အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
"မင်းတို့က ငါ့ရဲ့တပည့်ကို အနိုင်ကျင့်ပြီးမှ ဒီအတိုင်း ထွက်သွားလို့ရမယ် ထင်နေတာလား?"
လင်းဖုန်းက စူတောင်က အကြီးအကဲတွေကို တည်ငြိမ်စွာ ကြည့်နေရင်း ပြောလိုက်ပါတယ်။
ဝဝပုပုနဲ့ အကြီးအကဲက နှာခေါင်းရှုံ့လိုက်ပြီး… "မင်းက ငါတို့ကို အခုထိ လိုက်ရှုပ်ချင်နေသေးတာလား? ငါတို့ စူတောင်မှာက ဓားကျင့်ကြံသူပေါင်း ဆယ်သန်းရှိတယ်… တစ်ယောက်ကို ဓားတစ်လက်နဲ့ ဆိုရင်ပဲ မင်းကို အပိုင်းပိုင်း အစစဖြစ်အောင် နှုတ်နှုတ်စင်းပစ်လို့ရတယ်ကွ…"
လင်းဖုန်းကတော့ ဒီမှတ်ချက်ကြောင့် စိတ်မဆိုးသွားခဲ့ပဲ ပြုံးလိုက်ကာ… သူ့ရဲ့ ညာလက်ကို ဆန့်တန်းလိုက်ပြီး လက်ချောင်းတွေကို ကားလိုက်ပါတယ်။
သူ့ရဲ့ ညာလက်ဝါးကနေပြီး ခရမ်းရောင် တိမ်တိုက်တွေဟာ ထိုးထွက်လာခဲ့ပြီး… စူတောင်က ကျင့်ကြံသူ လေးယောက်ကို ဖုံးလွှမ်းသွားခဲ့ပါတယ်။
"ရိုင်းလိုက်လေ!" စူတောင်က ကျင့်ကြံသူတွေကလည်း အော်ဟစ်လိုက်ပြီး… သူတို့ရဲ့ ဓားတွေကို ဆွဲထုတ်လိုက်ကြကာ လင်းဖုန်းရဲ့ တိမ်ဝင်္ကပါကို ဖျက်ဆီးဖို့ ကြိုးစားလိုက်ကြပါတယ်။
ဒါပေမဲ့လည်း ခရမ်းရောင် တိမ်တိုက်တွေဟာ ဘေးပတ်ပတ်လည်က လေဟာနယ်ကို ဝန်းရံပိတ်ဆို့ ထားခဲ့ပြီး… သူတို့ကို အပြင်က ကမ္ဘာနဲ့ ခွဲခြားထားခဲ့တာပါ။
ခဏလောက် အပြင်းအထန် ဖရိုဖရဲ.. ကစဉ့်ကလျား ဖြစ်သွားပြီးနောက်မှာတော့… စူတောင်က ကျင့်ကြံသူတွေဟာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး… သူတို့ရဲ့ အပေါ်က ကောင်းကင်.. တိမ်တိုက်… သူတို့ရဲ့ ခြေအောက်က မြေကြီးနဲ့ မြစ်ချောင်းတွေဟာ… အကုန်လုံး ခရမ်းရောင် ပြောင်းသွားကြတာကို တွေ့လိုက်ရပါတယ်။ သူတို့က နောက်ထပ်ကမ္ဘာ တစ်ခုကို အပို့ဆောင်ခံလိုက်ရသလိုပါပဲ။
အဝေးက ကောင်းကင်ယံမှာ ခရမ်းရောင် နေမင်းဟာ မိုးကုတ်စက်ဝိုင်းရဲ့ အပေါ်ကနေပြီး မြင့်တက်လာခဲ့ကာ… အကုန်လုံးကို ခရမ်းရောင် အလင်းတန်းတွေနဲ့ လွှမ်းခြုံထားခဲ့ပြီး… သက်တောင့်သက်သာ ရှိလှတဲ့ နွေးထွေးတဲ့ ခံစားချက်မျိုးကို ပေးနေခဲ့ပါတယ်။
ပိုင်ကျန်း အကြီးအကဲဟာ ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး… ဘေးပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေခဲ့ကာ သူ့ရဲ့အဖော်တွေကို ရှာနေခဲ့ပါတယ်။ ပြီးတာနဲ့ သူ့ရဲ့ဘေးက အပေါင်းအဖော်တွေ အားလုံးဟာ ပျောက်ကွယ်သွားခဲ့ပြီ ဆိုတာကို တွေ့ရှိလိုက်ရပါတယ်… သူဟာ ဒီကမ္ဘာကြီးမှာ တစ်ယောက်တည်း ကျန်နေခဲ့သလိုပါပဲ။
ဒါကလည်း ပိုင်ကျန်း အကြီးအကဲ တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ စူတောင်က ကျင့်ကြံသူ လေးယောက်စလုံးဟာ… သူတို့က ပြင်ပက ခရမ်းရောင် ကမ္ဘာထဲမှာ တစ်ယောက်တည်း ပိတ်အလှောင် ခံနေရသလိုမျိုး ခံစားနေကြရတာပါ။
ပြင်ပကမ္ဘာမှာတော့… ကောင်းကင်မာစတာ ဓားဂိုဏ်းက ယန်တုန်ဟွေတို့ အုပ်စုရော… ယုဝမ်ဖုန်းရဲ့ ယုမိသားစုက ကျင့်ကြံသူတွေကပါ… လင်းဖုန်းကို အံ့အားသင့်စွာနဲ့ မျက်လုံးပြူးပြီး ကြည့်နေကြတာပါ။
လင်းဖုန်းကလည်း လေဟာနယ်ပေါ်မှာ တည်ငြိမ်စွာနဲ့ ရပ်နေခဲ့ပါတယ်။ သူ့ရဲ့အောက်က မြေကြီးပေါ်မှာက စူတောင်က ကျင့်ကြံသူတွေကို ဖမ်းဆီးထားတဲ့… သိပ်သည်းလှတဲ့ ခရမ်းရောင် တိမ်တိုက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြီးပြည့်စုံတဲ့ ကုဗတုံးလေးပါ။
သူတို့ဟာ ပြင်ပကမ္ဘာကနေ ကြည့်နေခဲ့ပေမဲ့… ယန်တုန်ဟွေနဲ့ ကျန်တဲ့သူတွေဟာ ဒီကမ္ဘာ အသေးလေးထဲက အစိတ်အပိုင်း တစ်ခုဟာ… ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ မရောထွေးနေပဲ သီးသန့် တည်ရှိနေကြတယ် ဆိုတာကို ပြောနိုင်ခဲ့ပါတယ်။ ပြီးတော့လည်း အစိတ်အပိုင်း တစ်ခုဆီဟာ သူ့ရဲ့ ကိုယ်ပိုင် တောင်တန်းတွေ.. မြစ်ချောင်းတွေ.. လေ.. နေမင်း.. လမင်း စတဲ့ တကယ့်ကမ္ဘာမှာ ရှိတဲ့ အရာတွေ အားလုံးနဲ့ ဖွဲ့စည်းထားကြတာပါ။
"ဒီလောက်အထိ အဆင့်မြင့်တဲ့ အဆင့်အတန်းနဲ့… သဘာဝနဲ့ သက်ရှိတွေကို ဖန်တီးနိုင်တယ်ဆိုတော့… ဒီလူက ဘယ်သူများလည်း?" လင်းဖုန်းရဲ့ မှော်ကျိန်စာဟာ အလွန်အမင်းကို များပြားတဲ့ မှော်စွမ်းအင်တွေကို မသုံးစွဲထားတဲ့ အတွက်ကြောင့်… ယုဝမ်ဖုန်းကလည်း စဉ်းစားရ ခက်နေခဲ့ပါတယ်။
သူ့ရဲ့ လေဟာနယ်တွေကို ကျင်လည်စွာ ပြုပြင်ပြောင်းလဲနိုင်တဲ့ အရည်အချင်း… သက်ရှိတွေကို ဆင့်ခေါ်နိုင်တဲ့ စွမ်းရည်… ဒါတွေဟာ ယုဝမ်ဖုန်းလိုမျိုး စီနီယာ အဆင့်ရှိတဲ့ အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူကိုတောင်မှ… ပဟေဠိတွေ ဖြစ်စေခဲ့ပါတယ်။
ယန်တုန်ဟွေကလည်း လင်းဖုန်းကို စိုက်ကြည့်နေခဲ့ပြီး… အတွေးရ ခက်နေခဲ့ပါတယ်… "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်… လင်းဖုန်း… ဟုတ်တယ်မလား? ကြည့်ရတာတော့ အရင်က တောထဲမှာပဲ ဂူပိတ်ပြီး လေ့ကျင့်နေတဲ့ ထိပ်သီးဆရာ တစ်ယောက်က… အခုတော့ အပြင်ကို ထွက်လာပြီး နောက်မျိုးဆက်တွေကို သူ့ရဲ့ပညာတွေ ဖြန့်ဝေပေးတော့မှာနဲ့တူတယ်…"
လင်းဖုန်းကလည်း သူ့ရဲ့ ခရမ်းရောင် တိမ်တိုက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာငယ်လေးတွေကို ကြည့်လိုက်ပြီး… "အင်း… ငါထင်ထားတဲ့ အတိုင်းပဲ… ဒီမှော်ကျိန်စာကို ငါက ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်ကို ရောက်သွားမှ ကောင်းကောင်းသုံးနိုင်တာပဲ…"
လင်းဖုန်းက မဟာကောင်းကင် တာအိုကျမ်းစာရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက်ကနေပြီး ဖန်တီးထားတဲ့ စတုတ္ထမြောက် မှော်ကျိန်စာ… ကောင်းကင်ကမ္ဘာငယ်ဟာ တစ်ယောက်ရဲ့ မှော်စွမ်းအင်တွေကို အသုံးပြုပြီးမှ လေဟာနယ်ကို သီးသန့်ခွဲထုတ်လိုက်ကာ… ကမ္ဘာအဖြစ် ဖန်ဆင်းပြီး သက်ရှိတွေကို ဆင့်ခေါ်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီသီးသန့်ကမ္ဘာငယ်လေးရဲ့ အထဲမှာ… လင်းဖုန်းဟာ အကြွင်းမဲ့ တန်ခိုးရှင် ဖြစ်ပါတယ်။
ဒီကုဗတုံးလေးရဲ့ အပြင်ဘက်က ရန်သူတွေက သက်ရောက်မှုကို မခံရပေမဲ့… ဒီကောင်းကင် ကမ္ဘာငယ်လေးရဲ့ အထဲမှာ အချုပ်နှောင် ခံလိုက်ရပြီ ဆိုရင်တော့… အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူတွေတောင် လင်းဖုန်းရဲ့ ပြုသမျှကို နုရမှာဖြစ်ပြီး… အညံ့ခံရမှာပဲ ဖြစ်ပါတယ်။
အင်မော်တယ် ဝိညာဉ်အဆင့်က ကျင့်ကြံသူတွေနဲ့… အစွမ်းထက်တဲ့ မှော်ကျိန်စာတွေကို ပိုင်ဆိုင်ထားကြတဲ့ အခြေတည်ဝိညာဉ် အဆင့်က ထိပ်တန်းကျင့်ကြံသူ တစ်ချို့တွေကသာ… ဒီမှော်ကျိန်စာရဲ့ ချုပ်နှောင်တာကို ခံလိုက်ရရင် ချက်ချင်းလွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပိုင်ကျန်းအကြီးအကဲနဲ့ သူ့ရဲ့ရောင်းရင်းများဟာ ဒီလိုမျိုး စွမ်းရည်ကို ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။
သူတို့ဟာ အခုဆိုရင် ပိုပြီးတော့ ကြောက်မက်ဖွယ်ရာ အမှန်တရား တစ်ခုနဲ့ ရင်ဆိုင်နေကြရပါပြီ။
"ဟာ… ဘာဖြစ်လို့ ငါ့ရဲ့ မှော်စွမ်းအင်တွေဟာ အခြေခံအုတ်မြစ် အဆင့်ကို ရောက်သွားရတာလည်း?" ဝဝပုပုနဲ့ အကြီးအကဲဟာ သူ့ခန္ဓာကိုယ်က ပြောင်းလဲမှုတွေကို သတိထားမိလိုက်တော့… ထိတ်လန့်စွာနဲ့ အော်ဟစ်လိုက်ပါတယ်။
လင်းဖုန်းရဲ့ ကောင်းကင်ကမ္ဘာငယ်လေးထဲမှာ… အကြီးအကဲတွေ အားလုံးရဲ့ ကျင့်ကြံမှု အဆင့်တွေဟာ အခြေခံအုတ်မြစ် အဆင့်ကို ဖိနှိပ်ထားခြင်းကို ခံလိုက်ရတာပါ။
ဝဝပုပုနဲ့ အကြီးအကဲဟာ ထိတ်လန့်တုန်လှုပ်နေဆဲမှာပဲ… သူ့ရဲ့အရှေ့က ကမ္ဘာကြီးဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ပြီး… နောက်ထပ်ပုံရိပ်တစ်ခုဟာ ဒီကမ္ဘာရဲ့ အထဲကို ဝင်လာခဲ့ပါတယ်။
ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး… အသက်ဆယ်နှစ်လောက်သာ ရှိဦးမယ့် ကလေးလေး တစ်ယောက်ဟာ သူ့ကို ပြုံးဖြီးဖြီးနဲ့ ရယ်ပြနေခဲ့တာပါ… သူကတော့ ရှောင်ပုတန်လေးကလွဲလို့ ဘယ်သူမှ မဟုတ်ပါဘူး။
လင်းဖုန်းရဲ့ ဩဇာအာဏာနဲ့ ပြည့်စုံတဲ့ အသံဟာ ဒီခရမ်းရောင် ကမ္ဘာရဲ့အထဲမှာ မြည်ဟည်းနေခဲ့ပါတယ်။
"ငါ့ရဲ့အဆင့်နဲ့ မင်းတို့ကို တိုက်ခိုက်ခဲ့ရင်… အကြီးက အငယ်ကို အနိုင်ကျင့်သလိုမျိုး ဖြစ်သွားမှာပဲ။ ဒါပေမဲ့လည်း မင်းတို့က ငါ့ရဲ့တပည့်ကို စော်ကားခဲ့တော့… မင်းတို့ကို အပြစ်ပေးမှ ရမယ်ကွ…"
"ငါက တရားမျှတစွာနဲ့ပဲ ပြုလုပ်လေ့ရှိတယ်။ မင်းတို့လေးယောက်စလုံးဟာ ရွှေရောင်ဗဟိုချက် အဆင့်မှာ ရှိနေခဲ့ပြီး… အခြေခံအုတ်မြစ် အဆင့်က ကလေးလေးတစ်ယောက်ကို ဝိုင်းပြီးမှ တိုက်ခိုက်ချင်နေကြတယ်။ ငါ့ရဲ့ တပည့်လေးကို လေးယောက်တစ်ယောက် ချရတာ အရမ်းပျော်ဖို့ ကောင်းသလား?"
"အခုတော့ မင်းတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေဟာ အခြေခံအုတ်မြစ် အဆင့်ကို ရောက်သွားပြီဆိုတော့… နောက်ထပ်တစ်ခေါက် တိုက်ခိုက်ကြည့်ကြပေါ့ကွာ။ မင်းတို့ စူတောင်ဓားဂိုဏ်းရဲ့ ဓားကွက်တွေဟာ… ငါတို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နက်နဲလှတဲ့ မှော်ကျိန်စာတွေကို ယှဉ်နိုင်မလား ဆိုတာကို ကြည့်ရသေးတာပေါ့ကွာ…"
ဝဝပုပုနဲ့ အကြီးအကဲဟာ ခုန်ဆွခုန်ဆွနဲ့ ဒေါသထွက်နေခဲ့ပြီး… "မင်းက စူတောင်ဓားဂိုဏ်းကို စော်ကားရဲ…"
သူ့ရဲ့စကားကို ဆုံးအောင်မစောင့်ခဲ့ပဲ… လေပြင်းတစ်ချက်နဲ့အတူ ရှောင်ပုတန်လေးဟာ သူ့အနားကို ရောက်လာခဲ့ပြီး ကျယ်လောင်စွာနဲ့ ရယ်မောလိုက်ကာ… "ဟေး… ဂျပုကြီး… ခင်ဗျားက အာရုံရော စိုက်နေရဲ့လား?"
ရှောင်ပုတန်လေးရဲ့ လက်သီးကို ပုံပျက်ပန်းပျက်နဲ့ ရှောင်လိုက်ရပြီးနောက်မှာ… ဝဝပုပုနဲ့ အကြီးအကဲဟာ ဒေါသထွက်လွန်းလို့ မျက်နှာတွေဟာ နီရဲသွားခဲ့ပြီး… "ဒီကောင်လေးမှာက ရွှေရောင်ဗဟိုချက်ရဲ့ အထွတ်အထိပ် အဆင့်မှာရှိတဲ့ ကျားမိစ္ဆာရဲ့ ဝိညာဉ် အဆီအနှစ်တွေ ရှိနေတာပဲ။ ငါက ဘယ်လိုလုပ်ပြီးမှ ယှဉ်နိုင်ပါ့မလည်း?"
ရှောင်ပုတန်လေးကလည်း တစ်ခစ်ခစ်နဲ့ ရယ်နေခဲ့ပြီး… "ဟီးဟီး… ခင်ဗျားက ဘာကြောက်နေတာလည်း? စိတ်အေးအေးသာ ထားစမ်းပါဗျာ။ ခင်ဗျားရဲ့ စွမ်းအားတွေဟာ အခြေခံအုတ်မြစ် အဆင့်မှာသာ ရှိတော့တာဆိုတော့… ကျုပ်က ကျားမိစ္ဆာကို ထုတ်မသုံးပါဘူးဗျ…"
သူဟာ ဝဝပုပုနဲ့ အကြီးအကဲကို စပ်ဖြဲဖြဲနဲ့ ရယ်ပြလိုက်ရင်း… "တကယ်လို့ ခင်ဗျားက ဒါကိုတောင် ကြောက်သေးတယ် ဆိုရင်တော့… ခင်ဗျားကို အကွက်တစ်ကွက် အရင်ပေးတိုက်လိုက်မယ်…"
ရှောင်စန်းဓားဟာ တကယ်ကိုပဲ အစွမ်းထက်လှပြီး… နှိုင်းယှဉ်စရာ မရှိလောက်အောင် ထက်မြက်လှတာပါ။ ဒါပေမဲ့လည်း အခုတော့ 'ဆောင်းတွင်းသို့ ခြေတစ်လှမ်း'ရဲ့ စွမ်းအားနဲ့… ရှောင်ပုတန်လေးရဲ့ အဆုံးမဲ့ မိုးကြိုးမုန်တိုင်းကို ယှဉ်ပြိုင်ခဲ့ရတော့… လက်နှစ်လုံးစာ အကျယ်ရှိပြီး စင်တီမီတာ အနည်းငယ်လောက် အထူရှိတဲ့ ဓားရှည်တစ်ချောင်းနဲ့… ဆယ်တန်လောက်ရှိတဲ့ သံမဏိတူကြီးနဲ့ ယှဉ်ပြိုင်နေရသလို ဖြစ်နေခဲ့ပါတယ်။
ပြိုင်ဘက်ကင်း ရတနာ တစ်ပါးဖြစ်တဲ့ ဒီဓားဟာ… သံမဏိတူကြီးရဲ့ အစွန်းတွေကိုတောင် ခုတ်ဖြတ်ပစ်နိုင်ခဲ့တာပါ။
ဒါပေမဲ့လည်း ဒါက သူတို့နှစ်ခုအကြားက ကြီးမားလှတဲ့ စွမ်းအားကွာခြားချက်ကို ကျဉ်းမြောင်းသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့… ဒီဓားဟာ ဧရာမ တူကြီးရဲ့ တစ်စစီ ချေမွခြင်းကို ခံလိုက်ရပါတော့တယ်!
ခရမ်းရောင် ကမ္ဘာလေးရဲ့ အပြင်ဘက်မှာကတော့… ယန်တုန်ဟွေနဲ့ ယုဝမ်ဖုန်းတို့ဟာ ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေကြပါတယ်။
ပြီးတော့ သူတို့က လင်းဖုန်းကို စိုက်ကြည့်လိုက်တော့… သူတို့ရဲ့ အကြည့်တွေမှာ တုန်လှုပ်ချောက်ချားမှုတွေကို တွေ့မြင်နိုင်ပါတယ်။
လင်းဖုန်းဟာ သူ့ရဲ့ ကမ္ဘာဖန်ဆင်းခြင်း စွမ်းအားကို အသုံးပြုပြီး… ပြိုင်ဘက်တွေကို ကမ္ဘာငယ်လေးတွေရဲ့ အထဲမှာ ချုပ်နှောင်ထားခဲ့တာပါ။ သူဟာ သူတို့ရဲ့ စွမ်းအားတွေကို အဆုံးထိ ဖိနှိပ်ထားခြင်းမျိုးကို မပြုလုပ်ခဲ့ပဲ… ရွှေရောင်ဗဟိုချက် အဆင့်ရောက်ဖို့ကို တစ်ဆင့်သာ လိုတော့တဲ့… အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်ရဲ့ အထိတ်အထိပ်ကို တိကျစွာ ချိန်ထားခဲ့တာပါ။
ဒီလိုမျိုး အသေးစိတ်လေးကအစ သေချာအောင် လုပ်နိုင်ခဲ့တဲ့အတွက်… လင်းဖုန်းဟာ သူ့ရဲ့ သီးသန့်ကမ္ဘာငယ်လေးတွေကို အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်တယ် ဆိုတာဟာ သိသာနေခဲ့ပါတယ်။
သူ့ရဲ့ ပြိုင်ဘက်တွေဟာ လင်းဖုန်းထက် ကျင့်ကြံမှု အဆင့်တွေ အများကြီး မမြင့်မားနေခဲ့ဘူး ဆိုရင်တော့… သူတို့ဟာ ဒီသီးသန့်ကမ္ဘာလေးရဲ့ အထဲမှာ ပိတ်လှောင်ခြင်း ခံလိုက်ရရင်… ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။
ပြဿနာက သူတို့ဟာ လင်းဖုန်းရဲ့ ကျင့်ကြံမှု အဆင့်ကို ထိုးဖောက်ပြီးမှ မမြင်နိုင်ခဲ့တာပါ။
သူတို့က နည်းနည်းပဲ သိလေလေ… လင်းဖုန်းဟာ ပိုပြီးတော့ ကြောက်စရာ ကောင်းလေလေပါပဲ။
ယုဝမ်ဖုန်းဟာ ဝဝပုပုနဲ့ အကြီးအကဲကို အနီးကပ် စောင့်ကြည့်နေခဲ့တာပါ။ စူတောင်ဓားဂိုဏ်းဟာ မြင့်မြတ်နယ်မြေ သုံးခုရဲ့ အထဲမှာ တစ်ခု အပါအဝင်ဖြစ်တော့… သူတို့ရဲ့ တာအိုနည်းစနစ် တွေကလည်း နတ်ဘုရား နယ်မြေထဲမှာ အကောင်းတကာ့ အကောင်းဆုံးတွေထဲမှာ ပါနေပါတယ်။
ရှောင်စန်းဓားဟာ စူတောင်ရဲ့ ဝိသေသ လက္ခဏာ ဓားလမ်းစဉ် ခြောက်သွယ်ထဲမှာ… တစ်ခုအပါအဝင် ဖြစ်ပြီးမှ… သူ့ရဲ့ တိုက်ခိုက်နိုင်မှု စွမ်းအားအတွက် နာမည်ကြီးပါတယ်။
သီအိုရီအရ ပြောရရင်… စစ်ပွဲနဲ့ သတ်ဖြတ်ခြင်းကို အလေးပေးထားတဲ့ ဓားကျင့်ကြံသူ တစ်ယောက် အနေနဲ့… ဝဝပုပု အကြီးအကဲရဲ့ တိုက်ပွဲစွမ်းရည်တွေဟာ… ကျင့်ကြံမှု အဆင့်အတန်း တူတဲ့ သူတွေရဲ့ အထဲမှာ ပြိုင်ဘက်ကင်း ဖြစ်သင့်တာပါ။
နောက်ဆုံးအနေနဲ့… ယုဝမ်ဖုန်းဟာ သူ့ကိုယ်သူပဲ စဉ်းစားနေခဲ့ပါတယ်။ တကယ်လို့များ သူဟာ စူတောင်ဓားဂိုဏ်းရဲ့… အခြေတည်ဝိညာဉ် စဦးပိုင်း အဆင့်က ကျင့်ကြံသူ တစ်ယောက်နဲ့ တိုက်ခိုက်မယ် ဆိုရင်တော့… သူဟာ နောက်ဆုံးမှာ အရှုံးပေးရမှာပဲ ဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ ရွှမ်းမင် အကြွင်းမဲ့ရေကို ထိန်းချုပ်နိုင်ပြီး… သူ့ရဲ့ အဆင့်တူတွေထဲမှာ ခေါင်းတစ်လုံး ပိုမြင့်နေတာပါ။
ဒါပေမဲ့လည်း အခုတော့… ဝဝပုပုနဲ့ အကြီးအကဲဟာ ရှောင်ပုတန်လေး ဆော်သမျှကို ပယ်ပယ်နယ်နယ်ကြီး ခံနေရပါတယ်။
သူရဲ့ ကျင့်ကြံမှု အဆင့်ဟာ ဖိနှိပ်ထားခြင်းကို ခံနေရပေမဲ့… သူဟာ အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်မှာ ရှိနေသေးပြီး… ရှောင်ပုတန်လေးကတော့ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်မှာသာ ရှိသေးတာပါ!
ဒီလိုမျိုး ကွာခြားချက်ဟာ ယုဝမ်ဖုန်းကို ချွေးအေးတွေနဲ့ စိုရွှဲစေခဲ့ပါတယ်။
သူက လင်းဖုန်းကို ကြည့်လိုက်ပြီး ပိုပြီးတော့ မသက်မသာ ခံစားနေရပါပြီ။ ပြီးတာနဲ့ သူဟာ လင်းဖုန်းကို ရန်ရှာချင်နေခဲ့တဲ့… အနီရောင် ဝတ်စုံနဲ့ လူငယ်ကို ဒေါသတကြီးနဲ့ ကြည့်လိုက်ပါတယ်။
အနီရောင် ဝတ်စုံနဲ့ လူငယ်ကလည်း စိတ်နဲ့လူနဲ့ မကပ်ခဲ့ပဲ… လင်းဖုန်းကို တွေတွေကြီးနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။ ယုဝမ်ဖုန်းက သူ့ကို စိုက်ကြည့်နေတာကို သတိထားမိလိုက်တော့… သူဟာ ရေခဲရေ တစ်ပုံးနဲ့ အလောင်းခံလိုက်ရသလိုမျိုး ခံစားလိုက်ရပြီး… ဒူးတွေဟာ ပျော့ခွေသွားခဲ့ပါတယ်။
ယုဝမ်ဖုန်းဟာ လင်းဖုန်းကို စိုက်ကြည့်လိုက်ပြီး… စိတ်ထဲမှာ ပဋိပက္ခ ဖြစ်နေခဲ့ပါတယ်။ သူဟာ နောက်ထပ် စော်ကားတဲ့ စကားတွေကို ထပ်ပြီးမှ ပြောချင်နေခဲ့ပေမဲ့… သူ့ရဲ့ ပါးစပ်က တကယ်တမ်း ထွက်လာတဲ့ စကားတွေကတော့… "နားလည်မှု လွဲသွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်ဗျာ…"
သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်တာနဲ့… အပြာရောင် ရေခဲတိမ်တိုက်တွေဟာ ယုမိသားစုက တပည့်တွေနဲ့… ကြက်သွေးရောင် မြူခိုးဂိုဏ်းက ကျင့်ကြံသူတွေကို ဖုံးလွှမ်းသွားခဲ့ပြီး… ချက်ချင်းပဲ အဝေးကို သယ်ဆောင်သွားခဲ့ပါတယ်။
လင်းဖုန်းကလည်း ပြုံးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တွေးနေခဲ့ပါတယ်… "ကောင်းလေစွ… လေလံပွဲအတွက် သရုပ်ဆောင် တစ်ယောက်တော့ လိုနေသေးတာပဲ။ ဒီတစ်ယောက်ကတော့ ကိုယ်ကိုယ်ကိုယ် ငါ့ရဲ့တံခါးကို လာခေါက်ခဲ့ပြီး… ပြပွဲမှာ ပါရအောင် လာခဲ့တာပဲ…"
သူဟာ ဟန်ပန် အမူအရာ ကင်းမဲ့စွာနဲ့ တွက်ချက်နေခဲ့ပြီး… "အင်း… သူက မကြာခင်မှာပဲ စကားစလာမှာပဲ…"
သူမျှော်လင့်ထားတဲ့ အတိုင်းပဲ… ယန်တုန်ဟွေဟာ စူတောင်ဓားဂိုဏ်းက ကျင့်ကြံသူတွေက ကောင်းကင်ကမ္ဘာငယ်တွေရဲ့ အထဲမှာ ချုပ်နှောင်ခြင်း ခံထားရတာကို ကြည့်နေခဲ့ပြီး… လင်းဖုန်းဆီကို လာခဲ့ကာ… "ဂိုဏ်းချုပ်လင်း… သူတို့ဟာ မဟာအမှားကြီး တစ်ခုကို ကျူးလွန်ခဲ့ပြီး အပြစ်ပေး ခံရဖို့ သင့်ပေမဲ့… သူတို့က အခုဆိုရင် မှတ်လောက်သားလောက် ရှိသွားလောက်ပါပြီ။ သူတို့ကို ခွင့်လွှတ်လိုက်ပါတော့ဗျာ…"
သူက ခဏရပ်လိုက်ပြီး… ကြွေပုလင်း တစ်လုံးကို ထုတ်လိုက်ကာ… "ဒါကတော့ ခုနှစ်လွှာ ကောင်းကင်ဆေးလုံးပါပဲ။ ခင်ဗျားရဲ့ တပည့်ကို ဒါလေး ပေးလိုက်ပြီး… သူတို့ကို သနား ညှာတာသောအားဖြင့် ခွင့်လွှတ်လိုက်ဖို့ ပြောလိုက်ပါဗျာ…"
လင်းဖုန်းကလည်း ကိုယ့်ကိုယ်ကိုယ် တွေးနေခဲ့ပြီး… "အင်း… မင်းက သူတော်ကောင်း ယောင်ဆောင်ချင်နေခဲ့တာ ငါသိတာပေါ့… ငါကလည်း မင်းကို စောင့်နေတာပဲ။ မင်းကသာ ဖွင့်မပြောခဲ့ရင် ငါကတော့ သရုပ်ဆောင်ကောင်းတွေကို ဘယ်လွှတ်ပေးချင်ပါ့မလည်း…"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu