အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ အသွင်သဏ္ဌာန် နည်းစနစ်ကို ဖော်ဆောင်နိုင်ခြင်းဟာ… အခြေတည်ဝိညာဉ် နောက်ဆုံး အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။
အချိန်ကသာ ရင့်မှည့်လာခဲ့ရင် ဒီကျင့်ကြံသူဟာ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပုံပန်းသဏ္ဌာန် နည်းစနစ်ကို ဆက်လက်သန့်စင်ပြီး… သူ့ရဲ့ ကိုယ်ပိုင် အခြေတည်ဝိညာဉ်နဲ့ ပေါင်းစပ်ကာ အင်မော်တယ် ဝိညာဉ်ကို ဆက်လက်ပြီး ဖော်ဆောင်မှာ ဖြစ်ပါတယ်။
ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပုံပန်းသဏ္ဌာန် နည်းစနစ်ဟာ… ကျင့်ကြံသူ တစ်ယောက်ရဲ့ တာအိုနည်းစနစ်တွေနဲ့ မှော်စွမ်းအင်ကို ပေါင်းစည်းထားခြင်းပဲ ဖြစ်ပါတယ်။ သူဟာ မယုံနိုင်စရာ စွမ်းရည်တွေ စုပေါင်းထားခြင်းပဲ ဖြစ်ပါတယ်။
အင်မော်တယ် ဝိညာဉ် အဆင့်ရဲ့အောက်မှာ ကျင့်ကြံမှု အဆင့်တွေရဲ့ အဆင့်ခွဲတွေ အားလုံးရဲ့ အထဲမှာ… အကြီးမားဆုံး ကွာဟမှုဟာ အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်နဲ့ နောက်ဆုံးအဆင့်တို့ရဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒါရဲ့ အဓိက အကြောင်းရင်းကလည်း ဒီကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပုံပန်းသဏ္ဌာန် နည်းစနစ်ကြောင့်ပါပဲ။
ပန်ကျဲအနေနဲ့ ပြောရရင် သူ့ရဲ့ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပုံပန်းသဏ္ဌာန် နည်းစနစ် အထဲမှာ… အလွန်အမင်းကို လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းတဲ့ အော်ရာတွေ ရှိပါတယ်။
အလွန်အမင်းကို ကြီးမားကျယ်ပြန့်တဲ့ ကောင်းကင်အောက်မှာ… သူဟာ ကမ္ဘာကြီး တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ အဖုံးတစ်ခုလို အားလုံးရဲ့ အပေါ်မှာ ရေးရေးလေး ပေါ်နေခဲ့တာပါ။ သူ့ဆီမှာ ကြီးမားတဲ့ ဩဇာအာဏာနဲ့ ကမ္ဘာပေါ်က အရာအားလုံးကို အုပ်စိုးနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားခဲ့တာပါ။
သူဟာ ကောင်းကင်တာအို ဝါဒရဲ့ ဘက်မလိုက်တဲ့ သဘောတရားတွေကိုလည်း ကိုယ်စားပြုနေခဲ့ပြီး… အားလုံးဟာ ကောင်းကင်တာအို ဝါဒရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ နိယာမတွေကို လိုက်နာရမှာပဲ ဖြစ်ပါတယ်။
တာအိုခြေလျှင် ခရီးသည် ပန်ကျဲဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အဆင့်အမြင့်ဆုံးနဲ့ အခက်ခဲဆုံး ကျမ်းစာတွေကို လေ့ကျင့်ထားခဲ့ကာ… အခြေတည်ဝိညာဉ် နောက်ဆုံး အဆင့်က ကျင့်ကြံသူတွေရဲ့ ထိပ်ဆုံးက ထိပ်သီးကျင့်ကြံသူ အနည်းငယ်ထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အခုတော့ သူဟာ လင်းဖုန်းရဲ့ ဓာတ်သဘာဝ စီးကြောင်းတွေနဲ့ ရင်ဆိုင်လိုက်ရတော့… သူ့ရဲ့ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပုံပန်းသဏ္ဌာန် နည်းစနစ်ဟာ… ဒီဓာတ်သဘာဝ စီးကြောင်းတွေရဲ့ ဖျက်ဆီးနိုင်မှုနဲ့ ကစဉ့်ကလျား ဖြစ်မှုတို့ကို မယှဉ်နိုင်ခဲ့ပါဘူး။
ပန်ကျဲဟာ လေးနက်တဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ကာ သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး… သူ့ရဲ့ ပုံရိပ်ဟာ ဘေးပတ်ဝန်းကျင်ထဲကို ဖြေးဖြေးခြင်း ဝိုးတဝါး ဖြစ်သွားကာ ပျောက်ကွယ်သွားခဲ့ပါတယ်။
ဒီလိုမျိုး ဝိုးတဝါး ဖြစ်သွားခြင်းဟာ ပန်ကျဲကို လင်းဖုန်း စေလွှတ်လိုက်တဲ့ အားကောင်းတဲ့ ဓာတ်သဘာဝ စီးကြောင်းတွေရဲ့ ဖျက်ဆီးမှုကနေ လွတ်မြောက်စေခဲ့ပါတယ်။
ဒီဓာတ်သဘာဝ စီးကြောင်းတွေဟာ ပန်ကျဲနဲ့ ထိတွေ့တော့မယ့် အချိန်မှာပဲ… သူရဲ့ ရုပ်ခန္ဓာကိုယ်ဟာ မှေးမှိန်သွားခဲ့ကာ နောက်ထပ်သီးသန့် ဒိုင်မန်းရှင်း တစ်ခုရဲ့ အထဲကို ယာယီရောက်ရှိသွားခဲ့ပြီး… သူ့ရဲ့ မူလနေရာမှာ ပုံရိပ်ယောင်လေး တစ်ခုကိုသာ ချန်ထားခဲ့ပါတယ်!
ဓာတ်သဘာဝ စီးကြောင်းတွေဟာ တည်ငြိမ်သွားခဲ့ပြီး သူ့ကို အန္တရာယ် မပေးနိုင်လောက်တော့တဲ့ အချိန်မှာသာ… ပန်ကျဲရဲ့ ပုံရိပ်ဟာ ပြန်လည်အသက်ဝင်လာခဲ့ကာ မူလနေရာမှာ ပြန်ပေါ်လာခဲ့ပါတယ်။
ဟင်းလင်းပြင် ဘုရားကျောင်းဟာ အကန့်အသတ်မဲ့ စွမ်းရည်တွေနဲ့ ပြည့်စုံတဲ့… အစွမ်းထက်တဲ့ မှော်ကျိန်စာတွေ အမြောက်အမြားကို သိမ်းဆည်းထားတဲ့ ကျမ်းစာကျောင်းဆောင်တစ်ခု ရှိပါတယ်။ အခုပန်ကျဲ အသုံးပြုလိုက်တဲ့ မှော်ကျိန်စာဟာ ရုပ်ကိုယ်ခန္ဓာ အသွင်ပြောင်းလဲခြင်း ပညာရပ်ကို အရင်ဆုံး နားလည်သဘောပေါက်ပြီး နောက်မှာ… သူ့ဟာ သီးသန့်ဒိုင်မန်းရှင်း တစ်ခုရဲ့ အထဲမှာ သူ့ကိုယ်သူ ကွယ်ဝှက်ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီရုပ်ကိုယ်ခန္ဓာ အသွင်ပြောင်းလဲခြင်း ပညာရပ်ကို အသုံးပြုလိုက်ပြီး… ပန်ကျဲဟာ လင်းဖုန်းရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ ဆုံးဖြတ်ချက် ပြတ်သားစွာနဲ့… သူဟာ သူ့ရဲ့ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပုံပန်းသဏ္ဌာန် နည်းစနစ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
အမှန်တရားဟာ ကြမ်းတမ်းရက်စက်ပေမဲ့ ပန်ကျဲဟာ… အခြေတည်ဝိညာဉ် အဆင့်က ပြိုင်ဘက်တွေ အားလုံးကို အသာစီးရစေတဲ့ သူ့ရဲ့ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပုံပန်းသဏ္ဌာန် နည်းစနစ်ဟာ… လင်းဖုန်းရဲ့ အရှေ့မှာ စွမ်းအားကင်းမဲ့နေတာကို လက်ခံခဲ့ရပါတယ်။
ပန်ကျဲဟာ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လည်ကြိုးစားခဲ့ပြီး… သူ့ရဲ့ လက်ဖဝါး အစုံကို ပူးကပ်လိုက်ကာ ရေရွတ်လိုက်ပါတယ်… "မှော်ရတနာ… ထွက်ပေါ်လာစမ်း"
ပြီးတာနဲ့ သူ့ရဲ့ လက်ဖဝါးတွေကို အပေါ်လှန်လိုက်ပါတယ်။ အဖြူ၊ အနက်၊ အဝါ၊ အစိမ်း၊ အနီ၊ အပြာ စတဲ့ အရောင်မျိုးစုံကို ပေါင်းစပ်ထားတဲ့ အလင်းတန်း တစ်ခုဟာ တောက်ပစွာ လင်းလက်လာခဲ့ပြီး… ပတ်ဝန်းကျင် တစ်ခုလုံးကို ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင် လှုပ်ရှားမှုတွေနဲ့ ရိုက်ခတ်ခဲ့ပါတယ်။
မှော်ရတနာ! မှော်ရတနာ တစ်ခုကသာ ဒီလိုမျိုး ခန်းနားတဲ့ အဖွင့်နဲ့ ဝင်လာနိုင်တာပါ!
ဒီလိုမျိုး ဝင်ရောက်လာခြင်းဟာ အင်မော်တယ် ဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ ဝင်ရောက်လာခြင်းနဲ့ တူပါတယ်!
ရှောင်ယန်ရဲ့ စကြာဝဠာ ကြေးမုံ၊ ဇူရီရဲ့ အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ၊ ရှောင်ပုတန်လေးရဲ့ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုတို့ဟာ… မှော်ရတနာ တစ်ခုရဲ့ အော်ရာကို ရလိုက်တာနဲ့ ဂဏှာမငြိမ်တွေ ဖြစ်ကုန်ကြပါတယ်။
ဒီအခြေတည်ဝိညာဉ် အဆင့်က မှော်အိုင်တမ်တွေရဲ့ ခံစားချက်တွေဟာ အမတန်ကိုမှပဲ လူသားဆန်လှပါတယ်။ သူတို့ဟာ လူတစ်ယောက်ဟာ သူ့ရဲ့ အကြီးအကဲတွေနဲ့ တွေ့ရတဲ့ အချိန်မှာ ခံစားရတဲ့ ကြောက်ရွံ့မှုနဲ့ ရိုသေမှုတွေပါ။
သူတို့က မှူးမတ်တွေဟာ ရှင်ဘုရင်နဲ့ တွေ့လိုက်ရသလိုမျိုး ပြုမူနေကြပါတယ်။ တကယ်လို့များ ရှင်ဘုရင်က သူတို့ကို သေမိန့်ချမယ်ဆိုရင် သူတို့ဟာ သေရမှာပါ! ဒါကတော့ သူတို့ရဲ့ အတွင်းစိတ်ထဲက ကြောက်ရွံ့မှုပဲ ဖြစ်ပါတယ်!
အကြာခင်မှာပဲ ရောင်စုံအလင်းတန်းဟာ မှေးမှိန်သွားခဲ့ပေမဲ့… အကြီးမြတ်ဆုံးလို့ ဆိုနိုင်တဲ့ အော်ရာတွေဟာ ပိုပိုပြီးမှ အားကောင်းလာခဲ့ပါတယ်။
ရောင်စုံရတနာ အလင်းတန်းတွေရဲ့ အကြားမှာ… တစ်ပေခန့်ရှည်တဲ့ ဓားလေးဟာ တဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာခဲ့ပါတယ်။
ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ မှော်ရတနာ… အသွင်သဏ္ဌာန် ခြောက်မျိုးဓား!
ဒီအသွင်သဏ္ဌာန် ခြောက်မျိုးဓားကနေ လူသားအသံတစ်ခုဟာ ထွက်ပေါ်လာခဲ့ပြီး လင်းဖုန်းကို မေးခွန်းထုတ်လိုက်ပါတယ်… "ဓာတ်သဘာဝ စီးကြောင်းတွေကို ဆင့်ခေါ်နိုင်တဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်… ခင်ဗျားက ဘယ်သူများလည်း?"
လင်းဖုန်းဟာ အသွင်သဏ္ဌာန် ခြောက်မျိုးဓားကို စိတ်ဝင်တစားနဲ့ လေ့လာ အကဲခတ်နေခဲ့ပါတယ်။ ဘာပဲပြောပြော ဒါဟာ သူက ဒီကမ္ဘာကို ရောက်လာပြီး နောက်ပိုင်းမှာ… ပထမဦးဆုံး တွေ့ရတဲ့ မှော်ရတနာ တစ်ခုပဲ ဖြစ်ပါတယ်။
ဒီဓားရဲ့ မောက်မာတဲ့ လေသံကို ကြားရပြီးနောက်မှာ… လင်းဖုန်းက ညင်သာစွာ ပြုံးလိုက်ပေမဲ့ အရေးလုပ်ပြီးတော့ ပြန်မဖြေခဲ့ပါဘူး။ ချက်ချင်းဆိုသလိုပဲ သူက သူ့ရဲ့ လက်ချောင်းတွေကို လှုပ်လိုက်တော့… အလင်းစက်လေး တစ်စက်ဟာ ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့ပြီး လျှင်မြန်စွာနဲ့ ကျယ်ပြန့်လာခဲ့ပါတယ်။
မရေမတွက်နိုင်တဲ့ အလင်းတန်းတွေဟာ အလွန်ကို လျှို့ဝှက်နက်နဲတဲ့ ပုံစံမျိုးနဲ့… တစ်ခုနဲ့တစ်ခု ရောထွေးယှက်လိမ် သွားကြကာ ဧရာမ မှော်ကျိန်စာ ဝင်္ကပါတစ်ခုကို ပုံဖော်လိုက်ပါတယ်။
ဒီမှော်ကျိန်စာ ဝင်္ကပါရဲ့ အထဲမှာ… မရေမတွက်နိုင်တဲ့ သင်္ကေတတွေ၊ မျဉ်းကြောင်းတွေဟာ လွင့်မျောနေကြပါတယ်။ သူတို့ဟာ တစ်ခုနဲ့တစ်ခု ထပ်ပြီးမှ ပေါင်းစည်းသွားတဲ့ အခါမှာ… စတုရန်းပေ ရာပေါင်းများစွာတို့ရဲ့ အပေါ်ကို လွှမ်းခြုံထားခဲ့တဲ့… ဧရာမ အဖြူ-အနက် ပုံရိပ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။
ပန်ကျဲနဲ့ ဒီအသွင်သဏ္ဌာန် ခြောက်မျိုးဓားတို့ဟာလည်း ဒီမှော်ကျိန်စာ ဝင်္ကပါရဲ့ အထဲမှာ ပိတ်ဆို့ခြင်းကို ခံလိုက်ရပါတယ်။ ပန်ကျဲက ဓားနဲ့အတူ… "ဒါက သူတို့ဂိုဏ်းရဲ့ မှော်ကျိန်စာ ဝင်္ကပါပဲ ဖြစ်ရမယ်"
ဒီဓားကလည်း ထပ်ဖန်တစ်ခါ ကြီးရင့်တဲ့ လေသံနဲ့… "ပုံစံတွေက များလွန်းပြီး တစ်ခုမှ သဘာဝ မကျဘူး။ ငါ့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး"
ကျယ်လောင်လှတဲ့ တစ်ဝီဝီ အသံဟာ ထွက်ပေါ်လာခဲ့ပြီး… အသွင်သဏ္ဌာန် ခြောက်မျိုးဓားရဲ့ ပုံစံဟာ ပြောင်းသွားခဲ့ပါတယ်။ ရောင်စုံအလင်းတန်းလေးဟာ အစိမ်းရောင် အလင်းတန်း တစ်ခုအဖြစ်ကို ပြောင်းသွားခဲ့တာပါ။
အစိမ်းရောင် အလင်းတန်းရဲ့ အလယ်မှာ အသွင်သဏ္ဌာန် ခြောက်မျိုးဓားရဲ့ ပုံရိပ်ဟာ ပျောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နဂါးတစ်ကောင်ရဲ့ ဟိန်းဟောက်သံနဲ့ အတူ… ပေတစ်ရာရှည်တဲ့ သုံးထပ်လှေကြီးဟာ အစိမ်းရောင် အလင်းတန်းရဲ့ အထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီဧရာမလှေကြီးဟာ ဖျက်ဆီးနိုင်တဲ့ စွမ်းအားတွေနဲ့ ပေါက်ကွဲနေခဲ့ကာ… သူ့ရဲ့ ဘေးပတ်ပတ်လည်က စိတ်ဝိညာဉ် စွမ်းအင်တွေကို ချေမွနေခဲ့ပါတယ်။ သူဖြတ်သွားတဲ့ နေရာတွေမှာ ဘာမှ မကျန်ခဲ့တော့ပဲ ဟင်းလင်းဖြစ်နေတဲ့ လေဟာနယ်သာ ကျန်နေခဲ့တာပါ။
ဒီဧရာမ လှေကြီးဟာ သူ့ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးဆိုတဲ့ ထင်မြင်ယူဆချက်မျိုးကို ပေးနေခဲ့ပါတယ်။
အသွင်သဏ္ဌာန် ခြောက်မျိုးဓားရဲ့ ပထမ အသွင်သဏ္ဌာန်… ပျံဝဲနေသော နဂါးလှေ!
ပန်ကျဲဟာ လေပေါ်ကို ပျံဝဲသွားခဲ့ပြီး လှေပေါ်ကို ဆင်းသက်လိုက်ပါတယ်။ လှေကြီးဟာ အစိမ်းရောင် ရတနာ အလင်းတန်း အဖြစ်ကို ပြောင်းသွားခဲ့ကာ… မှော်ကျိန်စာ ဝင်္ကပါရဲ့ နရံတွေကို ထွင်းဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါကိုမြင်လိုက်တော့ လင်းဖုန်းက သူ့ရဲ့ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး… "အင်မော်တယ် ဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကသာ ထုလုပ်နိုင်တဲ့ မှော်ရတနာက တကယ်ကို အစွမ်းထက်လှပါတယ်"
ဒါပေမဲ့လည်း ဝမ်းနည်းစရာ ကောင်းတာက ဒါကလည်း အသုံးမဝင်ဘူး!
လင်းဖုန်းက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်… "ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါ… ပွင့်စမ်း!"
"ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပြောင်းလဲခြင်း… တက်လာစမ်း!"
မရေမတွက်နိုင်တဲ့ ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေဟာ မှော်ကျိန်စာ ဝင်္ကပါထဲကို ထိုးတက်လာခဲ့ကာ… ပန်ကျဲနဲ့ ပျံဝဲနေသော နဂါးလှေတို့ရဲ့ ခေါင်းပေါ်မှာ ကျယ်ပြန်တဲ့ ကောင်းကင်ပုံစံကို ဖန်ဆင်းလိုက်ပါတယ်။
ပျံဝဲနေသော နဂါးလှေရဲ့ ခရီးသွားတဲ့ အမြန်နှုန်းဟာ ရူးလောက်အောင် မြန်လွန်းပြီး… မျက်စိတစ်မှိတ်လေး အတွင်းမှာ မရေမတွက်နိုင်တဲ့ လေဟာနယ်-အချိန် ဒိုင်မန်းရှင်းပေါင်း မြောက်မြားစွာတို့ကို ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့အရှိန်ဟာ ဘယ်လောက်ပဲ မြန်မြန်… သူဟာ ဒီကောင်းကင်ရဲ့ အောက်မှာသာ ရှိနေခဲ့ကာ ဒီကမ္ဘာကနေ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
"ကြည့်ရတာ ဒီမှော်ကျိန်စာ ဝင်္ကပါဟာ မျက်စိနဲ့ မြင်နိုင်တာထက်ကို ပိုတယ်နဲ့တူတယ်!" ပျံဝဲနေသော နဂါးလှေဟာ အံ့ဩစွာနဲ့ မှတ်ချက်ချလိုက်ပါတယ်။ အစိမ်းရောင် အလင်းတန်းကနေ အဖြူရောင် အလင်းတန်းကို ပြောင်းသွားခဲ့ကာ… နောက်ထပ်ပုံစံ တစ်ခုကို ပြောင်းသွားခဲ့ပါတယ်။
အဖြူရောင် အလင်းတန်းရဲ့ အလယ်မှာ… ပေသုံးရာကျော်ရှည်တဲ့ ဧရာမ လှေကြီးဟာ အဆက်မပြတ် ကြုံ့ဝင်သွားခဲ့ကာ… သုံးပေသာရှိတဲ့ ဓားရှည်တစ်ချောင်း အဖြစ်ကို ပြောင်းသွားခဲ့ပါတယ်။
အသွင်သဏ္ဌာန် ခြောက်မျိုးဓားရဲ့ ဒုတိယ ပုံစံ… တရားမျှတမှုဓား!
တရားမျှတမှု ဥပဒေသတွေနဲ့ ကောင်းကင်ကို အုပ်စိုးခြင်း။
ပန်ကျဲဟာ သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ကာ တရားမျှတမှုဓားကို ဆုပ်ကိုင်လိုက်ပြီး… ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေကို အားသုံးပြီး ခုတ်ချလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ တောက်ပလှတဲ့ အဖြူရောင် ဓားအလင်းတန်း တစ်ခုဟာ… လင်းဖုန်း ဖန်တီးထားတဲ့ ကမ္ဘာရဲ့ မျက်နှာကြက်ကို ထိုးဖောက်လိုက်ပါတယ်။ ဒီအလင်းတန်းလေးဟာ စွမ်းအားကြီးလွန်း လှတဲ့အတွက် သူဟာ ဒီကမ္ဘာရဲ့ မျက်နှာကြက်ပေါ်မှာ အပေါက်ကြီး ဖောက်နိုင်တော့မလို ဖြစ်နေခဲ့ပါတယ်။
ဒီဓားအလင်းတန်း ဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာ… စိတ်ဝိညာဉ် စွမ်းအင်တွေ အားလုံးဟာ ပျက်စီးသွားခဲ့ကာ မည်းမှောင်နေတဲ့ ဗလာနတ္တိ လမ်းကြောင်းတစ်ခုကိုသာ ချန်ထားခဲ့ပါတယ်။
"အင်.. မင်းဓားရဲ့ စွမ်းအားဟာ ဟိုတစ်ခေါက်တုံးက ငါရဲ့ ဝင်္ကပါချိုးဖောက်ဗုံကို တိုက်ခိုက်ခဲ့တာနဲ့ ယှဉ်လို့ရတာပဲ" လင်းဖုန်းက ပြုံးပြီးပြောလိုက်ပါတယ်.. "တကယ်လို့များ ကောင်းကင်နဲ့မြေကြီး တို့ရဲ့ ပြောင်းလဲခြင်းဟာ ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေနဲ့သာ ဖွဲ့စည်းထားရင်တော့… မင်းက အနိုင်ယူနိုင်မှာပဲ"
"ဒါပေမဲ့လည်း အခုတော့ မင်းဟာ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပြောင်းလဲခြင်းရဲ့ တကယ့်စွမ်းအား အစစ်အမှန်ကို ရှုစားရတော့မယ်"
နေဝင်ဆည်းဆာလိုမျိုး အဆုံးမဲ့ အဝါရောင် အလင်းတန်းတွေဟာ ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါရဲ့ အထဲမှာ လင်းလက်လာခဲ့ကာ… ဝူတူးဗဟို နတ်ဘုရား အလင်းတန်းဟာ မှော်ကျိန်စာ ဝင်္ကပါရဲ့ အထဲမှာ ထူထဲလေးလံတဲ့ မြေပြင်အသွင်ကို ပြောင်းလဲသွားခဲ့ပါတယ်။
ကောင်းကင်နဲ့ မြေကြီးတို့ဟာ နောက်ဆုံးမှာတော့ ပြည့်စုံသွားခဲ့ကာ… တစ်ခုနဲ့တစ်ခု အတူတကွ ယှဉ်တွဲနေထိုင် နိုင်ခဲ့ပါတယ်။
ကျယ်ပြန့်လှတဲ့ ကောင်းကင်ကြီးဟာ အရာအားလုံးကို လွှမ်းခြုံထားနိုင်ပါတယ်။
လေးလံလှတဲ့ မြေပြင်ကြီးဟာ သက်ရှိပေါင်း မြောက်မြားစွာတို့ကို တင်ဆောင်ထားနိုင်ပါတယ်။
အပေါ်မှာက ကောင်းကင်… အောက်မှာက မြေကြီးနဲ့ ဒါဟာ ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုပါ။ သင့်မြတ်စွာ ယှဉ်တွဲနေကြပြီး… အခုလင်းဖုန်းက ဖန်တီးထားတဲ့ ပုံရိပ်ယောင် ကမ္ဘာကြီးမှာ သဘာဝ မကျတာ ဘာတစ်ခုမှ မရှိပါဘူး။
တရားမျှတမှုဓားက ထုတ်လွှတ်လိုက်တဲ့ စွမ်းအားကြီးလှတဲ့ ဓားအလင်းတန်းဟာ အားကောင်းလှတဲ့ လေပြင်းတစ်သုတ်လိုပါပဲ… သူဟာ ဒီကမ္ဘာကြီးရဲ့ အထဲက အရာအားလုံးကို ဖျက်ဆီးနိုင်ခဲ့ပေမဲ့… ကမ္ဘာကြီး ကိုယ်တိုင်ကိုတော့ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
အဲ့ဒီအစား လင်းဖုန်း ထည့်သွင်းလိုက်တဲ့ ဝူတူးဗဟို နတ်ဘုရား အလင်းတန်းဟာ… ဒီကမ္ဘာကြီးထဲမှာ စွမ်းအားကောင်းတဲ့ သဘာဝစွမ်းအင် တစ်မျိုးကို ဖန်တီးခဲ့ကာ… ပန်ကျဲနဲ့ တရားမျှတမှုဓားကို ဖိနှိပ်နေခဲ့ပါတယ်။
"ဘယ်လောက်အထိ စွမ်းအားကောင်းပြီး လွှမ်းမိုးနိုင်တဲ့ ဝင်္ကပါမျိုးလဲ! တကယ့်အစစ် ဝင်္ကပါချိုးဖောက်ဗုံ ရှိရင်တောင်မှ… ဒီဝင်္ကပါကို ချိုးဖောက်နိုင်မလား ဆိုတာ မသေချာဘူး" တရားမျှတမှူဓားဟာ လျှင်မြန်စွာနဲ့ ရေရွတ်လိုက်ပါတယ်… "ပြောင်းလဲစမ်း!"
အဖြူရောင် အလင်းတန်းကို အတွင်းဘက်ကနေ အပြာရောင် အလင်းတန်း တစ်ခုဟာ အစားထိုးလိုက်ပြီး… ဓားရဲ့ပုံစံကလည်း ထပ်ဖန်တစ်ခါ ပြောင်းသွားခဲ့ကာ ဒီမှော်ရတနာရဲ့ တတိယမြောက် ပုံစံကို ဖော်ပြလိုက်ပါတယ်။
ပန်ကျဲရဲ့ဘေးမှာ အပြာရောင် ဒိုင်းတစ်ခုဟာ ပေါ်လာခဲ့ပြီး… အပြာရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ကာ ဘောလုံးအသွင်မျိုးနဲ့ ပန်ကျဲကို လွှမ်းခြုံထားလိုက်ပါတယ်။
အသွင်သဏ္ဌာန် ခြောက်မျိုးဓားရဲ့ တတိယပုံစံ… အေကာလာ ဟင်းလင်းပြင်ဒိုင်း!
အပြင်က ကမ္ဘာကြီးဟာ ပျက်စီးနေခဲ့ပေမဲ့ တစ်ယောက်ဟာ ဒီအေကာလာ ဟင်းလင်းပြင်ရဲ့ အထဲမှာ နေနေခဲ့ရင်… သူ့ကို ဖျက်ဆီးလို့ မရနိုင်ပါဘူး။
ဒီဒိုင်းဟာ ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါရဲ့ အားကောင်းတဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်ခဲ့ပြီး သူ့ရဲ့ ခံစစ်စွမ်းရည်ကို ပြသနိုင်ခဲ့ပေမဲ့… ပန်ကျဲနဲ့ မှော်ရတနာတို့ဟာ ဒီဝင်္ကပါရဲ့ အထဲကနေ လွတ်မြောက်နိုင်ခြင်း မရှိသေးပါဘူး။
ဝင်္ကပါရဲ့ အပြင်ဘက်က လူတွေ အားလုံးကလည်း ပါးစပ်အဟောင်းသားနဲ့… ဧရာမ မှော်ကျိန်စာ ဝင်္ကပါကြီးကို တွေတွေကြီး စိုက်ကြည့်နေကြပါတယ်။ သူတို့ဟာ လင်းဖုန်းနဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့က တစ်ချိန်လုံး ပေးနေခဲ့တဲ့ အံ့ဩထိတ်လန့်မှုတွေနဲ့ နေသားကျနေကြပြီ ဖြစ်ကြပေမဲ့… အခုအချိန်မှာ အံ့အားသင့်နေကြဆဲပါပဲ။
လင်းဖုန်းအခု ရင်ဆိုင်နေခဲ့တာက တကယ့် မှော်ရတနာ အစစ်အမှန် တစ်ခုပါ။ ပန်ကျဲနဲ့ မှော်ရတနာတို့ဟာ ရှုံးနိမ့်ခြင်း မရှိသေးပေမဲ့… သူတို့ဟာ ဒီမှော်ကျိန်စာ ဝင်္ကပါရဲ့ အထဲမှာ ပိတ်လှောင်ခံထားရတာက အမှန်တရား တစ်ခုပါ။
လင်းဖုန်းကို ဆန့်ကျင့်သူတွေ ဖြစ်ကြတဲ့ မိုးပြာရောင် တိမ်တိုက် ဂရန်းမာစတာနဲ့ မီးပျံဓား ဂရန်းမာစတာ တို့ပဲဖြစ်ဖြစ်၊ လင်းဖုန်းကို ထောက်ခံသူ ဖြစ်တဲ့ ကောင်းကင်မာစတာ ဓားဂိုဏ်းက ယန်တုန်ဟွေပဲ ဖြစ်ဖြစ်၊ ကြားနေသူတွေ ဖြစ်ကြတဲ့ ဝူယွမ်လန်တို့ တတွေပဲ ဖြစ်ဖြစ်၊ အားလုံးဟာ ပါးစပ်ပိတ်ပြီး ငြိမ်သက်နေကြပါတယ်။
ယုမိသားစုရဲ့ နံပါတ်ခြောက် ဦးလေး… ယုဝမ်ဖုန်းက သေသွားပါပြီ။
ယုမိသားစုရဲ့ နံပါတ်ငါး ဦးလေး… ယုချန်စန်းက သေသွားပါပြီ။
လေနတ်ဘုရားဂိုဏ်းက အခြေတည်ဝိညာဉ် အဆင့်က ဂရန်းမာစတာ… မာစတာ ဆိုင်ကလုန်းက သေသွားပါပြီ။
ဆင်တိမ် ဂရန်းမာစတာဟာ သူ့ရဲ့ ရုပ်ခန္ဓာကိုယ် အဖောက်ခွဲ ခံလိုက်ရပြီး… သူ့ရဲ့ အခြေတည် ဝိညာဉ်က အဖမ်းခံလိုက်ရပါတယ်။
ရွှမ်ကျိအမတ်ဂေဟာက ဘဏ္ဍာစိုး… ကျန်းဟိုင်ဟာ အရှင် အဖမ်းခံလိုက်ရပါတယ်။
စူတောင်ဓားဂိုဏ်းက ခုန်းယန်ဟာ ရုပ်ခန္ဓာကိုယ် အဖျက်ဆီး ခံလိုက်ရပြီး… အခြေတည် ဝိညာဉ်က အဖမ်းခံထားရပါတယ်။
ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ပုံပန်းသဏ္ဌာန် နည်းစနစ်ကို တတ်ကျွမ်းထားပြီး… အသွင်သဏ္ဌာန် ခြောက်မျိုးဓားကို ပိုင်ဆိုင်ထားတဲ့ တာအိုခြေလျှင် ခရီးသည် ပန်ကျဲကလွဲလို့… ကျန်တဲ့သူတွေ အားလုံးဟာ လင်းဖုန်းရဲ့ ပထမ အကွက်အောက်မှာပဲ ကျရှုံးခဲ့ရပါတယ်။
သူတို့ထဲက အသန်မာဆုံးဖြစ်တဲ့ ပန်ကျဲရယ်၊ သူ့ရဲ့ အသွင်သဏ္ဌာန် ခြောက်မျိုးဓားတို့တောင်… ဒီမှော်ကျိန်စာ ဝင်္ကပါရဲ့ အထဲမှာ အချုပ်နှောင် ခံနေရတာပါ။
လင်းဖုန်းဟာ ဘာမှ မဖြစ်ခဲ့သလိုမျိုး တည်ငြိမ်နေဆဲပါ။ သူဟာ ပန်ကျဲနဲ့ အသွင်သဏ္ဌာန် ခြောက်မျိုးဓားတို့ကို ကြည့်တောင် မကြည့်ခဲ့ပဲ… သူ့ရဲ့အာရုံတွေကို ကောင်းကင်ကမ္ဘာငယ်တွေရဲ့ အထဲမှာ ပိတ်လှောင်ထားတဲ့ ကျန်းဟိုင်နဲ့ ခုန်းယန်တို့အပေါ်ကို စူးစိုက်လိုက်ပါတယ်။
ဒီကောင်းကင် ကမ္ဘာငယ်တွေဟာ ပိုပြီးသေးငယ်တဲ့ စက်လုံးလေး အဖြစ်ကို ဆက်လက်ကြုံ့ဝင်နေဆဲ ဖြစ်ပြီး… သူ့ရဲ့နောက်ဆုံး အချိန်ဟာ နီးကပ်လာပြီ ဖြစ်တာကို သိနေတဲ့ ကျန်းဟိုင်ကတော့ ကံကြမ္မာစေရာကို လက်လျှော့လိုက်ပြီ ဖြစ်ကာ… သူ့ရဲ့ ဖြူဆုတ်နေတဲ့ မျက်နှာမှာ မျှော်လင့်ချက် ကင်းမဲ့နေတာကို တွေ့နိုင်ပါတယ်။
လင်းဖုန်းက ဟန်ပန် အမူအယာ ကင်းမဲ့စွာနဲ့ ရပ်နေခဲ့ပြီး စိတ်ထဲကနေ တွေးနေခဲ့ပါတယ်… "မင်းက အခုအချိန်အထိ ပေါ်မလာသေးရင်… သူကတော့ သေတော့မှာပဲ"
ဒီအချိန်မှာပဲ အသံတစ်သံဟာ ထွက်ပေါ်လာခဲ့ပါတယ်… "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်… ကျေးဇူးပြုပြီး သနားညှာတာမှု ပေးလိုက်ပါ"
ဒီအသံဟာ စူးရှထက်မြက်ပြီး သူ့ရဲ့မှော်စွမ်းအင်ဟာ ဟင်းလင်းပြင်နဲ့ လေဟာနယ်တို့ကို တိုက်ရိုက် ဖြတ်ကျော်ပြီးမှ ရောက်လာခဲ့ပါတယ်။
အသက်ကြီးရင့်နေတဲ့ လူတစ်ယောက်ဟာ အားလုံးရဲ့ အရှေ့မှာ ပေါ်လာခဲ့ပါတယ်။ သူဟာ နှင်းဆီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး… အလွန်ကို ဖြူဖွေးတဲ့ မျက်နှာမျိုး ရှိပါတယ်။ သူဟာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး တစ်ခုမှ မရှိခဲ့ပဲ မိန်းမစိုးတစ်ယောက် ဆိုတာဟာ သိသာနေခဲ့ပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့ သန်မာတဲ့ မှော်စွမ်းအင် လှုပ်ရှားမှုတွေဟာ သူက အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူတစ်ယောက်ဆိုတာကို ပြသနေခဲ့ပါတယ်။
"ဒါက မဟာကျိုး အင်ပါယာက မိန်းမစိုး အုပ်ချုပ်ရေးမှူး… မေဝူလန် မဟုတ်လား? သူ့ကို မေကုန်းကုန်းလို့လည်း ခေါ်တယ်လေ!" တစ်စုံတစ်ယောက်က သူဟာ မဟာကျိုး အင်ပါယာရဲ့ တော်ဝင်နန်းတော်က မိန်းမစိုး ခေါင်းဆောင်ဖြစ်မှန်းကို မှတ်မိလိုက်ပါတယ်။ သူဟာ ကျိုးဧကရာဇ် လျှမ်ပန်းရဲ့ အလွန်ယုံကြည်ရသူလည်း ဖြစ်ပါတယ်။
သူတို့တွေထဲက အချို့ဟာ မေဝူလန် ရောက်လာတာကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှား ကုန်ကြပါတယ်… "မဟာကျိုး အင်ပါယာကလည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို တိုက်ခိုက်ချင်နေတာလား?!"
ကျန်းဟိုင်ဟာ ရွှမ်ကျိအမတ် ဇူဟုန်ဝူကိုသာ ကိုယ်စားပြုနိုင်ပေမဲ့… မေဝူလန်ကတော့ ဧကရာဇ် ကိုယ်တိုင်ရဲ့ ရည်ရွယ်ချက်ကို ကိုယ်စားပြုနိုင်တာပါ။
လင်းဖုန်းကတော့ အမူအရာ မပြောင်းခဲ့ပဲ မေဝူလန်ကို တိတ်ဆိတ်စွာနဲ့ ကြည့်နေခဲ့ပါတယ်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu