သူမက ဒီလိုမျိုး ခံစားချက်ကို အလင်းဓားမြန်ဂိုဏ်းရဲ့ ခေါင်းဆောင်ဆီကို တွေ့တဲ့အချိန်မှာပဲ ခံစားခဲ့ရတာပါ။
အလင်းဓားမြန် ဂိုဏ်းခေါင်းဆောင်ရဲ့ ဖိနှိပ်နိုင်မှုဟာ ပိုပြီးတော့ တိုက်ရိုက်ဆန်ပေမဲ့၊ သူမရဲ့ အရှေ့က လူလောက်တော့ တည်ကြည်ငြိမ်သက်မှု မရှိပါဘူး။
လင်းဖုန်းဟာ မုယုံယန်ရန်ကို စိတ်ဝင်စားစွာနဲ့ ကြည့်နေခဲ့ပြီး၊ သူမကို တကယ်ပဲ တစ်ခုခု ပြောချင်နေခဲ့ပါတယ်။
"မိန်းကလေးရေ၊ ရှောင်ယန်ကို ပြုစုပျိုးထောင်ပေးတဲ့အတွက် ကျေးဇူးပါ။ မင်းကတကယ့်ကို လူကောင်းတစ်ယောက်ပါပဲ!"
မုယုံယန်ရန်ဟာ လင်းဖုန်းကို ကြည့်လိုက်ပြီး မြင်ဖူးနေသလို ခံစားခဲ့ရပေမဲ့၊ ဘယ်မှာတွေ့ခဲ့သလဲ ဆိုတာကို စဉ်းစားလို့ မရခဲ့ပါဘူး။
လင်းဖုန်းက မုယုံယန်ရန်ရဲ့ ဝေခွဲမရ ဖြစ်နေတဲ့ ပုံစံကို ကြည့်လိုက်ပြီး၊ မပြုံးပဲနဲ့ မနေနိုင်ခဲ့ပါဘူး။ သူမက ဘာအတွက်ကြောင့် စဉ်းစားရခက်နေသလဲ ဆိုတာကို သိနေခဲ့ပါတယ်။
သေချာပြောရရင်၊ သူတို့နှစ်ယောက်ဟာ အရင်က တစ်ခေါက်တွေ့ဖူးပါတယ်။
ရှောင်ယန်ရဲ့ အကြောင်းကို သူမပြောပြလို့ သိခဲ့ရတာပါ။
အဲ့ဒီအချိန်တုံးက ဒဏ်ရာ အပြင်းအထန် ရထားတဲ့ လုံရဲ့ဟာ မက်မွန်ပင် တစ်ပင်အနားမှာ ခိုကပ်နေခဲ့ပြီး၊ ကျောက်ခေတ်ကျေးရွာနဲ့ ရှောင်ပုတန်လေးတို့ကို ခြိန်းခြောက်နေခဲ့ပါတယ်။ အပျံသင်စ ငှက်ငယ်လေး လင်းဖုန်းကတော့ ချီသာဝက အဆင့်မှာပဲ ရှိနေခဲ့သေးတာပါ။ ရှောင်ပုတန်လေးကို ကယ်တင်ဖို့အတွက်၊ သူဟာ မုယုံယန်ရန်နဲ့ သူမရဲ့ ဂိုဏ်းသားတွေကို ဂျင်းထည့်ပြီး လုံရဲ့နဲ့ ရန်တိုက်ပေးခဲ့ရပါတယ်။
အတိတ်လင်းဖုန်းနဲ့ ပစ္စုပ္ပန် လင်းဖုန်းတို့ဟာ ကွဲပြားခြားနားသွားခဲ့ပါပြီ။ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာရဲ့ အထဲမှာ ရှစ်နှစ်နေပြီးနောက်မှာ၊ ပုံစံတင်မကပဲ အရပ်အမောင်းနဲ့ စိတ်နေသဘောထားတို့ပါ ပြောင်းလဲသွားခဲ့ပါတယ်။
ဘေးကနေ ကြည့်နေတဲ့သူအဖို့တော့၊ သူတို့ဟာ မတူညီ ကွဲပြားတဲ့ လူနှစ်ယောက်ကို ကြည့်နေရသလိုပဲ ဖြစ်နေမှာပါ။
မုယုံယန်ရန်ဟာ သူ့ကို ရင်းနှီးနေသလိုမျိုး ဖြစ်နေရခြင်းဟာ၊ သူမက ကျင့်ကြံသူတစ်ယောက် ဖြစ်နေတဲ့ အတွက်၊ သူမရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေဟာ အားကောင်းပြီး မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားနိုင်လို့ပဲ ဖြစ်ပါတယ်။
လင်းဖုန်းဟာ သူ့ရဲ့စိတ်နဲ့ ခရမ်းရောင် တိမ်တိုက်တွေကို ဆင့်ခေါ်လိုက်ပြီး၊ မုယုံယန်ရန်ရဲ့ စိတ်အာရုံတွေကို လွှမ်းမိုးလိုက်ကာ၊ သူမရဲ့ လင်းဖုန်းနဲ့ ပတ်သတ်နေတဲ့ မှတ်ဉာဏ်ရေးရေးလေးကို ဖျက်ပစ်လိုက်ပါတယ်။
မုယုံယန်ရန်ဟာ ဒါကို မရိပ်မိခဲ့ပဲ၊ အနည်းငယ် မူးဝေသလိုသာ ခံစားခဲ့ရပါတယ်။ သတိပြန်ဝင်လာပြီး လင်းဖုန်းကို ကြည့်လိုက်တဲ့ အခါမှာ၊ ဘာမူမမှန်တာကိုမှ သတိမထားမိခဲ့ပါဘူး။ အနည်းငယ် ထူးဆန်းသလိုမျိုး ဖြစ်နေခဲ့ပေမဲ့၊ သူမက လူမှားတယ်လို့ပဲ ထင်နေခဲ့ပါတော့တယ်။
သူမက လင်းဖုန်းကို ကြည့်လိုက်ပြီး ရိုသေစွာနဲ့ မေးလိုက်ပါတယ်၊ "အကြီးအကဲ၊ အကြီးအကဲက ဘယ်သူများပါလဲ?"
"ငါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်၊ လင်းဖုန်းပဲ" လင်းဖုန်းက ဖြေလိုက်ပါတယ်။ "မင်းက ငါ့တပည့်နဲ့ အလောင်းအစား လုပ်ထားခဲ့တဲ့ အလင်းဓားမြန်ဂိုဏ်းက တပည့်၊ မုယုံယန်ရန် မဟုတ်လား?"
မုယုံယန်ရန်ကလည်း ခါးသီးစွာနဲ့ ပြုံးလိုက်ကာ၊ သူမရဲ့ခေါင်းကို ညိတ်လိုက်ပြီး နှုတ်ဆက်လိုက်ပါတယ်၊ "မုယုံယန်ရန်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်နဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်ရှင်"
လင်းဖုန်းက မေးလိုက်ပါတယ်၊ "ရှောင်ယန်နဲ့ ပြန်တွေ့ရတော့ ဘယ်လိုများ ခံစားရသလဲ?"
မုယုံယန်ရန်ဟာ ဖြူဆုတ်သွားခဲ့ကာ သူမရဲ့ နှုတ်ခမ်းတွေကို စုလိုက်ပြီး ပြန်ဖြေလိုက်ပါတယ်၊ "ကျွန်မက ငယ်စဉ်တုံးက စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့ပြီး၊ ရူးမိုက်တဲ့ နည်းလမ်းနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ ကျွန်မက အဲ့ဒီအချိန်တုံးက သဘောမပေါက်ခဲ့ပေမဲ့၊ အသက်ပိုကြီးလာတော့ ကျွန်မဟာ ရှောင်ယန်နဲ့ သူ့ရဲ့ မိသားစုကို အရှက်ခွဲမိတယ် ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်"
"ဒီအချက်နဲ့ ပတ်သတ်ပြီး၊ ကျွန်မက အရမ်းကို တောင်းပန်ချင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်မဟာ စေ့စပ်ပွဲကို ဖျက်သိမ်းမိတဲ့ အတွက်တော့ နောင်တမရပါဘူး။ အခုအချိန်မှာ ရှောင်ယန်ရဲ့ ကျင့်ကြံမှု အဆင့်ဟာ ကျွန်မထက် အများကြီး မြင့်သွားပါပြီ။ ဒါကလည်း သူ့ရဲ့ကံကြမ္မာနဲ့ စွမ်းဆောင်မှုတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်မက မနာလို မဖြစ်ပါဘူး။ ကျွန်မဟာ ကျွန်မရဲ့ လက်ထပ်ပွဲနဲ့ ပတ်သတ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်ကိုပဲ ချမှာဖြစ်ပြီး၊ ဒီအတွက်တော့ နောင်တမရပါဘူး"
လင်းဖုန်းရဲ့ မျက်နှာပေါ်က အမူအရာဟာ မပြောင်းလဲခဲ့ပေမဲ့၊ စိတ်ထဲကနေ ရေရွတ်နေခဲ့ပါတယ်၊ "ဒီလိုတော့ မပြောပါနဲ့ မိန်းကလေး၊ သူ့ရဲ့ အောင်မြင်မှုတွေဟာ မင်းရဲ့အကျိုးဆောင်မှု တစ်စိတ်တစ်ဒေသ ပါနေပါတယ်"
မုယုံယန်ရန်ဟာ ခံစားချက် ကင်းမဲ့နေတဲ့ လင်းဖုန်းကို ကြည့်လိုက်ကာ၊ ဦးညွှတ်လိုက်ပြီး၊ "ကျွန်မတို့ အရင်က ပြုခဲ့တဲ့ ကတိတွေအရ၊ ကျွန်မက ရှောင်ယန်ကို ရှုံးသွားလို့ရှိရင် သူ့ရဲ့ အစေခံအဖြစ် နေရမှာပါ။ ဒါပေမဲ့လည်း ကျွန်မက ဒီအချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ကျွန်မရဲ့ မိသားစုနဲ့ ဂိုဏ်းဟာ ဒီလိုအဖြစ်မျိုးကို လက်ခံနိုင်မှာ မဟုတ်ပါဘူး"
"ဘာပဲပြောပြော၊ ရှောင်ယန်ရဲ့ မျက်စိထဲမှာ ကျွန်မဟာ အရေခွံထူတဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျွန်မကို နောက်ထပ်တစ်ခေါက် အရေခွံထူခွင့် ပြုပါရှင်။ ကျွန်မက အတိတ်က ပြုခဲ့တဲ့ အမှားတွေအတွက် ကျွန်မရဲ့ အသက်နဲ့ ပေးလျှော်ပါမယ်။ ကျွန်မကို အစေခံအဖြစ်နဲ့ ထားမယ်ဆိုရင်၊ ကျွန်မက လုပ်နိုင်မှာ မဟုတ်ပါဘူး"
လင်းဖုန်းက သူမကို ကြည့်လိုက်ပြီး ပြန်မဖြေခဲ့ပါဘူး။ အဲ့ဒီအစား သူက မေးခွန်းပြန်မေးလိုက်ပါတယ်။ "အိုး၊ ဟုတ်ပြီ၊ အလင်းဓားမြန်ဂိုဏ်းက မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာက မင်းရဲ့ အကြီးအကဲလား?"
လင်းဖုန်းက စကားမဆက်ရသေးခင်မှာပဲ၊ မုယုံယန်ရန်ဟာ ကြောက်ရွံ့စွာနဲ့ တုန်ခါသွားခဲ့ပါတယ်။ "သူက ဒီနေရာကနေ အရှေ့မိုင်သုံးရာ အကွာမှာ ရှိနေတယ်။ သူပြောပုံအရဆိုရင်၊ သူက ငါ့ကို ရှင်းယွင်တောင်ထိပ်ကို သွားဖို့ လာကြိုတာပဲ"
"ဒါပေမဲ့ အခုတော့ ကြည့်ရတာ မင်းကို လိုက်ရှာနေတာထင်တယ်?"
မုယုံယန်ရန်ဟာ သူမရဲ့ခေါင်းကို ငုံ့လိုက်ပြီး၊ ထပ်မံတစ်ခါ တုန်ခါသွားခဲ့ပါတယ်။ ခဏအကြာမှာ သူမက တိုးတိုးလေး ပြောလိုက်ပါတယ်၊ "သူက ဘာဖြစ်လို့ ဒီကိုရောက်နေသလဲ ဆိုတာကို ကျွန်မက မသိပါဘူး။ ကျွန်မက ခဏခရီးထွက်လာခဲ့တာ ဖြစ်ပြီး၊ အခုပဲ အလင်းဓားမြန်ဂိုဏ်းကို ပြန်တော့မလို့ပါ"
လင်းဖုန်းက ရယ်လိုက်ပြီး၊ "အိုး၊ ဒါဆိုရင် အတော်ပဲပေါ့။ ငါကသူ့ကို ခေါ်လိုက်မယ်၊ အတူတူ သွားကြတာပေါ့"
မုယုံယန်ရန်ဟာ ဘာပြောရမှန်း မသိခဲ့ပဲ၊ သူမရဲ့ တစ်ကိုယ်လုံးဟာ ပြင်းထန်စွာနဲ့ တုန်ခါလာခဲ့ပါတယ်။
လင်းဖုန်းက သူမကို ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်ပါတယ်၊ "မင်းက ဘာဖြစ်လို့ အလင်းဓားမြန်ဂိုဏ်းကနေ တိတ်တိတ်လေး ထွက်ပြေးခဲ့တာလဲ? မင်းပြောပုံ အရဆိုရင်၊ မင်းက ရှောင်ယန်နဲ့ တိုက်ပွဲကို ရှောင်လွှဲချင်နေတာ မဟုတ်ပါဘူး"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu