အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
လင်းဖုန်းဟာ သူ့ရဲ့ညာလက်နဲ့ မဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ သစ်ကိုင်းကို ကိုင်ထားလိုက်ပါတယ်။ သူက ဘယ်လက်ရဲ့ လက်ချောင်းတစ်ချောင်းနဲ့ သစ်ကိုင်းလေးကို မတင်လိုက်ပြီး၊ သစ်ရွက်တစ်ချို့ကို လေဟာနယ်ရဲ့ အလယ်မှာ လွင့်မျောနေစေခဲ့ပါတယ်။
"ဖွဲ့စည်းစမ်း!" လင်းဖုန်းက တိုးတိုးလေး အော်လိုက်တော့၊ အရွက်ကင်းမဲ့နေတဲ့ သစ်ကိုင်းကလည်း လေဟာနယ် အထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ပြီးတာနဲ့ နဂါးအကြောကလည်း အတူတူ ပျံသန်းသွားခဲ့ကာ၊ အစိတ်အပိုင်း အချို့အဖြစ် ပြောင်းသွားကာ သစ်ကိုင်းကို ရစ်ပတ်လိုက်ပါတယ်။
သစ်ကိုင်းရဲ့ မျက်နှာပြင်ကနေ သက်တန့်ရောင်စဉ်တွေက ဖြာကျလာခဲ့ပြီး၊ နဂါးအကြောပေါ်ကို ကျရောက်သွားခဲ့ပါတယ်။ နဂါးအကြောဟာ အသက်ဝင်လာခဲ့သလို၊ သူ့ကိုယ်သူ ရစ်ပတ်နေခဲ့ကာ ကွန်ယက်တစ်ခု အဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ်။
လင်းဖုန်းက သန့်စင်သော မှော်စွမ်းအင် အနက်ရောင် အကြေးခွံတွေကို ညွှန်ပြလိုက်ပြီး၊ "မြင့်တက်လာစမ်း!"
ကျိန်စာပေါင်း မြောက်မြားစွာတို့နဲ့ လင်းလက်နေကြတဲ့၊ သန့်စင်သော မှော်စွမ်းအင် အနက်ရောင် အကြေးခွံတို့ဟာ လေဟာနယ်ထဲကို ပျံသန်းဝင်ရောက်လာကြပါတယ်။ လင်းဖုန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ဒီအကြေးခွံတွေဟာ၊ နဂါးအကြောနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ရက်အပေါ်ကို ကျရောက်သွားခဲ့ပါတယ်။
နဂါးအကြောနဲ့ မဟူရာကောင်းကင် ရတနာသစ်ပင်တို့ဟာ၊ တူညီတဲ့ သက်တန့်ရောင်စဉ်တွေနဲ့ လင်းလက်နေကြပါတယ်။ သန့်စင်သော မှော်စွမ်းအင် အနက်ရောင် အကြေးခွံတွေနဲ့ ဆုံတွေ့ပြီး နောက်မှာတော့၊ သူတို့ဟာ အကြေးခွံတွေ အကြားကို ထိုးဖောက်ဝင်ရောက်သွားကြကာ၊ အရာဝတ္ထု တစ်ခုတည်း အဖြစ်ကို ရောက်ရှိသွားကြပါတော့တယ်။
သိပ်မကြာခင်မှာပဲ၊ မဟူရာကောင်းကင် ရတနာသစ်ပင်ဟာ ကျောရိုးဖြစ်သွားပြီး၊ သန့်စင်သော မှော်စွမ်းအင် အနက်ရောင် အကြေးခွံနဲ့ နဂါးအကြောတို့ဟာ ယှက်လိမ်သွားကြကာ၊ ရောင်စုံသက်တန့် နဂါးအကြေးခွံ ချပ်ဝတ်တန်ဆာ အဖြစ်ကို ပြောင်းသွားကြပါတယ်။
ရောင်စဉ် အလင်းတန်းတွေရဲ့ အကြားမှာ၊ ချုပ်ရိုးစပ်ကြောင်း မရှိတဲ့ ချပ်ဝတ်တန်ဆာ တစ်ခုဟာ တဖြေးဖြေး ပုံပေါ်လာခဲ့ပါတယ်။ စွမ်းအားကြီးတဲ့ နဂါးပုံရိပ်ဟာ ပျံ့နှံ့နေခဲ့ပြီး၊ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပါတယ်။
တစ်ခုပဲ ရှိတာက၊ ချပ်ဝတ်တန်ဆာရဲ့ ရင်ဘတ်နေရာမှာ အပေါက်ကြီး တစ်ပေါက်က ရှိနေခဲ့တာပါ။
လင်းဖုန်းက ငြိမ်သက်နေခဲ့ပြီး ဇူရန်မိစ္ဆာမျက်လုံးကို မြှောက်လိုက်ကာ၊ တိုးတိုးလေး အော်ဟစ်လိုက်ပါတယ်၊ "ပေါင်းစည်းစမ်း!" သူ့မှော်စွမ်းအင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ၊ ဇူရန်မိစ္ဆာမျက်လုံးကလည်း လေဟာနယ် အထဲကို ပျံသန်းဝင်ရောက်သွားခဲ့ကာ၊ ချပ်ဝတ်တန်ဆာရဲ့ ရင်ဘတ်က အပေါက်ထဲကို ဝင်သွားခဲ့ပါတယ်။
ဇူရန်မိစ္ဆာမျက်လုံးနဲ့ ချပ်ဝတ်တန်ဆာတို့က ပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခု အဖြစ်ကို ပူးပေါင်းပြီးသွားတော့၊ နဂါးအော်သံလိုမျိုး အသံတစ်ခုဟာ ပေါ်လာခဲ့ကာ၊ အဆုံးမဲ့ လေဟာနယ်ကို ထိုးဖောက်သွားခဲ့ပါတယ်။
မဟူရာကောင်းကင် ရတနာသစ်ပင်ပေါ်က သစ်ကိုင်းတွေနဲ့ သစ်ရွက်တွေဟာ စတင်ပြီးတော့ တုန်ခါလာခဲ့ပါတယ်။
ယုကျင်းတောင်ပေါ်က ကျန်တဲ့သူတွေဟာ သတိထားလိုက်ကြပြီး၊ ကောင်းကင်ပေါ်ကို ခေါင်းလှည့်ပြီးမှ ကြည့်လိုက်ကြပါတယ်။ သူတို့ဟာ မဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ အရိပ်အောက်မှာ အနီရောင် တိမ်တိုက်တစ်ခုဟာ လည်ပတ်နေပြီး၊ အားလုံးကို အနှောင့်အယှက် ဖြစ်စေတဲ့ ကြောက်မက်ဖွယ်ရာ အော်ရာတွေကို ထုတ်လွှတ်နေတာကို တွေ့လိုက်ရပါတယ်။
ဝိညာဉ်ကို ဖော်ဆောင်ပြီးသား ဖြစ်နေကြတဲ့ ခန်းနန်ဟွာနဲ့ မြောင်ရှီးဟောင်တို့ကတောင်၊ အနီရောင် တိမ်တိုက်လေးကို တွေ့လိုက်ရတော့ သူတို့ဟာ ကြောက်ရွံ့ထိတ်လန့်သွားကြပါတယ်။
"အရှင်... သူက မှော်ရတနာ ထုလုပ်နေတာလား?" ခန်းနန်ဟွာက လျှင်မြန်စွာနဲ့ တုံ့ပြန်လိုက်ပါတယ်။ မြောင်ရှီးဟောင်ကလည်း ဂူထဲကနေ ထွက်လာလိုက်ပြီး၊ မဟူရာကောင်းကင် ရတနာသစ်ပင် ရှိရာဆီကို လျှောက်လာလိုက်ကာ၊ ခန်းနန်ဟွာနဲ့ ပခုံးချင်းယှဉ်ကာ ရပ်လိုက်ပါတယ်။ "ငါတို့ နှစ်ယောက်စလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ် ဆိုတော့၊ ဒါက မှော်ရတနာ တစ်ခုပဲ ဖြစ်လိမ့်မယ်"
ကျဲယုက အနီရောင် တိမ်တိုက်လေးကို တွေတွေကြီး စိုက်ကြည့်နေခဲ့ပါတယ်၊ "ဒါ..ဒါက ငါတို့ နဂါးကလန်ရဲ့ စွမ်းအားကြီးတဲ့ မင်္ဂလာတိမ်တိုက်ပဲ! ဒါက မီးလျှံနဂါး ကလန်ဆီကပဲ၊ ဟုတ်ပြီ၊ ယန့်မင်းရွဲ့က သခင့်ကို ဇူရန်မိစ္ဆာမျက်လုံး ပေးထားတာပဲ။ သူက မှော်ရတနာ တစ်ပါးကို ထုလုပ်နေတာပဲ ဖြစ်လိမ့်မယ်"
"ဒါက ဘာကို ဆိုလိုနေသလဲဆိုတော့၊ ငါ့ရဲ့ အကြေးခွံတွေကို မှော်ရတနာ ထုလုပ်တဲ့ နေရာမှာ အသုံးချလိုက်တာပဲ!" ကျဲယုဟာ အခုမှ နေလို့နည်းနည်း ကောင်းသွားခဲ့ပြီး၊ "မှော်ရတနာဆိုတာ အမတန်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ ပစ္စည်းပဲ။ ငါ့ရဲ့ အကြေးခွံတွေကို ဒီအတွက် အရိတ်ခံရတာ ဆိုရင်တော့ တန်ပါတယ်ကွာ"
"တကယ့်လို့များ သခင်က အောင်မြင်စွာ ထုလုပ်နိုင်လို့ရှိရင်၊ ငါ့ရဲ့ အကျိုးဆောင်မှုတွေလည်း ပါမှာပဲ"
ရှောင်ယန်တို့ အုပ်စုကလည်း တောင်ထိပ်က လှုပ်ရှားမှုတွေကို သတိပြုမိနေကြပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်က အခြေတည်ဝိညာဉ် အဆင့်က မှော်အိုင်တမ်တွေဟာ၊ ဂိုဏ်းဖွင့်ပွဲတုံးက အသွင်သဏ္ဌာန် ခြောက်မျိုးဓားနဲ့ တွေ့ဆုံခဲ့ရစဉ်က လိုမျိုးပဲ၊ တုန်ခါနေကြပါတယ်။
သူတို့ဟာ အခြေတည်ဝိညာဉ် အဆင့်က မှော်အိုင်တမ်တွေသာ ဖြစ်ကြတာမို့၊ အင်မော်တယ် ဝိညာဉ် အဆင့်က မှော်ရတနာတွေနဲ့ တွေ့ကြုံရတဲ့ အခါမှာ၊ သူတို့ဟာ အဖိနှိပ်ခံရတာက သဘာဝပါပဲ။
ရှောင်ယန်ရဲ့ မျက်ခုံးအစုံဟာ တွန့်သွားခဲ့ကာ ဇူရီကို လှမ်းကြည့်လိုက်ပြီး၊ "ဒါက မှော်ရတနာလား ဆိုတာကို သေချာမသိပေမဲ့ ဆရာ့ရဲ့ စည်းမျဉ်းတွေ အရဆိုရင်၊ အခြေတည်ဝိညာဉ် အဆင့်ကို အရင်ဆုံး ရောက်သွားတဲ့ သူကို မှော်ရတနာတစ်ခု ဆုချမှာပဲ။ ကျန်တဲ့သူတွေကတော့ ပစ္စည်းကောင်းလေး ရဖို့ဆိုရင်၊ ထပ်စောင့်ရမှာပေါ့"
"ဒုတိယ ဂျူနီယာ၊ ဒီမှော်ရတနာ ဘယ်သူအရင်ရမလဲ ဆိုတာကို ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားလား?"
ဇူရီက အနည်းငယ် ရယ်လိုက်ပြီး၊ "အငယ်ဆုံး ဂျူနီယာလေးကပဲ အမြဲတမ်း ပထမရမှာတော့ မဟုတ်ပါဘူး"
တစ်ဘက်မှာ သူ့ရဲ့ စကားတွေဟာ သူ့ရဲ့ ယုံကြည်မှုကို ပြသနေတာဖြစ်သလို၊ တခြားတစ်ဘက်မှာက ရှောင်ယန်ကို သတိပေးချင်နေခဲ့တာပါ။
အရင်တစ်ခေါက်တုံးက ဆေးလုံးကို အရင်ဖော်ဆောင်နိုင်ခဲ့ပြီး အခြေတည်ဝိညာဉ် မှော်အိုင်တမ်ကို ရသွားတဲ့သူက သူလည်းမဟုတ်ပါဘူး၊ ဘာဖြစ်လို့များ ဒီလောက်ထိ စိတ်လှုပ်ရှားနေရတာလဲ?
ရှောင်ယန်ကတော့ သူဆိုလိုနေတဲ့ အဓိပ္ပာယ်ကို သဘောမပေါက်ခဲ့ပဲ ရယ်သာရယ်လိုက်ကာ၊ "ဒါဆိုရင်လည်း ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့"
ထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်နေခဲ့တဲ့ လင်းဖုန်းကတော့၊ ဒါတွေကို အစကတည်းက ကြိုတင်မျှော်လင့်ခဲ့ပြီးသားပါ။ ဒါပေမဲ့လည်း သူဟာ သိပ်ပြီးတော့ ဂရုမစိုက်ခဲ့ပါဘူး။ သူ့ရဲ့ အရှေ့က ချပ်ဝတ်တန်ဆာကိုသာ စိုက်ကြည့်နေခဲ့ပါတယ်။ ချပ်ဝတ်တန်ဆာရဲ့ အလယ်နေရာက ဇူရန်မိစ္ဆာမျက်လုံးကလည်း ဧရာမ နဂါးမျက်လုံး တစ်ခုလို သူ့ကို စိုက်ကြည့်နေခဲ့တာပါ။
လင်းဖုန်းက ရယ်လိုက်ပြီး သူ့ရဲ့ လက်ချောင်းနဲ့ ညွှန်ပြလိုက်ပါတယ်။ မဟူရာကောင်းကင် ရတနာသစ်ပင်ကနေ ကြွေကျလာခဲ့တဲ့ သစ်ရွက်တစ်ချို့ဟာ၊ အတူတကွ ပျံသန်းလာခဲ့ကာ ဇူရန်မိစ္ဆာမျက်လုံးရဲ့ အပေါ်မှာ ကျဆင်းလာခဲ့ပြီး ဖုံးအုပ်သွားခဲ့ပါတယ်။
ဒီသစ်ရွက်တွေဟာ ချပ်ဝတ်တန်ဆာနဲ့ ပေါင်းစည်းသွားတဲ့ အခါမှာ၊ သူ့ရဲ့ပုံရိပ်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ သံမဏိနဲ့ လုပ်ထားတဲ့ ခေါင်းစွပ်တစ်ခုအလား ဖြစ်သွားခဲ့ပါတယ်။
မဟူရာကောင်းကင် ရတနာသစ်ပင်က သစ်ရွက်တွေရဲ့ သက်တန့်ရောင်စဉ်တွေနဲ့၊ ချပ်ဝတ်တန်ဆာတို့ဟာ တစ်ခုတည်း အဖြစ်ကို ပေါင်းစည်းသွားကြပါတယ်။ သစ်ရွက်တွေရဲ့ ဖုံးအုပ်ခြင်းကို ခံလိုက်ရတဲ့ ဇူရန်မိစ္ဆာမျက်လုံးဟာ အပြင်ပြန်မထွက်လာခဲ့ပဲ၊ သူ့ရဲ့ အတွင်းစွမ်းအားတွေကို အဆုံးစွန်အထိ ထုတ်လွှတ်ခဲ့ပါတယ်။
ဒီအချိန်မှာတော့၊ ချပ်ဝတ်တန်ဆာ တစ်ခုလုံးဟာ အောင်မြင်စွာနဲ့ ထုလုပ်ပြီးစီးသွားခဲ့ပါတယ်။ အဆုံးမဲ့ စိတ်ဝိညာဉ်နဲ့ မိစ္ဆာစွမ်းအင်တို့ဟာ ပေါင်းစည်းသွားခဲ့ကာ၊ အသက်စွမ်းအင် အော်ရာတစ်ခုကို ထုတ်လွှတ်ခဲ့ပါတယ်။
လင်းဖုန်းက မွေးဖွားဖို့ရာ အဆင်သင့်ဖြစ်နေတဲ့၊ ဘဝအသစ်တစ်ခုရဲ့ အသိစိတ်ကို ကြည်လင်ပြတ်သားစွာ ခံစားနေခဲ့ရပါတယ်။
"အခုက အချိန်မကျသေးဘူး" လင်းဖုန်းက သူ့ရဲ့ခေါင်းကို နောင်တရစွာနဲ့ ခါလိုက်ပါတယ်။ သူက သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး ဇူရန်မိစ္ဆာမျက်လုံး ရှိနေတဲ့၊ ချပ်ဝတ်တန်ဆာရဲ့ ရင်ဘတ်အလယ် နေရာကို လက်ညှိုးထိုးလိုက်ပါတယ်။
ဒီအသက်စွမ်းအင်ဟာ လင်းဖုန်းရဲ့ ဖျက်ဆီးခြင်းကို မခံခဲ့ရပေမဲ့၊ သူ့ရဲ့ အသိစိတ်ဟာ ဇူရန်မိစ္ဆာမျက်လုံးရဲ့ အတွင်းဘက်ကို ပြန်လည်ပြီးတော့ ဖိနှိပ်ထားခြင်းကို ခံလိုက်ရပါတယ်။
လင်းဖုန်းက စိတ်ထဲကနေ အမိန့်ပေးလိုက်တော့၊ အေးရီးစ်ကိုယ်ပွားဟာ သူ့ရဲ့ဘေးကို ရောက်လာခဲ့ပါတယ်။ ချပ်ဝတ်တန်ဆာကလည်း အသံတစ်မျိုး မြည်သွားခဲ့ကာ၊ အေးရီးစ်ကိုယ်ပွားရဲ့ ကိုယ်ပေါ်မှာ ဝတ်ဆင်ပြီးသား ဖြစ်သွားခဲ့ပါတယ်။
ဒီချပ်ဝတ်တန်ဆာရဲ့ အရွယ်အစားဟာ အေးရီးစ်ကိုယ်ပွားရဲ့ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်သွားခဲ့ပါတယ်။ အနံနဲ့ အကျယ်တို့ဟာ ပြီးပြည့်စုံပြီး ချို့ယွင်းချက် တစ်ခုမှ မရှိပါဘူး။
ချပ်ဝတ်တန်ဆာနဲ့ အေးရီးစ်ကိုယ်ပွားတို့ဟာ အပြည့်အဝ ဆက်စပ်သွားတော့၊ အားမာန်အပြည့်နဲ့ နဂါးအော်သံ တစ်သံဟာ ရုတ်တရက်ပဲ ပေါ်လာခဲ့ပါတယ်။ တောက်ပလှတဲ့ အနီရောင် မီးတောက်တစ်ခုဟာ တောက်လောင်လာခဲ့ပြီး၊ သက်တန့်ရောင်စဉ်တွေ ဖြာကျလာခဲ့ကာ အေးရီးစ်ကိုယ်ပွား တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့ပါတော့တယ်။
ဒီမီးတောက်ဟာ အေးရီးစ်ကိုယ်ပွားရဲ့ ဦးခေါင်းခွံကို မျက်နှာဖုံး အုပ်ထားသလို ဖြစ်နေပေမဲ့၊ မလောင်ကျွမ်းသွားခဲ့ပါဘူး။ အဲ့ဒီအစား သူဟာ ရုပ်ဝတ္ထု အသွင်ကို ပြောင်းသွားခဲ့ကာ၊ အေးရီးစ်ကိုယ်ပွားရဲ့ ခေါင်းကို ကာကွယ်ထားတဲ့ ခေါင်းစွပ်တစ်ခု အဖြစ်ကို ရောက်သွားခဲ့ပါတယ်။
ဒီခေါင်းစွပ်ရဲ့ပုံစံဟာ နဂါးခေါင်းနဲ့ တူနေခဲ့ပါတယ်။ ဒီခေါင်းစွပ်ကို ဝတ်ထားခဲ့တဲ့ အေးရီးစ်ကိုယ်ပွားဟာ၊ နဂါးခေါင်းနဲ့ လူ့ကိုယ်နဲ့ ဘီလူးကြီးတစ်ကောင်အလား ဖြစ်နေခဲ့ပါတယ်။
ချပ်ဝတ်တန်ဆာပေါ်က သစ်ရွက်တွေဟာ နဂါးကိုယ်ပေါ်က အကြေးခွံတွေက လှုပ်ခါနေသလိုမျိုး၊ ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေကြပါတယ်။
မီးလျှံမြွေနဂါးနဲ့ မီးတောက်နဂါးတွေဟာ ဟိန်းဟောက်နေကြပါတယ်။ ဒေါမာန်အပြည့်နဲ့ မီးတောက်တွေဟာ အေးရီးစ်ကိုယ်ပွားကို ဝန်းရံထားကြပါတယ်။ ရှေးဟောင်းနတ်နဂါး တစ်ကောင်ရဲ့ ပုံဟာ၊ သူ့ရဲ့အနောက်က လေဟာနယ်ထဲမှာ ပေါ်လာခဲ့ပါတယ်။ အကြေးခွံတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အတူ၊ ကမ္ဘာမြေဟာ တုန်ခါနေခဲ့ပါတယ်။
အင်မော်တယ် ဝိညာဉ် အဆင့်က မှော်ရတနာ၊ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာ!
သူ့ရဲ့အရှေ့က ကြောက်မက်ဖွယ်ရာ စွမ်းအင်လှုပ်ရှားမှုတွေကို အာရုံခံလိုက်ရင်း၊ လင်းဖုန်းဟာ ကျေနပ်ပီတိဖြစ်နေတဲ့ အပြုံးတစ်ခုကို ဖော်ပြလိုက်ပါတယ်။
အမှန်ပြောရရင်တော့၊ သူ့ရဲ့အရှေ့က ချပ်ဝတ်တန်ဆာဟာ တကယ့် မှော်ရတနာ အစစ်တော့ မဟုတ်ပါဘူး။ ဇူရန်မိစ္ဆာမျက်လုံးကိုလည်း အပြည့်အဝ မသန့်စင်ရသေးပါဘူး။ ဒါက ရတနာပေါင်း များစွာနဲ့ ထုလုပ်ထားတဲ့၊ မှော်ရတနာ စွမ်းအားအဆင့်ရှိတဲ့၊ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။
သူဟာ ထုလုပ်ပြီးခါစသာ ရှိသေးပြီး အပြည့်အဝ မကျင့်ကြံရသေးပေမဲ့၊ သူ့ရဲ့စွမ်းအား၊ လမ်းစဉ်နဲ့ သဘောတရားတို့ဟာ မှော်ရတနာ အဆင့်ကို ရောက်သွားခဲ့ကာ၊ သူ့ရဲ့ကိုယ်ပိုင် မှော်ရတနာ ဝိညာဉ်ကိုတောင် ဖန်ဆင်းနိုင်ခဲ့ပါပြီ။
ဒါပေမဲ့လည်း ဒီလိုဆိုရင်၊ ဒီမီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာဟာ သူ့ရဲ့ကိုယ်ပိုင် အသိစိတ်ကို ပိုင်ဆိုင်နိုင်ပြီး၊ လင်းဖုန်းကို အညံခံချင်မှ ခံမှာပါ။ အညံ့ခံခဲ့မယ် ဆိုရင်တောင်မှပဲ၊ သူဟာ တခြားအတွေးတွေ ရှိနေနိုင်ကာ၊ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ဝင်မရှုပ်ခဲ့ရင်တောင် ကျေးဇူးတင်ရမှာပါ။
ဒါကြောင့်ပဲ လင်းဖုန်းက စိတ်ပြတ်သားစွာနဲ့ မှော်ရတနာ ဝိညာဉ်ရဲ့ မွေးဖွားခြင်းကို ဖိနှိပ်ထားခဲ့ကာ၊ ချပ်ဝတ်တန်ဆာနဲ့ အေးရီးစ်ကိုယ်ပွားကို တစ်သားတည်း ပေါင်းစည်းလိုက်တာပဲ ဖြစ်ပါတယ်။
တစ်ဘက်ကနေ ကြည့်လိုက်ရင်၊ အေးရီးစ်ကိုယ်ပွားဟာ မှော်ရတနာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့တာပါ။
တခြားနည်းနဲ့ ပြောရရင်၊ သူဟာ မှော်ရတနာ ဖန်ဆင်းခြင်းရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။
လင်းဖုန်းက အေးရီးစ်ကိုယ်ပွားရဲ့ အသိစိတ်ကို မှော်ရတနာ ဝိညာဉ်အနေနဲ့ အသုံးချလိုက်ကာ၊ ချပ်ဝတ်တန်ဆာ အတွင်းကို ထည့်သွင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ကောင်းကျိုးအနေနဲ့က လင်းဖုန်းဟာ ဒီမှော်ရတနာကို အပြည့်အဝ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး၊ ဆိုးကျိုး အနေနဲ့ကတော့ တကယ့်လို့များ မှော်ရတနာကသာ တစ်ခုခု ဖြစ်သွားခဲ့ရင်၊ လင်းဖုန်းကိုလည်း ရိုက်ခတ်မှု ရှိမှာ ဖြစ်ပါတယ်။
အေးရီးစ်ကိုယ်ပွားရဲ့ အသွေးအသား သန်မာမှုဟာ၊ အစကတည်းက အခြေတည်ဝိညာဉ် အဆင့်ရဲ့ အထွတ်အထိပ်က ကျင့်ကြံသူတွေနဲ့ ယှဉ်လို့ရပါတယ်။ မှော်ကျိန်စာ အသုံးပြုရာမှာ အနည်းငယ် အားနည်းပေမဲ့၊ သူ့ရဲ့ တိုက်ခိုက်နိုင်မှု စွမ်းအားဟာ လင်းဖုန်းရဲ့ မူလခန္ဓာကိုယ်ထက် ပိုသာမယ်လို့ ပြောရင် လွန်ရာမကျပါဘူး။
အခုအချိန်မှာ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာကို ထပ်မံပေါင်းစည်းပေးလိုက်တော့၊ သူ့ရဲ့ စွမ်းအားတွေဟာ အဆင့်နောက်တစ်ဆင့် ထပ်တက်သွားခဲ့ကာ၊ အစွမ်းအထက်ဆုံး အခြေတည်ဝိညာဉ် အဆင့်က စီနီယာ ကျင့်ကြံသူတွေနဲ့ အတူတူ ဖြစ်သွားခဲ့ပါတယ်။
လင်းဖုန်းက ကိုယ့်ကိုယ်ကိုယ်ပဲ တွေးနေခဲ့ပါတယ်။ "ဒီပစ္စည်းကောင်းလေးဟာ ယာယီ ပေါင်းစည်းထားခြင်းသာ ဖြစ်ပေမဲ့၊ ဒီလောက်အထိ စွမ်းအားကြီးနေပြီ။ ငါက အင်မော်တယ် ဝိညာဉ် အဆင့်ကို ရောက်ရှိသွားပြီး၊ သူတို့ကို အမှန်တကယ် ပေါင်းစည်းနိုင်ကာ တကယ့် မှော်ရတနာအဖြစ် ဖန်တီးပေးနိုင်ခဲ့ရင်၊ သူ့ရဲ့စွမ်းအားတွေဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်မှာပဲ"
သူ့ရဲ့စိတ်နဲ့ အမိန့်ပေးလိုက်တော့၊ မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာဟာ မီးတောက်ဘောလုံး တစ်ခုအဖြစ်ကို အသွင်ပြောင်းသွားခဲ့ကာ၊ လင်းဖုန်းရဲ့ မျက်ခုံးကြားထဲကို ဝင်ရောက်ပျောက်ကွယ် သွားခဲ့ပါတယ်။
လင်းဖုန်းက မဟူရာကောင်းကင် ရတနာသစ်ပင်ပေါ်ကနေ ဆင်းလာခဲ့တော့၊ ခန်းနန်ဟွာနဲ့ မြောင်ရှီးဟောင်တို့ နှစ်ယောက်စလုံးဟာ သူ့ကိုလာပြီးတော့ ကြိုဆိုကြပါတယ်။ ခန်းနန်ဟွာကို သူ့ရဲ့ လက်နှစ်ဘက်ကို ဆုပ်လိုက်ကာ ရယ်လိုက်ပါတယ်၊ "မှော်ရတနာ တစ်ခုကို အောင်မြင်စွာ ဖန်ဆင်းနိုင်ခဲ့တဲ့အတွက် အရှင့်ကို ဂုဏ်ပြုပါတယ်"
မြောင်ရှီးဟောင်ကလည်း သူ့ရဲ့ပါးစပ်ကို အုပ်လိုက်ကာ ရယ်လိုက်ပါတယ်။ "အရှင့်ရဲ့ အကျင့်အရဆိုရင်၊ ဒီမှော်ရတနာကို ဘယ်သူရမလဲဆိုတာက စိတ်ဝင်စားစရာပဲ"
"ဒါက ဒီမှော်ရတနာ ဖြစ်ချင်မှ ဖြစ်မှာပေါ့" လင်းဖုန်းက အနည်းငယ် ရယ်လိုက်ပြီး ကြွားလုံးထုတ်လိုက်ပါတယ်။
"ငါက တပည့်တွေကို ရတနာတွေ ခွဲဝေပေးတဲ့ အခါမှာ၊ သူတို့ရဲ့ လိုအပ်ချက်တွေ အပေါ်မှာ မူတည်ပြီးတော့ ပေးတာပဲ"
"ဒါပေမဲ့လည်း ငါက ငါ့ရဲ့အကျင့်ကို ပြင်မှာတော့ မဟုတ်ဘူး။ ဒီကောင်တွေထဲမှာ ပထမဆုံး ဝိညာဉ်ကို ဖော်ဆောင်နိုင်တဲ့သူက၊ ငါ့ဆီကနေ မှော်ရတနာ တစ်ခုကို ရရှိမှာပဲ"
မြောင်ရှီးဟောင်က ရယ်လိုက်ပြီး၊ "ဖိုးကံကောင်းလေးက ဘယ်သူဖြစ်မလဲ ဆိုတာကို မိုးနတ်မင်းကြီးကပဲ သိမှာပဲ။ ကျွန်တော်ကတော့ ရှောင်ယန်ကို ခန့်မှန်းထားတယ်ဗျ။ သူက စွမ်းအားကြီးပြီး သတ္တိကောင်းကာ၊ တိုးတက်အောင် အမြဲကြိုးစားနေတဲ့သူပဲ။ ဒါကြောင့်မို့ ကျွန်တော်က အထင်ကြီးတဲ့ လူကောင်းတစ်ယောက် ဖြစ်တာပဲ"
လင်းဖုန်းကတော့ စပ်ဖြဲဖြဲသာ လုပ်နေခဲ့ပါတယ်။ ရှောင်ယန်ကသာ ဒီစကားကို ကြားလို့ကတော့ ထိတ်လန့်သွားပြီး၊ သူ့ရဲ့ ကျင့်ကြံမှု အဆင့်တွေဟာ အခြေခံအုတ်မြစ် အဆင့်ကို ထိုးကျသွားနိုင်တယ်လို့ တွေးနေခဲ့ပါတယ်။
သူက ခန်းနန်ဟွာဘက်ကို လှည့်ကြည့်လိုက်ပြီး ရယ်လိုက်ကာ၊ "မင်းကရော ဘယ်လိုထင်သလဲ?"
ခန်းနန်ဟွာက အနည်းငယ် ပြုံးလိုက်ကာ၊ "အရှင်က ဒိုင်လုပ်မလို့လား? ဒါဆိုရင်တော့ ကျွန်တော်ကလည်း လောင်းကြေးထပ်ရတာပေါ့။ ကျွန်တော်က အရှင့်ရဲ့ ဒုတိယတပည့် ဇူရီက ပထမဆုံး ဝိညာဉ်ဖော်ဆောင်နိုင်မဲ့သူလို့ လောင်းကြေးထပ်မယ်ဗျ"
လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ တောက်ပသွားခဲ့ပြီး၊ "အိုး? အကြောင်းရင်းလေး ပြောပါဦး"
"ထျန်းဟောင်ဟာ အရွယ်ရောက်လာတော့မှာ ဖြစ်ပြီး၊ သူ့ရဲ့စိတ်တွေဟာ တဖြေးဖြေးနဲ့ ရင့်ကျက်လာတော့မှာပါ။ သူ့ရဲ့စွမ်းရည်တွေကလည်း ပိုပိုပြီးတော့ တိုးတက်လာမှာပဲ။ အစပထမကတော့ သူဟာ မျှော်လင့်ချက် အရှိဆုံးပါ" ခန်းနန်ဟွာက ရှင်းပြလိုက်ပါတယ်၊ "ဒါပေမဲ့လည်း သူ့ရဲ့ ရွှေရောင်ဗဟိုချက်က အတော်လေး ထူးခြားနေတယ်။ သူ့ဆီမှာ ကောင်းကင်နဲ့ မြေကြီးတွေရဲ့ စွမ်းအင်ကို စုပ်ယူနေတဲ့ အပေါက်ကြီးကိုးပေါက် ရှိနေတယ်။ သူ့ရဲ့စွမ်းအားဟာ အရှင့်တပည့်တွေထဲမှာ အတောက်ပဆုံးပဲ"
"ဒါပေမဲ့လည်း ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်ရှိသွား အပြီးမှာ၊ သူဟာ သူ့ရဲ့ ရွှေရောင်ဗဟိုချက်ဟာ အပြစ်အနာအဆာ ကင်းစင်ဖို့အတွက် အာရုံစိုက်ရမယ်။ ဒီဖြစ်စဉ်ဟာ တခြားသူတွေထက် ပိုပြီးတော့ အတားအဆီးတွေနဲ့ ကြုံတွေ့ရမှာပဲ။ တကယ့်လို့များ ထူးခြားဖြစ်စဉ်မျိုး မရှိခဲ့ရင်၊ သူက ဒီအဆင့်မှာ တခြားလူတွေထက် ပိုပြီးတော့ ကြိုးစားအားထုတ်ရမှာပဲ"
ထောင့်တစ်ထောင့်မှာ ရပ်နေတဲ့ မြောင်ရှီးဟောင်ကလည်း ခေါင်းကိုညိတ်လိုက်ကာ၊ "မှန်ကန်တဲ့ သုံးသပ်ချက် တစ်ခုပဲ"
ခန်းနန်ဟွာက နောက်ထပ်ဆက်ပြောလိုက်ပါတယ်၊ "အရှင့်ရဲ့ တပည့်တွေထဲမှာ ရှောင်ယန်ရဲ့ အကြွင်းမဲ့ မီးတောက်နှစ်ခုကို ထိန်းချုပ်နိုင်ခြင်းဟာ၊ အကောင်းဆုံးထဲမှာ ပါပါတယ်။ သူ့ရဲ့ အရင်က အကြွင်းမဲ့ မီးတောက်နှစ်ခုကို ပေါင်းစည်းလိုက်ခြင်းဟာ၊ ကျွန်တော်နဲ့ ရှီးဟောင်တို့ကိုတောင် ထိတ်လန့်စေတဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ဖန်တီးနိုင်ခဲ့ပါတယ်"
"ဒါပေမဲ့လည်း ကိုယ်ကျင့်စရိုက် အရဆိုရင်၊ သူဟာ စိတ်ပိုင်းဖြတ်နိုင်စွမ်း အားကြီးလွန်းတာကြောင့်၊ တစ်ခါတစ်ရံ အစွန်းရောက်သွားနိုင်တယ်။ သူက အမြဲတမ်းသာ ဒီလိုဆိုရင် တချို့သူတွေရဲ့ အမြတ်ထုတ်မှုကို ခံရနိုင်ပြီး၊ သူ့ရဲ့ အသက်စွမ်းအင်တွေ ထိခိုက်ရလောက်အောင် မဖြစ်နိုင်ပေမဲ့၊ ကျင့်ကြံမှု အချိန်ကိုတော့ အနှောင့်အယှက် ဖြစ်နိုင်တာပဲ"
ခန်းနန်ဟွာက ဒီစကားနဲ့ အဆုံးသတ်လိုက်ပါတယ်၊ "အရှင့်ရဲ့ ဒုတိယတပည့် ဇူရီအနေနဲ့ဆိုရင် သူဟာ သာမန်လို့ ထင်ရပေမဲ့၊ အမှန်တကယ်တမ်းကတော့ သူက စိတ်တည်ငြိမ်မှု အားကောင်းပြီး၊ စည်းကမ်းလည်းရှိတယ်။ သူလျှောက်တဲ့ ခြေလှမ်းတိုင်းကို သေချာစွာ ပြင်ဆင်ထားတယ်။ သူ့ရဲ့ ခြေလှမ်းတိုင်းဟာ တည်ငြိမ်မှုရှိပြီး၊ မတော်တဆဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတယ်။ ဒါကြောင့်မို့ပဲ ကျွန်တော်က သူ့ကို သဘောကျနေတာပဲ"
လင်းဖုန်းက ဖွဖွလေး ပြုံးလိုက်ပါတယ်။ ခန်းနန်ဟွာရဲ့ သုံးသပ်မှုဟာ သူ့ရဲ့ကိုယ်ပိုင် အကျင့်စရိုက်တွေရဲ့ လွှမ်းမိုးမှုတွေကနေလည်း မကင်းပါဘူး။
မြောင်ရှီးဟောင် အနေနဲ့ကတော့၊ သူက အပျော်သဘောမျိုးပါပဲ။
"အရှင်၊ အရှင်ကရော ဘယ်လိုလဲ? ဘယ်သူ့ကို တန်ဖိုးအထားဆုံးလဲ?" မြောင်ရှီးဟောင်က ရယ်လိုက်ရင်း မေးလိုက်ပါတယ်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu