အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
လင်းဖုန်းက သူ့ရဲ့မေးကို ပွတ်နေရင်း စနစ်ရဲ့ အသစ်ထုတ်လိုက်တဲ့ မစ်ရှင်အကြောင်းကို စဉ်းစားနေခဲ့ပါတယ်။ "ကြည့်ရတာ လွယ်နေသလိုပဲ၊ ဒါပေမဲ့ စနစ်ကြီးရဲ့ ချီးထုပ်ကျတဲ့ သဘာဝ အရဆိုရင်၊ တစ်ခုခုက မှားနေတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ?"
အဓိကမစ်ရှင် ၂.၁ - နာမည်ကြီးအောင် ကြိုးစားပြီး၊ သင့်ရဲ့လွှမ်းမိုးမှုတွေကို ချဲ့ထွင်ပါ။
မစ်ရှင်၏ အသေးစိတ် အချက်အလက်များ : သင့်ရဲ့ဂိုဏ်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ရှေ့ဆက်ရမယ့် ခရီးလမ်းကို စတင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာကြီး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်၊ ဒီဂိုဏ်းဟာ အပျံသင်စ ငှက်ငယ်အဆင့်သာ ရှိပါသေးတယ်။ ဂိုဏ်းဟာ နာမည်ကျော်ကြားပြီး ရိုသေထိုက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့အတွက်၊ ရှေ့ဆက်လျှောက်ရမယ့် ခရီးဟာ အဝေးကြီး ကျန်ပါသေးတယ်။
ဒီကနေ့ကစပြီး သင်ဟာ ဂိုဏ်းရဲ့ အခြေခံ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ပြီး၊ ဂိုဏ်းရဲ့လွှမ်းမိုးမှုကို မူလကောင်းကင် ကမ္ဘာကြီး တစ်ခုလုံးကို ပျံ့နှံ့အောင် ဖြန့်ကြက်ကာ၊ တစ်ကမ္ဘာလုံးမှာ ရေပန်းစားမှုတန်ဖိုး ၈၀ကျော်အောင် ကြိုးစားရပါမယ်။
အချိန်ကန့်သတ်ချက် : ၁၀နှစ်။ တကယ်လို့များ မစ်ရှင်ကို အချိန်အကန့်အသတ် အတွင်းမှာ မပြီးမြောက်ခဲ့ရင်၊ သင့်ကို တိုက်ရိုက်သုတ်သင်ပါမယ်။
"တစ်ကမ္ဘာလုံး ရေပန်းစားမှု?" လင်းဖုန်းက မျက်တောင်ခတ်လိုက်ပြီး သူ့ရဲ့ ရေပန်းစားမှု စနစ်ကို ထုတ်လိုက်ပါတယ်။ ခဏတာမျှ စစ်ဆေးလိုက်ပြီးနောက်မှာ၊ သူဟာ စတင်ပြီးတော့ မျက်မှောက်ကြုတ်လာခဲ့ပါတယ်။
သူဟာ ပထမဦးဆုံး သူ့ရဲ့နေရာဖြစ်တဲ့ ခွန်းလွန်တောင်ခြေရဲ့ မြောက်ပိုင်းကို ကြည့်လိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ဝက်တုံးက ရှကျိုးမြို့ရဲ့ ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး အပြီးမှာ၊ ခွန်းလွန်တောင်ခြေ မြောက်ပိုင်းက လင်းဖုန်းရဲ့ ရေပန်းစားမှု တန်ဖိုးဟာ ၈၅မှတ်အထိတောင် ရှိနေခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီလိုမျိုး ခန်းခန်းနားနား ကြီးကြီးကျယ်ကျယ်နဲ့ ဂိုဏ်းဖွင့်ပွဲ အပြီးမှာ၊ ဒီဒေသမှာ လင်းဖုန်းရဲ့ ရေပန်းစားမှု တန်ဖိုးဟာ ၅မှတ်သာ တက်လာခဲ့ပြီး စုစုပေါင်း အမှတ် ၉၀သာ ရခဲ့ပါတယ်။
ဒါဟာအရင်က ဂိုဏ်းရဲ့ ရေပန်းစားမှုဟာ တစ်ဟုန်ထိုး မြင့်တက်လာမှုနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပါဘူး။
လင်းဖုန်းက အချိန်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး၊ "အောင်မြင်မှုကို ရရှိပြီးမှ နောက်ထပ်အဆင့် ထပ်တက်ရခြင်းဟာ၊ တစ်ခုခုကို အစကနေ စတင်ရခြင်းထက် အမြဲတမ်း ပိုခက်ခဲတာပဲ။ ကြည့်ရတာတော့ ရေပန်းစားမှု တန်ဖိုးဟာ များလေလေ၊ လက်ရှိထက်ပိုပြီး တိုးတက်ဖို့က ခက်လေလေပါပဲ။"
လင်းဖုန်းရဲ့ ကိုယ်ပိုင် ရေပန်းစားမှု တန်ဖိုးဟာ သူ့ဂိုဏ်းတစ်ခုလုံးရဲ့ ရေပန်းစားမှု တန်ဖိုးနဲ့ ခွဲခြားထားပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် ရေပန်းစားမှု တန်ဖိုးဟာ ၉၀ရှိပေမဲ့၊ ခွန်းလွန်တောင်ခြေ မြောက်ပိုင်းမှာ သူ့ဂိုဏ်းရဲ့ ရေပန်းစားမှု တန်ဖိုးဟာ ၇၅တောင် မပြည့်ပါဘူး။
ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးတုံးက သူ့ဂိုဏ်းရဲ့ ရေပန်းစားမှု တန်ဖိုးဟာ ၅၀သာ ရှိခဲ့တယ် ဆိုတာကို၊ လင်းဖုန်းက အခုမှ ပြန်စဉ်းစားမိလိုက်ပါတယ်။
ဒီလိုမျိုး အများကြီး ရုတ်တရက် တိုးလာခြင်းဟာ အခုရှကျိုးမြို့ရဲ့ အပြင်ဘက်က လွင်ပြင်တိုက်ပွဲမှာ၊ ရှောင်ယန်တို့တတွေက အခြေတည်ဝိညာဉ် အဆင့်က ပြိုင်ဘက်တွေကို ရင်ဆိုင်နိုင်ခဲ့ကြလို့ပဲ ဖြစ်မှာပါ။
"ငါက ဂိုဏ်းချုပ်ဖြစ်နေတဲ့အတွက်၊ ငါ့ရဲ့ ကိုယ်ပိုင် ရေပန်းစားမှု တန်ဖိုးဟာ ဂိုဏ်းရဲ့ ရေပန်းစားမှု တန်ဖိုးကို တက်စေနိုင်သလို၊ ငါတပည့်တွေရဲ့ အောင်မြင်မှုကလည်း စုစုပေါင်း တန်ဖိုးကို တက်စေနိုင်တာပဲ။"
ခွန်းလွန်တောင်ခြေ မြောက်ပိုင်းရဲ့ ပြင်ပက နေရာတွေက တန်ဖိုးကို လေ့လာကြည့်လိုက်တော့၊ သူ့ရဲ့ ကိုယ်ပိုင် ရေပန်းစားမှု တန်ဖိုးနဲ့ ဂိုဏ်းရဲ့ ရေပန်းစားမှု တန်ဖိုးတို့ဟာ၊ တခြားနေရာတွေ အားလုံးမှာ အတော့်ကို နည်းနေတယ် ဆိုတာကို လင်းဖုန်းက လေ့လာတွေ့ရှိလိုက်ရပါတယ်။
ဂိုဏ်းဖွင့်ပွဲ မတိုင်မှီက တိုက်ပွဲကြောင့် ထင်ပါတယ်၊ အချို့သော နေရာတွေမှာတော့ တန်ဖိုးတွေက သိပ်မဆိုးလှပါဘူး။
ဂိုဏ်းဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ ယန်တုန်ဟွေနဲ့ တခြားသူတို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာဂိုဏ်းကို ပြန်ရောက်ကြတဲ့ အချိန်မှာ၊ သူတို့ရဲ့ ဒေသတွေမှာ ဒီတိုက်ပွဲ အကြောင်းကို ပြန်ပြီးတော့ ဖြန့်ဝေကြတဲ့အတွက်၊ လင်းဖုန်းနဲ့ သူ့ဂိုဏ်းဟာ နာမည်အတော် ရလာခဲ့ပါတယ်။
ဒါတောင်မှပဲ လင်းဖုန်းရဲ့ ကိုယ်ပိုင် ရေပန်းစားမှု တန်ဖိုးနဲ့၊ ဂိုဏ်းရဲ့ စုစုပေါင်း ရေပန်းစားမှု တန်ဖိုးတို့ဟာ မူလကောင်းကင် ကမ္ဘာကြီး တစ်ခုလုံးနဲ့စာလိုက်ရင် အတော်ကို နည်းနေပါသေးတယ်။ အဓိက မစ်ရှင်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမှတ်၈၀ကို ပြည့်ဖို့ဆိုရင် အများကြီး လိုပါသေးတယ်။
လင်းဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး၊ "ရှေ့ဆက်ရဖို့ အဝေးကြီး လိုသေးတာပဲ!"
တစ်ယောက်ရဲ့ ရေပန်းစားမှု တန်ဖိုးကို တက်ဖို့အတွက် ဘာတွေကိုများ လုပ်ရမလဲ?
သူဟာ အရင်က တစ်ယောက်မှ မလုပ်နိုင်သေးတဲ့ ကြီးမားတဲ့ အရာတစ်ခုကို လုပ်ပြပြီး၊ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေနိုင်ပါတယ်။
ဒါမှမဟုတ်၊ သူဟာ တခြားတစ်ယောက်ရဲ့ ဂုဏ်သတင်း အပေါ်မှာ မှီခိုနိုင်ပါတယ်။ တစ်ယောက်ဟာ ကြီးမားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုခုံးပေါ်ကနေ ရပ်ပြီးတော့ကြည့်ရင်၊ အဝေးကို ပိုမြင်နိုင်ပါတယ်။
လင်းဖုန်းက သေချာစွာ စဉ်းစားနေခဲ့ပြီး ရေပန်းစားမှု စနစ်ထဲကနေ ထွက်လိုက်ကာ၊ ဂိုဏ်းဖွင့်ပွဲ အပြီးမှာ စနစ်ကြီးက ပေးထားတဲ့ အထူးဆုကို ထုတ်ကြည့်လိုက်ပါတယ်။
ဒါကတော့ ထီးတစ်ချောင်းပါ၊ ဧရာမ အနက်ရောင် ထီးတစ်ချောင်းပဲ ဖြစ်ပါတယ်။
သူက လက်ကိုင်ကို ကိုင်လိုက်တာနဲ့၊ လင်းဖုန်းဟာ သူ့လက်ချောင်းတွေရဲ့ အကြားက ထီးရဲ့ကိုယ်ထည်ကို ခံစားလိုက်ရပြီး တွေးလိုက်ပါတယ်၊ "ဒါက အသုံးဝင်နိုင်ပေမဲ့၊ အသုံးပြုတဲ့သူက သတိမထားခဲ့ရင် ဘေးသင့်နိုင်တာပဲ။ သူ့ကိုအသုံးပြုဖို့က အထူးသတိထားရမှာပဲ။"
ပြီးတာနဲ့ သူ့ရဲ့ခေါင်းထဲမှာ အတွေးလေး တစ်ခုက ပေါ်လာခဲ့ပြီး၊ နွေဦးနေဝန်းလိုမျိုး နွေးထွေးတဲ့ အပြုံးလေး တစ်ခုဟာ လင်းဖုန်းရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်။
သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်တော့၊ မီးလုံးလေး နှစ်လုံးဟာ မြေပေါ်ကို ကျလာခဲ့ပြီး လူပုံရိပ် နှစ်ခုဟာ ပေါ်လာခဲ့ပါတယ်။
သူတို့ နှစ်ယောက်စလုံးဟာ ရုပ်အသွင်အပြင် ဆင်တူကြပါတယ်၊ ပိန်ပါးအားနည်းတဲ့ ခန္ဓာကိုယ်ရယ်၊ ချွန်နေတဲ့ ပါးစပ်နဲ့ မျောက်လိုမျိုး မေးရိုးတွေရယ်၊ ခရမ်းနက်ရောင် မျက်နှာနဲ့ အနီရောင် ပါးတွေရယ်၊ အပေါ်ကို ချွန်တက်နေတဲ့ သေးငယ်တဲ့ နားရွက်အစုံရယ်၊ ဆံပင်တစ်ချောင်းမှ မရှိပဲ ပြောင်နေတဲ့ခေါင်းရယ်။
တစ်ယောက်က ဆယ်ကျော်သက် အရွယ်ရှိပြီး၊ ကျန်တဲ့တစ်ယောက်ကတော့ သက်လတ်ပိုင်း လူကြီးနဲ့ တူနေခဲ့ပါတယ်။
သူတို့ကတော့ လင်းဖုန်းက ယုကျင်းတောင်ကို ရှာဖို့ ခွန်းလွန်တောင်ကို ပထမဆုံး ရောက်လာခဲ့တဲ့ အချိန်မှာ ဖမ်းဆီးခဲ့တဲ့၊ မီးလျှံကျီးကန်း သခင်လေးနဲ့ မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူတို့ပဲ ဖြစ်ကြပါတယ်။
ငှက်မိစ္ဆာနှစ်ကောင်တို့ဟာ လူပုံစံကို ဖန်ဆင်းထားကြတာပါ။ သူတို့က လင်းဖုန်းအရှေ့ကို ရောက်လာတော့ လိမ်မာစွာနဲ့ မတ်တတ်ရပ်နေကြပါတယ်။ အရင်ကလိုမျိုး မောက်မာဖို့ မပြောနဲ့၊ အသက်ပြင်းပြင်းတောင် မရှူရဲကြတော့ပါဘူး။
လင်းဖုန်းက သူတို့ကို ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်၊ "မင်းတို့က ငါ့ကိုအရင် စော်ကားခဲ့တော့၊ ငါက အပြစ်ပေးတဲ့ အနေနဲ့ မင်းတို့ကို အချိန်တစ်ခုအထိ ချုပ်နှောင်ထားခဲ့တာပဲ။"
မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူက ခေါင်းကို တစ်ဆတ်ဆတ်နဲ့ ညိတ်လိုက်ပါတယ်၊ "ကျွန်တော်က အရင်က ရိုင်းခဲ့ပါတယ်။ အရှင့်ကို စော်ကားခဲ့မိပါတယ်၊ စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွှတ်ပေးပါ။"
သူက အနည်းငယ် တွေဝေသွားပြီးနောက်မှာ မီးလျှံကျီးကန်း သခင်လေးကို ကြည့်လိုက်ကာ ပြောလိုက်ပါတယ်၊ "ကျုပ်တို့ကလန်က သခင်လေးဟာ ငယ်သေးပြီး မရင့်ကျက်သေးပါဘူး၊ ကျေးဇူးပြုပြီး နားလည်ပေးပါ။ ကျုပ်တို့ ကလန်ခေါင်းဆောင်ဟာ ကလေး ဒီတစ်ယောက်သာ ရှိပြီး၊ အခုတော့ သူ့ရဲ့ တစ်ဦးတည်းသော သွေးသားနဲ့ ခွဲခွာနေရပါတယ်။ ကျေးဇူးပြုပြီး သနားညှာတာ ထောက်ထားဖို့ တောင်းပန်ပါတယ်။"
မီးလျှံကျီးကန်း သခင်လေးရဲ့ အကျင့်စရိုက်တွေဟာ မပြောင်းလဲသေးပေမဲ့၊ သူက သူ့ရဲ့ ဖခင်ဖြစ်တဲ့ မီးလျှံကျီးကန်း ဘုရင်တောင်မှ လင်းဖုန်းရဲ့ မျက်စိထဲမှာ အရေးမပါတဲ့ ပမွှားလေး အဆင့်သာ ရှိတယ်ဆိုတာကို သိနေခဲ့တဲ့အတွက်၊ ဘာမှမလုပ်ရဲခဲ့ပဲ လင်းဖုန်းကို အညံ့ခံတဲ့ အနေနဲ့ ဦးညွှတ်လိုက်ပြီး၊ "ကျွန်တော်က အရင်တုံးက မရင့်ကျက်ခဲ့ပါဘူး၊ စီနီယာ၊ ကျေးဇူးပြုပြီး စာနာထောက်ထားတဲ့ အနေနဲ့ ကျွန်တော့်ကို ဒီတစ်ခေါက်မှာတော့ ချမ်းသာပေးပါ။"
လင်းဖုန်းက ပြုံးဖြီးဖြီး ဖြစ်သွားခဲ့ပြီး၊ "ကြည့်ရတာတော့ မင်းက အမှားတွေကနေ သင်ယူနိုင်ခဲ့ပြီ ထင်တယ်။ ငါက သူများတွေကို သတ်ရတာကို မကြိုက်ပါဘူး၊ ဒါကြောင့် မင်းကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်လိုက်မယ်၊ ဒါပေမဲ့လည်း ငါ့အတွက် သတင်းတစ်ခုကိုတော့ ပို့ပေးရမယ်။"
မီးလျှံကျီးကန်း သခင်လေးနဲ့ မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူတို့ဟာ ဒီစကားကို ကြားလိုက်ရတော့ ဝမ်းသာအားရ ဖြစ်သွားကြပါတယ်။ မီးလျှံကျီးကန်း သခင်လေးက လျှင်မြန်စွာနဲ့ မေးလိုက်ပါတယ်၊ "စီနီယာလင်းက ကျွန်တော့်ဖခင်နဲ့ ဆွေးနွေးစရာများ ရှိလို့လား?"
"ငါကသူ့ကို ပြောစရာ ဘာမှ မရှိပါဘူး။" လင်းဖုန်းက မီးလျှံကျီးကန်း သခင်လေးကို ကြည့်လိုက်ပြီး၊ "ငါကမင်းကို ရွှေကျီး မဟာပဏ္ဍိတကို သတင်းတစ်ခု ပို့ပေးစေချင်တယ်။"
"ဂရန်းမာစတာ?" မီးလျှံကျီးကန်း သခင်လေးနဲ့ မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူတို့ဟာ နှစ်ယောက်စလုံး အံ့အားသင့်သွားကြပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး၊ နောက်ထပ် ထပ်မမေးရဲကြတာကြောင့် သူတို့ရဲ့ ခေါင်းတွေကို ငုံ့လိုက်ကာ၊ "ကျေးဇူးပြုပြီး သတင်းစကားကို ပြောပါ၊ ကျွန်တော်တို့က အသေအချာ ပြန်ပြောပေးလိုက်ပါမယ်။"
လင်းဖုန်းက သူ့ရဲ့ လက်ချောင်းတွေကို မြှောက်လိုက်တော့၊ ခရမ်းရောင် ချီတိမ်တိုက် တစ်စဟာ မိစ္ဆာနှစ်ကောင်ရဲ့ အရှေ့ကို ကျလာခဲ့ပါတယ်။ သူက "ဒါလေးကို မင်းတို့နဲ့ ယူသွားခဲ့ပြီး၊ ရွှေကျီး မဟာပဏ္ဍိတကို ပေးလိုက်ပါ။"
မီးလျှံကျီးကန်း သခင်လေးဟာ ခရမ်းရောင် တိမ်တိုက်ကို သေချာစွာ သိမ်းဆည်းလိုက်ကာ၊ မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူနဲ့ အတူ ယုကျင်းတောင်ပေါ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
လင်းဖုန်းက လေဟာနယ်ထဲကို ဝေ့ကြည့်လိုက်ကာ၊ ဒီနှစ်ယောက်က မိုးကုတ်စက်ဝိုင်းရဲ့ အလွန်မှာ အမည်းရောင် အစက်လေး နှစ်စက်အဖြစ် ပျောက်ကွယ်သွားခဲ့တာကို ကြည့်နေခဲ့ပြီး ပြုံးလိုက်ပါတယ်၊ "ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်နဲ့ပေါ့ကွာ။"
***************
မဟာကျိုး အင်ပါယာ၏ မြို့တော်၊ ထျန်းကျင်းမြို့။
ထျန်းကျင်းမြို့ရဲ့ မြို့လယ်ခေါင်မှာ မိုးထိုးနေတဲ့ နန်းတော်ကြီး တစ်ခုဟာ တောင်ဘက်ကို မျက်နှာမူပြီး တည်ရှိနေခဲ့ပါတယ်။ ဒါကတော့ နိုင်ငံတစ်ခုလုံးရဲ့ နှလုံးသည်းပွက်ဖြစ်တဲ့၊ မဟာကျိုး အင်ပါယာရဲ့ တော်ဝင်နန်းတော်ပဲ ဖြစ်ပါတယ်။
နန်းတော်ရဲ့ အထဲမှာ အခန်းတွေ အားလုံးရဲ့ နရံကို အရောင်တင်ထားတဲ့ အဝါရောင် အုတ်တွေနဲ့ တန်ဆာဆင်ထားပါတယ်။ နန်းတော်ကြီး တစ်ခုလုံးဟာ ခမ်းနားထည်ဝါလှပြီး၊ ကောင်းကင်ဘုံကနေ မော်တယ်ကမ္ဘာကို ကျဆင်းလာခဲ့တဲ့ နတ်နန်းတော်အလား ဖြစ်နေခဲ့ပါတယ်။
နန်းတော်ရဲ့ အလယ်မှာ အဖြူရောင် ကျောက်စိမ်းသက်သက်နဲ့ ထုလုပ်ထားတဲ့ ကြီးကျယ်လှတဲ့ ခန်းမဆောင်ကြီး တစ်ခုကို တွေ့နိုင်ပါတယ်။ သူဟာ မကောင်းဆိုးဝါးတွေ အားလုံးကို တွန်းလှန်နိုင်တဲ့ အလား၊ နီရဲနေတဲ့ အရောင်တွေနဲ့ ဖိတ်ဖိတ်တောက်နေခဲ့ပါတယ်။
ဒီခန်းမဆောင်ရဲ့ အရှေ့ဘက်က နွေးထွေးပြီး တမူထူးခြားတဲ့ အခန်းတစ်ခုမှာ၊ သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ သားနားလှတဲ့ ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်နေခဲ့ပါတယ်။
ဒီလူကို တွေ့လိုက်ရတဲ့ လူတိုင်းဟာ၊ အခန်းရဲ့ ဘေးမှာ ရှိနေကြတဲ့ လူနှစ်ယောက် ဖက်စာရှိတဲ့ အဖြူရောင် တိုင်လုံးကြီး နှစ်ခုအစား၊ ဒီလူက ဒီအခန်းကို ထောက်ကန်ထားတယ်လို့ မှားယွင်းတဲ့ အယူအဆတွေကို ရလာကြမှာ ဖြစ်ပါတယ်။
ဒီအခန်းတင် မကပဲ ဒီလူဟာ ခန်းမဆောင်ကြီး တစ်ခုလုံး၊ ကောင်းကင်၊ မြေကြီးနဲ့ ကောင်းကင်ဘုံတို့ကိုပါ ထောက်ကန်ထားနိုင် သလိုပါပဲ။
သူဟာ ဝတ်ကောင်းစားလှတွေကို ဝတ်ဆင်ထားခဲ့ပြီး၊ ရွှေခရမ်းရောင် သရဖူကို ဆောင်းထားပါတယ်။ သူ့ဆီမှာ တစ်ဝက်တစ်ပျက် ဖြူနေတဲ့ နားထင်တွေရှိပြီး၊ သူ့ရဲ့လက်တွေဟာ ကျောက်စိမ်းလိုမျိုး အပြစ် အနာအဆာ ကင်းစင်ကာ၊ အကန့်အသတ်မဲ့တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားသလိုပါပဲ။
သူဟာ မဟာကျိုး အင်ပါယာရဲ့ ထောက်တိုင်ဖြစ်တဲ့၊ ရွှမ်ကျိအမတ် ဇူဟုန်ဝူပဲ ဖြစ်ပါတယ်။
သူ့ရဲ့အရှေ့က စားပွဲကြီးမှာ မဟာကျိုး အင်ပါယာရဲ့ ပြည်နယ်အသီးသီးက အရာရှိတွေက တင်ပြလာတဲ့ မှတ်တမ်းမှတ်ရာတွေကို တပုံကြီး တင်ထားခဲ့ပါတယ်။ သူက ဒါတွေကို ပြန်လည်စိစစ်ပြီး သူ့ရဲ့ အမြင်တွေနဲ့ ပေါင်းစည်းကာ၊ ကျိုးဧကရာဇ် လျှမ်ပန်းကို တင်ပြရမှာပဲ ဖြစ်ပါတယ်။ ဒါက မဟာကျိုး အင်ပါယာရဲ့ မဟာသုခမိန် အနေနဲ့ သူပြုလုပ်ရမယ့် တာဝန်ဝတ္တရားလည်း ဖြစ်ပါတယ်။
နောက်ထပ် မှတ်တမ်းတစ်ခုကို ချလိုက်အပြီးမှာ၊ ဇူဟုန်ဝူက သူ့ရဲ့ခေါင်းကို မော့လိုက်ပြီး ကောင်းကင်ပေါ်က နဂါးငွေ့တန်းနဲ့ တူတဲ့ သူ့ရဲ့ မျက်လုံးအစုံနဲ့ တံခါးဝကို လှမ်းကြည့်လိုက်ပါတယ်။ "ဝင်လာခဲ့ပါ။"
အသက်ကြီးကြီး မိန်းမစိုး တစ်ယောက်ဟာ အခန်းထဲကို ဝင်လာခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ အမတန် ကျိုးနွံပုံရပြီး၊ အလွန်ညင်သာစွာနဲ့ ပြောလိုက်ပါတယ်၊ "အရှင်မင်းမြတ်က မဟာသုခမိန်ကို ဆွေးနွေးစရာ ရှိလို့ အဓိက ခန်းမဆောင်ကို ဖိတ်ခေါ်လိုက်ပါတယ်။"
သူဟာ ဇူဟုန်ဝူရဲ့ အရှေ့မှာ အလွန်ရိုကျိုးတဲ့ပုံ ပေါက်နေခဲ့ပေမဲ့၊ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ မှော်စွမ်းအင်တွေဟာ မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းလှပါတယ်။ ဘာပဲပြောပြော သူဟာ နန်းတော်ထဲမှာ မေဝူလန်ပြီးရင် ဒုတိယအဆင့်ရှိတဲ့၊ အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်မှာရှိတဲ့ မိန်းမစိုး ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဇူဟုန်ဝူရဲ့ အရှေ့မှာ သူဟာ နိမ့်ကျတဲ့ အစေခံ ပုံစံမျိုးနဲ့ နှိမ့််ချစွာ နေခဲ့ပါတယ်။
ဇူဟုန်ဝူက ခေါင်းညိတ်လိုက်ပြီး၊ "ကျုပ်နားလည်ပါတယ်။" ပြီးတာနဲ့ သူဟာ မှတ်တမ်းတွေကို အောက်ချလိုက်ပြီး ထရပ်လိုက်ပါတယ်။
ဇူဟုန်ဝူက သူ့နေရာကနေ ထရပ်လိုက်တာနဲ့ တပြိုင်နက်၊ မိန်းမစိုးအိုကြီးဟာ ဒီခဏမှာ ကောင်းကင်နဲ့ မြေကြီးတို့ဟာ တုန်ခါသွားသလိုမျိုး ခံစားခဲ့လိုက်ရပါတယ်။
အဓိက ခန်းမဆောင်ထဲမှာ နဂါးကိုးကောင် ရွှေသရဖူကို ဆောင်းထားပြီး၊ ခမ်းနားတဲ့ တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ၊ နဂါးပုလ္လင်ပေါ်မှာ တည့်တည့်ထိုင်နေခဲ့ပါတယ်။
သာမန်သာ ကြည့်လိုက်ရင် ဒီနဂါးပုလ္လင်ဟာ အဓိက ခန်းမဆောင်ထဲမှာ တောင်ဘက်အရပ်ကို မျက်နှာမူပြီး ရှိနေတယ်လို့ ထင်နေရပေမဲ့၊ အနီးကပ်ပြီး သေချာစွာ ကြည့်လိုက်ရင်တော့ ဒီပုလ္လင်ဟာ ဒီခန်းမဆောင်နဲ့ သီးခြားဖြစ်နေခဲ့ပြီး၊ သီးသန့် လေဟာနယ်-အချိန်ကာလမှာ တည်ရှိနေတယ် ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ပုလ္လင်ပေါ်မှာ ထိုင်နေတဲ့ သူဟာ ကျောက်စိမ်းလိုမျိုး ချောမွေ့တဲ့ မျက်နှာထားရှိပြီး၊ အသက်ကြီးတဲ့ အရိပ်အယောင် အချို့ကို တွေ့နေရပေမဲ့ အားနည်းတဲ့ လက္ခဏာကိုတော့ တစ်စက်မှ မတွေ့ရပါဘူး။ အဲ့ဒီ အရိပ်အယောင်တွေဟာ ကောင်းကင်အောက်က အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ အော်ရာမျိုးနဲ့၊ သူ့ကိုကြည့်ရတာ ပိုပြီးတော့တောင် တည်ကြည်ခန့်ညား စေခဲ့ပါတယ်။ သူဟာ ကျိုးဧကရာဇ် လျှမ်ပန်းပဲ ဖြစ်ပါတယ်။
လျှမ်ပန်းရဲ့ အောက်မှာတော့ မေဝူလန်ဟာ ယဉ်ကျေးသိမ်မွေ့စွာနဲ့ ထိုင်နေခဲ့ပြီး၊ ယန့်မင်းရွဲ့ကတော့ ထိုင်ခုံအဝိုင်း တစ်ခုပေါ်မှာ ငြိမ်သက်စွာနဲ့ ထိုင်နေခဲ့ကာ၊ ဇူဟုန်ဝူကို အသိအမှတ်ပြုတဲ့ အနေနဲ့ ခေါင်းတစ်ချက်ကိုသာ ညိတ်ပြလိုက်ပါတယ်။
ဇူဟုန်ဝူက ခမ်းမဆောင် အတွင်းကို ဝင်လာခဲ့တာကို မြင်လိုက်ရတာနဲ့ တပြိုင်နက်၊ လျှမ်ပန်းဟာ ပျော်ရွှင်စွာနဲ့ ပြုံးလိုက်ပြီး၊ "ကျေးဇူးပြုပြီး ထိုင်ပါ။"
သူ့ရဲ့ အမိန့်အရ မိန်းမစိုး တစ်ယောက်ဟာ သစ်သားထိုင်ခုံ တစ်လုံးကို ယူလာပေးခဲ့ပါတယ်။ ဇူဟုန်ဝူကလည်း သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ထိုင်လိုက်ပါတယ်။
"ဟုန်ဝူ၊ မင်းက လေဒီမုန့်နဲ့ မွေးထားခဲ့တဲ့သားဟာ၊ ငါ့ကို တကယ်ပဲ အံ့ဩစေခဲ့တယ်။" လျှမ်ပန်းဟာ အလွန်ကို ရွှင်ပျနေတဲ့ပုံ ပေါက်နေခဲ့ပြီး၊ သူငယ်ချင်း အရင်းအချာတွေ အတိုင်း ဇူဟုန်ဝူကို နာမည် အဖျားဆွတ်ပြီး ခေါ်လိုက်ကာ၊ ဧကရာဇ်နဲ့ သုခမိန်တို့ရဲ့ အကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကို ဖော်ပြလိုက်ပါတယ်။
ဇူဟုန်ဝူကတော့ တည်ငြိမ်စွာနဲ့ပဲ ပြန်ဖြေလိုက်ပါတယ်၊ "အရှင်မင်းမြတ်ရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး။"
"ဒါက မထိုက်တန်တဲ့ ချီးကျူးမှု မဟုတ်ပါဘူး။" လျှမ်ပန်းက သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး၊ "လေဒီယန့်နဲ့ ဝူလန်တို့က ငါကိုယ်တော်မြတ်ကို အခြေအနေ အသေးစိတ်ကို ပြောပြခဲ့ပြီးပြီ။ လေဒီယန့်က အရင်ကတည်းက ပြောထားတဲ့ အတိုင်းပဲ၊ မင်းသားရဲ့ ဆရာက သာမန်လူတော့ မဟုတ်ဘူးကွ။"
"ဝူလန်၊ အခြေအနေ အသေးစိတ်ကို ဟုန်ဝူကို ပြောပြလိုက်ပါဦး။"
ဇူဟုန်ဝူက မေဝူလန်နဲ့ ယန့်မင်းရွဲ့တို့ဘက်ကို လှည့်လိုက်ပါတယ်၊ "ကြည့်ရတာတော့ ကျန်းဟိုင်က လက်ဗလာနဲ့ ပြန်လာရတယ် ထင်တယ်။"
မေဝူလန်က ရိုသေစွာနဲ့ ပြန်ဖြေလိုက်ပါတယ်၊ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က ကျွန်တော်တို့ ထင်ထားတာထက်ကို ပိုပြီးတော့ သန်မာနေခဲ့ပါတယ်။" ပြီးတာနဲ့ သူက သူတွေ့ရှိခဲ့ သမျှကို ဇူဟုန်ဝူကို အသေးစိတ် ပြန်လည်ပြောပြခဲ့ပါတယ်။
ဇူဟုန်ဝူက ခေါင်းညိတ်လိုက်ကာ တည်ငြိမ်စွာနဲ့ပဲ ပြန်ပြောလိုက်ပါတယ်၊ "ကုန်းကုန်းပြောခဲ့တဲ့အတိုင်း ဆိုရင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဟာ လေနတ်ဘုရားဂိုဏ်းနဲ့ အလင်းဓားမြန်ဂိုဏ်းတို့ထက်ကို ပိုပြီးတော့ အင်အားကြီးနေခဲ့ပြီး၊ သူ့ကို အမြစ်ဖြုတ်ဖို့ ဆိုတာက လွယ်ကူတဲ့ ကိစ္စမျိုးတော့ မဟုတ်နိုင်ဘူး။"
"သူတို့ဟာ ထူးခွန်ပြောင်မြောက်တဲ့ စွမ်းရည်တွေကို ပြခဲ့ပေမဲ့၊ ချို့ယွင်းချက် အကြီးကြီးတွေတော့ ရှိသေးတာပဲ။"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu